Chapter 25
Viewers 4k

🎶 Chapter 25



"ဒါဘယ်လို အခြေအနေကြီးတုန်းဟ..."


"ပထမနဲ့ဒုတိယ... အရင်တစ်ပတ်က အဆင့်တွေကို ဆိုလိုချင်တာလား..."


"ယဲ့ဇယ်ရှစ်နဲ့ စွေ့ယီလား..."


"မဖြစ်နိုင်တာ..."


"ဘယ်အရင်းမြစ်ကလဲ... သတင်းကယုံကြည်လို့ရမှာလား..."


"ငါတော့ ဘာမှကို မပြောချင်တော့ဘူး...အခုနောက်ပိုင်း ကောလာဟလ လွှင့်တာအတွက် ဒဏ်ကြေးက နည်းသထက် နည်းလာပြီ..."


"သေစမ်း...ငါက ယဲ့ဇယ်ရှစ်ကို တော်တော်အထင်ကြီးနေတာ... သူ့ရဲ့ စိတ်သဘောထားက ဘာလို့အဲ့ဒီလောက် မည်းနက်နေရတာလဲ ...ဘလော့ပြီပဲ..."


ယခုအချိန်က ညပိုင်း အင်တာနက်လိုင်းကျပ်မှု၏ အထွတ်အထိပ်ချိန်ဖြစ်နေတော့သည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် ထို့ပို့စ်မှာ ဟော့အဖြစ်ဆုံး ပို့စ်ဖြစ်သွားလေကာ ထိုအောက်တွင်လည်း ဆွေးနွေးမှုများစွာ ရှိနေလေသည်။ 


[မူရင်းပို့စ်တင်တဲ့သူ ဘယ်မှာလဲ...]


[နင် ထွက်မသွားခင် စကားဆုံးအောင် ပြောခဲ့ဦးလေလို့...]


[မူရင်းတင်တဲ့သူကို ရှာလို့မတွေ့ဘူး...ဒါပေမယ့် Weiboမှာတော့ ဓာတ်ပုံတွေတောင် ရောက်နေပြီ...]


[လင့်ခ် ပေးပါဦး...]


[ဓာတ်ပုံတွေ ဒီမှာ...]


မကြာမီ တစ်ယောက်က Weiboမှ ဓာတ်ပုံများအား တင်လိုက်သည်။


ဓာတ်ပုံများမှာ အလွန်ကြည်လင်လှသည်။ လူတစ်ယောက်အား လက်မောင်းကို ကျောဖက်တွင်ချုပ်ထားပြီး မြေပေါ်တွင် အဖိချခံထားရသည်ကိုပင် အဝေးမှမြင်နိုင်ပေသည်။ 


ယဲ့ဇယ်ရှစ်၏ ထူးခြားသည့် ပန်းရောင်ဆံပင်မှာ အလွန်ထင်ပေါ်လေရာ သူ့မျက်နှာကိုပင် အတည်ပြုရန်မလိုပေ။ စွေ့ယီမှာ ယဲ့ဇယ်ရှစ်ထံမှ မြေ‌ပြင်ပေါ် ဖိချခံထားရသည်။ ယဲ့ဇယ်ရှစ်မျက်နှာတွင်လည်း ပွန်းရာပါးပါး ရှိနေသည်။


ဓာတ်ပုံထွက်လာသည်နှင့် အင်တာနက်အသုံးပြုသူများမှာ ချက်ချင်း ထိတ်လန့်ကုန်ကြသည်။


[သူတို့တကယ်ကြီး ရန်ဖြစ်ခဲ့ကြတာလား...]


[ယဲ့ဇယ်ရှစ်ရဲ့ ကိုယ်နေဟန်ထားကတော့ တစ်မျိုး ခံ့ညားနေတာပဲ...]


[ခံ့ညားတယ် ဟုတ်လား... အပေါ်ကလူရေ ဆိုက်ကိုလားဟယ်...ဒါကြီးက အနိုင်ကျင့်တာ မဟုတ်ဘူးလား...]


[အပေါ်မှာ ရှိနေတိုင်း ဘယ်လိုများ အနိုင်ကျင့်တယ် တွေးပြစ်ရတာလဲ... အားလုံးကို အခုထိ တိတိကျကျ သိရသေးတာမဟုတ်ဘူး... ရန်ဖြစ်တယ်ဆိုကတည်းက နှစ်ဖက်စလုံးက မှားတာလည်းဖြစ်နိုင်တာပဲ... မင်းကဘယ်လိုတောင် အဆုံးထိ တွေးပြစ်နိုင်တာလဲ... အင်တာနက်ရဲမို့လို့လား...]


