Chapter 19
Viewers 1k

🎶 Chapter 19



ညနေခင်း ခုနှစ်နာရီတွင် ကောင်းရှူ၏ အလုပ်ရှုပ်သော တစ်နေ့တာမှာ ပြီးဆုံးသွားလေပြီဖြစ်သည်။


လေးရက်အတွင်းမှာပင် ကောင်းရှူ သူ၏ အံ့အားသင့်ဖွယ် စွမ်းရည်တို့ကိုအသုံးချကာ ပရော်ဖက်ရှင်နယ် အကျိုးဆောင်အဖွဲ့ တစ်ဖွဲ့အား ဖွဲ့စည်းလိုက်နိုင်လေသည်။ ယနေ့တွင် သူ၏အဖွဲ့အသစ်နှင့် ရုံးအသစ်သို့ ပြောင်းရွှေ့ခဲ့လေသည်။


တစ်နေ့တာကုန်ဆုံးသွားသောအခါ ဝန်ထမ်းများမှာလည်း တစ်ယောက်နှင့်တစ်ယောက် အသိအကျွမ်းဖြစ်သွားကြကာ သူတို့ရှေ့ဆက်လုပ်ဆောင်ရမည့် လုပ်ငန်းဆောင်တာများကိုလည်း နားလည်သွားခဲ့ကြလေသည်။


အလုပ်ဆင်းရမည့်အချိန် ရောက်သောအခါ ကောင်းရှူမှာ လူထုဆက်ဆံရေး လုပ်ငန်းစဥ်များကို အဆုံးသတ်နေချိန် ဖြစ်လေသည်။ ယဲ့ဇယ်ရှစ်၏ နောက်ဆုံး ရေပန်းစားထားသော ခေါင်းစီးအားရှာလိုက်သောအခါ ဤကဲ့သို့တွေ့လေသည်။

(ထန်ကျင့်က ယဲ့ဇယ်ရှစ်ကို C နေရာအတွက် တိုက်ခိုက်ချင်နေတယ်...)


များစွာသော စျေးကွက်မြှင့်တင်ရေးအကောင့်တို့မှာ ထိုသတင်းအား အလျင်အမြန် ဖြန့်ဝေလိုက်ကြသည်။

နှစ်ဖက်စလုံးမှ ပရိသတ်တို့ကလည်း မှတ်ချက်ကဏ္ဍအောက်တွင် ပွက်လောရိုက်နေကြသည်။


ကောင်းရှူမျက်မှောင်ကြုတ်လိုက်ကာ ထိုခေါင်းစီးအား ဝင်ကြည့်လိုက်သည်။


နှစ်မိနစ်ကြာသောအခါ ကောင်းရှူ ဇာတ်လမ်းတစ်ခုလုံးအား နားလည်လိုက်လေသည်။


ကောင်းရှူ တစ်စက္ကန့်မျှ ရင်တုန်သွားလေသည်။ 

"ပြိုင်ဖက်" "ရည်းစားဟောင်း" "ရန်သူဟောင်း" စသည့် စကားလုံးများမှာ အဓိကပစ်မှတ် ဖြစ်လေသည်။ ဤခေါင်းစဉ်များမှာ လုပ်ကြံဖန်တီးထားသည်ဟု သူ၏ စူးရှသော အလိုလိုသိစိတ်က ပြောလာလေသည်။


မကြာသေးမီက ကောင်းရှူ ယဲ့ဇယ်ရှစ်အား အလွန်ပင် ပြည့်စုံလှသော စီးပွားရေးသုံးသပ်ချက် တစ်ခုပေးခဲ့လေသည်။ သူ့သခင်လေးမှာ လက်ရှိတွင် အလွန်အခြေအနေ ကောင်းနေလေသည်။ ထို့ကြောင့် ဤအရှိန်ကို ထိန်းထားနိုင်ရန်အတွက် ဆက်လက်ထိုးဖောက်နေရန်လို‌လေသည်။ သူ၏အနာဂတ်ကြယ်ပွင့်လမ်းကြောင်းမှာ ပို၍ပင် ကြီးကျယ်လာပေမည် ဖြစ်သည်။


