Chapter 24
Viewers 4k

🎶 Chapter 24



ဟယ့်ကျင်းယွင် နာမည်အား ကြားလိုက်ရသောအခါ ကောင်းရှူ သူနားကြားမှားသည်ဟု ထင်လိုက်မိသည်။ 

"ဘယ်သူ..."


"ဟယ့်ကျင်းယွင်ပါ…" 

ဟယ့်ကျင်းယွင်က စိတ်ရှည်စွာ ပြန်ဖြေပေးလိုက်သည်။


ကောင်းရှူ ချက်ချင်းပင် တက်ကြွသွားကာ သူ၏လေသံမှာလည်း ပို၍ရင်းနှီးဖော်ရွေသော လေသံ ဖြစ်သွားလေသည်။

"နည်းပြဟယ့် ဖြစ်နေတာကိုး ...ကျွန်တော်နဲ့ ပြောချင်တဲ့ကိစ္စများရှိလို့လားမသိဘူး ..."


ဟယ့်ကျင်းယွင် ဝေ့လည်ကြောင်ပတ် လုပ်မနေတော့ဘဲ တည့်ပင်ပြောလိုက်သည်။ 

"အမှန်ပဲ...ကျွန်တော် ရုပ်ရှင်တစ်ကား ရိုက်ကူးဖို့ရှိနေပေမယ့် ဇာတ်ကောင်တစ်နေရာအတွက် သင့်တော်တဲ့ သရုပ်ဆောင်ကို အခုထိရှာလို့မရသေးဘူး ဖြစ်နေတယ်..."


ကောင်းရှူ: "...."

ဒါမျိုးကို ပြောတာ ...ဒါမျိုးကို ပြောတာလို့...


ယဲ့ဇယ်ရှစ်တွင် ရည်မှန်းချက်မရှိသော်လည်း ကောင်းရှူတွင် ထိုရည်မှန်းချက်ဆိုသည်မှာ အပြည့်အဝကို ရှိလေသည်။


ဤစကားပြောဆိုခြင်းမှာ အဆင်ပြေပြေ ပြီးဆုံးသွားလိမ့်မည်ဟု ဟယ့်ကျင်းယွင် အမှန်တကယ်ကို မမျှော်လင့်ထားခဲ့ပေ။


မကြာမီပင် ဟယ့်ကျင်းယွင်က ကောင်းရှူနှင့် တွေ့ဆုံမည့်နေရာနှင့် အချိန်တို့ကို ရက်ချိန်းယူခဲ့လေသည်။ ယဲ့ဇယ်ရှစ်ကို ဦးစွာပေးကြည့်ထားရန်အတွက် ကနဦးဇာတ်ညွှန်းကိုပင် ကောင်းရှူက တောင်းဆိုလာသည်။ 


ထိုအကြောင်း ပြောသောအခါ ဟယ့်ကျင်းယွင်က ကောင်းရှူအား ပြန်သတိပေးလိုက်သည်။ 

"ကျွန်တော် အရင်ကလည်း ဇယ်ရှစ်ကို ရုပ်ရှင်အကြောင်း ပြောခဲ့သေးပေမယ့်လည်း ...သူ့တုံ့ပြန်ပုံက..."


ကောင်လေးက ထိုသည်ကို မကြိုက်ဟု မသတ်မှတ်နိုင်သော်လည်း သူက တွေဝေခြင်းမရှိဘဲ ငြင်းလိုက်သည်ဟုပင် ဆိုနိုင်သည်။


ခေတ္တမျှ ရပ်တန့်သွားပြီးနောက် ဟယ့်ကျင်းယွင်က နားထောင်ကောင်းအောင် ပြောလိုက်သည်။ 

"အရင်တစ်ခေါက်က သူ့ကြည့်ရတာနည်းနည်း တွေဝေနေတဲ့ပုံပဲ... တတ်နိုင်မယ်ဆိုရင် အတွင်းရေးမှူး ကောင်း အရင်ဖတ်ထားလိုက်ပါလား... ကျွန်တော် ဦးလေးယဲ့ကိုလည်း ဒီအကြောင်း ပြောထားပြီးပါပြီ... သူပြောတာကတော့ အတွင်းရေးမှူးကောင်းသာ အဆင်ပြေတယ်ထင်ရင် ကျွန်‌တော်တို့ လက်မှတ်အရင်ထိုးထားလိုက်လို့ရတယ်တဲ့..."


