Chapter 12
Viewers 1k

🎶 Chapter 12



" သူတို့လာကြပြီ… ငါ့မှာစိတ်လှုပ်ရှားလွန်းလို့ လက်တွေတောင် တုန်နေတယ်…"

 

"ငါ ဒါကိုတစ်ပတ်လောက်စောင့်နေခဲ့ရတာ နောက်ဆုံးတော့ တိုက်ရိုက်ထုတ်လွှင့်တာ ကြည့်နိုင်ခဲ့ပြီကွ…"

 

"ထန်ထန် လုပ်ချလိုက် ,ထန်ထန်က အကောင်းဆုံးပဲ…"

 

"စွေ့ယီ ဖိုက်တင်း…" 

 

……..  

 

ပထမအပတ်အတွင်း လူသိများမှုနှင့် ပရိသတ်တို့၏ တစ်ဆင့်စကားတို့ကြောင့် Time Idol ပြိုင်ပွဲ၏ တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်ရှုသော ပရိသတ်အရေအတွက်မှာ ဒုတိယအပတ်တွင် စံချိန်အမြင့်ဆုံးသို့ ရောက်ရှိခဲ့သည်။  

 

တင်ဆက်မှု ပြသနေစဉ် တစ်ဝက်အတွင်း စင်မြင့်၏ လေထုအခြေအနေမှာ ပို၍ပင် စိတ်လှုပ်ရှားဖွယ်ကောင်းလာသည်။ အချို့ အင်တာနက်အသုံးပြုသူများမှာ သူတို့ talent showတစ်ခုအား ကြည့်ရသည်နှင့်မတူဘဲ ဂီတဖျော်ဖြေပွဲ တစ်ခုအား ကြည့်လိုက်ရသည်ဟုပင် ခံစားလိုက်ရကြောင်း မှတ်ချက်များပေးလာကြသည်။ 

 

သေချာပေါက်ပင် ထိုသို့ခံစားရလိုက်ရသည်မှာ ကြည့်ရှုသူ ပရိသတ်များသာမဟုတ်ချေ။ ယှဉ်ပြိုင်သူ ပြိုင်ပွဲဝင်များပင် တင်ဆက်မှုအား စီးမျောခံစားနေကြလေသည်။ 

 

အဆုံး၌ ပြိုင်ပွဲမှာ ရှုံးထွက်ပြိုင်ပွဲတစ်ခုသာဖြစ်လေသည်။ ယခု စင်မြင့်တွင် နောက်တစ်ကြိမ် ဖျော်ဖြေနိုင်ခွင့်ရရန် မည်သူမှ အာမ မခံနိုင်သော်ငြား ပြိုင်ပွဲဝင်များမှာ ၎င်းအား အလွန်ပင် နှစ်သက်မြတ်နိုးကြလေသည်။ 

 

ယဲ့ဇယ်ရှစ်နှင့် သူ့အဖွဲ့၏ တင်ဆက်မှုမှာ နောက်ဆုံးပွဲစဥ်ဖြစ်သည်။ သူတို့အဖွဲ့ ဖျော်ဖြေမည့် အလှည့်ရောက်သောအခါ အားပေးသံများမှာ ရေလှိုင်းများအလား တစ်လှိုင်းပြီးတစ်လှိုင်း ပို၍ကျယ်လောင်စွာ ပေါ်ထွက်လာလေသည်။ 

 

ရှီးရွှီက မရယ်ဘဲမနေနိုင်တော့ဘဲ ပြောလိုက်သည်။

“မင်းတို့ ဘယ်သူ့နာမည်ကို ခေါ်နေတာလဲဆိုတာ ကြားလို့ရနိုင်မလား …” 

 

ပရိသတ်များ၏ အသံမှာ အလွန်ပြတ်သားစွာ ထွက်ပေါ်လာသည်။ 

“ယဲ့ဇယ်ရှစ် …” 

 

ရှီးရွှီက ပြုံးလိုက်သည်။

“‌‌ ကောင်းပြီ ဒါဆို ကျွန်တော်တို့တွေ ယဲ့ဇယ်ရှစ်နဲ့ သူ့အဖွဲ့ကို “No Trendy No Money” ဆိုတဲ့သီချင်းလေးကို ယူဆောင်လာခိုင်းလိုက်ကြရအောင်…” 

 

အသံများ တိုးတိတ်သွားသည်နှင့် မီးရောင်များလည်း ပျောက်ဆုံး‌သွားသည်။ 

 

နှစ်စက္ကန့်‌အကြာ ဖျတ်ခနဲမှာပင် အထက်ရှိ မီးရောင်များမှာ‌ တောက်ပလာပြီး ပြိုင်ပွဲဝင် လေးယောက်မှာ တစ်ယောက်ပြီး တစ်ယောက် ထွက်ပေါ်လာလေသည်။ 

 

