Chapter 23
Viewers 4k

🎶 Chapter 23



"ဒါ...ဒါက နောက်နေတာလား...တကယ်အတည်ကြီးလား..."


ယဲ့ဇယ်ရှစ်၏ဖန်များ အံ့အားသင့်သွားကြသည်။


ထပ်တူညီစွာပင် ဟယ့်ကျင်းယွင်၏ ဖန်များမှာလည်း ဝေခွဲမရဖြစ်သွားကြသည်။ 


ဟယ့်ကျင်းယွင်မှာ Weiboတွင် ပို့စ်တင်ခဲလေသည်။ သူ ပိုစ့်တင်လာသောအခါတွင်မှာလည်း ထိုပို့စ်မှာ ယဲ့ဇယ်ရှစ်၏ စတူဒီယိုမှ ပို့စ်အား ပြန်တင်ခြင်းဖြစ်လေသည်။


ဟယ့်ကျင်းယွင်အား ထဲထဲဝင်ဝင်သိသော ဖန်များမှာ ဟယ့်ကျင်းယွင်က နောက်ပြောင်ရသည်ကို ကြိုက်သောသူမျိုးမဟုတ်သည်ကို ကောင်းကောင်းသိကြလေသည်။


ဒါဆို ဒါကတကယ်ကြီး ယဲ့ဇယ်ရှစ်နဲ့ ပူးပေါင်းမှုရှိလာမှာပေါ့ သူတို့ဘာဖြစ်လို့ တစ်စက်ကလေး သတင်းမကြားရတာပါလိမ့်...


ဖန်များ ထိုကိစ္စအား ကောက်ချက်ချ၍ မပြီးသေးမီမှာပင် ချွီရှောင်းနှင့် ယွမ်မင်တို့က ယဲ့ဇယ်ရှစ်စတူဒီယို၏ Weiboပို့စ်အား အသီးသီး ပြန်တင်လာကြသည်ကို သူတို့ တွေ့လိုက်ကြရသည်။


ယွမ်မင်က ယဲ့ဇယ်ရှစ်အား အမည်တပ်၍ ထိုသူမှာ သူတွေ့ဖူးသည့်သူများထဲ ပါရမီအရှိဆုံး ကျောင်းသားတစ်ယောက် ဟုပြောကာ သီးသန့်Weiboပို့စ်တစ်ခုပင် တင်လာသေးသည်။ ထိုကောင်လေးမှာ ပွဲဦးထွက်ခြင်းမတိုင်မီ အရှေ့၌ချပြရန် လုပ်ငန်းဆောင်တာ များများစားစားမရှိသော်လည်း အနာဂတ်တွင် ပို၍ကောင်းမွန်သော လက်ရာတို့ကို ချပြနိုင်မည်ဟု သူစွဲစွဲမြဲမြဲယုံကြည်ကြောင်းနှင့် ယခု ယဲ့ဇယ်ရှစ် လိုအပ်နေသည်မှာ အချိန်ဖြစ်သောကြောင့် အားလုံးက သူ့ကို အချိန်ပေးရန် မျှော်လင့်ကြောင်း စသည်ဖြင့် ပို့စ်တင်ခဲ့လေသည်။ 


ထိုစာကြောင်းများကို ဖတ်ကြည့်ရသည်မှာ အားလုံးက အကောင်ပေါက်လေးအား ဝိုင်းဝန်းကာကွယ်ပေးနေသကဲ့သို့ပင်။


ယခုတွင်မူ ဖန်များနှင့် အင်တာနက်အသုံးပြုသူတို့ နားလည်သွားကြသည်မှာ နည်းပြအားလုံးက ယဲ့ဇယ်ရှစ်အား ကာကွယ်ရန် ရှိနေကြသည်ကိုဖြစ်သည်။


ယဲ့ဇယ်ရှစ်၏ ဖန်များမှာ အလွန်ခံစားသွားကြရလေရာ နည်းပြများကို ကျေးဇူးတင်ကြရင်း antiဖန်များနှင့် တိုက်ခိုက်ခြင်းကိုလည်း ပို၍ အရှိန်အဟုန် မြှင့်လိုက်ကြသည်။


[ယဲ့ဇယ်ရှစ်ကို အခုလိုချစ်ခင်ပေးလို့ နည်းပြဟယ့်ကို ကျေးဇူးတင်ပါတယ်...]


[ယဲ့ဇယ်ရှစ်ကို ချီးကျူးသဘောကျပေးလို့ နည်းပြဟယ့်ကို ကျေးဇူးတင်ပါတယ်...]


