Chapter 291
သူမကအရင်လက်ဦးမှုရယူပြီးပြောလိုက်သည်။
"ညစာစားဖို့ဒီညငါ့အိမ်လာခဲ့ဦး.... ငါ့အဖွားကိုဒီနေ့နင်ကျောင်းမှာနှာခေါင်းသွေးလျှံတယ်လို့ပြောထားတယ် နင့်ခန္ဓာကိုယ်ကအားနည်းနေတာကြောင့်မို့လို့ ဖွားကနင့်ခန္ဓာကိုယ်ကိုအားပြန်ဖြည့်ဖို့ အရသာရှိတဲ့ဟင်းပွဲတွေအများကြီးလုပ်ပေးထားတယ် ငါ့ကိုတောင်ဒီလိုချက်မကျွေးဖူးဘူး....."
ယွီချင်းရှီကထရပ်လိုက်ပြီး လမ်းနည်းနည်းလျှောက်လိုက်သည်။ သူဘာတွေးနေလဲဆိုတာမထင်ရှားပေမဲ့သူကရပ်ပြီးပြောလိုက်သည်။
"ငါနင့်ကိုမျက်နှာသာမပေးဘူး အဘွားကိုမျက်နှာသာပေးချင်လို့နော်...."
"အိုး...."
ဘယ်လိုအာဃာတထားရမလဲသူတကယ်သိတာပဲ....
သူမကသူ့ပါးကိုအကြိမ်နည်းနည်းလေးပဲလိမ်ဆွဲမိတာမဟုတ်ဘူးလား.....
သူကဘာလို့စိတ်အရမ်းဆိုးနေရတာလဲ.....
ကျန်းရှောင်မန်နားမလည်နိုင်တော့ပဲ အလွန်လွဲမှားနေသည်ဟုခံစားရသည်။ ကျန်းရှင်းလည်း ဒီနေ့ညစာကိုအိမ်မှာလာပြန်စားသည်။ကျန်းဟွေ့မိန်က ချိုမြိန်သော ဟင်းလျာများကိုချက်ပြုတ်ရန် အချိန်အကြာကြီးအလုပ်ကြိုးစားခဲ့သည်။ ၎င်းတို့ကကျန်းရှင်း၊ကျန်းရှောင်မန်၊ ယွီချင်းရှီတို့အတွက်အထူးပြုလုပ်ထားသော ခန္ဓာကိုယ်အားဖြည့်စွပ်ပြုတ်ရည်များဖြစ်သည်။ ဟင်းပွဲများကို တိကျစွာဖြင့်သီးခြားစီခွဲခြားထားသည်။
"မြန်မြန်စားကြ မဟုတ်ရင် စားစရာတွေအေးကုန်လိမ့်မယ်....."
ကျန်းဟွေ့မိန်ကအရမ်းပျော်ရွှင်နေသည်။ သို့သော် မပျော်ရွှင်နိုင်သောလူတစ်ယောက်လဲရှိနေသည်။
ယွီချင်းရှီကပုံမှန်အတိုင်း ညစာစားပြီး အိမ်သို့ပြန်ကာ ကျန်းရှောင်မန်ကိုခွင့်လွှတ်သင့် မလွှတ်သင့် စဉ်းစားရန်ဖြစ်သည်။ အမှန်အတိုင်းပြောရလျှင် ယွီချင်းရှီ၏တုံ့ပြန်မှုကအရမ်းကြီးမားသွားတာ ကျန်းရှောင်မန်ကသူ့ကိုပါးလိမ်ဆွဲလို့မဟုတ်ပေ။ဒါပေမဲ့.............
ယွီချင်းရှီရွေးချယ်စရာမရှိတော့ပဲစိတ်တွေရှုပ်လာရသည်။
ကျန်းရှောင်မန်ကသူ့အပေါ်ခဏလောက်တားဆီးကန့်ကွက်ခဲ့တာကိုသတိရလာသည်။သူကသူမဆံပင်၊ မျက်နှာတွေကိုမထိရပေ။ သူကသူမတို့အရွယ်ရောက်လာရင်သူမကိုလုံးဝလာမထိရတော့ဘူးလို့တောင်ပြောလိုက်သေးသည်။ အဲဒီနောက်တော့ ယွီချင်းရှီကအချိန်အကြာကြီး စိတ်ဓာတ်ကျသွားသည်။ အခုတော့သူ တူတူပဲခံစားရပြန်ပြီ။
ပိုပြီးစိတ်တိုစရာကောင်းတာက ကျန်းရှောင်မန်ကသူမပြောတာနှင့်လုပ်တာ တခြားစီဖြစ်နေခြင်းဖြစ်သည်။ သူမလက်တွေကအခုထိနောက်ပြောင်နေဆဲဖြစ်ပြီး သူ့ကိုထိဖို့ခွင့်ပြုထားသည်။ ဒါပေမဲ့ သူကတော့ သူမကိုမထိရပေ။
သူသေသေချာချာတွေးပြီးခံစားလိုက်ရတာက"အဲဒါက အကျင့်ပျက်အရာရှိတွေက ငါ့အတွက်မဟုတ်ပဲ မင်းအတွက်စည်းမျဉ်းတွေထုတ်ပေးထားတာနဲ့မတူဘူးလား"
သူတွေးလေလေ သူပိုပြီးဒေါသထွက်လာလေလေဖြစ်သည်။ သို့သော် ယွီချင်းရှီကထုတ်မပြပေ။သူကအရမ်းသီးသန့်ဆန်တဲ့လူစားဖြစ်ပြီးတော့ထိန်းချုပ်ခြင်းတွင်အရမ်းတော်သည်။တခြားလူများကသူ့မျက်နှာတွင်အမူအရာတစ်ခုခုကိုရှာတွေ့ဖို့ခက်ခဲသည်။
ယွီချင်းရှီကတစ်ချိန်လုံးတိတ်ဆိတ်နေခဲ့သည်။သူက သူ့စိတ်ထဲတွင်တွက်ချက်မှုများ တစ်ချိန်လုံးပြုလုပ်နေပြီး ဒီပြဿနာရဲ့အရင်းအမြစ်ကသူကိုယ်တိုင်ပဲဟုတွေးလိုက်ကာ ကျန်းရှောင်မန်ကိုခွင့်လွှတ်ဖို့ဆုံးဖြတ်လိုက်သည်။
၎င်းက ကျန်းဟွေ့မိန်ကကျန်းရှင်း၏အာဟာရစွပ်ပြုတ်ကိုယူမသွားခင်အထိသာဖြစ်သည်။ ယွီချင်းရှီက နောက်ဆုံးတော့ တစ်ခုခုမှားနေမှန်းသတိပြုမိသွားသည်။
စွပ်ပြုတ်က...သူအဲဒါကိုကြည့်လေလေ ပိုပြီးရင်းနှီးလာလေလေဖြစ်ပြီး သူမကြာသေးခင်က အကြာကြီးသောက်ခဲ့သော အာဟာရစွပ်ပြုတ်နှင့်တူလာလေလေဖြစ်သည်။ သူအဲဒါကိုအနံ့ခံကြည့်ပြီးအရောင်ကိုကြည့်ရုံနှင့်ပြောနိုင်လေသည်။
ယွီချင်းရှီကကျန်းရှောင်မန်ကိုတည်ငြိမ်စွာကြည့်ပြီး သူ့မျက်လုံးများကိုမြင့်လိုက်ကာ ကျန်းရှုမေ့ကိုမေးလိုက်သည်။
"အဘွား အဲဒါကဦးလေးကျန်းအတွက်စွပ်ပြုတ်လား သားသောက်လို့ရမလား....."
"ဟုတ်တယ် အဲဒါကဦးလေးကျန်းအတွက်ပဲ ဒီမှာမင်းအတွက်....."
