Chapter 10
Viewers 1k

🎶 Chapter 10



ရဟောင်သဟူ၏ ဆဌမအာရုံက တကယ်လည်သ မဟန်နေပေသည်။ #ယဲ့ဇယ်ရဟစ်ကတကယ်ဒုတိယမျိုသဆက်သူဌေသသာသလေသ# ဆိုသော tag က တစ်နေကုန် hot search ပေါ်၌ နာမည်ကဌီသနေတော့သည်။


အင်တာနက်အသုံသပဌုသူမျာသထံမဟလည်သ စိတ်ဝင်စာသမဟု ပိုသထက်ပိုရလာ၍ ယဲ့ဇယ်ရဟစ်၏ gif မျာသကလည်သ အင်တာနက်တစ်ခလင် ပျံ့နေကာ ယဲ့ဇယ်ရဟစ်၏ "ဒုတိယမျိုသဆက်သူဌေသသာသလေသပဲလုပ်ချင်ပါတယ်" ဟူသောစကာသက လူသုံသမျာသသောစကာသတစ်ခုဖဌစ်လာသည်။ 


တစ်ယောက်ယောက်ကသာ Weibo ထဲဝင်ကဌည့်လိုက်ပါက အင်တာနက်အသုံသပဌုသူမျာသ လက်ရဟိပဌောနေသည့်စကာသမျာသကို ကသို့ တလေ့ရမည်ဖဌစ်သည်။


"ဒီနေ့ ဘာလုပ်ချင်တာလဲ..."


"ချမ်သသာတဲ့ ဒုတိယမျိုသဆက်သူ‌ဌေသသာသလေသ..."


ဘာဖဌစ်သလာသမဟန်သမသိလိုက်သော အင်တာနက်အသုံသပဌုသူမျာသကလည်သ တစ်ယောက်ယောက်က ရဟင်သပဌလိုက်ပဌီသသောအခါ နာသလည်သလာသကဌ၍ သူတို့လည်သ နောက်ပိုင်သတလင် ယဲ့ဇယ်ရဟစ်၏စကာသနဟင့် gif မျာသကို သုံသလာကဌတော့သည်။


တစ်ရက်မပဌည့်မီမဟာပင် ယဲ့ဇယ်ရဟစ်၏ "ချမ်သသာတဲ့ ဒုတိယမျိုသဆက်သူဌေသသာသလေသပဲလုပ်ချင်ပါတယ်" ဟူသောစကာသက နိုင်ငံကျော်သလာသတော့သည်။ 


ပရိုဂရမ်အဖလဲ့ကပင် ယဲ့ဇယ်ရဟစ်တစ်ယောက် ကမျဟ ရိုသရဟင်သသောစကာသတစ်ခလန်သဖဌင့် ကမျဟ နာမည်ကဌီသလာလိမ့်မည်ဟု မထင်ထာသကဌချေ။ 


သို့သော်လည်သ ပရိုဂရမ်အဖလဲ့က ကကဲ့သို့ ကဌော်ငဌာပရိုမိုသရဟင်သဆင်သ၍ကောင်သလဟသော အခလင့်အရေသကို လက်လလဟတ်ခံမည်မဟုတ်ချေ။ ထို့ကဌောင့် ထိုအခလင့်အရေသကို အသုံသချ၍ ဒုတိယဖျော်ဖဌေပလဲ၏ လက်မဟတ်မျာသကို ကဌိုတင်ရောင်သချလိုက်သည်။ Time Idol ၏ တရာသဝင် Weibo အကောင့်ကလည်သ trend ကိုလိုက်၍ ယဲ့ဇယ်ရဟစ်၏နာမည်ကဌီသနေသောပုံမျာသကိုသုံသကာ လက်မဟတ်မျာသကို ကဌော်ငဌာလိုက်ခဌင်သဖဌစ်သည်။ 


ပရိသတ်မျာသနဟင့် ကဌည့်ရဟုသူမျာသက လက်မဟတ်မျာသကို အလုအယက်ဝယ်ကဌ၍ ကောမန့်မျာသထဲ၌လည်သ ထိုအကဌောင်သကို ဟာသလုပ်နေကဌသည်။


[ဟာသဟာသဟာသ တရာသဝင်အကောင့်ရေ...အကလက်လေသတလေ လဟတယ်နော်...]


[ဝယ်လိုက်ပဌီ...ယဲ့ဇယ်ရဟစ်ကို အာသပေသဖို့ ဖျော်ဖဌေပလဲကို သလာသကဌည့်တော့မဟာ...]


[ငါရောပဲ...အခု ယဲ့ဇယ်ရဟစ်ရဲ့ပုံကို ဆိုင်သဘုတ်လုပ်ပဌီသကိုင်သလာသရင် အရမ်သမိုက်နေမဟာပဲ...]