ကင်မရာမြင်ကွင်းတွင် နောက်ဆုံးပြိုင်ပွဲဝင်ဖြစ်သော ယဲ့ဇယ်ရှစ်အား ပြသလိုက်သောခါ နောက်ကွယ်မှ အသံမှာလည်း လိုက်ဖက်ညီစွာပြောလာသည်။ 

 

“ဒီကနေ့ညရဲ့ အမျှော်လင့်ရဆုံး တင်ဆက်မှုပဲ ဖြစ်ပါတယ်…” 

 

”ယဲ့ဇယ်ရှစ် ဖိုက်တင်း…”

 

တေးသံမှာ စည်းချက်ကျကျ ထွက်ပေါ်လာလေသည်။ ပြိုင်ပွဲဝင်လေးယောက်၏ သာယာသော ဟာမိုနီသံမှာ အမှောင်ထုထဲသို့ ရှင်းလင်းစွာ ပျံ့လွင့်လာသည်။ 

 

“ဟေး လောဘအိုးလေးရေ ထောင်ချောက်တွေအောက် သောကရောက်မနေနဲ့ 

မင်းမြင်နိုင်တာကိုပဲ မင်းရနိုင်လိမ့်မယ် … 

မင်းပြောကြည့် ငါ့မှာရှိတဲ့အရာ … 

မင်းမြင်နိုင်တာပဲ မင်းရနိုင်မှာ… 

မင်းမှာ ဘယ်လက်ပဲရှိရင် ဘယ်လက်ကိုပဲသုံး မဟုတ်ရင် မင်းထွက်သွားရမှာ ဘဝ ရဲ့ အကြောင်းလဲ အများကြီး အတွေးလွန်နေစရာ မလိုဘူးကွာ” 

 

စတိတ်စင်ပေါ်ရှိ မီးရောင်များ အားလုံးပြန်လင်းလာသည်။ ယဲ့ဇယ်ရှစ်က ပန်းရောင်ဂျင်းဂျာကင်ကို ဝတ်ဆင်ထားသည်။ သူ၏ ညှို့ငင်နိုင်သော အသံဩရှရှမှာ ပရိသတ်များ၏အာရုံအား ချက်ချင်းပင် ဆွဲဆောင်လိုက်နိုင်သည်။ 

 

လူအုပ်ကြီးမှာ ခဏတာ မှင်သက်သွားကာ ခဏအကြာမှာပင် အသံများ ဆူညံပေါက်ကွဲထွက်လာတော့သည်။ 

 

“အားးး ငါမရတော့ဘူး…အဲ့ဒီအသံ ..တကယ့်ကို လူတွေရဲ့နားကို ဗိုက်ကြီးအောင်လုပ်နိုင်တဲ့ အဲ့ဒီအသံ…အားးး…” 

 

“တိုက်ရိုက်လွှင့်တာဟေး ... ဘာအထူးပြုလုပ်ချက်အသံမှ မပါဘဲနဲ့ မိုက်ကုန်ဖွင့်ပြီး နောက်တစ်ခေါက်ဆိုပေးပါ…” 

 

“ယဲ့ဇယ်ရှစ်က နတ်ဘုရားပဲ…”

 

ယဲ့ဇယ်ရှစ်၏ အသံကို တိုက်ရိုက်ကြားရခြင်းမှာ သူတို့အတွက် ပထမဆုံးဖြစ်လေသောကြောင့် ပြိုင်ပွဲအတွင်းရှိ ပရိသတ်များမှာလည်း အလွန်ထိတ်လန့်ကုန်ကြသည်။ 

ဒါအတည်ကြီးဖြစ်လောက်မယ် မလား…

 

ဤသည်မှာ တကယ့်ဂီတဖျော်ဖြေပွဲ တစ်ခုအား နားထောင်လိုက်ရသလိုပင်။ အလွန် စိတ်ကျေနပ်ဖွယ်ကောင်းလေသည်။

 

ပရိသတ်လူအုပ်အတွင်းရှိ ချွီရှောင်းမှာ စိတ်ကျေနပ်စွာ‌ ခေါင်းတစ်ချက်ညိတ်လိုက်သည်။ ယနေ့ည ယဲ့ဇယ်ရှစ်၏ ဖျော်ဖြေမှုမှာ ယမန်နေ့က အကြိုလေ့ကျင့်မှုထက် ပိုကောင်းလေသည်။ 

 

ရှန်ဇယ်ယွီလည်း ပြောစရာမရှိပေ။ သူ အသံကိုတိုးကာ ဟယ့်ကျင်းယွင်ကို ပြောလိုက်သည်။ 

 

“သူ(ယဲ့ဇယ်ရှစ်)က ဒီစင်မြင့်မှာ‌ ဖျော်ဖြေဖို့ မွေးလာတာကွ မင်းတကယ်ကြီး သူ့ကို မင်းနဲ့ ရုပ်ရှင်အတူရိုက်ဖို့ လှည့်စားမယ်ဆို ပိုက်ဆံကုန်တာပဲ အဖက်တင်သွားမှာနော်…” 

