Chapter 266
လူတစ်ယောက်ကိုစာသင်ရင်းနှင့်ပြောင်းလဲမယ်ဆိုတာလက်တွေ့သိပ်မဆန်လှချေ။အဘယ်ကြောင့်ဆိုသော် အခြားသူများတွင် စွန်းရှောင်ကျယ်ကိုသိမ်းသွင်းနိုင်စွမ်းမရှိသောကြောင့် ဤကိစ္စမှာ ကျန်းရှောင်မန်ပုခုံးပေါ် လုံးလုံးလျားလျား ကျရောက်လာတော့သည်။
ချိန်းဆိုထားသောနေရာသို့သူမရောက်သွားသောအခါ စွန်းရှောင်ကျယ်နှင့်သူ့သူငယ်ချင်းများကို မလှမ်းမကမ်းတွင်စောင့်နေကြတာတွေ့လေသည်။
စွန်းရှောင်ကျယ်နှင့်သူ့သူငယ်ချင်းများက ယခုချိန်တွင်အသိတရားရနေပြီဖြစ်သည်။ အားလုံးကကျောင်းလွယ်အိတ်များ၊ ပုံနှိပ်စာအုပ်များနှင့်စာရေးကိရိယာများကိုယူလာကြသည်။ သူတို့ကျောင်းလွယ်အိတ်ထဲတွင်အုတ်နီခဲများသာရှိလိမ့်မည်ဟု ကျန်းရှောင်မန်ခန့်မှန်းခဲ့သော်လည်း အခုတော့သူတို့ပုံနှိပ်စာအုပ်များကိုယူလာကြသည်။ ၎င်း တိုးတက်မှုကြီးဖြစ်သည်။
"အစ်မကြီး"စွန်းရှောင်ကျယ်သူမကိုလက်ပြလိုက်သည်။
ကျန်းရှောင်မန် ဖြည်းဖြည်းလေးလမ်းလျှောက်သွားလိုက်သော်လည်း သူမဘာမှမပြောနိုင်ခင်မှာပဲ သူမအနားမှာလူတွေဝိုင်းအုံလာကြတော့သည်။
လေထုကြီးကရုတ်တရက်လေးလံလာသည်။
သူတို့ရဲ့ခေါင်းဆောင်ကစွန်းရှောင်ကျယ်နဲ့ဆင်ပေမဲ့ လူကောင်ကြီးမား၍ အရပ်ရှည်ပြီး တိုက်ရေးခိုက်ရေးတွင်ကျွမ်းကျင်ပုံရလေသည်။
၎င်းသည်အမှတ်လေးဂျူနီယာအထက်တန်းကျောင်းမှအစ်ကိုရှန့်ဟုခေါ်သောကျောင်းလူမိုက်ဖြစ်သည်။
အစ်ကိုရှန့်က စွန်းရှောင်ကျယ်ကိုလှောင်ပြုံးလေးပြုံးလိုက်ပြီး ပြောလိုက်သည်။
"အိုး.... စွန်းရှောင်ကျယ် ခဏလေးမတွေ့လိုက်တာဒီလောက်တောင်ကြီးပြင်းလာတာပေါ့ လာပါဦး မင်းအစ်ကိုကြီးကိုမင်းရဲ့ဆရာအသစ်လေးကိုပြပါဦး...."
စွန်းရှောင်ကျယ်ရုတ်တရက်ထိတ်လန့်သွားသည်။ သူ့ကိုထိတ်လန့်အောင်လုပ်တာအစ်ကိုရှန့်မဟုတ်ပဲ ကျန်းရှောင်မန်သာဖြစ်သည်။
စွန်းရှောင်ကျယ်ချက်ချင်းပဲကျန်းရှောင်မန်ကိုကြောက်ရွံ့နေသောအကြည့်ဖြင့်ကြည့်လိုက်ပြီးပြောလိုက်သည်။
"မဟုတ်ဘူး အဲဒါငါမဟုတ်ဘူး ငါဘယ်သူနဲ့မှရန်ဖြစ်ဖို့မချိန်းထားဘူး...."
သူမေ့နေတာပဲ....
အမှတ်လေးဂျူနီယာအထက်တန်းကျောင်းကကောင်စုတ်ကမမျှော်လင့်ပဲနဲ့ဒီမှာပေါ်လာတယ်လေ....
လွဲတော့လွဲနေပြီနော်... သူရန်မဖြစ်တာတော်တော်ကြာနေပြီလေ....
ဘယ်သူမှအစ်ကိုရှန့်ကိုအာရုံမရှိကြပေ။
အစ်ကိုရှန့်ကလည်း ဂရုမစိုက်ချေ။ သူ့မျက်လုံးတွေကလူအုပ်ကြီးကိုရှာဖွေနေသည်။ သူကကျန်းရှောင်မန်ကိုအလိုအလျောက် ကျော်သွားလိုက်ပြီး သူ့အကြည့်တွေက မရင်းနှီးနေသောပုဂ္ဂိုလ်ယွီချင်းရှီပေါ်ကျရောက်သွားသည်။
အရပ်မြင့်မြင့် ပိန်ပိန်ပါးပါးနှင့်အသားဖြူဖြူသွေးအေးတတ်သောပုံစံနှင့်ယောက်ျားတစ်ယောက်။ သူကသူ့ကိုမျက်စိထဲမထည့်ထားသကဲ့သို့ကြည့်နေသည်။
ဟွန်း ကိုယ့်ကိုကိုယ်အရမ်းအထင်ကြီးနေတာပဲ....
သူအစ်ကိုရှန့်နှင့်အကြည့်ချင်းဆုံသွားသောအခါသူကသူ့ကိုအေးစက်စွာသာစိုက်ကြည့်နေပြီး ဘာမှမပြောပေ။
လုံးဝကြီးကိုသေသေချာချာလျစ်လျူရှုခံလိုက်ရသည်။
အစ်ကိုရှန့်ချက်ချင်းစိတ်ဆိုးသွားသည်။
"ဒီတော့ မင်းပေါ့ ကောင်စုတ်လေး.... မင်းကအရမ်းတော်လွန်းလို့စွန်းရှောင်ကျယ်ကိုတောင်အမိန့်ပေးလို့ရတယ်လို့ငါကြားတယ် ....ဒီလိုဆိုရင်ကော မင်းအစ်ကိုကြီးနဲ့တစ်ပွဲတစ်လမ်းလောက်မနွှဲချင်ဘူးလား...."
ယွီချင်းရှီနောက်ဆုံးတော့သူ့ကိုမျက်လုံးထောင့်မှကြည့်နေရာကနေရပ်လိုက်သည်။ သူကျန်းရှောင်မန်ကိုပထမဆုံးကြည့်လိုက်ပြီးခေါင်းငြိမ့်လိုက်သည်။
"ဟုတ်တယ် ငါပဲ...."
ပြဿနာတစ်ခုခုရှိရင် သူ့ဆီကိုပဲလာပါစေ....
အစ်ကိုရှန့်ကသူ့ကုတ်အင်္ကျီကိုချွတ်လိုက်ပြီးတော့ မြေကြီးပေါ်ပစ်ချလိုက်သည်။
"လာလေ ကောင်စုတ်လေးရဲ့ အုပ်စုလိုက်ချချင်လား တစ်ယောက်ချင်းချချင်လား....."
စွန်းရှောင်ကျယ်ဒေါသထွက်သွားသည်။
သေစမ်း.... သူ့ကိုလူသေကောင်လိုသဘောထားနေကြတာလား...
သူတစ်ယောက်ယောက်ကိုရန်စချင်တယ်ဆိုရင်သူ့ကိုပဲရန်စလေ.....သူ့အစ်မကြီးကိုသူဘယ်လိုတောင်ရန်စရဲရတာလဲ.... လူမှားပြီးတော့ သူမလူကိုတောင်ရန်စလိုက်သေးတယ်...
"မင်းအသက်ရှင်ရတာပျင်းနေပြီလား....ဘာလဲ ဒီကိုလာခဲ့ မင်းပါပါးကဒီမှာလေကွာ...."
