Chapter 28
Viewers 4k

🎶 Chapter 28



ယဲ့ဇယ်ရှစ်၏ မျက်လုံးများမှာ အိပ်ချင်စိတ် အပြည့်ဖြင့် ရှိနေလေသည်။ ထို့နောက် သူ အနည်းငယ်စိတ်ရှုပ်ထွေးစွာဖြင့် မေးလိုက်သည်။

"ဘာဖြစ်လို့ ကျွန်တော်က ဒီလောကကနေ ထွက်သွားလို့မရတာလဲ..."


ကောင်းရှူ ရင်ကွဲပက်လက်ဖြစ်စွာ ပြောလိုက်သည်။

"စာချုပ်မှာ လက်မှတ်ထိုးပြီးသွားပြီ..."


ယဲ့ဇယ်ရှစ် ပို၍ပင် စိတ်ရှုပ်ထွေးသွားသည်။

"ဘာစာချုပ်လဲ..."


ကောင်းရှု သူသယ်လာသည့် အိတ်ထဲမှ ယနေ့တင် လောလောလတ်လတ် လက်မှတ်ထိုးလိုက်သည့် စာချုပ်ကို ထုတ်ပြလာသည်။ ထို့နောက် ယဲ့ဇယ်ရှစ်ကို ကမ်းပေးလိုက်သည်။

"ဒီဟာ..."


"ဒါ ဘာကြီးလဲ..."


"ဒါ သခင်လေးအတွက် ရုပ်ရှင်စာချုပ်ပါ... သခင်လေးက အဓိကဇာတ်လိုက်နေရာ မဟုတ်ပေမယ့် ဒုတိယ အမျိုးသားဇာတ်လိုက်နေရာက သရုပ်ဆောင်ရမှာ... အဲဒါက အမျိုးသားဇာတ်လိုက်အတွက် အဓိကကျတဲ့ ဇာတ်ကောင်တစ်ခုပဲ... ဇာတ်ညွှန်းကိုဖတ်ပြီးတော့ အဲ့ဒီဇာတ်ကောင်နေရာက သခင်လေးနဲ့ အရမ်းကို လိုက်ဖက်တယ်လို့ ကျွန်တော်ထင်တယ်...သခင်လေးသာ..."


"နေပါဦး..."

ယဲ့ဇယ်ရှစ် နောက်ဆုံးတွင် နိုးထလာပြီဖြစ်သည်။

"ကျွန်တော် ဘယ်တုန်းက ဒီစာချုပ်ကို လက်မှတ်ထိုးလိုက်တာလဲ... ဘာဖြစ်လို့ ကျွန်တော်က ဒီကိစ္စကိုမသိရတာလဲ..."


ကောင်းရှူ ခပ်ဖွဖွ ချောင်းဟန့်လိုက်သည်။

"စတူဒီယိုရဲ့နာမည်နဲ့ လက်မှတ်ထိုးလိုက်တာပါ... ဒီကိစ္စကို သခင်လေးကို မပြောရတဲ့ အကြောင်းကလည်း သခင်လေးက ဖိုင်နယ်ပွဲအတွက် ပြင်ဆင်တဲ့နေရာမှာ အာရုံစိုက်နေလို့ပါ...သခင်လေးက နေ့တိုင်း လေ့ကျင့်ရေးတွေနဲ့ ပင်ပန်းနေတာဆိုတော့ သခင်လေးကိုအနှောင့်အယှက်လည်း မပေးချင်လို့ပါ... ပြီးတော့ ဥက္ကဌကလည်း ဇာတ်ညွှန်းကိုဖတ်ကြည့်ပြီး သူလည်း ဒီဇာတ်လမ်းက သခင်လေးနဲ့ လိုက်ဖတ်တယ်လို့ ထင်တဲ့အတွက် သခင်လေးကို ပံ့ပိုးပေးဖို့ဆိုပြီး သန်းနှစ်ဆယ်တောင်မှ ရင်းနှီးမြှုပ်နှံခဲ့သေးတယ်...အဲ့ဒါကြောင့် ကျွန်တော်က သခင်လေးအစား အရင်ဆုံး လက်မှတ်ထိုးထားပေးလိုက်တာပါ..."