ကျန်းရှုမေ့ကပြုံးပြီးပြောလိုက်သည်။
"သားဒီစွပ်ပြုတ်ကိုသောက်လို့မရဘူး ကလေးတစ်ယောက်ကဒီစွပ်ပြုတ်ကိုအများကြီးသောက်မိသွားရင် အတွင်းမှာပြင်းထန်တဲ့အပူတွေစုမိသွားပြီး နှာခေါင်းသွေးလျှံတတ်တယ် သားအသက်ပိုကြီးလာရင်သောက်လို့ရတယ်....."
ယွီချင်းရှီပြုံးလိုက်သည်။
"ဟုတ်ကဲ့ သားသိပါပြီ....."
ကျန်းရှောင်မန်ကခေါင်းကိုနိမ့်သထက်နိမ့်အောင်ငုံ့ထားပြီးယွီချင်းရှီ၏အမူအရာကိုမကြည့်ရဲပေ။
ဒါကကြောက်စရာကြီး ကြောက်စရာပဲ။
ယွီချင်းရှီကသူမမျက်လုံးထဲတွင်ကြောက်စရာကောင်းနေသည်။
ကျန်းရှောင်မန်ကတစ်ညလုံးသူ့အခွံထဲတွင် ဝင်ပုန်းနေသောလိပ်တစ်ကောင်နှင့်တူနေပြီး မုန်တိုင်းမပြီးမချင်းသူမခေါင်းကိုမမော့ရဲပေ။
ကံကောင်းစွာနှင့်ပင် ယွီချင်းရှီကစိတ်ကောင်းဝင်နေသည်။ သူကစကားတစ်ခွန်းတောင်မပြောပဲဘာမှလဲမပြောခဲ့ပေ။ စားသောက်ပြီးနောက် သူကတိတ်ဆိတ်စွာပြန်သွားခဲ့သည်။
ဘာပြဿနာမှမရှိသင့်တော့ဘူးလေ ဟုတ်တယ်မလား ဟား ဒါကြီးကပိုတောင်ထူးဆန်းလာသလိုပဲ.....
ယွီချင်းရှီကဒီတစ်ခေါက်တော့အရမ်းစိတ်ဆိုးသွားပြီး ကျန်းရှောင်မန်ကိုသုံးရက်လောက်စကားမပြောပေ။ ကျန်းရှောင်မန်ကငိုချင်ပေမဲ့ မျက်ရည်များကထွက်မလာပေ။ သူမကဘာလုပ်ရမှန်းမသိပဲသူမဆံပင်များကိုဆွဲဖွလိုက်သည်။
ယွီချင်းရှီကအပြုအမူကောင်းတွေရှိပြီးတော့ချော့ရလွယ်ခဲ့တာပါ။ သူမဘာပဲပြောပြော သူ့ကိုလွယ်ကူစွာချော့နိုင်သည်။ ပြီးတော့ သူကအာဃာတမထားတတ်ပေ။ ဒီနေ့ဘာပဲဖြစ်ခဲ့ဖြစ်ခဲ့ မနက်ဖြန်တွင်မေ့သွားပြီး စိတ်ထဲလည်းမထားတတ်ပေ။
ကျန်းရှောင်မန်၏နှလုံးသားထဲတွင် ယွီချင်းရှီကကမ္ဘာပေါ်တွင် စိတ်ထားအကောင်းဆုံးဟုပင်ပြောလို့ရသည်။ သူတို့တစ်ခါတစ်ရံ ကတောက်ကဆနည်းနည်းဖြစ်တတ်ကြသော်လဲ နောက်နေ့အထိစိတ်ဆိုးနေလေ့မရှိကြပေ။
ဒါပေမဲ့ ဒီတစ်ကြိမ်ကတော့ သုံးညတောင်ရှိနေပြီလေ။ ကျန်းရှောင်မန်ရွေးချယ်စရာမရှိတော့ပဲ အကြံဉာဏ်တောင်းဖို့သူများတွေကိုပြေးရှာရတော့သည်။
သူမကသူမသူငယ်ချင်း ယဲ့ကျားကျားဆီသွားခဲ့သည်။
ယဲ့ကျားကျားကသူမကိုမေးလိုက်သည်။
"သူကဘာလို့စိတ်ဆိုးနေတာလဲ..."
"ငါသူ့ကိုလိမ်ခဲ့မိလို့....."
"အိုး အဲဒါကကိစ္စကြီးလား...."
"ငါသူ့ကိုလိမ်ပြီးစွပ်ပြုတ်တွေအများကြီးသောက်အောင်လုပ်ခဲ့တယ်....."
ကျန်းရှောင်မန်ကစိတ်ဖိစီးမှုကြောင့်မျက်နှာမှုန်ကုပ်ကုပ်ဖြစ်သွားသည်။
သူမရဲ့မျက်နှာအရေပြားက လိမ္မော်သီးခွံလိုတွန့်နေသည်။
"အဲဒါကသူ့အတွက်အထူးလုပ်ထားတာလို့ငါမပြောခဲ့ဘူး သူကလဲမမေးဘူးလေ...."
ယဲ့ကျားကျားရုတ်ချည်းနားလည်သွားသည်။
xxxxx
Chapter 292
"ဒါကရန်ဖြစ်တာလေးပဲမလား....."
"ဟုတ်တယ်...."
"လွယ်ပါတယ်....."
ကျန်းရှောင်မန်သူမကိုမေးလိုက်သည်။
"ငါဘယ်လိုဖြေရှင်းရမလဲ....."
"သူ့ကိုရိုက်ပြီးအညံ့ခံခိုင်းလိုက် နင်ရိုက်တာခံချင်လို့သူကျောယားနေတာဖြစ်မှာပေါ့....."
"..."
ကျန်းရှောင်မန်ကရဲ့ကျားကျားရဲ့ဟာယုံကြည်လို့မရဘူးဟုခံစားလိုက်ရပြီး သူမရဲ့အကြံပြုချက်တွေအတိုင်းလိုက်မလုပ်ခဲ့ပေ။
ကြည့်ရတာ ကျန်းရှင်းဟွား တစ်ယောက်ပဲကျန်တော့လေသည်။
ကျန်းရှောင်မန်ကကျန်းရှင်းဟွာကိုမေးလိုက်သည်။
"ယောက်ျားလေးတွေအားလုံးကဒီလိုပဲစိတ်ဆိုးတတ်ကြတာလား....."
"မသိဘူးလေ ငါကတော့မဆိုးတတ်ဘူး....."
ကျန်းရှောင်မန်ကထပ်ပြောလိုက်သည်။
"သူအခုတလော တစ်မျိုးကြီးဖြစ်နေတယ်လို့နင်မထင်ဘူးလား..."
"မထင်ပါဘူး သူကပုံမှန်ပါပဲလို့ပဲငါထင်တယ်...."
"စကားဝိုင်းမှာဘယ်လိုစကားပြောရမလဲဆိုတာနင်သိလား....."
ကျန်းရှောင်မန်သူ့ကိုကြည့်လိုက်သည်။
"နင်လည်း မယုံရဘူးဆိုတာ ငါသိတယ် ငါ့ဘာသာငါပဲလုပ်တော့မယ်...."
ကျန်းရှင်းဟွားလည်း မတရားခံလိုက်ရသည်ဟုခံစားလိုက်ရသည်။
သူမရဲ့မေးခွန်းတွေကိုရိုးရိုးသားသားပြန်ဖြေတာကလွဲပြီး သူဘာမှမပြောခဲ့တာကို....သူမဘာလို့သူ့ကိုဆူရတာလဲ....ပြီးတော့ ယွီချင်းရှီမှာအခုတလောတစ်ခုခုမှားနေတယ်လို့သူတကယ်မထင်ဘူးလေ....