[နည်းပြဟယ့်ကို ကျေးဇူးတင်ပါတယ်...အဲ့ဒီ ရုပ်ရှင်ရိုက်ဖို့က မဖြစ်နိုင်မှန်းသိပေမယ့် ယဲ့ဇယ်ရှစ်ကိုသဘောကျပေးတဲ့အတွက် နည်းပြဟယ့်ကို လေးစားပါတယ်...]


သေချာပေါက်ပင် ဖန်များမှာ သူတို့နှစ်ယောက်၏ ပူးပေါင်းမှုအား‌ စောင့်မျှော်နေကြသော်လည်း ထိုသို့မျှော်လင့်နေကြသည်မှာ အနည်းငယ်သာဖြစ်သည်။


ဟယ့်ကျင်းယွင်က ကြိုက်နှစ်သက်မှု တစ်ခုသာရထားသည့် မှတ်ချက်အား ကြည့်ရန် မှတ်ချက်စာမျက်နှာအား အောက်ဆုံးအထိ ဆွဲချလိုက်သည်။


[ဟားဟားဟား...ငါ့အိုင်ဒေါနဲ့ ယဲ့ဇယ်ရှစ် ပူးပေါင်းဖို့ကို ငါနည်းနည်းလေးမျှော်လင့်နေပေမယ့် ဖြစ်နိုင်မယ်လို့တော့မထင်ပါဘူး...ဒါပေမယ့်လည်း မျှော်လင့်မိနေတုန်းပဲ...]


ဟယ့်ကျင်းယွင်:"..."


ငါ အတည်ပြောနေပေမယ့် ဘယ်သူမှလည်း ငါ့ကိုမယုံကြဘူး...တစ်ဖက်လူကလည်း ပူးပေါင်းဖို့ ဆန္ဒမရှိဘူး... ဟင်း(သက်ပြင်းချသံ)...


ဟယ့်ကျင်းယွင် နှစ်စက္ကန့်ခန့် တိတ်ဆိတ်သွားကာ သူ့အေးဂျင့်ထံသို့ စာပို့လိုက်သည်။

"ယဲ့ဇယ်ရှစ် အေးဂျင့်နဲ့ ဆက်သွယ်ဖို့ လုပ်ပေးဦး..."


အေးဂျင့်: "တကယ်ကြီး ယဲ့ဇယ်ရှစ်နဲ့ အလုပ်အတူတူ လုပ်ချင်နေတာလား..."


ဟယ့်ကျင်းယွင်: "သူက အဲ့ဒီဇာတ်ကောင်နဲ့ အံဝင်ခွင်ကျဖြစ်လွန်းတယ်..."


စက္ကန့်အနည်းငယ်ကြာသောအခါ တစ်ဖက်လူမှ စာပြန်လာသည်။

"ကောင်းပါပြီ တစ်ချက်မေးကြည့်ပေးမယ်...သတင်းကို စောင့်နေလိုက်ပါ..."


ဟယ့်ကျင်းယွင် မျက်လွှာချကာ သူ၏ နှုတ်ခမ်းထောင့်လေးများ ကွေးသွားလေသည်။


ဤသည်က အနည်းငယ်မလုံလောက်သေးဟု ခံစားရသောကြောင့် ခဏကြာစဥ်းစားပြီးသောအခါ သူ မားမားဟယ့်ထံ ဖုန်းခေါ်လိုက်သည်။


"မား...အမေ့ဆီမှာ ဦးလေးယဲ့ကို ဆက်သွယ်လို့ရမယ့် အချက်အလက်လေးများမရှိဘူးလား..."


ယဲ့ဇယ်ရှစ်ဖက်မှ နည်းပြလေးယောက်က ဝင်ပြောပေးသည့် ကိစ္စကို ဆွေးနွေးကြသည်မှာ အင်တာနက်တစ်ခုလုံးပေါ်တွင် ပို၍ပို၍ ပြင်းထန်လာသည်။ နေ့လည်ခင်းတွင် အသိုင်းအဝိုင်းအတွင်းမှ ကျော်ကြားသော အနုပညာရှင်တို့မှာ ထိုအကြောင်းနှင့် ပတ်သက်၍ ဆွေးနွေးကြပြီး ပို့စ်များတင်ထားကြသည်။ ထို့အပြင် သူတို့က ယဲ့ဇယ်ရှစ်စတူဒီယို၏ Weiboပို့စ်ကိုလည်း တစ်ယောက်ပြီးတစ်‌ယောက် ပြန်တင်ကြလေသည်။ 


ယဲ့ဇယ်ရှစ် ဖန်များမှာ ကြည်နူးသွားကြပြီး ဂုဏ်ယူမိသလိုပင် ခံစားနေကြရသည်။


[သေစမ်း ငါတို့ ယဲ့ဇယ်ရှစ်က တကယ်ကို အလားအလာကောင်းတာပဲ...]


