အပိုင်း ၂၉၆-၃၀၀
Viewers 14k

Chapter 296


အထက်တန်းဝင်ခွင့်စာမေးပွဲဝင်ခွင့်အကြိုကာလတွင် ရာသီဥတုကပိုပိုပြီးပူလာသည်။ 


ရာသီဥတုက ပူလောင်ပြီးခြောက်သွေ့နေသည်သာမကပဲ လူတိုင်း စိတ်တွေလည်းလှုပ်ရှားနေကြသည်။ လူတစ်ယောက်၏နှလုံးသားက မတည်ငြိမ်တော့သည်နှင့် သူတို့ဟာ အေးအေးဆေးဆေးမနေနိုင်တော့တာသေချာသည်။ 


အတန်းထဲက လေအေးပေးစက်ကို အမြင့်ဆုံးသို့ထင်ထားသော်လည်း လေထုထဲကမငြိမ်မသက်ဖြစ်နေမှုကိုတော့ မငြိမ်သက်စေနိုင်ပေ။ 


ကျန်းဟွေ့မိန်က သူမကလေး၏ အဆင့်များကိုအရမ်းစိုးရိမ်နေပြီး စာမေးပွဲကျမှာလည်းကြောက်နေသည်။ နေ့တိုင်း သူမက ရှောင်မန်၏ ခန္ဓာကိုယ်ကိုအာဟာရဖြည့်ပေးဖို့ တွေးနေပေမဲ့ ကံကောင်းစွာပဲ ကျန်းရှင်းကသူမကိုတားနိုင်ခဲ့သည်။ 


ကျန်းရှင်းကပြောသည်။

"အမေ.... ရှောင်မန်က အမြဲတမ်းကြိုးကြိုးစားစားလုပ်တယ်လို့....ကျွန်တော်ထင်တယ်.... သူ့ရဲ့ ခန္ဓာကိုယ်ကို အမေအားမဖြည့်ပေးလည်း ဘဘာမှဖြစ်မှာမဟုတ်ပါဘူးဗျာ...  ဒါပေမဲ့ သူ့ခန္ဓာကိုယ်ကို အားဖြည့်ပေးဖို့အမေကြိုးစားရင်း အားပြန်ပြည့်လာမဲ့အစား တစ်ခုခုဖြစ်လာအောင် အမေလုပ်မိလိမ့်မှာသေချာတယ် စိတ်အေးအေးထားပြီးတော့ ပုံမှန်ပဲနေပါ...." 


ခဏလောက်တွေဝေနေပြီးနောက် ကျန်းဟွေ့မိန်က သူမသားပြောတာကို နားထောင်ရန် ဆုံးဖြတ်လိုက်သည်။ သူမခေါင်းငြိမ့်၍ ကျန်းရှောင်မန်၏အာဟာရဓာတ်ကိုအားဖြည့်ပေးဖို့အတွက် ဘာမှမပေးခဲ့ပေ။ ထိုတင်မကပဲ သူမက ကျန်းရှောင်မန်ကိုကျောင်းစားသောက်ဆိုင်တွင်စားရန်ပင်ပြောခဲ့သေးသည်။ 


ကျောင်းကကျောင်းသားများ၏ အခြေအနေကိုပိုတောင်ဂရုစိုက်လာခဲ့သည်။ 


ကျန်းရှောင်မန်၏ အပြုအမူများကိုစောင့်ကြည့်ပြီး ကျန်းရှင်းကမစိုးရိမ်တော့ပဲ သူမ၏ စိတ်အခြေအနေကိုသူပို၍ပင် မစိုးရိမ်တော့ပေ။ထပ်ပြောရလျှင် ဤကမ္ဘာပေါ်တွင် သူ့တူမထက်အကောင်းမြင်တတ်သူ မရှိတော့ဘူးဟု ပြောလို့ရသည်။ သူမ၏လုပ်နိုင်စွမ်းများအတွက် ကျန်းရှောင်မန်က လွန်ခဲ့သောသုံးနှစ်တွင် အချည်းနှီးသင်ယူခဲ့တာမဟုတ်ပေ။ စင်ပေါ်ရှိဆုတံဆိပ်များနှင့် ဂုဏ်ပြုလက်မှတ်များက အကြောင်းအရာတစ်ခုလုံးကိုပြောပြနေသည်။ 


