251
သူ့ညီအစ်ကိုအားလုံး ဆွံ့အသွားကြသည်။ ကျန်းရှောင်မန် ပြောပြောပြီးချင်း ထိုကဲ့သို့စလုပ်မည်ဟု မမျှော်လင့်ထားကြပေ။ သူတို့၏ ကနဦးအံသြမှုပြီးနောက်တွင် သူတို့၏အကိုကြီးက နာကျင်မှုဒဏ်ကြောင့် သူ၏မေးစေ့ကိုကာထားသည်။ ထို့နောက်တွင် သူတို့ချက်ချင်းပင်အပြေးအလွှားထွက်ပြေးသွားကြတော့သည် ။
.....
ရလဒ်ကတော့ သိသိသာသာပင် ။
သူတို့အားလုံးအရိုက်ခံလိုက်ရသည် ။
ကျန်းရှောင်မန်က အလွန်သန်မာပြီး အားနည်းသည့်နေရာများကိုရိုက်နှက်ရာတွင် အထူးတော်လေသည်။ ကျန်းရှောင်မန်၏ကန်ချက်နှင့် ရိုက်ချက်အားလုံးက ကိုယ်ခံပညာဆရာ၏လိုအပ်ချက်များနှင့်အံဝင်ခွင်ကျဖြစ်နေပြီး ခွန်အားလည်းဆုံးရှုံးမှုမရှိပေ။ သူမအားနည်းနည်းဖြင့် ကြီးကြီးမားမားသက်ရောက်အောင် ကြိုးစားစွမ်းဆောင်လိုက်သည် ။
၎င်းကိုတိုက်ခိုက်သည်ဟုခေါ်သော်လည်း တကယ်တမ်းပြောရလျှင်တးပြဿနာမရှိပေ။ နည်းပညာက ခက်ခက်ခဲခဲကျယ်ကျယ်ပြန့်ပြန့်ဖြစ်ပြီး သူတို့ဒေါသထွက်၍ ကြမ်းကြုတ်စွာဆဲ၍ လမ်းပေါ်တွင်တစ်ယောက်ဆံပင်တစ်ယောက် ဆောင့်ဆွဲသည့်အဆင့်လောက်သာ ရှိသေးသည် ။
သူတို့လုပ်နိုင်သည့် အရာအားလုံးမှာ လက်သီးများကိုရမ်းသမ်းပမ်းသမ်းထိုးနေခြင်းပင်ဖြစ်သည်။ တစ်ယောက်ရှေ့ထွက်လာပြီးနောက်တွင် နောက်တစ်ယောက်သည်လည်းအရှေ့တစ်ယောက်အတိုင်းပင် လိုက်ရမ်းသမ်းပြီးထိုးလေသည်။ သေချာစွာလေ့ကျင့်ထားသည့်ကျန်းရှောင်မန်အတွက် သူတို့က ပြိုင်ဘက်ကောင်းမဟုတ်ပေ ။
ကျန်းရှောင်မန် သူတို့ခေါင်းကိုမချေမွပစ်သော်လည်း သူတို့အားလုံးကို မြေပေါ်လဲသည်အထိရိုက်ခဲ့သည် ။
အကိုကျဲက သူ့ညီငယ်များ၏ရှေ့တွင်ခေါင်းဆောင်တစ်ယောက်အနေဖြင့်ဂုဏ်သိက္ခာကို ထိန်းသိမ်းချင်သော်လည်း ထပ်ခါထပ်ခါရှုံးနိမ့်မှုကိုခံစားရပြီး အဆိုးရွားဆုံးရိုက်ချက်ကိုခံလိုက်ရသည် ။
ယခုချိန်တွင် သူ့ဗိုက်ကိုဖိကာ လဲနေပြီး ကျန်းရှောင်မန်ကသူ့နောက်တွင်ရပ်၍ သူ့ကိုဖိထားခဲ့ကာ နာကျင်နေသည့်သူ့ကိုလှောင်ပြောင်နေခဲ့သည် ။
" ဘယ်လိုနေလဲ၊ အိမ်သာအနံ့ကကောင်းရဲ့လား... "
အံကြိတ်ရာကနေထွက်လာသည့်အသံတိုးတိုးဖြင့်ပြောလိုက်သည် ။
အကိုကျဲ၏မျက်နှာက အစိမ်းရောင်ပြောင်းလာသည်။ သူရုန်းကန်သည်နှင့်တစ်ပြိုင်နက် ကျန်းရှောင်မန် အားကိုထပ်ထည့်ကာ သူ့ကိုကြမ်းပြင်ဖြင့်မထိမချင်းသူ့အပေါ်ဖိထားခဲ့သည် ။
' သေလိုက်ပါတော့ သူမကလူတွေကိုအရမ်းအနိုင်ကျင့်နေတာပဲ '
သို့သော် သူတကယ်ကို ပြန်မတိုက်ခိုက်နိုင်ပေ ။
မထင်မှတ်စရာမှာ သူမက နူးညံသည့်မိန်းကလေးပုံပေါ်သော်လည်း အမှန်တကယ်တွင် ခွန်အားကြီးမားသည့်မိန်းကလေးတစ်ယောက်ဖြစ်သည် ။
ထွက်ပြေးချင်နေကြသည့် ညီငယ်အားလုံး ၎င်းကိုမြင်လိုက်ချိန်တွင် သူတို့ဒူးများပျော့ခွေသွားတော့သည် ။
သူတို့ယခုလေးတင်အရိုက်ခံလိုက်ရသည့် နေရာများက နာနေတုန်းဖြစ်သည် ။
အဖွဲ့ရှိလူများအားလုံး ဘာလုပ်ရမှန်းမသိ၍ တစ်ယောက်ကို တစ်ယောက်ကြည့်လိုက်ကြသည် ။
သူတို့က လူများကိုရိုက်နှက်ခြင်းနှင့် အားနည်းသည့်သူများကိုအနိုင်ကျင့်ရာတွင်တော်သော်လည်း အရိုက်ခံရခြင်းကို သည်းမခံနိုင်ကြပေ ။
ပုံမှန်တွင် သူတို့က အဖွဲ့လိုက်ကြီး တိုက်ခိုက်ကြပြီး ကြုံရာကျပမ်းထိုးနေကြဖြစ်သည်။ တစ်ခါတစ်ရံ သူတို့ရန်သူဆီကအရိုက်ခံနေရခြင်းလား သူငယ်ချင်းအချင်းချင်းဆီကအရိုက်ခံရခြင်းလားပင်မပြောနိုင်ပေ။ တိကျသောထိုးနှက်မှုများနှင့် ကျန်းရှောင်မန်ဆီမှထိုးနှက်ခံရခြင်းသည် အနည်းငယ်ပျော့ပျောင်းသည်ဟုထင်ရသော်လည်း သူတို့၏ခန္ဓာကိုယ်က ထုံကျင်ပြီး ကြောက်စရာကောင်းသည့်နာကျင်မှုကိုခံစားနေရသည် ။
" ဘယ်လိုနေလဲ…” ကျန်းရှောင်မန်ဂုဏ်ယူစွာဖြင့် " ထပ်အရိုက်ခံချင်သေးလား "
' မလိုတော့ပါဘူး '
' မလိုတော့ပါဘူး '
သို့သော်အလွန်ရှက်ဖို့ကောင်း၍ သူတို့ထိုစကားလုံးကိုပင် မပြောနိုင်ပေ ။
ထိုနေရာတွင် လူတစ်ဒါဇင်ထက်ပို၍ရှိနေသည်။ ကြောက်ရွံ့စရာကောင်းသည့် ကျောင်းအနိုင်ကျင့်သူများက မိန်းမငယ်လေးတစ်ယောက်၏ ရိုက်နှက်ခြင်းကိုခံရသည်ဟုပြောလျှင် မည်သူမှယုံလိမ့်မည်မဟုတ်ပေ ။
အားလုံး၏မျက်လုံးများက သူတို့အကိုကြီး၏ ညွှန်ကြားမှုကိုမျှော်လင့်နေခဲ့သည် ။
သနားစရာကောင်းသည်မှာ အကိုကျဲကသူ့ကိုယ်သူဂရုစိုက်ရန်အတွက်သာ အလုပ်များနေ၍ သူတို့ကို မည်ကဲ့သို့လမ်းညွှန်ပေးနိုင်မည်နည်း ။