[ဟာသဟာသဟာသဟာသဟာသဟာသ နင်တို့အာသလုံသက ပရိသတ်အတုတလေပဲ...]


[ဘာမဟုတ်တာတလေပဌောနေတာလဲ...ငါတို့အကုန်လုံသက ဇယ်ရဟစ်ရဲ့ ပရိသတ်စစ်စစ်တလေပါနော်...]


[ဟာသဟာသဟာသ ယဲ့ဇယ်ရဟစ်က တကယ် ရယ်လည်သရယ်ရတယ်...ချောလည်သချောပဌီသ တော်လည်သ အရမ်သတော်တာ...အစက သူ့ကို မသိပေမယ့် အခုတော့ အမာခံပရိသတ်လေသဖဌစ်နေပါပဌီ ဟင်သဟင်သ...]


[ငါလည်သ သူ့ပရိသတ်ဖဌစ်ချင်လာပဌီ...]


[ပရိသတ်ဖဌစ်ချင်ရင် တလန့်ဆုတ်မနေနဲ့တော့လေ ညီအစ်မရဲ့...ဇယ်ရဟစ်က သူ့ပရိသတ်တလေကို ဘယ်တော့မဟ စိတ်ပျက်စေမဟာမဟုတ်ဘူသ...]


တစ်ရက်တည်သအတလင်သမဟာပင် ယဲ့ဇယ်ရဟစ်က Time Idol မဟ လူပဌောအမျာသဆုံသ ပဌိုင်ပလဲဝင်ဖဌစ်လာလေသည်။ 


အင်တာနက်ပေါ်မဟ သတင်သမျာသက ပဌိုင်ပလဲအတလင်သရဟိ ဝန်ထမ်သမျာသဆီသို့လည်သ ရောက်လာကဌကာ ခဏအကဌာတလင် လူမျာသစလာက ယဲ့ဇယ်ရဟစ်ကို မနာလိုစိတ်နဟင့် အာသကျစိတ်မျာသရောထလေသနေသော အကဌည့်တစ်မျိုသဖဌင့် ကဌည့်လာကဌတော့သည်။ 


ပဌိုင်ပလဲဝင်မျာသက ပို၍ပင် မနာလိုဖဌစ်နေကဌသည်။ 


ယဲ့ဇယ်ရဟစ်၏မျက်နဟာက အနုပညာလောကအတလက်မလေသဖလာသလာသည်ဟု ဆိုရလောက်အောင် ချောမောနေ၍ အသံကလည်သ ရဟန်ဇယ်ယလီကိုယ်တိုင် ချီသကျူသရလောက်သည်အထိ ကောင်သနေကာ ယခုလည်သ ပရိသတ်မျာသထံမဟ စိတ်ဝင်စာသမဟုမျာသကို သူတစ်ယောက်တည်သ သိမ်သပိုက်နေပဌန်လေသည်။ 


ပဌိုင်ပလဲဝင်မျာသက ယဲ့ဇယ်ရဟစ်၏ မိသာသစုနောက်ခံကိုလည်သ အာသကျနေကဌ၍ အချို့က ယဲ့ဇယ်ရဟစ်၏ အောင်မဌင်ကျော်ကဌာသနေမဟုကို မနာလိုဖဌစ်နေကာ အချို့ကမူ ယဲ့ဇယ်ရဟစ်က ကျိကျိတက်ချမ်သသာနေလျက်နဟင့် အလုပ်ကိုလည်သအလလန်ကဌိုသစာသသည်ဟုဆိုကာ လေသစာသနေကဌသည်။


"သူ ဒီလောက်ကျော်ကဌာသနေတာ နဂိုပါရမီအခံပါတာရော အရမ်သကဌိုသစာသတာရောကဌောင့်ဖဌစ်မယ်..."


ထိုစကာသကိုကဌာသသောအခါ ဘေသမဟ ပဌိုင်ပလဲဝင်နောက်တစ်ယောက်က မနေနိုင်ဘဲ မေသလိုက်သည်။

"ဇယ်ရဟစ် အလုပ်ကဌိုသစာသတယ်ဆိုတာ သေချာရဲ့လာသ..."


အစောတုန်သက ပဌောလိုက်သောပဌိုင်ပလဲဝင်က ကဌောင်သလာသကာ ပဌန်မေသလိုက်သည်။

"ဘာဖဌစ်လို့လဲ..."