စွန်းရှောင်ကျယ်လဲဒေါသထွက်နေပြီဖြစ်သည်။သူကသူ့လွယ်အိတ်ကိုအဝေးသို့ပစ်လိုက်ပြီး တိုက်ခိုက်ဖို့အသင့်အနေအထားနှင့်ရှိနေသည်။
လေထုကဓားအိမ်ထဲမှဓားများကိုဆွဲထုတ်လိုက်ပြီး လေးတွေမြားတွေကလဲ ပစ်ရန်အနေအထားနှင့်ရှိနေသလိုဖြစ်နေသည်။ မည်မျှပြင်းထန်သလဲ ဆိုလျှင် ရိုးရိုးကလေးသွားထိလိုက်တာနှင့်ပင် ပေါက်ကွဲသွားနိုင်သည်။
ယွီချင်းရှီတိတ်တိတ်လေးကျန်းရှောင်မန်ရှေ့မှာပိတ်ရပ်လိုက်သည်။ အခြေအနေတွေပြင်းထန်လာလျှင် သူကသူမကိုဆွဲပြီးထွက်ပြေးရန်အသင့်ပြင်ထားသည်။
ဒါပေမဲ့သူမလက်ကိုဆွဲဖို့လုပ်နေတုန်းမှာပဲ သူဘာလို့လေကိုပဲထိလိုက်ရသလိုခံစားလိုက်ရတာလဲ....
သူမဘယ်သွားလိုက်တာလဲ....
ယွီချင်းရှီ လန့်သွားပြီး အနောက်ကို လှည့်ကြည့်လိုက်သောအခါသူတွေ့လိုက်ရသည်မှာ သူမကအရင်လက်ဦးမှုရယူပြီး ထွက်သွားသည်ဆိုတာပင်။
ကျန်းရှောင်မန် သူမမေးစေ့ကို မြောက်လိုက်ပြီးလှောင်ပြုံးလိုက်သည်။
"ရန်ဖြစ်ချင်တယ်ပေါ့ ငါသဘောတူမတူအရင်လာမေးလေ...."
အစ်ကိုရှန့်ထိတ်လန့်သွားသည်။
ဒီကောင်မလေးကဘယ်ကရောက်လာတာလဲ....
လျှောက်ကစားနေတာလား....
အစ်ကိုရှန့်ကြည့်လိုက်ပြီး ပြောလိုက်သည်။
" ဟေ့ ကလေးမ ဝေးဝေးသွားနေစမ်း ဒါကယောကျာ်းတွေကြားကရန်ပွဲပဲ ဝင်မပါချင်စမ်းပါနဲ့...."
ကျန်းရှောင်မန်လှောင်ပြုံးလိုက်သည်။ ယွီချင်းရှီကမျက်မှောင်ကြုတ်လိုက်ပြီး စွန်းရှောင်ကျယ်ကပေါက်ကွဲသွားသည်။
စွန်းရှောင်ကျယ်ကတောက်ခတ်လိုက်ပြီးသူ့မျက်ခုံးတွေကဒေါသတကြီးဖြင့်မြောက်တက်သွားကြသည်။
"ဟေ့ကောင် မင်းစကားကြည့်ပြော ငါ့အစ်မကြီးကိုမင်းဒီလိုစကားပြောရဲတယ်ပေါ့...."
သူအရင်ဆုံးပြန်မတုံ့ပြန်လိုက်သော်လည်း အဲဒါက သူ့ကိုဆဲသွားတာဟု သူခံစားမိလိုက်သည်။ဒေါသတွေကသူ့ငယ်ထိပ်အထိတက်လာပြီး ပြောလိုက်သည်။
"သေစမ်း မင်းစွန်းဆိုတဲ့မျိုးရိုးနာမည်နဲ့အကောင် မင်းငါ့ကိုအထင်သေးနေတာလား မင်းဆွေမျိုးတွေကိုပါရန်ဖြစ်ဖို့ခေါ်လာတယ်ပေါ့.... မင်းဘာလုပ်ချင်နေတာလဲ...."
"ဘယ်သူကဆွေမျိုးတွေခေါ်လာလို့လဲ မင်းရဲ့ခွေးမျက်လုံးတွေကိုဖွင့်ပြီးသေချာကြည့် ဒါငါတို့ရဲ့ပြိုင်ဘက်ကင်းပြီးသူမတူအောင်တော်တဲ့အစ်မကြီးပဲ...."
"မင်း ခွေးမသား......"
အစ်ကိုရှန့်ပြောလိုက်သည်။
"ဘာအဓိပ္ပာယ်မရှိတာတွေလာပြောနေတာလဲ....."
"ငါမင်းအမေကိုပြောနေတာလေ ဟေ့ကောင်ရဲ့....."
အစ်ကိုရှန့်အံ့အားသင့်ပြီးတော့ဆွံ့အသွားသည်။ သူ့ဦီးနှောက်တွေခဲသွားသလိုပင်။
ဒီတော့ ဒါလေးက အမှတ်ခြောက်ဂျူနီယာအထက်တန်းကျောင်းရဲ့ ကြောက်ဖို့ကောင်းပြီး လျှို့ဝှက်ဆန်းကြယ်တဲ့ ကျောင်းလူမိုက်အသစ်လား....
ကျောင်းလူမိုက်...အစ်မကြီး....
သူ့ကိုသေအောင်ရိုက်မယ်ဆိုရင်တောင်မှသူတွေးလို့မရဘူး....
xxxxx
Chapter 267
သူကျန်းရှောင်မန်ကိုကြောင်တောင်တောင်နှင့် အကြာကြီးစိုက်ကြည့်နေမိသည်။ သူဘယ်လိုပဲကြည့်ကြည့် သူမက သူ့ရှေ့မှာ လူကောင်သေးတဲ့ အလှလေးဟုသာမြင်သည်။
သူတို့သာလမ်းပေါ်မှာဆုံတွေ့ခဲ့လျှင် အစ်ကိုရှန့်ကသူမကိုသေချာပေါက် လေချွန်၍စနောက်မိမှာအမှန်ပင်ဖြစ်သည်။ သို့သော် သူမကလမ်းသရဲလုပ်နေတဲ့အစ်မကြီးလို့ပြောလာလျှင်တော့...လုံးဝယုံနိုင်မည်မဟုတ်ပေ။
"ဟားဟားဟား...မင်းလား...."
အစ်ကိုရှန့်ခြောက်ကပ်ကပ်နှင့်ရယ်လိုက်ပြီး သူ့ပင်ကိုဗီဇကိုပဲယုံကြည်ဖို့ရွေးချယ်လိုက်သည်။
ဒါလုံးဝမဖြစ်နိုင်ပေ။ ဒါကစွန်းရှောင်ကျယ်နှသ့် သူ့အပေါင်းပါများက ရိုးရိုးလေးကို ဆန်းဆန်းပြားပြားလုပ်ပြီးတော့ သူများတွေကိုလျှောက်နောက်ပြောင်နေတာပဲဖြစ်လိမ့်မည်။
ကျန်းရှောင်မန်ဘာမှမပြောပေ။ သူမထွက်လာသည်နှင့် အားလုံးက လမ်းဖယ်ပေးကြသည်။
ဤဆယ့်နှစ်ယောက်ထပ်ကျော်သည့် လူအုပ်ကြီးက သူမရဲ့အစွမ်းအစတွေကိုမြည်းစမ်းကြည့်ပြီးပြီဖြစ်သည်။ ရိုးရိုးသားသားပြောရလျှင် သူတို့တစ်ကြိမ်လောက်ထပ်မြည်းစမ်းကြည့်ချင်သေးသည်။သို့သော် စွန်းရှောင်ကျယ်နှင့်အခြားသူများက ထပ်ပြီးအရိုက်မခံချင်ကြသောကြောင့် သူတို့၏အသက်တွေကိုမျဉ်းကြောင်းလေးပေါ်တွင်မထားရဲကြပေ။
သို့သော် ယနေ့တော့ တစ်ယောက်ယောက်ကအရိုက်ခံဖို့လာရှာတော့ သူတို့ပွဲကြည့်ရတော့ပေမည်။ထို့ကြောင့် သူတို့သဘာဝကျကျလေးပဲ ဖြစ်လာမှာတွေကိုပျော်ပျော်ရွှင်ရွှင်ပဲ စောင့်ကြည့်နေကြသည်။
သူတို့ရဲ့အစ်မကြီးအသစ်က ဥပဒေကိုလိုက်နာပြီး လမ်းမပေါ်တွင်ရန်ဖြစ်ခြင်းကဲ့သို့ အရာများကိုလုပ်မည်မဟုတ်သော လိမ္မာသောမိန်းကလေးတစ်ယောက်ဖြစ်တာကိုသူတို့တွေမေ့သွားတာသနားစရာပေ။
ကျန်းရှောင်မန်ကအစ်ကိုရှန့်ကိုပြောလိုက်သည်။
"နင့်ကိုယ်နင်အရမ်းတော်တယ်ထင်နေတယ်ပေါ့ နင့်ကိုယ်နင်တိုက်ခိုက်တဲ့နေရာမှာအရမ်းတော်တယ်လို့ထင်နေတာလား...."
