Chapter 29
Viewers 4k

🎶 Chapter 29 



ယဲ့မိသားစုတွင် စားခဲ့သောညစာကို ယဲ့ဇယ်ရှစ် အလွန်စိတ်ကျေနပ်ခဲ့သည်။


ယဲ့ကျန့်ပင်းက ခပ်တည်တည်နေသောသူ ဖြစ်သော်ငြား သူ၏စကားများနှင့် အပြုအမူများမှတစ်ဆင့် ယဲ့ဇယ်ရှစ်ကို ဂရုစိုက်သည်ကို သူမြင်နိုင်လေသည်။


ယန်မန်နှင့် ယဲ့ဟောက်ယန်ကမူ ယဲ့ဇယ်ရှစ်ကို သဘောမကျကြသော်လည်း ထိုသည်ကို ထင်ထင်ရှားရှား ထုတ်မပြကြပေ။ ယဲ့ဇယ်ရှစ်အပေါ် အနည်းငယ်ပင် လောကွတ်‌ချော်နေသေးသည်။


ယဲ့ဇယ်ရှစ် စိတ်အကျေနပ်ဆုံးမှာ သေချာပေါက်ပင် ဟင်းပွဲများဖြစ်သည်။


ထိုဟင်းပွဲများက "Time Idol"တွင် သူတစ်လလုံး စားခဲ့ရသော နေ့လည်စာထမင်းဘူးများထက် အပုံကြီးသာလေသည်။


အထူးသဖြင့် ငါးလေးခြောက်များကို သဘောအကျဆုံးဖြစ်သည်။ ရွှေရောင်သန်းကာ ကြွပ်ရွနေသော ငါးလေးခြောက်များမှာ တစ်ကိုက်ကိုက်လိုက်ရုံနှင့်ပင် ခံတွင်းအနှံ့‌ မွှေးပျံ့သွား‌လေသည်။ ယဲ့ဇယ်ရှစ် ထပ်ကာထပ်ကာစားနေသည်ကို မရပ်တန့်နိုင်ခဲ့ပေ။


ထိုငါးခြောက်အနံ့လေးကို တစ်လျှောက်လုံး ရနေသော ယဲ့ဇယ်ရှစ်မှာ ပို၍ပင် ဆာလောင်ခဲ့ရသည်။ 


သူ အိမ်ပြန်ရောက်သောအခါ အလွန်နောက်မကျသေးပေ။ ယဲ့ဇယ်ရှစ်က အိပ်ရာပေါ်တွင်နေကာ ငါးခြောက်ကလေးစားရင်းဖြင့် "Time Idol" ဖိုင်နယ်ပွဲစဉ် တိုက်ရိုက်ထုတ်လွှင့်မှုကိုကြည့်ရန် စီစဉ်ထားလေသည်။ 


ဗီလာပြန်ရောက်သောအခါ ယဲ့ဇယ်ရှစ် မီးဖွင့်လိုက်ကာ အိပ်ရာပေါ်တက်ပြီး TVဖွင့်တော့မည့်အချိန်တွင် တစ်ခုခုမှားနေကြောင်း သူသတိပြုမိလိုက်သည်။


ခြုံစောင်အောက်သို့ သူဝိုးတဝါး စမ်းကြည့်လိုက်သောအခါ နွေးနေသည့် ခန္ဓာကိုယ်တစ်ခုကို ထိမိလေသည်။ ယဲ့ဇယ်ရှစ် ဝုန်းခနဲထခုန်လိုက်ကာ ခြုံစောင်ကို ကြောက်လန့်တကြား ဆွဲလှန်လိုက်သည်။ 


အိပ်ရာပေါ်တွင် လူတစ်ယောက်က သူ့ခေါင်းအုံးကိုဖက်ကာ စောင်ခြုံထားပြီး နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေလေသည်။ 


ယဲ့ဇယ်ရှစ် ရဲခေါ်ရမည်လား မခေါ်ရမည်လား တွေးနေစဉ်မှာပင် အိပ်ရာထက်ရှိ ဝင့်ကြွားကြွား အပြာရောင်ဆံပင်ကို သူ ဖျတ်ခနဲ မြင်လိုက်ရသည်။ 


ထိုဆံပင်ကို သူရင်းနှီးနေသည်သာမက တစ်နေရာရာတွင် မြင်ဖူးနေသကဲ့သို့ပင်။


ခဏကြာသောအခါ ယဲ့ဇယ်ရှစ်က ထိုသူကို မည်သူမှန်း မှတ်မိသွားသည်။


ထိုလူက မူလပိုင်ရှင်၏ သူငယ်ချင်းဖြစ်သူ ဝေ့လီဖေး ဖြစ်သည်။ ကောင်းရှူကဲ့သို့ပင် သူ့တွင်လည်း ယဲ့ဇယ်ရှစ်၏ အိမ်သော့ရှိလေသည်။


ယဲ့ဇယ်ရှစ် လက်သီးဆုပ်လိုက်သည်။ 

ကြည့်ရတာ အိမ်သော့လဲဖို့ကို ငါ့စာရင်းထဲ ထည့်ထားရမယ့်ပုံပဲ...