[ယဲ့ဇယ်ရှစ်ဖန်တွေက သူ့အိုင်ဒေါပုံရိပ်ကို ထိန်းဖို့ တခြားသူတွေကိုပါ ဦးနှောက်ဆေးကုန်ပြီလားဟ...]


[ဓာတ်ပုံတွေတောင် ရှိတယ်လေ အဲ့ဒါက ခိုင်မာတဲ့သက်သေပဲ မဟုတ်ဘူးလား...]


[မဟုတ်သေးပါဘူး... ယဲ့ဇယ်ရှစ်က သူ့နောက်ခံအားကိုးနဲ့ "Time Puppet" မှာ အငယ်တွေကို အနိုင်ကျင့်တယ်ဆိုတာကို မသိကြဘူးလား...]


(T/N-ဒီမှာသုံးထားတဲ့ Time Puppet ဆိုတာက Time Idol ကိုပြောတာပါပဲ အင်တာနက်ပေါ်မှာ အတင်းချကြရင် နာမည်အရင်း မပြောဘဲ နာမည်လွှဲနဲ့ ချတဲ့ ပုံစံမျိုးပေါ့...)


[အပေါ်ထပ်ရေ... အသေးစိတ်ပြောပြလို့ရမလား...]


ချက်ချင်းဆိုသလိုပင် "Time Idol " မှ ပြုတ်သွားသည့် ပြိုင်ပွဲဝင်ဟု ဆိုလာသည့် တစ်စုံတစ်ယောက် ထွက်ပေါ်လာပြီး သတင်းများကို ဖွင့်ချလေသည်။ 


"ယဲ့ဇယ်ရှစ်နဲ့ ဒါရိုက်တာလီက ပွဲမတိုင်ခင်ကတည်းက ရင်းနှီးခဲ့ကြတာ... သူတို့ကအမျိုးတွေတောင် ဖြစ်နိုင်တယ်... ပြီးတော့ ဒါရိုက်တာလီက သူ့ကိုဆို ကောင်းကောင်းဂရုစိုက်တယ်..."


" အဲ့ဒါကြောင့် Time Idol က ပြိုင်ပွဲဝင်တွေက ယဲ့ဇယ်ရှစ်ဆီက အနိုင်ကျင့်ခံရတာ သေချာပေါက်ပဲ... မိတ်ကပ်ဆရာအတွက်နဲ့ ပြဿနာလောက်က အသေးအမွှားပဲ... ပိုကြီးတဲ့ပြဿနာက ယဲ့ဇယ်ရှစ်က ပြိုင်ပွဲဝင်တစ်ယောက်နဲ့ ပါတီမှာ ရန်ဖြစ်ခဲ့တာပဲ..."


"အဲဒီပြိုင်ပွဲဝင် ဘာဖြစ်သွားလဲဆိုတော့... သေချာပေါက်ကို သူပြုတ်သွားတာပေါ့... အဲ့ဒီသူက အစက အဆင့်မြင့်တဲ့ထဲမှာပါတယ်... ဒါပေမယ့်သူ့ရဲ့တင်ဆက်မှုမှာ ဘာဖြစ်သွားမှန်းငါတို့မသိလိုက်ဘဲ သူ့အဆင့်တွေကျသွားပြီးတော့ အဖြုတ်ခံလိုက်ရတာပဲ ..."


စွေ့ယီ၏ဖန်များမှာ သူတို့အစ်ကိုကြီး အရိုက်ခံလိုက်ရသည့်အတွက် အလွန် ဒေါသထွက်နေကြသည်။ ယခု ထိုပို့စ်ကိုမြင်သောအခါ သူတို့ပို၍ပင် ဒေါသထွက်လာကြသည်။ ထို့ကြောင့် သူတို့ ပရိုဂရမ်၏ တရားဝင် Weiboသို့သွားကာ ဖြေရှင်းချက် တောင်းကြလေသည်။


[ရှိုးအဖွဲ့က အခုထိ သေချင်ယောင်ဆောင်နေကြတုန်းလား...]


[ယဲ့ဇယ်ရှစ်က သူများတွေကို အနိုင်ကျင့်နေတာလေ...အဲ့ဒါကို ဂရုရောစိုက်ကြသေးရဲ့လား...]


[ယဲ့ဇယ်ရှစ် ထွက်လာပြီး တောင်းပန်စမ်း...]