[ဝူး...ငါတကယ်ကို ထိရှသွားပြီ ...ယဲ့ဇယ်ရှစ်ကို ချစ်ပေးကြလို့ စီနီယာတို့ကို ကျေးဇူးတင်ပါတယ်...]


[ကျေးဇူးတင်ပါတယ် စီနီယာတို့...]


ယဲဇယ်ရှစ်၏ ဖန်များက စီနီယာများအား ကျေးဇူးတင်ပြီးကြသောအခါ antiဖန်ယဲ့ဇီနှင့် ရန်ဖြစ်ရန်ပြန်လာခဲ့ကြသည်။ သို့သော် ထိုantiဖန်မှာ အကောင့်ဖျက်ပြီး ထွက်ပြေးသွားလေပြီဖြစ်သည်။


ဖန်များ အလွန်ပျော်ရွှင်သွားကြသည်။

"နောက်ဆုံးတော့ ခွေးပေါက်က ကြောက်ပြီး ပြေးပြီပဲ..."


ရှုံးတာ ဝန်ခံရမှန်း မသိဘူးလား သူရဲဘောကြောင်တဲ့‌ကောင်...


သို့သော် ထိုantiဖန်အား သူတို့နှလုံးသားထဲမှကို ကျေးဇူးတင်မိလေသည်။ ထိုလူကြောင့်သာ မဟုတ်လျှင် ယနေ့အတွက် အလကားကြေညာပေးမည့်သူ မရှိဖြစ်ပေလိမ့်မည်။


အနုပညာလောကအတွင်းရှိ အခြားနာမည်ကြီးများမှ ထိုပို့စ်အားတစ်ယောက်ပြီးတစ်ယောက် ပြန်လည်တင်ကြသောကြောင့် ယဲ့ဇယ်ရှစ်စတူဒီယို၏ Weiboပို့စ်မှာ Weiboတွင်နှစ်ရက်တိုင် တည်မြဲနေနိုင်ခဲ့လေသည်။


တကယ်ကို ဂုဏ်ယူရတာပဲ...


ဖြတ်လျှောက်များစွာမှာလည်း ဤသို့ပြောလာသည်။


[ယဲ့ဇယ်ရှစ်က တကယ်ကိုစိတ်ဝင်စားဖို့ကောင်းတာပဲ...တခြားအနုပညာရှင် အများကြီးကတောင် သူ့စတူဒီယိုရဲ့ပို့စ်ကို ပြန်ပြီးတော့တင်ကြပြီး သူ့ဖက်ကပြောပေးကြတယ်ဆိုတော့...သူ့ရဲ့နောက်ခံက ဘာမို့လို့လဲ...]


ဤကဲ့သို့မေးခွန်းများအတွက် ဖန်များက ယဲ့ဇယ်ရှစ်၏ နောက်ဆုံးထွက်ရှိထားသောgifဖြင့် ပြန်ဖြေကြသည်။

[ဘာကောင်မှမဟုတ်ပါဘူး... ဒီအတိုင်းလေး ချမ်းသာတဲ့ ဒုတိယမျိုးဆက်သူဌေးသားလေးတစ်ယောက်ပါ...]


အင်တာနက်အသုံးပြုသူများက တစ်ယောက်ပြီး တစ်ယောက်ပြောလာကြသည်။


[ဟားဟားဟားးးးးးးး...အသေရယ်ရတာပဲ...ဒီအတိုင်းလေးချမ်းသာတဲ့ ဒုတိယမျိုးဆက်သူဌေးသားတစ်ယောက်တဲ့လား...ယဲ့ဇယ်ရှစ်က တကယ်အဆိုးလေးပဲ...]


..........................


"ရယ်နေ ရယ်နေ ငါ့ဖင်ကြီးကိုရယ်နေလိုက်..."