တစ်ခုခုမှားနေတယ်ဟု ကျန်းရှောင်မန်ခံစားလျှင် ပြဿနာကသူမပဲဖြစ်လိမ့်မည်။ ကျန်းရှင်းဟွာတိုးတိုးလေးပြောလိုက်သည်။
"နင်သူ့ကိုတည့်တည့်ပဲ သွားမေးသင့်တယ်....."
သူမလည်း ထိုသို့စီစဉ်ထားသည်။ ထိုညနေတွင် ကျန်းရှောင်မန်က ယွီချင်းရှီကိုတည့်တည့်သာ မေးခဲ့သည်။ ပြောလျှင် အဲလိုလုပ်ဖို့သူမကလွန်ခဲ့တဲ့ရက်အနည်းငယ်ကတည်းကစီစဉ်ထားတာပင်။ သို့သော်ယွီချင်းရှီကသူမကိုရှောင်ပဲရှောင်နေပြီးတော့ သူမနှင့်အတူ အိမ်တောင်မပြန်ပေ။
ကျန်းရှောင်မန်က ဒီနေ့အခွင့်အရေးကိုအမိအရယူဖို့ရည်ရွယ်ထားသည်။ သူမကစွန်းရှောင်ကျယ်နှင့် သူ့သူငယ်ချင်းများကိုတောင်တမင်သက်သက်ခေါ်လာပြီး လမ်းထောင့်ကိုပိတ်ထားလိုက်တော့သည်။ တစ်နည်းအားဖြင့် သူထွက်ပြေးရန်မဖြစ်နိုင်တော့ပေ။
ယွီချင်းရှီက အသာလေးမျက်မှောင်ကြုတ်လိုက်ပြီး သူမ၏နောက်တွင်ရှိသော လူအုပ်ကြီးကိုကြည့်ကာ မကြားအောင် သက်ပြင်းချလိုက်သည်။ ကျန်းရှောင်မန်ကပြောလိုက်သည်။
"နင်ဘာကိုမကျေမနပ်ဖြစ်နေတာလဲ ပြောသာပြောလိုက် ငါခွင့်ပြုပေးမယ်...."
ယွီချင်းရှီကဘာမှမပြောပေ။ သူ့မျက်လုံးတွေကိုအသာလှိမ့်လိုက်ပြီး ကျန်းရှောင်မန်နောက်ကထောင့်ကိုအတွေးများဖြင့်ကြည့်လိုက်သည်။သူဘာတွေတွေးနေလဲဆိုတာဘယ်သူမှမသိကြပေ။ ကျန်းရှောင်မန်ကစိတ်တိုသွားသည်။
"တိတ်တိတ်လေးနေမနေနဲ့ ငါ့ကိုစကားပြောလေ....."
"ငါနင့်ကိုတကယ်ရိုက်ရမှာလား ကလေးဘဝကတည်းကနင့်ကိုငါမရိုက်ခဲ့ဘူး...."
ကျန်းရှောင်မန်ကသူ့ကိုစိတ်ကောင်းလေးဖြင့်အကြိမ်ကြိမ်အခါခါတိုက်တွန်းခဲ့ပြီးပြီဟုခံစားရပြီး ယွီချင်းရှီကလဲသူမကရူးနေသည်ဟုခံစားရကာ သူမကိုအကြာကြီးစိုက်ကြည့်နေလေသည်။
စွန်းရှောင်ကျယ်ကသူ့အလုပ်ကိုတာဝန်ကျေပွန်စွာလုပ်ဆောင်လေသည်။ သူကကျန်းရှောင်မန်နှင့်ယွီချင်းရှီတို့ဘာကြောင့်ပဋိပက္ခတွေဖြစ်ပြီး ရန်ဖြစ်တဲ့အထိဖြစ်သွားလဲဆိုတာမသိပေမဲ့ အခုသူဒီကိစ္စထဲပါလာပြီဆိုတော့ သူတို့ကလက်သီးနှင့်ဖြေရှင်းချင်တယ်ဆိုရင် သူကအမှန်တကယ်ပင်ပါဝင်ကူညီပေးမှာဖြစ်သည်။
စွန်းရှောင်ကျယ်က ယွီချင်းရှီကိုစူးစိုက်ကြည့်လိုက်ပြီး သူ့အင်္ကျီလက်များကိုခေါက်တင်လိုက်ကာ သူ့ကိုဝိုင်းထားရန် ကျန်းရှောင်မန်မှပေးလာမည့်အမိန့်ကိုစောင့်နေလိုက်သည်။ သူကအုပ်စုထဲမှာပင်တိုက်ခိုက်နိုင်ပြီး ယွီချင်းရှီကိုချောင်ပိတ်ပြီး လှဲချနိုင်လေသည်။ ဒါကသူတို့ရဲ့ အထူးစွမ်းရည်ဖြစ်သည်။
ကျန်းရှောင်မန်ကအံကြိတ်လိုက်သည်။ သူမလုပ်နိုင်သောအရာဘာမှမရှိတော့ပေ။ဒီတော့ သူမ ရှေ့တိုးလိုက်ကာ သူ့နားတွင်တိုးတိုးလေး ကပ်ပြောလိုက်သည်။
"ငါတောင်းပန်ပါတယ်...."
"..."
ယွီချင်းရှီ၏နှလုံးသားထဲမှမီးတောက်လေးကသေမလိုဖြစ်သွားသည်။အဲဒီအခိုက်အတန့်မှာ သူတို့ကရေအေးနှင့်ပက်ခံလိုက်ရသလို ငြိမ်းသွားပြီး သူ့ဒေါသတွေလဲပျောက်ကွယ်သွားပြီဖြစ်သည်။
သူအစကတည်းကစိတ်မဆိုးပေ။ ဒီရက်တွေမှာသုကျန်းရှောင်မန်ကိုရှောင်နေတာဘာဖြစ်လို့လဲဆိုတော့ သူ့ကိုယ်သူဒေါသထွက်နေလို့ဖြစ်သည်။ သူကကျန်းရှောင်မန်ပေးတဲ့အာဟာရစွပ်ပြုတ်ကိုမသောက်တော့သော်လည်း ညဘက်တွင်မက်သောအိပ်မက်များက မရပ်တန့်သွားပေ။အခုအတွင်းတွင်လွှမ်းမိုးနေသောအရာများကိုဖယ်ထုတ်ပြီးပြီဆိုတော့ ကျန်နေတာကသူကိုယ်တိုင်ပင်ဖြစ်သည်။အခုတော့ ဟိုးအတွင်းထဲထိအကျင့်ပျက်နေတာပဲ။အထူးသဖြင့် မနေ့ညကသူအိပ်မက်မက်ခဲ့တာက......
ကျန်းရှောင်မန်ကိုတိတ်တိတ်လေးနမ်းနေတယ်တဲ့.....
အား ဒါကဘယ်လိုဖြစ်သွားတာလဲ ဒါကဘယ်လိုဖြစ်နိုင်မှာလဲ....
ယွီချင်းရှီမျက်နှာကနီရဲတက်လာပြီး သူ့ပါးတွေလဲနီရဲလာကာ အနည်းငယ်မူးဝေလာသလိုခံစားရစေသည်။
တဖက်မှာ ကျန်းရှောင်မန်က သူ့ကိုဖိအားပေးပြီး ပြဿနာမလုပ်တော့ရန် တောင်းပန်နေဆဲပင်။
တခြားတဖက်မှာ ယွီချင်းရှီကသူ့ရဲ့ထူးထူးဆန်းဆန်းအိပ်မက်ကိုသတိရနေသည်။
ယွီချင်းရှီကသူကအရမ်းညစ်ပတ်သည်ဟုခံစားလိုက်ရပြီးမျိုးစုံသောခံစားချက်များက ရောထွေးနေသည်။ သူကသူ့ခေါင်းကိုနှိမ့်ကာအသာလေးခေါင်းငြိမ့်လိုက်ပြ
သည်။
"အိမ်ပြန်ရအောင်...."
