အပိုင်း ၁၆၂ ( Mine Owner 11 )
Viewers 16k

ကြယ်မြို့တော်၊ ကြယ်တာရာ မဟာမိတ် စစ်ဌာနချုပ်။


ကြယ်တာရာ မဟာမိတ်တွင် အုပ်ချုပ်မှုစနစ်များစွာ အမှန်တကယ် ရှိပြီး ဂြိုဟ်အများအပြားမှာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်စနစ် ရရှိထားသော်ငြား ကြယ်တာရာမဟာမိတ်တွင် စစ်ဌာနချုပ်တစ်ခုတည်းသာ ရှိသည်။ 


တပ်ကြီးရှစ်တပ်တို့သည် ကြယ်တာရာ မဟာမိတ်၏ စစ်ဌာနချုပ်ကို အတူတကွ စုပေါင်းဖွဲ့စည်းထားကြပြီး ၎င်းမှာ ကြယ်တာရာ မဟာမိတ်ရှိ မ‌ရေမတွက်နိုင်သော လူပေါင်းများစွာက တမ်းတပြီး ဝင်ရောက်ချင်ကြသော်လည်း အများစုက မဝင်ရောက်နိုင်ကြသည့် နေရာတစ်နေရာ ဖြစ်သည်။


သို့သော် Seren သည် ကံကောင်းသူများထဲမှ တစ်ဦး ဖြစ်ပြီး ကြယ်တာရာ မဟာမိတ်၏ စစ်ဌာနချုပ်တွင် အလုပ်လုပ်သည်။ သူ့အလုပ်မှာ စစ်ဌာနချုပ်သို့ ရောက်ရှိလာသော ဧည့်သည်များကို အဝင်တံခါး၌ စာရင်းသွင်းရန်သာ ဖြစ်သော်ငြား ၎င်းက ကောင်းမွန်နေပြီးဖြစ်သည်။ လူမည်မျှက သူ့ကို အားကျနေကြမှန်း မပြောနိုင်ချေ။


လူအများ သိကြသည့်အတိုင်း စစ်ဌာနချုပ်တွင် ဝင်ထွက်သွားလာကြသူများ အားလုံးဟာ လူကြီးသူကောင်းများ ဖြစ်ကြသည်။ စစ်ဌာနချုပ်သို့ အထက်တန်းလွှာ အဆင့်အတန်း မရှိပဲနှင့် လာရောက်လည်ပတ်သူ မရှိချေ။ နေ့တိုင်း အဲ့လိုလူတွေကို တွေ့မြင်နေရတဲ့ သူကို ဘယ်လိုလုပ် မနာလိုမဖြစ်ဘဲ နေနိုင်ပါ့မလဲ?


ယနေ့တွင် Seren သည် လူများကို ထပ်မံစာရင်းသွင်းပေး‌နေလျက်ရှိသည်။


သူရှေ့တွင် ဝေးလံခေါင်သီသော ဂြိုဟ်တစ်ဂြိုဟ်မှ ဝန်ကြီးချုပ် ရှိနေသည်။ ဤသည်မှာ ဝန်ကြီးချုပ်တစ်ဦး ဖြစ်သော်လည်း ဝေးလံခေါင်သီသော ဂြိုဟ်မှ ဖြစ်သောကြောင့် ကြယ်မြို့တော်တွင် အမြဲတမ်း အနည်းငယ် ချုပ်တည်းထားသည်။ Seren ကို တွေ့သောအခါတွင်လည်း အလွန်ဖော်ရွေသည်။


သို့သော်ငြား Seren သည် သူ၏ဖော်ရွေမှုကြောင့် သူ့ကို ကွဲပြားစွာ မဆက်ဆံဘဲ အချက်အလက် ဖြည့်သွင်းစဉ် သူ ပြုလုပ်ခဲ့သော အမှားများကို ထောက်ပြကာ သူ့ကို အမှန်ပြင်ခိုင်းဆဲ ဖြစ်သည်။