ဖုန်းကို မှန်ပြတင်းပေါက်ဆီသို့ လွှင့်ပစ်လိုက်သောကြောင့် ကျယ်လောင်သည့် ဘန်းခနဲ အသံပေါ်ထွက်လာသည်။


ထိုအသံမှာ ကျယ်လောင်လွန်းသောကြောင့် ဖုန်းကိုပစ်လိုက်သည့် ယဲ့ဟောက်ယန် ကိုယ်တိုင်ပင် လန့်သွားရကာ နောက်သို့ ခြေလှမ်းများဆုတ်မိသည်။


"ဘာဖြစ်တာလဲ..."

ထိုအသံကိုကြားသောအခါ ယန်မန် အပြေးအလွှားရောက်လာသည်။


ကွဲနေသော ပြတင်းပေါက်နှင့် ကြမ်းပြင်ပေါ်တွင် ပြန့်ကြဲနေသော မှန်ကွဲစတို့အား မြင်လိုက်ရသောအခါ ယန်မန် လက်သီးဆုပ်လိုက်သည်။ သူမဘေးနားရှိ ကြက်မွှေးကိုယူလိုက်ကာ ယဲ့ဟောက်ယန်အား လက်ညှိုးထိုးလျက် လေသံအေးအေးဖြင့် ပြောလိုက်သည်။

"အချိန်သုံးစက္ကန့် ပေးမယ်... ရှင်းပြစမ်းပါဦး..."


သူဖုန်းကို သာမန်အတိုင်းပစ်လိုက်သည်နှင့် ပြတင်းပေါက်က ထိုသို့ကွဲသွားမည်မှန်း သူ မထင်ခဲ့ပေ။ ထို့ကြောင့် ယဲ့ဟောက်ယန်က ရှိုးတိုးရှန့်တန့် ဖြစ်သွားလေသည်။


သို့သော် သူမ ယမန်နေ့ညက တစ်ညလုံးမအိပ်ခဲ့ရသည်သာမက ယနေ့မနက်၌ အင်တာနက်သုံးပြုသူတို့ဖြင့် အငြင်းပွားရာတွင်လည်း ရှုံးသွားခဲ့သည်။ ထို့အပြင် သူ့အကောင့်ကိုဖျက်လိုက်ရသည်အထိ အနွှာခံလိုက်ရသေးသည်။ ထိုသည်ကိုတွေးမိသွားသောအခါ ယဲ့‌‌ဟောက်ယန် ပို၍ပင် စိတ်ညစ်သွားသောကြောင့် ငိုလေတော့သည်။


ဟုတ်ပေသည်။ ယဲ့ဟောက်ယန်မှာ ထိုantiဖန် ယဲ့ဇီဖြစ်သည်။


အစပိုင်း၌ ယဲ့ဟောက်ဟန်၏ မှတ်ချက်များမှာ ဖန်များကြား မထင်မရှားဖြစ်နေခဲ့သည်။ သူအစတွင် ထိုဖန်တို့ကို 'ငတုံးတွေ'ဟုပင် ထင်ခဲ့လေသည်။


အဲ့ဒီ ယဲ့ဇယ်ရှစ်က အနုပညာလောကကနေ ထွက်သွားမယ် ဆိုတဲ့စကားနဲ့ သူ့ဖန်တွေကို ခြိမ်းခြောက်လိမ့်မယ်လို့ ဘယ်သူက ထင်ထားမှာတဲ့လဲ...သူ အဲ့ဒီလိုလည်း လုပ်ပြီးရော ဖန်တွေရဲ့ တိုက်ခိုက်စွမ်းက နှစ်ဆတောင်တိုးလာခဲ့တာလေ...


ဖန်များက 'မနိုင်မချင်း အရှုံးမပေးဘူး' ဟုပင်ဆိုနိုင်သည်။


အဲ့ဒီလောက် လူထောင်‌ချီကို ငါ ဘယ်လိုလုပ်ပြီး နိုင်မှာတဲ့လဲ...


နာမည်ကြီးများစွာကလည်း ယဲ့ဇယ်ရှစ်ဘက်မှ ဝင်ပြောကြသည်ကို မြင်လိုက်ရသောအခါ ယဲ့ဟောက်ယန် တစ်ခုခုမှားနေပြီဖြစ်ကြောင်း သတိထားမိသောကြောင့် အကောင့်ကို အမြန်ဖျက်လိုက်ရသည်။


ယဲ့ဟောက်ယန်တစ်ယောက် သူ့ဘဝတွင် ယခုလောက် မကျေမနပ် မဖြစ်ဖူးပေ။


ယဲ့ဟောက်ယန် ငိုယိုကာ ရှင်းပြလာသည်များကို ကြားလိုက်ရသောအခါ ယန်မန် ပို၍ပင် ရှုပ်ထွေးလာသည်။


သူမလက်ထဲရှိ ကြက်မွှေးကို ပစ်ချလိုက်ကာ ကိုက်ခဲနေပြီဖြစ်သော နားထင်အား ပွတ်လိုက်သည်။

"မင်းအစ်ကိုကို အပုပ်ချဖို့ ဘာဖြစ်လို့ Weiboကိုသွားခဲ့ရတာလဲ..." 