အိပ်ရာပေါ်ရှိ ဝေ့လီဖေးကို သူ မှုန်ကုပ်ကုပ်အမူအရာဖြင့် နှိုးလိုက်သည်။

"ထတော့..."


ယဲ့ဇယ်ရှစ်ကြောင့် ဝေ့လီဖေးနိုးသွားသည်။ အစက သူ မပျော်မရွှင်ဖြစ်နေသော်လည်း ယဲ့ဇယ်ရှစ်ကို မြင်သောအခါ စက္ကန့်ပိုင်းအတွင်း နိုးထလာခဲ့သည်။


သူ အိပ်ရာပေါ်မှ လူးလှိမ့်ထလိုက်ကာ ယဲ့ဇယ်ရှစ်ကို ခုန်ဖက်လိုက်သည်။ 


"ယဲ့ဇီ...မင်း ဘယ်တွေရောက်နေတာလဲ...ငါမင်းကို တစ်ညလုံးစောင့်နေခဲ့ရတာ..."

ဝေ့လီဖေး မကျေမနပ်ဖြင့် အထွန့်တက်လိုက်သည်။


ယဲ့ဇယ်ရှစ် သူ့ကိုတွန်းထုတ်လိုက်ပြီး TVကိုဖွင့်လိုက်သောအခါ "Time Idol" တိုက်ရိုက်ထုတ်လွှင့်မှုကို တွေ့လိုက်သည်။ ထို့နောက် သူပြောလိုက်သည်။

"ငါက အိမ်ပြန်သွားတာ မင်းကဘာလို့ ဒီရောက်နေတာလဲ..."


"ငါ ဘာလို့ ဒီရောက်နေတာလဲဟုတ်လား..."

ဝေ့လီဖေး၏ အမူအရာမှာ အနည်းငယ် နာကျင်သွားသယောင်ပင်။

"မင်းမှာ ဘာတွေဖြစ်ခဲ့တာလဲဆိုတာကို တစ်ခုမှမပြောဘူးလေ ငါ မင်းကိုwechat ကနေ စာတွေအများကြီး ပို့တော့လည်း မင်းက ဝင်လည်းမကြည့်ဘူး စာလည်းမပြန်ဘူး...ငါ့ဘက်ကသာ မင်းကို လာပြီးမတွေ့ရင် မင်းငါ့ကို တွေးရောတွေးမိမှာတဲ့လား..."


တစ်ဖက်လူက သူ့ကို စိတ်ပူနေသည်ကို သိလိုက်ရသောအခါ ယဲ့ဇယ်ရှစ် ရှင်းပြလိုက်သည်။

"မနေ့က ငါ့ဆီကို လူတွေအများကြီးစာတွေပို့တာ အဲ့ဒါကြောင့် ငါWe chatကို ဝင်မဖတ်ကြည့်ဖြစ်ဘူး..."


ဝေ့လီဖေး အေးစက်စက် နှာမှုတ်လိုက်သည်။ ထိုသည်က အလျှော့ပေးလိုက်သည်ဟု ယူဆနိုင်သည်။


ယန်မန်က သူ့အတွက် ထုပ်ပေးလိုက်သော ငါးလေးခြောက်ဘူးကိုဖွင့်လိုက်ကာ ဝေ့လီဖေးကို ယဲ့ဇယ်ရှစ် မေးလိုက်သည်။

"နည်းနည်းစားဦးမလား..."


ဝေ့လီဖေး ယဲ့ဇယ်ရှစ်ကို တစ်နေ့လည်ခင်းလုံး စောင့်နေခဲ့ပြီး အိပ်ပျော်သွားသောကြောင့် ညစာမစားလိုက်ရပေ ထို့ကြောင့် ယခုသူ အလွန်ဆာလောင်နေလေသည်။


သူအိပ်ရာပေါ်မှ ဆင်းလိုက်ကာ ယဲ့ဇယ်ရှစ်ဘေးတွင် ဝင်ထိုင်လိုက်ပြီး ခေါင်းညိတ်ကာပြောလိုက်သည်။

"စားမှာပေါ့..."


