Chapter 11
Viewers 1k

🎶 Chapter 11



တကယ့်ဖျော်ဖြေပွဲအတွက် အစမ်းလေ့ကျင့်သည့် ကြာသပတေးနေ့တွင် ချွီရှောင်းက အသစ်ပြောင်းလဲထားသော ပြိုင်ပွဲစည်းမျဉ်းများကို လူတိုင်းကြားအောင် ကြေညာလိုက်တော့သည်။


အဖွဲ့လိုက်ပြိုင်ရမည့်ပြိုင်ပွဲများ၏စည်းကမ်းက မပြောင်းလဲသော်လည်း အဆင့်နိမ့်သော အဖွဲ့များမှ တစ်ယောက်ချင်းပြန်ပြိုင်ရမည့်ပြိုင်ပွဲများ၏ စည်းကမ်းများက ပြောင်းကုန်ကြသည်။ ယခင်ကပြောထားသည်က တစ်ယောက်ချင်းပြိုင်ပွဲအတွက် ပြိုင်ပွဲဝင်များက အကဖြစ်စေ အဆိုဖြစ်စေ သီချင်းရေးထားထုတ်လုပ်သည်ဖြစ်စေ တစ်ခုကိုရွေး၍ ကိုယ့်ဘာသာကိုယ် ဖျော်ဖြေမှုတစ်ခု စီစဉ်ထားရမည်ဖြစ်သည်။ ထိုသုံးမျိုးထဲတွင်မှ ပြိုင်ပွဲဝင်များက ကိုယ်အားသာသည့်အပိုင်းကို ရွေးချယ်နိုင်သည်။  


သို့သော်လည်း ယခုတွင်မူ ပြိုင်ပွဲဝင်တစ်ဦးချင်း၏အရည်အချင်းကိုစစ်ရန်နှင့် နယ်ပယ်စုံ၌ကျွမ်းကျင်သောလူများကို ရွေးထုတ်ရန် ထိုသုံးမျိုးကို ကျပန်းမဲနှိုက်၍ ကျသည့်အပိုင်းကို ဖျော်ဖြေရတော့မည့်ပုံစံ ဖြစ်သွားတော့သည်။ 


တစ်နည်းဆိုရလျှင် ပြိုင်ပွဲဝင်များက ကိုယ်အားသာသည့်‌အပိုင်းကိုသာရွေးချယ်ပြီး လေ့ကျင့်ထား၍ မရတော့ပေ။ 


ထို့အပြင် ထိုကဲ့သို့ ရှုံးထွက်ပွဲစဉ်များ ပြိုင်နေစဉ်တွင်လည်း နည်းပြများက စိတ်ကူးရလျှင်ရသလို ပြိုင်ပွဲများ ထပ်ပြိုင်ခိုင်းနိုင်သေးသည်။ 


ထို့ကြောင့် ယခုတွင် ပြိုင်ပွဲဝင်များက အဆို၊ အက၊ သီချင်းထုတ်လုပ်မှု သုံးနေရာလုံးအတွက် အနည်းဆုံး ဖျော်ဖြေမှုသုံးခု ပြင်ဆင်ထားရတော့မည်ဖြစ်သည်။ 


ပြိုင်ပွဲစနစ်က ပြောင်းသွား၍ ယှဉ်ပြိုင်မှုကလည်း ပို၍ ပြင်းထန်လာတော့သည်။


ရှင်းပြနေသော ချွီရှောင်း၏အသံ တိတ်သွားသည်နှင့် တစ်ပြိုင်နက် ပင့်သက်ရှိုက်သံများဖြင့် ပြည့်သွားတော့သည်။ 


"သွားပါပြီ...အကမှာ ငါက သေလောက်အောင်ညံ့နေတာ...ပြီးတော့ မနေ့ကလည်း တစ်နေ့လုံး အဆိုပဲလေ့ကျင့်နေတာလေ...အခုက မနက်ဖြန်ပဲပြိုင်ပွဲကရောက်နေပြီကို...ဘယ်အချိန်သွားပြီး အကလေ့ကျင့်ရတော့မှာလဲ..."