ဝန်ကြီးချုပ်က အမှန်ပြင်နေချိန်တွင် ယာဉ်ပျံတစ်စီးက အဝေးမှ မောင်းနှင်လာသည်။


ယာဉ်ပျံကို မြင်သောအခါ Seren မျက်မှောင်ကြုံ့လိုက်သည်။


စစ်ဌာနချုပ်သည် ဧရိယာကျယ်ဝန်းသော်ငြား ယာဉ်ပျံများကို ဝင်ရောက်ခွင့်မပြုချေ။


တပ်မှူးများပင်လျှင် ယာဉ်ပျံဖြင့် စစ်ဌာနချုပ်အနီးသို့ ရောက်ရှိပြီးနောက် ယာဉ်ပေါ်မှ ဆင်းကာ စစ်ဌာနချုပ် ဂိတ်တံခါးမှ ဝင်ရောက်ရသည်။ စစ်ဌာနချုပ်ထဲသို့ ဝင်ရောက်ပြီးနောက် သူတို့သည် အခြားသော သယ်ယူပို့ဆောင်ရေး နည်းလမ်းများဖြင့် ဆက်လက်သွားကြရ၏။


အဘယ့်ကြောင့်ဆိုသော် စစ်ဌာနချုပ်တစ်ခုလုံးကို ဖုံးအုပ်ထားသည့် အကာအကွယ် ဒိုင်းကာတစ်ခု ရှိနေပြီး ယာဉ်ပျံကဲ့သို့ တစ်စုံတစ်ရာက ဤဒိုင်းကာကို ထိမိသည်နှင့်တပြိုင်နက် ပစ်ချခံရမည်ဖြစ်သောကြောင့်ပင်။


ကြယ်တာရာ မဟာမိတ်တစ်ခုလုံးရှိ လူတိုင်းသည် ဤကိစ္စကို သိကြသည်။


ယာဉ်ပျံက စစ်ဌာနချုပ်ထဲသို့ အမြန်ပြေးဝင်ရဲမည်ဟု Seren မထင်မိသော်လည်း ဤသို့တွေ့မြင်ရသည်ကို စိတ်ဆိုးဆဲဖြစ်သည် – စစ်တပ်မှူးကတောင် အရှိန်မလျှော့ဘဲ စစ်ဌာနချုပ်ကို မချဉ်းကပ်ဘူး!


ဒီလူက သူ့ရဲ့ချောမောမှုကို ပြသဖို့ ရုတ်တရက် ဘရိတ်အုပ်ချင်တာလား? ဒီငတုံး ဘယ်ကလာတာလဲ! စစ်တပ်ကို မထီမဲ့မြင်ပြုမှုနဲ့ သူ့ကို ဖမ်းပြီး ဒဏ်ရိုက်ကြလိမ့်မယ်!


Seren ဤသို့တွေးနေစဉ် စစ်ဌာနချုပ်၏ အဝင်တံခါးကို စောင့်ကြပ်နေကြသော တပ်သားများသည် အသင့်အနေအထား ဖြစ်နေပြီးဖြစ်ကာ သူတို့နှင့် နီးကပ်လာသော ယာဉ်ပျံကိုလည်း စိုက်ကြည့်နေကြသည်။


သို့ရာတွင် ယာဉ်ပျံက ရုတ်တရက် ဘရိတ်အုပ်လိုက်လိမ့်မည်ဟု အားလုံး တွေးနေချိန်မှာပင် ကားက စစ်ဌာနချုပ်ထဲသို့ တကယ်ပင် အမြန်ပြေးဝင်သွားခဲ့သည်...


ဘုရားရေ!


ရှေ့တွင် စစ်ဌာနချုပ်၏ အကာအကွယ်ဒိုင်းကာသာ ရှိတော့သည်။ ဤကားက ဤကဲ့သို့ တည့်တည့်မတ်မတ် အမြန်ဖြတ်ဝင်သွားသည်... သူတို့ကိုယ်သူတို့ သတ်သေဖို့ ကြိုးစားနေတာလား? ဒါမှမဟုတ် ကားပျက်နေတာလား?


စစ်ဌာနချုပ်၏ အကာအကွယ်ဒိုင်းကာသည် ကြယ်တာရာ မဟာမိတ်တစ်ခုလုံး၏ အမြင့်ဆုံးနည်းပညာတည်ရှိမှု ဖြစ်သည်။ အားအပြင်းဆုံး စစ်ယာဉ်တွေကိုတောင် တားဆီးနိုင်တယ်၊ ဒီလိုကားပျံသေးသေးလေးဆို ပြောစရာတောင် မလိုဘူး!