"ဥက္ကဌကလား..."

ကောင်းရှူမေးလိုက်သည်။


ဟယ့်မိသားစုနှင့် ယဲ့မိသားစုကြားရှိ ဆက်ဆံရေးမှာ အမြဲကောင်းမွန်ခဲ့သည်ဟု ကောင်းရှူ ကြားထားဖူးသည်။ 

ဥက္ကဌက ကောင်းပြီလို့ပြောမှတော့ ဘာပြဿနာမှတော့ မရှိလောက်ပါဘူး...


ဟယ့်ကျင်းယွင် ခေါင်းညိတ်လိုက်သည်။ 

"ပြီးတော့ သူ့ကို စာချုပ်လည်း ပြလိုက်သေးတယ်..."


ကောင်းရှူ နားထောင်ပြီး ချက်ချင်း ပြောလိုက်သည်။

"ကောင်းပါပြီ ဒါဆို ကျွန်တော်အရင်ဆုံး ဇာတ်ညွှန်းကို ဖတ်ထားလိုက်ပါ့မယ်...စနေနေ့မတိုင်ခင်တော့ ကျွန်‌တော် ပြီးမှာပါ... အဲ့ဒါဆိုရင် ကျွန်တော်တို့နောက်ထပ်တွေ့ပြီးမှ စကားဆက်ပြောကြတာပေါ့..."


သူ့ရင်ထဲရှိ လေးလံနေသော ကျောက်တုံးကြီးမှာ ပြုတ်ကျသွားလေပြီ ဖြစ်သောကြောင့် ဟယ့်ကျင်းယွင်၏ နှုတ်ခမ်းထောင့်လေးများ အထက်သို့ ကွေးတက်သွားတော့သည်။

"ဒါဆိုရင် ဒုက္ခပေးမိပါပြီ..."


ဖုန်းချပြီးနောက် နှစ်ဖက်စလုံးမှာ ဤပူးပေါင်းမှုနှင့်ပတ်သက်၍ အလွန်စိတ်ကျေနပ်နေခဲ့ကြသည်။ 


ယဲ့ဇယ်ရှစ်မှာမူ မည်သည်မျှကို မသိလိုက်ရချေ။ ယခုအချိန်တွင် သူအပျင်းတစ်မနေဘဲနေသည်ကို မြင်ရသည်မှာ ရှားလှသည်။ သူ အမှန်တကယ်ကိုပင် လေ့ကျင့်ရေးအခန်းထဲတွင် လေ့ကျင့်နေခြင်း ဖြစ်လေသည်။ 


ထိုသည်မှာ ယဲ့ဇယ်ရှစ် မပျင်းရိချင်၍ မဟုတ်ဘဲ ပျင်းရန် အခွင့်အရေး ရှာမရသောကြောင့်ဖြစ်လေသည်။


တနင်္ဂနွေနေ့မှာ "Time Idol" ၏ဖိုင်နယ်ပွဲဖြစ်လေရာ ပြိုင်ပွဲစည်းမျဉ်းများလည်း ထပ်မံပြောင်းလဲသွားပြန်သည်။


ထိုဖိုင်နယ်ပွဲတွင် အုပ်စုပြိုင်ပွဲများ မရှိ‌တော့ဘဲ ကျန်နေသည့် ထိပ်တန်းပြိုင်ပွဲဝင် ဆယ်ယောက်မှာ အလိုအလျောက်ပင် အဖွဲ့တစ်ဖွဲ့ဖြစ်သွားပြီး သူတို့အားလုံးစုပေါင်းကာ သီချင်းဆိုခြင်း ကခြင်းတို့ကို ပြုလုပ်ရမည်ဖြစ်သည်။ 


အဖွဲ့လိုက်တင်ဆက်မှု ပြီးဆုံးသွားလျှင် ပြိုင်ပွဲဝင် တစ်ယောက်ချင်းအလိုက် တစ်ဦးချင်း တင်ဆက်မှုများ ရှိလာမည်ဖြစ်သည်။ သေချာပေါက်ပင် ထိုတစ်ဦးချင်းတင်ဆက်မှုမှာလည်း အဆို‌ရောအကပါ ပါဝင်ရမည်ဖြစ်သည်။


