Chapter 9
Viewers 4k

🎶 Chapter 9



ယဲ့ဇယ်ရှစ်ထံသို့ ဝေ့လီဖေး၏ဖုန်းဝင်လာချိန်တွင် ညသန်းခေါင်ရောက်နေပြီဖြစ်သည်။ သူက ထိုနေ့၏ လေ့ကျင့်ခြင်းပြီး၍ အခန်းသို့ ပြန်လာနေချိန်ဖြစ်သည်။


ဖုန်းထဲမှ ဝေ့လီဖေး၏အသံက အနည်းငယ် တုန်တုန်ယင်ယင်ဖြစ်နေသည်။

"ယဲ့ဇယ်ရှစ်..."


ယဲ့ဇယ်ရှစ်က လမ်းလျှောက်နေရင်းကပင် ရပ်သွား၍ နားမလည်စွာမေးလိုက်သည်။

"ဘာဖြစ်လို့လဲ..."


ဝေ့လီဖေး၏အသံက ပို၍ပင်ကျယ်လောင်လာသည်။

"မင်း hot search ပေါ်ရောက်နေပြန်ပြီ..."


ယဲ့ဇယ်ရှစ် လန့်သွားသည်။

"ဘာ...ငါက ဘာဖြစ်လို့ hot search ပေါ်ရောက်နေရပြန်တာလဲ..."


"ငါ မင်းကို အခုပဲ WeChat မှာပို့ထားတယ်...သွားကြည့်လိုက်..."

ဝေ့လီဖေး၏အသံက အလွန်တက်ကြွနေသည့်အသံပေါက်နေသည်။ 


ယဲ့ဇယ်ရှစ်က WeChat ကို အမြန်နှိပ်ကြည့်လိုက်သောအခါ ဝေ့လီဖေးပို့ထားသော လင့်ခ်အရှည်ကြီးကို မြင်လိုက်ရသည်။ 


လင့်ခ်ကို နှိပ်ကြည့်လိုက်သောအခါ တရုတ်၌ လူသိများသော ဖိုရမ်တစ်ခုမှ ပို့စ်တစ်ခုဖြစ်နေသည်။


ထိုပို့စ်၏ခေါင်းစဉ်က အလွန်ပင် ဆွဲဆောင်မှုရှိလေသည်။

(အခုနှစ်ရက်အတွင်း တစ်ဟုန်ထိုးနာမည်ကြီးလာတဲ့ ရသစုံရှိုးထဲက အရမ်းချမ်းသာတဲ့ ဒုတိယမျိုးဆက် သူဌေးသားလေးတစ်ဦး)


[ဘာ...]


[အခုနှစ်ရက်အတွင်းမှာမှ နာမည်ကြီးလာတဲ့ ရသစုံရှိုးဆိုတော့...အင်း...သီချင်းဆိုတာတွေပါတဲ့ တစ်ခုသောရှိုးများလား...]


[ဟုတ်မယ်ထင်တယ်...ဒါပေမယ့် ရှင်းရှင်းပြောရရင် အဲဒီရှိုးက ယောင်္ကျားလေးအဖွဲ့လူရွေးပွဲက တခြားရှိုးတွေထက်တော့ အများကြီးသာနေတာပဲလေ...အနည်းဆုံးတော့ သူတို့ရုပ်လေးတွေနဲ့ သီချင်းဆိုတာတွေက အရမ်းကောင်းကြတယ်...]


[အရမ်းချမ်းသာတဲ့ ဒုတိယမျိုးဆက်သူဌေးသားဆိုတော့ ထန်ကျင့် ဒါမှမဟုတ် စွေ့ယီ များလား...]


[ပို့စ်တင်တဲ့လူ ဘယ်ပျောက်သွားတာလဲ...]


ပို့စ်အောက်၌ ကောမန့်များက ၅၅ ခုအထိ ရှိနေပြီဖြစ်သော်လည်း မူလပို့စ်တင်သူက ပေါ်မလာသေးချေ။ ကောမန့်များကလည်း မူလပို့စ်တင်သူကို ဖြေရှင်းချက်လာပေးရန် အော်နေကြသည်။ 


မူလပို့စ်တင်သူ: "မလောကြပါနဲ့ဟ...ငါ ဒီမှာ ရှိပါတယ်..."