"အဲ့လိုမဟုတ်ရင်ဘာလဲ...."
"ကလေးဆန်ပြီးပျင်းဖို့ကောင်းတယ်....."
ကျန်းရှောင်မန်က သစ်ပင်ဘေးနားမှာပန်းလေးတွေပေါက်နေတဲ့လမ်းဘေးကိုလာလိုက်သည်။ပင်စည်ကသူမရဲ့လက်မောင်းနှစ်ဖက်လိုကျစ်လျစ်နေတာပဲ။
သူမလက်တစ်ဖက်ကိုသစ်ပင်ပေါ်တွင်ထားလိုက်ပြီး တစ်ခုခုကိုတွေးနေရင်း သစ်ပင်ကိုအကြိမ်အနည်းငယ်လောက်ပုတ်နေလိုက်သည်။ နောက်တော့သူမရဲ့မျက်ခုံးတွေကိုမြင့်၍ခေါင်းကိုလှည့်ကာအစ်ကိုရှန့်ကိုပြံးပြလိုက်ပြီး ပြောလိုက်သည်။
"နင်ရန်ဖြစ်ချင်တယ်ဆိုလဲရပါတယ် ဒါပေမဲ့နင့်ကိုအရင် ရန်ဖြစ်မလား မဖြစ်ဘူးလား ရွေးချယ်ခွင့်ပေးမယ်...."
စကားပြောပြီးတော့ ကျန်းရှောင်မန်ကလက်သီးပြင်းပြင်းနဲ့ပင်စည်ကိုထိုးလိုက်သည်။ သူမကအားအများကြီးသုံးလိုက်ပုံရလေသည်။အဘယ်ကြောင့်ဆိုသော် သစ်ပင်ပေါ်မှသစ်ရွက်ဝါများက သူမလက်သီးကြောင့် ကြွေကျလာပြီး သစ်ပင်၏ပင်စည်တောင်မှလှုပ်ခါသွားလေသည်။
အစ်ကိုရှန့်ကသူမ၏စိတ်ထဲတွင်ရှိနေသောလျှို့ဝှက်အစီအစဉ်ကိုနားမလည်ပေ။ သူရန်ဖြစ်ချင်တာပေါ့။ ဒါမှမဟုတ်ရင် သူကဒီဆံပင်ဝါနဲ့ကောင်မလေး[1]ကိုကြောက်မယ်လို့ထင်လို့လား...
"ရန်ဖြစ်မှာလား ဒါပေါ့.... ဘာလဲဟ... သောက်ချီး...."
အစ်ကိုရှန့်လန့်သွားသည်။
စွန်းရှောင်ကျယ်လန့်သွားသည်။
ညီအစ်ကိုလေးများလည်းလန့်သွားသည်။
ယွီချင်းရှီတောင်မှလန့်သွားသည်။
အဘယ်ကြောင့်ဆိုသော် အခုလေးတင် ကျန်းရှောင်မန်လက်သီးနဲ့ထိုးလိုက်တဲ့ သစ်ပင်ကြီးက တစ်စစီပျက်စီးသွားပြီး လဲကျသွားသောကြောင့်ဖြစ်သည်။
မာကျောတဲ့သစ်ပင်ကြီးရဲ့ပင်စည်ကပြိုလဲသွားတယ်....
ဒီလိုအရာမျိုးက တုကုချိုးပိုင်[2]ရဲ့ အံ့ဩစရာကောင်းတဲ့ ကိုယ်ခန္ဓာကာကွယ်ရေး သိုင်းပညာ ပဲလုပ်နိုင်တာလေ....
သစ်ပင်အကြီးကြီးပဲ....
သူမကလူရောဟုတ်ရဲ့လား...
အစ်ကိုရှန့်၏ တပည့်တွေကတုန်လှုပ်နေကြပြီးတော့ သူ့မျက်နှာကလဲ မှုန်မှိုင်းသွားသည်။ ပြောရလျှင် အားလုံးရဲ့တုံ့ပြန်မှုကတူတူပင်။ ယွီချင်းရှီသာကြည့်ရတာနည်းနည်းတည်ငြိမ်ပြီးတော့ ပုံမှန်ပဲဖြစ်သည်။
ကျန်းရှောင်မန် သူမလက်ချောင်းတွေကိုဖြည်းဖြည်းလေးကျုံ့လိုက်ဆန့်လိုက်လုပ်ပြီးတော့ ဘာဖုန်မှမရှိသောနေရာကိုပုတ်လိုက်သည်။ ထို့နောက် သူမရဲ့မေးစေ့ကိုအောင်မြင်ဝံ့ကြွားစွာမော့လိုက်ပြီး ပြောလိုက်သည်။
"အုပ်စုလိုက်လား တစ်ယောက်ချင်းလား...."
"..."
အစ်ကိုရှန့်ပြောစရာစကားရှာမရပေ။
သူ့ညီလေးကတိုးတိုးလေးပြောလိုက်သည်။ကျန်းရှောင်မန်ပေါ်တွင်ရှိနေသောသူတို့၏မျက်လုံးများကကြောက်ရွံ့တုန်လှုပ်နေသည်သာမကပဲ ယုံကြည်ကိုးကွယ်မှုနည်းနည်းလေးလည်းပါဝင်နေသည်။
"ရန်မဖြစ်ကြရအောင်လေနော် ဘယ်သူကသူ့ကိုနိုင်မှာလဲ...."
"အစ်ကိုရှန့် ကျွန်တော်တို့ အိမ်ပြန်ပြီးတော့ ဒီကိစ္စကိုနောက်ထပ်ဆွေးနွေးကြမယ်လေ...."
"ဒါက ဆယ်ယောက်တစ်ယောက်ချနိုင်တဲ့ ဒဏ္ဍာရီလာဆရာကြီးပဲ...."
"စွန်းရှောင်ကျယ်နဲ့တခြားသူတွေနာနာခံခံရှိနေကြတာ မအံ့ဩတော့ပါဘူး...."
...
အစ်ကိုရှန့်ကအခုထိဘာမှမပြောသေးပေ။ကျန်းရှောင်မန်ကသူ့ကိုအေးအေးဆေးဆေးပဲကြည့်လိုက်သည်။
"ရန်ဖြစ်ချင်နေတုန်းပဲလား...."
"...ဒီနေ့...ဒီနေ့ကရန်ဖြစ်ဖို့အတွက်မသင့်တော်ဘူး...."
"တစ်ရက်ရက်ဆိုရင်ကော...."
"ငါတို့နောက်မှပြောကြမယ်လေ...."
"အနာဂတ်မှာကောင်းကောင်းနေ...."
ကျန်းရှောင်မန်ကသူမလုပ်နေကျလိုမျိုးသူ့ပုခုံးကိုပုတ်ပြီးအားပေးချင်ခဲ့သည်။ သို့သော် သူမလက်ကိုမြောက်လိုက်တဲ့အချိန်မှာပဲ အစ်ကိုရှန့်ရဲ့ ခြေထောက်တွေကဂျယ်လီလိုပျော့ခွေသွားပြီးတော့ မြေကြီးပေါ် ခေါက်ခနဲလဲကျသွားတော့သည်။သူကသူမခြေထောက်တွေကိုဖက်ရင်းငိုကြွေးပြီး ပြောလိုက်သည်။
"သူရဲကောင်းကြီး ချမ်းသာပေးပါ နောက်မလုပ်တော့ပါဘူး.... ဝူး ဝူး ဝူး...."