ယဲ့ဇယ်ရှစ်မှာ မြင်းရိုင်းအကောင်ထောင်ချီ ဖြတ်ပြေးသွားသကဲ့သို့ ခံစားလိုက်ရသည်။ သို့သော် စိတ်ထဲမှ တီးတိုးရေရွတ်ဆဲဖြစ်သည်။ 

"စတူဒီယိုက ကျွန်တော်နဲ့ ဘာမှမဆိုင်ဘူးမလား..."


ကောင်းရှူက ယဲ့ဇယ်ရှစ်၏ ထင်ယောင်ထင်မှားဖြစ်နေမှုအား ထိုးခွဲပြစ်လိုက်သည်။

"ကျွန်တော်တို့စတူဒီယိုက သခင်လေးရဲ့ နာမည်အောက်မှာ တည်ထောင်ထားတာပါ... အဲဒီအချိန်အတွင်းမှာ ဘယ်ကြော်ငြာရဲ့စာချုပ်မဆို စတူဒီယိုက လက်မှတ်ထိုးလိုက်တာနဲ့ စာချုပ်တွေအကုန်လုံးက သခင်လေးရဲ့ နာမည်နဲ့ သက်ဆိုင်သွားမှာ ဖြစ်ပါတယ်..."


ထိုသည်မှာ ချဲ့ကားပြောခြင်းမဟုတ်ပေ။


ယဲ့ဇယ်ရှစ် လုံးဝ စိတ်ဆိုးသွားပြီဖြစ်သည်။

"ဒါဆို ဘာဖြစ်လို့ ကျွန်တော့်ကို စောစောမပြောတာလဲ..."


ကောင်းရှူ တံတွေးမျိုချလိုက်ကာ ပြောလိုက်သည်။

"ကျွန်တော်က သခင်လေးကို surprise..."


"ဒါကြီးကို surpriseလို့ ခေါ်တာလား..."

ယဲ့ဇယ်ရှစ် ရူးသွားတော့မည်ဟုပင် ခံစားနေရသည်။


ငါ့မှာအပြစ်ရှိနေရင်လည်း ဘာဖြစ်လို့ တရားနည်းလမ်းကျကျ အပြစ်ခံယူခွင့်မပေးရတာလဲလို့... အဲဒီအစား ငါ့ကိုနှိပ်စက်ဖို့ ကောင်းရှူကို လွှတ်လိုက်တယ်ပေါ့လေ...ပြီးတော့ ဟိုခေါင်းမာတဲ့ ဟယ့်ကျင်းယွင်ကိုရောပေါ့...


ငါ့နောက်ကွယ်မှာ စာချုပ်ကိုလက်မှတ်ထိုးလိုက်သတဲ့...ဒီကိစ္စမျိုးက ‌ဟို...ဟယ့်ကျင်းယွင်ဆိုတဲ့လူက ကောင်းရှူကို အဲ့ဒီလိုလုပ်ဖို့ ပြောခဲ့တာပဲ ဖြစ်ရမယ်...အဲ့ဒီလိုမှမဟုတ်ရင် ကောင်းရှူက သူ မသိဘဲနဲ့ လက်မှတ်ထိုးမှာ မဟုတ်ဘူး...


အမှန်အတိုင်းပြောရလျှင် ဤကိစ္စတစ်ခုလုံးအား ယဲ့ဇယ်ရှစ် ခန့်မှန်းသည်မှာ တစ်နည်းနည်းဖြင့် မှန်ခဲ့လေသည်။ 


ယဲ့ဇယ်ရှစ်က ရုပ်ရှင်များရိုက်ရန် ဤမျှလောက်ထိ ဆန္ဒမရှိနေသည်ကို ကောင်းရှူ မမျှော်လင့်ခဲ့ပေ။ ယဲ့ဇယ်ရှစ်ကို ဦးစွာမတိုင်ပင်ဘဲ စာချုပ်ကို သူ့သ‌ဘောဖြင့် လက်မှတ်ထိုးခဲ့သည်ကို တွေးမိသွားသောအခါ သူခဏမျှ အပြစ်ရှိစိတ်ဝင်မိသွားသည်။


"တောင်းပန်ပါတယ် သခင်လေး...သခင်လေး ဒီရုပ်ရှင်မှာ မပါဝင်ချင်ဘူးဆိုရင်လည်း ဒီစာချုပ်က မပယ်ဖျက်နိုင်တာတော့ မဟုတ်ပါဘူး..."