မူလပို့စ်တင်သူ: စွေ့ယီ...ထန်ကျင့်...ဟုတ်လား...ဖွတ်...ဒီ ‌ယောင်္ကျားလေးအဖွဲ့လူရွေးပွဲကြောင့်သာမဟုတ်ရင် စွေ့ယီက ဒီအနုပညာလောကထဲကို ခြေချဖို့နေနေသာသာ အနားတောင်ကပ်လို့ရမှာမဟုတ်ဘူး...


လူများစွာကလည်း စောင့်နေရသည်မှာကြာလွန်း၍ စိတ်မရှည်ကြတော့ချေ။


[ပိုစ့်တင်တဲ့လူရေ...လူတွေကို စောင့်နေရအောင် လုပ်မနေပါနဲ့တော့...]


[မြန်မြန်ပြောပြတော့လေ...]


မူလပို့စ်တင်သူ: "ငါ ဒါပဲပြောမယ်...ငါပြောနေတာဘယ်သူလဲဆိုတာ မင်းတို့ဘာသာ သွားကြည့်လို့ရတယ်...ဟိုတလောက ဒီနှစ်အတွက် အချမ်းသာဆုံးမိသားစုများစာရင်းထွက်တယ်မလား...အဲဒီမှာ တတိယနေရာက ငါပြောတဲ့လူရဲ့ အဖေပဲ...Time Idol ရိုက်ကူးရေးလုပ်တဲ့နေရာတွေ ပြိုင်ပွဲဝင်တွေနေတဲ့နေရာတွေ အကုန်လုံးက ငါပြောတဲ့သူဌေးသားရဲ့ မိသားစုပိုင်နေရာတွေပဲ..."


မူလပို့စ်တင်သူ: " အဲဒီတော့ ဒီလောက်ချမ်းသာတဲ့လူက ဘာဖြစ်လို့ ဒီလို လူရွေးပွဲကို ဝင်ပြိုင်နေရတာလဲဆိုပြီး ‌လျှောက်မရေးကြခင် အဲဒီသူဌေးသားက တစ်စုံတစ်ယောက်ကို လိုက်ဖို့အတွက်သပ်သပ်နဲ့ ပြိုင်ပွဲထဲကို ဝင်လာတာဆိုတာ ငါလည်း ဟိုရက်ကမှ သိလိုက်ရတာပဲ..."


"တစ်စုံတစ်ယောက်ကိုလိုက်ဖို့..." ဟူသောစကားလုံးကိုတွေ့သည်နှင့် ပို့စ်အောက်မှလူများက ချက်ချင်းသိသွားတော့သည်။


[ဖာ့ခ်...ယဲ့ဇယ်ရှစ်လား...]


[သူ့မိသားစုက တကယ်ကြီး အဲဒီလောက်ကို ချမ်းသာတာလား...]


[ငါ အခုပဲ အချမ်းသာဆုံးစာရင်းထဲက တတိယနေရာကို သွားရှာလာတာ...ပုံထဲက လူကြီးနဲ့ ယဲ့ဇယ်ရှစ်တို့က ရုပ်လေးဆင်နေတာတောင်မဟုတ်ဘူး‌နော်...မျက်နှာက ချွတ်စွပ်ကိုတူနေတာ...]


[ဒါဆို တကယ် ယဲ့ဇယ်ရှစ်ဖြစ်နေတာပေါ့...]


[ယဲ့ဇယ်ရှစ်ရဲ့ မိသားစုက အရမ်းချမ်းသာတာပဲပေါ့...]


[ဒါဆိုရင် ယဲ့ဇယ်ရှစ်က ရှိုးထဲမှာ ချမ်းသာတဲ့ ဒုတိယမျိုးဆက်သူဌေးသားလေးပဲ လုပ်ချင်တယ်ဆိုတာ နောက်နေတာမဟုတ်ဘူးပေါ့...]


မူလပို့စ်တင်သူ: "ငါ့ကို လာနောက်နေတာလား...ယဲ့မိသားစုရဲ့ ပိုင်ဆိုင်မှုတွေနဲ့ဆိုရင် ယဲ့ဇယ်ရှစ်က ဘယ်နေရာမှာမှ ရင်းနှီးမမြှုပ်နှံထားဘူးဆိုရင်တောင် ရှိနေတဲ့ပိုက်ဆံတွေနဲ့တင် ဆယ်‌သက်လောက် ထိုင်စားနေလို့ရတယ်..."