သူတို့သာလူစုမခွဲသေးလျှင်ဆရာကမကြာခင်လာပြီးတော့သင်ခန်းစာလာပေးတော့မည်ဖြစ်သည်။အဲဒါဆိုရင် သူတို့အားလုံး သုံးသပ်စာရေးရမှာ မလွဲဧကန်ပင်ဖြစ်သည်။
ယွီချင်းရှီကစွန်းရှောင်ကျယ်ကိုကြည့်ပြီးသူ့နှလုံးသားထဲတွင်ညည်းတွားလိုက်သည်။ သိတဲ့လူတွေကတော့ သူမကသူ့ကိုတောင်းပန်ရန်လာသည်ဟုထင်ကြမှာဖြစ်ပြီး မသိတဲ့လူတွေကတော့ သူမကသူနဲ့ဒီနေရာမှာရန်ဖြစ်ဖို့လာသည်ဟု ထင်ကြမှာဖြစ်သည်။
ကျန်းရှောင်မန်ကသူဘာတွေးနေလဲမသိပဲသူ့လက်ကိုကိုင်လိုက်ကာ ကျောင်းဂိတ်တံခါးဝကိုပျော်ရွှင်စွာထွက်ခွာလာသည်။
ပြဿနာကြီးတစ်ခုကိုတော့ သူမနှလုံးသားထဲတွင်သယ်ဆောင်ထားသေးသည်။အဲဒီညမှာ ကျန်းရှောင်မန်ကငြိမ်းချမ်းစွာ အိပ်ပျော်သွားပြီး အိပ်မက်မက်ခဲ့သည်။
ဒါပေမဲ့ သနားစရာကောင်လေး ယွီချင်းရှီကတော့ မအိပ်နိုင်တော့ပေ။သူကအိပ်ရာမှထပြီး ဗုဒ္ဓကျမ်းစာများကိုဖတ်နေတော့သည်။
xxxxxxxxxx
Chater 293
နေမင်းကမီးလိုပူလောင်နေသည်။
နွေရာသီ၏အလင်းရောင်ကပြတင်းပေါက်မှတောက်ပစွာဖြာကျနေပြီး စားပွဲပေါ်တွင်အနားယူနေသောမိန်းကလေးကို မပီပြင်ဝိုးတဝါးပန်းရောင်လေးသန်းနေစေသည်။သူမ၏ဆံပင်အဖျားလေးများကနူးညံ့ဟန်ရှိပြီး သူမ၏ထူထဲသောမျက်တောင်များကသူမမျက်လုံးပေါ်တွင် အရိပ်တစ်ခုဖြစ်ပေါ်စေသည်။
ယွီချင်းရှီက ပုံနှိပ်စာအုပ်ကိုတိတ်တိတ်လေးလှန်လိုက်ပြီး မတော်တဆကျန်းရှောင်မန်ကိုကြည့်မိသွားသည်။ သူကရပ်တန့်သွားပြီး ပုံနှိပ်စာအုပ်၏နောက်တစ်မျက်နှာကိုအချိန်အတော်ကြာမလှန်ဖြစ်ခဲ့ပေ။
နေအလင်းရောင်ကသူမမျက်လုံးပေါ်တွင်ကျရောက်နေပြီး သူမကသူမမျက်လုံးပေါ်တွင်ပြင်းထန်သောအလင်းရောင်ကိုခံစားရသကဲ့သို့ ဘေးဘက်ကိုရွှေ့လိုက်ကာ စိတ်တိုစွာ မျက်မှောင်ကြုတ်လိုက်သည်။
ခဏလောက်တွေဝေနေပြီးနောက် သူမကိုနေရောင်မှကာကွယ်ပေးရန် ယွီချင်းရှီကပုံနှိပ်စာအုပ်ကိုထုတ်ကာတိတ်တိတ်လေးဖြန့်လိုက်သည်။ သူမနိုးလာတော့မလိုမျက်တောင်များတုန်ခါနေသည်ကိုတွေ့လိုက်သည်နှင့် ယွီချင်းရှီကသူ့လက်ကိုပြန်ရုတ်လိုက်ပြီး ဖောင်းပြီးနီရဲနေသော သူ့လက်ကောက်ကိုပွတ်ကာ တိတ်ဆိတ်စွာနေနေလိုက်သည်။
ကျန်းရှောင်မန်ကသူ့ကိုကြည့်ရန်နောက်လှည့်လိုက်ပြီး မှင်တက်စွာဖြင့်မေးလိုက်သည်။
"နင်အနားမယူဘူးလား...."
"ငါအနားယူပြီးပါပြီ...."
"နေ့လည်ကျရင်ကိုယ်ကာယစာမေးပွဲရှိတယ် အရေးကြီးတဲ့အချိန်မှာဘောလုံးကိုပစ်မချနဲ့နော်...."
"ငါမလုပ်ပါဘူး....."
ကျန်းရှောင်မန်ကသူ့ပုခုံးကိုစိတ်သက်သာရစွာပုတ်လိုက်ပြီးနောက် သန့်စင်ခန်းသို့သွားကာ သူမကိုယ်သူမလန်းဆန်းသွားစေရန် ပြုလုပ်လိုက်သည်။
နောက်ဆုံးစာမေးပွဲနီးကပ်လာတာနဲ့အမျှ စာလေ့လာသင်ယူနေသာလေထုကလဲပိုမိုပြင်းထန်လာခဲ့သည်။ ကျောင်းသားများကစင်္ကြန်လမ်းတွင် သူတို့သူငယ်ချင်းများနှင့်ကစားနေတာကတွေ့ရခဲလာပြီး အဲဒီအစား စာသင်ခန်းထဲတွင်ပဲ တိတ်ဆိတ်စွာ စာအုပ်များကိုလှန်နေခဲ့ကြတော့သည်။ကိုယ်ကာယလေ့ကျင့်ခန်းအတန်းရှိသောအခါ ပုံမှန်ဆို သက်သောင့်သက်သာရှိကာပျော်ရွှင်ကြပေမဲ့ ဒီနေ့တော့ အားလုံးက အနည်းငယ်ထိတ်လန့်နေကြကာ စိတ်မလှုပ်ရှားနိုင်ကြပေ။
ကိုယ်ကာယလေ့ကျင့်မှုစာမေးပွဲဆိုသည်မှာ ကျန်းရှောင်မန်အတွက်သိပ်မခက်ခဲပေ။ ဘယ်ဘာသာပဲဖြစ်နေပါစေ သူမလွယ်ကူစွာ လုပ်နိုင်သည်။ ထိုင်ထလေ့ကျင့်ခန်းများ၊ဒိုက်ထိုးလေ့ကျင့်ခန်းများ၊မီတာရှစ်ရာအပြေးပြိုင်ပွဲ - ၎င်းတို့မှာသူမအတွက်ကစားပွဲသာသာပင်ဖြစ်သည်။ ဘာစာမေးပွဲပဲဖြစ်ပါစေ သူမကအရှေ့တွင်ဦးဆောင်နေပြီး ထိပ်ဆုံးမှာရှိနေမှာဖြစ်သည်။
ကျန်းရှောင်မန်ကစာမေးပွဲတွင်ပထမဆုံးပြီးဆုံးသွားပြီးနောက် ဆိုဒါနှစ်ပုလင်းဝယ်ရန် ကန်တင်းသို့ထွက်လာခဲ့သည်။ခဏလောက် တွေဝေနေခဲ့ပြီးနောက်ညသူမကနောက်ထပ်နှစ်ပုလင်းကိုထပ်ဝယ်ခဲ့လိုက်သည်။
ယွီချင်းရှီအတွက်သာမဟုတ်ပဲ ယဲ့ကျားကျားနှင့်ကျန်းရှင်းဟွားအတွက်ပါဝယ်ခဲ့သည်။ကျစ် မတက်နိုင်ဘူးလေ။သူငယ်ချင်းတစ်ယောက်ကိုမှနောက်မှမချန်ထားခဲ့နိုင်အောင် သူမကအရမ်းမျှတပြီးတော့ခေါင်းဆောင်မှုတွေပြည့်ဝနေတာကိုး။