သို့သော် လျစ်လျူရှု၍မရနိုင်သည့် ပြဿနာတစ်ခုမှာ ရှိနေသေးလေသည်။ ထိုသည်မှာ ထန်ကျင့် ဖြစ်‌သည်။ 


ယခင်က ဖြစ်ပျက်ခဲ့သည်များမှာ အစွန်းအထင်းမရှိခဲ့ပေ။ သို့သော်ဤသည်ကို ခုတုံးလုပ်၍ အရှုပ်အထွေးများဖြစ်ရန် ကြံနေကြသူများမှာ ဒုနှင့်ဒေး ဖြစ်လေသည်။ ဤကိစ္စအား ယခုကတည်းက သေချာမဖြေရှင်းထားလျှင် နောင်အနာဂတ်တွင် ပြဿနာများ ဆက်တိုက် ဖြစ်လာနိုင်လေသည်။ 


ယခု သူ၏ရှေ့တွင်ရှိသော cp ဖန်များကို ကောင်းရှူ သေချာပေါက် ကောင်းကောင်းကြီး အသုံးချမည်ဖြစ်သည်။ 


ထိုသို့မလုပ်မီ ထန်ကျင့်၏ အေးဂျင့်ထံသို့ ဦးစွာဖုန်းခေါ်လိုက်သည်။


ငါးမိနစ်ကြာသောအခါ ကောင်းရှူနှင့် တစ်ဖက်လူမှာ သဘောတူညီမှု ရရှိခဲ့လေသည်။ သူဖုန်းကိုချလိုက်ကာ အလုပ်ဆင်းရန် ပြင်နေသော ဝန်ထမ်းအသစ်လေးများအား ကြည့်လိုက်သည်။ ထို့နောက် ပြုံးကာ အလွန်စိတ်မချမ်းမသာဖြစ်ဖွယ်ရာ သတင်းအား ပြောလိုက်သည်။

"အားလုံးကို အချိန်ပိုဆင်းဖို့ ဒုက္ခပေးရဦးမယ်..."


ထိုည၈နာရီတွင် လူသိများသောအနုပညာသတင်း ဖိုရမ်တစ်ခုပေါ်တွင် အမည်မသိအကောင့်မှ ပေးပို့လာသော မေးခွန်းသင်္ကေတများစွာဖြင့် ပို့စ်တစ်ခု ပေါ်ပေါက်လာလေသည်။


"ရန်သူ? ...ဟုတ်လား?... ရည်းစားဟောင်း? ... အတိတ်?...တရားဝင်Weiboက အချိုကျွေးနေတာလား?...ဓားတွေ‌ ပေးနေတာလား?..."


ထို့အပြင် ပင်မစာမျက်နှာပေါ်တွင်လည်း ဤကဲ့သို့ခေါင်းစဥ်များ ပေါ်ထွက်လာလေသည်။ 


( cp ဖန်များ ပွဲခံ ၊ only ဖန်များ ရင်ခံ...


သန်မာတဲ့တွဲဖက်လား ၊ ရန်သူဟောင်းတွေရဲ့တိုက်ပွဲလား...


ကံကြမ္မာအရ ထိပ်တိုက်တွေ့ဆုံမှုလား ၊ ကံကြမ္မာအရ တွဲဖက်ဖြစ်ဖို့လား...


အဲဒါကြောင့် သောကြာနေ့ညမှာပြုလုပ်မယ့် "Time Idol " ရဲ့သုံးပွဲ‌မြောက် ပြိုင်ပွဲကို စောင့်မျှော် ကြည့်လိုက်ကြနော်...)