[*လန့်ပြီးသေသွားတဲ့ပုံ ]


ဤအလွန်ချမ်းသာသော ဒုတိယမျိုးဆက်သူဌေးသားအကြောင်းက လူများအတွက် အလွန်စိတ်ဝင်စားစရာဖြစ်နေကာ Time Idol ၏ ပထမဆုံးဖျော်ဖြေပွဲမှ ပေါက်သွားသော ယဲ့ဇယ်ရှစ်၏ဖျော်ဖြေမှုထက်ပင် လူများက ပို၍ စိတ်ဝင်စားနေသေးသည်။ နာရီဝက်အတွင်းမှာပင် ထိုပို့စ်က နာမည်ကြီးသွားတော့သည်။ 


မားကတ်တင်းဆင်းသောအကောင့်များကလည်း ဤကဲ့သို့ ပို့စ်တစ်ခုခုနာမည်ကြီးလျှင် သူတို့အတွက်အလုပ်ဖြစ်သောကြောင့် screenshot များယူ၍ Weibo ပေါ်သို့ တင်လိုက်ကြသည်။


ထို့ကြောင့် ထိုဖိုရမ်မှ ပို့စ်က Weibo အထိပါရောက်၍ အင်တာနက်အသုံးပြုသူများစွာကလည်း တစ်စတစ်စနှင့် ထိုပို့စ်အောက်၌ ဝင်ရောက်ဆွေးနွေးလာကြသည်။ 


[ငါ ဒီအကြောင်းကို ညတည်းက ကြည့်နေမိတာ...ဘာတွေပဲဖြစ်ဖြစ် ချမ်းသာတဲ့သူဌေးသားတွေက လက်ကြောမတင်းတတ်ကြဘူးမလား...ဇယ်ရှစ်ကတော့ ဒီပြိုင်ပွဲမှာ အရမ်းကြိုးစားတာ လူတိုင်းအသိပဲကို...သူ့ရဲ့ ပရိသတ်ဖြစ်ရတာ အရမ်းဂုဏ်ယူတာပဲ...ဒီပွဲကိုလည်း ရှေ့ဆုံးတန်းကကို ထိုင်ကြည့်ဦးမယ်...]


[အပေါ်ကလူရေ ရှင်မှားနေပြီထင်တယ်...ယဲ့ဇယ်ရှစ်က ဒီပြိုင်ပွဲကို ထန်ကျင့်ကို လိုက်ဖို့ ဝင်လာတာလေ...အခုတော့ ထန်ကျင့်ကို မရဘဲ နာမည်ပဲ စွတ်ကြီးနေတယ်...]


[ဟားဟားဟားဟား...အဲဒါလည်း ဟုတ်တာပဲ...ဒါပေမယ့် ယဲ့ဇယ်ရှစ်မှာ ပါရမီပါတာကတော့ အသေအချာပဲ...ချစ်လိုက်တာ ဇယ်ရှစ်လေး...]


ဆွေးနွေးမှုများက များသထက်များလာ၍ ပရိသတ်အချို့က ဤဆွေးနွေးမှုအတွက် gif များပင် လုပ်လာကြသည်။


Gif နံပါတ် ၁:


မေးခွန်း: ဘာဖြစ်လို့ Time Idol ကို ဝင်ပြိုင်ခဲ့ရတာပါလဲ...


အခြားပြိုင်ပွဲဝင်များ: ကျွန်တော်တို့ရဲ့အိပ်မက်တွေကို လက်လှမ်းမီနိုင်ဖို့ပါ...


ယဲ့ဇယ်ရှစ်: တစ်ယောက်သောသူကို လိုက်ဖို့ပါ...


ဒုတိယ gif က ပို၍ပင် ရယ်စရာကောင်းနေသည်။ ထို gif ကိုလုပ်ထားသူက ယဲ့ဇယ်ရှစ်၏မျက်နှာဖြင့် အပေါ်၌ "ချမ်းသာတဲ့ ဒုတိယမျိုးဆက်သူဌေးသားလေးပဲလုပ်ချင်ပါတယ်" ဟူသောစာကြီးကို ရေးထားသည်။ ထို့နောက် ပုံက သူ့စကားနှင့်သူ အလဲထိုးခံလိုက်ရ၍ စိတ်ပျက်လက်ပျက်ဖြစ်နေသော ရှန်ဇယ်ယွီ၏မျက်နှာကိုလည်း ထည့်ထားသေးသည်။ 


[ဟားဟားဟားဟားဟား ဒီ gif ကို ဘယ်သူလုပ်ထားတာလဲ...ငါရယ်လိုက်ရတာ သေတောင်သေတော့မယ်...လုပ်ထားတဲ့လူရဲ့ အကောင့်လေးပြပါဦး...]