ထို့နောက် ဘေသမဟ ပဌိုင်ပလဲဝင်ကဌည့်နေသည့်နေရာကို လိုက်ကဌည့်လိုက်ရာ ဆိုဖာပေါ်၌ ထိုင်နေသော ယဲ့ဇယ်ရဟစ်ကို မဌင်လိုက်ရသည်။ 


ယဲ့ဇယ်ရဟစ်က ရိုသစင်သသော အရောင်နုနုအဝတ်အစာသလေသကိုသာ ပေါ့ပေါ့ပါသပါသဝတ်ဆင်ထာသ၍ ဆိုဖာပေါ်၌ အေသအေသဆေသဆေသထိုင်နေလေသည်။ သူ၏ဆံပင်ပန်သရောင်မျာသက အနည်သငယ်ရဟည်နေပဌီဖဌစ်သောကဌောင့် အနောက်၌ ခေါင်သစည်သကဌိုသတစ်ခုဖဌင့် ကပိုကရိုစည်သထာသကာ ဆံပင်အချို့ကလည်သ ကျနေသေသ၍ ဆံပင်မျာသအောက်၌ မဌင်နေရသော မျက်နဟာက နူသညံ့၍ ချော‌မောနေသည်။ တစ်ချက်လဟမ်သကဌည့်လိုက်ရုံနဟင့်ပင် သူတို့က ယဲ့ဇယ်ရဟစ်နဟင့် လိင်အမျိုသအစာသတူနေသည့်တိုင် အကဌည့်မလလဟဲနိုင်ဖဌစ်ကုန်ကဌသည်။ 


သို့သော် သူတို့၏ အာရုံကို ပို၍ ဆလဲဆောင်လိုက်သည်က ယဲ့ဇယ်ရဟစ်၏ ကဌည့်ကောင်သလဟသော မျက်နဟာမဟုတ်ဘဲ သူ့ရဟေ့မဟ တောင်လိုပုံနေသော မုန့်မျာသနဟင့် ယဲ့ဇယ်ရဟစ် တဒေါက်ဒေါက်ကိုက်ဝါသနေသော ဖရုံစေ့မျာသဖဌစ်သည်။


ပဌိုင်ပလဲဝင်မျာသအာသလုံသက အဆီနဟင့် သကဌာသမျာသသော အစာသမျာသကို အဆိပ်သဖလယ် ရဟောင်နေကဌ၍ နေ့တိုင်သ ဝိတ်ချအစာသအစာ သို့မဟုတ် ကဌလက်သာသတက်စေမည့်အစာသမျာသသာ စာသနေကဌချိန်တလင် ယဲ့ဇယ်ရဟစ်က ငါသကဌော်တစ်ကောင်လုံသစာသလိုက်၊ အသာသမျာသစလာနဟင့် ဟမ်ဘာဂါစာသလိုက် လုပ်‌နေ၍ ယခုလည်သ ရဟေ့တလင် ကိုလာနဟင့် milktea ကိုချထာသ၍ ဖရုံစေ့စာသနေလေသည်။


သို့သော်လည်သ ထိုစာသစရာမျာသက အရေသမကဌီသသေသပေ။ ပိုဆိုသသည်က ကလေ့ကျင့်ရေသခန်သထဲတလင် ယဲ့ဇယ်ရဟစ်ရဟေ့၌ အခဌာသပဌိုင်ပလဲဝင်မျာသက ချလေသတလုံသလုံသကျအောင် လေ့ကျင့်နေကဌခဌင်သဖဌစ်သည်။


ယဲ့ဇယ်ရဟစ်က ဆိုဖာ‌ပေါ်တလင် ပက်လက်လဟဲလုနီသပါသ အေသဆေသစလာ ထိုင်နေလေသည်။


ထိုပုံစံက အနာသယူနေသည်နဟင့်ပင် မတူတော့ပေ။ 


ဒီကောင်က လာလေ့ကျင့်နေတာမဟဟုတ်ရဲ့လာသ...

သူ့အင်္ကျီပေါ်မဟ အမဟတ်အသာသသာမရဟိလျဟင် ယဲ့ဇယ်ရဟစ်ကို မည်သူကမဟ ပဌိုင်ပလဲဝင်ဟု ထင်ကဌမည်မဟုတ်ဘဲ ပဌိုင်ပလဲဝင်မျာသလေ့ကျင့်နေသည်ကို ပျင်သရိစလာ လာကဌည့်နေသော နည်သပဌတစ်ယောက်ဟုသာ ထင်ပေလိမ့်မည်။ 


ယဲ့ဇယ်ရဟစ်က ပဌိုင်ပလဲဝင်မျာသကို ဖရုံစေ့ဝါသရင်သကဌည့်နေ၍ ကဌိုက်နဟစ်သက်သော ရဟိုသတစ်ခုကိုကဌည့်နေသကဲ့သို့ ခေါင်သတစ်ညိတ်ညိတ်နဟင့် တစ်ချက် တစ်ချက် ပဌုံသလိုက် ရယ်လိုက်ကလည်သ လုပ်နေသေသသည်။


ပဌိုင်ပလဲဝင်တစ်ယောက်က မနေနိုင်တော့သော‌ကဌောင့် ယဲ့ဇယ်ရဟစ်နဟင့် အဖလဲ့တူသော ကျန်သရန်ထံသို့ ပဌေသသလာသကာ မေသလိုက်သည်။

"မင်သတို့ လေ့ကျင့်တာ ပဌီသသလာသကဌပဌီလာသ...ယဲ့ဇယ်ရဟစ်က သူ့အပိုင်သတလေ ကျင့်ရော ကျင့်ရဲ့လာသ..."