"ဒါပေမယ့် ဒီလိုပြောင်းလိုက်တာက ပိုပြီး တရားမျှတသလိုပဲ...အဆိုတော်တဲ့လူနဲ့ အကတော်တဲ့လူနှစ်ယောက်ကို ယှဉ်ရွေးဖို့ဆိုရင် သိပ်အဆင်မပြေဘူးမလား..."


"အခု ငါတို့က ဖျော်ဖြေပွဲအတွက်ကို အစမ်းလေ့ကျင့်ရဦးမှာလား...မြန်မြန်ပြန်ပြီး အကကျင့်ချင်နေပြီ..."


ထန်ကျင့်သည်ပင် မဖြစ်စဖူး အနည်းငယ် တုန်လှုပ်နေမိသည်။ 


ပြိုင်ပွဲစနစ်က ရုတ်တရက် ပြောင်းသွားသောကြောင့် မည်သူကမှ စိတ်ကို မပြင်ဆင်နိုင်ကြသေးချေ။ 


အလွန်အံ့ဩ၍ ရှော့ခ်ရနေကြသော ပြိုင်ပွဲဝင်များကြားတွင် ထိုင်နေသော ယဲ့ဇယ်ရှစ်က တစ်မျိုးကွဲထွက်နေသည်။ 


ယဲ့ဇယ်ရှစ်ဘေးမှ ကြောက်လန့်နေကြသော ပြိုင်ပွဲဝင်များ၏မျက်လုံးများက အနည်းငယ်ပင် နီနေကြသော်လည်း ယဲ့ဇယ်ရှစ်က ခုံပေါ်၌ ပို၍ သက်တောင့်သက်သာဖြစ်စေရန်ပင် ပုံစံပြောင်းထိုင်လိုက်သေးသည်။ 


ပြိုင်ပွဲဝင်များကို ပြန်၍ လေ့ကျင့်နိုင်ပြီဟု ချွီရှောင်းက ကြေညာလိုက်သည်နှင့် လူတိုင်းက လေ့ကျင့်ရေးခန်းသို့ အသည်းအသန် ပြေးသွားကုန်ကြတော့သည်။


ယဲ့ဇယ်ရှစ်က နောက်ဆုံးမှ အေးအေးဆေးဆေးလိုက်နေချိန်တွင် လီချန်ကျန့် လှမ်းခေါ်လိုက်သည်ကို ကြားလိုက်ရသည်။ 


"ဟေး ဇယ်ရှစ်..."

လီချန်ကျန့်က ခေါ်ရင်း အနားသို့လျှောက်လာကာ ယဲ့ဇယ်ရှစ်ကိုရိုက်နေသော ကင်မရာမန်းကို သွားနှင့်ရန် လက်ပြလိုက်သည်။ 


လီချန်ကျန့်ကိုမြင်သောအခါ ယဲ့ဇယ်ရှစ်က သူ၏ လှပသောမျက်လုံးများ ပိတ်သွားအောင် ပြုံးပြလိုက်သည်။

"ဦးလေးလီ...မတွေ့‌ရ‌တာတောင် တော်တော်ကြာနေပြီ..."


"ဟိုနေ့တွေက လုပ်စရာလေးတစ်ခုရှိနေလို့ မနေ့ကမှ ပြန်ရောက်လာတာ..."

လီချန်ကျန့်က ပြောရင်း မျက်မှောင်ကြုတ်၍ ယဲ့ဇယ်ရှစ်ကို တစ်ကိုယ်လုံး အပေါ် အောက် အကဲခတ်လိုက်ပြီးမှ အနည်းငယ်စိုးရိမ်သောလေသံဖြင့် မေးလိုက်သည်။ 

"ရှိုးအတွက် လေ့ကျင့်နေတာတွေရော ဘယ်လိုလဲ...ပြိုင်ပွဲစနစ်က ဒီနေ့မှ အသစ်ပြောင်းသွားတာမလား...ရုတ်တရက်ကြီးလို ဖြစ်သွားပေမယ့် တကယ်တော့ ဒီစနစ်ကမှ ပိုပြီး သေချာတော်တဲ့လူကို ရွေးနိုင်မှာလေ...မင်း..."