[ဟားဟား...တစ်ယောက်သောသူကို လိုက်ဖို့...]


[ဒီပုံက ကောင်းလိုက်တာ...ဆောရီးပဲ လုပ်ထားတဲ့လူရေ...လွန်ခဲ့တဲ့တစ်စက္ကန့်တုန်းက ဒီပုံကို ရှင်ပိုင်ပေမယ့် အခု ဒီပုံကို ကျွန်မပိုင်သွားပြီ...]


....


ဝေ့လီဖေးထံမှ ဖုန်းဝင်လာချိန်၌ ယဲ့ဇယ်ရှစ်၏နာမည်က တစ်ညလုံးနီးပါး hot search ပေါ်ရောက်နေပြီးဖြစ်သည်။


Hot search ပေါ်မှ အဆင့်ကလည်း တော်တော်မြင့်မြင့်ကိုရောက်နေ၍ နာမည်ကြီးနေသော ခေါင်းစဉ်ကလည်းရယ်ရသည်။

#ယဲ့ဇယ်ရှစ်က တကယ်ကို ဒုတိယမျိုးဆက်သူ‌ဌေးသားဖြစ်သွားပြီ#


ယဲ့ဇယ်ရှစ်က ထိုခေါင်းစဉ်ကိုကြည့်၍ မျက်မှောင်ကြုတ်လိုက်သည်။

"ဒါကြီးကို hot search ‌ပေါ်က ဖယ်လို့မရဘူးလား..."


ထိုစကားကိုကြားသောအခါ ဝေ့လီဖေးက ဘာပြောရမည်မသိဖြစ်သွားသည်။

"ဖယ်မယ် ဟုတ်လား...ဘာဖြစ်လို့လဲ..."


Hot search ပေါ် ခဏခဏရောက်နေခြင်းမှာ သူနာမည်ကြီးစေရန် ပံ့ပိုးရာရောက်၍ ထိုကဲ့သို့ နာမည်ကြီးနေခြင်းမှာ ယဲ့ဇယ်ရှစ်၏ မူလအစီအစဉ်နှင့် လုံးဝမကိုက်ညီပေ။ 


ယဲ့ဇယ်ရှစ်: "ဒီတိုင်း hot search ပေါ်မှာ ငါ့နာမည်ကြီး မရှိစေချင်လို့လေ..."


ဝေ့လီဖေး သဘောပေါက်သွားသည်။

"ငါ့ကောင်ရာ...hot search ပေါ်ရောက်တာ ဆိုးနေတာမှမဟုတ်ဘဲကွ...အဲဒါ မင်းနာမည်အရမ်းကြီးနေတာကိုပြတာပဲလေ...ငါ့အဖေဆို ဒီနေ့ မင်းဟာမြင်ပြီး ငါ့ရှေ့မှာတောင် မင်းကို ချီးကျူးသွားသေးတယ်..."


မင်းကို ချီးကျူးရင်း ငါ့ကို ဆူသွားတာကိုတော့ မပြောတော့ပါဘူး...


ယဲ့ဇယ်ရှစ်တောင် သူ့ဘဝအတွက် ကောင်းတဲ့လမ်းကိုလျှောက်နေပြီ...ငါက တစ်နေ့ တစ်နေ့ အလေပဲလိုက်ပြီး ကိုယ့်ဘဝကိုယ် တိုးတက်အောင် လုပ်ရမှန်းမသိသေးဘူးတဲ့လေ...


သို့သော်လည်း ဝေ့လီဖေးက သူ့အဖေပြောသည်ကို ခေါင်းထဲပင်မထည့်ဘဲ အဖေ့စကားများကို ဘယ်ဘက်နားမှဝင်၍ ညာဘက်နားမှ ပြန်ထွက်သွားကြလေသည်။ 


ယဲ့ဇယ်ရှစ် သက်ပြင်းချလိုက်မိသည်။

ငါ တကယ် နာမည်မကြီးချင်ဘူးလေ...ကယ်ကြပါဦး...


သို့သော်လည်း နာမည်ကြီးခြင်း မကြီးခြင်းက ယဲ့ဇယ်ရှစ် ထိန်းချုပ်နိုင်သောအရာ ဟုတ်မနေချေ။ 


....