TV ပေါ်တွင် "Time Idol" ၏ တိုက်ရိုက်ထုတ်လွှင့်မှုကို ပြသနေသည်။ ဝေ့လီဖေးက စားနေရင်းလည်း အငြိမ်မနေဘဲ ပြောလိုက်သည်။ 


"ဟေး... ငါ တကယ်ကို နားမလည်‌တော့ဘူး မင်းက Cနေရာကနေ လွတ်လွတ်ကျွတ်ကျွတ် ပွဲဦးထွက်နိုင်နေတာကို... ပြီးတော့ မနေ့ကဖြစ်ခဲ့တဲ့ ကိစ္စကလည်း မင်းနဲ့ဘာမှမဆိုင်ဘူးလေ... အဲဒါတွေအကုန်လုံးက ဟိုငတုံးကောင် စွေ့ယီရဲ့ အမှားကြောင့်ပဲကို မင်းက ဘာဖြစ်လို့ နှုတ်ထွက်လိုက်ရတဲ့သူ ဖြစ်ရတာလဲ... စိတ်မကောင်းစရာပဲ ...မင်းက ဒီလိုမျိုး မင်းရဲ့နေရာကို သူများတွေကို လွှဲပေးလိုက်တော့မှာပေါ့လေ..."


ဝေ့လီဖေး ငါးခြောက်ကို ဒေါသတကြီးဝါးလိုက်သည်မှာ ပွဲဦးမထွက်လိုက်ရသည်မှာ သူဖြစ်နေသကဲ့သို့ပင်။


"အား..."

ဝေ့လီဖေး တစ်ခုခု အတွေးပေါက်သွားသကဲ့သို့ ရုတ်တရက် မတ်မတ်ထိုင်လိုက်သည်။ သူ ယဲ့ဇယ်ရှစ်ကို စူးစူးစိုက်စိုက်ကြည့်ကာ ပြောလိုက်သည်။

"မင်းထွက်လိုက်ရတဲ့ အကြောင်းက ထန်ကျင့်နဲ့ အတူတူ ပွဲဦးမထွက်ချင်လို့လား ဒါမှမဟုတ် ငါပဲ အတွေးလွန်နေတာလား..."


ယဲ့ဇယ်ရှစ် သူ့ကို ကူကယ်ရာမဲ့ ငဲ့ကြည့်လိုက်သည်။ 

"မင်း ဘာတွေလျှောက်တွေးနေတာလဲ ငါပြောပြီးပြီလေ ထန်ကျင့်ကို မကြိုက်တော့ဘူးလို့..."


"မင်း ထန်ကျင့်ကို မကြိုက်တော့ဘူးလို့လည်း ပြောသေးတယ်... ဘာဖြစ်လို့ သူ့ကို ရန်ဖြစ်တဲ့နေရာမှာ ကူညီပေးခဲ့တာတုန်း..."

ဝေ့လီဖေးကြည့်ရသည်မှာ အတည်မေးနေပုံရသည်။ ထို့နောက် သူဆက်ပြောလိုက်သည်။

"ပြီးတော့ အဲ့ဒီ ပုခုံးပေါ်ကနေ ကိုင်ပေါက်တဲ့အကွက် မင်း ဘယ်တုန်းကသင်လိုက်တာတုန်း... အရမ်းလန်းတာပဲ..."


ယဲ့ဇယ်ရှစ် လေသံမှာ ကလေးချော့နေရသကဲ့သို့ပင်။

"ငါ သူ့ကို သူငယ်ချင်းလိုပဲ ဆက်ဆံတာ... တကယ်လို့ မင်းလည်း တစ်ယောက်‌ယောက်ဆီက အရိုက်ခံနေရရင် ငါမင်းကိုဝင်ကူညီမှာပဲ...ပုခုံးပေါ်က ကိုင်ပေါက်တဲ့အကွက် မင်းသင်ချင်ရင် ငါသင်ပေးမယ်..."


ထိုသည်ကိုကြားသောအခါ ဝေ့လီဖေး အလွန်ကျေနပ်သွားသောကြောင့် ပြုံးလိုက်သည်။ 

"ဒီလိုမှပေါ့...ဘယ်လောက်ကောင်းတဲ့ ညီအစ်ကိုလဲ..."


တိုက်ရိုက်ထုတ်လွှင့်မှုကို ပြသထားဆဲဖြစ်သည်။ အဖွင့်ဖျော်ဖြေမှုမှာ ပြီးဆုံးသွားပြီ ဖြစ်သည်။ ယခုတွင် နည်းပြများနှင့် အစီအစဉ်တင်ဆက်သူကို ပြသထားသည်။


ယမန်နေ့မှ မတော်တဆမှုမှာ အဆုံးသတ်တော့မည်ဖြစ်သည်။ "Time Idol"မှ ပြိုင်ပွဲဝင်သုံးယောက်မှာ ရုတ်တရက် ထွက်ခွာသွားခဲ့သည်။ ထိုသည်က စီစဉ်ထားသမျှ အစီအစဉ်များကို နေ့တွင်းချင်း ပြောင်းလဲလိုက်ရသည်။