[ဒီနေ့ စွေ့ယီ ‌...နောက်ရက်ဆို တခြားပြိုင်ပွဲဝင်လား... ယဲ့ဇယ်ရှစ် အနုပညာလောကကနေ ထွက်သွား...]


[ယဲ့ဇယ်ရှစ်...အခုထွက်သွားစမ်း...]


[သေချင်ယောင်ဆောင်မနေနဲ့...]


………………


အင်တာနက်အသုံးပြုသူတို့ထံမှ ထိုးနှက်ချက်များမှာ အများအပြားရှိလာသောကြောင့် ယဲ့ဇယ်ရှစ်ဖန်များများလည်း ဖိအားအတော်များနေလေသည်။ ဖန်များမှာ ယဲ့ဇယ်ရှစ်ကို ယုံကြည်နေကြသေးလေသည်။ ဖန်ဂရုအတွင်းရှိ ဖန်များမှာ အခြားဖန်များကိုလည်း စိတ်ငြိမ်ရန် ကြိုးစားနေကြသည်။ 


"အခုထိ တရားဝင်ထုတ်ပြန်ချက် ထွက်သေးတာမဟုတ်ဘူး...အင်တာနက် အသုံးပြုသူတွေက တခြားသူက သွေးဆောင်တာခံနေရတာ... သူတို့ရဲ့ အလိမ်အညာတွေကြား ထောင်ချောက်အမိမခံနဲ့..."


"Fangirlလုပ်လာတဲ့ အတောအတွင်း ဒီအနုပညာရပ်ဝန်းက မသန့်ရှင်းတဲ့အရာတွေကို ငါ အများကြီးမြင်ဖူးပြီးသွားပြီ ...ငါတို့တတွေ ယဲ့ဇယ်ရှစ်ဖက်က တရားဝင်သတင်းထုတ်ပြန်ချက် ထွက်မလာမချင်း တည်တည်ငြိမ်ငြိမ်နေရမယ်..."


"အားလုံးရဲ့ ပြန်လည်ချေပချင်စိတ်ကို ငါနားလည်တယ်... ဒါပေမယ့် အင်တာနက်အသုံးပြုသူတွေဆီက ရိုက်ချက်တွေက ပိုပြင်းထန်လေ ငါတို့တွေ ပိုပြီးတော့ တည်ငြိမ်နေရမယ်..."


"ငါတို့အစ်ကိုရဲ့ ဖြေရှင်းချက်ကို စောင့်ကြစို့..."


သို့သော် ဖရဲရွက်လေးများ မမျှော်လင့်ခဲ့သည်မှာ ယဲ့ဇယ်ရှစ်ထံမှ သူတို့မျှော်လင့်ထားသည့် ရှင်းပြချက် ရောက်မလာဘဲ ယဲ့ဇယ်ရှစ်၏ နှုတ်ထွက်ကြောင်း စာတစ်စောင် ရောက်လာမည်ကိုဖြစ်သည်။ 


ဖိုရမ်တွင် သတင်းထွက်ပေါ်လာပြီး တစ်နာရီအကြာတွင် ယဲ့ဇယ်ရှစ်က Weiboပို့စ်တစ်ခု တင်ခဲ့သည်။


@ယဲ့ဇယ်ရှစ်: " ကျွန်တော့်ကို တစ်လျှောက်လုံး အားပေးလာခဲ့တဲ့အတွက် ပရိသတ်တွေကိုကျေးဇူးတင်ပါတယ်... မနက်ဖြန်က ဖိုင်နယ်ပွဲနေ့ပါ... ဒါပေမယ့် ကျွန်တော့်မှာ အလွန်နောင်တရဖွယ် ကြေညာချက်တစ်ခု ရှိပါတယ်... ကျွန်တော် မနက်ဖြန် ဖိုင်နယ်ပွဲကနေ နှုတ်ထွက်လိုက်ဖို့ ဆုံးဖြတ်ပြီးပါပြီ... ကျွန်တော့်ကို တစ်လျှောက်လုံး ကူညီပေးခဲ့ပြီး ဂရုစိုက်ပေးခဲ့ကြတဲ့ နည်းပြတွေနဲ့ ဝန်ထမ်းတွေအားလုံးကို အရမ်းကျေးဇူးတင်ပါတယ်... အနာဂတ်မှာ ပြန်လည်ဆုံတွေ့ချင်ပါသေးတယ်..."