သူတို့အဖွဲ့ရှုံးနိမ့်သွားခဲ့သည်။ သူတို့တိုက်ခိုက်ခြင်းကိုရပ်လိုက်ပြီး ခုခံနေခြင်းကိုလည်းရပ်တန့်လိုက်သည် ။
ရှုံးနိမ့်သူများသးက အောင်နိုင်သူ၏အမိန့်ကိုနာခံရမည်ဖြစ်သည်၊ ၎င်းသည် ' ကျန်းဟူ ' ၏စည်းမျဥ်းဖြစ်သည် ။
ကျန်းရှောင်မန်လွတ်လပ်ခွင့်ပေးမှသာ သူတို့ဘာသာသူတို့ထွက်သွားနိုင်မည် ။
ကျန်းရှောင်မန်အိမ်သာထောင့်ကို လက်ညိုးထိုးပြကာ ကျယ်လောင်စွာဖြင့်ပြောသည်။
" နင်... နင် ... နင် နဲ့ နင်၊ နင်တို့လက်တွေကိုခေါင်းပေါ်တင်ပြီး အဲဒီ့နေရာမှာဆောင့်ကြောင့်သွားထိုင်နေ... "
လူတစ်စုက သူတို့ခေါင်းကိုကိုင်ကာ ဆောင့်ကြောင့်ထိုင်နေကြရသည် ။
…
ထိုအခြေအနေကိုကြည့်ရသည်မှာ အနည်းငယ်မှားယွင်းနေသလိုပင်၊ ထိုကဲ့သို့အခြေအနေမျိုးကိုတစ်နေရာရာမှာမြင်ဖူးနေသလိုပင် ။
' ဒါပေါ့ကြည့်ရတာ ရင်းနှီးနေမှာပေါ့ ' ထိုအရာသည် ကျန်းရှောင်မန်ရဲစခန်းသို့နှစ်ခေါက်သွားခဲ့စဥ်က သင်ယူခဲ့ခြင်းဖြစ်သည် ။
သူမယွီချင်းရှီဆီမှ အပေါ်ထပ်ကိုယူ၍ ဝတ်လိုက်ပြီး တည်ငြိမ်စွာဖြင့်ဆိုလိုက်သည် ။
" ပြော…နင်ဒီကိစ္စကိုတိုးတိုးတိတ်တိတ်ဖြေရှင်းချင်လား ဒါမှမဟုတ် ဥပဒေအရဖြေရှင်းချင်လား "
' တိုးတိုးတိတ်တိတ်လား... ဥပဒေလား...
ထိုလမ်းသရဲအဖွဲ့ ရှုပ်ထွေးသွားခဲ့သည် ။
' ဘာလို့စံပြကျောင်းသားမှာ နည်းလမ်းတွေအများကြီးရှိနေတာလဲ... '
' ဒါကရောဘာလဲ '
ကျန်းရှောင်မန်မှနေ၍
" အကယ်၍တိုးတိုးတိတ်တိတ်ပဲဆိုရင် နင်သူ့ကိုတောင်းပန်ရမယ်၊ နင်သူ့ကိုဒါမှမဟုတ် တခြားအတန်းဖော်တွေကိုနောက်ထပ်အနိုင်မကျင့်မရတော့ဘူး၊ အခုကစပြီး နင့်စိတ်ကိုပြောင်းလဲပြီး လူသစ်တစ်ယောက်ဖြစ်လာရမယ် "
အကိုကျဲ သူမကိုလှောင်သည့်အကြည့်ဖြင့်ကြည့်နေသော်လည်း ကျန်းရှောင်မန်ကသူ့ကိုပြန်စိုက်ကြည့်နေခဲ့သည် ။
" အကယ်၍ ဥပဒေအရဖြေရှင်းချင်တယ်ဆိုရင်တော့ ငါတို့ဆရာမဆီကိုသွားကြမယ်... "
ကျန်းရှောင်မန်မှနေ၍
" ငါနင့်ကိုတိုက်ခိုက်ခဲ့တယ် နင်လည်းငါ့ကိုတိုက်ခဲ့တာပဲ၊ အကယ်၍ ငါသုံးသပ်စာရေးရမယ်ဆိုရင်လည်း ရေးရုံပဲပေါ့၊ လုပ်စရာရှိတာကိုလုပ်ပြီးရင် ဒီကိစ္စကိုဖြေရှင်းဖို့ရဲကို သွားရှာကြမယ် "
သူမရူးနေတာများလား...
xxxxxxx
252
၎င်းတို့ကဲ့သို့လူမျိုးကိုပင် သူတို့မကိုင်တွယ်နိုင်ပါက သူတို့ကို ဆရာမများအာရုံစိုက်ရအောင်မလုပ်ရဲပေ။ ရဲစခန်းအတွက်ဆိုလျှင်လည်း သူတို့တစ်ခါမှမရောက်ဖူးပေ။ ထို့ပြင်သူတို့၏အပြစ်စိတ်ကြောင့် ရဲတွေဘေးမှသူတို့ဖြတ်သွားလျှင်ပင် သူတို့မြန်မြန်ပင် ဖြတ်လျှောက်သွားကြသည်၊ ပြဿနာထဲရောက်သွား၍ ရဲများပါ ပါ၀င်လာခဲ့သည့်အထက်တန်းကျောင်းသားတစ်ယောက်က ကျောင်းထွက်ရန်အတွက် အပြောခံခဲ့ရသည် ။
ရဲတွေပါ ပါလာအောင်ရည်ရွယ်ချက်ရှိရှိလုပ်တဲ့ဒီလိုလူမျိုးကို ဘယ်နားသွားရှာရမလဲ... သူမ မကြောက်ဘူးလား...
ယခုမတိုင်ခင်တုန်းကတွင် သူတို့သူမကို ရိုးသား၍အကြောက်အလန့်ကင်းပြီး လမ်းစည်းမျည်းကိုနားမလည်သည့် သူဟုထင်ခဲ့သော်လည်း ယခုတွင်သူမကရဲကိုခေါ်မည်ဟုပြောနေသည်ကိုကြားခဲ့ရသည်။ အကိုကျဲ၏ဂိုဏ်းက အမှန်တကယ်ပင်တုန်လှုပ်သွားခဲ့သည် ။
သူမက အကြောက်အလန့်မရှိတဲ့စစ်သည်စင်စစ်တစ်ယောက်ပါလား...
အကိုကျဲအနည်းငယ်ထစ်ထစ်ငေါ့ငေါ့ဖြင့်မေးလိုက်သည်။
" မင်း... မင်းရဲတွေကိုမကြောက်ဘူးလား၊ သူတို့မင်းကိုဖမ်းလိမ့်မယ်နော်…”
ဆရာမများနှင့် အဆက်အဆံလုပ်ရသည်မှာလွယ်ကူသည်။ ကိုယ့်ကိုကိုယ်သုံးသပ်စာရေးပြီး " နောက်ရန်ထပ်မဖြစ်တော့ပါဘူး" ဟုသာသူတို့ပြောရန်သာလိုသည်၊ သူတို့ထိုကဲ့အကြိမ်ပေါင်းမနည်းလုပ်ခဲ့ဖူးသော်လည်း ရဲများနှင့်အမှန်တကယ်ပင် သွားမရှုပ်သင့်ပေ။ သူတို့ရဲတစ်ယောက်ကိုမြင်သည်နှင့် ဒူးများပင်ပျော့ခွေသွားကြတော့သည် ။
ကျန်းရှောင်မန် အနိုင်ဖြင့်လှောင်လိုက်ကာ
" ငါတတိယတန်းမှာထဲက သုံးသပ်စာရေးနေရပြီ၊ နင်တို့ရွှံ့ထဲဆော့နေချိန်မှာ ငါကကျောင်းစည်းကမ်းချိုးဖောက်လို့ ဆရာမရုံးခန်းထဲကိုအခေါ်ခံနေရပြီ၊ ရဲစခန်းကတော့ ငါငါးနှစ် ဒါမှမဟုတ်ရင် ခြောက်နှစ်လောက်မှာတစ်ခါသွားဖူးတယ်၊ နောက်တစ်ခေါက်ကတော့ ငါကိုးနှစ် ဒါမှမဟုတ်ရင် ဆယ်နှစ်လောက်တုန်းကပဲ၊
ပထမတစ်ခေါက်တုန်းကတော့တစ်စုံတစ်ယောက်ကခြောက်နှစ်လောက်ထောင်ထဲဝင်ခဲ့ရပြီး၊ ဒုတိယတစ်ခေါက်ကြတော့နောက်ထပ်တစ်စုံတစ်ယောက်ကသုံးလလောက်ထောင်ထဲဝင်ခဲ့ရတယ်...”