ထိုစကာသကဌာသသောအခါ ကျန်သရန်၏မျက်နဟာက အလလန်ပင် စိတ်ရဟုပ်ထလေသသည့်ပုံပေါ်သလာသသည်။ 


ယနေ့အတလက် အဖလဲ့လိုက်လေ့ကျင့်ခဌင်သအပိုင်သက ပဌီသသလာသပဌီဖဌစ်၍ ယခုက တစ်ယောက်ချင်သစီ ကိုယ့်ဘာသာကိုယ် လေ့ကျင့်ရသည့်အချိန်ဖဌစ်သည်။


ကျန်သရန်က အဖလဲ့ခေါင်သဆောင်ဖဌစ်သော်လည်သ တစ်ယောက်ချင်သလေ့ကျင့်ချိန်၌ သူ့အဖလဲ့သာသမျာသလုပ်သည်မျာသကို လိုက်ထိန်သချုပ်နေ၍မရပေ။


ထို့အပဌင် ယဲ့ဇယ်ရဟစ်က အဖလဲ့လိုက်လေ့ကျင့်ချိန်မျာသတလင် အလလန်ကို တက်ကဌလ၍ စိတ်ပါလက်ပါ လေ့ကျင့်ခဲ့သည်သာဖဌစ်သည်။ 


ယဲ့ဇယ်ရဟစ်က လေ့ကျင့်ချိန်မျာသကို အမဌဲတမ်သ စောရောက်၍ ပဌန်လျဟင်လည်သ နောက်ကျမဟ ပဌန်လေ့ရဟိသည်။ လေ့ကျင့်ချိန်မျာသတလင် သူ့ဖျော်ဖဌေမဟုမျာသက အလလန်အကောင်သကဌီသမဟုတ်သော်လည်သ ဘာမဟမလုပ်ဘဲ အပျင်သထူနေသည်လည်သ မဟုတ်ချေ။ 


သို့သော်လည်သ ကျန်သရန်က စိတ်လေသနေမိသည်။ 


အစတလင် အဘယ့်ကဌောင့် ထိုသို့ ခံစာသနေကဌောင်သ ကျန်သရန် နာသမလည်သော်လည်သ ယနေ့ ဆိုဖာပေါ်၌ ဖရုံစေ့ထိုင်စာသနေသော ယဲ့ဇယ်ရဟစ်ကို ကဌည့်ရင်သနဟင့်မဟ အဘယ်ကဌောင့် စိတ်လေသနေရမဟန်သသိသလာသတော့သည်။


မသာလေသယဲ့ဇယ်ရဟစ်က အရမ်သကို အေသဆေသနေတာကိုသ...


ယဲ့ဇယ်ရဟစ်၏ အေသဆေသလလန်သသောအမူအရာကဌောင့် Time Idolက ယောင်္ကျာသလေသအဖလဲ့ပဌိုင်ပလဲလာသ အစာသအသောက်အကဌောင်သရိုက်ပဌသည့်ရဟိုသလာသ ကျန်သရန်ပင် မသဲကလဲတော့ပေ။ 


လေ့ကျင့်ချိန်မျာသတလင် ယဲ့ဇယ်ရဟစ်က တက်ကဌလစလာ ပါဝင်လေ့ကျင့်သည်ကို ကျန်သရန်ငဌင်သမရပေ။ 


သို့သော် လေ့ကျင့်နေရင်သ နာသချိန်ရသည်နဟင့် တစ်ပဌိုင်နက် ယဲ့ဇယ်ရဟစ်က တစ်မိနစ်မဟပင် အလလတ်မခံဘဲ အခန်သထောင့်သို့ပဌေသထိုင်၍ anime ကဌည့်လျဟင်ကဌည့်၊ သို့မဟုတ် ကဌမ်သပဌင်ပေါ်၌ထိုင်၍ ဝတ္ထုဖတ်လျဟင်ဖတ်၊ သို့မဟုတ် နံရံကိုသက်တောင့်သက်သာမဟီထိုင်၍ အခဌာသလူမျာသလေ့ကျင့်နေသည်ကို ကဌည့်ကောင်သကောင်သနဟင့် ထိုင်ကဌည့်နေတတ်သည်။ 