အစက ကျန်းရှောင်မန်အတွက်ကျူတာကိုသူရှာခဲ့သည်။ သို့သော် စွန်းရှောင်ကျယ်နှင့်တခြားသူများ ဘွဲ့ရပြီးနောက်တွင် ကျန်းရှောင်မန်က စာကူညီလေ့လာပေးရန် မလိုအပ်တော့ချေ။သူမက အလယ်တန်းတတိယနှစ်၏ စာ‌လေ့လာခြင်းများကိုကောင်းမွန်စွာပြီးမြောက်သွားပြီဖြစ်ပြီး သူမက၎င်းတို့ကိုအလွန်ပိုင်နိုင်လေသည်။ မေးခွန်းအကုန်လုံးကို သူမတစ်ယောက်တည်းလုပ်လျှင်ပင် တုန်လှုပ်စရာမရှိပေ။ သူမကို ကူညီရန်မလိုအပ်တော့သောကြောင့် သူမအလယ်တန်းဒုတိယနှစ်တွင် ထောင်ထောင်ကို သွားခွင့်ပြုခဲ့သည်။ ထောင်ထောင်ကအခု ကျန်းရှင်း၏ကုမ္ပဏီတွင် အတွင်းရေးမှူးအဖြစ် အလုပ်လုပ်နေပြီး အလုပ်တွင် အရိုးဖြူနတ်ဆိုးမဖြစ်လာတော့သည်။ 


အရာအားလုံးကအဆင်သင့်ပင်။ သူတို့ကအရှေ့လေ(၂)ကိုစောင့်နေရုံသာရှိတော့သည်။ 


စာမေးပွဲဖြေရန်နှစ်ရက်အလိုတွင် ကျောင်းရှေ့တံခါးဝတွင် စာမေးပွဲဖြေမည့်ကျောင်းသူများကိုအဖော်ပြုပေးမည့်မိဘများနှင့်ပြည့်နှက်နေသည်။ သို့သော် ကျန်းရှောင်မူကိုမူ မည်သူကမှအဖော်လာမပြုပေးပဲ သူမအစားအသောက်များကိုတောင်ကျောင်းစားသောက်ဆိုင်မှာစားတာဖြစ်သည်။ 


ကျန်းရှင်းပြောပုံအရ သူကလွန်ခဲ့တဲ့သုံးနှစ်လုံးသူလုပ်သင့်တာနဲ့လုပ်နိုင်တာတွေကိုလုပ်ပြီးပြီဖြစ်သည်။ သူမ၏အောင်မြင်မှု ကျရှုံးမှုကိုအဆုံးအဖြတ်ပေးမည့် အခိုက်အတန့်တစ်ခုပင်မရှိပဲ အားလုံးက ရှောင်မန်၏ကံတရားပေါ်တွင်မူတည်နေသည်။ သူမအိမ်ပြန်ချိန်တောင်မှ သူတို့ကသူမကိုစက်ဘီးပြန်ပေးစီးပြီး ဘာမှစိတ်မပူကြတော့ပေ။ 


ကျန်းရှောင်မန်ကမထိတ်လန့်ခဲ့ပေ။ 


တရားဝင်စာမေးပွဲမတိုင်ခင် ကျောင်းက အစမ်းစာမေးပွဲများကို အခြားကျောင်းများနှင့် တူတူစစ်ဆေးပြီး ပထမ၊ဒုတိယနှင့် တတိယ အဆင့်ရသူများလဲ ရှိသည်။ အချိန်တိုင်းတွင် သူမကအမှတ်ကောင်းပြီးပထမရခဲ့သည်။ 


စာမေးပွဲပြီးနောက် သူမနှင့်ယွီချင်းရှီကလမ်းပေါ်တွင်စက်ဘီးကိုဘေးချင်းယှဉ်စီးပြီး အိမ်သို့တူတူပြန်လာခဲ့ကြသည်။ 


ရာသီဥတုကအလွန်ပူလောင်ပြီးခြောက်သွေ့နေတုန်းပင်။ ယွီချင်းရှီကအိမ်ပြန်လမ်းတစ်ဝက်တွင် သူမကို milk tea ဝယ်တိုက်ခဲ့သည်။ 


ကျန်းရှောင်မန်ကသူ့ကိုမေးလိုက်သည်။

"နင်စာမေးပွဲမှာဘယ်လိုဖြေခဲ့လဲ...."