သူမကဒီလောက်ကြီးမားပြီးမာကျောတဲ့သစ်ပင်ကြီးကိုတောင်မှပါးပါးလေးပုတ်ရင်းဖျက်ဆီးသွားတာလေ....သူ့ခေါင်းကိုသာလာထိရင်တစ်စစီဖြစ်မသွားနိုင်ဘူးလား....
"..."
ကျန်းရှောင်မန် သူမ၏ ရှိသမျှအားအကုန်နှင့်သူ့ကိုခွာချသော်လည်း သူ့ကိုလက်လွှတ်သွားအောင်မလုပ်နိုင်ခဲ့ပေ။ ယွီချင်းရှီရောက်လာပြီးသူ့ကိုကန်ထုတ်လိုက်သည်။
"သွားစမ်း...."
ညီအစ်ကိုလေးတွေကအစ်ကိုရှန့်ကိုမတ်တတ်ရပ်ဖို့ကူညီပေးကြသည်။ သူတို့မျက်လုံးတွေကနေရာအနှံ့ရွေ့လျားနေပြီး ကျန်းရှောင်မန်ကိုနည်းနည်းလေးမှမကြည့်ရဲကြပေ။
ကျန်းရှောင်မန်ကပြောလိုက်သည်။
"ဘယ်သူ့ကိုမှရန်ဖြစ်ဖို့သွားမရှာနဲ့တော့ ငါတို့ရှောင်ကျယ်ကနောင်တရပြီးတော့အသစ်ပြန်မွေးဖွားလာပြီ နင်နဲ့ဆက်ကစားပေးနိုင်မှာမဟုတ်ဘူး.... သူကအခုပထမနှစ်ဝက်အတွက်သင်ခန်းစာတွေကိုသင်ပြီးသွားပြီးတော့ ဒုတိယနှစ်ဝက်အတွက်ပြင်ဆင်နေတယ်...."
စွန်းရှောင်ကျယ်မျက်ရည်များဖြင့်ပြည့်နှက်သွားသည်။
ရှင်းလင်းချက်
[1]အဝါရောင်ဆံပင်ဆိုသည်မှာဝင်ရှုပ်သည်ဟူသောအဓိပ္ပာယ်လဲရှိသည်။
[2]ဆရာကြီးကျင်းယုံ၏ဝတ္ထုများမှပြိုင်ဘက်ကင်းသိုင်းအကျော်အမော်တစ်ယောက်ဖြစ်သည်။သူ့နာမည်၏အဓိပ္ပာယ်မှာ"ကျရှုံးမှုကိုရှာဖွေနေခြင်း"ဖြစ်သည်။
xxxxxxxx
Chapter 268
သူ တစ်ဝက်ပျော်ပြီးတစ်ဝက်ကြောက်သလိုခံစားနေရသည်။ သို့သော် သူမပြောသမျှကိုထောက်ခံရပေမည်။
"အစ်မကြီး ပြောတာမှန်တယ် ငါအနာဂတ်မှာကောလိပ်ဝင်ခွင့်စာမေးပွဲကိုဝင်ဖြေမှာ...."
ကျန်းရှောင်မန် ဆက်ပြောလိုက်သည်။
"ငါတို့ရှောင်ကျယ်က နင်နဲ့ရန်ဖြစ်ဖို့အချိန်မပေးနိုင်တော့ဘူး.... နင်မယုံကြည်နိုင်သေးရင် အိမ်ပြန်ပြီး နင့်အဖေကိုနင်ယုံကြည်လာတဲ့အထိသေအောင်ရိုက်ခိုင်းလိုက်....."
အစ်ကိုရှန့်က အခုထိစကားတစ်ခွန်းမှ မပြောသေးပေ။ သူကကျန်းရှောင်မန်နှင့် စွန်းရှောင်ကျယ်ကို ရှုပ်ထွေးသောမျက်လုံးများဖြင့် ကြည့်လိုက်ပြီး မျှော်လင့်ချက်မဲ့စွာနှင့်ကံမကောင်းခြင်းတို့ကို ခံစားလိုက်ရသည်။
ဒါပေါ့ ရန်ပွဲကပျက်သွားပြီလေ....
အစ်ကိုရှန့်က သူ့ညီအစ်ကိုလေးများနှင့် အဝေးကိုထွက်သွားလိုက်သည်။
သူသိပ်ဝေးဝေးမပြေးပဲ ကျန်းရှောင်မန်နောက်သို့တိတ်တိတ်လေး လိုက်လာခဲ့သည်။အစ်ကိုရှန့်က အခုထိ အရှုံးမပေးသေးပေ။ စွန်းရှောင်ကျယ်ကကျန်းရှောင်မန်ပြောသလိုတကယ်နောင်တရပြီး ပြောင်းလဲသွားပြီလားဆိုတာကို သူတွေ့ချင်သည်။
သူ သူတို့နောက်ကိုထပ်ကြပ်မကွာလိုက်ခဲ့သည်။ ထို့နောက် ကျန်းရှောင်မန်ကလူစုကိုရဲစခန်းထဲသို့ဦးဆောင်ခေါ်သွားတာကို သူတွေ့ခဲ့သည်။
"???"
စွန်းရှောင်ကျယ်ကို ထောင်ထဲပို့မလို့လား....
သူမအဲ့လောက်ထိတော့ မလုပ်လောက်ပါဘူး ဟုတ်တယ်မလား....
အဲဒါကလုံးဝကိုနောင်တရနေတာပဲ....
အစ်ကိုရှန့်အရမ်းတုန်လှုပ်သွားပြီး သူပါအထဲရောက်သွားမှာကြောက်၍ ညီငယ်လေးတစ်ယောက်ကို အထဲကအခြေအနေတွေ စုံစမ်းဖို့လွှတ်လိုက်တော့သည်။
ညီငယ်လေးပြန်လာပြီးပြောသည်မှာ ကျန်းရှောင်မန်က စွန်းရှောင်ကျယ်ကို အထဲပို့ဖို့မဟုတ်ပဲ ရဲစီသွား၍ ပြည်သူပိုင်ပစ္စည်းကိုဖျက်ဆီးမိ၍ သူမကိုယ်သူမသွားဝန်ခံတာဖြစ်သည်။ သူတို့ဒဏ်ငွေအဖြစ် ယွမ်ငါးရာပေးခဲ့ရသည်။ အခုလူအုပ်စုကြီးက ကိုယ့်ကိုကိုယ်သုံးသပ်စာရေးနေပြီဖြစ်သည်။
၎င်းကို ကြားပြီးနောက် အစ်ကိုရှန့်တစ်ယောက်တော်တော်နှင့်ဣန္ဒြေပြန်မဆည်နိုင်ပေ။
သူကသူ့ခေါင်းကိုကိုင်၍တိုးတိုးလေးပြောလိုက်သည်။
"ငါအခုစိတ်ခံစားချက်တွေအရမ်းရှုပ်ထွေးနေတယ်....."
"အစ်ကိုကြီး ကျွန်တော်လဲတူတူပါပဲ..."
[ဒင်း ဒေါင် လင်စစ်ရှန်စီမှကြည်ညိုမှုရရှိသည်။ အမှတ်တစ်ရာကိုဆုလာဘ်အဖြစ်ရယူပါ]
[ဒင်း ဒေါင် ကျန်းချောင်စီမှကြည်ညိုမှုရရှိသည်။ အမှတ်တစ်ရာကိုဆုလာဘ်အဖြစ်ရယူပါ]
[ဒင်း ဒေါင် မာလိဝေစီမှကြည်ညိုမှုရရှိသည်။ အမှတ်တစ်ရာကိုဆုလာဘ်အဖြစ်ရယူပါ]
[ဒင်း ဒေါင် ကျိုးချီးချီးစီမှကြည်ညိုမှုရရှိသည်။ အမှတ်တစ်ရာကိုဆုလာဘ်အဖြစ်ရယူပါ]
...