ဂလု ဂလု ဆိုဒါပုလင်းတစ်ဝက်ကိုသောက်ပြီးနောက် ယဲ့ကျားကျားကိုတစ်ပုလင်းပေးခဲ့ကာ ကျန်းရှောင်မန်ကယွီချင်းရှီကို ရှာရန်ထွက်လာခဲ့သည်။
မိန်းကလေးများနှင့်ယောက်ျားလေးများကိုခွဲခြားထားကာစာမေးပွဲစစ်ဆေးသည်။ ကျန်းရှင်းဟွာကအဲဒီအချိန်မှာမီတာတစ်ထောင်အပြေးပြိုင်ပွဲကိုပြေးနေဆဲဖြစ်ပြီး သူကသေရေးရှင်ရေးတမျှပြေးနေခဲ့သည်။ ကျန်းရှောင်မန်ကခေါင်းခါလိုက်ပြီး သူပြေးပြီးသွားရင်အပြီးသတ်လိုင်းမှာဆိုဒါချထားပေးထားဖို့ သူပြေးပြီးတာကိုမစောင့်နိုင်တော့ဘူးဟုခံစားလိုက်ရသည်။
သူပြေးပြီးသွားရင်အဲဒါကိုသူသောက်လို့ရတာပေါ့။
ထို့နောက် ယွီချင်းရှီထံသို့လာခဲ့သည်။
ယွီချင်းရှီကမီတာတစ်ထောင်အပြေးပြိုင်ပွဲကိုပြေးပြီးသွားပြီး အခုဒိုက်ထိုးလေ့ကျင့်ခန်းလုပ်ရန်တန်းစီနေသည်။အကြိမ်သုံးဆယ်ကပုံမှန်ဒိုက်ထိုးရမှာဖြစ်ပြီး လေးဆယ့်ငါးကြိမ်ထိုးနိုင်လျှင် အောင်မြင်သွားပြီဟုသတ်မှတ်နိုင်သည်။
ကျန်းရှောင်မန်ကယွီချင်းရှီစာမေးပွဲဖြေပြီးတာကိုစောင့်နေခဲ့သည်။ယွီချင်းရှီအလှည့်ရောက်လာသောအခါ ကျန်းရှောင်မန်က မဖော်ရွေသော စကားသံတချို့ကိုကြားလိုက်ရသည်။ရေတွက်ခြင်းနှင့်မှတ်စုရေးရာတွင်တာဝန်ရှိသောယောက်ျားလေးနှစ်ယောက်ကတိုးတိုးလေးစကားပြောနေကြသည်။
"ကျစ် ဒီလိုကြက်သားဖြူပြုတ်မျိုးကတော့ စာလေ့လာတာကလွဲရင် ဘာမှလုပ်နိုင်မှာမဟုတ်ဘူး....."
"သူက အဆင့်Aချည်းပဲဆက်တိုက်ရတဲ့ကျောင်းသားပဲ သူကျရှုံးသွားခဲ့ရင်တောင်မှ ဆရာကမမြင်ချင်ယောင်ဆောင်ထားပေးလိမ့်မယ်...."
"သူ့ခန္ဓာကိုယ်ကိုကြည့်စမ်းပါဦး သူအချက်နှစ်ဆယ်တောင်ပြည့်အောင်လုပ်နိုင်ပါ့မလားမသိဘူး....."
ကျန်းရှောင်မန်ကသူတို့နှစ်ယောက်ကိုကြည့်လိုက်သည်။ သူမကသူတို့ကိုပြင်းပြင်းထန်ထန်ပြောပြီးသူတို့အတင်းပြောနေတာတွေကိုရပ်သွားစေချင်မဲ့ တခြားတဖက်ကတွေးကြည့်ပြီးနောက် သူမအဲ့လိုလုပ်လိုက်လျှင် သူ့မာနကိုနာကျင်စေလိမ့်မည်ဟုတွေးမိသွားသည်။
သူမကယောက်ျားလေးနှစ်ယောက်ကိုဖြတ်ကျော်လာကာ ယွီချင်းရှီထံလာခဲ့ပြီး သူ့ကိုကြည့်လိုက်သည်။ယွီချင်းရှီလည်း သူမကိုကြည့်နေပြီး မျက်တောင်တဖျတ်ဖျတ်ခတ်နေကာ ကြည့်ရတာရှုပ်ထွေးနေပုံရသည်။
သူမဘာလို့ဒီကိုရောက်နေတာလဲ....
"ဒိုက်ထိုးတာကိုကောင်းကောင်းလုပ်...."
ကျန်းရှောင်မန်ကအဲ့လိုပြောပြီးနောက်ဆောင့်ကြောင့်ထိုင်ချလိုက်ပြီး သူ့ကိုကြည့်လိုက်ကာ သူ့ကျောပေါ်တွင်ထိုင်ချလိုက်သည်။
"!!!"
ယွီချင်းရှီအံ့ဩသွားခဲ့သည်။
ဘေးမှကြည့်နေသူများကလဲကြက်သေသေသွားကြသည်။
ကျန်းရှောင်မန်ဘာလုပ်နေတာလဲ....
ဘာလို့ကျန်းရှောင်မန်ကယွီချင်းရှီကျောပေါ်မှာထိုင်တာလဲ....
အဲဒါကချစ်ခြင်းမေတ္တာကိုပြတာလား....
ဒါမှမဟုတ် ဆန္ဒပြတာလား....
...??
xxxxxx
Part 294
ကျန်းရှောင်မန်ကယွီချင်းရှီရဲ့ကျောဟာတင်းကြပ်လာတာကိုခံစားမိပြီးသူ့ကြွက်သားလိုင်းများကလဲတဖြည်းဖြည်းပေါ်လာခဲ့သည်။
သူ့ကြည့်ရတာအရမ်းလန့်နေပုံပဲ။
ကျန်းရှောင်မန်ကအကျယ်ကြီးပြောလိုက်သည်။
"လေးဆယ့်ငါးချက်ကဘာမှမဟုတ်ပါဘူး ငါတို့ချင်းရှီကအံ့ဩစရာကောင်းတယ် သတ်မှတ်ထားတဲ့အစီအစဉ်နှစ်ခုကိုတောင်ပြီးဆုံးအောင်မလုပ်နိုင်ဘူးဆိုတာမဖြစ်နိုင်ဘူး...."
သူမကယွီချင်းရှီရဲ့ပုခုံးကိုပုတ်လိုက်သည်။
"စတော့...."
"အိုကေ!!..."
သူ့မျက်နှာကနီရဲနေကာသူ့နားထင်မှာချွေးများထွက်လာပြီး အပြာရောင်အကြောများကသူ့နဖူးတွင်ပေါ်လာခဲ့သည်။
ကျန်းရှောင်မန်ကအခုသူ့ကျောပေါ်မှာထိုင်နေတယ်...အဲ့ဒါကိုတွေးမိသွားတာနဲ့ ယွီချင်းရှီကဆေးတစ်မျိုးမျိုးသောက်လိုက်သလိုမျိုး သို့မဟုတ် အံ့အားသင့်ဖွယ်အထောက်အပံ့တစ်ခုခုကို ရလိုက်သလိုမျိုး လေ့ကျင့်ခန်းကိုကြိုးကြိုးစားစားလုပ်တော့သည်။
သူလုပ်နိုင်ပါတယ်....အစီအစဉ်နှစ်ခုကဘာအရေးလဲ....သူပိုတောင်လုပ်နိုင်တယ်....