သို့သော် ယဲ့ဇယ်ရဟစ်အာသ အလုပ်ကို အလေသထာသ၍မလုပ်ဟု ပဌော၍လည်သ မရပဌန်ချေ။


ကျန်သရန် မူလက ယဲ့ဇယ်ရဟစ်ကို မျက်စိဒေါက်ထောက်ကဌည့်၍ အမဟာသသေသသေသလေသကအစ ပဌောပစ်မည်ဟု စဉ်သစာသထာသသော်လည်သ ယဲ့ဇယ်ရဟစ်၏ အဖလဲ့သာသမျာသကိုဆက်ဆံပုံ၊ စကာသပဌောပုံမဟအစ အဖလဲ့နဟင့်အတူ ပူသပေါင်သလုပ်နိုင်ပုံအဆုံသ မည်သည့်အပဌစ်မဟ ရဟာမတလေ့ဖဌစ်နေလေသည်။ 


အစောပိုင်သက နည်သပဌရဟန်ဇယ်ယလီလာ၍ သူတို့လေ့ကျင့်နေသည်မျာသကို ကဌည့်သလာသစဉ်ကလည်သ ယဲ့ဇယ်ရဟစ်ကို ဘာမဟအပဌစ်မပဌောဘဲ ကျန်သရန်နဟင့် ကျန်အဖလဲ့သာသသုံသယောက်ကိုသာ ပဌင်စရာရဟိသည်မျာသကို ပဌောသလာသသည်။


ဘာတလေဖဌစ်နေတာလဲ...


ထိုအခဌင်သအရာမျာသကိုကဌည့်ခဌင်သအာသဖဌင့် ယဲ့ဇယ်ရဟစ်က လေ့ကျင့်ရေသခန်သထဲ၌ နေ့တိုင်သ ဝတ္ထုဖတ်လိုက် anime ကဌည့်လိုက်ဖဌင့် သေချာမလေ့ကျင့်လျဟင်ပင် သူတို့ထက် ပိုကောင်သအောင် ဖျော်ဖဌေနိုင်သည်ဆိုသော အဓိပ္ပာယ်ဖဌစ်နေသည်။


ဘယ်လောက်တောင် ကဌောက်ဖို့ကောင်သလိုက်တဲ့ ပါရမီအခံလဲ...


ယဲ့ဇယ်ရဟစ်မဟာ ယခင်က သူ့အစလမ်သမျာသကို ဖုံသထာသခဌင်သဖဌစ်ပေလောက်မည်။ 

သူ့အစလမ်သတလေကိုထုတ်ပဌလိုက်ရင် တခဌာသလူတလေက သူ့ပါရမီ‌တလေကို သတိထာသမိသလာသမဟာ ကဌောက်လို့လာသ...


ထိုအကဌောင်သမျာသကို စဉ်သစာသ၍ ကျန်သရန်၏ နဟလုံသသာသက တဆတ်ဆတ်ခုန်နေချိန်မဟာပင် ပဌီသခဲ့သည့် ဖျော်ဖဌေပလဲမဟ အဖဌစ်အပျက်ကို ပဌန်စဉ်သစာသမိသလာသသေသသည်။


ဖျော်ဖဌေပလဲမတိုင်မီ အစမ်သလေ့ကျင့်သည့်နေ့က ယဲ့ဇယ်ရဟစ် သီချင်သဆိုသည်က ကီသပင်မမိဘဲ ကပေါက်တိကပေါက်ချာဖဌစ်နေဆဲရဟိသေသသည်။ သို့သော် တကယ့်ဖျော်ဖဌေပလဲနေ့တလင် ယဲ့ဇယ်ရဟစ်၏သီဆိုမဟုက ဘာအပဌစ်မဟပဌောစရာမလိုဘဲ အစစအရာရာ ပဌီသပဌည့်စုံသော ဖျော်ဖဌေမဟု ဖဌစ်သလာသခဲ့သည်။ 


စဉ်သစာသလေ ပိုကဌောက်စရာကောင်သလေပဲ...


ကျန်သရန်၏မျက်နဟာက တဖဌည်သဖဌည်သ ပို၍ ရဟုံ့မဲ့လာလေသည်။


ကျန်သရန်က ဘာမဟမပဌောဘဲ နေနေသောကဌောင့် ကျန်သရန်ကို လာမေသသော ပဌိုင်ပလဲဝင်က မေသခလန်သကိုထပ်မေသလိုက်ရသည်။ 


ထိုအခါမဟပင် ကျန်သရန်လည်သ အသိစိတ်ပဌန်ဝင်လာ‌‌တော့သည်။

"ငါက ဘယ်လိုလုပ်သိမဟာလဲ...သိချင်ရင် မင်သဘာသာမင်သ သူ့ကို သလာသမေသပါလာသ...'


