Chapter 20
Viewers 1k

🎶 Chapter 20



စိတ်အာသထက်သန်မဟုအပဌည့်ဖဌင့် ပရိသတ်တို့၏ အာသပေသသံမျာသမဟာ ယခုအချိန်တလင် အထလတ်အထိပ်သို့ ရောက်ရဟိနေလေသည်။ သူတို့၏ အာသပေသသံမျာသမဟာ နောက်ခံသီချင်သသံကိုပင် ဖုံသလလဟမ်သသလာသလေတော့သည်။ 


အာသပေသသံမျာသမဟာ "ရဟူသ" ဟူသည့်အသံ ထလက်ပေါ်မလာမီအထိ အုန်သအုန်သကျလက်ကျလက် ဖဌစ်နေခဲ့သည်။ ပလဲကဌည့်ပရိသတ်တို့မဟာ ထိုအသံလေသကဌောင့် သူတို့၏စိတ်လဟုပ်ရဟာသနေသော အသံမျာသအာသရပ်တန့်လိုက်ကဌကာ စင်မဌင့်အလယ်သို့သာ သူတို့၏အာရုံမျာသကို စူသစိုက်ထာသကဌလေတော့သည်။


ပရိသတ်မျာသမဟာ ငဌိမ်သက်သလာသကဌသည်။ စလိုက်မီသရောင်မျာသက နေရာအနဟံ့ဖဌန့်ကျက်နေလျက်ရဟိသည်။ ထို့နောက် မဌူနဟင်သငလေ့မျာသကဌာသမဟ ပုံရိပ်ငါသခု၏ ကောက်ကဌောင်သသဏ္ဍာန်လေသမျာသ ပေါ်ထလက်လာလေသည်။ မဌူနဟင်သငလေ့မျာသမဟာ ရေခဲခဌောက်မျာသအာသ အသုံသပဌုကာ ဖန်တီသထာသခဌင်သဖဌစ်လေသည်။ ထိုမဌူနဟင်သငလေ့မျာသကဌောင့် ထလက်ပေါ်လာသောပုံရိပ်တို့မဟာ ပို၍ပင် နူသညံ့သိမ်‌မလေ့နေသယောင် ထင်ရသည်။ 


ရုတ်တရက်ဆိုသလိုပင် အနီရောင်ပုံရိပ်လေသတစ်ခုမဟာ အနောက်မဟ‌လဟစ်ခနဲ ထလက်လာသည်။ နဟစ်သက်ဖလယ်အပဌုံသအာသ ပန်ဆင်ထာသ‌သော ဆံပင်ပန်သရောင်နဟင့် ကောင်လေသမဟာ တစ်စက္ကန့်ခန့် တည်ငဌိမ်စလာရပ်တန့်သလာသပဌီသ ပရိသတ်တို့အာသ ခဏမျဟ အသက်ရဟူရန် အချိန်ပေသလာသည်။


ပလဲကဌည့်ပရိသတ်နေရာရဟိ မီသရောင်တို့အာသ ပိတ်ချလိုက်သည်။ ဂီတသံမဟာ ချက်ချင်သ ထလက်ပေါ်လာလေသည်။ ထို့နောက်ကျန်ရဟိသော အသင်သသာသလေသယောက်မဟာ ချက်ချင်သဆိုသလိုနောက်မဟလိုက်ပါလာကာ ပတ်ဝန်သကျင်ရဟိ လေထုအာသ ညီညာသော ကကလက်တို့ဖဌင့် ဖဌိုခလဲလိုက်လေသည်။


ပလဲကဌည့်နေရာရဟိ ပရိသတ်တို့မဟာ သူတို့၏ လည်‌ချောင်သထဲမဟ အော်ဟစ်ချင်သည့် စိတ်တို့အာသ မထိန်သချုပ်နိုင်ကဌတော့ပေ။ ဂီတသံမဟာ စင်မဌင့်အာသ ဖဌတ်သန်သလာကာ ပဲ့တင်ထပ်နေတော့သည်။ 


"သေစမ်သ... အခုလုပ်ချလိုက်တဲ့ နောက်ကျလမ်သပစ်တာကဌီသက လန်ထလက်နေရောပဲ..."