 

ဟယ့်ကျင်းယွင် အရှေ့သို့ ငေးကြည့်လိုက်သည်။ 

 

ကြယ်ပွင့်လေးများက စင်မြင့်ပေါ်တွင် လင်းလက်တောက်ပနေကြသည်။ ယဲ့ဇယ်ရှစ်ကမူ သူ့အပေါ်လူများ၏ အမြင်အား ပထမဆုံး‌ တွေ့ဆုံမှုမှာပင် အမြဲတမ်း ပြောင်းလဲပြစ်နိုင်သူဖြစ်သည်။


ယခု ယဲ့ဇယ်ရှစ်မှာ လေ့ကျင့်ရေးအခန်းတွင်လည်း လျော့တိလျော့ရဲ လုပ်မနေတော့ဘဲ သူ့မျက်နှာတွင် ပျော်ရွှင်မှုသာရှိနေတော့သည်။ သူက ဤအခိုက်အတန့်အတွက် မွေးဖွားလာသကဲ့ပင် စင်မြင့်ထက်တွင် သူ၏ဆွဲဆောင်မှုတို့အား ပေါ်ထွက်လာစေသည်။ 

 

ဟယ့်ကျင်းယွင် ပြုံးကာ ခေါင်းအသာခါလိုက်ပြီး ရှန်ဇယ်ယွီ၏ စကားများအား ငြင်းဆိုလိုက်သည်။ 

“စိတ်ပူပေးဖို့ မလိုပါဘူး…” 


ယဲ့ဇယ်ရှစ်က ရုပ်ရှင်ပိတ်ကားထက်မှာလည်း သင့်တော်တယ်…


သူ ထိုသို့ အခိုင်အမာ ယုံကြည်ထား၏။ 


…………. 

 

စလိုက်မီးရောင် အပြောင်းအလဲများမှာ သာ၍ပင် အံ့ဩစရာကောင်းသေးသည်။ အဖွဲ့ဝင်များကို သဲသဲကွဲကွဲ မမြင်ရဘဲ မီးရောင်များမှာ ယဲ့ဇယ်ရှစ်၏ ဆွဲညှို့ငင်သော အသံအား ကြားနိုင်စေရန်အတွက် သူ့တစ်ယောက်တည်းအပေါ်တွင်သာ ထွန်းလင်းထားသည်။ 

 

“နေရာတိုင်းကို လိုက်မရှာဖွေနဲ့ … 

ခေတ်ရေစီးကြောင်းအတိုင်းမျောတာ လိုအပ်ပေမယ့် 

မတော်တဆအနေနဲ့တော့ မရွေးမိစေနဲ့  

နေရာတိုင်းမှာ ထောင်ချောက်တွေ 

ငွေတွေအားလုံးကို သုံးပြစ်လိုက် 

ပိုက်ဆံနဲ့ ထူးခြားတဲ့စွမ်းရည်တွေကို ဝယ်လို့မရဘူး…” 

 

အနှီ နှလုံးသားအထိ သက်ရောက်စေသော တင်ဆက်မှုတွင် ပရိသတ်များသာမက ပြိုင်ပွဲဝင်များပင် နစ်မြှုပ်စီးမျောမိကြလေသည်။ 

 

ထိုသို့ခံစားနေရသည်မှာ ကျန်အဖွဲ့ဝင်တို့၏ အပိုင်းများပြီးဆုံးသွားသည်အထိဖြစ်သည်။ ပရိသတ်များ နားလည်သွားချိန်တွင် ထို တေးသံသာစားပွဲကြီးမှာ ပြီးဆုံးသွားလေပြီဖြစ်ရာ သူတို့အလွန်ကို မချင့်မရဲ ခံစားလိုက်ကြရသည်။ 

 

အမာခံဖန်များမှာ ပို၍ပင် မကျေမနပ်ဖြစ်ကြသေးသည်။ 

 

[ငါဘာလို့ ဒီနေ့ ယဲ့ဇယ်ရှစ်ရဲ့ သီချင်းစာသားကနည်းနေတယ်လို့ခံစားနေရတာပါလိမ့် သူစာကြောင်း နည်းနည်းပဲ ဆိုသွားတာကို ငါကြားလိုက်ရသလိုပဲ…]

 

[အ‌ပေါ်က တစ်ယောက်တည်းမဟုတ်ဘူး…ငါလည်း အဲ့ဒီလိုခံစားရတယ်…]

 

[ငါ ယဲ့ဇယ်ရှစ်တစ်ယောက်တည်း သီချင်းဆိုတာ ကြားချင်တယ်လို့…]

 

[နောက်တစ်ခေါက်…] 

 

[ကိစ္စမရှိဘူး မကြာခင် တစ်ယောက်ချင်း ရှုံးထွက်ပွဲစဉ်တွေ လာတော့မှာ…ငါတို့ သူ့အသံလေးကိုပြန်ကြားနိုင်သေးတယ်…ဒုတိယပိုင်း ပြီးသွားလို့ရှိရင် မဲပေးတဲ့ အပိုင်းလာလိမ့်မယ်…ညီအစ်မတို့ ယဲ့ဇယ်ရှစ်ကို သေချာပေါက် မဲပေးရမယ်နော်…]

 

[ဒါပေါ့… ဒါပေါ့…ဒါပေါ့ သူကသာ ပထမဖြစ်ရမှာပေါ့ …အကုန်ဖြုတ်ချပစ်…ယဲ့ဇယ်ရှစ် အတွက် မဲပေးနေသမျှ မင်းတို့က ငါ့ညီအစ်မကောင်းတွေပဲ…]

 

………….. 