နောက်တစ်နေ့မနက် ယဲ့ကုမ္ပဏီဌာနချုပ်၌..


လုံ့လဝီရိယရှိစွာ အလုပ်လုပ်နေရသူများအတွက် တနင်္လာနေ့တိုင်းက တစ်ပတ်စာ ပင်ပန်းဆင်းရဲမှုများ၏ အစဖြစ်သည်။ 


ထို့ကြောင့် တနင်္လာနေ့ဆိုလျှင် ကုမ္ပဏီ၏အခြေအနေက ပျင်းရိပျင်းတွဲနှင့် တက်တက်ကြွကြွမရှိတတ်ချေ။


သို့သော် ယနေ့တွင် ယဲ့ကျန့်ပင်း သူ့ကုမ္ပဏီထဲသို့ ခြေချလိုက်သည်နှင့် အခြေအနေက ယခင်ကနှင့်မတူဘဲ အနည်းငယ်ပြောင်းလဲနေသည်ကို ခံစားလိုက်ရသည်။ 


ယဲ့ကျန့်ပင်း အလွန်နားမလည်နိုင်ဖြစ်သွားရသည်။ သို့သော်လည်း ကုမ္ပဏီရှိ သူ၏ရာထူးအရ ဘာဖြစ်နေကြောင်း လျှောက်မေးနေ၍လည်း မကောင်းချေ။


နေ့လယ်ထမင်းစားချိန်တွင် နေ့လယ်စာစားရန် ယဲ့ကျန့်ပင်း ရုံးခန်းထဲမှ ထွက်လိုက်သောအခါ ရုံးခန်းပြင်မှ ရယ်သံများကို ကြားလိုက်ရသည်။ 


"ဟားဟားဟားဟားဟား ငါရယ်ရတာ မျက်ရည်တောင်ထွက်တယ်...သခင်လေးက တကယ်ပြောရဲဆိုရဲရှိတာပဲ..."


"ငါတို့သခင်လေးက မဟုတ်တာတွေ ပြောနေတာလည်းမဟုတ်ဘူးလေ...သူကလည်း တကယ်ကို ဒုတိယမျိုးဆက် သူဌေးသားလေးပဲကို..."


"ချွီရှောင်းလည်း အသေရယ်နေတာ ကြည့်ဦး...ဟားဟားဟား...သူ့မှာ ရယ်ချင်တာကို အောင့်ထားရတာ..."


"ချွီရှောင်းပဲမဟုတ်ဘူး...ရုပ်ရှင်ဧကရာဇ်လည်း ရယ်နေတာ အားရပါးရ..."


"သခင်လေးက အမှန်တွေပြောနေတာကိုး..."


ယဲ့ကျန့်ပင်း မျက်လုံးလှန်ကြည့်လိုက်သောအခါ ဝန်ထမ်းတစ်စုက ကွန်ပျူတာတစ်လုံးရှေ့၌ ဝိုင်းနေကြသည်ကို မြင်လိုက်ရသည်။ သူတို့ ရုပ်ရှင်ကြည့်နေကြသည်လား ရသစုံရှိုးတစ်ခုခုကြည့်နေကြသည်လားတော့ မသိပေ။


ထိုအချိန်၌ ကွန်ပြူတာမျက်နှာပြင်ပေါ်၌ မျက်နှာတစ်ခုပေါ်လာသည်ကို ယဲ့ကျန့်ပင်း ဖျတ်ခနဲမြင်လိုက်ရသည်။

နေပါဦး...အဲဒီမျက်နှာကို ငါမြင်ဖူးနေသလိုပဲ...


ထိုအချိန်၌ ယဲ့ကျန့်ပင်း၏အတွင်းရေးမှူးက အနားရောက်လာ၍ ခပ်တိုးတိုးမေးလိုက်သည်။

" ဒီနေ့လည်း ဟိုနေ့က စားသောက်ဆိုင်ကိုပဲ သွားမလား ဥက္ကဌ..."


ယဲ့ကျန့်ပင်း သူ့ရုံးခန်းထဲမှ ထွက်လာသည်ကို သတိထားမိသွားကြသောကြောင့် ကွန်ပြူတာနားဝိုင်းနေကြသော ဝန်ထမ်းများလည်း သူတို့အသံများကို တိုးလိုက်ကြသည်။ 


ယဲ့ကျန့်ပင်းက ခေါင်းညိတ်၍ ရုံးထဲမှ ထွက်သွားလိုက်သည်။ 


ဓာတ်လှေကားထဲရောက်ချိန်တွင် ယဲ့ကျန့်ပင်းလည်း မနေနိုင်တော့ဘဲ သူ့အတွင်းရေးမှူးကို မေးလိုက်မိသည်။

"ရှောင်းဟူ...ခုနက သူတို့တွေ ဘာကိုကြည့်နေကြတာလဲ..."