သူမလက်များကို သူမခါးပေါ်တွင်ဂုဏ်ယူစွာဖြင့်ထောက်ထား၍ဆိုသည်။ "
" နင်ငါ့ကိုမယုံရင်၊ နင်သူ့ကိုမေးကြည့်လို့ရတယ်..."
ကျန်းရှောင်မန် ယွီချင်းရှီဆီသို့မေးငေါ့ပြလိုက်သည် ။
အားလုံးတစ်ပြိုင်တည်း ယွီချင်းရှီကိုကြည့်လိုက်ကြသည် ။
ယွီချင်းရှီ "..."
ယွီချင်းရှီခဏတာတိတ်ဆိတ်နေပြီးနောက်တွင် ခေါင်းငြိမ့်ပြလိုက်သည်။
" သူလိမ်နေတာမဟုတ်ဘူး... "
ကျန်းရှောင်မန် အမှန်တကယ် မလိမ်ခဲ့ပေ။ သူမပြောသမျှအားလုံးအမှန်များသာဖြစ်သည် ။
အကိုကျဲ၏ မျက်လုံးများတုန်လှုပ်သွားခဲ့သည် ။
သူ့ညီအစ်ကိုများ၏မျက်လုံးများလည်းတုန်လှုပ်သွားခဲ့သည်၊ သို့သော်တစ်ချိန်တည်းမှာပင် သူတို့၏အကြည့်များသည် လေးစားကြည်ညိုနေပုံပေါက်နေသည် ။
' သေစမ်း... ဒီလူကဘုရားတရားကိုင်းရှိုင်းတဲ့သူရောဟုတ်ရဲ့လား... '
' ဒါက ကျင်းဟူ ရဲ့ဒဏ္ဍာရီထဲကတစ်စုံတစ်ခုမဟုတ်ဘူးလား... '
ကျန်းရှောင်မန် သူတို့ငြိမ်ကျသွားသည်ကိုမြင်၍ စတင်တရားချတော့သည် ။
" ငါ့အဖွားကပြောတယ်...ယဥ်ကျေးတဲ့သူတွေနဲ့သင့်သင့်မြတ်မြတ်နေသင့်တယ်တဲ့… ငါလည်းနင်နဲ့သင့်မြတ်ချင်ပါတယ် ဒါပေမဲ့ နင်တို့ကရိုင်းစိုင်းပြီးလူကြီးလူကောင်းမဆန်ကြဘူးလေ... လူယုတ်မာတွေနဲ့ အရိုင်းစိုင်းတွေအတွက် ပိုကြီးတဲ့စည်းမျဥ်းတွေရှိတယ်... ငါနင်တို့အားလုံးကိုနိုင်သွားပြီဆိုတော့ နင်တို့ငါပြောတာကိုနားထောင်ဖို့လိုတယ်..."
' ဟုတ်တယ်…ဒါကလမ်းစည်းမျဥ်းပဲလေ '
အားလုံး၏မျက်လုံးထဲတွင် ထူးဆန်းသည့်မီးတောက်တစ်ခုတောက်လောင်လာခဲ့ပြီး ကျန်းရှောင်မန်ကိုပြင်းပြသောမျက်လုံးများဖြင့်ကြည့်၍ သူမဆက်ပြောလာမည်ကိုစောင့်နေခဲ့သည် ။
" ဒီတော့ အခု တိုးတိုးတိတ်တိတ်ပဲကျေအေးချင်တယ်ဆိုရင် သူ့ကိုတောင်းပန်လိုက်...နောက်ပြီး ကိုယ့်ကိုကိုယ်နောင်တရပြီး လူကောင်းတစ်ယောက်ဖြစ်လာအောင်လုပ်ချေ၊ ဒါမှမဟုတ်ရင်တော့လည်း ဥပဒေအရပဲပြီးပြတ်ချင်လား... "
အကယ်၍ ထိုကဲ့သို့ပြောသည့် သူကသာမန်မိန်းကလေးတစ်ယောက်သာဆိုလျှင် သူမကိုယ့်နေရာကိုကိုယ် မသိ၍ အကိုကျဲရယ်မိမည်ဖြစ်သည်။ သို့သော် ဤမိန်းကလေးက သူတို့အားလုံးကိုမြေပေါ်လဲအောင်ရိုက်ခဲ့ပြီးနောက်တွင် သူတို့အားလုံးသူမ၏အောင်မြင်မှုကို သိရှိခဲ့ပြီဖြစ်သည်။ အကိုကျဲ တုန်လှုပ်နေဆဲဖြစ်ပြီး သူ့တစ်ကိုယ်လုံးတုန်လှုပ်ချောက်ချားသွားသည်။ သူတွေးရုံမျှသာတွေးနိုင်သောကြောင့် သူအေးစက်စွာဖြင့်ပြောလိုက်သည်။
" အင်း... တိုးတိုးတိတ်တိတ်ပဲပေါ့၊ ညီကို ငါတောင်းပန်ပါတယ်၊ ငါကမိုက်မဲပြီး မာနကြီးနေတဲ့သူတစ်ယောက်ပါ..."
" တောင်းပန်ပါတယ်၊ ငါတို့မှားသွားတယ် "
လူဆယ်ယောက်၏ အသံထွက်လာခဲ့သည် ။
ယွီချင်းရှီမျက်မှောင်ကြုတ်၍ အနည်းငယ်သရော်လိုက်ပြီး စကားတစ်ခွန်းမှမပြောပေ ။
တောင်းပန်ပြီးနောက်တွင် အကိုကျဲ ကျန်းရှောင်မန်ကိုကြည့်၍ ရိုးသားစွာဖြင့်ဆိုလေသည်။
" ညီမလေး... ငါတို့နဲ့ပူးပေါင်းချင်လား …”
အကိုကျဲ အမှန်တကယ်ပင် ရိုးရိုးသားသားနှင့် ပြောလိုက်ခြင်းဖြစ်သည်။
ကျန်းရှောင်မန်၏ကျွမ်းကျင်မှုကို သူအလွန်အံသြသွားခဲ့သည်။ အကယ်၍ သူ့တွင်သာထိုကဲ့သို့သန်မာသည့်ချန်ပီယံတစ်ယောက်ရှိနေလျှင် အခြားကျောင်းမှအနိုင်ကျင့်သူများကိုကြောက်စရာလိုတော့မည်မဟုတ်ပေ။ ထိုကဲ့သို့သာဆိုလျင် တစ်လမ်းလုံးက သူ၏ပိုင်နက်ဖြစ်လာလိမ့်မည် ။
ကျန်းရှောင်မန်စိတ်မပါစွာဖြင့် သူ့ကိုကြည့်လိုက်ပြီး
" ငါလူဆိုးတွေနဲ့သူငယ်ချင်းမဖြစ်ချင်ပါဘူး၊ နင်တို့နောင်တရပြီး လူကောင်းမဖြစ်လာမချင်းပေါ့... "
ကျန်းရှောင်မန် လူဆိုးဖြစ်ရန် ဆုံးဖြတ်ချက်ချထားသော်လည်း သူမတွင်ခိုင်မာပြီး မယိမ်းယိုင်သည့် အခြေခံသဘောတရားတစ်ခုရှိသည် ၎င်းမှာ... ကလေးများကိုမရိုက်ရန် ဖြစ်သည် ။
ထို့ကြောင့် ကလေးတွေကိုရိုက်နှက်ရာတွင်အထူးပြုသည့် ဤမကောင်းသည့်လူများကို သူမနှင့်ကြံရာပါအဖြစ်စဥ်းစားမည်မဟုတ်ပေ ။
သူမနှင့် သူတို့သည်လမ်းကြောင်းခြင်းမတူကြပေ ။
xxxxxx
253
အကိုကျဲအငြင်းခံရ၍ ရှက်ပြုံးလေးသာပြုံးနိုင်သည်။ သူအိမ်သာထဲမှထွက်သွားမည့်အချိန်တွင် သူမကိုလေးလေးနက်နက်ဖြင့်ဦးညွှတ်ကာ " နှုတ်ဆက်ပါတယ် …” ဟုဆိုလိုက်သည် ။
ညီငယ်အားလုံးလည်းအကိုကျဲအတိုင်းလိုက်၍ ထွက်ရန်တန်းစီလိုက်ကြသည်၊ သူတို့ကျန်းရှောင်မန်ကို ဦးညွှတ်ရန်အတွက်လည်း မမေ့ကြပေ ။
" နှုတ်ဆက်ပါတယ်…"
" နှုတ်ဆက်ပါတယ်၊ အစ်မကြီး... "
" နှုတ်ဆက်ပါတယ်..."