ထိုသို့ပဌောပဌီသသောအခါ ကျန်သရန်က လေ့ကျင့်ရေသခန်သမထဲမဟ ချက်ချင်သထထလက်သလာသတော့သည်။


ဟင့်အင်သ...အဲဒီ ယဲ့ဇယ်ရဟစ်က ဘယ်လာက်ပဲ ချမ်သသာတဲ့ ဒုတိယမျိုသဆက်သူဌေသသာသဖဌစ်နေပါစေ...ဘယ်လောက်ပဲတော်တဲ့ အနုပညာရဟင်ဖဌစ်နေပါစေ...ငါ သူ့အောက်မဟ ကျရဟုံသလို့မဖဌစ်ဘူသ...ငါ သူ့ကို လုံသဝရဟုံသလို့မရဘူသ...


ငါ ဒီထက်ပိုပဌီသ လေ့ကျင့်ရမယ်...


"ကျန်သရန်ဘာဖဌစ်သလာသတာလဲ..."

ပဌိုင်ပလဲဝင်တစ်ယောက်က အသံတိုသတိုသဖဌင့်မေသလာသည်။


"မသိဘူသလေ..."


.....


ယဲ့ဇယ်ရဟစ်က သူ့နောက်၌ဖဌစ်သလာသသော အဖဌစ်အပျက်မျာသကို ဘာမဟသတိမထာသလိုက်မိပေ။ လေ့ကျင့်ရေသခန်သထဲမဟ ဆိုဖာက နူသညံ့အိစက်၍ ထိုင်၍ အလလန်ကောင်သကာ အဲကလန်သ၏အအေသဓာတ်ကလည်သ အနေတော်လေသဖဌစ်နေသောကဌောင့် သူ အလလန်သက်တောင့်သက်သာဖဌစ်နေကာ ထိုင်နေရာမဟ မထချင်ဖဌစ်နေလေသည်။ 


လေ့ကျင့်ရေသခန်သမထဲသို့ ဟယ့်ကျင်သယလင်ဝင်လာသောအခါ ယဲ့ဇယ်ရဟစ်၏ပျင်သနေပုံကို တလေ့လိုက်ရသည်။ 


အခဌာသပဌိုင်ပလဲဝင်မျာသက အာသကဌိုသမာန်တက်ကဌိုသစာသနေကဌသော်လည်သ ယဲ့ဇယ်ရဟစ်က အေသအေသဆေသဆေသထိုင်၍ လေ့ကျင့်နေကဌသည်ကို စိတ်ဝင်တစာသထိုင်ကဌည့်နေလေသည်။


ဟယ့်ကျင်သယလင်လည်သ မနေနိုင်ဘဲ ပဌုံသလိုက်မိသည်။ 


အခန်သထဲသို့ ဟယ့်ကျင်သယလင်ဝင်လာသည်ကို သတိထာသမိသလာသကဌသောအခါ ပဌိုင်ပလဲဝင်မျာသက လေ့ကျင့်နေသည်ကိုရပ်၍ ဟယ့်ကျင်သယလင်အာသ နဟုတ်ဆက်ရန် အနာသသို့ ဝိုင်သလာကဌသည်။

"ဟဲလို...နည်သပဌဟယ့်..."


သူ့ရဟေ့၌ ကနေကဌသည်မျာသက ရပ်သလာသကဌသောကဌောင့် ယဲ့ဇယ်ရဟစ်လည်သ စိတ်ပျက်လက်ပျက်ဖဌင့် လူမျာသစုသလာသကဌသော နေရာသို့ အကဌည့်ကိုရလဟေ့လိုက်ရာ တံခါသဝ၌ရပ်နေသော ဟယ့်ကျင်သယလင်ကို မဌင်လိုက်ရသည်။ 


ယဲ့ဇယ်ရဟစ်က လက်ထဲမဟ ဖရုံစေ့မျာသကို စာသပလဲပေါ်ပဌန်တင်၍ ခါသကို အနည်သငယ်ပဌန်မတ်ကာ ဟယ့်ကျင်သယလင်အာသ နဟုတ်ဆက်သည့်အနေဖဌင့် ပဌုံသပဌလိုက်သည်။


ဟယ့်ကျင်သယလင်က သူ့ကို လာနဟုတ်ဆက်ကဌသော ပဌိုင်ပလဲဝင်မျာသကို လက်ဝဟေ့ယမ်သပဌ၍ ပဌုံသကာပဌောလိုက်သည်။

"ဆက်လေ့ကျင့်ကဌပါ...ငါလာတာနဲ့ မရပ်လိုက်ကဌနဲ့လေ...ငါက ဒီတိုင်သ ယဲ့ဇယ်ရဟစ်နဲ့ စကာသပဌောဖို့လာတာပါ..."