ကားပျံက ချက်ချင်း ပျက်စီးသွားသော အဖြစ်ကို မြင်တွေ့ရမည်ဟု Seren တွေးမိလိုက်သော်လည်း ထိုသို့ မဖြစ်သွားချေ။


ဒီကားပျံက တကယ်ကြီး ဒိုင်းကာကို ဖြတ်ပြီး ဒီတိုင်းပျံဝင်သွားတယ်!


ဒီမှာ ဘာဖြစ်နေတာလဲ?


Seren ကြက်သေသေသွားပြီး သူ့ပတ်ဝန်းကျင်ရှိ လူများလည်း အေးခဲသွားကြသည်။


“ အကာအကွယ်ဒိုင်းကာ ပျက်သွားတာလား? ” လူတစ်ဦးက မေးသည်။


“ အကာအကွယ်ဒိုင်းကာက မပျက်ဘူး! ” Seren က ပြောသည်။


စစ်ဌာနချုပ်၏ အကာအကွယ်ဒိုင်းကာက ယိုယွင်းခြင်းမှာ လုံးဝဥဿုံ မဖြစ်နိုင်သဖြင့် သူတို့သည် ဟန့်တားခံရခြင်းမရှိပဲနှင့် ထိုကားပျံ ဝင်ရောက်သွားနိုင်သော အကြောင်းအရင်းကို မသိကြပေ။


ဒါ တကယ် ထူးဆန်းလွန်းတယ်!


Seren ခေါင်းခြောက်သွားပြီး အခြားသူများလည်း ထပ်တူထပ်မျှ ပဟေဠိဖြစ်နေကြသည် : “ ကားပျံတစ်စီးက စစ်ဌာနချုပ်ထဲကို ဝင်သွားတာကို ငါ ပထမဆုံး မြင်ဖူးတာပဲ။ ”


“ ဆိုတော့ အဲ့ဒါက တကယ်ပဲ ဘယ်သူလဲ? ”


“ ဒီမှာ ဘာဖြစ်နေတာလဲ? ”


… ...


ထို့နောက် ဆွေးနွေးမှုများစွာ ရှိခဲ့ပြီး လူအချို့က သူတို့ ကိုင်ဆောင်ထားသော ဓားတစ်ချောင်းကို ဒိုင်းကာထံသို့ အမှန်တကယ် ပစ်သွင်းခဲ့သည်။


ဓားရှည်သည် အကာအကွယ်ဒိုင်းကာပေါ်တွင် တိတ်တဆိတ် ပျောက်ကွယ်သွားသည်။


“ ငါ့ဓား! အဲ့ဒါ ရွှေနီနဲ့ လုပ်ထားတာဟ! ” ထိုလူက အော်ဟစ်သည် – စကြဝဠာအနီရောင်ရွှေစင်နဲ့ လုပ်ထားတဲ့ ဓားရှည်တစ်ချောင်းက ဈေးမပေါဘူး!


သို့သော်ငြား ဤရွှေနီစင်ဓားကြောင့် အကာအကွယ်ဒိုင်းကာတွင် ဘာပြဿနာမှ မရှိကြောင်း လူတိုင်း နားလည်သွားကြသည်။


ဒါပေမယ့် အကာအကွယ်ဒိုင်းကာမှာ ပြဿနာမရှိဘူးဆိုရင် ဘာကြောင့် လူဝင်သွားနိုင်တာလဲ?


Seren ပဟေဠိဖြစ်လျက်ရှိနေစဉ်တွင် သူ့ရှေ့ရှိ ဝေးလံခေါင်သီသော ဂြိုဟ်မှ ဝန်ကြီးချုပ်က ရုတ်တရက် ပြောလာသည် : “ အဲ့ဒါ အရှင် Marshal လား? စစ်ဌာနချုပ်က အရှင် Marshal အတွက် အတားအဆီးကင်းမဲ့တယ်လို့ ငါ စာ‌အုပ်တွေထဲမှာ ဖတ်ဖူးတယ်။ ”


Seren လန့်သွားပြီး သူ့အနားမှ လူအားလုံးလည်း တိတ်ဆိတ်သွားကြသည်။


ဟုတ်တယ်! ဒါတကယ် ဖြစ်နိုင်ချေရှိတယ်! အဲ့လူက အရှင် Marshal ဖြစ်လောက်တယ်၊ အဲ့ဒါကြောင့် သူက စစ်ဌာနချုပ်ထဲကို ကားပျံနဲ့ ဝင်နိုင်တာပဲ!