ကောင်းရှူ မျက်ခုံးတွန့်ကာ ဆက်ပြောလိုက်သည်။

"ကျွန်တော်တွက်ကြည့်လိုက်တော့ ဒီစာချုပ်ပယ်ဖျက်ကြေးက ယွမ်ဆယ်သန်းရှိတယ်... ဥက္ကဌကြီးရဲ့ ရင်းနှီးမြှုပ်နှံမှုအတွက်ကတော့... သခင်လေးမပါရင်တောင် ဒီရုပ်ရှင်က box office မှာ ဝင်ငွေက မနည်းလောက်ဘူးဆိုတော့... ဥက္ကဌကြီးက သေချာပေါက် နှစ်ဆတော့ပြန်ရမှာပါ..."


"နေပါဦး... စာချုပ်ပယ်ဖျက်‌ကြေးက ဘယ်လောက်လို့ ပြောလိုက်တာ..."

ယဲ့ဇယ်ရှစ် အသံများတုန်ယင်နေသည်။


ကောင်းရှူ ထပ်ပြောလိုက်သည်။

"ဆယ်သန်း... ဒီလောက်က သခင်လေးအတွက်တော့ အသေးအဖွဲပမာဏလေးပါ... သခင်လေး စိတ်မပူပါနဲ့..."


ယဲ့ဇယ်ရှစ်: "..."


ငါ့ဖင်ကြီးကို အသေးအဖွဲပါ့လား...


ငါ အဲဒီလောက် ပိုက်ဆံအများကြီးကို ဘယ်က ရမှာလဲလို့...


ငါ့ကတ်တွေ...


ယဲ့ဇယ်ရှစ် မျက်လုံးများကျိန်းစပ်လာပြီး လည်ပင်းမှာ တင်းကျပ်နေသည်။ သူ ငိုချင်သော်လည်း မျက်ရည်ထွက်မလာပေ။ ယဲ့ဇယ်ရှစ် သူ့အနောက်ရှိ အိပ်ရာပေါ်သို့ စိတ်ခံစားချက်ကင်းမဲ့စွာ လှဲချလိုက်လေသည်။ သူ အင်အားမရှိတော့သည်သာမက ရှင်သန်လိုစိတ်ပင် မရှိတော့ပေ။


ကောင်းရှူမှာ ပို၍ပင် နေမထိထိုင်မသာ ဖြစ်နေသည်။

ထို့နောက် သူ ယဲ့ဇယ်ရှစ်ကို အလျင်အမြန် နှစ်သိမ့်လိုက်သည်။

"သခင်လေး... ဒီရုပ်ရှင်ကို တကယ်ပဲ မရိုက်ချင်ရင် မရိုက်ဘဲနေကြရအောင်..."


ယဲ့ဇယ်ရှစ် အိပ်ရာပေါ်မှ လူးလိမ့်ထလိုက်ကာ အေးစက်စက်နှာမှုတ်ပြီး ပြောလိုက်သည်။

"ရုပ်ရှင် မရိုက်ရဘူး ဟုတ်လား..."


ကောင်းရှူ: "သခင်လေး... သခင်လေးပြောတော့..."


"ကျွန်‌တော်သာ ဒီရုပ်ရှင်ကို မရိုက်ရင် ခင်ဗျားက ဒီစာချုပ်ဖျက်တဲ့ လျော်ကြေးကို ပေးမှာမို့လို့လား..."


ယဲ့ဇယ်ရှစ်အသံက မာဆတ်ဆတ်ဖြစ်နေသည်။ ထို့နောက် အိပ်ရာ‌ဘေးရှိ ဖုန်းကို ကောက်ကိုင်လိုက်သည်။


ကောင်းရှူ ချက်ချင်း ပါးစပ်ပိတ်လိုက်သည်။

ငါ ပိုက်ဆံတွေအများကြီးရဖို့ ဘယ်ကိုသွားရမှာလဲလို့... ငါလုပ်ရမယ့်ကိစ္စတွေအများကြီးရှိသေးတယ်လေ...