ထိုWeiboပို့စ်ကို မြင်လိုက်သည်နှင့် ဖန်များမှာ ဆွံ့အသွားကြသည်။


မှတ်ချက်စာမျက်နှာမှာ ဒေါသထွက်နေသော အင်တာနက်အသုံးပြုသူများနှင့် စွေ့ယီဖန်များမှ အလျင်အမြန် သိမ်းပိုက်ခြင်းခံလိုက်ရသည်။ 


[ဒါက တိုက်ရိုက်နှုတ်ထွက်တာလား...]


[ဪ...နင်က မတောင်းပန်ဘဲနဲ့ ထွက်သွားချင်တယ်ပေါ့လေ... မျက်နှာပြလိုက်စမ်း ယဲ့ဇယ်ရှစ်...]


[နင်တို့လိုလူမျိုးက တစ်ယောက်ယောက်ကိုရိုက်ပြီးမှ နှုတ်ထွက်ကြောင်း ကြေညာတယ်ပေါ့လေ... ဘယ်လိုတောင် ကျိုးကြောင်းညီညွတ်နေမှုကြီးလဲ...]


[စွေ့ယီနဲ့ နင်အနိုင်ကျင့်ခဲ့တဲ့ ပြိုင်ပွဲဝင်တွေကို တောင်းပန်စမ်း...]


[နှုတ်ထွက်လိုက်တာနဲ့ ပြဿနာတွေရှင်းသွားလိမ့်မယ် မထင်နဲ့...]


ဖရဲရွက်များလည်း ဤတစ်ခါတွင် ရှုပ်ထွေးသွားကြရသည်။ 


ဘာဖြစ်လို့ ယဲ့ဇယ်ရှစ်က ဖြေရှင်းချက် မပေးဘဲနဲ့ နှုတ်ထွက်သွားရတာလဲ ဖိုရမ်မှာပြောနေတဲ့ကောလာဟလတွေက အမှန်ပဲလား...


ယဲ့ဇယ်ရှစ်က စွေ့ယီကို တကယ်ရိုက်ခဲ့ပြီး... တခြား ပြိုင်ပွဲဝင်တွေကိုလည်း တကယ်အနိုင်ကျင့်ခဲ့တာလား...


ဘာတွေလဲ... ငါတို့တွေ မနက်ဖြန် ဖိုင်နယ်ပွဲအတွက် အများကြီးပြင်ဆင်ထားခဲ့ပြီးတာတောင် ဒီရလဒ်က ငါတို့စောင့်နေတဲ့အရာတဲ့လား....


များစွာသောဖန်တို့မှာ နေရာမှာပင် လဲပြိုခဲ့ကြသည်။


ငါတို့အကြာကြီး အားပေးလာခဲ့တဲ့လူက အင်တာနက်အသုံးပြုသူတွေပြောသလို လူဆိုးတစ်ယောက်လို့ တကယ်ခံစားလိုက်ရတယ်...


သို့သော် အင်တာနက်အသုံးပြုသူများအတွက် အံ့သြစရာများက ရောက်လာရန် ကျန်နေသေးသည်။ ၅မိနစ်ကြာသောအခါ ထန်ကျင့်လည်း Weiboတွင် ပို့စ်တင်လာခဲ့သည်။


@ထန်ကျင့်: "Time Idol မှာပါဝင်ယှဉ်ပြိုင်ကတည်းက ကျွန်တော် အတွေ့အကြုံတွေရော သူငယ်ချင်းအသစ်တွေရောပါ ရခဲ့ပါတယ်... တစ်ချိန်တည်းမှာပဲ ကျွန်တော် သင်ခန်းစာအများကြီးကိုလည်း ရခဲ့ပါတယ်... မနက်ဖြန်ဖိုင်နယ်ပွဲနေ့ပါ... ဒါပေမယ့် စိတ်မကောင်းစွာနဲ့ ကျွန်တော် အဲ့ဒီစင်မြင့်ပေါ်မှာ နောက်တစ်ဖန် ထပ်ပြီးရပ်နိုင်တော့မှာ မဟုတ်တော့ပါဘူး... ဒါကြောင့် ဒီနေရာက‌နေ ကျွန်တော့်ကိုအားပေးခဲ့တဲ့ ပရိသတ်တွေကိုတောင်းပန်ချင်ပါတယ်...ကျွန်တော် တောင်းပန်ပါတယ်..."


ယဲ့ဇယ်ရှစ်ပွဲအား ဘေးကပ်ကာ ကြည့်နေခဲ့ကြသော သကြားခဲလေးများမှာ ထိုပို့စ်ကိုမြင်သည်နှင့် ချက်ချင်းပင် ကြောင်အသွားကြလေသည်။


ဒါ ဘယ်လိုအခြေအနေကြီးလဲ...