"ငါကောင်းကောင်းဖြေခဲ့ပါတယ်...."


"ငါလည်းကောင်းကောင်းဖြေခဲ့တယ်...."


သူတို့နှစ်ဦးက အပြန်အလှန်ကြည့်လိုက်ကြပြီး ဘာဆက်ပြောစရာမှမရှိတော့မှန်း သိသွားကြသောအခါ အိမ်သို့တိတ်တိတ်ဆိတ်ဆိတ်ပဲ ပြန်လာခဲ့သည်။ 


ထို့နောက်သူတို့ညစာစားပြီး အိပ်ရာဝင်ခဲ့ကြသည်။ 


နေ့တိုင်းကသာမန်အတိုင်းပင် ဖြတ်သန်းသွားနေပြီး ဘယ်နေ့ကမှထူးခြားမှုမရှိချေ။ 


ရလဒ်များထွက်သောနေ့တွင် ကျန်းရှောင်မန်ကမနက်အစောကြီးကအပင် website ကိုနိုးကြားစွာကြည့်နေခဲ့ပြီး သူမ၏ရလဒ်များကိုကြည့်ရန်စောင့်နေခဲ့သည်။ သို့သော် website စာမျက်နှာတွင်လည်နေသောအဝိုင်းကိုကြည့်ပြီး သူမ၏တက်ကြွနေသောစိတ်များကတဖြည်းဖြည်းမှေးမှိန်လာခဲ့သည်။


သူမ၏စိတ်ရှည်သည်းခံမှုများကုန်ဆုံးသွားသောအခါ သူမက mouse ကိုအဝေးသို့ပစ်လိုက်ပြီး ရလဒ်ကိုစစ်ဆေးဖို့စိတ်အနှောင့်အယှက်အဖြစ်မခံတော့ပဲ ယင်းအစား ရိုးရိုးလေးပင် ဝတ္ထုစာအုပ်ကို စိတ်အေးလက်အေးနှင့် ကောက်ဖတ်နေလိုက်တော့သည်။ 


နေ့လည်ခင်းတွင် ယဲ့ကျားကျားကသူမကိုဖုန်းခေါ်ခဲ့သည်။

"ရှောင်မန် နင်ရလဒ်တွေကြည့်ပြီးပြီလား...."


"ကြည့်ပြီးပြီ..."


"ဘယ်နှမှတ်ရလဲ...."


"ငါမသိဘူး...."


"အမ်...."


"Website ပျက်နေတယ်...."


"အိုး....."

ရဲ့ကျားကျားလဲထို့အတူပင်ခံစားလိုက်ရသည်။ခဏ‌အကြာတွင် သူမအသံကဝမ်းသာပျော်ရွှင်မှုများဖြင့်ပြည့်နှက်သွားသည်။

"အားးး ငါထိပ်ဆုံးအယောက် ၂၀၀ ထဲဝင်သွားပြီ ငါနင်တက်တဲ့အထက်တန်းကျောင်းကိုလိုက်တက်နိုင်တော့မယ်...."


"ဂုဏ်ယူပါတယ်...."

 ကျန်းရှောင်မန်ကအမှန်တကယ်ပင်ပျော်ရွှင်နေသည်။ 


xxxxxx


Chapter 297


သူမကထိပ်ဆုံးနေရာကိုမကြာခဏရပေမဲ့ ရဲ့ကျားကျားကတော့ ထိပ်ဆုံးအယောက်နှစ်ရာထဲသို့ရှားရှားပါးပါးဝင်လာခြင်းဖြစ်သည်။ရှားပါးသောအရာများကပို၍တန်ဖိုးရှိပြီး ဤရှားပါးသောဖြစ်ရပ်ကကောင်းသောအရာဖြစ်သည်ကိုပြောစရာပင်မလိုပေ။ 


ကျန်းရှောင်မန်ကသူမနှင့်စကားပြောနေရင်း website ထဲဝင်လိုက်သည်။ဒီတစ်ကြိမ်တွင် သူမကလျှို့ဝှက်နံပါတ်ကိုလျင်မြန်စွာရိုက်ထည့်လိုက်ပြီး နှောင့်နှေးခြင်းမရှိပဲ သူမ၏အကောင့်ထဲသို့ ဝင်ရောက်နိုင်ခဲ့သည်။ 


ယဲ့ကျားကျားကစိတ်လှုပ်ရှားစွာဖြင့်မေးလိုက်သည်။

"ဘယ်လိုလဲ နင်ဘယ်နမှတ်ရခဲ့လဲ...."