တစ်နည်းဆိုရပါလျှင် တစ်ပတ်ထက်နည်းသော အချိန်အတိုအတွင်းတွင် ပြိုင်ပွဲဝင်ဆယ်ယောက်မှာ တင်ဆက်မှုလေးခုအား ပြင်ဆင်ထားရန် လိုအပ်လေသည်။


ပွဲဦးထွက်ရန် နေရာမှာ လေးနေရာသာ ရှိလေသည်။ ထို့ကြောင့် တနင်္ဂနွေနေ့ ဖိုင်နယ်ညတွင် မဲအများဆုံးရရှိသည့် ထိပ်တန်းပြိုင်ပွဲဝင်လေးယောက်သာ အဖွဲ့အနေဖြင့် ပွဲဦးထွက်နိုင်မည် ဖြစ်လေသည်။


ဖိုင်နယ်ပွဲအတွက် ပြင်ဆင်ရသည်မှာ ယဲ့ဇယ်ရှစ်အတွက် ပြဿနာမဟုတ်ပေ။ သူ့အတွက် ပြဿနာမှာ အဖွဲ့လိုက် ရှုံးထွက် ပွဲစဉ်များ မရှိတော့သောကြောင့်ဖြစ်သည်။ ယခုအချိန်တွင် နည်းပြချွီရှောင်းနှင့် နည်းပြရှန်ဇယ်ယွီတို့နှစ်ယောက်မှာ အခြားအဖွဲ့များ၏ လေ့ကျင့်နေမှုအား လှည့်ပတ်ကြည့်ရန် မလိုတော့သောကြောင့် သူတို့နှစ်ယောက်မှာ ယခုပြိုင်ပွဲဝင်ဆယ်ယောက်ရှိနေသည့် လေ့ကျင့်ရေးအခန်းထဲတွင်သာ စောင့်ကြည့်နေကြတော့သည်။


ယဲ့ဇယ်ရှစ် ဆိုဖာပေါ်ထိုင်လိုက်သည်နှင့် ရှန်ဇယ်ယွီပါ သူနှင့်အတူ ဝင်ထိုင်လေသည်။ 


အခြားသူများက ဘာမှမပြောဘဲ ယဲ့ဇယ်ရှစ်အား အဓိပ္ပာယ်အပြည့်ဖြင့်သာ ကြည့်လိုက်ကြသည်။


ယဲ့ဇယ်ရှစ်: "..."


ငါ ဖုန်းကို အိပ်ကပ်ထဲက ထုတ်လိုက်ရင် နည်းနည်းကြောင်တောင်တောင် ဖြစ်သွားမှာလားဟင်...


ယဲ့ဇယ်ရှစ် ယမန်နေ့ညက ဖတ်ခဲ့သောဝတ္ထုမှာ ဇာတ်ရှိန်အမြင့်ဆုံးသို့ ရောက်နေကာ အထက်ပုဂ္ဂိုလ်က သွေးဆောင်ဖြား‌ယောင်းတော့မည်ဖြစ်သည်။ သို့သော် စာရေးဆရာက အခန်းဆက်အား နောက်နေ့မှဆက်တင်ပေးမည်ဟု ပြောလေသည်။ 


သူ ထိုအခန်းသစ်အား အလွန်မျှော်လင့်နေခဲ့သည် ဖြစ်သည်။ နောက်တစ်ရက်တွင် စာရေးဆရာက အခန်းသစ်တင်ပေးလာသောအခါတွင်မူ ယဲ့ဇယ်ရှစ် ချက်ချင်း မဖတ်နိုင်တော့ပေ။ 


အခန်းသစ်အား တင်လာသည်ကို မြင်သော်ငြား သူဝင်မဖတ်နိုင်ခဲ့ပေ။ ထိုသည်မှာ သူ့နှလုံးသားကို ဓားဖြင့်ထိုးသကဲ့သို့ ခံစားရလေသည်။


လေ့ကျင့်ရေး နောက်တစ်ရက်မှာ ပြီးဆုံးသွားပြန်လေသည်။ ယဲ့ဇယ်ရှစ် ဤသည်က အလုပ်မဖြစ်မှန်း သူခံစားမိနေသည်။

ငါ ဖိုင်နယ်မှာ ပွဲဦးတော့ တကယ်မထွက်ရလောက်ပါဘူးနော်...ဟုတ်တယ်မဟုတ်လား...