ယဲ့ဇယ်ရှစ် ခေါင်းငုံ့ပြီး Weiboကို ဖွင့်ကြည့်နေသည်ကို မြင်သောအခါ ကောင်းရှူ မနေနိုင်ဘဲ မေးလိုက်မိသည်။

"သခင်‌လေး...ဘာလုပ်နေ..."


"Weibo ပို့စ်ကို ပြန်ပြင်နေတာလေ..."

ယဲ့ဇယ်ရှစ် သူ့ကို မျက်‌စောင်းထိုးကြည့်လိုက်သည်။ 

"ဒီလိုမှမလုပ်ရင် ပရိသတ်တွေကို ဘယ်လိုပြန်ရှင်းပြမှာလဲ..."


ကောင်းရှူ ခပ်ဖွဖွချောင်းဟန့်လိုက်ကာ စကားဆက်မပြောတော့ပေ။


တစ်ချိန်တည်းမှာပင် ယဲ့ဇယ်ရှစ်၏ Weiboအကောင့်၏ အချက်ပေးသံမှာ လူများစွာ၏ ဖုန်းထဲတွင် အသံမြည်လာခဲ့သည်။ ထိုအချက်ပေးသံမှာ ယဲ့ဇယ်ရှစ်က လွန်ခဲ့သော တစ်မိနစ်ခန့်က အွန်လိုင်းရှိနေခဲ့သည်ဟုပင်။


ဦးဆုံးတုန့်ပြန်သူများမှာ ယဲ့ဇယ်ရှစ်၏ ဖန်များဖြစ်ကာ သူတို့ယဲ့ဇယ်ရှစ်၏ Weiboအကောင့်သို့ အပြေးအလွှား သွားကြည့်ကြသည်။


ယဲ့ဇယ်ရှစ်၏ အနားယူကြောင်း ကြေညာချက်တွင် ပြင်ဆင်ပြီးဆိုသည့် စာလုံးအား သူတို့ တွေ့လိုက်ကြသည်။ ထိုကြေညာချက်တွင် အချို့စကားလုံများမှာ အနည်းငယ်ပြောင်းလဲသွားခဲ့သည်။


@ယဲ့ဇယ်ရှစ်: "Time Idol" က ကျွန်တော့်အတွက် စမှတ်ဖြစ်ခဲ့ပေမယ့် အဆုံးသတ်မဟုတ်ခဲ့ပါဘူး... အားလုံး အဆင်ပြေကြပါစေ..."


ယခင်ပို့စ်နှင့် ယခုပို့စ်ကြားရှိ ကွာခြားချက်မှာ အလွန်ကြီးမားသောကြောင့် ဖန်များက ထိုကြေညာချက်နှစ်ခုကြားရှိ ကြီးမားသော ကွဲပြားမှုကြီးကို အလွယ်တကူပင် မြင်လိုက်ကြသည်။


[ဘာလဲဟ... ငါက ယဲ့ဇယ်ရှစ် အွန်လိုင်းတက်လာတယ်ဆိုတဲ့ အချက်ပေးသံကြားလို့ ရောက်လာတာ ဘယ်မလဲ ယဲ့ဇယ်ရှစ်က..."]


[ဘုရားရေ... ယဲ့ဇယ်ရှစ်က Weiboပို့စ်ကို ပြင်သွားတယ်တော့...]


[သေချာပေါက်ပဲ... အဲ့ဒါပြောင်းသွားပြီ...]


[ငါအသက်ရှူတာ စက္ကန့်ပိုင်းလောက်ရပ်သွားတယ်... ယဲ့ဇယ်ရှစ်က အနားယူတော့မှာ မဟုတ်ဘူးလား...]


[Weiboပို့စ်တောင် ပြင်လိုက်ပြီကို ဘာကိစ္စ အနားယူတဲ့အကြောင်း ပြောနေသေးတာလဲ...]


[အား...ငါ ဘာမှမဟုတ်တာလေးကို စိုးရိမ်နေခဲ့ရတာပဲ...]