ရေတွက်နေသောသူများကရူးသွပ်စွာထိတ်လန့်သွားခဲ့ကြသည်။
ဘာလို့ဒီလူကအရမ်းကြမ်းကြုတ်ရတာလဲ....
သူကကျန်းရှောင်မန်ကိုသူ့ကျောပေါ်မှာတင်ထားပြီးဒိုက်ထိုးလေ့ကျင့်သောအစီအစဉ်သုံးခုကိုလုပ်ခဲ့သည်။
ဘာတွေဖြစ်နေတာလဲဟ.....
အဆင့်Aကိုဆက်တိုက်ရတဲ့ကျောင်းသားကအဆင့်Aဆက်တိုက်ရတဲ့ကျောင်းသားဖြစ်ဖို့တကယ်ထိုက်တန်ပါပေတယ်။ ဘယ်နယ်ပယ်ပဲဖြစ်ဖြစ် သူကတခြားသူတွေထက်ထူးချွန်နေဦးမှာပဲ။ အရမ်းအံ့ဩဖို့ကောင်းပါပေတယ်။
သူတို့ရဲ့ပျင်းရိနေတဲ့ကျောင်းသားတွေရဲ့စံချိန်စံနှုန်းကိုသုံးပြီးထူးချွန်တဲ့ကျောင်းသားတစ်ယောက်ကိုတိုင်းတာတာဟာ အရမ်းကိုကျဉ်းမြောင်းတဲ့သဘောထားပဲ။
ဆိုဒါပုလင်းပေါ်တွင်ရေစက်ကလေးများစွာတွဲလွဲခိုနေသည်။ ယွီချင်းရှီသောက်လိုက်သောအခါ အဲဒါကသိပ်မအေးတော့ပေမဲ့ အရမ်းကိုသက်သောင့်သက်သာရှိသလိုခံစားလိုက်ရသည်။
ဂလု ဂလု သူနည်းနည်းသောက်လိုက်သည်။သူ၏ပို၍ထင်ရှားလာသောလည်ဇလုတ်ကကြည့်ရတာပို၍ပင်ပေါ်လွင်လာခဲ့သည်။
သူချွေးထွက်နေတာကိုမြင်လိုက်ရတော့ ကျန်းရှောင်မန်ကအနည်းငယ်အပြစ်ရှိသလိုခံစားလိုက်ရပြီး စိတ်ပူသွားသည်။ထို့ကြောင့် သူမက သူ့ချွေးတွေကိုသုတ်ပေးရန် လက်ဦးမှုရယူလိုက်ကာ ချွေးသုတ်သောအဝတ်စိုနှင့်သုတ်ပေးလိုက်သည်။
သူမကသူ့ကိုနဖူးမှမေးစေ့အထိချွေးများကိုသုတ်ပေးလိုက်သည်။
ယွီချင်းရှီကသီးသွားပြီး မျက်ရည်များထွက်လာသည်အထိချောင်းဆိုးသွားသည်။သူကသူမကိုနီရဲနေသောမျက်လုံးများဖြင့်ကြည့်လိုက်ပြီး မျက်ရည်များကလဲသူ့မျက်တောင်တွင် တွဲခိုနေသည်။
"နင် နင်ဘာလုပ်နေတာလဲ...."
ကျန်းရှောင်မန်ကသူမကိုသူမစဉ်းစားပြီးပြောလိုက်သည်။
"ငါက အရမ်းလေးလား...."
"...မလေးပါဘူး....."
"အဲဒါကောင်းတာပေါ့ ငါကနင်မလုပ်နိုင်တော့မှာစိုးရိမ်နေတာ....."
ကျန်းရှောင်မန်ကသူ့ကိုကြည့်လိုက်သည်။
"ငါကနင် အစီအစဉ်သုံးခုအထိလုပ်နိုင်မယ်လို့မထင်ထားခဲ့ဘူး ငါသိရင် ငါနင့်ပေါ်မှာမထိုင်ပါဘူး....."
သူတစ်ယောက်ယောက်ကိုအပြစ်တင်ချင်ရင် အဲဒီနှစ်ယောက်ကိုပဲအပြစ်တင်ရမည်။ သူမကယွီချင်းရှီကိုကျော်ကြားစေဖို့လုပ်လိုက်ပေမဲ့ သူကအဲဒါကိုအလေးအနက်ကြီးလုပ်လိုက်မယ်လို့မထင်ခဲ့ပေ။
"နင်ငါ့ကိုအရမ်းအထင်သေးထားတာပဲ...."
ယွီချင်းရှီကအဝေးကိုကြည့်လိုက်ပြီး သူ့မျက်ရည်များကိုသုတ်လိုက်သည်။ သူကအရမ်းကျေနပ်စွာဖြင့်အသက်ကိုပြင်းပြင်းရှုလိုက်ပြီး သူလမ်းလျှောက်လိုက်လို့လေတိုက်ရင်တောင်လွင့်ပါသွားတော့မလိုခံစားနေရသည်။
"ဒါကအသေးအဖွဲကိစ္စလေးပါ ငါ့အတွက်ပြဿနာမဟုတ်ပါဘူး...."
ကျန်းရှောင်မန်စိတ်သက်သာရာရသွားခဲ့သည်။
အဲဒီနေ့မှာ ယွီချင်းရှီကလက်ခမောင်းခတ်ကာ အရမ်းမိုက်သလိုခံစားနေခဲ့ရသည်။
အဲဒီညနေခင်းသူတို့ကျောင်းမှအိမ်သို့ပြန်လာကြသောအခါ သူတို့ကသူတို့ရဲ့စက်ဘီးတွေကိုတူတူစီးခဲ့ကြသည်။
နေမင်းကအနောက်အရပ်သို့နစ်မြှုပ်သွားသော်လဲ သူ၏အပူများက မြေပြင်ကိုလောင်ကျွမ်းနေဆဲဖြစ်သည်မှာသနားစရာပင်။ စာသင်ခန်းထဲမှာ အနည်းငယ်အပူဒဏ်သက်သာပေမဲ့ လမ်းပေါ်မှာစက်ဘီးထွက်စီးမယ်ဆိုရင်တော့ အင်မတန်ပူနိုင်သည်။
ကျန်းရှောင်မန်ကစိတ်ပင်ပန်းမှုဖြင့်ညည်းတွားလိုက်သသည်။ သူမကခဏလောက်ရပ်တန့်လိုက်ပြီးသူမ၏ကြီးမားသောကျောင်းအင်္ကျီအနားစကိုမတင်လိုက်ကာ အထုံးလေးများဖြစ်အောင်ချည်လိုက်သည်။
သူမနှစ်ကိုယ်စာခန့်ဝင်ဆန့်တဲ့လျော့ရဲနေသောကျောင်းအင်္ကျီကြီးက ရုတ်တရက်တင်းကြပ်ကာတိုသွားပြီးသူမ၏သေးသိမ်သောခါးလေးကိုပြသနေတော့သည်။
၎င်းကဖူးပွင့်စမိန်းမပျိုတစ်ယောက်ကျစ်လျစ်တဲ့ပုံရိပ်နဲ့မရင့်ကျက်သေးပေမဲ့ ငယ်ရွယ်သူတို့ရဲ့အားမာန်ကိုကြွားဝါနေသည်။
သူမ၏ခါးတွင်အဆီပိုတစ်စွန်းတစလေးမျှမရှိပဲ ကြည့်ရတာအရမ်းညက်ညောပြီး လှပသည်။နေအလင်းရောင်ကိုတစ်နှစ်လုံးမထိတွေ့ခဲ့ရသောသူမအသားအရေက ချောမွေ့ပြီး အရမ်းတောက်ပနေသည်။
အဲဒါက...အရမ်းကိုင်လို့ကောင်းမှာပဲ...ဟုတ်တယ်မလား....