[ဟားဟားဟားဟား... ဒါ ထန်ကျင့်နဲ့ ယဲ့ဇယ်ရှစ်ကို ပြောတာသေချာတယ်...]


[သူတို့နှစ်ယောက်က တကယ်ကြီးအသင်းဖော်တွေ ဖြစ်လာကြမှာလား...]


[တရားဝင်ကြေညာချက်လည်း ထွက်လာပြီဆိုတော့ သတင်းအမှားတော့ မဖြစ်နိုင်ဘူး...]


[ဒါက ဖိအားပေးခံရလို့ အဖွဲ့ဖွဲ့ရတာလား ပရိုဂရမ် အဖွဲ့ကပဲ တမင်သက်သက် စီစဉ်တာလားဆိုတာ ငါလည်း တကယ်မသိတော့ဘူး...]


[ရည်းစားဟောင်းဆိုတဲ့ စကားကဘယ်ကနေ ရောက်လာတာလဲ...အဲ့ဒီလို ထင်ယောင်ထင်မှား ဖြစ်စေတဲ့ခေါင်းစဉ်တွေကို ကျေးဇူးပြုပြီးမတင်ပါနဲ့ ...ယဲ့ဇယ်ရှစ် အငြင်းခံလိုက်ရတာရှင်းနေတာပဲကို...ငါတော့ ထန်ထန်ကို ငါနဲ့အတူ အဝေးကိုခေါ်သွားပြီ...]


[စိတ်လျော့စမ်းပါ သကြားခဲလေးရေ အဲဒါနောက်နေကြတာပါ...]


[ဒါနဲ့စကားမစပ် ယဲ့ဇယ်ရှစ်နဲ့ ထန်ကျင့်တို့မှာ တကယ်ကြီး CP ဖန်ရှိနေတာလားဟ...]


[ဒီအတိုင်း ဖြတ်သွားဖြတ်လာတစ်ယောက်ပါ ဒါပေမဲ့ သူတို့နှစ်ယောက်က တကယ်လိုက်တာနော်...]


ချက်ချင်းဆိုသလိုပင် ထန်ကျင့်နှင့် ယဲ့ဇယ်ရှစ်တို့ နှစ်ယောက်သား တစ်ယောက်ကိုတစ်ယောက် ကြည့်ကာ ပြုံးနေသည့် gif မှာ ပြန်အတင်ခံလိုက်ရသည်။


စင်မြင့်ပေါ်ရှိ မီးရောင်များမှာ အလွန် လင်းလက်တောက်ပနေလေသည်။ ထို့အပြင် ယဲ့ဇယ်ရှစ်၏မျက်လုံးများမှာ ကြယ်ပွင့်လေးများကဲ့သို့ပင်။ သူ၏ ထိုမျက်လုံးများဖြင့် ထန်ကျင့်အား နူးညံ့စွာ ကြည့်နေခဲ့လေသည်။


ထန်ကျင့်မှာ ယဲ့ဇယ်ရှစ် ငေးကြည့်နေသည်ကို သတိပြုမိသောကြောင့်ထင်သည်။ သူ အမြန်ပင် လှည့်ကြည့်လာကာ နှစ်ယောက်သား အကြည့်ချင်းစုံသွားကြပြီး ပြုံးလိုက်ကြသည်။


ထိုအပြုံးမှာ လျှပ်လက်သကဲ့သို့ မြန်သော်ငြား အားလုံးအား အံ့အားသင့်သွားစေရန် လုံလောက်လေသည်။


ထို gif အား ပထမဦးဆုံး မြင်ဖူးသောအင်တာနက်အသုံးပြုသူများမှာ မနေနိုင်ဘဲ အော်ဟစ်မိကြတော့သည်။


[သေစမ်း...ဒီလူနှစ်ယောက်လုံးက တော်တော် ကြည့်ကောင်းတာပဲ...]