[ငါလန့်လို့သေတော့မယ်... ယဲ့ဇယ်ရှစ် စိတ်ပြောင်းသွားလို့ တော်သေးတာပေါ့...]


[ငါ့ညီကိုက စာချုပ်ကို အသာလေး ဖျက်ပစ်လိုက်ပြီး ရုပ်ရှင်မရိုက်ဘူးလို့ပြောမှာကို ငါတကယ် ကြောက်နေခဲ့တာ... ပြီးတော့ သူအိမ်ပြန်ပြီး မိသားစုအမွေတွေ ဆက်ခံလိုက်တော့မယ်လို့ ပြောလာမှာကိုရောပေါ့...]


[ကံကောင်းလို့...ကံကောင်းလို့...ငါ တကယ် သူ့ကြောင့် လန့်လို့ သေတော့မယ်...]


ယဲ့ဇယ်ရှစ်၏ စတူဒီယိုမှ မကြာမီမှာပင် Weiboပို့စ်တစ်ခု တင်လာခဲ့သည်။


@ယဲ့ဇယ်ရှစ် စတူဒီယို: "မင်းတို့ရဲ့သီးသန့်ပေးစာတွေကို လက်ခံရရှိပါတယ်...ဖန်တွေ ကျေးဇူးပြုပြီး မစိုးရိမ်ကြပါနဲ့... ဘော့စ်က Weiboပို့စ်မှားတင်မိတာပါ...#ခွေးခေါင်း#"


စတူဒီယို၏ Weiboပို့စ်ကို မြင်ခါမှ ဖန်များလည်း စိတ်သက်သာရာ ရသွားကြသည်။


[စတူဒီယိုက နောက်ဆုံးတော့ အသံထွက်လာပြီပဲ...ယဲ့ဇယ်ရှစ်ကို ကောင်းကောင်းလေး နှစ်သိမ့်ပေးလိုက်ပါနော်... သူ့ကို အွန်လိုင်း‌က မှတ်ချက်တွေကြောင့် စိတ်မရှုပ်စေနဲ့... ငါတို့ဖန်တွေက အမြဲတမ်း ရှိနေပေးမယ်...]


[ပေါင်ပေ့... အနားမယူလိုက်တာ ကောင်းတယ်...]


[ဒီနေ့ည ကြုံတွေ့လိုက်ရတဲ့ အ‌ပေါ်တက်လိုက် အောက်ဆင်းလိုက်ရတဲ့ ခံစားချက်က ငါ့တစ်ဘဝလုံးစာ ခံစားလိုက်ရတာနဲ့ ညီမျှတယ်... ဝူးးးးးးး... ရုပ်ရှင်ဧကရာဇ်ဟယ့်နဲ့ ရှစ်ရှစ် ပူးပေါင်းတဲ့သတင်းကို စောင့်ကြည့်နေမယ်နော်...]


[ဒီခွေးရဲ့ ခေါင်းကတော့ လုံးဝကောင်းချီးပေးခံနေရပြီ...]


[ငါတော့ဒီလိုမထင်ဘူး... ယဲ့ဇယ်ရှစ်က Weiboပို့စ်မှားတင်မိတာတဲ့လား... ယဲ့ဇယ်ရှစ်က ရုပ်ရှင်စာချုပ်အကြောင်း မေ့သွားခဲ့တာလား...]


[ကြည့်ရတာ သူအိမ်ပြန်ပြီး မိသားစုအမွေတွေ ဆက်ခံရမှာကို မစောင့်နိုင်တော့ဘူးထင်ပါရဲ့...#ခွေးခေါင်း# ]


[အပေါ်ထပ်ကလူရေ နင်မှန်တယ်လို့ထင်တယ်...ဒါပေမဲ့ ဘယ်လိုပဲဖြစ်ဖြစ်...ယဲ့ဇယ်ရှစ် ဒီအသိုင်းအဝိုင်းက‌နေ ထွက်မသွားရဘူး... ဒီမားမားက အဲ့ဒီလိုလုပ်ဖို့ ခွင့်မပြုနိုင်ဘူး...]