 

မီးရောင်များလည်း တဖြည်းဖြည်းမှိန်လာသည်။ ယဲ့ဇယ်ရှစ်၏ ဖျော်ဖြေမှုမှာလည်း အဆုံးသတ်သို့ ရောက်လာခဲ့သည်။ စွေ့ယီနှင့် သူ့အဖွဲ့၏ “No Trend,No Money” သီချင်းမှာလည်း ပရိသတ်ရှေ့သို့ နောက်မှ လိုက်ပါထွက်ပေါ်လာသည်။ 

 

အဖွဲ့နှစ်ခု၏ တင်ဆက်မှု ပြီးဆုံးသွားသောအခါ ပြင်းထန်သော မဲပေးပွဲမှာ စတင်လေပြီဖြစ်သည်။ 

 

ရှီးရွှီက pass channelကို တရားဝင်ဖွင့်လှစ်ကြောင်းကြေညာခဲ့သည်။ ပရိသတ်များက ၎င်းတို့နှစ်သက်သည့် ပြိုင်ပွဲဝင်နှစ်ဦးနှင့် အဖွဲ့နှစ်ဖွဲ့မှ အသင်းတစ်သင်းကို မဲပေးရန် ရွေးချယ်ရမည်ဖြစ်သည်။ 

 

“နောက်ဆုံး စက္ကန့် သုံးဆယ် ကျန်ပါသေးတယ် ...အမြန်လုပ်ပြီး မဲပေးကြနော်...” 

 

“တစ်ကနေ ငါးအတွင်း ရေတွက်ပါပြီ...ငါး...လေး...သုံး...နှစ်...တစ်..မဲပေးရမယ့် ချန်နယ်ကို ပိတ်လိုက်ပြီ ဖြစ်ပါတယ်...” 

 

ရှီးရွှီ၏ ကြေညာသံထွက်ပေါ်လာသည်။ ထို့နောက် ယခုအဖွဲ့၏ ရှုံးနိမ့်သူကိုလည်း ကြေညာတော့မည်ဖြစ်သည်။ 

 

ရလာဒ်များ မကြေညာမီ နည်းပြများ၏ မှတ်ချက်ပေးမှု အစီအစဉ်လည်းရှိသေးသည်။ 

 

ချွီရှောင်းက မိုက်ကို ပထမဆုံးကောက်ယူသူဖြစ်ကာ ချက်ချင်း ချီးကျူးလိုက်သည်။ 

“ယဲ့ဇယ်ရှစ်…မင်းဒီနေ့ ပုံစံတော်တော်ကျတာပဲ…” 


ယဲ့ဇယ်ရှစ် မျက်လုံး‌လေးလှိမ့်ကာ အပြုံးလေးဖြင့် မေးလိုက်သည်။  

“နည်းပြချွီ သဘောကျပါရဲ့လား…” 

 

နည်းပြချွီရှောင်း ခဏလောက်စဉ်းစားလိုက်ရသည်။ နောက်မှ ယယ့်ဇယ်ရှစ်မှာ ယခင်က သူမ၏ အကဲဖြတ်မှုအား ဆိုလိုချင်မှန်း သဘောပေါက်သွားသည်။ သူမရယ်လိုက်သည်။

“ဘာလို့လဲ အရင်ကကိစ္စကို အခုထိ မမေ့နိုင်သေးဘူးလား…” 

 

ယဲ့ဇယ်ရှစ် မျက်တောင်‌လေးပုတ်လိုက်ကာ ဘာမှဆက်မပြောတော့ပေ။ 

 

အင်တာနက် အသုံးပြုသူများနှင့် ပရိသတ်များပါ အားရပါးရ ရယ်မိလိုက်ကြသည်။ 

 

ချွီရှောင်း၏ပရိသတ်များပင် စိတ်ကြည်နူးသွားကြရသည်။ 

 

“ဟားဟားဟားဟား ငါအသေရယ်မိပြီ…ဒီ ယဲ့ဇယ်ရှစ်ကတော့…ငါအခု ရှောင်းရှောင်းပုံကို ကိုမြင်လိုက်ရတာ ကြောင်တောင်ကြောင်သွားတယ်….ဟားဟားဟားဟား…” 

 