"ကျွန်တော် အကုန်အဆင်သင့်ဖြစ်နေပါပြီ..."

ယဲ့ဇယ်ရှစ်က ပြုံး၍ စကားကိုဖြတ်ပြောလိုက်သည်။

"ဦးလေး...ကျွန်တော့်အတွက် စိတ်ပူမနေပါနဲ့..."


လီချန်ကျန့်က ယဲ့ဇယ်ရှစ်၏စကားကိုကြားသော်လည်း အနည်းငယ် စိတ်ပူမိနေဆဲဖြစ်သည်။ သူက ခုဏကပင် ယဲ့ဇယ်ရှစ်တို့အဖွဲ့လေ့ကျင့်သည်ကို ကြည့်ထားခြင်းဖြစ်သည်။ 


အဖွဲ့လိုက်ဖျော်ဖြေမှုက အလွန်ကောင်းနေသော်လည်း မနက်ဖြန်၌ နည်းပြများ၏ အမှတ်ပေးမှုနှင့် ပွဲကြည့်ပရိသတ်များ၏ မဲပေးမှုများပေါ်မူတည်၍ ဆုံးဖြတ်မည်ဖြစ်ရာ ယဲ့ဇယ်ရှစ်တို့အဖွဲ့က ထိပ်သို့ ရောက်မည် မရောက်မည်က မသေချာချေ။


လီချန်ကျန့်က ဤရက်ပိုင်း ရိုက်ကူးရေးလုပ်သည့်နေရာ၌ ရှိမနေခဲ့သော်လည်း ယဲ့ဇယ်ရှစ်အကြောင်းကို ရှန်ဇယ်ယွီထံမှ ပြန်ကြားထားရပြီးဖြစ်သည်။ 


ရှန်ဇယ်ယွီ၏စကားအရ ယဲ့ဇယ်ရှစ်က အဖွဲ့လိုက်လေ့ကျင့်ချိန်များတွင် သေချာအာရုံစူးစိုက်၍ လေ့ကျင့်သော်လည်း အဖွဲ့လိုက်လေ့ကျင့်ခြင်းပြီးသွားသည်နှင့် တစ်ပြိုင်နက် ဆိုဖာပေါ်မှ မထတော့ ဟုဆိုလေသည်။


သူ၏လေ့ကျင့်ခြင်းပြီးသည်နှင့်လည်း တစ်ပြိုင်နက် အခြားအဖွဲ့များလေ့ကျင့်နေသည်ကို လျှောက်ကြည့်လျှင်ကြည့်၊ မကြည့်လျှင် အဆောင်သို့ ပြန်၍ အိပ်နေသည် ဟုလည်း ပြန်ကြားရသည်။ 


သေသေချာချာ လေ့ကျင့်တာလား...


အမှန်အတိုင်းပြောရရင် အဖွဲ့လိုက်ဆိုရင်တော့ သေချာကျင့်ရှာပါတယ်...ဒါပေမယ့် တစ်‌ယောက်တည်းဆိုရင်...


လီချန်ကျန့်က သူကြားထားရသည်များကို ပြန်ပြောချင်သော်လည်း မပြောမိအောင် ထိန်းချုပ်လိုက်သည်။ 


ယဲ့ဇယ်ရှစ်နှင့် လီချန်ကျန့်တို့ တစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်ကြ၍ ယဲ့ဇယ်ရှစ်လည်း လီချန်ကျန့်ဘာပြောချင်နေသည်ကို သိသောကြောင့် သူကပင် စပြောလိုက်သည်။

"စိတ်မပူပါနဲ့ ဦးလေးလီ...ကျွန်တော် အခုပဲ သွားလေ့ကျင့်တော့မလို့ပါ..."