သူ တစ်ခုခုတော့ ကြံမှဖြစ်မည်။


သေချာပေါက်ပင် ထိုအခွင့်အရေးက အိမ်တိုင်ရာရောက် တံခါးလာခေါက်လိမ့်မည်ကိုတော့ သူ မထင်မှတ်ခဲ့ပေ။


အချိန်တို့မှာ မျက်တောင်တစ်ခတ်စာအတွင်း ကုန်ဆုံးသွားခဲ့သည်။ ကြာသပတေးနေ့တွင် ရောင်းချခဲ့သည့် "Time Idol"ဖိုင်နယ်ပွဲစဉ်လက်မှတ်များမှာ ၁၀မိနစ်အတွင်းမှာပင် ရောင်းကုန်သွားပြီဖြစ်ကြောင်း ကြေညာခဲ့လေသည်။


ဖိုင်နယ်ပွဲစဉ်အတွက် လက်မှတ်ရလိုက်သည့် ပရိသတ်များမှာ ကျယ်လောင်စွာအော်ဟစ်ခဲ့ကြပြီး လက်မှတ်မရလိုက်သည့် ပရိသတ်များမှာ နေရာမှာပင် ချဉ်စူးကုန်ကြသည်။ 


လက်မှတ်ရောင်းချသည့် တစ်ညထဲမှာပင် တရားဝင်Weiboမှ ဖိုင်နယ်ပွဲစဉ်အတွက် နောက်ဆုံးစျေးကွက်မြှင့်တင်သည့် ဗီဒီယိုကို ထုတ်လွှင့်လိုက်သည်။


ပြိုင်ပွဲဝင်ရာချီ၏ ပြုံးနေသောမျက်နှာများမှာ ပရိသတ်တို့၏ရှေ့ မှောက်တွင် ဝင်းလက်ထောက်ပနေသည့်ပုံအား ပိုစတာအဖြစ် ပြုလုပ်ထားလေသည်။ 


များစွာသော ရွေးချယ်မှုများအပြီးတွင် ထိုပိုစတာထဲမှ ပြိုင်ပွဲဝင်များ၏ မျက်နှာများမှာ တစ်ယောက်ပြီး တစ်ယောက် ပျောက်ကွယ်သွားလေရာ နောက်ဆုံးတွင် ရင်းနှီးနေသည့် မျက်နှာဆယ်ခုသာ ကျန်ခဲ့လေသည်။


ဗီဒီယိုအဆုံးတွင် စာကြောင်းတစ်ကြောင်းသာ ရှိလေသည်။ 

"ဖိုင်နယ် ရွေးချယ်မှုမှာ ဘယ်သူထင်ပေါ်နိုင်မှာလဲ ...စောင့်ကြည့်လိုက်ကြရအောင်..."


ထိုဗီဒီယိုမှာ ထုတ်လွှင့်ပြီးတစ်နာရီမှာပင် hot search ပေါ်သို့ အောင်မြင်စွာရောက်ရှိသွားလေသည်။ 


ပရိသတ်များမှာ တည်ငြိမ်မနေနိုင်ကြတော့ပေ။ 


[အား...အား...အား...ယဲ့ဇယ်ရှစ်က အသေချောတာပဲ...ယဲ့ဇယ်ရှစ် ဖိုက်တင်း...]


[ထန်ထန်...ကြိုးစားထား...]


[စွေ့ယီ...ဖိုက်တင်း...]


[ယဲ့ဇယ်ရှစ် လွတ်လွတ်လပ်လပ် ပျံသန်းလိုက်... ဖရဲရွက်လေးတွေက အမြဲအတူရှိနေပေးမယ်...]


[ဘာတုန်း ဖရဲရွက် ဆိုတာက...]