"နှစ်မှတ်...."


"ဟမ်...."

ယဲ့ကျားကျားအံ့ဩသွားခဲ့သည်။ သူမကအံ့ဩနေရင်းနှင့်ပင် သူမ၏ဖရိုဖရဲဖြစ်နေသောဆံပင်ကိုထိလိုက်သည်။ အချိန်တွေကြာသွားသော်လည်း သူမ၏စိတ်က ၎င်းကိုသေချာမတွေးနိုင်သေးပေ။ ထို့နောက် အေးစက်သောအသက်ရှုသံတစ်ခုကသူမကိုလက်ရှိသို့ပြန်ခေါ်ဆောင်လာကာ ငိုတော့သည်။

"ဝူး ဝူး ဝူး ရှောင်မန် နင်စာမေးပွဲကျတာလား....."


"ဒီကျရှုံးမှုကြီးကအရမ်းညှာတာမှုကင်းမဲ့တာပဲ ဘယ်လိုဖြစ်တာလဲ...."


ဒါကိုသာထုတ်ပြန်လိုက်ရင် တစ်ကျောင်းလုံးတင် ထိတ်လန့်သွားမှာမဟုတ်ပဲ သူမအတန်းပိုင်ဆရာက ခေါင်မိုးပေါ်မှ ခုန်ချသွားမှာကိုပင် သူမကြောက်ရသည်။ 


ကျန်းရှောင်မန်ပြုံးလိုက်သည်။

" ဘာသာစကားအတွက် နှစ်မှတ်နှုတ်ခံရတယ်...." 


"အမ်...."


"ကျန်တာတွေအကုန်အမှတ်ပြည့်ပဲ...."


"!!!" 

ယဲ့ကျားကျားက  သူမကိုယ်ကိုယ် အရမ်းမိုက်မဲပြီး ထိတ်လန့်လွယ်သည်ဟုခံစားလိုက်ရသည်။


ရှောင်မန်ကဘယ်လိုလုပ် စာမေးပွဲကျမှာလဲ...


အတန်းပိုင်ဆရာ၏ဘဝအတွက်တောင် သူမစာမေးပွဲကျတယ်ဆိုတာ မဖြစ်နိုင်သောအရာဖြစ်သည်။ 


ယဲ့ကျားကျားကချီးမွမ်းစကားများကိုခဏမျှပြောလိုက်ပြီးနောက် မေးလိုက်သည်။

"နင်ကဘယ်အဆင့်မှာလဲ မြို့နယ်တစ်ခုလုံးမှာထိပ်ဆုံးနေရာထပ်ရလား...."


"ငါ့အဆင့်ကိုမမြင်ရဘူး အမှတ်တွေပဲမြင်ရတယ်...."


"နင်ကနံပါတ်တစ်ပဲဖြစ်မှာသေချာတယ်...."


"ဘာသာစကားမှာအမှတ်ပြည့်ရတဲ့ ကျောင်းသားတွေလဲရှိမှာပေါ့...."


"မဖြစ်နိုင်ဘူး...."


နှစ်ယောက်သားကသတင်းကောင်းများကိုလဲလှယ်လိုက်ကြပြီး မကြာခင်မှာပင် ဖုန်းချလိုက်ကြသည်။ ထို့နောက် ယွီချင်းရှီကလာ်း သတင်းကောင်းပြောရန် သူမကိုခေါ်ခဲ့သည်။ 


ကျန်းရှောင်မန်ကသူ့ကိုမေးလိုက်သည်။

"နင် ဘာသာစကားစာမေးပွဲမှာ အမှတ်ပြည့်ရလား....."


"နှစ်မှတ်နှုတ်ခံရတယ်...."


ကျန်းရှောင်မန်ကစိတ်သက်သာရာရသွားပြီး သူ့ပုခုံးကိုပုတ်လိုက်သည်။

"မဆိုးပါဘူး...."


...မဆိုးဘူး....ဘာကိုမဆိုးတာလဲ....