ဘေးနား၌ ဝန်ထမ်းများ များစွာရှိနေ၍ ယဲ့ဇယ်ရှစ်ကလည်း ယခု သွားလေ့ကျင့်တော့မည်ဟု ပြောနေသောကြောင့် လီချန်ကျန့် ဘာမှမပြောသာတော့ပေ။ ထို့ကြောင့် ယဲ့ဇယ်ရှစ်ကို ကောင်းကောင်းလေ့ကျင့်ရန်နှင့် နည်းပြများထံမှ အကြံဉာဏ်များလိုချင်ပါက သူ့အား အချိန်မရွေးလာပြောရန်သာ ပြောလိုက်ရသည်။ 


ယဲ့ဇယ်ရှစ်လည်း ခေါင်းညိတ်ပြ၍ သီချင်းလေးတညည်းညည်းနှင့် ရိုက်ကူးရေးခန်းထဲမှ ထွက်လာလိုက်သည်။ ထို့နောက် လေ့ကျင့်ခန်းရေးခန်းဘက်ဆီသို့ လျှောက်သွား၍ ခဏအကြာတွင် လေ့ကျင့်ရေးခန်းကို ကျော်သွားလေတော့သည်။


ဒီအချိန်ကြီး လေ့ကျင့်နေစရာလား...


သွားပဲအိပ်တော့မှာပေါ့...


အချိန်က ညဘက် ၁၁နာရီခွဲနေပြီဖြစ်၍ ယဲ့ဇယ်ရှစ်သည် ဤကမ္ဘာသို့ ကူးပြောင်းလာပြီးချိန်မှစ၍ နေ့တိုင်း ၁၂ နာရီခွဲ နောက်ဆုံးထား၍ အိပ်နေကျဖြစ်သည်။


ယခင်ဘဝတွင် ယဲ့ဇယ်ရှစ်က နေ့မအိပ် ညမအိပ် မနေမနား အလုပ်များလုပ်ခဲ့ရသောကြောင့် ယခုဘဝတွင် ကောင်းကောင်းစားသောက်၊ ကောင်းကောင်းပျော်၍ ကောင်းကောင်းသာအိပ်ချင်နေတော့သည်။ 


ပျော်စရာဘဝဆိုတာ ဒါပဲလေ...


ယဲ့ဇယ်ရှစ်က တက်ကြွသောခြေလှမ်းများဖြင့် အခန်းဆီသို့ ပြန်ရင်း မျက်နှာပေါ်မှ အပြုံးကလည်း တဖြည်းဖြည်းပို၍ ကြီးမားလာသည်။


သို့သော် ထိုအခိုက်တွင် ငိုရှိုက်သံတစ်ခုကို ကြားလိုက်ရသောကြောင့် ယဲ့ဇယ်ရှစ်၏ခြေလှမ်းများ ရပ်တန့်သွားကြသည်။ 


ငိုရှိုက်သံပိုင်ရှင်မှာ ကောင်လေးတစ်ယောက်၏အသံဖြစ်၍ ထိုအသံမှာလည်း အလွန်ဝမ်းနည်းစရာကောင်းသည့်အဖြစ်အပျက်တစ်ခုကို ရင်ဆိုင်ထားရသကဲ့သို့ အလွန်ပင် စိတ်ဓာတ်ကျ၍ ကူကယ်ရာမဲ့နေသည့်လေသံဖြစ်နေသည်။

"တစ်နေ့တည်းနဲ့ အကလေ့ကျင့်ဖို့ဆိုတာ ဘယ်လိုမှမဖြစ်နိုင်တော့ဘူးလေ...ကျွန်တော်သိပါတယ်...နည်းပြတွေ ဒီလိုစနစ်ပြောင်းလိုက်တာက ပိုမှန်တယ်ဆိုတာ...ဒါပေမယ့်...ဟုတ်တယ်...ဒါပေမယ့်...အင်း..."


ကောင်လေးက စကားကိုတောင် ဆုံးအောင်မပြောနိုင်တော့ပဲ ဆို့နင့်သွား၍ ခဏအကြာတွင် မျက်ရည်သုတ်နေသကဲ့သို့ အဝတ်နှင့် အသား ပွတ်တိုက်သံထွက်လာသည်။


ယဲ့ဇယ်ရှစ်လည်း ရှေ့ဆက်မတိုးဖြစ်တော့ပဲ သူ့ရှေ့မှ ပိတ်ထားသောတံခါးကိုကြည့်၍ ဆက်နေရမလား ခဏထွက်ရမည်လား ဝေခွဲမရဖြစ်နေမိသည်။


"မဟုတ်ဘူး...ကျွန်တော်က ပထမအဆင့်မှာ အဆင့်မတက်ချင်တာမဟုတ်ဘူး...ကျွန်တော် လုပ်ကို မလုပ်နိုင်တာ..."