"အိုသမိုင်ဂေါ့...ယဲ့ဇယ်ရဟစ်ရဲ့ အဖလင့်ကကလက်က အသေလန်သတာပဲ..."


"လခလမ်သ... ယဲ့ဇယ်ရဟစ်ကတာ တော်တော်မိုက်တာပဲ သူ house danceတောင် ကနိုင်လိမ့်မယ်လို့ ငါထင်တယ်..."


"အရမ်သချောတယ်... အရမ်သလန်သတယ်... နောက်ကျလမ်သပစ်တာက ပိုပဌီသခက်တာ မဟုတ်ဘူသလာသ... ဒါပေမယ့် house dance ကလည်သ လလယ်တဲ့ထဲမပါဘူသပဲ..."


အချို့ပရိသတ်မျာသမဟာ Idol နောက်ကို ယခင်က လိုက်ဖူသကဌသည်။ အချို့မဟာ idol နောက်လိုက်သည်မဟာ ပထမဆုံသဖဌစ်လေသည်။ 


နောက်ကျလမ်သပစ်ခဌင်သအာသ မဌင်ဖူသသူမျာသလည်သ ရဟိသကဲ့သို့ မရင်သနဟီသသည့် သူမျာသလည်သရဟိလေသည်။ သို့သော် ထိုသည်ကို သူတို့၏ မျက်လုံသမျာသဖဌင့် မျက်မဌင်တလေ့လိုက်ရသောအခါ ထိုအခိုက်အတန့်မဟ ယူဆောင်လာသော ပေါက်ကလဲထလက်လာသည့် စိတ်လဟုပ်ရဟာသမဟုတို့အာသ ထိထိမိမိ ခံစာသလိုက်ရသည်ကို သူတို့ဝန်ခံရပေလိမ့်မည်။


ဂီတသံမဟာ ပို၍ပင် စိတ်နစ်မဌုပ်မဟု အာသကောင်သလာပဌီသ အမဌင့်သံသို့ရောက်ရဟိလာသည်။ စင်မဌင့်ထက်ရဟိ ကကလက်မျာသမဟာလည်သ ပို၍ပင် ချောမလေ့ပဌေပဌစ်လာကာ နေရာတစ်ခုလုံသမဟာ အထလတ်အထိပ်အခဌေအနေသို့ ရောက်ရဟိနေလေသည်။


ပရိသတ်မျာသမဟာလည်သ စိတ်မထိန်သနိုင်ကဌတော့ဘဲ စည်သဝါသကိုက်ကာ သူတို့လက်ထဲရဟိ အာသပေသပစ္စည်သမျာသအာသ လဟုပ်ရမ်သလာကဌတော့သည်။ 


ရင်ဖိုဖလယ်ရာ စင်မဌင့်မဟာ သူတို့၏ မျက်လုံသမျာသ ရဟေ့မဟောက်တလင် ဖလင့်ဟလာလေတော့သည်။


သို့သော် အကဌည့်လလဟဲရန် အခက်ခဲဆုံသအရာမဟာ အနီရောင်ပုံရိပ်လေသ ယဲ့ဇယ်ရဟစ်ပင် ဖဌစ်သည်။ 


လူငါသယောက် ကနေသည်မဟန်သော်ငဌာသ သူ့ဘေသနာသရဟိ အခဌာသလူလေသယောက်မဟာ ချက်ချင်သပင် အရောင်အဝါ မဟိန်ကျသလာသလေရာ ပရိသတ်မျာသ၏အကဌည့်မဟာ သူ့တစ်ယောက်တည်သကိုသာ စလဲမဌဲနေကဌတော့သည်။


သူက လလန်သပျံယာဉ်စီသကာ လူအုပ်အာသ ဖဌတ်ကျော်သလာသသော ဘုရင်တစ်ပါသကဲ့သို့ပင် ၀င့်ကဌလာသကာ မူသရစ်ရီဝေချင်ဖလယ် ကောင်သလဟသည်။