ကျန်းရှောင်မန် "…"
ယွီချင်းရှီ "…"
အလွန်လေးစားစရာကောင်းနေသည် ။
ကျန်းရှောင်မန် ယွီချင်းရှီကိုကြည့်လိုက်ချိန်တွင် သူ့မျက်နှာပေါ်တွင်မည်သည့်အမှုအရာမှမမြင်ရသော်လည်း သူထိတ်လန့်သွားသည်ဟု သူမစိတ်ထဲတွင်သူမဘာသာကောက်ချက်ချလိုက်ပြီး ညင်သာစွာဖြင့်
" မကြောက်နဲ့…ငါနင့်ကိုကာကွယ်ပေးမယ် "
ယွီချင်းရှီတစ်ခွန်းမှမပြောပဲ ခဏတာတိတ်ဆိတ်သွားသည်။ သူ့နားရွက်များ အနည်းငယ်အနီရောင်သမ်းလာပြီး " … အမ်" ဟုပြောလိုက်သည်။
ကျန်းရှောင်မန် ပို၍သောကရောက်သွားပြီး ယွီချင်းရှီလက်ကိုဆွဲကာ
" လာ…ဒီအမက နင့်ကိုအရသာရှိတဲ့အစားအစာတွေစားဖို့ခေါ်သွားပေးမယ် "
" ကောင်းပြီလေ "
ကျန်းရှောင်မန်ပျော်ရွှင်စွာဖြင့် ယောကျာ်းလေးသန့်စင်ခန်းထဲမှထွက်လာခဲ့သည် ။
ယွီချင်းရှီ၏ရင်ထဲတွင် အဖုအထစ်ဖြစ်နေသေးသည်။ အမှန်တွင်ယောကျာ်းတစ်ယောက်ကို ထိုကဲ့သို့အခြေအနေမျိုးတွင် မိသွားသည်မှာအနည်းငယ် ကိုးရိုးကားရားနိုင်လေသည် ။
သူ ကျန်းရှောင်မန်၏အရှေ့တွင် သူ၏ယောကျာ်းပီသမှုကိုပြနိုင်တော့မည့်ပုံမပေါ်ပေ ။
သို့ပေမယ့် ကျန်းရှောင်မန်သူ့လက်ကိုဆွဲ၍ သူ့ရှေ့မှနေ၍ဦးဆောင်နေသည်ကိုကြည့်လိုက်သည့်အခါ ယခုတွင် သူအလွန်ပျော်နေပြီဟု ခံစားလိုက်ရသည် ။
ယွီချင်းရှီမျက်တောင်ခတ်လိုက်ပြီး ရုတ်တရက်ပြောလေသည်။
" သူတို့အားလုံးကဆိုးတယ်၊ သူတို့ငါ့ကိုရိုက်တယ်…"
ကျန်းရှောင်မန်သူ့ပုခုံးကိုပုတ်ပေးပြီး စိတ်ပါလက်ပါဖြင့်ပြောလိုက်သည်။
" နောက်ကိုအန္တရာယ်နဲ့ကြုံရင် နင်အကူအညီတောင်းစရာမလိုဘူး ငါ့ကိုသာခေါ်လိုက်ချေ... "
"…"
ကျောင်းအိမ်သာအတွင်းတွင် အနိုင်ကျင့်ခံရခြင်းက သာမန်လူများ ကြုံဆုံနိုင်သည့်အရာမျိုးမဟုတ်ပေ ။
ယွီချင်းရှီ၏ ထူးခြားသည့်အခြေအနေများကို စဥ်းစားကြည့်ခြင်းအားဖြင့် ယွီချင်းရှီနှင့်စကားပြောပြီး သူ့စိတ်ကိုရှင်းပေးရန် လိုမည်ဟု ကျန်းရှောင်မန်တွေးလိုက်သည် ။
စနစ်မှနေ၍ စိတ်ထဲမှာတစ်စုံတစ်ခုရှိနေပြီး အချိန်မှထုတ်မပြောဘူးပါက ရင်ထဲတွင်အဖုအထစ်ဖြစ်သွားလိမ့်မည်။ တစ်ခါအဖုအထစ်ဖြစ်သွားလျှင် အနာဂတ်တွင်ဖြေရှင်းရန် ခက်ခဲသွားမည်ဖြစ်သည်။ ယွီချင်းရှီက အတွေးလွန်သည့်နေရာတွင်ပထမဖြစ်ပြီး အကယ်၍သူ့တွင်စိတ်ပိုင်းဆိုင်ရာဝန်ထုပ်ဝန်ပိုးရှိနေပါက မည်သူကသိမည်လိမ့်မည်နည်း ။
ကျန်းရှောင်မန်ထိုကဲ့သို့ကိစ္စမျိုးကို မည်သို့ပြုလုပ်ရမည်ကိုမသိနေခြင်းဖြစ်သည်၊ အရင်ကဆိုလျှင် သူမငိုလိုက်သည်နှင့် ယွီချင်းရှီသူ့ဘာသာသူပြန်ကောင်းလာသည်။ သူမ မဆုံးဖြတ်နိုင်တော့၍ နည်းလမ်းရှာဖို့ရန်အတွက် စနစ်ကိုမေးရုံသာရှိတော့သည် ။
စနစ်သည် ရောဂါလည်းမကုသပေးနိုင်သကဲ့သို့ အသက်ကာကွယ်ပေးသည့်စနစ်လည်းမဟုတ်ပေ။ ၎င်းက ဘုရားတရားဆိုင်ရာဆရာဝန်စနစ်လည်းမဟုတ်သောကြောင့် ရောဂါဖြစ်ပွားရခြင်း၏ အကြောင်းအရင်းကိုတစ်ချက်ကြည့်ရုံဖြင့် ရှာဖွေဖော်ထုတ်နိုင်သည့်အရည်အချင်းလည်းမရှိပေ။ စနစ်က ၎င်း၏ကြီးမားသောဒေတာဘေ့စ်ထဲမှ လက်ရှိအခြေအနေနှင့်ကိုက်ညီသည့် အချက်အလက်များကိုသာရှာဖွေနိုင်သည်။ ထို့နောက်တွင် ၎င်းက သူ၏နည်းပါးသောဗဟုသုတနှင့် စိတ်ပိုင်းဆိုင်ရာအသိဥာဏ်တို့ကို ရှင်းပြရန်အတွက်အသုံးပြုရတော့သည် ။
စနစ်မှနေ၍
" သူ့မှာ စိတ်နဲ့ခံစားမှုဆိုင်ရာဝေဒနာရှိနေတာပဲဖြစ်ရမယ်...သူအရင်ထဲကအဲ့လိုရှိပြီးသားပဲလေ... ဖြစ်နိုင်တာကတော့ သူဒီတစ်ခေါက်သန့်စင်ခန်းထဲအနိုင်ကျင့်ခံလိုက်ရတာကနေအစပျိုးပြီး သူ့ငယ်ဘဝက ကံဆိုးမှုကိုသတိရသွားပြီး ရောဂါလက္ခဏာတွေပိုဆိုးသွားတာဖြစ်ရမယ်
.. ရလဒ်အနေနဲ့ကတော့ သူအခုစိတ်မလုံမခြုံဖြစ်လာပြီး အားနည်းနေသလိုဖြစ်နေလိမ့်မယ်... ပိုင်ရှင်…မင်းသူ့ကိုတကယ်စကားသွားပြောသင့်တယ် နောက်ပြီး သူ့ကိုအရာရာကို အကောင်းဘက်ကနေမြင်နိုင်အောင်ကူညီပေးလိုက်ပါ…"
စနစ်၏ရှင်းပြချက်များက နည်းစနစ်ကျ၍ ကျန်းရှောင်မန်အနည်းငယ်ယုံလိုက်ရုံမှအပမတတ်နိုင်တော့ပေ။သူမထပ်မေးလိုက်သည်။
" ဒါဆိုသမီးဘာလုပ်သင့်လဲ… "
" သူ့ကိုနွေးထွေးမှုပေးပြီး အမေတစ်ယောက်လိုဂရုစိုက်ပေးလိုက် "
" အိုး "