ခဏအကြာမှ ကောင်လေး၏အသံထပ်ထွက်လာပြန်သည်။ ဤတစ်ခေါက်တွင်တော့ သူ့ခံစားချက်များကို ထိန်းချုပ်လိုက်ပုံရသည်။ အသံက ခုနကလောက် ဆို့နင့်မနေတော့ပဲ ပို၍လည်း ကြည်လင်နေသည်။ 


ယဲ့ဇယ်ရှစ် မျက်မှောင်ကြုတ်လိုက်မိသည်။

ဒီအသံ ငါကြားဖူးနေသလိုပဲ...


"ဟုတ်တယ်...ယဲ့ဇယ်ရှစ်နဲ့ ကျန်းရန်က ကျွန်တော်နဲ့ တစ်ဖွဲ့တည်း...ကျွန်တော်က ပြီးခဲ့တဲ့အပတ်က အဆင့် ၂၂ ရတာလေ..."


ထိုအခါမှပင် ယဲ့ဇယ်ရှစ်သိသွားတော့သည်။


ထိုကောင်လေးက သူ့အဖွဲ့ထဲက ဖြစ်နေလေသည်။ ယဲ့ဇယ်ရှစ် မှတ်မိသည်သာ မှန်ပါက ထိုကောင်လေး၏နာမည်မှာ ယုယန် ဖြစ်သည်။ 


အသားဖြူဖြူ၊ ကလေးဆန်သောမျက်နှာလေးနှင့် ချစ်စရာကောင်းသော လူငယ်လေးဖြစ်သည်။


သူက မိန်းကလေးတွေကိုပဲ စိတ်ဝင်စားတာကတော့ နာတာပဲ...


ယုယန်က ဖုန်းပြောနေခြင်းဖြစ်၍ သူ့အသံက ဆက်ထွက်လာသည်။

"ဟုတ် ကျွန်တော်နားလည်ပါတယ်...ကျွန်တော်လည်း လက်မလျှော့ပါဘူး...ဒါပေမယ့် ယဲ့ဇယ်ရှစ်ရော ကျန်းရန်ရောက ကျွန်တော့်ထက်တော်နေတာတော့ ဝန်ခံရမှာပဲကို...အဖွဲ့သားအချင်းချင်း ရှုံးထွက်ပွဲပြိုင်ရရင်တော့ သူတို့ကို ကျွန်တော် ရှုံးမှာသေချာတယ်..."


"ဟုတ်...နည်းနည်းတော့ အဆင်ပြေသွားပါပြီ...ခုဏက စိတ်လှုပ်ရှားပြီး အရမ်းခေါင်းရှုပ်သွားလို့...အခု ကျွန်တော် သွားပြီး ထပ်လေ့ကျင့်လိုက်ဦးမယ်..."


"ဘာဖြစ်လို့ အရှုံးပေးရမှာလဲ...ကျွန်တော် ဒီအဆင့်ထိတောင် ရောက်လာပြီးပြီပဲကို အရှုံးမပေးနိုင်ပါဘူး...ထားပါတော့...ကျွန်တော့်အတွက် စိတ်မပူပါနဲ့ အမေ...ကိုယ့်ကျန်းမာရေးလည်း ဂရုစိုက်ဦးနော်...အဖေ့ကိုရောပဲ...ကျွန်တော်သာ ဒီတစ်ခေါက် အဆင့် ၁၀ အတွင်းဝင်ရင်တော့ အဖေ့ခွဲစိတ်မှုအတွက် ပိုက်ဆံ..."