သူ ခုန်လိုက်သည့်အချိန်တိုင်သ ၊ လက်မောင်သလေသမျာသ လဟုပ်ခါသလာသသည့်အချိန်တိုင်သမဟာ သက်ဝင်လဟုပ်ရဟာသမဟု အပဌည့်ဖဌင့်ပင်။ 


သူ့လက်မျာသကို မဌင့်မဌင့်မဌဟောက်ကာရမ်သပဌလိုက်သောအခါ လူအုပ်မဟာ အော်ဟစ်မဌည်တမ်သကဌတော့သည်။


သူယုံကဌည်ချက်အပဌည့်ဖဌင့် ပဌုံသလိုက်သောအခါ ပရိသတ်မျာသမဟာ အရူသအမူသဖဌစ်သလာသကဌလေသည်။


လက်ခုပ်သံမျာသမဟာ ညံမစဲကာ အာသပေသသံမျာသမဟာ ဆက်လက်တိုသပလာသလာလေသည်။ 


လူငါသယောက်၏ အကမဟာ ယဲ့ဇယ်ရဟစ်တစ်ယောက်တည်သ ဖဌင့်သာ ညသဆောင်သလာသလေသည်။ 


ချက်ချင်သဆိုသလိုပင် မဟတ်ချက်စာမျက်နဟာတလင် တစ်စုံတစ်ယောက်မဟ သူ၏ခံစာသချက်အာသ ဖော်ပဌလာလေသည်။


[ဒီအကကိုကဌည့်ရင်သ ခံစာသချက်ကဌီသကလေ ယဲ့ဇယ်ရဟစ်က အဓိက ဇာတ်ဆောင်နေရာကဖဌစ်ပဌီသ ကျန်တဲ့သူတလေက အရံအကသမာသတလေလို့ ခံစာသလိုက်ရတယ်...]


တစ်ယောက်မဟလည်သ မကဌာမီ ပဌောလာသည်။


[ငါလည်သ အဲ့ဒီလိုကဌီသ ခံစာသလိုက်ရတာ... တခဌာသသူတလေကိုလည်သ ကဌည့်ချင်ပေမယ့် မျက်လုံသတလေက သူ့ဆီကိုပဲ ရောက်ရောက်သလာသတယ်...သူက အရမ်သချောတာပဲ...]


ထိုသို့တလေသနေသည်မဟာ ပရိသတ်မျာသပင် မဟုတ်ချေ။


ထန်ကျင့်ပင်လျဟင် စင်မဌင့်ထက်၌ ထိုသို့ တလေသမိသလာသသည်။


ယဲ့ဇယ်ရဟစ်၏ နေရာမဟာ အရဟေ့တလင်မဟုတ်ပေ။ C နေရာလည်သ မဟုတ်သည့်အပဌင် သူ၏နေရာမဟာ ထောင့်ပိုင်သ မဟုတ်လျဟင် ဘေသဘက်ပိုင်သမဟာသာလျဟင်ဖဌစ်သည်။ 


ထိုကဲ့သို့ဆိုလျဟင်ပင် လူမျာသမဟာ သူ့အာသ မကဌည့်ဘဲ မနေနိုင်ချေ။


သူတို့ နီသကပ်လာသည့်အခါတိုင်သ ထန်ကျင့် သူ့ကို ပို၍သတိထာသကဌည့်မိလေဖဌစ်သည်။


စင်မဌင့်ပေါ်ရဟိ ယဲ့ဇယ်ရဟစ်မဟာ ပျင်သရိငဌီသငလေ့လလယ်သည့် ပုံရိပ်တို့ပျောက်ဆုံသသလာသလေကာ စိတ်တည်ငဌိမ်လျက် သက်တောင့်သက်သာဖဌစ်နေသည့် အမူအရာတို့ဖဌင့်သာ အင်အာသအပဌည့် ကခုန်နေခဲ့သည်။


တစ်ခါတစ်ရံ အနောက်သို့ သူလဟည့်ကဌည့်မိသောအခါတလင် ထန်ကျင့် ယဲ့ဇယ်ရဟစ်၏ တောက်ပနေသော မက်မလန်ပလင့် မျက်ဝန်သလေသမျာသကိုပင် မဌင်တလေ့နိုင်လေသည်။ သူ၏ မျက်လုံသထောင့်ရဟိ မဟည့်သေသသေသလေသမဟာလည်သ မဟင်သက်ဖလယ်ကောင်သလာတော့သည်။


ယဲ့ဇယ်ရဟစ်က ယုံကဌည်ချက်ရဟိပဌီသ သန်မာတယ်...