ထန်ကျင့်ရော ရန်ပွဲထဲမှာ ပါခဲ့တာလား ...ဒါမှမဟုတ် ယဲ့ဇယ်ရှစ်က ဆွဲထည့်လိုက်တာလား...


အခြားသူ၏ အတင်းအဖျင်းကို ကြည့်ပျော်နေကြသော သူတို့မှာ သူတို့အစ်ကိုကြီးကပါ အတင်းအဖျင်း၏ တစ်စိတ်တစ်ပိုင်း ဖြစ်လာသောအခါ အံ့ဩရုံမှတစ်ပါး မတတ်နိုင်တော့ချေ။


[ဟမ်...ထန်ထန် ဘာဖြစ်ခဲ့တာလဲ...]


[မဖြစ်ဘူး... ထန်ထန် ငါအခုချိန်ထိ နင့်စောင့်ကြည့်ခဲ့ရတာ ငါနင့်ကိုတကယ်ကြိုက်တယ်...]


[ယဲ့ဇယ်ရှစ်ဆီက အနိုင်ကျင့်ခံရတဲ့နောက်ထပ် ပြိုင်ပွဲဝင်တစ်ယောက်လား သူလည်းပဲနှုတ်ထွက်သွားတာလား...]


[သေစမ်း... ငါအခုမှ cpဖန်ဖြစ်ကာစရှိသေးတာ အခုတော့အဲ့ဒီcpက BEတဲ့လား...]

(BE = bad ending)


[ဖန်အဖွဲ့ရဲ့ ကျဆုံးခန်းလား...]


[ထန်ထန်... ဒီလိုမျိုးကြီးနှုတ်ထွက်မသွားနဲ့လေ ဘာဖြစ်ခဲ့တာလဲ...]


ထန်ကျင့်၏ ဖန်များ တုန်လှုပ်ခြောက်ခြားနေကြစဉ်ပင် ထန်ကျင့်စတူဒီယိုမှ အကွက်တစ်ခုရွှေ့လာခဲ့ပြီး ဗီဒီယိုတစ်ခုကို ထုတ်လွှင့်ခဲ့လေသည်။ 


အင်တာနက်အသုံးပြုသူများမှာ အနုပညာရှင်တို့၏ အတင်းအဖျင်း သတင်းများကို ဖတ်ပြီး စိတ်လှုပ်ရှားနေကြသည်။ များမကြာမီတွင် ဖြေရှင်းချက်တို့ ထွက်ပေါ်လာခဲ့သည်။ မိနစ်အနည်းငယ်အတွင်းမှာပင် အင်တာနက်တစ်ခွင်တွင် လိုက်ခ် နှင့် မှတ်ချက်များ ပွစာကျဲသွားသည်။ 


ထန်ကျင့်စတူဒီယို၏ Weiboဗီဒီယိုတွင် ယဲ့ဇယ်ရှစ်နှင့်ယှဉ်၍ အနိုင်ကျင့်မှုနှင့် စွပ်စွဲချက်တို့ တပုံတစ်ပင် ပါဝင်လေသည်။


[ဟုတ်တယ် ဒါကမှခိုင်လုံတဲ့ သက်သေပြချက်ပဲ...ယဲ့ဇယ်ရှစ် ဘယ်လိုဖြေရှင်းမလဲ စောင့်ကြည့်ဦးမယ်...]


[ငါအရင်ကတည်းက ယဲ့ဇယ်ရှစ်ကို အလွန်အကျူးကို မားကတ်တင်းဆင်းနေတာလို့ထင်‌ခဲ့တာ အခုတော့ သူ့ရဲ့ဘဝ တစ်ဆစ်ချိုးပြောင်းတာပဲ...သူနဲ့ထိုက်တန်တယ်...]


[ယဲ့ဇယ်ရှစ်က ကြမ်းကြမ်းတမ်းတမ်း အပြုအမူတွေကို ရှေ့ဆောင်လမ်းပြ လုပ်သလို ဖြစ်နေလိမ့်မယ်... ဒီလိုမျိုးစရိုက်နဲ့ လူတွေကို ဖယ်ထုတ်ပြစ်တာကောင်းတယ်…သူ့ကိုနောက်ထပ်‌ ရှေ့ထွက်မလာခိုင်းသင့်တော့ဘူး...]