ယဲ့ဟောက်ယန် သူ့မျက်လုံးထောင့်ရှိ မျက်ရည်စတို့ကို သုတ်လိုက်သည်။ 

"ကျွန်တော်စိတ်ဆိုးလို့ ဘာဖြစ်လို့ သူက အခုမှ နာမည်ကြီးလာတာလဲ... အဲဒီနေ့ကဆို အဖေက ကျွန်တော့်ကို နှစ်နာရီတောင် ဆူလိုက်တာ...ပြီးတော့ ယဲ့ဇယ်ရှစ် သူ့ကိုယ်ပိုင်စတူဒီထောင်ဖို့ပိုက်ဆံက အဖေ့ဆီကနေရတာ... အဖေက မတရားဘူး..."


ယန်မန် နှုတ်ခမ်းစေ့လိုက်သည်။

"မင်းအဖေက ဘာဖြစ်လို့ သူ့အတွက် စတူဒီယိုထောင်ပေးခဲ့တာလဲ သိလား..."


ယဲ့ဟောက်ယန် ငိုရှိုက်နေရင်း မေးလာသည်။

"ဘာဖြစ်လို့လဲ..."


ယန်မန် သူ၏ ငတုံးသားလေးအား စိတ်ရှုပ်စွာကြည့်လိုက်သည်။ ထို့နောက် သက်ပြင်းချကာ ရှင်းပြလိုက်သည်။


"ဘာဖြစ်လို့လဲဆိုတော့ မင်းအဖေက မင်းရဲ့အစ်ကိုကြီးကို အနုပညာလောကမှာပဲ ဆက်နေစေချင်လို့ပေါ့...သူသာ အဲ့ဒီ‌လောကမှာ ဆက်နေလို့ရှိရင် မင်းအတွက်အနှောင့်အယှက် ဖြစ်မလာတော့ဘူးလေ..."


ယဲ့ယောက်ယန်: "ဒါပေမယ့်..."


"ဘာဒါပေမယ့်လဲ..." 


"မင်းအစ်ကိုက အနုပညာလောကထဲမှာ ဆက်နေမှာကို မင်းက ဘာတွေစိတ်ပူနေတာလဲ...သူနဲ့ပတ်သက်ပြီး ဘာများ ပြဿနာတက်လာစရာရှိမှာမို့လို့လဲ...အရင်ကလည်းပြောပြီးပြီနော်... သူက အမေတို့ကိုဘယ်လောက်ပဲ သ‌ဘောမကျဘူးပြောပါစေ မင်းရဲ့ အစ်ကိုကြီးဖြစ်နေတုန်းပဲ... မင်းရဲ့အဖေက သူ့ကို မစွန့်လွှတ်မချင်း သူက မင်းရဲ့ အစ်ကိုဖြစ်နေဦးမှာပဲ... မင်း သူ့ကိုနာမည်တပ်ပြီး ခေါ်ခွင့်မရှိဘူး... အထူးသဖြင့် မင်းအဖေရှေ့မှာပေါ့..."


ယန်မန် အေးစက်စွာပြောလိုက်သည်။

"ဒီအရှုပ်တွေကို ရှင်းပြီးတော့ ကုမ္ပဏီကိုသွားပြီး မင်းအဖေကိုကူညီလိုက်..."


ယဲ့ဟောက်ယန် ထိုအကြောင်းအား သေချာစဉ်းစားပြီးနောက် ယန်မန်ပြောသည်မှာ အဓိပ္ပာယ်ရှိသည်ဟု သူခံစားရသောကြောင့် ချက်ချင်းပင် သူ၏ တိုက်ခိုက်ရေးစိတ်ဓာတ်အား ပြန်လည်မြှင့်တင်လိုက်သည်။ 


ယဲ့ဇယ်ရှစ် ဘာလုပ်နေတယ်ဆိုတာကို ငါ ဂရုစိုက်စရာမလိုဘူး… ငါ ဂရုစိုက်ရမှာက ငါကိုယ်တိုင်ပဲ...