သူမ အဖွားလောက်သာနွေးထွေးပေးနိုင်သည် ။
' ဒါကအဆင်ပြေနိုင်ပါ့မလား…'
ကျန်းရှောင်မန် သူမငယ်ငယ်တုန်းက သူမကိုသူမအဖွားကမဆူမရိုက်ပဲ မကြာခဏထွေးပွေ့တတ်သည်ကိုသတိရသွားသည်။ ထိုအချိန်တုန်းက သူမအဖွား၏ရင်ခွင်က အလွန်နွေးထွေးသည်ဟု သူမခံစားခဲ့ရသည် ။
သူမဦးလေးကို သူမအဖွားဆူပူ၍ ရိုက်နှက်နေသည့်မြင်ကွင်းကို သူမသက်သောင့်သက်သာဖြင့်ကြည့်နေနိုင်ခဲ့သည် ။
ယခုချိန်တွင် သူမအသက်ကြီးလာပြီဖြစ်၍ သူမအလှည့်သို့ရောက်သွားသည် ။
' ဟူး… အတိတ်အကြောင်းကိုပြန်မပြောတာပဲကောင်းပါတယ် '
ကျန်းရှောင်မန် ယွီချင်းရှီကိုအချိန်အတော်ကြာကြည့်နေခဲ့သည်၊ သူမမျက်လုံးများတောက်လောင်၍ မျက်နှာလည်းနီရဲနေသည် ။
ယွီချင်းရှီသည်းမခံနိုင်တော့၍ သူ၏ဘောပင်ကိုအောက်သို့ချကာ ကျန်းရှောင်မန်ကိုကြည့်လိုက်ပြီး
" နင်အိမ်စာလုပ်မှာလား…"
' သူမဘာလို့သူ့ကိုစိုက်ကြည့်နေသေးတာလဲ…သူ့မျက်နှာတစ်ခုခုညစ်ပတ်တာရှိနေလို့များလား…'
ယွီချင်းရှီသူ့မျက်နှာကိုသူ မပွတ်ပဲမနေနိုင်တော့ပေ ။
ကျန်းရှောင်မန်မှနေ၍
" ယွီချင်းရှီ... နောင်အနာဂတ်မှာတစ်ခုခုဖြစ်ရင် ငါ့ကိုပြော မြိုသိပ်မထားနဲ့ ဟုတ်ပြီလား…”
ယွီချင်းရှီသူမကိုကြည့်လိုက်ပြီး မည်သည့်စကားတစ်ခွန်းမှမပြောပေ။ သူ့မျက်လုံးတစ်စုံကိုပုတ်ခတ်ပုတ်ခတ်လုပ်၍ သူမဆက်ပြောမည်ကိုစောင့်နေခဲ့သည် ။
" အကယ်၍နင့်မှာပြဿနာရှိရင် နင်ထုတ်ပြောပြီးဖြေရှင်းလို့ရတာပဲလေ…နင့်ရင်ထဲမှာပဲသိမ်းထားရင် အထုံးအဖွဲ့ဖြစ်လာလိမ့်မယ်၊ အဲဒီ့လိုဆိုရင်နင့်ရဲ့ငယ်ရွယ်မှုတွေလည်းဆုံးရှုံးပြီး ကြည့်ရဆိုးနေအုံးမယ်…”
' သူကြည့်ရဆိုးလာမှာလား…'
'ဆိုလိုတာက...အခုသူကကြည့်ကောင်းနေတာလား'
ယွီချင်းရှီနောက်ဆုံးတော့ပြုံးပြ၍ ခေါင်းငြိမ့်လိုက်ပြီး " အင်းပါ... "ဟုပြောလိုက်သည်။
xxxxxx
254
ယွီချင်းရှီ ကျန်းရှောင်မန်၏စကားကိုအမှန်တကယ်ပင် နားထောင်ခဲ့သည်။ ယခုသူ့ထံတွင်မည်သည့်ကိစ္စပင်ဖြစ်လာပါစေ ကျန်းရှောင်မန်မှတစ်ခုခုမှားနေပြီဆိုကြောင်း သိရှိသွားသည်အထိစောင့်မည့်အစား သူကိုယ်တိုင်လက်ဦးမှုယူ၍သူမကိုရှာနေပြီဖြစ်သည် ။
၎င်းက ကောင်းမွန်သည့်အရာဖြစ်သည်။ နောက်ဆုံးတွင် သူက အရာရာကို သူ့ရင်ထဲတွင်ပဲထားတတ်သည့် ယွီချင်းရှီမဟုတ်တော့ပေ ။
ကျန်းရှောင်မန်ရင်ထဲထိသွားသည်။ ၎င်းက မိသားစုထဲရှိသားလေး ကြီးပြင်းလာသကဲ့သို့ ခံစားချက်မျိုးဖြစ်သည် ။
သို့သော်တစ်ချိန်တည်းမှာပင် မကောင်းမွန်သည့်အချက်များလည်းရှိနေသေးသည် ။
အဘယ်ကြောင့်ဆိုသော် ယွီချင်းရှီတွင် ကိစ္စတော်တော်များများဖြစ်လာပြီး အများစုမှာအသေးအဖွဲအရာများဖြစ်သည်။ ကျန်းရှောင်မန် နောက်ဆုံးတစ်ခေါက်တုန်းကကဲ့သို့သူရဲကောင်းလုပ်၍ သူ့ကိုအန္တရာယ်ထဲမှနေ၍ ကာကွယ်ပေးနိုင်မည့်အခွင့်အရေးမျိုးလည်းမရှိတော့ပေ ။
သို့သော်လည်းစနစ်က ကျန်းရှောင်မန်ကိုယွီချင်းရှီနှင့်အဆက်အဆံပိုလုပ်ပြီး သူ့စိတ်ကိုပွင့်လင်းလာအောင်လုပ်ရန်ပြောထားသည်။ ယွီချင်းရှီကိုကူညီခြင်းက သူမလုပ်ရမည့်ပထမဆုံးအရာဖြစ်သည်။
'ဒါပေမဲ့ယွီချင်းရှီမှာဘာလို့အခုထိ ပြဿနာတွေအများကြီးရှိနေရသေးတာလဲ…'
ယွီချင်းရှီ ငယ်စဥ်တည်းကဆတ်ဆတ်ထိမခံ၍ အထိအခိုက်မခံသည့် သူမျိုးဖြစ်သည် ။
ဦးလေးယွီပြောထားသည်မှာ ယွီချင်းရှီတွင်စိတ်ခံစားမှုဝေဒနာ ဖြစ်လာသည့်အချိန်တိုင်းတွင်သူက ပစ္စည်းများကိုဖျက်စီးရုံသာမကပဲ လူတိုင်းကိုလျစ်လျုရှု၍ စကားတစ်ခွန်းမှမပြောပဲ ရက်ပေါင်းများစွာနေလိမ့်မည်ဟူ၍ဖြစ်သည်။ ကျန်းရှောင်မန်သူမမျက်လုံးဖြင့် ကိုယ်တိုင်မမြင်ဖူးသော်လည်း ဦးလေးယွီပြောသည်ကိုနားထောင်သည်နှင့်ပင် ကြောက်ဖို့ကောင်းနေပြီဖြစ်သည် ။
ဦးလေးယွီ သူမကိုပြောထားသည်နှင့် နှိုင်းယှဥ်ကြည့်လျင် ယွီချင်းရှီ ယခုလုပ်နေသည့်အရာများက ပြောပလောက်ပေ ။
သူမ ယွီချင်းရှီကိုစောင့်ရှောက်မည်ဟု ဦးလေးယွီကိုပြတ်ပြတ်သားသားကတိပေးခဲ့သော်လည်း သေးငယ်သည့်တစ်စုံတစ်ခုဖြစ်လာချိန်တိုင်းတွင် သူမစိတ်မကောင်းဖြစ်နေရသည်။
' သူမဘယ်လောက်တောင်ဆိုးလိုက်လေသလဲ ...သူမယွီချင်းရှီ အပေါ်ဘာလို့ဒီလိုဖြစ်နေရတာလဲ...'