[ယဲ့ဇယ်ရှစ်ဆီက အရင်က အနိုင်ကျင့်ခံရတဲ့ပြိုင်ပွဲဝင်တွေက တကယ်သနားစရာပဲ...စွေ့ယီက ပိုတောင်ဆိုးသေးတယ်...ယဲ့ဇယ်ရှစ် အနုပညာရပ်ဝန်းထဲက မြန်မြန်ထွက်သွားလိုက်တော့...]


……………


မှတ်ချက်စာမျက်နှာတွင် အတင်းအဖျင်း‌ ပြောနေကြသည်မှာ အင်တာနက်အသုံးပြုသူများသာမက စွေ့ယီ ဖန်များပါ ရှိနေသည်။


သူတို့အိုင်ဒေါကို မှားသည်ဟု ပြောသည့်သူမှန်သမျှအား မောင်းထုတ်ကြသည်။ စွေ့ယီဖန်များမှာ အလွန် ဒေါသထွက်နေကြသည်။ 


ယခုတွင် အနိုင်ကျင့်ခံရသည်မှာ တစ်ယောက်မက ရှိနေသောကြောင့် စွေ့ယီဖန်များက ထန်ကျင့်အတွက်ပင် တရားမျှတမှုရစေရန် ကူညီပေးကြသည်။


သို့သော် တဖြည်းဖြည်းနှင့် မှတ်ချက်ဧရိယာတွင် မတူညီသည့်အသံများပေါ်ထွက်လာသည်။


[အပေါ်ထပ်က ယဲ့ဇယ်ရှစ်ကို ဆဲနေတဲ့သူတွေ ဗီဒီယိုကို ဆုံးအောင်ကြည့်ပြီးပြီလား...]


ထိုအချိန်တွင် ယဲ့ဇယ်ရှစ်ကို ဆဲရန်ကြံနေသည့် အင်တာနက်အသုံးပြုသူများလည်း တစ်ခုခုမှားနေကြောင်း သတိထားမိလိုက်ကြသည်။ 


ထိုဗီဒီယိုမှာ အလွန်မကြာဘဲ ၅မိနစ်မျှသာရှိသည်။ သို့သော် ဖန်တစ်ယောက်ပင်လျှင် ထိုဗီဒီယိုကို အဆုံးထိကြည့်ရန် စိတ်မရှည်ကြပေ။


အင်တာနက်အသုံးပြုသူများနှင့် စွေ့ယီဖန်များ တစ်ခုခု မှားနေကြောင်း သတိပြုမိကာမှ ထိုဗီဒီယိုကို စတင်ကြည့်လိုက်ကြသည်။


ထိုဗီဒီယိုမှာ ဤကဲ့သို့ဖြစ်သည်။ ဗီဒီယိုထဲရှိ အမျိုးသား၏အသံမှာ ညင်သာလျက်ရှိကာ အနည်းငယ်ရင်းနှီးနေသည့်အသံဖြစ်သည်။


"ထန်ကျင့်က သူ့ကိုယ်ကိုသူ ဘာကောင်လို့ထင်နေတာလဲ... တခြားသူတွေ ကစားတာခံနေရတဲ့ အပျက်ကောင်သာသာ အကောင်ကများ ဘယ်နေရာက ငါ့ရှေ့မှာ တော်ချင်ယောင် မြင့်မြတ်ချင်ယောင် ဆောင်လို့ရတယ်လို့ ထင်စေလိုက်တာလဲ..."


"ဟေး ဒါပေမဲ့ ယဲ့ဇယ်ရှစ်ကို တော်တော်မြင်တတ်တာ တစ်ခုတော့ပြောရမယ်... သူနဲ့အိပ်ရာထဲမှာ ကစားဖို့ ဒီလို အင်အားပြည့်တက်ကြွနေတဲ့လူမျိုး ရှိတာဆိုတော့ တော်တော်တော့ စိတ်လှုပ်ရှားဖို့ကောင်းမယ့်ပုံပဲ..."