ဒါပေမယ့် ကြယ်မြို့တော်မှာ အရှင် Marshal ရဲ့ ဒဏ္ဍာရီ အမြဲရှိနေတာတောင်မှ လူတွေက အရှင် Marshal ကို တစ်ခါမှ မမြင်ဖူးကြတော့ အရှင် Marshal မရှိဘူးလို့တောင် သံသယဝင်ကြတယ်... တကယ်ပဲ အရှင် Marshal ဖြစ်နိုင်လား?


ရောက်လာသူမှာ တကယ်ပင် ယန်ကျင်းဇီ ဖြစ်သည်။


ယန်ကျင်းဇီသည် စစ်ဌာနချုပ်တွင် ထိုသို့သော စည်းမျဉ်း ရှိကြောင်း သိပင် မသိပေ။ သူ၏ယာဉ်ပျံကို Allen က ပြင်ဆင်ပေးထားခြင်းဖြစ်သည်။ သူသည် ယာဉ်ပျံထဲတွင် ထိုင်ပြီးနောက် စစ်ဌာနချုပ်ထဲသို့ တိုက်ရိုက်ဝင်လိုက်ကာ သိပ်မတွေးခဲ့ချေ။


Allen ၏ ထိန်းချုပ်မှုအောက်တွင် သူ့ကားပျံသည် စစ်ဌာနချုပ်ရှိ အမြင့်ဆုံးအဆောက်အဦး၏ ထိပ်ဆုံး၌ ရပ်နားသွားသည်။ ဤနေရာဟာ မြို့တော်တစ်ခုလုံး၏ အမြင့်ဆုံးနေရာလည်း ဖြစ်သည်။


ယန်ကျင်းဇီသည် ကားပေါ်မှ ဆင်းကာ အမြင့်ဆုံးအလွှာတွင် ရပ်နေသော်ငြား ဘယ်သူကမှ သူ့ကို ရှင်းရှင်းလင်းလင်း မမြင်နိုင်ကြချေ – ဤနေရာကို အထူးဒိုင်းကာတစ်ခုနှင့် တပ်ဆင်ထားပြီး အတွင်းမြင်ကွင်းကို အပြင်လူများ မြင်ရန် ခက်ခဲသည်။


မူလပိုင်ရှင်သည် အသက်ငယ်ငယ်နှင့် Marshal ဖြစ်လာခဲ့ပြီး နောက်ပိုင်းတွင် ကျန်းမာရေးချို့တဲ့ခဲ့သည်။ သူသည် ယခင်က စစ်ဌာနချုပ်ကို တစ်ခါမှ မရောက်ဖူးခဲ့သောကြောင့် ယန်ကျင်းဇီသည် ကားထဲမှ ထွက်လာပြီးနောက် အနည်းငယ် စိတ်ရှုပ်ထွေးသွားသည်။ သို့သော် သူ မေးမြန်းစရာမလိုဘဲ Allen က သူ့လက်များကို လှုပ်ရှားလိုက်ပြီး ကြမ်းပြင်တစ်ခုလုံး ညင်သာစွာဖြင့် ကျဆင်းသွား၏။


ယန်ကျင်းဇီသည် ဤအထပ်ရှိ ခန်းမအလွတ်တစ်ခန်းဆီသို့ ရောက်ရှိလာသည်။


ဤမြင်ကွင်းက သူ့ကို... အလွန်အမင်း အစွမ်းထက်ပုံပေါ်စေကြောင်း ယန်ကျင်းဇီ ဝန်ခံရမည်ပင်။


သေချာတာပေါ့၊ သူကိုယ်တိုင်ကလည်း အလွန်အစွမ်းထက်သည်။


ရှဇီရှိူ့နှင့် ခွဲခွာပြီးကတည်းက ယန်ကျင်းဇီ၏မျက်နှာတွင် အပြုံးမရှိတော့ပေ။ ဤအချိန်တွင် သူသည် သူ၏စိတ်စွမ်းအင်ကို ပို၍ပင် ထုတ်လွှတ်ထားသည်။