ဖန်များက သူ့ကို တောင်းဆိုချင်သည်များ မရှိပေ။ 

ယဲ့ဇယ်ရှစ်သာ အနားမယူသရွေ့ အားလုံးအဆင်ပြေလေသည်။


မှတ်ချက်စာမျက်နှာရှိ မှတ်ချက်များမှာ လျင်မြန်စွာ မြင့်တက်လာသည်။ 


ကောင်းရှူ၏ တိုက်တွန်းမှုဖြင့် ယဲ့ဇယ်ရှစ်က ဟယ့်ကျင်းယွင်၏ Weiboပို့စ်ကို စာပြန်ကာ ပြန်တင်လိုက်သည်။


@ယဲ့ဇယ်ရှစ်: "ကျွန်တော်မမေ့ပါဘူး...နည်းပြဟယ့် (^⁠_⁠_^)..."


အီမိုဂျီ၏ အပြုံးမှာ အသက်မပါပေ။ ထိုဖော်ပြချက်မှတစ်ဆင့် ယဲ့ဇယ်ရှစ်၏ အသက်မပါသော အပြုံးကို ဟယ့်ကျင်းယွင် မြင်ယောင်မိ‌လေသည်။


ဟယ့်ကျင်းယွင် ထိန်းမထားနိုင်တော့ဘဲ သူ၏ နှုတ်ခမ်းထောင့်များ ထပ်မံမြင့်တက်သွားပြန်သည်။


ကံမကောင်းစွာပင် စာချုပ်မှာ လက်မှတ်ရေးထိုးပြီး ဖြစ်လေသည်။ အနှီယဲ့ဇယ်ရှစ်ပင်လျှင် နောက်ပြန်မဆုတ်နိုင်ပေ။ 


သို့သော် သူ သေချာစုံစမ်းခဲ့လေသေးသည်။ ယဲ့ကျန့်ပင်းက ယခုအချိန်ထိ ယဲ့ဇယ်ရှစ်၏ ကတ်များကို ပြန်မဖွင့်ပေးသေးပေ။ 


စာချုပ်လျော်ကြေးပေးဖို့တဲ့လား... ယဲ့ဇယ်ရှစ် တကယ်မတတ်နိုင်ဘူး...


ထို့ကြောင့် ဟယ့်ကျင်းယွင် အလွန်ယုံကြည်ချက် ရှိနေခြင်းလည်းဖြစ်သည်။


သို့သော်ငြား ရှေ့လျှောက် သူတို့အလုပ်အတူတွဲလုပ်ရဦးမည်ဖြစ်သည်။ ယခု ဤသူငယ်ချင်းလေးက မပျော်မရွှင်ဖြစ်နေသည်။ ထို့ကြောင့် သူ့စိတ်ကို ဆက်မဆွသင့်တော့ပေ။ 


ဟယ့်ကျင်းယွင် စာပြန်လိုက်သည်။

"ငါတို့ရဲ့ ပူးပေါင်းမှုကို စောင့်မျှော်နေမိပြီ..."


ထိုနှစ်ယောက်ကြားရှိ ဆက်သွယ်မှုကို ဖန်များနှင့် အင်တာနက်အသုံးပြုသူများ မြင်သွားကြသည်။ 


ထိုအချင်းအရာနှင့် ပတ်သက်၍ ယဲ့ဇယ်ရှစ်၏ ဖန်များလည်း တစ်ပုံစံတည်း တုံ့ပြန်လာသည်။ အားလုံးမှာ ဟားဟားဟားချည်းသာ ဖြစ်သည်။


[ငါ ယဲ့ဇယ်ရှစ်ကို အခု အင်တာဗျူးလိုက်ချင်တယ်... ဒီလောကကနေ လမ်းတစ်ဝက်အရောက်မှာ ထွက်မသွားနိုင်ခဲ့တဲ့အပေါ် ဘယ်လိုခံစားရသလဲ ဆိုတာကိုပေါ့...]


[အခုတော့ငါသိသွားပြီ... ယဲ့ဇယ်ရှစ် အစက အနုပညာလောကကနေ တကယ်ထွက်သွားချင်ခဲ့တာပဲ...]