"မအေ_* က ငါ့ရှေ့မှာ တရားမျှတတာလိုလို ဘာလိုလို လာလုပ်နေတာ... အနှေးနဲ့အမြန် အဲ့ကောင်ကို ငါ...ပီ...ပီ...ပီ...ပီ——"


နားမခံနိုင်ဖွယ် စကားလုံးများမှာ ကြည့်ရှုသူများ၏ နားထဲသို့ ပြည့်တင်းစွာ တစ်လုံးပြီးတစ်လုံး ဝင်ရောက်လာခဲ့သည်။ ထိုအယုတ္တအနတ္တ စကားများအား ဆင်ဆာဖြတ်ထားသော်လည်း ပြောသည့်လေသံမှာမူ နားထောင်သူများအား နားမခံနိုင်ဖြစ်စေလေသည်။


ယဲ့ဇယ်ရှစ်အား တိုက်ခိုက်နေရင်း အလုပ်ရှုပ်နေကြသည့် အင်တာနက်အသုံးပြုသူများမှာ ကြောင်အသွားကြသည်။


[ဒါ...ဒါက ယဲ့ဇယ်ရှစ် အသံလား...]


[ဒါက ယဲ့ဇယ်ရှစ် အသံမဟုတ်တာ အရှင်းကြီးလေ...]


[လခွမ်း... ဒီဗီယိုထဲက ဘယ်လိုငတုံးမျိုးက ဒီလောက်ရိုင်းတဲ့ စကားတွေ ပြောထွက်နေတာတုန်း...]


စွေ့ယီဖန်များလည်း ရုတ်တရက် ထိတ်လန့်သွားသည်။ 


စိတ်ရှုပ်ထွေးသွားကြသည့် အင်တာနက်အသုံးပြုသူများနှင့်မတူစွာ သူတို့ကြားလိုက်ရသည်မှာ ကွဲပြားသောကြောင့် ဖြစ်သည်။ 


အဘယ်ကြောင့်ဆိုသော် ထိုအသံမှာ စွေ့ယီ၏ အသံနှင့် အလွန်တူသောကြောင့်ဖြစ်သည်။


စွေ့ယီဖန်များမှာ လက်ဖျားခြေဖျားများပင် အေးစက်သွားသည်ဟု ခံစားလိုက်ကြရသည်။ သူတို့ကြားလိုက်ရသည်က မှားနေစေရန်သာ သူတို့ရင်ထဲ၌ တိတ်တခိုး ဆုတောင်းမိနေကြသည်။ 


များမကြာမီတွင် တစ်မိနစ်ခန့်မျှ စော်ကားပြောဆိုနေခဲ့သည်မှာ ပြီးဆုံးသွားလေသည်။ ထို့နောက် စကားပြောခန်းတစ်ခု၏ စခရင်ရှော့တစ်ခုမှာ မြင်ကွင်းတွင် ဝင်ရောက်လာသည်။ ထိုစခရင်ရှော့မှာ သူတို့၏ နောက်ဆုံးအသက်ကယ် ကောက်ရိုးမျှင်လေးအား လုံးဝချိုးဖဲ့လိုက်လေသည်။


ထိုစခရင်ရှော့၏ အလယ်အထက်ပိုင်းနားတွင် စွေ့ယီဟူသော စာလုံးနှစ်လုံးသာ ရှိ‌နေသည်။


ထိုစကားပြောခန်း၏ အကြောင်းအရာမှာ ပို၍ပင် မယုံနိုင်ဖွယ် ကောင်းလေသည်။


စွေ့ယီ: "တွေ့ချင်လား..."


ထန်: ?


စွေ့ယီ: "မင်း ယဲ့ဇယ်ရှစ်နဲ့ လမ်းခွဲလိုက်ပြီ မလား... ငါနဲ့ မလုပ်နိုင်ဘူးလား..."


ထန်: ?


စွေ့ယီ: #ဓာတ်ပုံ#


စွေ့ယီ: "ကြီးတယ်မလား... ကြိုက်ရဲ့လား..."


စွေ့ယီ: #ဆင်ဆာ# #ဆင်ဆာ# #ဆင်ဆာ# 


ထိုစကားပြောခန်းမှာ ဆက်လက်ရှိနေသည်။ ဓာတ်ပုံများကိုလည်း ဆင်ဆာဖြတ်ထားဆဲဖြစ်သည်။ သို့သော် ထိုဓာတ်ပုံတို့၏ ထိချက်မှာ အင်တာနက်အသုံးပြုသူတို့နှင့် ဖန်များအပေါ်တွင်မူ မသေးငယ်ပေ။


[သူ့မေလခွမ်း... အဲ့ဒါ ငါထင်နေတဲ့ ဟာလား...]


[ဖာ့ခ်... ငါ့မျက်လုံးတွေတော့ ညစ်နွမ်းကုန်ပါပြီ... ဆေးဖို့မျက်စဉ်းလေးဘာလေး ပေးကြပါ...]


[ဝေါ့...]