[ဟေး...ယဲ့ဇယ်ရှစ် အသားအရေကတော်တော်ကောင်းတာပဲ...ငါကြည့်လိုက်တိုင်း မနာလိုဖြစ်မိတယ်...]


[ဒါကအချစ်မဟုတ်ဘူး...ဒါကအချစ်မဟုတ်ဘူးလို့...]


[သူတို့ ငါ့ကို ချစ်မချစ်တော့ မသိဘူး...ငါကတော့ သူတို့ကို ချစ်တယ်...]


[ဒါပေမဲ့ ငါပြောရဦးမယ်...ပြိုင်ဖက်တစ်ဖြစ်လဲ အဖွဲ့သား ...ဒီတွဲဖက်ပုံက တော်တော်ထိမိတာပဲ...]


ထိုပို့စ်များ၏ ဆွေးနွေးမှုများမှာ တဖြည်းဖြည်း မြင့်သည်ထက် မြင့်တက်လာလေသည်။ ဖြတ်သွားဖြတ်လာများမှာ ထိုမှတ်ချက်တို့ကို ကြည့်ပြီး‌ ပျော်နေကြကာ ကိစ္စကြီး မဟုတ်ဟု ထင်ကြလေသည်။ ထို့အပြင် သူတို့မှာနှစ်ဖက်လုံးမှ ဖန်များ၏ ပွဲများကိုကြည့်ရန် စောင့်နေကြလေသည်။ သို့သော် အကြောင်းတစ်ခုခုကြောင့် သူတို့စောင့်မျှော်နေသော ပွဲများမှာထွက်ပေါ်လာခြင်းမရှိခဲ့ပေ။ 


တစ်ခါတစ်ရံ ပြဿနာတက်စေနိုင်သည့် မှတ်ချက်များနှင့် ရန်စသည့်မှတ်ချက်များ ထွက်ပေါ်လာတတ်သော်လည်း မကြာမီမှာပင် ထိုမှတ်ချက်များအောက်တွင် တစ်စုံတစ်ယောက် ရောက်လာကာ ဖျန်ဖြေသွားလေသည်။ 


ည ၁၀နာရီတွင် "အနိုင်ရသူအပေါ်မှာ စာအိတ်နီလေးများ လောင်းကြေးထပ်ခြင်း" ဟူသည့် အလောင်းအစားဂိမ်းတစ်ခု၏ ပို့စ်ပင်ပေါ်ထွက်လာလေသည်။


ထိုကစားပွဲမှာ လူတိုင်း၏ အာရုံအားအလျင်အမြန် ဆွဲဆောင်လိုက်နိုင်ကာပရိသတ်များနှင့် ဖြတ်သွားဖြစ်လာများပါ ဝင်ရောက် ပါဝင်လာကြတော့သည်။


အင်တာနက်အသုံးပြုသူများ ပိုမိုပါဝင်လာကြသည်သာမက နှစ်ဖက်လုံးမှ only ဖန်များပင် ပါဝင်လာကြလေသည်။ CPဖန်များမှာ ပို၍ပင် ကြိုဆိုခံရလေသည်။


စျေးကွက်မြှင့်တင်ရေးအကောင့်များ မျှော်လင့်နေသော ပရိသတ်နှစ်ဖက်၏ ဆွဲဖြဲသည့်ပွဲများမှာ ထွက်ပေါ်လာခြင်းမရှိခဲ့ပေ။ 


သူတို့တွေ ဒီလိုမျိုး လိုက်ဖက်ညီနေတဲ့ only ဖန်တွေနဲ့ CP ဖန်တွေကို မလိုအပ်ဘူးလို့...