[ယဲ့ဇယ်ရှစ်ရဲ့ ဖန်ဒမ်း နာမည်လေ... ညီအစ်မရေ...ဖန်ဒမ်း စကားပြောခန်းကို ဝင်မကြည့်ရသေးဘူးလား... မနေ့က စကားပြောခန်းရဲ့ မဲပေးဇယားကို တစ်ချက်သွားကြည့်လိုက်ပါနော်...]


လွန်ခဲ့သောရက်အနည်းက ယဲ့ဇယ်ရှစ်၏ ဖန်စကားပြောခန်းတွင် ဖန်ဒမ်းနာမည်ရွေးချယ်သည့် မဲပေးပွဲတစ်ခုလုပ်ခဲ့သည်ကို ဖြတ်လျှောက်ပရိသတ်တို့ သိသွားကြသည်။ ဖန်အများစုမှာ "ရှီးကွားယဲ့(ဖရဲရွက်)" ဆိုသည့်အမည်မှာ တစ်ချက်ကြည့်ရုံနှင့်ပင် ယဲ့ဇယ်ရှစ်ကို မြင်ယောင်စေသည်ဟု ထင်ကြလေသည်။ 


ယမန်နေ့ည ကိုးနာရီမှာပင် "ရှီးကွားယဲ့" ဆိုသည့် စကားလုံးမှာ မဲပေးမှုအများဆုံးရခဲ့လေသည်။ 


ဤသို့ဖြင့် "ရှီးကွားယဲ့ (ဖရဲရွက်)" ဆိုသည်မှာ ယဲ့ဇယ်ရှစ်ဖန်တို့၏အမည် တရားဝင်ဖြစ်သွားလေသည်။


ဖန်များက စကားပြောခန်းသို့ အပျော်ပါဝင်ရန် လာခဲ့ကြသည်။ သို့သော်သူတို့အာရုံကို ဖမ်းစားသွားနိုင်သည်မှာ ဖန်ဒမ်းအမည် မဲပေးမှုမဟုတ်ဘဲ နဖူးစီးစာတန်းမဲပေးမှုပင် ဖြစ်သည်။


စကားပြောခန်း၏ တာဝန်ရှိသူမှ နာမည်အကြီးဆုံး emoticons သုံးခုကို ပို့စ်တင်လာခဲ့သည်။ ထို အမည်များမှာ...


"ဒုတိယမျိုးဆက် သူဌေးလေး၏ ထမင်းကိုစားခြင်း"


"ဟန်ဆောင် ပြုံးထားရခြင်း"


"မင်းကိုလိုက်ဖို့အတွက်" 


ဖန်များ၏ မှတ်ချက်များမှာ ဟားဟားဟားချင်းထပ်နေသည်မှာ ကြည့်ရုံနှင့်ပင် နားအူစေသည်။


[ယဲ့ဇယ်ရှစ်ကို တကယ်မျက်နှာသာမပေးတာဘဲ...ဟားဟားဟားဟား...]


[ဆန်းကြယ်ပေမယ့်လည်း ဒါကတကယ်ကို ယဲ့ဇယ်ရှစ်ပဲ...]


[ငါရယ်သေပြီ...ဟားဟားဟား...]


[ငါက ယဲ့ဇယ်ရှစ်ရဲ့ "Pure Land of Bliss" gif ကို တကယ်ကြိုက်တယ်... gif တွေကို ခေါင်းစီးစာတန်းလုပ်လို့မရတာ ဆိုးတာပဲ...]


အဆုံးတွင် များစွာသော ဆွေးနွေးမှုများနှင့် မဲပေးမှုများအပြီး၌ "ဒုတိယမျိုးဆက် သူဌေးလေး၏ ထမင်းကိုစားခြင်း" emoticonက မဲအများဆုံးရသွားကာ ဖိုင်နယ်ညတွင် ပွဲဦးထွက်မည့် ယဲ့ဇယ်ရှစ်အတွက် ခေါင်းစီးစာတန်းဖြစ်သွားလေသည်။


စနေနေ့တွင် အရာအားလုံး ပြင်ဆင်ပြီးသွားပြီဖြစ်သော ဖန်များမှာ တနင်္ဂနွေနေ့ညတွင် ပြုလုပ်မည့်ဖိုင်နယ်ပွဲအား စိတ်အားထက်သန်စွာ စောင့်မျှော်နေခဲ့ကြသည်။ 