ဤခန်းမလွတ်တွင် တပ်ကြီးရှစ်တပ်တို့၏ တပ်မှူးများသည် စောင့်ဆိုင်းနေခဲ့ကြသည်။


သူတို့ ယနေ့ သတင်းရပြီး အရှင် Marshal က သူတို့နှင့် တွေ့ချင်ကြောင်း သိလိုက်ရသောအခါတွင် သူတို့အားလုံး၏ စိတ်နှလုံးများမှာ ရှုပ်ထွေးသွားကြသည်။


လက်ရှိ အရှင် Marshal ဟာ အပြင်းအထန် ဖျားနာနေပြီး သေတော့မည် ဟူသော သတင်းအနည်းငယ်ကို သူတို့သည် အခြေခံအားဖြင့် ကြားသိထားကြ၏။


သူတို့အားလုံးတွင် အနည်းနှင့်အများ အကြံဉာဏ်များလည်း ရှိကြပြီး လူအချို့ဆိုလျှင် လှုပ်ပင် လှုပ်ရှားနေကြပြီးဖြစ်သည်။


ကြယ်တာရာ မဟာမိတ်တစ်ခုလုံးရဲ့ ဂုဏ်သိက္ခာအကြီးဆုံး ပုဂ္ဂိုလ်အဖြစ် ဘယ်သူက မဖြစ်ချင်လို့လဲ?


ပြီးတော့ အခု အရှင် Marshal က သူတို့ကို ရုတ်တရက် တွေ့ချင်တယ်၊ အဲ့ဒါက သူ့မှာ ကျန်းမာရေးပြဿနာတွေ ရှိနေပြီး အမွေဆက်ခံသူ ရွေးချင်လို့လား ဒါမှမဟုတ် သူတို့ရဲ့ လတ်တလော အပြုအမူတွေက သူ့ကို စိတ်အနှောင့်အယှက် ဖြစ်စေလို့ သူ စိတ်ဆိုးနေတာကြောင့်များလား?


တပ်ကြီးရှစ်တပ်တို့၏ တပ်မှူးများသည် အနည်းငယ် စိတ်လှုပ်ရှားနေကြသော်ငြား ဘယ်သူကမှ နောက်မဆုတ်ကြပေ။ လူတိုင်း ရောက်လာကြသည်။


သူတို့အားလုံးသည် အဆင့် SS စစ်သည်တော်များ ဖြစ်ကြပြီး အရှင် Marshal ကို မကြောက်ကြပေ။


အရှင် Marshal ၏ လက်ထဲတွင် လျှို့ဝှက်လက်နက်တစ်ခုခု ရှိနေလျှင်ပင် စစ်ဌာနချုပ်ထဲတွင် ၎င်းကို သူ အသုံးမပြုနိုင်ချေ – နေရာတိုင်းမှာ အကာအကွယ်ဒိုင်းကာတွေ ရှိတယ်!


ဤအကာအကွယ်ဒိုင်းကာများသည် အရှင် Marshal ကို ရပ်တန့်မည်မဟုတ်သော်လည်း ပေါက်ကွဲမှု ဖြစ်လျှင်တော့ ၎င်းကို ရပ်တန့်နိုင်သည်။


တပ်ကြီးရှစ်တပ်တို့၏ တပ်မှူးများသည် အချိန်ခဏတာ စောင့်ဆိုင်းခဲ့သော်ငြား ဘယ်သူမှ မလာသဖြင့် အနည်းငယ် စိုးရိမ်လာကြသည်။ ထို့နောက် သူတို့သည် သူတို့ရှေ့တွင် အေးစက်သော လူငယ်တစ်ယောက် ပေါ်လာသည်ကို တွေ့လိုက်ရပြီး ဤလူငယ်နောက်တွင် သူတို့ ရင်းနှီးသော Allen က မတ်တပ်ရပ်နေ၏။


ဤလူငယ်ကို တွေ့သောအခါ တပ်ကြီးရှစ်တပ်တို့၏ တပ်မှူးများ အားလုံး အံ့ဩသွားကြသည်။ 


ဤလူငယ်က အလွန်ထင်ရှားကြည့်ကောင်းပြီး သူ့ခန္ဓာကိုယ်နှင့် သွင်ပြင်လက္ခဏာများမှာ ပြီးပြည့်စုံကာ သူ၏ ဖြူဖွေးသော အသားအရေက ချို့ယွင်းချက်မရှိချေ။