နေ နေ နေစမ်းပါဦး သူဘာတွေတွေးနေတာလဲ?
သူဘာအကြောင်းတွေတွေးနေတာလဲ....
ယွီချင်းရှီကခေါင်းခါလိုက်ပြီး သူမနောက်ကိုသူ့စက်ဘီးနဲ့လိုက်သွားတော့သည်။
အဲဒီအရမ်းတောက်ပနေတဲ့အဖြူရောင်လေးကနေသူ့အကြည့်ကို မလွဲနိုင်ရုံလေးပါ။
အဲဒါက အရမ်းကို...အရမ်းကို ပုံမှန်ပဲ ပုံမှန်ပဲ ပုံမှန်ပါပဲ...
မဟုတ်တာသေချာတာပေါ့။
သူတစ်ယောက်တည်းကြည့်နေတာမဟုတ်ပဲ ဘယ်ညာနှစ်ဖက်ကလူတွေလဲကြည့်နေလောက်သည်။
ဘယ်သူကငယ်ရွယ်တဲ့ခန္ဓာကိုယ်ကိုမကြိုက်ပဲနေမှာလဲ....
ယွီချင်းရှီကရုတ်တရက်သူ့စက်ဘီးကိုအရှိန်မြင့်လိုက်ပြီး ကျန်းရှောင်မန်နှင့်ဘေးချင်းယှဉ်ပြီး စီးလိုက်သည်။သူကသူ့အသံကိုနှိမ့်ကာပြောလိုက်သည်။
"နင့်အင်္ကျီကိုဆွဲချလိုက်...."
"ပူတယ် မလုပ်ချင်ဘူး...."
"ဆွဲချလိုက်...."
"ငါတို့အိမ်ပြန်ရောက်တော့မှာပဲဟာ...."
ကျန်းရှောင်မန်ကသူ့ကိုကြည့်လိုက်သည်။
"ငါဘာလို့ဆွဲတင်ရမှာလဲ ငါခုနကမှအေးအောင်လို့ဆိုပြီး ဆွဲတင်ထားတာလေ...."
ယွီချင်းရှီကသူမကိုအင်္ကျီပြန်ဆွဲချရန်ဇွဲကောင်းကောင်းနှင့်ပြောနေခဲ့ပြီး ကျန်းရှောင်မန်ကလဲ ဇွဲကောင်းကောင်းနှင့်ပင် ငြင်းဆန်နေခဲ့သည်။
ယွီချင်းရှီကသူမကိုအင်္ကျီဆွဲချနိုင်စေရန်အကြောင်းပြချက်ကိုရှာမတွေ့နိုင်ခဲ့ပေ။ဒီတော့သူ တွန့်ဆုတ်စွာနဲ့ပဲ ကျည်ဆံကိုကိုက်ပြီး ပြောလိုက်တော့သည်။
" အဲဒါ...အဲဒါ...အဲဒါကိုသူများတွေမြင်ရင်မကောင်းဘူး...."
"...?" ကျန်းရှောင်မန်စိတ်ဆိုးသွားပြီး"နင်ဘာပြောလိုက်တာလဲ"
xxxxxx
Chapter 295
ယွီချင်းရှီကအသံကိုနှိမ့်ပြီးပြောလိုက်သည်။
"နင်အဲလိုလုပ်တာကို သူများတွေတွေ့ပြီးလိုက်လုပ်ရင်ဘယ်ကောင်းမလဲ....."
ကျန်းရှောင်မန်ကပိုတောင်ဒေါသထွက်လာပြီးတော့ယွီချင်းရှီကိုအသံမာမာနှင့်ပြောလိုက်သည်။
"နင့်ကိုငါ့အဖွားထက်တောင်ခေတ်နောက်ကျမယ်လို့မထင်ထားဘူး နင်ကအကျိုးသင့်အကြောင်းသင့်မရှိဘူး စဉ်းလဲမစဉ်းစားတတ်ဘူး ဘိုးတော်ဘုရားလက်ထက်ကလိုဒိတ်အောက်နေတဲ့ဟာကြီးပဲ....."
ယွီချင်းရှီအဆူခံလိုက်ရသည်။ သူကသူမကိုအင်္ကျီဆွဲချစေရန်ရည်ရွယ်ချက်ကျရှုံးရုံတင်မကပဲ ခေတ်နောက်ကျခြင်းအတွက် အဆူပါခံလိုက်ရသောကြောင့် သူမပျော်တော့ပေ။ အဲဒီအချိန်မှာပဲ သူတို့ရပ်ကွက်ထဲသို့ရောက်ရှိလာပြီး တိတ်ဆိတ်စွာနှင့်ပင် သူတို့နှစ်ဦးက သူတို့အိမ်အသီးသီးသို့ဝင်သွားကြသည်။
သူတို့နှစ်ယောက်ကဂိုဒေါင်အတွင်းသို့တူတူဝင်မသွားကြပေ။ ၎င်းသည် သူတို့နှစ်ဦးဘယ်အချိန်ရန်ဖြစ်ဖြစ်အချိန်တွေအများကြီးကြာလာပြီးနောက်မှာ သူတို့နှစ်ယောက်ကြားတွင် မပြောပဲနှင့်နားလည်လာသည့်နားလည်မှုဖြစ်လေသည်။
မကြာခင်တွင်ယွီချင်းရှီနောင်တရလာတော့သည်။ သူကျန်းရှောင်မန်ကိုအဲ့လိုမျိုးမပြောခဲ့သင့်ဟုခံစားရသည်။ ကျန်းရှောင်မန်ကပုံမှန်မဟုတ်တာမျိုးလုပ်နေတာ မဟုတ်ပဲ သူ့အတွေးတွေကသာ တဖြည်းဖြည်းနဲ့အန္တရာယ်များလာတာဖြစ်သည်။
သူ့ကိုယ်သူပြန်တွေးနေမိသည်။ထို့နောက် ယွီချင်းရှီကကျန်းရှောင်မန်ကိုပြန်တောင်းပန်သင့်မသင့် တွေဝေလာသည်။
မည်သို့ပင်ဖြစ်စေ သူကအချိန်အကြာကြီးမတွေဝေနေခဲ့ပဲ ကျန်းရှောင်မန်ကိုတောင်းပန်ရန်သာ ဆုံးဖြတ်လိုက်တော့သည်။
ဒါပေမဲ့...ဒါပေမဲ့ သူအဲလိုအရာကိုဘယ်လိုမျိုးထုတ်ပြောရမှာလဲ....
ထို့ကြောင့်ယောက်ျားတစ်ယောက်အနေနှင့်သူက စကားနည်းနည်းပြောပြီး အပြုအမူနှင့်သာသက်သေပြသင့်သည်။
ယွီချင်းရှီကအိမ်အကူကို double skin နွားနို့(1)ကျိုပေးရန်ပြောခဲ့ပြီး ကျန်းရှောင်မန်ဆီပို့ပေးရန်စောင့်နေခဲ့သည်။
ကျန်းရှောင်မန်၏နှလုံးသားထဲဝင်ရောက်ရန်အမြန်ဆုံးနည်းမှာသူမ၏အစာအိမ်မှတစ်ဆင့်ဖြစ်သည်။
Double skin နွားနို့ကရေခဲသေတ္တာတွင်ခဲနေပြီးယွီချင်းရှီကအထူးသဖြင့်စပျစ်သီးခြောက်နှင့်မြေပဲကဲ့သို့ အရသာရှိသောအရာများအားလုံးကိုထပ်ထည့်လိုက်တော့သည်။
သူမဒါကိုအရမ်းသဘောကျမှာသေချာသည်။ဒါပေမဲ့သူဘာပြောသင့်လဲ....