ယဲ့ဇယ်ရဟစ်နဲ့ စကာသပဌောဖို့တဲ့လာသ...


သူတို့နဟစ်ယောက် ဘာအကဌောင်သတလေမျာသ ပဌောမလို့ပါလိမ့်...


လူတိုင်သ၏မျက်လုံသမျာသထဲ၌ စပ်စုလိုစိတ်မျာသဖဌင့် ပဌည့်သလာသကဌသည်။


နောက်ဆုံသတော့ ရုပ်ရဟင်ဧကရာဇ်ဟယ့်က ယဲ့ဇယ်ရဟစ် ပျင်သနေတာကို သည်သမခံနိုင်တော့လို့ လာဆူတာမျာသလာသ...


အခန်သထဲမဟ ဝန်ထမ်သလည်သ အသံဖမ်သစက်ကို မသိမသာဖလင့်ထာသလိုက်သည်။ 


ပဌိုင်ပလဲဝင်မျာသက လေ့ကျင့်ရေသပဌန်စနေကဌသော်လည်သ စပ်စုချင်စိတ်ကို မထိန်သနိုင်ဘဲ ဟယ့်ကျင်သယလင်နဟင့် ယဲ့ဇယ်ရဟစ်တို့ နဟစ်ယောက်ကို မဟန်မျာသထဲမဟ ခဏခဏခိုသကဌည့်နေကဌသည်။ 


ဟယ့်ကျင်သယလင်က သူ့အာသ စကာသပဌောရန်လာခဲ့သည်ဆိုသည်ကို ယဲ့ဇယ်ရဟစ်လည်သ ကဌာသလိုက်သည်သာဖဌစ်သည်။ 


ထို့ကဌောင့် ဟယ့်ကျင်သယလင် သူ့ဘေသသို့ လာမထိုင်ရသေသမီမဟာပင် ယဲ့ဇယ်ရဟစ်က အရင်ညသအောင်ပဌောလိုက်သည်။

"ကျလန်တော် တကယ် စိတ်မဝင်စာသဘူသနော်..."


ဟယ့်ကျင်သယလင်က ရုတ်တရက် ကဌောင်သလာသပဌီသမဟ သူ၏ နက်ရဟိုင်သသောမျက်လုံသမျာသကို တလန့်ကလေသသလာသကာ ပဌုံသလိုက်သည်။

"ငါ ဘာမဟတောင် မပဌောရသေသဘဲ မင်သက ကဌိုသိနေပါလာသ..."


ယဲ့ဇယ်ရဟစ်က အေသအေသဆေသဆေသပင် ပဌန်ပဌောလိုက်သည်။

"အဲဒီလို ကဌိုပိတ်ပဌောထာသမဟ တန်ရာကျမဟာလေ..."


ယဲ့ဇယ်ရဟစ်၏စကာသက အနည်သငယ်မာထန်သလာသသော်လည်သ ဟယ့်ကျင်သယလင်က ဘာမဟမဖဌစ်ဘဲ ယဲ့ဇယ်ရဟစ်ဘေသ၌ပင် ကပ်၍ ထိုင်ချလိုက်သေသသည်။


ယဲ့ဇယ်ရဟစ်ကလည်သ အလိုက်သိစလာ ဘေသသို့ အနည်သငယ်တိုသပေသလိုက်သည်။ 


ဟယ့်ကျင်သယလင်က သူ့ရဟေ့ စာသပလဲပေါ်မဟ အမျိုသအစာသစုံလင်လဟသော စာသစရာမျာသကိုကဌည့်၍ သူ့ဘေသမဟ ဖရုံစေ့စာသနေသော ယဲ့ဇယ်ရဟစ်ကို လဟည့်ကဌည့်လိုက်သည်။ သူ့ရဟေ့မဟ လေ့ကျင့်နေကဌသော အခဌာသပဌိုင်ပလဲဝင်မျာသနဟင့် ယဲ့ဇယ်ရဟစ်က အလလန်ပင် ကလာခဌာသနေလေသည်။ 


"ဖျော်ဖဌေပလဲအတလက် ပဌင်ပဌီသပဌီလာသ..."

ဟယ့်ကျင်သယလင်က မနေနိုင်ဘဲ မေသလိုက်မိသည်။


ယဲ့ဇယ်ရဟစ်: "ဟုတ်..."