အမှန်ပင်၊ ယနေ့ခေတ်၏ တိုးတက်နေသော အဆင်ပြေသက်သာသည့် အလှပြင်ခွဲစိတ်မှုကြောင့် ထင်ရှားပေါ်လွင်သော ရုပ်ရည်ရှိသူများမှာ အများအပြား ရှိသဖြင့် လူအများ၏ အာရုံစူးစိုက်မှုကို အရရှိဆုံးမှာ သူ့ရုပ်ရည် မဟုတ်ဘဲ သူ့ပင်ကိုစိတ်ထားနှင့် သူ့ကိုယ်အနားရှိ တရစ်ရစ် ဝဲနေသည့် ရှိန်လောက်သော စိတ်စွမ်းအင်တို့ ဖြစ်သည်။


အားကောင်းလိုက်တဲ့ စိတ်စွမ်းအင်!


ဒီအားကောင်းတဲ့ စိတ်စွမ်းအင်ကို သူတို့အကုန်လုံး အရှုံးပေးတယ်!


တပ်ကြီးရှစ်တပ်တို့၏ တပ်မှူးများသည် ထိုစိတ်စွမ်းအင်ကို ခံစားရသောအခါ အားလုံး စိတ်ရှုပ်ထွေးသွားကြသည်။


သူ့စိတ်စွမ်းအင်သာ ထပေါက်ကွဲရင် ဒီလူက သေတော့မှာလို့ သူတို့ မပြောခဲ့ကြဘူးလား? ဘာလို့ ဒါက ဒီလိုအားကောင်းနေတာလဲ?


ယန်ကျင်းဇီသည် သူတို့၏ ထိတ်လန့်မှုကို ခံစားနိုင်သည်။ သူသည် ဤလူများနှင့် ယဉ်ကျေးမနေဘဲ သူ့စိတ်စွမ်းအင်နှင့် သူတို့ကို တိုက်ရိုက်ဖိနှိပ်လိုက်သည်။


ဤကမ္ဘာတွင် ယခင်က ပေါ်လာဖူးသော စိတ်စွမ်းအင်အသန်မာဆုံးလူမှာ အဆင့် SSS တွင်သာ ရှိခဲ့သည်။ ဆန့်ကျင်ဘက်အားဖြင့် ယန်ကျင်းဇီသည် သူက ဤအဆင့်ထက် များစွာသာမှန်း သေချာသည်။


သူ့ရှေ့တွင် အဆင့် S စွမ်းအားရှင်နှင့် အဆင့် SS စွမ်းအားရှင်တို့ ကွဲခြားခြင်းမရှိသည်မှာလည်း ဤအချက်ကြောင့်သာ အတိအကျဖြစ်၏။


ယခု သူ့စိတ်စွမ်းအင်ဖြင့် ဖိနှိပ်ခံရသော် ဤအဆင့် SS စွမ်းအားရှင်များသည် မတောင့်ခံနိုင်ကြတော့ရာ အားလုံးက ဒူးထောက်ကျသွားပြီး ချွေးအေးများ ထွက်နေကြသည်။


သူတို့ အနည်းငယ်လည်း နောင်တရနေကြ၏။ ဤလူက ပုံမှန်အတိုင်း အဆင်ပြေနေကြောင်းကို သူတို့ သိခဲ့မည်ဆိုလျှင် သူတို့ တစ်ခါပင် လှုပ်ရှားရဲခဲ့မည်မဟုတ်ပေ။


ဒါဆို ဒီလူက အရင်ကတည်းက ဟန်ဆောင်နေခဲ့တာလား?