ကျန်းရှောင်မန်အရမ်းပျော်နေပြီးပျော်လွန်းလို့ငိုတောင်ငိုမိသည်။
ကိုယ့်ကိုကိုယ်သုံးသပ်စာရေးနေရင်းသူမမျက်ရည်များကိုသုတ်ပစ်လိုက်သည်။
စွန်းရှောင်ကျယ်နှင့်အဖွဲ့က ကိုယ့်ကိုကိုယ်သုံးသပ်စာရေးရာတွင်အခက်အခဲတွေ့နေကြသည်။ သူတို့ကတစ်ယောက်ရေးတာကိုတစ်ယောက်ကြည့်ရန်စုနေကြချိန်တွင်ကျန်းရှောင်မန်ကတော့ ချောင်ထဲမှာတစ်ယောက်တည်းနေနေလေသည်။
သူမကတိတ်တိတ်လေးငိုလိုက်သော်လည်း ယွီချင်းရှီကတော့သတိပြုမိသွားပြီး ကြည့်လိုက်သည်။ သူမကသုံးသပ်စာကိုအများကြီးမရေးထားပေ။ သူမလက်ရေးကလဲလိမ်ဖယ်ကောက်ကွေးနေပြီး သူမရေးနေကြ လက်ရေးနှင့်မတူတာကိုသူတွေ့သွားသည်။
ယွီချင်းရှီက သုံးသပ်စာရေးရန်မလိုပေ။ သူကကျန်းရှောင်မန်ကိုအဖော်ပြုပေးရန် လိုက်လာခြင်းသာဖြစ်သည်။ သူမကိုအဲ့လိုဖြစ်နေတာမြင်လိုက်ရပြီးသူမေးလိုက်သည်။
"ဘာဖြစ်လို့လဲ အရမ်းခက်လို့လား...."
"မဟုတ်ပါဘူး..."
ကျန်းရှောင်မန်နည်းနည်းရှက်သွားသည်။ သူမခေါင်းမော့လိုက်ပြီး သူမမျက်လုံးများကမျက်ရည်များဖြင့် ပြည့်နှက်နေသည်။ စားပွဲအောက်မှ သူမလက်ကိုဆွဲထုတ်လိုက်သည်။စောစောကသစ်ပင်ကိုထိုးခဲ့သောသူမ၏လက်များကနီရဲပြီးဖောင်းနေသည်။
"ငါ့လက်တွေနာနေလို့ပါ...."
ယွီချင်းရှီ: "..."
ကြည့်ရတာအရမ်းနာနေတဲ့ပုံပဲ....."
အခုထိတင်းခံထားရတာ သူမအတွက်တကယ်ခက်ခဲသည်။
ပြောရရင် သစ်ပင်ကိုဖျက်ဆီးခဲ့တာကျန်းရှောင်မန်ရဲ့လက်ဝါးမဟုတ်ပေ။ သူမလဲလှယ်လိုက်သော ပန်းမန်ဖျက်ဆီးရေးကဒ်၏ အစွမ်းကြောင့်သာဖြစ်သည်။ ကျန်းရှောင်မန်ကသဘာဝကျအောင်ခပ်ပြင်းပြင်းထိုးနှက်လိုက်ခြင်းဖြစ်သည်။
သူမသရုပ်ဆောင်ချက်ကပြောင်မြောက်လှသော်လည်း သူမ၏လက်တွေ အခုအရမ်းနာနေသည်။ နာကျင်နေရုံသာမကပဲ ဘာမှမဖြစ်သလိုလဲဟန်ဆောင်နေရသေးသည်။ ထို့ကြောင့် သူမလက်ကို မှုတ်လို့တောင်မရပေ။
ယွီချင်းရှီက သူမ၏နီရဲပြီဖောင်းနေသောလက်ကိုကြည့်ရင်းသူမ၏ မျက်နှာချင်းဆိုင်တွင်ဝင်ထိုင်လိုက်သည်။ ပြင်းပြင်းထန်ထန်ဆူချင်သောစကားလုံးများက သူ့နှုတ်ဖျားတွင်ဖြစ်တည်လာသော်လည်း တကယ်တမ်းပြောထွက်သွားသည်က"ငါနင့်လက်ကိုမှုတ်ပေးမယ်လေ...."ဟူ၍ပင်။
"...မလိုပါဘူး ငါ့အတွက်ကိုယ့်ကိုကိုယ်သုံးသပ်စာကိုရေးပေးရင်ပိုကောင်းတယ်...."
ယွီချင်းရှီ ရွေးချယ်စရာမရှိတော့ပဲ သူမအတွက် သုံးသပ်စာရေးပေးလိုက်ရတော့သည်။
ကံကောင်းစွာနှင့် သုံးသပ်စာကအများကြီးရေးစရာမလိုသောကြောင့် လျင်လျင်မြန်မြန်ပဲရေးပြီးသွားတော့သည်။
ကျန်းရှောင်မန်၏မျက်လုံးများကမျက်ရည်များဖြင့်ပြည့်နှက်သွားသည်။
"ကျေးဇူးပါ ယွီချင်းရှီ နင်ကတကယ့်ကိုလူကောင်းတစ်ယောက်ပါ...."
ယွီချင်းရှီကအမ်း...လို့တိုးတိုးလေးထွက်သွားပြီးသူ့နားရွက်လေးများကနည်းနည်းနီရဲသွားသည်။
ရဲစခန်းကထွက်လာတော့ ကောင်းကင်ကြီးကမှောက်နေပြီဖြစ်သည်။ ရာသီဥတုအေးလာတာနှင့်အမျှ နေဝင်ချိန်ကလည်းစောလာသည်။လေအေးလေးတစ်ချက်တိုက်လိုက်၍ ကျန်းရှောင်မန်ခိုက်ခိုက်တုန်သွားသည်။
"ဘာလို့...ငါတို့ဘာလို့ဒါကိုတစ်နေ့တာလို့မခေါ်ရမှာလဲ ဒီနေ့ဘာသင်ခန်းစာမှမသင်ဖြစ်လိုက်ပေမဲ့ ငါနင်တို့ကိုပေးထားတဲ့အိမ်စာကိုတော့ပြီးအောင်လုပ်ထားရမယ်နော်...."
"ဟုတ်ကဲ့ပါ ဆရာကြီး..."
လူအုပ်ကြီးကတစ်ပြိုင်တည်းဖြေလိုက်ကြသည်။
သူမကအစ်မကြီးကနေဆရာကြီးသို့ပြောင်းလဲသွားပြီဖြစ်သည်။ သွေးမြေမကျသည့် အောင်ပွဲကြီးနောက်မှာ ကျန်းရှောင်မန်ကသူတို့မျက်လုံးထဲမှာအရမ်းကိုခန့်ညားနေသည်။
သူမဘာပဲပြောပြော အဲဒါကဖြစ်သင့်လို့ပေါ့....
လူစုခွဲလိုက်ကြပြီး လူတိုင်းကသူတို့အိမ်သို့ပြန်သွားကြသည်။
ကျန်းရှောင်မန်ကအိမ်ကိုပဲပြန်ချင်သော်လည်း ယွီချင်းရှီက သူမကိုဆေးခန်းပြခိုင်းပြီး သူမဒဏ်ရာကိုဆေးထည့်ပြီးပတ်တီးစီးခိုင်းသည်။
ကျန်းရှောင်မန်က ဝက်လက်လိုဖြစ်နေသောသူမပတ်တီးစည်းထားသောလက်ကိုကြည့်လိုက်ကာ အရမ်းစိတ်ပူလာသည်။
"ဘွားဘွားက ငါအပြင်မှာရန်ဖြစ်ခဲ့တာကိုသိသွားပြီးတော့ငါ့ကိုဆူလိမ့်မယ်...."
အဲဒါကပြဿနာပဲ...
မည်သို့ပင်ဆိုစေကာမူ ယွီချင်းရှီကနောက်ဆက်တွဲများကိုရှင်းလင်းရာတွင်အလွန်ကျွမ်းကျင်သူဖြစ်သည်။ သူကကျန်းရှောင်မန်၏အရှုပ်များကို ကလေးဘဝကပင်လိုက်ရှင်းပေးခဲ့သည်။
xxxxxxx
Chater 269
ယွီချင်းရှီကခဏလောက်တွေးကာပြောလိုက်သည်။
"ဒီလိုဆိုရင်ကော နင့်ဒဏ်ရာကရန်ဖြစ်လို့မဟုတ်ပဲငါ့ကြောင့်ဖြစ်တာလို့ပြောလိုက်မယ်လေ...."