ကျန်းရှောင်မန် သင်ခန်းစာရသွား၍
" ကောင်းပြီ …ငါနင့်ကိုစောင့်ရှောက်ပေးမယ် "
" အင်း…"
ယွီချင်းရှီခေါင်းငြိမ့်လိုက်ပြီး သူ၏မျက်လုံးထဲတွင်အပြုံးအပြည့်နှင့်ပင် ။
" ဘာပဲဖြစ်ဖြစ်နင်ငါ့ကိုပြောလို့ရတယ် …”
ယွီချင်းရှီပုံမှန်အတိုင်းခေါင်းငြိမ့်ချင်သော်လည်း သူမကိုမေးခွန်းမမေးခင် ရုတ်တရက်ရပ်တန့်သွားပြီးနောက်တွင်
" တကယ်လား... ဘာပဲဖြစ်ဖြစ်ရလား …”
" ဒါပေါ့ "
ယွီချင်းရှီ တိုးတိုးလေးပြောလိုက်သည်။
" ဒါဆို ငါနေ့လယ်စာကိုလေးယောက်လုံးနဲ့အတူတူမစားချင်ဘူး…"
' လေးယောက်လုံးနဲ့အတူတူမစားချင်တာလား... '
ကျန်းရှောင်မန် ယဲ့ကျားကျားနှင့် ကျန်းရှင်းဟွား သူတို့၏မုန့်ဗန်းကိုကိုင်၍လျှောက်လာသည်ကိုမြင်သည်အထိ သူမ မတုန့်ပြန်ခဲ့ပဲနေရာမှ ရုတ်တရက်သဘောပေါက်သွားသည် ။
'သူ အဲ့နှစ်ယောက်ကိုစိတ်တိုနေတာလား…'
ယွီချင်းရှီဖျားနေစဉ်ကဆိုလျင် သူတိတ်တိတ်ဆိတ်ဆိတ် နေချင်ခဲ့သည်ဟု ဦးလေးယွီပြောခဲ့သည်ကို ကျန်းရှောင်မန် နားလည်သွားသည် ။
ကျန်းရှောင်မန် ယွီချင်းရှီနှင့်အတူရှိနေသည့်ယဲ့ကျားကျားနှင့်ကျန်းရှင်းဟွားကိုအဝေးသို့နှင်ထုတ်လိုက်လေသည် ။
ယဲ့ကျားကျားနှင့်ကျန်းရှင်းဟွား သူတို့မုန့်ဗန်းများကိုကိုင်ထား၍ ကျန်းရှောင်မန်ကိုစိတ်အားထက်သန်စွာဖြင့်ကြည့်နေခဲ့သော်လည်း ကျန်းရှောင်မန် အေးစက်၍ သနားညှာတာမှုကင်းမဲ့စွာဖြင့်ပြောလိုက်သည်။
" နင်တို့ထိုင်မယ့်နေရာကိုနင်တို့ဘာသာရှာလိုက်လို့ရတယ်၊ ငါထိုင်တဲ့နေရာက…တကယ်အဆင်မပြေလို့ "
ကျန်းရှင်းဟွားက နာခံစွာဖြင့် မျှော်လင့်ထားသည့်အတိုင်းပင် ခုံကိုရှာပြီးထိုင်လိုက်သည် ။
ယဲ့ကျားကျားက အလျှော့မပေးပေ ။
သူမနှုတ်ခမ်းကိုတွန့်လိုက်၍ ကျန်းရှောင်မန်ကိုကြည့်ပြီးပြောလိုက်သည်။
" ရှောင်မန် ဘာဖြစ်လို့လဲ…ငါတို့ဒီမှာအမြဲအတူတူစားနေကြလေ... အခုကျတော့ဘာလို့အဆင်မပြေတော့တာလဲ "
" ဘာလို့လဲဆိုတော့... "
တစ်ခဏတာ တုံ့ဆိုင်းသွားပြီးနောက်တွင် ကျန်းရှောင်မန်အိမ်သာထဲတွင် မည်သို့ဖြစ်ခဲ့သည်ကိုမပြောရန်ဆုံးဖြတ်လိုက်သည်။ တကယ်တမ်းတွင် ယောကျာ်းလေးအားလုံးက မျက်နှာရချင်ကြပြီး သူမသည်လည်း ယွီချင်းရှီ၏ဂုဏ်သိက္ခာကိုကာကွယ်ပေးချင်သည်။ အကယ်၍ထိုကဲ့သို့အကြောင်းများသာပြန့်သွားလျှင် ယွီချင်းရှီကနောင်တွင် သူ့သူငယ်ချင်းများ၏ရှေ့တွင် ခေါင်းမော့၍နေနိုင်တော့မည်မဟုတ်ပေ။
ကျန်းရှောင်မန်ခေါင်းခါလိုက်ပြီး
" ငါမသိဘူး... ဒါပေမဲ့ ယွီချင်းရှီကအခုသူ့ရဲ့ထူးခြားတဲ့ကာလကိုရောက်နေတာ အဲ့ဒါကြောင့်ပဲသူအခုလိုဖြစ်နေရတာလေ... နင်အလိုက်အထိုက်လေးနေပေးသင့်တယ်…မစိုးရိမ်ပါနဲ့ ခဏကြာရင်အဆင်ပြေသွားမှာပါ..."
( T/N ထူးခြားတဲ့ကာလဆိုတာ ရာသီလာနေတယ်လို့ပြောတာပါ)
ယဲ့ကျားကျား ငြီးတွားလိုက်သည်။
" ငါ ဇီဝဗေဒဆရာမဆီကကြားတာတော့ မိန်းကလေးတွေကအထူးကာလအတွင်း စိတ်အားငယ်ပြီး သုန်မှုန်နေလိမ့်မယ်တဲ့၊ ယောကျာ်းလေးတွေမှာလည်းထူးခြားတဲ့ကာလရှိနေမယ်လို့မထင်ထားဘူး..."