သူတို့၏စိတ်ထဲတွင် အတွေးမျိုးစုံ ဖြတ်သန်းသွားပြီး လှုပ်ပင် မလှုပ်ရှားရဲကြဘဲ ဤအချိန်တွင် ယန်ကျင်းဇီက သူ့စိတ်စွမ်းအင်ကို ပြန်သိမ်းလိုက်သည်။


“ ငါက ဒီမိုကရေစီနဲ့ လွတ်လပ်မှုကို နှစ်သက်တဲ့ လူတစ်ယောက်၊ တခြားလူတွေ ငါ့ကို ဒူးထောက်တာ ငါ မကြိုက်ဘူး... မင်းတို့အားလုံး ထကြတော့။ ” ယန်ကျင်းဇီက ပြောသည်။


တပ်ကြီးရှစ်တပ်တို့၏ တပ်မှူးများ : “ ... ” မင်းက ငါတို့ ဒူးထောက်တာ မကြိုက်ဘူးဆိုရင် ဘာလို့ ငါတို့ကို မင်း ဖိချလိုက်တာလဲ?


သေချာတာပေါ့၊ သူတို့ ယခု ဘာမှမပြောရဲပေ။ မတ်တပ်ရပ်ပြီးနောက် သူတို့အားလုံး တလေးတစားဖြင့် အလေးပြုလိုက်ကြသည် : “ အရှင် Marshal ”


“ ဆိုတော့ ငါက Marshal မှန်း မင်းတို့အားလုံး သိကြသေးတယ်... ဒါဆို ဘာလို့ အကွက်သေးသေးလေးတွေ အများကြီး ရွှေ့နေကြတာလဲ? ” ယန်ကျင်းဇီက သူတို့ကို ပြုံးကာ ကြည့်နေသည်။


တပ်ကြီးရှစ်တပ်တို့၏ တပ်မှူးများသည် စကားတစ်ခွန်းမှ မပြောရဲကြပေ။


ယန်ကျင်းဇီသည် သူတို့ကို သက်ညှာပေးရန် စိတ်ကူးမရှိဘဲ သူ၏စိတ်စွမ်းအင်သည် ကြီးမားသော ကြာပွတ်တစ်ချောင်းကို ဖွဲ့စည်းကာ တပ်ကြီးရှစ်၏ တပ်မှူး – Cossack ထံသို့ တိုက်ရိုက်လွှဲရိုက်လိုက်သည်။


Cossack သည် သူ၏ကြာပွတ်ရိုက်ချက်ကို အလွန်ပြင်းထန်စွာ ခံလိုက်ရသောကြောင့် မြေပြင်ပေါ်သို့ လဲကျသွားပြီး ခေါင်းကို ကိုင်ကာ နာကျင်စွာ အော်ဟစ်နေသည်။ အစောက ကြာပွတ်ရိုက်ချက်မှာ သူ့စိတ်စွမ်းအင်ကို ပျောက်ကွယ်လုနီးပါး ဖြစ်စေခဲ့ပြီး သူ၏ လက်ရှိစိတ်စွမ်းအင်မှာ စတင်၍ အထိန်းကွပ်မဲ့ကာ ပြိုလဲစပြုလာသည်။


ကျန်တပ်မှူးခုနစ်ဦးတို့၏ အမူအရာများမှာ ခဏတာ သိသိသာသာ ပြောင်းလဲသွားသည်။ သူတို့သည် အနည်းငယ် အပြစ်ပေးခံရမည်ဟု မှန်းဆခဲ့ကြသော်လည်း အပြစ်ဒဏ်က အလွန်ပြင်းထန်လှမည်ဟုတော့ တကယ်ပင် မမျှော်လင့်ထားကြပေ – ဒါပြီးရင် Cossack ရဲ့ စိတ်စွမ်းအင်က အဆင့် S အောက်ကို ပြုတ်ကျသွားလိမ့်မယ်!


ပိုမိုကြောက်မက်ဖွယ်ကောင်းသည်မှာ သူတို့တွင် ခုခံနိုင်စွမ်း လုံးဝ မရှိခြင်းဖြစ်သည်။


ယန်ကျင်းဇီသည် သူ့အတွက် Allen ပြင်‌ဆင်ထားသည့် ကုလားထိုင်ပေါ်တွ

င် ထိုင်နေပြီးဖြစ်သည်။ အပြုံးတစ်ပွင့်နှင့် သူက ဆိုသည် : “ အခု ငါ ပိုအဆင်ပြေသွားပြီ... အင်း၊ ငါတို့ စကားစပြောနိုင်ပြီ။ ငါ့အထင်... မင်းတို့ ပိုပြီး နာခံတတ်သင့်တယ်။ ”


____