[ ငါတော့အန်ချင်သွားပြီ...]


[ဒါကြီးက အိပ်ဖို့ခေါ်တာမဟုတ်ဘူးလား...]


[ဒါတွေက စွေ့ယီ ပြောခဲ့တာတွေလို့ အခုထိ စိတ်ကူးကြည့်လို့မရသေးဘူး... ဘာလို့လဲဆိုတော့ ငါသူ့မျက်နှာကို အသေကြိုက်တာလေဟာ...]


[ရှော့ခ်ရသွား... အဲ့ဒါ တကယ်စွေ့ယီလား...]


[ရူးလောက်စရာပဲ... ယဲ့ဇယ်ရှစ်က ပြိုင်ပွဲဝင်တွေကို အနိုင်ကျင့်ပြီး ထန်ကျင့်ကိုထွက်သွားအောင် လုပ်ခဲ့တာမဟုတ်ဘူးလား... အခုကဘယ်လိုအခြေအနေကြီးတုန်း...]


[ငါမယုံဘူး အစ်ကိုစွေ့ယီက ချောက်ချခံရတာဖြစ်မယ်... ဘယ်သူမဆို စခရင်ရှော့ကို အတုလုပ်လို့ရတာပဲလေ... ငါတောင်လုပ်လို့ရတယ်...]


[မှတ်ချက်ဧရိယာကို ဆင်းလာဖို့ ကြံနေတဲ့ စွေ့ယီဖန်တွေကို အကြံပေးချင်တာကတော့ ဗီဒီယိုကို အဆုံးထိ ပြီးအောင်ကြည့်ပြီးမှ စကားပြောဖို့ရာပါပဲ...]


စွေ့ယီ၏ဖန်များမှာ သူတို့ရင်ထဲမှ တုန်လှုပ်နေမှုတို့ကိုမျိုသိပ်ကာ ကျည်ဆံကိုကိုက်၍ ဆက်လက်ကြည့်ကြရတော့သည်။ 


ဗီဒီယို၏နောက်နှစ်မိနစ်တွင် ရန်ဖြစ်ရသည့် အခြေအနေအမှန်ကို ဖန်များနှင့် အင်တာနက်အသုံးပြုသူများထံသို့ လုံးဝဖွင့်ပြခံလိုက်ရသည်။


ထိုကိစ္စမှာ ယဲ့ဇယ်ရှစ်နှင့် မသက်ဆိုင်ရုံမျှမက ထိုနေရာ၌သာ ယဲ့ဇယ်ရှစ် ရှိမနေခဲ့ပါလျှင် အခြေအနေက ပို၍ ဆိုးရွားသွားနိုင်သည်ဟုပင် ပြောနိုင်သည်။


"Time Idol"၏ ဖိုင်နယ်ပွဲ မတိုင်မီတွင် ပွဲအတွက် ပြင်ဆင်နေရင်း စိတ်ဖိစီးမှုများနေသော ပြိုင်ပွဲဝင်များကို စိတ်ပြေလျော့စေရန်အလို့ငှာ ပရိုဂရမ်အဖွဲ့မှ ပြိုင်ပွဲဝင်များအတွက် စားသောက်ပွဲအသေးစားလေး ပြင်ဆင်ပေးလေသည်။


ပါတီပွဲတွင် စွေ့ယီက ထန်ကျင့်အနားသို့ မကြာခဏဆိုသလို သွားလေသည်။ 


ထန်ကျင့် အကြိမ်အနည်းငယ်မျှ စကားပြန်မပြောခဲ့ပေ။ ထိုအစား သူရှောင်ထွက်သွားရန်ပင် လုပ်ခဲ့သည်။ 


စွေ့ယီ ထိုသို့ ထပ်ခါခါလုပ်နေခြင်းက ပို၍ပင်ဆိုးလာပြီး သူ့ကို လက်သီးသုံးပြီး ဖြေရှင်းစေသည့် အဆင့်ထိရောက်ခဲ့သည်။  


သို့သော် ထန်ကျင့် မစမီ လက်အရင်ပါခဲ့သူမှာ စွေ့ယီဖြစ်သည်။


ဖန်ကွဲသံနှင့်အတူ သူတို့နှစ်ဦးမှာ အတူတကွ လုံးထွေးနေလျက် ရှိနေကြ‌သည်။


ဘေးနားရှိ ဝန်ထမ်းများ အမြန်ပြေးလာကာ သူတို့နှစ်ဦးကို ခွဲလိုက်ကြရ၏။ 



🎶🎶🎶