“သူ တော်တော်လေးဆိုးတာပဲ …သူ ရှောင်းရှောင်းကို စတောင်စလိုက်သေးတယ်…ဒါပေမယ့် ဘာဆက်ဖြစ်မလဲ ငါသိချင်သေးတယ်…ဟားဟားဟားဟား…” 

 

“ဟားဟားဟား ငါလေ ရှောင်းရှောင်းက ယဲ့ဇယ်ရှစ်ကို အရမ်းသဘောကျတာ မြင်နေရတယ်…ဒါပေမယ့် သူကအတော်ပိန်တာလား…ရှောင်းရှောင်းရေ ကျေးဇူးပြုပြီး ပိုပြီးစည်းကမ်းတင်းကျပ်ပေးပါလို့…” 

 

ရယ်ပွဲကျပြီးနောက် နည်းပြများက ဆက်လက်၍ သူတို့၏အမြင်များအား ပြောလာကြသည်။ 

 

ပွဲကြည့်ပရိသတ်များ၏ တုံ့ပြန်မှုအရ သာမက သီချင်းပိုင်းဆိုင်ရာ ကျွမ်းကျင်မှုတွင်လည်း ယဲ့ဇယ်ရှစ်၏ အဖွဲ့မှာ သံသယရှိစရာမလိုဘဲ အနိုင်ရလေသည်။ နောက်ဆုံး၌ အဖွဲ့လိုက်ပွဲစဉ်တွင် သူတို့လွတ်လွတ်ကျွတ်ကျွတ် အနိုင်ရလေသည်။


အားပေးသံများနှင့် လက်ခုပ်သံများ ထပ်မံ‌ထွက်ပေါ်လာသည်။ 

 

စွေ့ယီ၏အဖွဲ့မှာ ဤသို့ဖြစ်သွားသည်ကို မအံ့ဩကြသော်လည်း စိတ်ပျက်သွားမှုကို မဖုံးကွယ်နိုင်ကြပေ။ 

 

ကျရှုံးသွားသောအဖွဲ့က အလိုအလျောက် ရှုံးနိမ့်သူအဖွဲ့ ဖြစ်လာမည်ဖြစ်ပြီး လာမည့် ဖြုတ်ချခံရမည့် လင့်ခ်ကိုစောင့်ရမည်ဖြစ်သည်။ 

 

စွေ့ယီအဖွဲ့က အသင်းသားများ ထွက်သွားပြီးနောက် ယဲ့ဇယ်ရှစ် အဖွဲ့မှ ထိပ်ဆုံး‌ပြိုင်ပွဲဝင် လေးယောက်အား ရှီးရွှီမှ ကြေညာလေသည်။ 

 

အဆင့်များကို သူ မကြေညာမီ ယုယန် အလွန်စိတ်လှုပ်ရှားနေပြီး နဖူးတွင် ချွေးများပင်သီးလာသည်။ လက်များကို ဘေးဖက်တွင်ချထားပြီး လက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်ထားမိသည်။ 

 

ကျန်းရန်ကမူ နှုတ်ခမ်းများအား စေ့စေ့ပိတ်ထားလျက် သူ့ဘေးရှိ ရှီးရွှီအား မျက်တောင်မခတ်စတမ်း စိုက်ကြည့်နေလေသည်။ 

 

ယဲ့ဇယ်ရှစ် တစ်ယောက်သာ အဖွဲ့ထဲတွင် စိတ်အငြိမ်ဆုံးတစ်ယောက်ဖြစ်လေသည်။ ပရိသတ်အတွင်းရှိ သူ့ဖန်များကိုပင် အေးအေးဆေးဆေး လက်ပြနှုတ်ဆက်လိုက်သေးသည်။ 

 

အချိန်ကြာလာသည်နှင့်အမျှ ပရိသတ်များ၏ အော်ဟစ်သံများကို ပိုကြားလာရသည်။ 

 

တိုက်ရိုက်ထုတ်လွှင့်မှုအခန်းရှိ အကင်းပါးသော ပရိသတ်များမှာ ဤအဖြစ်အပျက်အား သတိပြုမိလိုက်သည်။ 

 

“ယဲ့ဇယ်ရှစ် သူက သူ့ပရိသတ်တွေကို နှုတ်ဆက်ဖို့ အားရှိသေးတယ် ငါကဖြင့် စိတ်လှုပ်ရှားလွန်းလို့ သေတော့မယ်…” 

 

“ဟားဟားဟား…ယဲ့ဇယ်ရှစ် စိတ်အခြေအနေကောင်းနေတာနေမှာ ကိစ္စမရှိဘူး …သူ့မှာ ယုံကြည်ချက်အပြည့်ရှိတယ်…ငါတို့သူ့ကို ယုံရမယ်…” 

 

ရှီးရွှီမှာ ပရိသတ်များကို စောင့်ဆိုင်းခိုင်းရန် ရည်ရွယ်ချက်မရှိပေ။ သူက ဤအဖွဲ့ရှိ ထိပ်ဆုံးပြိုင်ပွဲဝင်လေးယောက်ကို အမြန်ကြေညာလိုက်သည်။ 