ဟယ့်ကျင်းယွင် ပေးပို့လာသည့် ကနဦးဇာတ်ညွှန်းအား ကောင်းရှူ ဖတ်ပြီးသည်မှာလည်း စနေနေ့ပင်ဖြစ်သည်။


ထိုဇာတ်ညွှန်းက အလွန်ကောင်းသည်ဟု သူဆိုရမည်။ ယဲ့ဇယ်ရှစ်သာ ဤရုပ်ရှင်အား လက်ခံလိုက်ပါလျှင် ဆုတစ်ခုပင် ရနိုင်သည်သာမက အမှန်တကယ်ကို နာမည်ကြီးလာမည်ကို ကောင်းရှူ၏ စီးပွားရေးအသိစိတ်က ခံစားမိနေသည်။


ယဲ့ဇယ်ရှစ် ဤရုပ်ရှင်ကိုအားပြု၍ သူ၏အလုပ်အကိုင်လမ်းကြောင်း၌ ရုပ်ရှင်သရုပ်ဆောင်ဖြစ်လာရန်ကို အကျိုးယူ၍ ရနိုင်လေသည်။


ကောင်းရှူ စိတ်လှုပ်ရှားမှုကြောင့် နှလုံးခုန်နှုန်းပင် တဟုန်ထိုးမြင့်တက်လာသည်။


သို့သော် ပိုစိတ်ချရစေရန် ယဲ့ကျန့်ပင်းနှင့် ဆွေးနွေးရပေဦးမည်။


ယဲ့ကျန့်ပင်းက မကြာမီတွင် အဖြေတစ်ခုပေးလာသည်။ ယဲ့ကျန့်ပင်းက သန်း ၂၀ ရင်းနှီးမြှုပ်နှံလိုက်သည်။


အမလေး... အဲ့ဒီပမာဏက သခင်လေး "Time Idol" မှာဝင်ပါဖို့ ပူညံပူညံလုပ်ခဲ့တုန်းက ပေးခဲ့တဲ့ ပမာဏအတိုင်းပဲ မဟုတ်ဘူးလား...


ဥက္ကဌက ရင်းနှီးမြှုပ်နှံမှုကိုတောင် လုပ်ပြီးသွားပြီဆိုတော့ သူက ဒီရုပ်ရှင်အပေါ်မှာ တော်တော်အကောင်းမြင်ထားပုံပဲ... သခင်လေးလည်း လက်မှတ်ထိုးပြီးတာနဲ့ ဒီအခွင့်ကောင်းကို လက်လွတ်သွားတော့မှာမဟုတ်ဘူး...


ကောင်းရှူက ဟယ့်ကျင်းယွင်နှင့် ချိန်းဆိုမှုကို အလျင်အမြန် ပြုလုပ်လိုက်ပြီး ကိစ္စများကို မြန်မြန်ဆန်ဆန် အခြေတကျဖြစ်စေရန် ဆုံးဖြတ်လိုက်သည်။ 


ဟယ့်ကျင်းယွင်က စာချုပ်တစ်ခုနှင့် ရောက်လာခဲ့သည်။ 


နှစ်ဦးနှစ်ဖက်စလုံးမှာ ထိုကိစ္စအား အလွန်စိတ်ရောကိုယ်ပါ ရှိကြလှသည်။ ထိုစာချုပ်တွင် ပြဿနာရှိမရှိကို ကောင်းရှူ ထပ်ခါထပ်ခါ စစ်ဆေးခဲ့သည်။ ထို့နောက် ယဲ့ဇယ်ရှစ်၏ စတူဒီယိုအမည်ဖြင့် ထိုစာချုပ်အား သူ‌ပျော်ရွှင်စွာ လက်မှတ်ထိုးခဲ့သည်။


စာချုပ်မှာ ကော်ပီနှစ်စောင်ရှိသည်။ ဟယ့်ကျင်းယွင်က စာချုပ်၏ အောက်ဖက်ညာဘက်ထောင့်ရှိ စတူဒီယို၏ အနီရောင်တံဆိပ်တုံးရာကို မြင်ခါမှ သူ့ရင်ထဲရှိ ခဲဆွဲထားသည်မှာလည်း ပေါ့ပါးသွားခဲ့ရသည်။


"ဝမ်းသာစရာ ပူးပေါင်းမှုဖြစ်ပါစေ... နောက်ကိုလည်း အတွင်းရေးမှူးကောင်းကိုပဲ အကူအညီပေးဖို့ တောင်းဆိုရတော့မှာပဲ..."