ရှောင်းဟူက ယဲ့ကျန့်ပင်း‌လက်အောက်၌ နှစ်ပေါင်းများစွာ အလုပ်လုပ်လာသူဖြစ်သောကြောင့် ကုမ္ပဏီကိစ္စများသာမက ယဲ့ကျန့်ပင်းနှင့် ယဲ့ဇယ်ရှစ်တို့သားအဖ တစ်လ၌ ၄၅ ခါလောက် ရန်ဖြစ်တတ်ကြသည်ကိုလည်း သိထားပြီးဖြစ်သည်။ လွန်ခဲ့သောရက်အနည်းငယ်က ယဲ့ကျန့်ပင်း အလွန်ဒေါသထွက်၍ သခင်လေးယဲ့ဇယ်ရှစ်၏ ဘဏ်ကတ်များအားလုံးကို ပိတ်ပစ်ထားကြောင်းကိုလည်း ရှောင်းဟူ သိထားသည်။ 


ထို့ကြောင့် ယဲ့ကျန့်ပင်း၏မေးခွန်းကိုကြားသောအခါ သူ့သူဌေး၏မျက်နှာကို သေချာအကဲခတ်ပြီးမှ တိုးညှင်းစွာပြောလိုက်သည်။

"ဥက္ကဌက ခုတလော အလုပ်တွေရှုပ်နေလို့ မကြားမိတာဖြစ်မယ်...သခင်လေး ဝင်ပြိုင်နေတဲ့ ရှိုးက အခု တရားဝင်လွှင့်နေပြီလေ...ခုဏကပဲ ဝန်ထမ်းတွေက ပထမဆုံးအပိုင်းကို ကြည့်နေကြတာ..."


ယဲ့ကျန့်ပင်းက မသိမသာ မျက်မှောင်ကြုတ်လိုက်သည်။

"ဒါရိုက်တာလီရိုက်နေတဲ့ ရှိူးလား..."


ရှောင်းဟူက ခေါင်းညိတ်ပြလိုက်သည်။

"ဟုတ်တယ် အဲဒါ...ရှိုးနာမည်က Time Idol တဲ့...သခင်လေးက အဲ့မှာ အရမ်းကို ကောင်းကောင်းလုပ်နိုင်နေတာ...ရုံးကလူတွေအကုန်လုံးကလည်း သခင်လေးအတွက် ဂုဏ်ယူနေကြတယ်..."


ယဲ့ကျန့်ပင်းက ဘာမှပြန်မပြောဘဲ တိတ်ဆိတ်နေသည်။ 


လူကဲခတ်အလွန်တော်သော ရှောင်းဟူကမူ သူ့သူဌေး ဤကဲ့သို့ တိတ်တိတ်နေနေခြင်းမှာ သူ့စကားကို ဆက်ပြောစေချင်နေခြင်းဖြစ်သည်ကို ချက်ချင်းသိလိုက်သည်။ 


"သခင်လေးက တကယ်ကိုတော်တာ ဥက္ကဌရဲ့...ပြိုင်ပွဲရဲ့ ပထမဆုံးဖျော်ဖြေပွဲမှာလည်း ပထမအဆင့်ရတယ်...မနေ့ညကလည်း hot search ပေါ်ရောက်ပြီး အခုထိ ပြန်မဆင်းသေးဘူး...ကျွန်တော်ကိုယ်တိုင်သွားကြည့်ထားတာ...သခင်လေးရဲ့ Weibo အကောင့်ဆို အခု follower တစ်သန်း‌နီးပါးဖြစ်နေပြီ..."


ရှောင်းဟူက စကားများကို သေချာရွေး၍ ပြောပြနေသည်။

"ပရိသတ်တွေနဲ့ အင်တာနက်ပေါ်ကလူတွေကလည်း သခင်လေးကို အရမ်းသဘောကျကြပုံရတယ်...ကျွန်တော်လည်း နောက်တစ်ခေါက်ကျ တိုက်ရိုက်လွှင့်တာကို ကိုယ်တိုင်ကြည့်ပြီး သခင်လေးကို မဲပေးမလို့...နောက်ဆိုရင် အနုပညာလောကမှာ သခင်လေးက အရမ်းကိုနာမည်ကြီးလာတော့မှာလို့ ကျွန်တော်ထင်နေတယ်..."