နောက်တစ်နေ့တွင် ဤပျော်စရာ လေထုအခြေအနေကြီးမှာ ပို၍ပင် စည်ကားလာခဲ့သေးသည်။ 


Weiboရှိ ယဲ့ဇယ်ရှစ်၏ ပရိသတ်စကားပြောခန်းနှင့် ထန်ကျင့်၏ ပရိသတ်စကားပြောခန်းတို့တွင် ဤသို့ ဖြစ်လေသည်။


[ဒီနေ့က ကံကြမ္မာငင်တဲ့ အသေအကြေချတဲ့နေ့ပဲ ... ဒါကိုWeiboမှာ ပြန်မျှ‌ဝေလိုက် ...ကံကောင်းတဲ့ပရိသတ်ရှစ်ယောက်ကို ပြိုင်ပွဲအပြီးမှာ ၆၆၆ စာအိတ်အနီကို မဲနှိုက်ရွေးချယ်ပေးသွားမှာဖြစ်ပါတယ်...ယောက်ျားလေးပရိသတ်တွေရော မိန်းကလေးပရိသတ်‌တွေပါ အဆင်ပြေတယ်...]


[ဒီည ရှုံးထွက်ပွဲစဥ်မှာ ထန်ထန်နိုင်ခဲ့ရင် ငါ 88ယွမ် စာအိတ်အနီ ခြောက်အိတ်ကို ကံကောင်းတဲ့ ပရိသတ်ခြောက်ယောက်ဆီကိုပေးမယ်...မှတ်ချက်သာရေးခဲ့လိုက်...]


အသစ်စက်စက် တည်‌ထောင်ထားသော ရှိီးထန်cp စကားပြောခန်းမှာပင် ထိုကဲ့သို့ ကံစမ်းမဲများကို လုပ်လာကြသော ဖန်များပင် ရှိလာသည်။


[Chanel နှုတ်ခမ်းနီ အစုံလိုက်...မင်းပို့စ်ကို ပြန်တင်ရင် ကံစမ်းမဲ တစ်စောင်ရမယ်...မင်းပြန်တင်ရင် မင်းအပိုင်ရမယ်... ဘယ်သူနိုင်နိုင် ပြိုင်ပွဲ ပြီးသွားတာနဲ့ ဒီကံစမ်းမဲကိုရွေးပေးမယ်... only ဖန်တွေကိုလည်း ကြိုဆိုပါတယ်...ငါတို့ cp ဖန်တွေက ခွဲခြားခွဲခြား မလုပ်တတ်ပါဘူး...]


ဤသည်မှာ ရှင်းလင်းစွာပင် စီးချင်းထိုးပွဲဖြစ်လေသည်။ သို့သော်လည်း ပရိသတ်များကြား ကံစမ်းမဲရွေးပွဲ အဖြစ် ပြောင်းလဲသွားလေသည်။


ဤကဲ့သို့ အားပေးသည့်ပုံစံမှာ ပြိုင်ပွဲစင်မြင့်ရှိရာသို့ပင် ကြေညာစာတမ်းများနှင့်တကွ ရောက်ရှိလာလေတော့သည်။


CP ဖန်များမှာ ဆယ်မီတာကျော်သည့် ခေါင်းစီးစာတမ်းကြီးများကို ယူချလာကာ ထိုအပေါ်တွင်လည်း စာလုံးကြီးများဖြင့် "ရှီးထန် သို့မဟုတ် မင်္ဂလာသကြားလုံးလေး ဒီနေ့ည တွေ့မယ် " ဟူ၍ပင် ရေးထားလေသည်။


စင်အနောက်ဖက်တွင်ဖြစ်သည်။ 


ထန်ကျင့်မှာ ပရိသတ်တို့၏ စကားပြောခန်းထဲမှ ရှုပ်ထွေးသော ဖော်ပြချက်တို့ဖြင့် ကံစမ်းမဲပို့စ်များအား ကြည့်နေလေသည်။


သူ ယမန်နေ့ညက တစ်ညလုံး လေ့ကျင့်နေခဲ့သည်။ သူ၏ အေးဂျင့်မှ ယနေ့နံနက်တွင် ဖုန်းဆက်ပြောကာမှ သူဤအကြောင်းကို သိရလေသည်။