ကျန်းရှောင်မန် ခြောက်ခြောက်ကပ်ကပ်ဖြင့်ရယ်လိုက်ပြီး
" သူတို့မှာလည်း ရာသီလာတာမျိုး ရှိမှာပေါ့..."
" အိုး...အဲဒီ့လိုလည်းဖြစ်နိုင်တာပဲ "
သို့ဖြစ်၍ ယဲ့ကျားကျားလည်းစိတ်ပျက်လက်ပျက်ဖြင့် မုန့်ဗန်းကိုသယ်ကာထွက်သွားတော့သည် ။
သူမနှင့် ကျန်းရှင်းဟွားအတူတူထိုင်ခဲ့ကြသည်။ သူမစားနေလျက်ဖြင့် ကျန်းရှောင်မန်၏လှုပ်ရှားမှုများကိုအာရုံစိုက်နေခဲ့သည် ။
တကယ်တမ်းတွင် အထူးအဆန်းမြင်စရာမရှိပေ။ ကမ္ဘာပေါ်ရှိလူသားအားလုံး... ယောကျာ်းများနှင့်မိန်းမများ၊ သက်ကြီးရွယ်အိုများနှင့် ကလေးများ အားလုံးတို့သည် စားသောက်ပုံချင်းအတူတူပင်ဖြစ်သည်၊ ထူးထူးခြားခြားဟူ၍ မရှိပေ ။
ယွီချင်းရှီ၏ စားသောက်ပုံကျင့်ဝတ်ကအလွန်ကောင်းသည်။ သူက နူးညံ့သိမ်မွေ့ပြီး အလျင်မလိုစွာဖြင့်စားခဲ့သည်။ အမှန်တကယ်ပင် မျက်စိကျစရာကောင်းလှသည်။ အလွန်ကြော့ရှင်းလှပြီး အငမ်းမရစားသောက်နေသည့် တခြားယောကျာ်းလေးများနှင့် ကွာခြားလေသည် ။
ယဲ့ကျားကျား ယွီချင်းရှီဝါးပြီးရင်းဝါးနေသည်ကိုကြည့်နေခဲ့သည်။ သူမ သူ့ကို မီးရှုးတိုင်ကဲ့သို့တောက်ပနေသည့်မျက်လုံးများဖြင့်ကြည့်နေခဲ့သည် ။
" ဟမ့်…ငါလည်းကြက်ပေါင်နှစ်ချောင်းဝယ်လာပြီး ကျန်းရှောင်မန်ကိုတစ်ချောင်းပေးဖို့ရည်ရွယ်ထားတာပဲကို အခုတော့ငါတစ်ယောက်ထဲမကုန်တော့ဘူး…"
ဝူး ဝူး ဝူး...
သူမလည်းရှောင်မန်နဲ့ ထိုင်ချင်တာပေါ့...
ကျန်းရှင်းဟွားထိုသို့ကြားလိုက်ချိန်တွင် သူ၏မျက်လုံးများတောက်ပလာပြီး တိုးတိတ်စွာဖြင့် သူ့၏မုန့်ဗန်းကိုတွန်းပေးလိုက်သည် ။
ရှောင်မန်မစားနိုင်ပေမယ့်...သူစားနိုင်သည် ။
xxxxx
255
၎င်းတို့နှစ်ယောက်တွင် အပြန်အလှန်နားလည်နိုင်စွမ်းရှိသည် ။
ယဲ့ကျားကျားမှနေ၍ အစပျိုးပြီးပြောလေသည်။
" ဘယ်လိုပဲဖြစ်ဖြစ် ငါလည်းကုန်မှာမဟုတ်ဘူး... ဒီတော့ငါနင့်ကိုပေးလိုက်ပါမယ်..."
" အင်း..."
ယဲ့ကျားကျားကို နတ်သမီးငယ်လေးတစ်ပါးဟုပင်တွေးမိသွားသည် ။
ယဲ့ကျားကျား လှီးထားသည့်မုန်လာဥနီများ အသီးအရွက်များကို ကျန်းရှင်းဟွားပန်းကန်ထဲသို့ထည့်ပြီးနောက်တွင် ရပ်လိုက်တော့သည် ။
သူမ ကြက်ခြေထောက်ကိုညာဘက်လက်ဖြင့်တစ်ချောင်း ဘယ်ဘက်လက်ဖြင့်တစ်ချောင်းကိုင်၍ စားရန်ပြင်လိုက်တော့သည် ။
ကျန်းရှင်းဟွား "……"
သူ သူ၏မုန့်ဗန်းကိုတိတ်ဆိတ်စွာဖြင့်ကြည့်လိုက်ပြီး မည်သည့်စကားမှမပြောတော့ပေ။ ယဲ့ကျားကျား၏တကျပ်ကျပ်လုပ်နေသံကိုသာ တိတ်တိတ်ဆိတ်ဆိတ်စားရင်းဖြင့် နားထောင်နေခဲ့သည် ။
ယဲ့ကျားကျားမှနေ၍
" အရမ်းလွန်နေပြီ…ငါတော့ယွီချင်းရှီမှာပြဿနာတစ်ခုခုရှိတယ်လို့ထင်တယ် "
" ဘာလို့လဲ...ဘာပြဿနာလဲ " ဟုကျန်းရှင်းဟွားမေးလိုက်သည် ။
" နင်မတွေးမိဘူးလား... သူ မကြာသေးခင်လောက်ထဲက ကျန်းရှောင်မန်နဲ့ထူးထူးခြားခြား အရမ်းနီးကပ်နေတယ်လို့လေ... ”
ကျန်းရှင်းဟွားတစ်ခဏစဥ်းစားကြည့်ပြီးနောက်တွင် ရိုးသားစွာဖြင့်ပြောလေသည်။
" သူတို့က သူငယ်တန်းထဲကအရမ်းရင်းရင်းနီးနီးကပ်ကပ်နေကြတာပဲလေ... သူတို့ကရင်းနီးရုံတင်မဟုတ်ဘူး သူတို့နေတဲ့နေရာကလည်းတစ်ယောက်နဲ့တစ်ယောက်ကပ်နေတာပဲလေ …”
"..." ယဲ့ကျားကျားသူ့ကိုစိုက်ကြည့်လိုက်သည်။
" ယောကျာ်းလေးတွေက သတိမမူတတ်ဘူးလို့ လူတွေပြောကြတာလည်းအံသြစရာတော့မရှိပါဘူး...ဒီလိုမျိုးသိသာထင်ရှားနေတဲ့အရာကိုတောင်နင်မမြင်ရဘူးလား…"
"...ဟမျဘာကိုလဲ..."
" အရင်ကဆိုရင်... ငါတို့လေးယောက်လုံး အရာရာကိုပုံမှန်အတူတူလုပ်ကြတယ်လေ... သိပ်မကြာခင်တုန်းကထိတောင် ငါတို့လေးယောက်လုံးအရာရာတိုင်းကိုအတူတူလုပ်နေကြပဲကို..."
ယဲ့ကျားကျား တစ်ခဏလောက်စဥ်းစားချင့်ချိန်ပြီးနောက်တွင် " ရှောင်မန် ယွီချင်းရှီကိုထူးခြားပြီး ဘက်လိုက်တဲ့အချိန်ကစပြီး ငါလည်းမပြောတတ်တော့ဘူး...ရှောင်မန်ဘာပဲလုပ်လုပ် ယွီချင်းရှီကျတော့ပါပြီး ငါတို့ကိုကျတော့ဖယ်ထုတ်ထားတယ်... "
ကျန်းချင်းဟွားရုတ်တရက်သဘောပေါက်သွားသည်။
" အဲ့ဒါတော့မှန်တယ်တယ်လို့ထင်တယ်... "
" အခုတော့သူတို့ကအတွဲလိုက်ဖြစ်နေပြီ ဘယ်သွားသွားသူတို့နှစ်ယောက်ထဲပဲ... ကြည့်ရတာတစ်ခုခုလျို့ဝှက်ချက်ရှိနေတဲ့ပုံပဲ "
ယဲ့ကျားကျားပြောလေသည်။
" နင်မထင်ဘူးလား သူတို့က…သူတို့က … အဲ့ဒါကဘာဖြစ်ပြန်တာလဲ..."