"ဘယ်လိုပြောကြမှာလဲ...."
"ငါကလူဆိုးတွေနဲ့တွေ့ပြီးနင်ကကူညီဖို့လာတုန်း ဒဏ်ရာရသွားတာလို့ ပြောလိုက်မယ်လေ နင်ကကောင်းတာလုပ်တာပဲ...."
ကျန်းရှောင်မန် ၎င်းကိုကြားလိုက်တဲ့အခါတွင်လက်တွေ့ကျပြီးယုံနိုင်ဖွယ်ရှိသည်ဟုထင်မိသည်။ သူမကမျက်ရည်များဝဲကာ "ယွီချင်းရှီ နင်ကအရမ်းကြင်နာတတ်တာပဲ...."ဟု ပြောလိုက်သည်။
ယွီချင်းရှီရပ် ခနဲဖြစ်သွားသည်။
" ငါကဘယ်တုန်းကမကြင်နာတတ်လို့လဲ...."
"မှန်တယ်...."
ကျန်းရှောင်မန်ပြောလိုက်သည်။
"ဒါဆို ငါ့အိမ်ကိုညစာစားဖို့လာခဲ့လေ ငါ့ဘွားဘွားကနင်ရှိနေရင် ဘာမှသိပ်ပြောမှာမဟုတ်ဘူး...."
"အိုကေ...."
ဒါပေါ့ ယွီချင်းရှီမှန်ခဲ့သည်။
နှစ်ယောက်သားကတူတူလိမ်ခဲ့ကြပြီး ကျန်းရှုမေ့ကလဲအများကြီးမမေးပေ။ သူမကကျန်းရှောင်မန်ကိုမဆူရုံသာမက ယွီချင်းရှီကြောက်နေတာကိုလဲခံစားမိခဲ့သည်။ ထို့ကြောင့် သူမကသူ့ကိုကြောက်စိတ်ပြေသွားစေဖို့ စွပ်ပြုတ်လေးတစ်ခွက်လောက်ပြုတ်တိုက်ချင်ခဲ့သည်။
ညအချိန်မှာတော့ ကျန်းရှောင်မန်မှာသူ့အမှတ်တွေကိုကြည့်ဖို့အချိန်ရပြီဖြစ်သည်။အဲဒီအချိန်မှာပဲ စနစ်ကစိတ်လှုပ်ရှားစွာဖြင့်အော်ဟစ်နေသည်။
"ပိုင်ရှင်မြန်မြန် မြန်မြန်လေး အဆင့်မြှင့်ပေးပါ.... ငါတို့မှာအခု အမှတ်တစ်သောင်းတောင်ရှိတယ် အရင်ငါ့ကိုကတိပေးထားတယ်လေ အခုမှပြန်ရုတ်သိမ်းလို့မရဘူးနော်.... ငါအဆင့်မြှင့်တာလုပ်ဖို့အမှတ်တွေချေးပေးရမယ်...."
"ဟုတ်ပြီ ဟုတ်ပြီ သိပါတယ် မလောပါနဲ့....."
[ အမှတ်တစ်သောင်းကို စနစ်ကိုကို အဆင့်မြှင့်တင်ဖို့သုံးမှာလား ]
[ အတည်ပြုလိုက်ပါပြီ ]
အခုချိန်မှာ စနစ် အဆင့်မြှင့်တင်တာကနည်းနည်းနှေးနေသည်။ ကျန်းရှောင်မန်က သူမနည်းနည်းအိပ်ငိုက်လာတဲ့အထိစောင့်ခဲ့သော်လည်း စနစ်က အဆင့်မြှင့်တင်၍မပြီးသေးပေ။
သူမအရမ်းအိပ်ငိုက်နေပြီဖြစ်၍ အိပ်ရာဝင်လိုက်တော့သည်။ နောက်တစ်နေ့တွင် စနစ် ကသူမကိုနှိုးခဲ့သည်။
" ပိုင်ရှင် အခုငါက ဒုတိယအဆင့်ရှိတဲ့ဗီလိန်စနစ် ဖြစ်သွားပြီ......"
စနစ်ကပြောလိုက်သည်။
"စနစ် အကြီးစားကြီးဖြစ်ဖို့ခြေတစ်လှမ်းပိုနီးလာပြီ....."
ကျန်းရှောင်မန်ပြောလိုက်သည်။
" ဂုဏ်ယူပါတယ်....."
ချီးကျူးစကားပြောပြီးနောက် ကျန်းရှောင်မန်က စနစ် ကိုဖွင့်လိုက်ပြီး တူညီသောဘောင်ကွက်နှင့်ဘာမှမပြောင်းလဲသောမျက်နှာပြင်ကိုတွေ့လိုက်ရသည်။ပြောင်းလဲသွားသည့်တစ်ခုတည်းသောအရာမှာ ရမှတ်ပြသည့်အပိုင်းလေးသာရှိသည်။
ကျစ်.....စနစ် တစ်ခုကိုပြုစုစောင့်ရှောက်ပေးဖို့တကယ်ခက်ခဲတာပဲ...., အထူးသဖြင့် ဘာရမှတ်မှမရှာပဲသုံးပဲသုံးနေတဲ့ စနစ် တွေပေါ့,....
ကျန်းရှောင်မန်ကပုံစံတွေကိုရင်းနှီးပြီးသားဖြစ်၍ စနစ်ဈေးထဲဝင်လိုက်သည်။
အရင်တုန်းက "မေမေရုန်၏အပ်စိုက်ကုထုံးနည်းပညာ"၊
" အကြွင်းမဲ့ပန်းမာန်ဖျက်ဆီးရေးကဒ်၊ " ကျောင်းသန့်စင်ခန်းလုပ်ကြံသတ်ဖြတ်သူ၊ " အကြွင်းမဲ့ချော်လဲ၍မြေကြီးပေါ်သို့လဲကျခြင်း"နှင့် " အကြွင်းမဲ့ အဆုံးစွန်ထိဖျားနာခြင်း " ဟူ၍တောက်ပနေသောသေတ္တာလေးလုံးသာရှိသည်။ ဤသည်ဖြင့်သာ လုံလောက်ပါသည်။သို့သော် ယခုသူမထပ်ဖွင့်ကြည့်လိုက်သောအခါ သေတ္တာလေးလုံးကထပ်ရှိနေပြီးတော့ အထဲတွင်ရှိသောပစ္စည်းများကတောက်ပနေသည်။
ကျန်းရှောင်မန်ဝိုးခနဲ အံ့အားသင့်သွားမိသည်။သူမမျက်လုံးများက ၎င်းတို့ကိုထိကြည့်ပြီးအသုံးပြုပုံများကြည့်နေစဉ်မှာတောက်ပနေခဲ့သည်။
[ ဈေးနှုန်း: အမှတ် ၅၀၀
အမည်: ဖျက်သိမ်းနိုင်သောကတ်
ရှင်းလင်းချက် : ဤကတ်သည် system ကခွင့်ပြုထားသည့် သင့်ကိုအောင်မြင်စေသောအရာများနှင့်ကျရှုံးစေသောအရာများကို ဖျက်သိမ်းနိုင်သည်။ ပိုင်ရှင်ကပစ္စည်း သို့မဟုတ် ကတ်တစ်ခုကိုသုံးပြီးနောင်တရသောအခါ ဤကတ်ကိုအသုံးပြုနိုင်သည်။
စကားချပ် : ဤကတ်တွင်ဘေးထွက်ဆိုးကျိုးများရှိသည်။ဤကတ်ကိုတစ်ကြိမ်အသုံးပြုလိုက်လျှင် ပစ်မှတ်ထားသောအရာကို စနစ် ကဆယ်ရက်ထိခိုက်အောင်မလုပ်နိုင်တော့ပေ။]
ဝိုး ဖျက်သိမ်းနိုင်တဲ့ကတ်တဲ့....ကြည့်ရတာဈေးကြီးပေမဲ့ အသုံးဝင်မဲ့ပုံမပေါ်ဘူး....