ကံကောင်းထောက်မစွာဖြင့် နည်းပြများနှင့် ပရိုဂရမ်အဖွဲ့မှာ ပြောင်းလဲမှုများကို ညှိယူရာတွင် အလွန်တော်ကြသောကြောင့် ယနေ့ အဖွင့်ဖျော်ဖြေမှုမှာ ကြည့်ကောင်းဆဲဖြစ်သည်။ 


ထိုသည်မှာ မဆိုးလှသော်လည်း ပရိသတ်များနှင့် ဖန်များအတွက်မူ ဝမ်းနည်းမှုများ ရှိနေဆဲဖြစ်သည်။ 


အထူးသဖြင့် ယဲ့ဇယ်ရှစ်ဖန်များနှင့် ထန်ကျင့်ဖန်များဖြစ်သည်။ 


များစွာသောဖန်တို့မှာ ထိုကောင်လေးနှစ်ယောက် ပွဲဦးထွက်သည်ကို မျက်မြင်‌တွေ့ကြုံခံစားလိုကြသောကြောင့် လက်မှတ်များကို ကြိုဝယ်ယူထားခဲ့ကြသည်။ 


ယခုအခိုက်အတန့်တွင်မူ တိုက်ရိုက်ထုတ်လွှင့်မှု စကားပြောခန်းတွင် စွေ့ယီအား လူတိုင်းက ဆဲဆိုနေကြသည်။


ဝေ့လီဖေးမှာ ရှိုးထက် ယဲ့ဇယ်ရှစ်ကို သာ ပို၍စိတ်ဝင်စားနေပုံရသည်။ ထို့နောက် ငါးခြောက်စားနေရင်းဖြင့် မှတ်ချက်များကို လိုက်စပ်စုနေခဲ့သည်။ 


ယဲ့ဇယ်ရှစ်က ဝေ့လီဖေး၏ ဗလုံးဗထွေးပြောနေသည်များကို နားထောင်ရင်း တိုက်ရိုက်ထုတ်လွှင့်မှုတစ်ခုလုံးကို ကြည့်ခဲ့သည်။


အဆုံးတွင် အဖွဲ့၏ လူနေရာစဉ်ကို ကြေညာလိုက်သည်။ ယဲ့ဇယ်ရှစ် ခန့်မှန်းထားသည့်အတိုင်းပင် ကျန်းရန်၊ ယုယန်နှင့် ဝမ်အန်တို့အားလုံး ပွဲဦးထွက်ခွင့်ရလိုက်ကြသည်။ ကျန်းရန်ကမူ အကောင်းဆုံး အမှတ်ဖြင့် ပွဲဦးထွက်ခဲ့လေသည်။ 


တိုက်ရိုက်ထုတ်လွှင့်မှုအဆုံးတွင် ပွဲနှင့် သက်ဆိုင်သမျှအားလုံးမှာ hot search ပေါ်ရောက်ခဲ့သည်။ ထိုအထဲတွင် သူနှင့် ထန်ကျင့်အကြောင်းပါ ပါလိမ့်မည်ဟု ယဲ့ဇယ်ရှစ် မမျှော်လင့်ခဲ့မိပေ။ 


#ယဲ့ဇယ်ရှစ်နဲ့ ထန်ကျင့်ကို လွမ်းနေ#


[ဒီနေ့ညပွဲကို ငါမကြည့်ချင်ခဲ့ဘူး ဒါပေမယ့် တစ်လလောက် စောင့်ကြည့်လာခဲ့တော့ ဒီတစ်ခါကို လာမကြည့်လိုက်ရင် မပြည့်စုံသလို ခံစားနေရမှာ... ငါတကယ်လည်းကြည့်လိုက်ရော စင်ပေါ်မှာ ယဲ့ဇယ်ရှစ်မရှိတော့ဘူးဆိုတော့ စင်မြင့်က မပြည့်စုံသလိုဖြစ်နေတယ်...]


[ငါ့စိတ်ထဲမှာ ယဲ့ဇယ်ရှစ်ရဲ့ အဖွင့်ကကွက်ကိုပဲ မြင်ယောင်နေမိတယ်... ငါငိုနေပြီ...]


[ သောက်ငတုံးစွေ့ယီ... ]


[ငါပြန်အမှတ်ရမိတိုင်း စွေ့ယီကိုပဲ ရိုက်သတ်ပစ်ချင်တယ်...]


[အတူတူပါပဲ...]


[ဒါပေမယ့် ကိစ္စမရှိဘူး... ယဲ့ဇယ်ရှစ်က အနားယူမသွားဘူးလေ...ပြောမရဘူး ငါတို့တွေ သူအလုပ်အသစ်တွေနဲ့ပြန်လာတာကို မကြာခင် မြင်ရင်မြင်ရမှာ...]