ယဲ့ဇယ်ရှစ်လည်း ဆက်နားမထောင်တော့ပဲ အခန်းဆီသို့ ဦးတည်နေသော ခြေလှမ်းများက ဦးတည်ချက်ပြောင်းသွားတော့သည်။ ယခုလောလောဆယ်လည်း အိပ်မရတော့မည့်တူတူ လေညှင်းသာ သွားခံတော့မည်။


နွေဦးညဖြစ်သောကြောင့် လေတိုက်နေသော်လည်း လေထဲတွင်ပင် အပူငွေ့များပါနေသည်။ သို့သော် အခန်းများထဲ၌ လေအေးပေးစက်များ ဖွင့်ထားသောကြောင့် ပူနေမှန်းသိပ်မသိသာပေ။


ယဲ့ဇယ်ရှစ်လည်း ဘယ်ဘက်လက်ပေါ်သို့ မေးတင်၍ ပြတင်းပေါက်ဘောင်ကိုမှီနေမိသည်။ အပြင်လူသွားစင်္ကြန်၌ မည်သူမှ မရှိသော်လည်း သီချင်းသံများကို ကြားနေရဆဲဖြစ်သည်။


အချိန်က ည ၁၂ နာရီ ထိုးနေသည့်တိုင်အောင် သီချင်းက ရပ်မသွားသေးပေ။


ဤ ဦးရာလူစားသည့် လောကတွင် ကိုယ့်ဘက်က အသန်မာဆုံးဖြစ်နိုင်နေမှ ရှင်သန်နိုင်မည်ဖြစ်သည်။


ထိုကြီးနိုင်ငယ်ညှင်းကိစ္စများကို ကိုယ်တိုင်ခံစားဖူးသူများကသာ ထိုစကားကို သေချာနားလည်နိုင်မည်ဖြစ်သည်။


အချို့လူများအတွက် အောင်မြင်ရန် အခွင့်အရေးတစ်ခုသာ လိုအပ်ခြင်းဖြစ်သည်။


ယုယန်၏စကားများကို ကြားလိုက်ရချိန်တွင် ရွှံ့နွဲထဲမှ ရုန်းထွက်ရန်အတွက် အခွင့်အရေးများကို အသည်းအသန် ဆုပ်ကိုင်နေခဲ့ရသော ယခင်ဘဝက ကိုယ့်ကိုယ်ကိုယ် ယဲ့ဇယ်ရှစ် ပြန်မြင်ယောင်နေမိသည်။


ထို့နောက် အခန်းသို့ မပြန်ခင်တွင် ယဲ့ဇယ်ရှစ် လေ့ကျင့်ရေးခန်းဆီသို့ ခဏသွားကြည့်မိသည်။


လေ့ကျင့်ရေးအခန်းတံခါးက စေ့အောင်မပိတ်ထားသောကြောင့် သီချင်းသံများကို အပြင်မှ ကြားနေရသည်။ ကြီးမားသော အခန်းထဲတွင် ယုယန်တစ်ယောက်တည်းသာရှိနေ၍ မှန်ရှေ့တွင် ခက်ခဲသော ကကွက်များကို ထပ်ခါ ထပ်ခါ လေ့ကျင့်နေလေသည်။ 


ယဲ့ဇယ်ရှစ်လည်း အကြာကြီး ဆက်မနေတော့ဘဲ မကြာခင်တွင် အခန်းဆီသို့ ပြန်လှည့်လာလိုက်တော့သည်။


...


ဒုတိယဖျော်ဖြေပွဲနေ့တွင် ပြိုင်ပွဲဝင်များက မနက်အစောကြီးတည်းက ထနေကြ၍ ညနေ၌ ဖျော်ဖြေရန် လေ့ကျင့်ပြင်ဆင်နေကြသည်။


နားနေချိန်မှာပင် ပြိုင်ပွဲဝင်များက သူတို့ဖျော်ဖြေမည့် ကကွက်များကို လေ့ကျင့်နေကြသည်ကို တွေ့ရပေမည်။


ကျန်းရန်သည်ပင် အဝတ်လဲခန်းထဲတွင် မှန်ရှေ့၌ရပ်၍ သူ၏ ကကွက်များကို သီချင်းတညည်းညည်းနှင့် လေ့ကျင့်နေသည်။ 