ကျန်းရှောင်မန် ခဏလောက် စဉ်းစားလိုက်ပြီးအခုအသုံးချနိုင်မည့်နေရာမတွေ့သဖြင့် ထိုကတ်အကြောင်းကို အချိန်တစ်ခုအထိ အများကြီးမတွေးမိခဲ့ပေ။ ဘယ်လိုပဲဖြစ်ဖြစ် သူမကနိဂုံးဆီသို့စောစီးစွာ မကျော်လွှားသွားနိုင်ပေ။အခုအသုံးမဝင်သေးသော်လည်း နောက်ကျအသုံးဝင်မဲ့နေရာပေါ်လာနိုင်သည်လေ။
ဥပမာပြောရလျှင် အကြွင်းမဲ့ပန်းမာန်ဖျက်ဆီးရေးကတ်က ပထမတော့နူးညံ့ပြီး အသုံးမဝင်ဘူးလို့ထင်ရသော်လည်း တကယ်တမ်းအဲဒီကတ်က စနစ်ဈေးတွင်ဈေးအသက်သာဆုံးနှင့် အစွမ်းထက်ဆုံးဖြစ်သည်။ပုံမှန်အားဖြင့်အသုံးပြုစရာနေရာမရှိပေမဲ့ အသုံးပြုလိုက်တာနဲ့အရမ်းအစွမ်းထက်သောကတ်ဖြစ်သည်။
ကျန်းရှောင်မန်ဆက်ကြည့်နေလိုက်သည်။
[ဈေးနှုန်း : အမှတ် ၂၀၀
အမည် : အမှန်ပြောဆေးရည်ကြည်
ရှင်းလင်းချက် : လူတို့၏ရင်ထဲမှသိုဝှက်ထားသောအတွေးများကိုအမှန်အတိုင်းပြောစေနိုင်သည်။အမှန်တရားကိုရာနှုန်းပြည့် တစ်ရာရာခိုင်နှုန်းပြောစေသည်။ဗီလိန်မအတွက်ပြီးပြည့်စုံသောအထောက်အပံ့ဖြစ်သည်။]
[ ဈေးနှုန်း : အမှတ် ၂၀၀
အမည် : အတိတ်မေ့ဆေး
ရှင်းလင်းချက် : အတိတ်မှမှတ်ဉာဏ်များကိုဖယ်ရှားပြီးအတိတ်မေ့စေနိုင်သောဆေးဖြစ်သည်။ဇာတ်လိုက်မနှင့်ဇာတ်လိုက်ကြားနားလည်မှုလွဲအောင်ဖန်တီးရန်ကောင်းမွန်သောကုန်ပစ္စည်းဖြစ်သည်။
စကားချပ် :.ရေနှင့်ရောပြီးသောက်သုံးပါက မှတ်ဉာဏ်များတစ်ပိုင်းတစ်စ၊ပြတ်တောင်းပြတ်တောင်းဖြစ်တတ်သည်။]
[ ဈေးနှုန်း : အမှတ် ၂၀၀
အမည် : စိတ်ကြွဆေး
ရှင်းလင်းချက် : ဤပစ္စည်းကို ဇာတ်လိုက်မနှင့်ဇာတ်လိုက်မတို့နှစ်ဦးကြားဆက်ဆံရေးကိုမြန်ဆန်လာစေရန်အသုံးပြုနိုင်သည်။အတူတူအိပ်နေတုန်း ဤဆေးကိုအသုံးပြုလျှင်ရလဒ်ကအံ့ဩဖွယ်ရာပင်ဖြစ်သည်။
စကားချပ် : ဤဆေးကိုဗီလိန်မကသူမကိုယ်တိုင်အသုံးပြု၍မရပေ။အဘယ်ကြောင့်ဆိုသော် သူမကိုကယ်ဖို့ရန် ဇာတ်လိုက်မရှိသောကြောင့်ဖြစ်သည်။]
ကျန်းရှောင်မန်အကုန်ဖတ်ပြီးသွားပြီ။
xxxxxx
Chapter 270
တန်ဖိုးသိပ်မရှိသော နောက်ပိုင်းပစ္စည်းသုံးခုသည် ကတ်များမဟုတ်ဘဲ ဘူးသေးသေးလေးများဖြစ်နေသည်မှာ ကိုယ်တိုင်ယူဆောင်လို့ရသည်ဆိုသောအဓိပ္ပာယ်ဖြစ်သည်။ ၎င်းက ဖယောင်းတိုင်များ၊ ကွတ်ကီးများအတွက် သူမအမှတ်တွေနှင့် လဲလှယ်သည်နှင့်ပင် တူနေသေးသည်။ အကျဉ်းချုပ်ပြောရလျှင် စနစ် ဈေးကအသုံးမဝင်သည့်ပုံ ပေါက်နေတုန်းပင်ဖြစ်သည်။ အသုံးမဝင်ရုံတင်မကပဲ ဈေးကလည်း ပိုကြီးလာသေးသည်။ သို့သော် သူမအဲဒါကို စနစ်ကိုသွားပြောလို့မရပေ။ ပြောလိုက်လျှင် သူဝမ်းနည်းနေလိမ့်မည်။ လက်တွေ့လေ့ကျင့်မှုများနှင့်အတူ ရလာသည့်အတွေ့အကြုံများအရ ကျန်းရှောင်မန်လက်ကယားလာပြီဖြစ်သည်။ စနစ် ဈေး၏အကျိုးသက်ရောက်မှုကအဲ့လောက်ကောင်းလားသူမသိချင်သည်။
သူမအမှတ်များကို ကြည့်လိုက်သောအခါ ယခုချိန်တွင် အမှတ်သုံးရာထက်ရှိနေသည်။ ဆိုလိုသည်ကက သူမဆေးရည်တစ်ပုလင်းကိုဝယ်ယူနိုင်မည်ဖြစ်သည်။
အတိတ်မေ့ဆေးက ကြောက်စရာကောင်းသည်။ သူမ၏မှတ်ဉာဏ်များကို မဆုံးရှုံးချင်သေးပေ။ ထို့ကြောင့် သူမ လဲလှယ်ခြင်းမလုပ်ခဲ့ပေ။ စိတ်ကြွဆေးကလည်း ကြောက်စရာကောင်းသည်။ စနစ် ကမသုံးဖို့ပြောထား၍ သူမပိုပြီးတော့တောင် မသုံးချင်တော့ပေ။ ဖျက်သိမ်းနိုင်သော ကတ်ကဈေးကြီးလွန်းသည်။ သူမဝယ်နိုင်သည် ဆိုလျှင်ပင် သူမစမ်းသပ်ဖို့အတွက်နှင့် အမှတ်ငါးရာကို မသုံးချင်ပေ။ ထို့ကြောင့်အမှန်ပြောစေတဲ့ဆေးရည်သာကျန်တော့သည်။ ဘာစကားတစ်ခွန်းမှမပြောပဲ ကျန်းရှောင်မန်က အမှန်ပြောဆေးရည်ကြည်ကို လဲလှယ်ဝယ်ယူလိုက်သည်။ စနစ် ကလျင်မြန်စွာပဲသူမအတွက်တစ်ပုလင်းထုတ်ပေးသည်။
အမှန်ပြောဆေးရည်ကြည်က အပြာရောင်သန့်ရှင်းကြည်လင်နေသော အရည်ဖြစ်ပြီး အပြာရောင်ကျောက်စိမ်းနှင့်တူသည်။ ကြည့်ရတာ အရမ်းလှပသည်။ ပုလင်းကလက်မအရွယ်အစားသာရှိ၍ ကျန်းရှောင်မန်က အဖုံးကိုဖွင့်ပြီးအကုန်သောက်ချလိုက်သည်။ ခဏစောင့်ပြီးသော်လည်း ဘာအာနိသင်မှမပြလာပေ။
ကျန်းရှောင်မန်က ပြောလိုက်သည်။
"သမီးကို အမှန်ဖြေမဖြေစစ်ဆေးကြည့်ဖို့မေးခွန်းနည်းနည်းမေးလို့ရတယ်...ဆေးရည်ကအမှန်ပဲလားဆိုတာကြည့်ရအောင်...."
လွယ်လွယ်ကူကူပဲ စနစ် က ကျန်းရှောင်မန်နှင့်အတူပူးပေါင်းပေးသည်။ စနစ်ကအကြာကြီးမစဉ်းစားပဲပထမဆုံးမေးခွန်းကိုမေးလိုက်သည်။
" ပိုင်ရှင် ငါ့ကိုသဘောကျရဲ့လား...."