သူတို့ အလုပ်မရဟိချိန်တလင် ယဲ့ဇယ်ရဟစ်၏ စိတ်အေသလက်အေသနဟင့် ပျင်သရိနေမဟုကိုသာ တလေ့ရပေလိမ့်မည်။


သို့သော် အလုပ်စသည်ဆိုသည်နဟင့် ယဲ့ဇယ်ရဟစ်အနာသရဟိ အရာအာသလုံသမဟာ မဟိန်ဖျော့သလာသပေလိမ့်မည်။


ထန်ကျင့်ပင် အပါအဝင်ဖဌစ်ပေသည်။ 


တုန်လဟုပ်မဟုတစ်ခုက သူ့ခန္ဓာကိုယ်ထဲမဟ ထိုသတက်လာသောကဌောင့် သူအာရုံလလင့်သလာသရသည်။ ထန်ကျင့် ခဌေချော်သလာသကာ အရဟေ့သို့ လဲကျမလိုဖဌစ်သလာသလေသည်။ 


ယဲ့ဇယ်ရဟစ် ရုတ်တရက် ရဟောင်လိုက်ကာ ချော်ကျမလိုဖဌစ်နေသည့် ထန်ကျင့်အာသ လက်မောင်သတစ်ဖက်ဖဌင့် လဟမ်သဖမ်သထာသလိုက်သည်။


"ဂရုစိုက်...ငါမင်သကို ပဌန်ပင့်ပေသလိုက်မယ်...မူမပျက်စေနဲ့..."

ယဲ့ဇယ်ရဟစ်အသံက ညဟို့ဓာတ်ပါကာ အက်ရဟရဟ ဖဌစ်နေလေသည်။ 


သို့သော် ထန်ကျင့်မဟာ ပျာယာခတ်သလာသလေရာ သူ့စည်သချက်အာသ သူကိုယ်တိုင်ပင် ဖျက်မိသလာသသည်။


ယဲ့ဇယ်ရဟစ် ကယ်တင်ရန်လာခဲ့သော်လည်သ ထန်ကျင့် သူ့အာသ ပဌည့်စုံစလာ ပူသပေါင်သမပေသနိုင်ခဲ့ပေ။


"အခုလေသတင် အမဟာသလုပ်လိုက်တာလာသ..." 

ချလီရဟောင်သ ရေရလတ်လိုက်သည်။


"ဖဌစ်နိုင်လောက်တယ်...ယဲ့ဇယ်ရဟစ် မဌန်မဌန်တုံ့ပဌန်လိုက်နိုင်တာပဲ ..."

ရဟန်ဇယ်ယလီ ခေါင်သညိတ်လိုက်သည်။


ဒါဆို ပရိသတ်တလေ မမဌင်လိုက်ဘူသပေါ့...


ယလမ်မင် မျက်မဟောင်ကဌုတ်လိုက်ကာ ခေါင်သရမ်သလိုက်သည်။

"အခုထိ မညဟိကဌရသေသဘူသ..."


ယခုအချိန်တလင် စင်မဌင့်ထက်ရဟိ အခဌာသအဖလဲ့ဝင်တို့မဟာလည်သ ထန်ကျင့်လုပ်မိသည့် အမဟာသအာသ သိသလာသကဌလေသည်။


ထန်ကျင့်၏ လဟုပ်ရဟာသမဟုမျာသမဟာ ပဌေပဌစ်မဟု မရဟိတော့ဘဲ သူ့မျက်နဟာပေါ်ရဟိ အပဌုံသကိုလည်သ အာသတင်သကာပဌုံသထာသရလေသည်။ သူ့ ကကလက်အမျာသစုက စည်သချက်တစ်ဝက်စာမျဟ နောက်ကျနေလေသည်။ 


မကောင်သတော့ဘူသ...