 

နံပါတ်(၁)- ယဲ့ဇယ်ရှစ် ၊ နံပါတ်(၂)မှာ ကျန်းရန် ဖြစ်ပြီး ယုယန်မှာ နံပါတ် (၃) ဖြစ်သည်။ 

 

ယဲ့ဇယ်ရှစ် ယခုအခါတွင် အနည်းငယ်အာရုံပြန်စိုက်လိုက်သည်။ ‌သူခေါင်းလှည့်ကြည့်သောအခါ ယုယန်မှာ သူ့ဘေးတွင် သိသိသာသာကို စိတ်သက်သာရာရနေပုံ‌ ပေါ်သည်။ ယုယန် စိတ်ဒုံးဒုံးမချရသေးမီမှာပင် ရှီးရွှီ ဆက်ပြောသည့် စကားများကြောင့် သူ့အား‌ တစ်ဖန်အတွေးများသွားစေသည်။ 

 

“အနိုင်ရတဲ့အဖွဲ့ ရှုံးထွက် စည်းမျဉ်း...နံပါတ် (၁) နဲ့ နံပါတ်(၃) ၊ နံပါတ်(၂) နဲ့ နံပါတ်(၄) စတဲ့ အဖွဲ့ထဲက ထိပ်ဆုံးလေးယောက် ပြိုင်ပွဲဝင်တွေကို ရှေ့ဆက်တက်ဖို့ မဲပေးကြရမှာဖြစ်ပါတယ်…”

 

အဖွဲ့အစီအစဉ်ကို ကြားပြီးနောက် ယုယန်၏မျက်နှာမှာ ဖြူလျော်သွားသည်။ 

 

သူ့မျက်နှာပေါ်ရှိ မိတ်ကပ်ကြောင့်သာ မဟုတ်လျှင် ယုယန်မှာ မေ့လဲသွားတော့မည်ဟုပင် ပရိသတ်များ ထင်သွားနိုင်သည်ကို ယဲ့ဇယ်ရှစ် သေချာ‌လေသည်။ 

 

ကျော်ကြားသူသာလျှင် ရှင်သန်မည်။ ဤသည်မှာ ပြိုင်ပွဲ၏ ရက်စက်သော အမှန်တရားတစ်ခုပင်ဖြစ်သည်။ 

 

'စည်းမျဉ်းတွေက သေဆုံးကုန်ပြီ ဒါပေမယ့် လူတွေကတော့ ရှင်သန်နေတုန်းပဲ...'

ယဲ့ဇယ်ရှစ် မျက်မှောင်ကြုတ်မိသည်။ 

 

ရှီးရွှီက ပရိသတ်များအား ပြိုင်ပွဲစနစ်အကြောင်းအား ထပ်မံရှင်းပြနေလေသည်။ ပြိုင်ပွဲအား ဆက်လက်ကျင်းပတော့မည်ဟု ပြောခါနီးတွင် ယဲ့ဇယ်ရှစ်က ရုတ်တရက်ပြောလိုက်သည်။ 

 

” အဆင်ပြေရင် မေးခွန်းတစ်ခုလောက်မေးလို့ ရမလား…” 

 

ရှီးရွှီက ယဲ့ဇယ်ရှစ်ကို ကြည့်ကာ ခေါင်းညိတ်လိုက်သည်။

“ရတာပေါ့…” 

 

ယဲ့ဇယ်ရှစ် ပြုံးလိုက်ကာ ကျေးဇူးတင်ကြောင်း ပြောပြီး မေးလိုက်လေသည်။ 

“ကျွန်တော် သိချင်တာက ဒီထုတ်ပယ်ဖို့ ‌မဲပေးတဲ့အချိန်မှာ ပြိုင်ပွဲဝင်တစ်ယောက်က မဲမပေးဘဲ နေခဲ့မယ်ဆိုရင် ဘယ်လိုဖြစ်မလဲ သိချင်ပါတယ်…” 

 

ရှီးရွှီ မှာ ယဲ့ဇယ်ရှစ် မေးခွန်းကြောင့် အနည်းငယ် ရှုပ်ထွေးသွားရသည်။ သို့သော် သူအဖြေပေးဆဲပင်ဖြစ်သည်။  

 

“အဲ့ဒီလို ဖြစ်ခဲ့ရင် စည်းမျဉ်းတွေအရ သူနဲ့ယှဥ်ပြိုင်သူက အလိုအလျောက် ထိပ်ဆုံး 25 ‌‌ ယောက်ထဲကို ဝင်ရောက်သွားမှာပါ…” 

 

 á€›á€žá€Žá€¸á€›á€˝á€žá€Žá€€ ပြောပြီးပြီးချင်းပင် ပြုံးလိုက်သည်။

“ငါတော့ ဘယ်သူကမှ လက်လျှော့လိမ့်မယ် လို့ မထင်…” 

 

နောက်တစ်စက္ကန့်မှာပင် ယဲ့ဇယ်ရှစ် ပြုံးကာ ‌စကားဖြတ်ပြောလိုက်သည်။ 

 

“ဒါဆို ကောင်းပြီ…ကျွန်တော် မဲမပေးဘဲနေမယ်…” 

 

“ဘာကြီး...”