[ယဲ့ဇယ်ရှစ်ရေ...အားလုံးပေါ်ကုန်ပြီနော်... မင်းအတွက် အားလုံး ဖုံးကွယ်ပေးခဲ့တဲ့ စတူဒီယိုကိုတော့ သနားမိတယ်...]


ထိုကိစ္စနှင့်ပတ်သက်၍တော့ ယဲ့ဇယ်ရှစ် မမြင်ချင်ယောင်ဆောင်လိုက်သည်။


အခြားတစ်ဖက်တွင်မူ ဟယ့်ကျင်းယွင်ဖန်များက အလွန်အကောင်းမမြင်ခဲ့ကြပေ။


[ယဲ့ဇယ်ရှစ်မှာက သရုပ်ဆောင်အတွေ့အကြုံ‌ရော ရှိလို့လား...]


[ယဲ့ဇယ်ရှစ်က ရုပ်ချောတယ်ဆိုပေမယ့်လည်း ငါတို့အိုင်ဒေါနဲ့ အတူတူသရုပ်ဆောင်မယ်ဆိုတော့ နည်းနည်းစိုးရိမ်မိတယ်...]


[စိုးရိမ်နေသူ+1...]


[အခုဟာက အိုင်ဒေါကိုယ်တိုင် အခု ပြင်ဆင်နေတဲ့ ရုပ်ရှင်မလား...အဲ့ဒါလေ "ကျော်ကြားတဲ့ စစ်သူကြီး"...]


[သေစမ်း... အဲဒါသာ တကယ်ကြီး "ကျော်ကြားတဲ့ စစ်သူကြီး"သာဆိုရင်တော့ ငါအခုကစပြီး မျှော်နေပြီပဲ...]


[ငါတို့အိုင်ဒေါရဲ့ အကဲဖြတ်မှုကို ယုံကြည်လိုက်ကြရအောင်...ငါတို့အိုင်ဒေါဆိုတော့ သူရွေးတာမှန်မှာပါ...]


အချို့မှာ အကောင်းမြင်ကြသော်လည်း အချို့မှာ ထိုသို့မဟုတ်ပေ။


သို့သော် အမြင်သာဆုံး မှတ်ချက်တစ်ခုမှာ ဤသို့ဖြစ်သည်။


[အိုင်ဒေါက လွန်ခဲ့တဲ့နှစ်လအတွင်း Weiboပို့စ် သုံးခုတင်ခဲ့တယ်လို့ ငါရေထားခဲ့တယ်... တစ်ခုက "Time Idol"ရဲ့ထရေလာကို ပြန်တင်တာ၊ တခြားပို့စ် နှစ်ခုလုံးက ယဲ့ဇယ်ရှစ်နဲ့ သက်ဆိုင်တာတွေချည်းပဲ... ဒီနေ့ဆို သူ နှစ်ခုတောင်တင်တာနော် ...ငါအရင်ကတည်းက ငါ့အိုင်ဒေါက လူတစ်ယောက်အတွက် ဆက်တိုက် ပို့စ်တင်တာမျိုး ‌မတွေ့ခဲ့ဖူးဘူး... ဒါက သူဘယ်လောက်တောင် ယဲ့ဇယ်ရှစ်ကို စိတ်ကျေနပ်နေတယ်ဆိုတဲ့ သဘောပဲပေါ့...]


အခြားဖန်များ: "ကြည့်ရတာ စိတ်ကျေနပ်ဖို့ကောင်းမယ့်ပုံပဲ..."


"ဟယ့်ကျင်းယွင် ဖုန်းကိုချလိုက်ကာ ပြုံးလိုက်သည်။ 

စိတ်ကျေနပ်တာတင် ဘယ်ဟုတ်ပါ့မလဲ... 


ယဲ့ဇယ်ရှစ်ကို စင်ပေါ်တွင် ပထမဆုံး စမြင်လိုက်ရကတည်းက ဤဇာတ်ကောင်မှာ သူနှင့်တိုင်းချုပ်ထားသကဲ့သို့ပင်ဟု ဟယ့်ကျင်းယွင် သိလိုက်သည်။ 


သူသာလျှင် တစ်ဦးတည်းမူပိုင် ဖြစ်လေသည်။



🎶🎶🎶