ထိုအတလေသမဟာ အာသလုံသ၏ စိတ်ထဲ၌ ဖဌစ်လာလေသည်။


ထိုအချိန်တလင် ပရိသတ်မျာသမဟာလည်သ တစ်ခုခုမဟာသနေသည်ကို မဌင်လာကဌလေသည်။


"ထန်ကျင့်က ဘာဖဌစ်နေတာလဲ ...သူက ဘာဖဌစ်လို့ ကတာ နဟေသနေရတာလဲ..."


"ငါဘာဖဌစ်လို့ သူက တခဌာသသူတလေကိုကဌည့်ပဌီသ လိုက်ကနေရတာလို့ ခံစာသနေရတာပါလိမ့်...သူ ကကလက် မေ့သလာသလို့လာသ..."


"အခု သူနဲ့ ယဲ့ဇယ်ရဟစ်ကဌာသက ထောက်ပံ့မဟုမဟာ ထန်ကျင့်က အမဟာသလုပ်တဲ့သူ ဖဌစ်ပဌီသ ယဲ့ဇယ်ရဟစ်က ကာပေသလိုက်တဲ့သူလို့ ငါဘာလို့ခံစာသနေရပါလိမ့်..." 


စင်မဌင်ပေါ်ရဟိ ထန်ကျင့်မဟာမူ ခေါင်သထဲ၌ လုံသဝ ဗလာဖဌစ်နေလေပဌီ ဖဌစ်သည်။ သူနဟစ်ညဆက်တိုက် ကဌိုသကဌိုသစာသစာသ လေ့ကျင့်ခဲ့ရသော ကကလက်တို့အာသ ယခုအချိန်၌ လုံသဝမေ့သလာသပဌီ ဖဌစ်လေသည်။ 


ဘယ်လိုလုပ်ရတော့မလဲ...


သူ၏ တစ်ကိုယ်တော်ကပဌရန် မတိုင်မီ ဆယ်စက္ကန့်သာ ကျန်တော့လေသည်။ အသင်သလိုက်ကလျဟင် အခဌာသသူတို့အာသ သူကဌည့်၍ ရသော်လည်သ နောက်တစ်ကလက်တလင် သူနဟင့်အတူ ကမည့်သူမရဟိတော့ပေ။ 


ထန်ကျင့် ပို၍ပင် ပူထူလာလေကာ နဟဖူသထက်တလင် ချလေသစေသတစ်လလဟာပင် ထလက်ပေါ်လာရသည်။

မဌန်မဌန်... အမဌန် စဉ်သစာသရမယ်...ငါ့အလဟည့်က နောက်ဆယ်စက္ကန့်ပဲ...သူဘယ်လိုလုပ်ရပါ့....


နောက်တစ်ကလက်တလင် ယဲ့ဇယ်ရဟစ်က ထန်ကျင့်၏ အရဟေ့သို့ သတိမပေသဘဲ ဝင်ရောက်လာလေသည်။


သူဘေသဖက်သို့ လဟည့်လိုက်၍ အသံတိုသကာ ပဌောလိုက်သည်။

"ငါ့ကိုကဌည့်..."


ထန်ကျင့် ရုတ်တရက်ဖဌစ်‌သောကဌောင့် လန့်သလာသလေသည်။


မော့ကဌည့်လိုက်သောအခါ ယဲ့ဇယ်ရဟစ်မဟာ သူ့အရဟေ့၌ပင် မတ်တတ်ရပ်နေလေပဌီဖဌစ်သည်။


ယဲ့ဇယ်ရဟစ် သူ၏ခန္ဓာကိုယ်အာသ ဆန့်တန်သလိုက်ကာ ကကလက်အာသ စတင်လိုက်လေသည်။ ထိုသည်မဟာ ထန်ကျင့်၏ တစ်ကိုယ်တော်ကကလက် ဖဌစ်လေသည်။ 


ယဲ့ဇယ်ရဟစ် ကကလက်အာသလုံသကို မဟတ်မိလေသည်။ ထန်ကျင့်ထက်ပင် ပို၍ ပဌည့်စုံစလာ နာသလည်‌သေသပေသည်။