ယဲ့ဇယ်ရှစ်က မနေနိုင်ဘဲ ကျန်းရန်ကို နှစ်ခါမျှ လှည့်ကြည့်လိုက်မိသည်။


ကျန်းရန်လည်း ယဲ့ဇယ်ရှစ်၏ အကြည့်ကို သတိထားမိသောကြောင့် မျက်နှာအနည်းငယ်ပျက်သွားကာ ကနေသည်ကို ရပ်၍ ခန္ဓာကိုယ်ကို မတ်မတ်ထားလိုက်သည်။ 


ယခု ကျန်းရန်ပြင်ဆင်ထားသည်မှာ သူကျွမ်းကျင်သည့် မော်ဒန်အကဖြစ်သည်။

ငါ ယဲ့ဇယ်ရှစ်ကို ဘယ်လိုမှ မရှုံးစေရဘူး...


ယဲ့ဇယ်ရှစ်က သူ့ကို ပြန်ကြည့်နေသည့် ကျန်းရန်၏မျက်လုံးများထဲမှ ယှဉ်ပြိုင်လိုမှုများကို သတိမထားမိဘဲ လျင်မြန်စွာပင် အကြည့်ပြန်လွှဲသွားသည်။


ကျန်းရန်လည်း မျက်နှာကို ပြန်တည်ကာ ဆုံးဖြတ်ချက်ချလိုက်သည်။

ဒီည နိုင်ပဲနိုင်စေရမယ်...လုံးဝမရှုံးစေရဘူး...


ညနေ ၇ နာရီတွင် ဖျော်ဖြေပွဲစ၍ တိုက်ရိုက်ထုတ်လွှင့်မှုလည်း စတော့သည်။


ဤတစ်ခေါက် တိုက်ရိုက်ထုတ်လွှင့်မှုကို လိုင်းပေါ်မှ ကြည့်သည့်လူများက ယခင်တစ်ခေါက်ကထက် ပိုများ၍ ဖျော်ဖြေပွဲကို ကိုယ်တိုင်လာကြည့်သူများကလည်း ထောင်နှင့်ချီနေ၍ ခန်းမပင်မဆန့် ဖြစ်နေသည်။ 


စတိတ်စင်ပေါ်မှ မီးများလင်းလာသည်နှင့်တစ်ပြိုင်နက် လက်ခုပ်သံများလည်း ကျယ်လောင်စွာ ပေါ်ထွက်လာလေသည်။ ခန်းမထဲမှ တဖျတ်ဖျတ်တောက်ပနေသော မီးရောင်စုံများကြားတွင် အာရုံကို အဆွဲဆောင်နေဆုံးက ပရိသတ်များကြားမှ အားပေးသည့်အနေဖြင့် မြှောက်ပြနေကြသော ရောင်စုံမီးများဖြစ်သည်။ 


ကင်မရာကို လူအုပ်ကြားထဲသို့ ရိုက်ပြသောအခါ အထင်ရှားဆုံးဖြစ်နေသည်က ပရိသတ်များမြှောက်ပြထားသော ဆံပင်ပန်းရောင်နှင့် ယဲ့ဇယ်ရှစ်ပုံဖြစ်လေသည်။ ပုံထဲ၌ ယဲ့ဇယ်ရှစ်၏နှုတ်ခမ်းများက ပြုံးနေကြ၍ မျက်လုံးထောင့်မှ မှဲ့လေးများကလည်း ထင်ရှားနေကာ အာရုံကို ဆွဲဆောင်နေသည်။


သို့သော် လူများ စိတ်အဝင်စားဆုံးက ယဲ့ဇယ်ရှစ်၏မျက်နှာမဟုတ်ဘဲ ပုံအောက်မှစာ ဖြစ်သည်။

"ချမ်းသာတဲ့ ဒုတိယမျိုးဆက်သူဌေးသားလေးလုပ်ချင်တယ်..."


မျက်စိလျင်သော အင်တာနက်အသုံးပြုသူများကလည်း ဖုန်းမျက်နှာပြင်ပေါ်၌ ခဏသာ ပေါ်လာသောပုံကို မြင်ဖြစ်အောင် မြင်လိုက်ကြ၍ တိုက်ရိုက်လွှင့်နေသည့်ချန်နယ်အောက်တွင် ရယ်သံများဖြင့် ပြည့်သွားတော့သည်။


[ငါ ခုနက ဘာကြီးကို မြင်လိုက်ရတာလဲ...]