ယွီချင်းရှီကသူမကိုကြည့်လိုက်ကာ ခဏလောက်တွေဝေနေပြီး မျက်နှာနီရဲပြီးထွက်သွားတော့သည်။ 


ကျန်းရှောင်မန်ကသူမ၏အဆင့်များနှင့်လွန်ဆွဲနေတာကိုသူမသိပေ။ 


အစကသူမလုံးဝဂရုမစိုက်ပေမဲ့ နည်းနည်းစဉ်းစားပြီးနောက် အဆုံးတွင် သူမကနည်းနည်းလေးဂရုစိုက်နေတုန်းပင်ဖြစ်သည်။ 


မည်သို့ပင်ဖြစ်စေ စည်းကမ်းကတိကျသောအဆင့်များကိုမဖော်ပြရပဲ အမှတ်များသာ ထုတ်ပြန်ရမည်ဖြစ်သည်။ မည်သည့် လူထုသတိပေးချက် သို့မဟုတ် ကြော်ငြာများကို ခွင့်မပြုထားပေ။ ကျန်းရှောင်မန်ကသိချင်သောကြောင့် သူမကတစ်ယောက်ပြီးတစ်ယောက်သာလျှောက်မေးနိုင်လေသည်။ 


...အဲဒါကအရမ်းဒုက္ခရောက်တာပဲ....


ကျန်းရှောင်မန်ကသေသေချာချာစဉ်းစားလိုက်ပြီး မထိုက်တန်ဘူးဟုခံစားရသောကြောင့် ဒီအတိုင်းပဲလိုက်တော့သည်။ 


စည်းမျဉ်းစည်းကမ်းများအရ  " XX မြို့အထက်တန်းကျောင်းဝင်ခွင့်စာမေးပွဲတွင် ပထမရရှိသောကြောင့်ကျန်းရှောင်မန်ကိုဂုဏ်ပြုပါသည်" ဟူသောဂုဏ်ပြုစကားများကိုခွင့်မပြုထားပေ။ ထိုကဲ့သို့သော ဂုဏ်ပြုစကားများကိုခွင့်မပြုထားသောကြောင့် "အမည်မဖော်ပြရသောအရာတွင်ပထမရသောကြောင့် ကျန်းရှောင်မန် ကိုဂုဏ်ပြုပါသည်"ဟူသောဂုဏ်ပြုစကားများကိုလဲပြောလို့မရပေ။ 


သို့ရာတွင် မည်သည့်စည်းမျဉ်းအတွက်မဆို လွတ်ပေါက်လေးတစ်ခုတော့ အမြဲရှိလေသည်။အဆင့်များကိုလူသိရှင်ကြားမကြေငြာထားသော်ငြား ကျောင်း၏ထက်

မြက်သောဦးနှောက်ပိုင်ရှင်များက အဆင့်ကိုဖော်ပြရန် နည်းလမ်းကိုရှာတွေ့ခဲ့ကြသည်။ 


ကျောင်းကပိုစတာကိုကပ်နိုင်ရန်နည်းလမ်းပေါင်းစုံဖြင့်ကြိုးစားခဲ့သည်။

"တူညီသော ရလဒ်ကိုရရှိခဲ့သောကြောင့် ကျန်းရှောင်မန်ကိုဂုဏ်ပြုပါသည်...." 


ကျောင်းပြန်တက်ရသောနေ့ရောက်သောအခါ ကျန်းရှောင်မန်ကနံရံပေါ်ကပိုစတာကို ‌ကြည့်လိုက်ပြီး ကြောင်သွားလေသည်။ 


သူမ၏နားလည်နိုင်စွမ်းများကသူငယ်တန်းအဆင့်သို့ပြန်ရောက်သွားပြီး သူမလေ့လာခဲ့သမျှ ဘာသာစကားသင်ခန်းစာများကလဲ အလကားပဲဟုသူမခံစားလိုက်ရသည်။အဘယ်ကြောင့်ဆိုသော် ပိုစတာပေါ်ကစကားလုံးများကိုသူမနားမလည်နိုင်သောကြောင့်ဖြစ်သည်။ 


ယွီချင်းရှိကသူမနောက်မှာရပ်နေပြီး သူမခေါင်းပေါ်တွင်ရှိနေသောဝဲဂယက်များကိုကြည့်လိုက်ကာ သူမကိုညင်သာစွာမေးလိုက်သည်။

"ဘာတွေတွေးနေတာလဲ...."


"ငါအဲဒီ'တူညီသောရလဒ်'ဆိုတာကိုတွေးနေတာ ဘာ'ရလဒ်'ကိုတူညီတာလဲ...."