ယွီချင်းရှီကအချိန်အကြာကြီးလွန်ဆွဲနေပြီးသင့်တော်သောဖြေရှင်းချက်ကိုမစဉ်းစားနိုင်ပေ။၎င်းလွန်ဆွဲမှုသည်ကောင်းကင်ကြီးကမှောင်ပြီး ညရောက်လာသည်အထိ ဆက်လက်ဖြစ်ပေါ်နေတော့သည်။
ညဆယ်နာရီပတ်ဝန်းကျင်တွင်ဖြစ်သည်။
ယွီချင်းရှီကသူ့ဖုန်းကိုယူလိုက်သည်။သူတွေဝေနေပြီးရင်း တွေဝေနေခဲ့ပြီး နွားနို့ကိုသူမကိုယ်တိုင်လာယူရန်စာပို့ပြီးပြောချင်ခဲ့သော်လဲ အဲဒါကမကောင်းဘူးဟုသူထင်သည်။
သူမဘာသာရောက်လာခဲ့ရင် သူမက double skin နွားနို့ကိုသာယူသွားပြီး သူ့ကိုတစ်ချက်တောင်ကြည့်သွားမှာမဟုတ်ပေ။
အဲဒါဆို...အဲဒါဆိုသူ့ဘာသာပဲသွားပို့ရတော့မှာပေါ့....
သူမကိုထွက်လာပြီးတံခါးလာဖွင့်ပေးဖို့ပြောရမှာလား....
မလိုဘူး....အဲလိုစပရိုက်မျိုးဘယ်မှာရှိလို့လဲ....
ယွီချင်းရှီကတစ်လမ်းလုံးသူ့ကိုယ်သူဖျောင်းဖျကာလွန်ဆွဲနေရင်း နောက်ဆုံးတော့ ကျန်းမိသားစုအိမ်သို့ဝင်လာခဲ့သည်။
သူသည်နှုတ်ဆက်စကားပြောဖို့ရန်ပင် အချိန်အကြာကြီးလွန်ဆွဲနေခဲ့ပြီး သူ့ထံမှဘာအသံမှလဲထွက်မလာခဲ့ပေ။သူကကျန်းဟွေ့မိန်၏အာရုံကိုဖမ်းယူသွားတော့သည်။
ကျန်းဟွေ့မိန်က တံမြက်စည်းတစ်လက်ဖြင့်အလျင်အမြန်ပြေးထွက်လာခဲ့ပြီး သူမ၏မျက်လုံးတစ်စုံဖြင့် ခြံဝင်းထဲသို့သတိရှိစွာကြည့်လိုက်ကာ ကျန်းရှောင်မန်ကိုကျယ်လောင်စွာဖြင့်ခေါ်လိုက်သည်။
"ရှောင်မန် ရှောင်မန် လာပါဦး ခြံဝင်းထဲမှာသူခိုးတွေ့လိုက်လို့...."
ကျန်းရှောင်မန်လဲ။ည်းပြေးထွက်လာခဲ့သည်။သူမကအခုပဲခေါင်းလျှော်ထားတာဖြစ်ပြီး အခြောက်မခံရသေးပဲ ပုဝါဖြင့်သာခေါင်းကိုပတ်ထားသည်။
"ဘယ်မှာလဲ...."
"ကြည့်ရတာကောင်လေးငယ်ငယ်လေးပဲ အခုပဲတွေ့လိုက်တာ ဒီနားမှာလှည့်ပတ်သွားနေတာ သူတို့ဘာလုပ်ချင်လဲဆိုတာဘယ်သူသိမှာလဲ ဒုက္ခပေးမဲ့သူအများကြီးကအခုတလော ချောင်းနေကြတာပဲ ကြက်တွေခိုးဖို့သူတို့ဒီကိုတောင်ရောက်လာရဲကြတယ်ပေါ့...."
ကျန်းရှောင်မန်သူခိုးကိုစတင်ရှာဖွေလိုက်ပြီး သူမဘယ်နေရာကိုပဲကြည့်ကြည့် ဘာတစ်ခုမှပျောက်နေတာမတွေ့ရပဲ ဘာကိုမှလဲမတွေ့ပေ။ကျန်းရှုမေ့ကသူမခေါင်းကိုထိလိုက်ကာ သူမမှားသွားပြီဟုထင်ပြီး ညည်းတွား၍အိပ်ခန်းထဲပြန်ဝင်သွားတော့သည်။
...ဒါပေါ့.....သူတို့ဘယ်ရှာတွေ့ပါ့မလဲ....
ကျန်းဟွေ့မိန်လှုပ်ရှားလိုက်သောအခါ ယွီချင်းရှီကသတိထားမိသွားပြီး အဝေးသို့ချက်ချင်းထွက်ပြေးသွားတော့သည်။
သူ့မှာကျန်းအိမ်တော်၏ သော့မရှိ၍ ဧည့်ခန်းထဲသို့ဝင်ရောက်ရန်မဖြစ်နိုင်ပေမဲ့ သူက double skin နွားနို့ကိုကျန်းရှောင်မန်လက်ထဲပို့ပေးရန်နည်းလမ်းကိုစဉ်းစားနေဆဲဖြစ်သည်။
ယွီချင်းရှီကသူ့ဖုန်းကိုထုတ်လိုက်ပြီး စာပို့လိုက်သည်။ အလင်းရောင်ကဖုန်းမှတစ်ဆင့်သူ၏ချောမောသောမျက်နှာတွင်တောက်ပသွားပြီး ရောင်ပြန်ဟပ်ခြင်းကိုဖန်တီးလိုက်သည်။
အိမ်သို့အခုမှပြန်လာပြီးရေချိုးရန်စီစဉ်ထားသောကျန်းရှောင်မန်က ဖုန်းမြည်သံကိုကြားလိုက်ပြီး ဖုန်းကိုယူကာကြည့်လိုက်သည်။
"လသာဆောင်ကိုထွက်လာခဲ့...."
စာကိုယွီချင်းရှီကပို့ထားခြင်းဖြစ်သည်။
ကျန်းရှောင်မန်ကသူမခေါင်းကိုစောင်းလိုက်သည်။ သူဘာလိုချင်လဲ သူမ မသိပေမဲ့ သူမကနာခံစွာနှင့်ပင် ထွက်လာခဲ့သည်။
လိုက်ကာကိုဖွင့်လိုက်ပြီး double skin နွားနို့ထည့်ထားသော ပန်းကန်လုံးကိုသူမတွေ့လိုက်သည်။
ပန်းကန်လုံးကအေးနေသည်။ထို့ကြောင့် ရေခဲသေတ္တာထဲကထုတ်လာတာမကြာလောက်သေးပေ။
ကျန်းရှောင်မန်ကအံ့သြသွားပြီး စောနကတွေ့ခဲ့တာ သူခိုးမဟုတ်မှန်း နားလည်သွားသည်။
အဲဒါက ဝူလိန်(2)ပဲ။
ရှင်းလင်းချက်
(1) double skin နွားနို့ ဆိုသည်မှာ နို့၊သကြား၊ကြက်ဥတို့ဖြင့်ပြုလုပ်ထားသော ကန်တုံဒေသ အချိုတည်းစရာတစ်မျိုးဖြစ်သည်။
(2) ဝါဒဖြန့်ရာတွင်သုံးသော နမူနာစစ်သားတစ်ယောက်ဖြစ်သည်။အခြေခံအားဖြင့် ၎င်းသည် သူခိုးမဟုတ်ပဲ သူရဲကောင်းသာဖြစ်သည်။
xxxx