[အပေါ်ထပ်က ညီအစ်မပြောတာ ကြားလိုက်ရတော့ လာမယ့်ရက်တွေအတွက် မျှော်လင့်ချက်တွေတောင် ထားမိပြီ...]


[ယဲ့ဇယ်ရှစ်က ဘယ်တော့မှ သူ့Weiboမှာ ပို့စ်ပြန်တင်မှာလဲ မသိဘူး... အလုပ်မရှိတဲ့ အချိန်အတောတွင်း ငါလေးရဲ့ စိတ်ဝိညာဉ်အတွက် အင်အားဖြည့်စွက်စာလေးတွေ လိုနေသေးတယ်...]


သေချာပေါက်ပင် ထိုအရာမှာ မဖြစ်နိုင်ပေ။


လေ့ကျင့်ရေးမရှိသည့် ရက်များက ယဲ့ဇယ်ရှစ်အတွက် နိဗ္ဗာန်ပင်ဖြစ်သည်။ နေ့ရက်တိုင်းကို ကောင်းစွာ စားခြင်း အိပ်ခြင်းအပြင် ကျန်ရှိသည့်အချိန်များတွင် animeကြည့်ခြင်းနှင့် ဂိမ်းကစားခြင်းကိုပင် လုပ်လိုက်သေးသည်။ 


သူ အလွန်ပျော်နေသည်မှာ လပေါ်သို့ ပျံနိုင်တော့မည်အထိပင်။


ငါ့ ကျော်ကြားမှုကို ထိန်းထားရမယ် ဟုတ်လား... ပင်ပန်းလွန်းနေပြီ... လွှတ်ပေးလိုက်ကြပါတော့လို့...


ထိုပျော်ရွှယ်ဖွယ် နေ့ရက်များ၏ အဆုံးသတ်မှာ တဖြည်းဖြည်းရောက်ရှိလာနေပြီ ဖြစ်သည်။


တစ်ပတ်ကြာသောအခါ Bulgari ကြော်ငြာ ရိုက်ကူးရန်အတွက် ယဲ့ဇယ်ရှစ်အိမ်သို့ လက်ထောက်အသစ်နှင့် ဒရိုင်ဘာအသစ်ကို ကောင်းရှူခေါ်လာပြီး ယဲ့ဇယ်ရှစ်ကို လာကြိုခဲ့သည်။


ထိုကိစ္စကို ယဲ့ဇယ်ရှစ် စိတ်ပါဝင်စားမှုမရှိသော်လည်း ထွက်သွားရန်လည်း နည်းလမ်းမရှိပေ။


ဤတစ်ခေါက် Bulgari စီးရီးမှာ ယခင်က တစ်ခါမှ မမြင်ဖူးသေးသည့် ရှေးဟောင်းစတိုင် စီးရီးဖြစ်သည်။ ထိုသည်မှာ ကြီးမားသည့် ထိုးဖောက်မှုတစ်ခု ဖြစ်လာလိမ့်မည်ဖြစ်သည်။ ယခု စီးရီး၏ ဒီဇိုင်းပိုင်းဆိုင်ရာ အကြီးအကဲမှာ တရုတ်ပြည်တွင် နာမည်ကြီးသော ဒီဇိုင်နာဖြစ်သည်ဟုလည်း ကောလာဟလများရှိသည်။


ကြော်ငြာတစ်ခုလုံးမှာ melodrama အတိုလေးတစ်ပုဒ်သာဖြစ်သည်။ ယဲ့ဇယ်ရှစ် စာ‌သားတစ်ကြောင်းသော်မျှ ထုတ်ပြောရန်မလိုပေ။


ဤသည်မှာသရုပ်ဆောင်၏ သရုပ်ဆောင်စွမ်းရည်ကို စမ်းသပ်ခြင်းလည်းဖြစ်သည်။ မူလက သရုပ်ဆောင်မှာ ယဲ့ဇယ်ရှစ်ဖြစ်သည်ဟု သိလိုက်ရသောအခါ ဒါရိုက်တာမှာ အလွန်စိုးရိမ်နေခဲ့သည်။ 


ပြောရမည်ဆိုလျှင် ယဲ့ဇယ်ရှစ်ဆိုသည်မှာ ပွဲဦးထွက်ထားသည်မှာ တစ်လသာရှိသေးသည့် အဆိုတော်တစ်ယောက်သာဖြစ်ကာ သူ၏ သရုပ်‌‌ဆောင်စွမ်းရည်က ကောင်း၏မကောင်း၏ မည်သူမျှမသိပေ။


ဒါရိုက်တာမှာ ရိုက်ကူးရေးအား သုံးလေးရက်မျှ ဆက်တိုက် ရိုက်ကူးရနိုင်သည်ဟု စိတ်ထဲတွင် ပြင်ဆင်ထားခဲ့သော်လည်း ရိုက်ကူးရေးမှာ တစ်ရက်တည်းနှင့် ပြီးဆုံးသွားလိမ့်မည်ဟု သူ‌ မမျှော်လင့်ခဲ့ပေ။ 