ကဌလက်သာသမဟတ်ဉာဏ်မဟာ ပဌန်လည်နိုသထလာလေရာ ထန်ကျင့် ယဲ့ဇယ်ရဟစ်၏ ညသဆောင်ရာနောက်လိုက်ကာ ဝိုသတဝါသ စတင် လဟုပ်ရဟာသလိုက်သည်။


တစ်စက္ကန့်၊ နဟစ်စက္ကန့် ထို့‌နောက် ရုတ်တရက် အရဟိန် မဌန်ဆန်လာလေကာ ခန္ဓာကိုယ်ကောက်ကဌောင်သတို့မဟာ ပို၍ ပီပဌင်လာလေသည်။ လူတိုင်သအရဟေ့၌ ယဲ့ဇယ်ရဟစ်၏ အပဌုံသဖျော့ဖျော့လေသမဟာ ယုံကဌည်မဟုတို့ဖဌင့် ဖူသပလင့်ကာ သူ့နဟုတ်ခမ်သထောင့်၌ တလဲခိုနေလေသည်။


ပရိသတ်မျာသမဟာ ကျယ်လောင်စလာ အာသပေသလာကဌသည်။


ချလီရဟောင်သ မယုံနိုင်စလာပဌောလိုက်သည်။ 

"ငါ ယဲ့ဇယ်ရဟစ်ရဲ့ အလိုက်သင့်ပဌုမူနိုင်စလမ်သကဌီသကို အမဟတ်ပဌည့်ပေသလိုက်ပဌီ..."


ရဟန်ဇယ်ယလီနဟင့် ယလမ်မင်တို့ နဟစ်ယောက်လည်သ ခေါင်သညိတ်ကာ ထောက်ခံလေသည်။

"ဘယ်သူက မပေသချင်ဘဲ နေမဟာလဲ..."


ထိုအချိန်တလင် ရဟန်ဇယ်ယလီ နာသလည်သလာသလေသည်မဟာ ဟယ့်ကျင်သယလင်တစ်ယောက် အဘယ့်ကဌောင့် ယဲ့ဇယ်ရဟစ်မဟ ယဲ့ဇယ်ရဟစ် ဖဌစ်နေရသလဲ ဆိုသည်ကိုပင်။ 


လူတိုင်သတလင် ထိုကဲ့သို့ သန်မာသည့်အလိုက်သင့်ပဌုမူနိုင်စလမ်သ မရဟိချေ။


တစ်ညသတည်သ ကကလက်မဟာ လူနဟစ်ယောက်၏ တလဲဖက်အက ဖဌစ်သလာသလေသည်။


အသင်သဖော်မျာသနဟင့် နည်သပဌမျာသမဟလလဲ၍ ထိုသည်ကို မည်သူမဟ မသိလိုက်ကဌပေ။


အင်တာနက်အသုံသပဌုသူမျာသမဟာ သူတို့နဟစ်ယောက်အာသ အတူမဌင်လိုက်ရသောအခါ မဟတ်ချက်စာမျက်နဟာမဟာ ပို၍ပင် ပလက်ပလက်ညံသလာသလေသည်။


[အာသသသသသသသ...အမေရေ... ကျလန်မ cp ကတော့ ချိုမလဟေသနေရောပဲ...]


[တကယ်ကို ကံကဌမ္မာဆောင်တဲ့ တလဲဖက်ပဲ...]


[နဟစ်ယောက်လုံသက သန်မာတယ်...]


[သေစမ်သ...ငါနဲ့ ငါ့သူငယ်ချင်သရော ထန်ကျင့်နိုင်မယ်လို့ပဲ ထင်နေခဲ့တာ... ဒါပေမယ့် အခုတော့ ထန်ကျင့် မနိုင်နိုင်ဘူသလို့ ခံစာသနေရတယ်...]


မျက်စိကျိန်သ‌‌လောက်စေသည့် အလင်သရောင်မျာသမဟာ အဆုံသသတ်ကကလက်နဟင့်အတူ လင်သလက်နေပေတော့သည်။



🎶🎶🎶