ဟယ့်ကျင်းယွင် အစဦးဆုံးစကားပြောလိုက်ကာ ကောင်းရှူနှင့် လက်ဆွဲနှုတ်ဆက်လိုက်သည်။ 


ကောင်းရှူပြုံးကာ ပြောလိုက်သည်။

"ယဥ်ယဥ်‌ကျေးကျေး သုံးစရာမလိုပါဘူး... သခင်လေးကို ဂရုစိုက်ပေးတဲ့အတွက် နည်းပြဟယ့်ကိုပဲ ကျေးဇူးတင်ရမှာပါ..."


ဟယ့်ကျင်းယွင် စာချုပ်အားလက်ခံလိုက်ပြီး ပြုံးလိုက်သည်။

"မဟုတ်တာ... အတွင်းရေးမှူးကောင်းကိုပဲ ကျေးဇူးတင်ရမှာပါ..."


အတွင်းရေးမှူးကောင်း၏ လက်မှတ်သာမရှိခဲ့ပါလျှင် သူ တစ်စုံယောက်ကို ပြန်ပေးဆွဲရန်သာ ကျန်တော့သည်။ 


ထိုစကားကိုမူ ဟယ့်ကျင်းယွင် သေချာပေါက် ပြောမည်မဟုတ်ပေ။


ကောင်းရှူက ဟယ့်ကျင်းယွင်၏ ယဉ်ကျေးသိမ်မွေ့မှုအား ကြည့်ကာ ပြုံးပြီး ဘာမှမပြောခဲ့ပေ။


ထို့နောက် ဟယ့်ကျင်းယွင် မေးလိုက်သည်။

"ဒါနဲ့အတွင်းရေးမှူးကောင်းက ဒီကိစ္စကို ဇယ်ရှစ်ကို ဘယ်လိုပြောပြမှာလဲ..."


ကောင်းရှူ ခဏမျှတွေးကာ ပြောလိုက်သည်။

"ဖြစ်နိုင်တာက ဖိုင်နယ်ပွဲပြီးမှပြောဖြစ်လောက်မယ်... အခုတော့ သခင်လေးရဲ့လေ့ကျင့်မှုကို ဝင်နှောင့်ယှက်လို့မဖြစ်ဘူးလေ... အချိန်ကျလာရင်တော့ ပျော်ရွှင်မှု နှစ်ထပ်ကွမ်းနဲ့ surpriseတိုက်ပေးလိုက်မယ်..."


‌ဟယ့်ကျင်းယွင် ခေါင်းညိတ်ကာ သဘောတူလိုက်သည်။


ကောင်းရှူ မမျှော်လင့်ထားသည်မှာ သူ surpriseမတိုက်ခင် ယဲ့ဇယ်ရှစ်က သူ့အား surpriseတိုက်လိုက်သည်ကိုပင် ဖြစ်သည်။


ထိုနေ့ည၁၀နာရီခန့်တွင် တရုတ်ပြည်၌ နာမည်ကျော်ကြားသည့် အနုပညာဖိုရမ်တစ်ခုတွင် တစ်စုံတစ်ဦးက ပို့စ်တင်လာလေသည်။


(အထူးသတင်း... မနက်ဖြန် ဖိုင်နယ်ပွဲရှိသည့် လူရွေးပွဲ ရှိုးတစ်ခု၏ ပထမနေရာနှင့် ဒုတိယနေရာမှ လူနှစ်ယောက်က ရန်ပွဲတစ်ခုဖြစ်ပွားခဲ့ကြသည်။ ယခုတွင် အားလုံး ရဲစခန်း၌ရှိနေသည်ဟု သတင်းရရှိ...)


ထိုပို့စ်မှာ ဆီပူထဲသို့ ရေအေးတစ်စက်ကျသွားသကဲ့သို့ အင်တာနက်တစ်ခွင်တွင် ချက်ချင်းဆိုသလို ပေါက်ကွဲထွက်သွားလေသည်။



🎶🎶🎶