မတူညီသည့် ဝတ်စုံဆယ်စုံနှင့် ဓာတ်ပုံအားလုံးမှာ တစ်ရက်တည်းနှင့် ရိုက်ကူးပြီးစီးသွားသည်။ ထိုအထဲမှ အကောင်းဆုံးဝတ်စုံကို ရွေးထုတ်ရန်ပင် သူ့အတွက်ခက်ခဲခဲ့လေသည်။ အဘယ့်ကြောင့်ဆိုသော် သူအားလုံးကို ကြိုက်သောကြောင့်ဖြစ်သည်။ 


ယခုရိုက်ကူးရေးအတွက် ဘရန်းဘက်မှ ဝတ်စုံဆယ်စုံ ပြင်ဆင်ပေးခဲ့သည်။ မူလက ယဲ့ဇယ်ရှစ်အား မည်သည့်ဝတ်စုံနှင့် အလိုက်ဖက်ဆုံးဖြစ်သည်ကို စမ်းသပ်ဝတ်စေချင်ခဲ့သည်။


ရလဒ်အားဖြင့် ယဲ့ဇယ်ရှစ်အား ဆံပင်ပြင်ပြီးသည်နှင့် ပထမတစ်စုံကို ဝတ်ခိုင်းလိုက်သောအခါတွင် သူတို့အားလုံး အံ့ဩသွားကြသည်။ 


ယဲ့ဇယ်ရှစ်က အဖြူရောင်ပိုးသား ဘရိုကိတ်ဝတ်ရုံကို ဝတ်ဆင်ထားကာ အပြင်အင်္ကျီမှာ လက်ဝအကျယ်တွင် အနီရောင်ကွပ်ထားလေသည်။ ရှည်လျားသော အနက်ရောင် ဆံနွယ်များမှာ အင်္ကျီပေါ်တွင် လျော့လျဲကျနေသည်။ နက်မှောင်သော မျက်ဝန်းများနှင့်အတူ သူ၏ မျက်နှာသွင်ပြင်များမှာ လန်းဆန်းတက်ကြွနေခဲ့သည်။


ထိုသွယ်လျသော ကောက်ကြောင်းဖြင့် အဝေးတွင်ရပ်နေပါက ရှေးခေတ်စာလိပ်များထဲမှ ‌သခင်ငယ်လေးတစ်ယောက်နှင့်ပင် တူလေသည်။ မက်မွန်ပွင့်သဏ္ဌာန် မျက်ဝန်းများ၊ အပြုံးမျက်နှာနှင့် နီစွေး‌စွေးနှုတ်ခမ်းများမှာ ဝတ်စုံနှင့်အတူ ပြီးပြည့်စုံမှုဆိုသည်ကို ဖော်ကျူးနေသည်။ 


ရိုက်ကွင်းရှိ လူများမှာ သူတို့၏ ဒုန်းစိုင်းခုန်နေသော ရင်ခုန်သံများကို မရပ်တန့်နိုင်ကြပေ။


လက်ရှိ ရှိနေကြသောဝန်ထမ်းများမှာ အဖြောင့်များဖြစ်ကြသည်။  


ဒါပေမယ့် ဒီနှစ်လိုဖွယ်ကောင်းတဲ့ သခင်လေးက အရမ်းခံ့ညားတာပဲ‌...


ကောင်းရှူ စိတ်လှုပ်ရှားမှုကို မထိန်းချုပ်ထားဘဲ လက်သီးတင်းတင်းဆုပ်ထားလိုက်သည်။ 


ယဲ့ဇယ်ရှစ်မှာ ပန်းချီကားထဲမှ ထွက်လာသူတစ်ဦးကဲ့သို့ပင်။ သူ၏ ယခုပုံစံအား ဖန်များမြင်လျှင်လည်း စိတ်လှုပ်ရှားကြမည်သာဖြစ်သည်။ 


ပို၍ မှင်သက်သွားသူမှာ ဒါရိုက်တာပင်ဖြစ်သည်။


မသေမချာဖြစ်နေသူမှာ ယဲ့ဇယ်ရှစ်ဟုပင် ပြောနိုင်သည်။ 

"ကြည့်မကောင်းဘူးလားဟင်... နောက်တစ်စုံလဲလိုက်ရမလား..."


ဒါရိုက်တာက အသိစိတ်ပြန်ဝင်လာသည်။

"ကောင်းတယ်...အရမ်းကောင်းတယ်...လဲဖို့မလိုဘူး...ဒီတစ်စုံက အလိုက်ဖက်ဆုံးပဲ... 