" ဘာကိုလဲ…"
"..."
ယဲ့ကျားကျားသူမမျက်လုံးကို လှန်လိုက်ပြီး သူမကိုယ်သူမ နားမကြားသူတစ်ယောက်ကို သီချင်းဆိုပြနေသည်ဟုခံစားလိုက်ရသည် ။
ကျန်းရှင်းဟွားတကယ်ကို ဘာတစ်ခုမှနားမလည်ပေ ။
" အဲ့ဒါက…ချစ်နေကြတာလေ၊ ဖုံးကွယ်ထားတဲ့အချစ်ဇာတ်လမ်းမျိုးလေ...ကြည့် အခုသူတို့ပုံကလူငယ်စုံတွဲနဲ့တူမနေဘူးလား.. ငါမေးပါရစေဦး... သူတို့ကငါပြောတာနဲ့တစ်ခုလေးတောင်မတူဘူးလား..."
ယဲ့ကျားကျား အံကြိတ်ထားပြီး သူမ၏မျက်နှာအမှုအရာသည်လည်းတင်းမာနေသည်။ ကျန်းရှင်းဟွား အမှန်ပင်အံသြသွားလေသည် ။
တစ်ခဏကြာပြီးနောက်တွင် ကျန်းရှင်းဟွားတတ်ကြွစွာဖြင့် ခေါင်းငြိမ့်လေသည် ။
' အင်း...ယဲ့ကျားကျားပြောတာမှန်တယ် '
တူညီစွာနားလည်သွားပြီးနောက်တွင် ယဲ့ကျားကျားပို၍ စိတ်လှုပ်ရှားလာပြီး ထိုနှစ်ယောက်၏အပြုအမှုသည် ရိုးရှင်းသော်လည်း အလွန်လေးနက်သည်ကို စိတ်ပညာအရခွဲခြမ်းစိတ်ဖြာရန်လုပ်တော့သည် ။
" ဒါပေမဲ့... အသက်မပြည့်ပဲချိန်းတွေ့လို့မရဘူးလေ...ဆရာမကလည်းပြင်းပြင်းထန်ထန်အကြံပေးထားတယ်... နောက်ပြီးအထပ်တိုင်းကိုလည်းစဥ်းကမ်းလိုက်နာဖို့ကို အသံချဲ့စက်နဲ့ နေ့တိုင်းလိုက်အော်ပြီးကင်းလှည့်နေတာလေ... တကယ်လို့ သူတို့သာမိသွားရင်တော့ အကျိုးဆက်တွေကဆိုးဝါးလိမ့်မယ်... "
ကျောင်းရှိလူငယ်အတွဲများသည် ကျောင်းဂိတ်ဝမရောက်ခင်အထိ လက်ကိုင်ခြင်းသာပြုလုပ်နိုင်သည်။ ကျောင်းဂိတ်သို့မရောက်ခင် ၁၀မိနစ်အလိုခန့်တွင် လက်တွဲဖြုတ်လိုက်ပြီး တစ်ယောက်ကိုတစ်ယောက် မသိသလိုဟန်ဆောင်ကြသည် ။
ယွီချင်းရှီနှင့် ကျန်းရှောင်မန်တို့ကအလွန်ရဲတင်းလွန်းနေသည်။ ၎င်းက ကျားပါးစပ်ထဲမှသွားကိုဆွဲထုတ်ဖို့ကြိုးစားနေသလိုပင် ။
' ရဲတင်းတယ်...အရမ်းရဲတင်းလွန်းတယ်... '
ယဲ့ကျားကျားမှနေ၍
" ကျန်းရှောင်မန်လည်းလွန်တယ်...ငါတို့အားလုံးကသူငယ်ချင်းတွေပဲကို၊ ငါသူ့(ကျန်းရှောင်မန်)ကိုသွားပြီးမောင်းထုတ်လိုက်ရမလား...သူကငါ့ကိုအရမ်းအထင်သေးလွန်နေတယ် "
ကျန်းရှင်းဟွား ဆွံ့အသွားသည် ။
'သူမဘယ်လိုတောင်ဒါတွေအားလုံးကိုဖော်ထုတ်နိုင်ရတာလဲ...'
သူ သူမကိုအမှန်တကယ်ချီးကျုးချင်သွားသည် ။
ယဲ့ကျားကျား သူမ၏ခွဲခြမ်းစိတ်ဖြာခြင်းပြီးသွားသည့်နောက်တွင် တစ်ဖန်ကသိကအောက်ဖြစ်လာပြန်သည် ။
သူမစားပွဲကိုပုတ်၍ ဒေါသထွက်သွားသည်။
" မဟုတ်ဘူး...ဒီလိုလုပ်လို့မရဘူး၊ စောစောစီးစီးချိန်းတွေ့တာကို ခွင့်မပြုဘူးလေ... ရှောင်မန်အဆင့်တွေကျသွားပြီး သူပထမနေရာထပ်ရတော့မှာမဟုတ်ဘူး၊ ဒါဆိုငါတို့ကူးလို့ရမယ့် အိမ်စာလည်းရှိမှာမဟုတ်တော့သလို ကျန်းရှောင်မန်ကလည်းအံ့သြစရာကောင်းတော့မှာမဟုတ်ဘူး...နောက်တော့ သူဝမ်းနည်းပြီးစိတ်အားငယ်နေလိမ့်မယ်... သူတားမြစ်ထားတဲ့အသီးကိုမစားသင့်ဘူးလေ..."
" ဟုတ်တယ် ဆရာမသာသူ့ကိုမိသွားရင်တော့ သွားပြီပဲ..."
ကျန်းရှင်းဟွားလည်း၎င်းက အလွန်အန္တရာယ်များသည်ဟုခံစားမိလေသည် ။
ယဲ့ကျားကျား သူမပါးနှစ်ဖက်ကိုကိုင်လိုက်ပြီး စဥ်းစားလိုက်ပြီးနောက်တွင် နာကျင်စွာဖြင့်ပြောလိုက်သည်။
" ငါတော့ သူတို့နဲ့စကားသွားပြောရမယ်လို့ထင်တယ်... ဒါပေမယ့်ရှောင်မန်ကအဲဒီ့အကြောင်းကိုရှင်းရှင်းလင်းလင်းပြောဖို့စိတ်မပါဘူးလေ... တကယ်လို့ ငါတို့ကသူ့ကိုဖျောင်းဖျဖို့အလျင်စလိုလုပ်လိုက်ရင် သူသေချာပေါက်ကိုဝန်ခံမှာမဟုတ်တော့ဘူး..."
" ဒါဆိုငါတို့ဘာလုပ်သင့်လဲ... "
" ဒီနည်းအတိုင်းပဲလုပ်ရအောင်... ငါတို့သူတို့ကိုတိုးတိုးတိတ်တိတ်နဲ့ဆက်စောင့်ကြည့်နေကြမယ်...ဆရာမသူတို့ကို မမိသေးခင်အထိ ငါတို့သူတို့ရဲ့ဆက်ဆံရေးကိုအတည်ပြုရမယ်... ပြီးရင်သူတို့ကို ငါတို့ စေတနာနဲ့အကျိုးသင့်အကြောင်းသင့် ဖျောင်းဖျရမယ်... သူတို့လုပ်နေတာက မကောင်းဘူးဆိုတာကို နားလည်အောင်လုပ်ပေးရမယ်... သူတို့အသိတရားပြန်ရပြီး ချောက်ကမ်းပါးကနေပြုတ်မကျခင်အန္တရာယ်ကနေလွတ်မြောက်လိမ့်မယ်လို့မျှော်လင့်ပါတယ်..."
ကျန်းရှင်းဟွား သူမ၏ပိုကောင်းသည့်အကြံကိုသဘောတူလိုက်သည် ။
xxxxx