ယဲ့ဇယ်ရှစ်၏ အေးဂျင့်မှာ အလွန်အလုပ်လုပ်နိုင်စွမ်း ရှိသည်ကို သူဝန်ခံရပေလိမ့်မည်။


ပရိုဂရမ်အဖွဲ့မှာ ခေါင်းစဉ်တစ်ခု ရရန် တမင်သက်သက်ပင် သူပြောခဲ့သော "ယဲ့ဇယ်ရှစ်... ဒီတစ်ခေါက် C နေရာအတွက် မင်းနဲ့ပြိုင်ချင်တယ်..." ဟူသည့် စကားကို ဗီဒီယိုအဆုံးတွင် ထည့်ခဲ့လေသည်။ 


ကောင်းရှူက သူ၏လုပ်နိုင်စွမ်းဖြင့် ပရိသတ်အား ထိုခေါင်းစဉ်သို့ ဦးတည်ပေးခဲ့လေရာ ပရိသတ်နှစ်ဖက်ကြားရှိ တင်းမာမှုတို့အား လွယ်လွယ်ကူကူ အောင်မြင်စွာပင် ဖြေရှင်းနိုင်ခဲ့လေသည်။


တစ်ညတည်းနှင့်ပင် ယဲ့ဇယ်ရှစ်နှင့် ထန်ကျင့်တို့၏ ခေါင်းစီးအဆင့်မှာ မြင့်လာခဲ့လေသည်မှာ ပြောစရာပင်မလိုပေ။ ထန်ကျင့်၏ ကိုယ်ပိုင် Weiboမှာပင် ဖော်လိုဝါ အရေအတွက်မှာ တစ်သိန်းကျော်သွားလေသည်။


ဤသည်မှာ အင်တာနက် အသုံးပြုသူများ စောင့်မျှော်နေခဲ့ကြသည့် အသေအကြေတိုက်ပွဲပင်ဖြစ်သည်။


ထန်ကျင့် မျက်လွှာချကာ သူ့ဘေးရှိ ယဲ့ဇယ်ရှစ်အား ကြည့်လိုက်လေသည်။ 


ယဲ့ဇယ်ရှစ်က ခေါင်းငုံ့ကာ ဖုန်းကစားနေသည်။ စိတ်လှုပ်ရှားနေသည့် အခြားပြိုင်ပွဲဝင်များနှင့် မတူဘဲ ယဲ့ဇယ်ရှစ်မှာ စိတ်အေးလက်အေး ဖြစ်နေပုံရသည်။ ရယ်စရာ ဟာသတစ်ခုခု တွေ့လိုက်၍ထင်သည် သူ၏နှုတ်ခမ်းထောင့်တွင် ခပ်ရေးရေး အပြုံးတစ်ခု ဖြစ်သွားလေသည်။ သူ့ကြည့်ရသည်မှာ လာမည့် ပြိုင်ပွဲအတွက် လုံးလုံး စိတ်ပူပန်မှု ရှိမနေသည့်ပုံပင်။ 


ဘေးဖက်ရှိ ယုယန်ကမူ ကတုန်ကယင်ဖြစ်နေကာ စက်ဝိုင်းပုံစံပင် လှည့်ပတ်သွားနေလေသည်။ 


စောင့်ဆိုင်းနေသည့် ပြိုင်ပွဲဝင် နှစ်ဆယ့်ငါးယောက်လုံးတွင် ယဲ့ဇယ်ရှစ်တစ်ယောက်သာ ထိုသို့ စိတ်အေးလက်အေးအမူအရာမျိုး ဖြစ်‌နေသည်ပင်။