ဒါရိုက်တာက စိတ်လှုပ်ရှားစွာဖြင့် လက်များကိုပွတ်လိုက်သည်။

ကြောငြာရိုက်တာ ဟုတ်လား... သရုပ်ဆောင် မကောင်းလည်း အဆင်ပြေတယ်...ရုပ်ရည်သာ လိုချင်တဲ့အတိုင်းရသရွေ့ နောက်ပိုင်း ထုတ်လုပ်ရေးအတွက် အလုပ်ပိုကြိုးစားပြီး အားစိုက်လိုက်ရုံပေါ့...


သို့သော် ကင်မရာများ ယဲ့ဇယ်ရှစ်အပေါ် ရောက်သည်နှင့် သူမှားသွားပြီဖြစ်ကြောင်း ဒါရိုက်တာ သိလိုက်ရသည်။


ကင်မရာမီးများ ဖွင့်လိုက်သည်နှင့် ရိုက်ကွင်းစတင်ပြီဖြစ်သည်။ 


ယဲ့ဇယ်ရှစ်၏ လှုပ်ရှားမှုတိုင်းက ဇာတ်ညွှန်းအတိုင်း လိုချင်သည့် သရုပ်ဆောင်ချက်အတိုင်း ကွက်တိကျလေသည်။


သူပြုံးသည့်အချိန်၊ ခေါင်းညိတ်သည့်အချိန်၊ ခေါင်းခါသည့်အချိန် စသည်တို့မှာ အချိန်ကိုက် အံဝင်ခွင်ကျဖြစ်လှသည်။


ရိုက်ချက်တစ်ချက် ရိုက်ယူပြီးဖြစ်သည်။ အလွန်ကိုပင် ချောမွေ့လှသည်။


နာရီဝက်ခန့်ကြာသောအခါ ဒါရိုက်တာက ဖန်သားပြင်မှ ဗီဒီယိုကို မယုံနိုင်ခြင်းများစွာဖြင့် ပြန်ကြည့်နေခဲ့သည်။


ရိုက်ချက်တစ်ချက်စီတိုင်းက နေရာကျနေသည်။ ယဲ့ဇယ်ရှစ်က သူ၏ဇာတ်ကောင်ထဲတွင် လုံးဝနစ်မြုပ်နေသည်မှာ သူ့ခေါင်းပေါ်ရှိ ဆံပင်တုသည်ပင် အစစ်အမှန်ဟု ထင်ရလောက်သည်အထိပင် သူ့လှုပ်ရှားတိုင်းနှင့် အံဝင်ခွင်ကျဖြစ်နေခဲ့သည်။


နောက်ဆုံးရိုက်ကွက်တွင် ယဲ့ဇယ်ရှစ်၏ မျက်နှာအား ကင်မရာဖြင့် ချိန်ထားသည်။ သူ မျက်လွှာချလိုက်ကာ ကျောက်စိမ်းဆံထိုးအား သွယ်လျသော လက်ချောင်းများဖြင့် ဆော့ကစားလိုက်သည်။ ထို့နောက် သူ ‌ခပ်ဖြည်းဖြည်း ပြုံးလိုက်သည်။ 


ဒါရိုက်တာ စကားလုံးတစ်လုံးသာတွေးနိုင်သည်။

ညှို့ယူဖမ်းစားခြင်း...  


အတန်ကြာသည်အထိ ဒါရိုက်တာ စကားမပြောသောအခါ ကောင်းရှူ ရောက်လာပြီး မေးလိုက်သည်။

"အဆင်မပြေဘူးလား ဒါရိုက်တာကြီး ပြန်ရိုက်ဖို့လိုသေးလား..."


ဒါရိုက်တာမှာ နှစ်စက္ကန့်မျှ တိတ်ဆိတ်သွားကာ ဖြည်းညှင်းစွာ ခေါင်းခါလိုက်သည်။ 

"မလိုပါဘူး... အရမ်းကျေနပ်တယ်... ဒါပေမယ့် ကျွန်‌တော် အကြံတစ်ခုရလာတယ်... ယဲ့ဇယ်ရှစ်ကို တခြားအင်္ကျီတွေပါဝတ်ခိုင်းပြီး ပြန်ရိုက်ခိုင်းလို့ ရမလား..."


ယဲ့ဇယ်ရှစ် ငြင်းစရာမရှိပေ။


ထို့ကြောင့် ထိုနေ့တစ်ရက်လုံးတွင် ယဲ့ဇယ်ရှစ် ကျန်ရှိသည့် ဝတ်စုံကိုးစုံကို တစ်စုံခြင်းလဲခဲ့ရပြီး ဇာတ်ကွက်ကို ပြန်ရိုက်ခဲ့ရသည်။


ရိုက်ကွက်အားလုံးကိုလည်း တစ်ခါတည်းသာရိုက်ခဲ့ရသည်။ 


ဝတ်စုံဆယ်စုံလုံးဖြင့် ရိုက်ကူးပြီးစီးသောအခါ ည‌နေစာ စားသည့်အချိန်သို့ပင် ရောက်နေပြီဖြစ်သည်။


ဒါရိုက်တာမှာ သူ့ရင်ထဲရှိ စိတ်လှုပ်ရှားမှုကို မထိန်းချုပ်နိုင်သေးသောကြောင့် ယဲ့ဇယ်ရှစ်ကို တစ်ခုတောင်းဆိုလိုက်သည်။

"မင်းကို ဓာတ်ပုံနည်းနည်းလောက် ရိုက်လို့ရမလား..."