ရှီးရွှီ၏အပြုံးတို့ တောင့်ခဲ့သွားသည်။ 

 

မှတ်ချက်စာမျက်နှာတွင်လည်း မေးခွန်းသင်္ကေတများ ပြည့်နှက်သွားသည်။ 

 

[ဘာတွေဖြစ်ကုန်တာလဲ...]

 

ပွဲအတွင်းရှိ ပရိသတ်များလည်း ကြောင်အကုန်ကြသည်။ 

 

“ဘာတွေဘယ်လို ဖြစ်ကုန်တာလဲ…ဘာဖြစ်လို့ ရုတ်တရက်ကြီး မဲမပေးဘူး ပြောရတာလဲ…” 

 

နည်းပြတစ်ယောက်အနေဖြင့် ဟယ့်ကျင်းယွင်မှာ ပထမဆုံး တုံ့ပြန်သူဖြစ်သည်။ 

 

“ငါ ကြားလိုက်တာ မှန်ရဲ့လားဆိုတာ‌ သေချာအတည်ပြုပါရစေ...ယဲ့ဇယ်ရှစ် မင်းအခုပဲ မဲမပေးဘူးလို့ သေချာပြောလိုက်တာလား…” 

 

ယဲ့ဇယ်ရှစ် ခေါင်းညိတ်လိုက်သည်။ သူ့အပြုအမူများမှာ အလွန်စိတ်အေးလက်အေးရှိလှသည်။ သို့သော် သူ‌ပြောလိုက်သည့်စကားများမှာမူ အားလုံးအား မယုံနိုင်ဖွယ် ဖြစ်စေသည်။ 

 

“ကျွန်တော် ဒီ တစ်ဦးချင်းပြိုင်ပွဲမှာ အရှုံးပေးပြီး ယုယန်ကို အဆင့်တက်စေချင်တယ်လို့ ဆုံးဖြတ်ပြီးသွားပါပြီ…”


“ဘာဖြစ်လို့လဲ…”

ရှီးရွှီ မေးချင်စိတ်အား မထိန်းထားနိုင်တော့ချေ။ သူ အံ့ဩလွန်းသောကြောင့် ပါးစပ်ပိတ်ထားရန်ပင် မေ့နေခဲ့ကာ ယဲ့ဇယ်ရှစ်အား ပဟေဠိဖြစ်စွာ ကြည့်နေမိသည်။ 

 

ယဲ့ဇယ်ရှစ်၏ဘေးမှ ယုယန်မှာ ပို၍ပင် မယုံနိုင်ဖွယ် ခံစားနေရသည်။ 

'ငါ အိပ်မက်မက်နေတာများလား…ဘာဖြစ်လို့ ယဲ့ဇယ်ရှစ်က အဆင့်တက်ဖို့ လက်လျှော့လိုက်တာလဲ …မင်းကိုယ်မင်း အဆင့်အောက်ဆင်းဖို့ ဘာလို့လုပ်ရတာလဲ …ဘာဖြစ်လို့လဲ…' 

 

သူသေချာကြားလိုက်ရသည်ကအမှန်လားဆိုသည်ကို ကျန်းရန်က ပိုပြီး မေးချင်သေးသည်။ 

'ယဲ့ဇယ်ရှစ်က စေတနာ့ရှင်ကြီးလုပ်ပြီး အဆင့်တက်ဖို့ လက်‌လျှော့လိုက်တယ်တဲ့လား…' 

 

ထိုသို့ မမျှော်လင့်ထားသည့် မတော်တဆရှိလာသော်လည်း ကံကောင်းစွာဖြင့် ဟယ့်ကျင်းယွင်က လျင်မြန်စွာတုံ့ပြန်လိုက်နိုင်ပြီး ပြောလိုက်သည်။ 

“ယဲ့ဇယ်ရှစ် မဲမပေးဖို့ မင်းဆုံးဖြတ်ပြီးရင် မင်းပြန်ပြောင်းလို့ မရတော့ဘူးနော် ‌သေချာစဉ်းစားပြီးပြီလား…” 

 

“သေချာစဉ်းစားပြီးပါပြီ…”


ယဲ့ဇယ်ရှစ် ပြုံးကာ ပြောလိုက်သည်။ 


ပြိုင်ပွဲနေရာတစ်ခုလုံး တိတ်ဆိတ်သွားသည်။ 

 

တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်ရှုနေကြသော ပရိသတ်များမှာ ပွဲအတွင်း ပရိသတ်များကြားမှ တီးတိုးပြောသံကိုပင် ကြားနိုင်လေသည်။ 

 