ထန်ကျင့် အသက်တစ်ချက်ရှိုက်လိုက်ကာ ဖုန်းအား ချထားလိုက်သည်။ 


ယနေ့ည အတွက် သူနှစ်ညဆက်တိုက် မအိပ်ဘဲ လေ့ကျင့်နေခဲ့သည်။


 á€™á€Šá€şá€žá€­á€Żá€ˇá€•á€„်ဆိုစ္ ယနေ့ သူ ယဲ့ဇယ်ရှစ်နှင့် ယှဉ်လိုသည်။ 


ငါ့ရဲ့ ကြိုးစားအားထုတ်မှုတွေ အလဟသမဖြစ်ဖို့၊ ငါ့ဖန်တွေ ကံစမ်းမဲရဖို့၊ ဟယ့်ကျင်းယွင် ငါ့ကို မြင်နိုင်ဖို့... 


ထန်ကျင့် မျက်ဝန်းထဲရှိ အကြည့်တို့မှာ သူ စိတ်ပိုင်းဖြတ်ထားကြောင်းထင်ရှားလှသည်။ 


လာမည့်ပြိုင်ပွဲအတွက် အဖွဲ့များကိုကြေညာပေးရန်မှာ ယဲ့ဇယ်ရှစ် အလှည့်ဖြစ်လေသည်။ ပြိုင်ပွဲနေရာအတွင်းရှိ အားပေးသံတို့မှာလည်း ပို၍ ပို၍ကျယ်လောင်လာကြလေသည်။ 


စင်ပေါ်မတက်မီ ယဲ့ဇယ်ရှစ်၏ဖုန်းမှာ ရုတ်ချည်း တုန်ခါလာသည်။


Wechatကို ဖွင့်ကြည့်လိုက်သောအခါ စာအသစ်တစ်စောင် ရောက်နေလေသည်။ 


ယဲ့ဇယ်ရှစ် ဖွင့်ကြည့်လိုက်သောအခါ ထိုစာမှာ ဟယ့်ကျင်းယွင်ထံမှ ဖြစ်နေလေသည်။ 


ဟယ့်ကျင်းယွင်: "ပြိုင်ပွဲမှာ ကံကောင်းပါစေ..."


ဟယ့်ကျင်းယွင်၏ wechat အား ယဲ့ဇယ်ရှစ် လက်ခံလိုက်ပြီးကတည်းက ဤသည်မှာ ပထမဦးဆုံး ရရှိသည့် စာ ဖြစ်လေသည်။ 


ယဲ့ဇယ်ရှစ် နှုတ်ခမ်းထောင့်လေးများတွန့်ကွေးသွားကာ ပြန်ဖြေလိုက်သည်။ 

"ကျေးဇူးပါ..."


ဝန်ထမ်းတစ်ယောက်က စောင့်နေရန် လာပြောလေသည်။


ယဲ့ဇယ်ရှစ် ဖုန်းချလိုက်ကာ အရှေ့သို့ လျှောက်လှမ်းသွားပြီး ကင်မရာတွင် ပေါ်ထွက်လာလေသည်။ 


တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်နေသောဟယ့်ကျင်းယွင်မှာ ဖန်သားပြင်ရှိ မှတ်ချက်များကို ဖတ်နေရာမှ မှတ်ချက် ကဏ္ဌအားပိတ်ရန် ဆိုသည့်နေရာအား တုံ့ဆိုင်းခြင်းမရှိ နှိပ်လိုက်လေတော့သည်။


ဖန်သားပြင်ထက်တွင်မူ ထိုကောင်လေး၏ ထင်ရှားပေါ်လွင်သည့် မျက်နှာအစိတ်အပိုင်းလေးများ ၊ ပန်းရောင်ဆံပင်‌ အောက်ရှိပြေပြစ်သော အသားအရေ နှင့် အနီရောင် ဝတ်စုံတို့မှာ အားလုံး၏ အာရုံစိုက်မှုကို ရစ်ပတ်ဆွဲငင်ထားလေသည်။


စတိတ်စင်ရှိ မီးရောင်များလည်း မှိန်ကျသွားလေတော့သည်။



🎶🎶🎶