"ဒါပေါ့...."
ထိုအကြောင်းကိုသံသယရှိစရာပင်မလိုပေ။
"ငါကအံ့ဩဖို့ကောင်းတယ်လို့ရောထင်လား....."
"မထင်ဘူး....."
"မထင်ဘူး....."
စနစ် ခဏလောက်ဆွံ့အသွားပြီးမှ ဆက်မေးလိုက်သည်။
"ဘာလို့ကအံ့ဩဖို့မကောင်းတာလဲ...."
ထိုအကြောင်းပြောလျှင် ကျန်းရှောင်မန်မှာပြောစရာအများကြီးရှိသည်။
" ဦးဦးကအများကြီးသိပြီး ဗဟုသုတတွေရှိပေမဲ့လဲ ဘယ်လိုအသုံးပြုရမလဲမသိဘူး.... ရတနာသေတ္တာကြီးရှိပြီးဖွင့်ဖို့သော့မရှိတဲ့သူလိုမျိုးပဲ.....အဲဒါကိုတော်တယ်လို့မခေါ်ဘူး....အဲဒါကိုကောင်းကင်ဘုံရဲ့လက်ဆောင်ကိုဖြုန်းတီးပစ်နေတာလို့ခေါ်တယ်....."
"အသုံးပြုများတဲ့ သိပ္ပံမေးဖို့ကလွဲရင် သမီးကအခု စနစ်ကိုသုံးတာရှားတယ်လေ.... အဲဒါကမထက်မြက်ရုံတင်မက နည်းနည်းတုံးတယ်လို့တောင်ခံစားရသေးတယ်.... သမီးငါးနှစ်ခြောက်နှစ်လောက်တုန်းကတောင် စနစ် ထက်ပိုတော်သေးတယ်.... အခုလက်ရှိသမီးက စနစ်ထက်အဆပေါင်းများစွာပိုတော်နေပြီလေ...."
"ဒါပေမဲ့ တစ်ခါတလေ ဦးဦးကအရမ်းယုံကြည်ရတယ်.... ဒါပေမဲ့ မပြောပြရဲဘူး.... ဦးဦး ကိုတော်တယ်လို့ ပြောလိုက်ရင် ဦးဦးမြောက်သွားပြီးတော့ နာခံမှုရှိတော့မှာမဟုတ်ဘူးလေ.... အား ငါဘာလို့အကုန်သွားပြောမိပါလိမ့်....."
ကျန်းရှောင်မန်က သူမပါးစပ်ကိုတုန်လှုပ်နေသော အကြည့်များနှင့်ဖုံးအုပ်လိုက်သည်။
ဒါကအမှန်ပြောဆေးရည်ကြည်ရဲ့ အစွမ်းများလား....သူမအဲဒါတွေကိုမပြောပဲနဲ့ သူမနှလုံးသားထဲမှာသိမ်းထားဖို့သေသေချာချာကိုရည်ရွယ်ထားခဲ့တာပါ....
အား သေစမ်း ဦးဦးစနစ်တော့ဝမ်းနည်းနေတော့မှာပဲ....
"ဦးဦးစနစ်....."
ကျန်းရှောင်မန်ခေါ်လိုက်သည်။
စနစ်က ဘာမှပြန်မပြောပေ။
"ဦးဦးစနစ် ရေ ဝမ်းမနည်းပါနဲ့နော်....."
ကျန်းရှောင်မန်ပြောလိုက်သည်။
"ဦးဦးက တုံးပြီးတော့တခြား စနစ် ကြီးတွေလိုဉာဏ်မကောင်းပေမဲ့လဲ သမီးအကြိုက်ဆုံး စနစ် ဖြစ်နေတုန်းပါပဲ ...."
"ဒီလိုပြောတာကလဲအမှန်ပဲနော်...."
စနစ်:" ဝူး ဝူး ဝူး ဝူး!!"
သူအဲဒီမေးခွန်းကိုမမေးခဲ့သင့်ဘူး.... မေးခဲ့တာကိုနောင်တရနေပါပြီ...ပိုင်ရှင်အပေါ်မှာ ပြန်လည်ဖျက်သိမ်းခြင်းကတ်ကိုသုံးလိုက်လို့ရလားဟင်.... အရမ်းကြောက်စရာမကောင်းဘူးလား.... စနစ်ရဲ့နုနယ်တဲ့ နှလုံးသားလေးကအဲဒါကိုလက်မခံနိုင်ဘူး.....
ဘယ်လိုပဲဖြစ်ဖြစ် စနစ်က ကျန်းရှောင်မန်ရဲ့ရမှတ်လက်ကျန်ကိုကြည့်မိလိုက်သောအခါတွင် အားလုံးကိုမေ့သွားတော့သည်။
ပိုင်ရှင်တွင် ရမှတ်လက်ကျန်မရှိတော့ပေ။
ကျစ် စနစ် တစ်ခုရဲ့ဘဝကအရမ်းခက်ခဲတာပဲရော...
၎င်း၏ ကိုယ်ခန္ဓာနှင့်စိတ်ကျန်းမာရေးအတွက် စနစ်ကဘာမှမမေးတော့ပေ။
ဆေးရည်၏ အကျိုးသက်ရောက်ချိန်ကုန်သွားသောအခါ ပိုင်ရှင်က ချစ်ဖို့ကောင်းတဲ့သူ့ရဲ့နဂိုပုံစံကို အလိုအလျောက် ပြောင်းလဲသွားလိမ့်မည်။ ထိုသို့ဆိုရင် ဝမ်းနည်းနေစရာမလိုတော့ပေ။
ထိုညတွင် ကျန်းရှင်းက အိမ်ပြန်ခဲ့သည်။ သူက မကြာသေးခင်က ရုံးခွဲတစ်ခုကိုဖွင့်လှစ်ခဲ့ပြီး အရမ်းအလုပ်များနေသည်။ ကံကောင်းစွာနှင့် သူဘယ်လောက်ပဲအလုပ်များနေပါစေ အလုပ်များအားလုံးပြီးသွားပြီဖြစ်၍ သူ့မှာအားလပ်ချိန်များရှိလာပြီဖြစ်သည်။
ဘယ်အချိန်ပဲ သူအားလပ်ပါစေ ညစာစားဖို့အတွက်အိမ်ပြန်လာရမည် ဟုကျန်းဟွေ့မိန်ပြောသောစကားကို သူ့စိတ်ထဲတွင်အမြဲတမ်းထားထားသည်။ ထို့ကြောင့် သူအိမ်ပြန်လာခြင်းဖြစ်သည်။
သူတံခါးမှဝင်လာလိုက်သည်နှင့် သူ့ခေါင်းနှင့်တံခါးကိုထိရင်း စောင့်နေသောသူ့တူမကိုတွေ့လိုက်ရသည်။ သူမက သူ့ကိုမြင်သောအခါ ချိုသာစွာပြုံးပြလေသည်။
"ဦးလေး ပြန်လာပြီပဲ....."
ကျန်းရှောင်မန်သူမခေါင်းကိုခါရင်းသူ့ဆီပြေးသွားကာဖက်လိုက်သည်။
" ဦးလေးကိုအရမ်းလွမ်းနေတာ...."
"အရမ်း ချွဲနေတာပဲ...."
ကျင်းရှင်းကအရမ်းပျော်သွားသလို ကောင်းကောင်းဆက်ဆံခံနေရလို့ ရင်ထဲတွင်မငြိမ်းချမ်းသောခံစားမှုလေးကလည်း ရောနှောပြီးပါလာသည်။သူဟာသလုပ်ပြီးမေးလိုက်သည်။
"ဦးလေးကိုပျော်စေချင်လို့တမင်သက်သက်လိမ်နေတာမလား...."
"ဒါပေါ့ သမီးမှာဘာမှတောင်းဆိုစရာမရှိရင် ဦးလေးကိုသမီးဖက်မှာမဟုတ်ဘူးလေ...."
ကျန်းရှောင်မန်စကားပြောပြီးတာနှင့် သူမ၏ပါးစပ်များကိုကာလိုက်သည်။
xxxxxxx