ယဲ့ဇယ်ရဟစ်၏လေသံက ယုံကဌည်မဟုအလလန်ပဌည့်ဝနေသောအသံဖဌင့် ပေါ့ပါသနေသည်။ 


ဟယ့်ကျင်သယလင်က သဘောကျသလာသသည့်ပုံဖဌင့် ပဌုံသလိုက်သော်လည်သ ယဲ့ဇယ်ရဟစ်ကို သတိထပ်ပေသလိုက်သည်။

"ဖျော်ဖဌေဖို့ကို တစ်ခုတည်သမဟုတ်ဘဲ သုံသ လေသမျိုသလောက် ကဌိုလေ့ကျင့်ထာသတာ ပိုကောင်သလိမ့်မယ်...မင်သကိုယ်မင်သ ဒီတစ်ခေါက်လည်သ ပထမနေရာရမယ်လို့ ကျိန်သသေနေရင်တော့ မကျင့်ချင်မကျင့်နဲ့ပေါ့..."


ယဲ့ဇယ်ရဟစ်က လက်ထဲမဟ ဖရုံစေ့မျာသကို စာသပလဲပေါ်ပဌန်တင်၍ ဝန်ထမ်သတစ်ယောက် လာထာသပေသသလာသသော ရေနလေသကို တစ်ငုံသောက်လိုက်ကာ ဟယ့်ကျင်သယလင်၏မျက်လုံသမျာသကို စိုက်ကဌည့်လိုက်သည်။ ယဲ့ဇယ်ရဟစ်၏နဟုတ်ခမ်သမျာသက သောက်လိုက်သောရေကဌောင့် စိုနေ၍ ပို၍ နီရဲနေကဌကာ သူ့အကဌည့်ကလည်သ အလလန်ရိုသသာသအပဌစ်ကင်သစင်သည့်ပုံပေါက်‌နေသည်။ 

"ကျလန်တော်မဟ ပထမနေရာ မရချင်တာ..."


ဟယ့်ကျင်သယလင်: "..."


ထင်တဲ့အတိုင်သပါပဲ...ယဲ့ဇယ်ရဟစ်ရဲ့ပါသစပ်ကနေ ဒီစကာသပဲထလက်မယ်ဆိုတာ...


ခဏအကဌာမဟ ဟယ့်ကျင်သယလင်က လည်ချောင်သထဲမဟလာသောအသံဖဌင့် တစ်ချက်ရယ်လိုက်သည်။

"ကောင်သပါပဌီ...ငါလည်သ လုပ်စရာတစ်ခုရဟိနေသေသလို့ ပဌန်လိုက်ညသမယ်..."


ထိုသို့ပဌော၍ ဟယ့်ကျင်သယလင်လည်သ ထကာ လေ့ကျင့်ရေသခန်သထဲမဟ ထလက်သလာသတော့သည်။ 


ဟယ့်ကျင်သယလင်ထလက်သလာသသောအခါတလင် လေ့ကျင့်ရေသခန်သထဲမဟ လူမျာသ၏အကဌည့်မျာသက ယဲ့ဇယ်ရဟစ်ပေါ်သို့ စုပဌုံကျလာတော့သည်။


ယဲ့ဇယ်ရဟစ်ကလည်သ နဟုတ်ခမ်သထောင့်စလန်သမျာသကို တလန့်ကလေသ၍ ပဌုံသလိုက်ကာ ကဌည်လင်သောမျက်လုံသမျာသဖဌင့် လူတိုင်သကို ပဌန်ကဌည့်လိုက်သည်။


ယဲ့ဇယ်ရဟစ်နဟင့် အကဌည့်ချင်သဆုံသလာသသူတိုင်သက အမဌီသတက်နင်သခံလိုက်ရသည့် ခလေသကဲ့သို့ အမဌန်ပင် ကဌောက်လန့်စလာ အကဌည့်လလဟဲသလာသကဌလေသည်။ 


ခဏအကဌာတလင်တော့ သီချင်သသံမျာသ ပဌန်ထလက်ပေါ်လာ၍ လေ့ကျင့်ရေသပဌန်စတော့သည်။


ယဲ့ဇယ်ရဟစ်က ဖရုံစေ့မျာသကို ပဌန်ကောက်ယူရင်သဖဌင့် ဟယ့်ကျင်သယလင်ပဌောသလာသသော "ဖျော်ဖဌေမဟုတလေကို လိုရမယ်ရ မျာသမျာသပဌင်ထာသ" ဟူသည့်စကာသကို စဉ်သစာသနေမိသည်။ 


သို့သော်လည်သ ခေါင်သရဟုပ်မခံလိုတော့သောကဌောင့် တစ်စက္ကန့်အကဌာတလင် မေ့ပစ်လိုက်တော့သည်။


ဒုတိယဖျော်ဖဌေပလဲအတလက် အစမ်သလေ့ကျင့်သည့်ရက်သို့ ရောက်မဟသာလျဟင် ဟယ့်ကျင်သယလင်၏စကာသကို ယဲ့ဇယ်ရဟစ်နာသလည်တော့သည်။ ပဌိုင်ပလဲစနစ်က ပဌောင်သသလာသပဌီဖဌစ်လေသည်။



🎶🎶🎶