ထိုအချိန်တွင် Weiboမှ ဝတ္ထုတစ်ပုဒ်အား ဖတ်ပြီးသွားသော ယဲ့ဇယ်ရှစ်မှာ ထိုantiဖန်က အကောင့်ဖျက်ပြေးသွားသည်ကို တွေ့လိုက်ရသောအခါ အလွန်စိတ်ပျက်သွားသည်။


စတူဒီယို၏ Weiboပို့စ်အား ပြန်လည်တင်ကာ သူ့အားကူညီလာကြသော အခြားနာမည်ကြီးအနုပညာရှင်များကို တွေ့လိုက်ရသောအခါ သူ့နှလုံးသားလေးပင် အော်ဟစ်နေသည်ကို ခံစားမိလေသည်။


"မင်းဘယ်လို အလုပ်တွေကို မျှော်လင့်ထားလဲ..."


ငါ မျှော်လင့်တဲ့ အလုပ်ကတော့ အသာလေးလှဲနေပြီး ပိုက်ဆံတွေရေရတာကိုလေ...အဲ့ဒီလိုဆို ရပြီ...


ယဲ့ဇယ်ရှစ် ခဏတာ စဉ်းစားခန်းဝင်မိသည်။ 

ငါသာ ဒီလောကထဲက အငြိမ်းစားယူလိုက်လို့ ဖန်တွေဝမ်းနည်းရတယ်ဆိုရင် နေ့တိုင်း ငါ ပိုက်ဆံရေတာကို တစ်မိနစ်လောက် ဗီဒီယိုရိုက်ပြီးတော့ ဖန်တွေကိုနှစ်သိမ့်လို့ရတာပဲ... မဖြစ်နိုင်တာတော့ မဟုတ်ဘူး...


သူ ထိုအနုပညာရှင်တို့နှင့် လက်တွဲကာ အလုပ်သစ်တို့ လုပ်မည်မဟုတ်သော်လည်း ယဲ့ဇယ်ရှစ် သူ့အား ကူညီခဲ့သော အနုပညာရှင်တို့အား ယဉ်ကျေးစွာ စကားပြန်ခဲ့သည်။


ထိုပြန်သော စကားမှာ ရိုးရှင်းစွာ 'ကျေးဇူးတင်ပါတယ်' ဟုပင်။


ယဲ့ဇယ်ရှစ်၏ ရိုးရှင်းသော ကျေးဇူးတင်စကားနှင့် ယှဥ်လျှင်ကောင်းရှူမှာ ပို၍ ယဉ်ကျေးသောစကားကို သုံးလေသည်။


ထိုညနေခင်းတွင် ကောင်းရှူက စတူဒီယို၏ Weiboအကောင့်အားဝင်ကာ ဝိုင်းဝန်းကူညီခဲ့သော အနုပညာရှင်တို့ကို တစ်ဦးချင်းလိုက်လံကာ ကျေးဇူးတင်ကြောင်း ပြောလေသည်။ ထို့နောက် သူတို့၏ ပူးပေါင်းရေး ဖိတ်ခေါ်စာတွေကိုလည်း မျှော်လင့်နေကြောင်းကိုလည်း စနောက်သည့်အသံဖြင့်ပြောကာ သူ၏ အလုပ်အီးမေးလ်ကို ပေးလေသည်။


ထိုWeiboပို့စ်အားလုံးအား စကားပြန်ပြီးသောအခါ ကောင်းရှူ ဘေးရှိဖုန်းမှ အသံမြည်လာသည်။ ထိုဖုန်းမှာ စတူဒီယိုထောင်ပြီးကာမှ အသစ်ပြုလုပ်ထားသော အလုပ်ဖုန်းဖြစ်လေသည်။ 


ကောင်းရှူ မျက်ခုံးပင့်လိုက်သည်။

မကြာခင် အလုပ်သစ် ရတော့မှာများလား...


"ဟယ်လို...ကောင်းရှူ စကားပြောနေပါတယ်..."


ဟယ့်ကျင်းယွင်က စကားမပြောမီ လည်ချောင်းအရင် ရှင်းလိုက်သည်။

"ဟယ်လို... ဒါက ယဲ့ဇယ်ရှစ်ရဲ့အေးဂျင့်လားမသိဘူး... အခုပြောနေတာ ဟယ့်ကျင်းယွင်ပါ..."



🎶🎶🎶