“ဘာဖြစ်လို့…ဘာဖြစ်လို့…ယဲ့ဇယ်ရှစ်က မဲပေးဖို့ ငြင်းခဲ့တာလဲ…” 

 

ထိုအချိန်တွင် ယဲ့ဇယ်ရှစ်၏ ဖန်များလည်း တုန့်ပြန်လာသည်။ 

 

”မဲပေးဖို့ နှုတ်ထွက်တယ်…” 

 

“ဘယ်လိုအခြေ‌အနေကြီးတုန်းဟ…” 

 

“မဖြစ်နိုင်တာ…ယဲ့ဇယ်ရှစ်က မကြာခင် အဆင့်တက်တော့မှာ မဟုတ်ဘူးလား…ဘာဖြစ်လို့လဲ...” 

 

“ငါ လုံးဝကိုနားလည်မပေးနိုင်တော့ဘူး…အခုအချိန်က အဆင့်တက်တာက ပိုကောင်းတယ်မဟုတ်ဘူးလား….ဒါမှမဟုတ် ယဲ့ဇယ်ရှစ်က တကယ်ကြီး အဆင့်မတက်ချင်နေတာလား…” 

 

“ငါတော်တော်ဆိုးတာကြီးကို ခန့်မှန်းမိသွားတယ်…ဖြစ်နိုင်တာ ယဲ့ဇယ်ရှစ်က ပြိုင်ပွဲမှာဆက်ပြိုင်ရမှာ ပင်ပန်းလွန်းလို့ အိမ်ပြန်ချင်သွားပြီး မိသားစုအမွေဆက်ခံတော့မှာတော့ မဟုတ်ဘူးမလား…” 

 

“အပေါ်ထပ်ကသူရေ…စကားကိုပြန်ရုတ်သိမ်းလိုက်ပါနော်…” 

 

“ဝူး…ဝူး…ဝူး….အခုတင်ဆက်နေတာ အကောင်းကြီးကို ဘာဖြစ်လို့ အိမ်ပြန်ပြီး အမွေဆက်ခံချင်နေတာလဲလို့…” 

 

အင်တာနက်ပေါ်တွင် ဆွေးနွေးမှုများမှာ ပို၍ပင် များပြားလာသည်။ ဖန်များလည်း ပို၍စဉ်းစားရကြပ်လာကြသည်။ 

 

ယဲ့ဇယ်ရှစ်က သူ့အခွင့်အရေးကို လက်လျှော့ရန် ငြင်းဆန်ခဲ့သောကြောင့် အဆင့်တက်ရန်နေရာက အလိုလိုပင် ယုယန်အတွက်ဖြစ်သွားလေသည်။ 

 

ယုယန်က အဆင့်တက်သူများနေရာမှာရှိသည့်ခုံတွင် မထိုင်မီအထိ လမ်းပျောက်နေခဲ့သည်။ 

 

ထန်ကျင့်က သူ့ဘေးတွင် ထိုင်ဖြစ်သွားသည်။ ယုယန် သိချင်စိတ်ဖြင့် ထန်ကျင့်အားမေးလိုက်သည်။ 

 

“ ထန်ကျင့် ယဲ့ဇယ်ရှစ်မှာ ဘာတွေဖြစ်နေတာလဲ မင်းသိလား…သူ ဘာဖြစ်လို့ ငါ့ကို အဆင့်တက်ဖို့ အခွင့်အရေးပေးရတာလဲ…” 

 

ထန်ကျင့်၏ အမူအရာများမှာလည်း အခြားသူများနည်းတူ ရှုပ်ထွေးနေခဲ့သည်။ သူ ခေါင်းခါလိုက်သော်လည်း အမှန်ကို မသိချေ။ 

 

ယုယန်၏မျက်နှာ ရုတ်တရက် ဖြူဖျော့သွားကာ ကြောက်လန့်တကြားဖြစ်သွားသည်။ 

“သူ…သူ…သူ ငါ့ကို သဘောကျနေတာတော့ မဟုတ်ဘူးမလား …ငါကယောကျာ်းတွေ မကြိုက်ဘူးလို့…” 

 

ထန်ကျင့် “………” 

 

ထန်ကျင့် စကားပြန်ပြောဖို့ရာ ခက်ခက်ခဲခဲ အချိန်ယူလိုက်ရသည်။ 

“မင်း အတွေးလွန်နေပြီ…” 

 

ထိုသို့ဆိုသော်ငြား ယုယန်တစ်ယောက် စိုးရိမ်နေဆဲဖြစ်သည်။ 

 

ထိုသို့စိုးရိမ်နေသည်မှာ ယဲ့ဇယ်ရှစ်တစ်ယောက် ရှုံးထွက်ပွဲစဉ်ဖြစ်သည့် အရှုံးသမားတို့၏စင်တွင် အနိုင်ရသွားခဲ့ချိန်မှ သူ၏သံသယများလည်း ရှင်းလင်းသွားခဲ့လေသည်။



🎶🎶🎶