ရိုက်ကူးရေးမှာ တစ်ရက်သာကြာသော်လည်း ယဲ့ဇယ်ရှစ် အလွန်ပင်ပန်းနေပြီဖြစ်သည်။ သူအချိန်ကို တစ်ချက်ကြည့်လိုက်ကာ ပြောလိုက်သည်။

"ညနေ ၆နာရီမတိုင်ခင် ပြီးနိုင်လောက်လား..."


ဒါရိုက်တာ ခေါင်းညိတ်လိုက်သည်။

"ပြီးတာပေါ့..."


ညနေခြောက်နာရီတွင် ယဲ့ဇယ်ရှစ် အချိန်မှီ အလုပ်ပြီးသွားသည်။


ဒါရိုက်တာက သူ့ကိုကိုယ်တိုင်ကိုယ်ကျ အပြင်လိုက်ပို့ခဲ့ကာ နောင်တွင်လည်း အခွင့်အရေးရှိလျှင် ပူးပေါင်းလိုကြောင်း ပြောခဲ့သည်။


ကောင်းရှူကိုလည်း ပြောလိုက်သည်။

"တရားဝင် Weiboက အကြိုပြသမှုကို ဒီနေ့ညလွှင့်လိမ့်မယ်... ဒါပေမယ့် အခုတော့ ခင်ဗျားကို အချောသတ်ပုံတွေကို အရင်ပို့ထားလိုက်မယ်..."


ကောင်းရှူ ခေါင်းညိတ်လိုက်သည်။

"ကျေးဇူးပါပဲ ဒါရိုက်တာကြီး...ဒါရိုက်တာကြီးကိုပဲ ဒုက္ခပေးရတော့မယ်..."


ဒါရိုက်တာက လက်ကို ထပ်ခါ ထပ်ခါရမ်းပြလိုက်ကာ ပြောလိုက်သည်။

"ပြဿနာ မဟုတ်ပါဘူး ...ပြဿနာမဟုတ်ပါဘူး..."


ရိုက်ကူးရေးက တစ်ရက်အတွင်း အပြီးသတ်သွားသည်။ ရိုက်ချက်များကိုလည်း တစ်ခါသာ ရိုက်ရသည်။ သူ ရတနာရှာတွေ့လိုက်ပြီဖြစ်သည်။


ထိုနေ့ညဆယ်နာရီတွင် Bulgari ၏ တရားဝင်Weiboမှ စာသားခေါင်းစီးမရေးဘဲ ဓာတ်ပုံချည်းသာ ပို့စ်တင်ခဲ့သည်။


ဓါတ်ပုံထဲရှိအမျိုးသားမှာ အနီရောင်ဝတ်စုံကို ဝတ်ဆင်ထားကာ စန္ဒကူးသား ပြတင်းပေါက်ကို မှီထားလေသည်။ အင်္ကျီမှာ တစ်ဝက်သာချည်ထားပြီး သူ၏ ရင်ဘတ်တစ်စိတ်တစ်ပိုင်းကို ဖွင့်ဟထားလေသည်။


တစ်ခုခုလာနေသည်ကို သိနေသကဲ့သို့ ထိုအမျိုးသားမှာ မျက်ခွံကို လေးတွဲ့စွာ ပင့်ကြည့်လိုက်သည်။ သူ၏ မှင်နက်ရောင် ဆံနွယ်များမှာ လေနှင်ရာ လွင့်မျောနေကြသည်။ သူဘေးဘက်ကို ကြည့်လိုက်ပြီး နှုတ်ခမ်းပါးများက အနည်းငယ် ကော့တက်သွားလေရာ မျက်ဝန်းအောက်ရှိ မှည့်သေးသေးမှာလည်း လှုပ်ရှားသွားလေသည်။


နံပါတ်တစ်မှတ်ချက်: "အမေရေ... တစ်စုံတစ်ယောက်က သမီးကို ဖြားယောင်း‌သွေးဆောင်နေပါတယ်..."


(T/N- နောက်အပိုင်းတွေကစပြီး နည်းပြဟယ့်အစား ဟယ့်လောင်ရှီးလို့ ပြင်ရေးပါ့မယ်နော် )



🎶🎶🎶