ထိုအခိုက်၌ ဓာတ်လှေကားတံခါးက ပွင့်သွား၍ ယဲ့ကျန့်ပင်းက ဦးစွာထွက်လိုက်သည်။

"ဒီကောင် လုပ်ချင်တာ‌တွေလျှောက်လုပ်နေတာပါကွာ...ငါသိသလောက်တော့ သူ အဲဒီရှိုးကို ဝင်ပြိုင်တာ ကောင်လေးတစ်ယောက်ကို လိုက်ဖို့မဟုတ်ဘူးလား...သူ့လိုကောင်က နာမည်ကြီးမယ်တဲ့လား..."


ရှောင်းဟူက အမြန်ပြောလိုက်သည်။

"ဥက္ကဌ မသိသေးဘူးထင်တယ်...သခင်လေးက အဲဒီရှိုးမှာတင် သူလိုက်ဖို့ကြံစည်နေတဲ့တစ်ယောက်ကို မလိုက်တော့ဘူးလို့ အကုန်သိအောင် ပြောသွားတယ်..."


ယဲ့ကျန့်ပင်းက ရှောင်းဟူကို လှည့်ကြည့်လိုက်သည်။

"တကယ်လား..."


ရှောင်းဟူက လျင်မြန်စွာပင် သူ့ဖုန်းကိုထုတ်၍ မနက်ကပင် အင်တာနက်ပေါ်မှ သူသိမ်းထားသော ဗီဒီယိုကိုရှာကာ ယဲ့ကျန့်ပင်းကိုပြလိုက်သည်။


ထိုဗီဒီယိုမှာ ရှိုး၌ ယဲ့ဇယ်ရှစ်က ထန်ကျင့်ကို တောင်းပန်နေသည့်အပိုင်းဖြစ်သည်။ 


ယဲ့ကျန့်ပင်း၏ ကြုတ်နေသောမျက်ခုံးများက အနည်းငယ်ပြေလျော့သွားကြသည်။


ဗီဒီယိုပြီးသွားသောအခါ ရှောင်းဟူက ဖုန်းကို ပြန်ယူ၍ ပြောလိုက်သည်။

"ဒီတစ်ခေါက်တော့ သခင်လေးက ဒီအလုပ်ကို သေချာလုပ်ဖို့ ဆုံးဖြတ်ထားပုံရပါတယ် ဥက္ကဌရယ်...ဒီမနက်တောင် ဥက္ကဌဝေ့ဆီကို ကျွန်တော် စာချုပ်တွေသွားပို့တော့ ဥက္က‌ဌဝေ့က သခင်လေးကို ချီးကျူးနေသေးတယ်..."


ထိုအကြောင်းကိုကြားသောအခါတွင် ယဲ့ကျန့်ပင်းက အနည်းငယ်စိတ်ဝင်စားသည့်ပုံပြလာသည်။


ရှောင်းဟူ: "တကယ်ပြောတာ ဥက္ကဌရဲ့...ဥက္ကဌဝေ့က သခင်လေးဝေ့ကိုတောင် ဆူနေလိုက်သေးတယ်...သူ့သားကိုပါ အဲဒီပြိုင်ပွဲကို လွှတ်လိုက်ရမှာဆိုပြီး...ဪ ပြီးတော့ သခင်လေးဝေ့ကလည်း ဒီတစ်ခေါက် သခင်လေးကို မဲပေးထားတယ်ပြောတယ်...ဥက္ကဌဝေ့ကလည်း သူ့ကုမ္ပဏီက ဝန်ထမ်းအားလုံးကို သခင်လေးကို မဲပေးဖို့ပြောထားတယ်တဲ့..."