[ဟားဟားဟား...ယဲ့ဇယ်ရှစ်ရဲ့ ပရိသတ်တွေက တကယ့်ကို ငပြောင်တွေ...]


[ဟားဟားဟား...ဒါမှ ငါတို့ရဲ့ ဇယ်ရှစ်ပရိသတ်တွေကွ...အရမ်းတော်တယ်...]


[တော်ပါတော့ဟယ်...ငါရယ်ရတာ သေတော့မယ်...ညီအစ်မ‌တွေရေ ငါ့ကို သေအောင်မလုပ်ပါနဲ့...ဒါနဲ့ gif ပုံက ဘာဖြစ်လို့ တစ်ပုံတည်းဖြစ်နေတာလဲ...နောက်တစ်ပုံရော...]


နောက်တစ်စက္ကန့်မျှအကြာတွင် ကင်မရာရိုက်ချက်ကပြောင်းသွား၍ စင်နောက်၌ရှိနေသော ယဲ့ဇယ်ရှစ်ဆီသို့ ရောက်သွားသည်။


ယဲ့ဇယ်ရှစ်၏မျက်နှာက တစ်ခုခုကို တွေးနေသည့်ပုံပေါက်နေသည်။ ထို့နောက်တွင်မှ စင်ပေါ်ရှိ ကြီးမားသောတီဗီမျက်နှာပြင် ပေါ်မှ သူ့မျက်နှာကိုသူ ပြန်မြင်သွားသည်။


ယဲ့ဇယ်ရှစ်၏ နှုတ်ခမ်းများက အနည်းငယ်တွန့်ကွေးကာ ပြုံးသွားကြ၍ ကင်မရာကိုကြည့်ကာ နှုတ်ခမ်းများကို လှုပ်ရုံသာ ‌အသံတိုးတိုးဖြင့် ပြောလိုက်သည်။

"အဆိုးလေးတွေ..."


"အားးးးးးးးး...."

အော်သံများက ပိုကျယ်လောင်သွားကြသည်။ 


အပြင်၌ အော်ဟစ်နေကြသော ပရိသတ်များနည်းတူ တိုက်ရိုက်ထုတ်လွှင့်နေသော ချန်နယ်၏ ကောမန့်များထဲ၌လည်း အော်ဟစ်နေကြသည်။


[ဝူးးးးး ဇယ်ရှစ်က အရမ်းချစ်ဖို့ကောင်းတာပဲ...]


[သခင်လေး...ကျွန်တော်မျိုးမက အဆိုးလေးပါ...]


[သူ ငါတို့ကို ပြုံးပြနေတယ်...]


[အားးးးး ချောလိုက်တာ...]


...


ခဏအကြာတွင် စင်ပေါ်မှ အခြေအနေက တက်တက်ကြွကြွဖြစ်လာ၍ စင်ပေါ်မှ မီးများလည်း မှိန်သွားကာ နည်းပြသုံးယောက် စင်ပေါ်သို့ တက်လာကြတော့သည်။


ပရိသတ်များထဲမှ အော်သံများက တစ်လိမ့်ပြီး တစ်လိမ့် လှိုင်းလုံးသဖွယ်ပင် ဖြစ်နေကြသည်။


"သူတို့လာကြပြီ..."


"ပွဲစတော့မယ်..."


"ဝေလငါးလည်း ရောက်လာနေပြီ..."


"ရှောင်းရှောင်း ဒီနေ့ အရမ်းလှနေတာ..."


"ရုပ်တည်ကြီးနဲ့ နည်းပြရှန်...နည်းနည်းပြုံးပြပါဦး..."


နည်းပြများက ပြိုင်ပွဲ၏ပုံစံကို အကျဉ်းချုပ်ပြောလိုက်ပြီးချိန်တွင် ဒုတိယပြိုင်ဆိုင်ရမည့် ဖျော်ဖြေပွဲ တရားဝင်စတင်ပြီဖြစ်လေသည်။



🎶🎶🎶