ယဲ့ကျန့်ပင်းက ခေါင်းသာညိတ် ၍ ဘာမှပြန်မပြောပေ။


ကားဆီသို့ရောက်သောအခါ ဒရိုင်ဘာအဆင်သင့်ဖွင့်ပေးထားသော ကားပေါ်သို့ ယဲ့ကျန့်ပင်း ဝင်ထိုင်လိုက်သည်။


ရှောင်းဟူလည်း စိတ်ထဲမှ သက်ပြင်းခိုးချ၍ ကားရှေ့ခန်းတံခါးကိုဖွင့်ကာ ဝင်ထိုင်လိုက်သည်။ ရှောင်းဟူ ခါးပတ်ပတ်နေဆဲမှာပင် နောက်ခန်းမှ ယဲ့ကျန့်ပင်း၏အသံထွက်လာသည်။

"ဥက္ကဌဝေ့ရဲ့ ကုမ္ပဏီက မဲတွေကူပေးတယ်ဆိုတော့ ငါတို့ကုမ္ပဏီကလည်း မလုပ်ပေးလို့မကောင်းဘူး...အဲဒီခွေးကောင်လေးကို မဲပေးပေးဖို့အတွက် မင်းပဲ ဝန်ထမ်းတွေကို အသိပေးလိုက် ရှောင်းဟူ..."


ရှောင်းဟူလည်း ယခုမှပင် ပျော်သွား၍ တက်ကြွစွာ ပြန်ပြောလိုက်သည်။

"ဟုတ်ကဲ့ပါ ဥက္ကဌ..."


ထို့နောက် ယဲ့ကျန့်ပင်းက ထပ်ပြောလိုက်သည်။

"ဝန်ထမ်းတွေကိုလည်း အလကားကူညီခိုင်းလို့မဖြစ်ဘူး...မဲပေးပေးတဲ့ ဝန်ထမ်းတစ်ယောက်ချင်းစီကို လကုန်ကျရင် ဘောနပ်စ် ငါးရာ ပေးမယ်လို့ပါပြောလိုက်...ဒီရုံးက လူတွေကိုရော တခြားရုံးခွဲကလူတွေကိုပါ ဒီအကြောင်း ထည့်ပြောလိုက်..."


ရှောင်းဟူ၏မျက်နှာမှ အပြုံးက ပို၍ပင် ကြီးထွားလာသည်။

"ဟုတ်ကဲ့...ကုမ္ပဏီက လူတိုင်းက သခင်လေးအတွက်ဆိုရင် ဘောနပ်စ်မပါလည်း ပျော်ပျော်ကြီး မဲပေး ပေးကြမှာပါ..."


ယဲ့ကျန့်ပင်းက စိတ်မဝင်စားသလို "အင်း" ဟုသာ တစ်ခွန်းပြန်ပြောလိုက်သည်။


ရှောင်းဟူက ထပ်မေးလိုက်ပြန်သည်။

"သခင်လေးရဲ့ ပြိုင်ပွဲဗီဒီယိုကို ဥက္ကဌဆီ ပို့ပေးလိုက်ရမလား..."


ယဲ့ကျန့်ပင်းက နှာတစ်ချက်ရှုံ့၍ ဂရုမစိုက်သည့်လေသံဖြင့်ပြောလိုက်သည်။

"အဲဒီခွေးလေးက ဘာတွေများ တော်နေလို့လဲ...သူ့ကို မွေးတည်းက ‌မြင်လာရတာကို..."


ယဲ့ကျန့်ပင်းက ခြေထောက်ကို ချိတ်၍ ထိုင်နေသည်ဖြစ်ရာ အပေါ်သို့ တင်ထားသောခြေထောက်တစ်ဖက်က စိတ်မရှည်၍ အနည်းငယ်လည်း စိတ်လှုပ်ရှားနေသလို တစ်ချက် တစ်ချက်၌ လှုပ်သွားသည်။ 


ရှောင်းဟူလည်း သူ့သူဌေးကို နားလည်စွာကြည့်၍ ဗီဒီယိုကို ချက်ချင်းပင် ပို့ပေးရန် ဆုံးဖြတ်လိုက်လေသည်။


အိုက်ယား...သူဌေးက သူ့သားကိုသူ စိတ်ပြန်ကောက်နေတာပဲ...


ယဲ့ကျန့်ပင်း၏ မပွင့်တပွင့်ပုံစံနှင့်ယှဉ်လျှင် ရှောင်းဟူက သခင်လေးယဲ့ဇယ်ရှစ်ကို ရင်ထဲ အသည်းထဲမှ လှိုက်လှိုက်လှဲလှဲ အားပေးနေမိသည်။ သူ၏ ဆဌမအာရုံအရလည်း သခင်လေးက ဤတစ်ခေါက်တွင် အမှနမတကယ်ပင် နာမည်ကြီးလာတော့မည်ဟု ရှောင်းဟူ သေချာနေမိလေတော့သည်။



🎶🎶🎶