ကျန်းရှောင်မန်ကသူမ၏မေးစေ့ကိုထိလိုက်ကာ လေးလေးနက်နက်စဉ်းစားလိုက်သည်။

"ဒါကငါတို့မသိတဲ့ဆန်းကြယ်တဲ့လုပ်ငန်းကြီးတစ်ခုခုရဲ့စံသတ်မှတ်ချက်လား.... အဲဒီ'တူညီသောရလဒ်'ဆိုတာမှာတခြားအဓိပ္ပာယ်ရှိသေးတာလား ဘယ်သူနဲ့တူညီသောရလဒ်လဲ ဘာအနေနဲ့လဲ...."


"..."

ယွီချင်းရှီကရပ်သွားပြီးသူမကိုမေးလိုက်သည်။

"အစမ်းစာမေးပွဲတွေမှာမြို့တော်မှာ မင်းအဆင့်ဘယ်‌လောက်လဲ...."


"ထိပ်ဆုံးပေါ့" 

သူမ၎င်းကိုမြန်မြန်ပြောလိုက်ပြီးနောက် ရုတ်တရက်နားလည်သွားကာ ဆွံ့အသွားခဲ့သည်။ 


.xxxxxx


ရှင်းလင်းချက် 


(2) ၎င်းသည်သုံးပြည်ထောင်မှဖြစ်သည်။ကျူးကောလျန် ကဗျူဟာကိုပြင်ဆင်ထားပြီး အရာအားလုံးကိုစနစ်တကျစီစဉ်ထားသည်။ သူကအရှေ့လေကိုသာစောင့်စရာလိုအပ်ပြီး ထိုမှသာ အရာအားလုံးက စီစဉ်တကျဖြစ်သွားမှာဖြစ်သည်။အရာအားလုံးက အဆင်သင့်ဖြစ်နေပြီး အချိန်မှန်ကိုသာစောင့်နေကြခြင်းဖြစ်သည်။


Chapter 298


..တူညီသောရလဒ်ဆိုတာ သူမအစမ်းစာမေးပွဲမှာရခဲ့တဲ့တူညီတဲ့ရလဒ်ကိုဆိုလိုတာပေါ့....


အိုး ဒီစိတ်ကူးကိုစဉ်းစားမိတဲ့သူကဉာဏ်အရမ်းကောင်းတာပဲ....


ကျန်းရှောင်မန်ကအခုထိမကျေနပ်သေးပေ။သူမနှုတ်ခမ်းကိုမဲ့လိုက်ပြီးတိုးတိုးလေးပြောလိုက်သည်။

"နင်ဘယ်လိုသိတာလဲ....."


ယွီချင်းရှီကသူမကိုကြည့်လိုက်ပြီး သူမနာမည်အောက်ကမျဉ်းကြောင်းကိုလက်ညှိုးထိုးပြလိုက်သည်။

"တူညီသောရလဒ်ကိုရရှိခဲ့သောကြောင့် ယွီချင်းရှီကိုဂုဏ်ပြုပါသည်တဲ့...."


ကျန်းရှောင်မန် : "..." 


ကျန်းရှောင်မန်၎င်းကိုခဏလောက်စဉ်းစားနေမိသည်။ သူမမှားသည်ဟုခံစားရသောကြောင့် သူ့ပုခုံးကိုနှစ်သိမ့်သည့်အနေဖြင့် ပုတ်ပေးလိုက်သည်။

"ငါတောင်းပန်ပါတယ် ငါနင်ရှိနေတာကိုတကယ်မသိခဲ့လို့ပါ...."


ယွီချင်းရှီ : "..." 


သူမကသူမနာမည်ပါတဲ့အပိုင်းကိုပဲကြည့်ခဲ့တော့  ယွီချင်းရှီပေါ်တွင် အပြစ်ရှိသလိုခံစားရသည်။ 


သူမကျောင်းဆင်းသောအခါ နေ့လည်သုံးလေးနာရီ ဝန်းကျင်ရှိနေပြီဖြစ်သည်။ 


ကျန်းရှောင်မန်ကနေပူဒဏ်ကြောင့်အနည်းငယ်ပင်ပန်းနေသည်။ သူမက milk tea ဆိုင်တွင်ထိုင်နေခဲ့ပြီး ထွက်မသွားချင်ပေ။ ယွီချင်းရှီက သူမအပူဒဏ်မခံနိုင်တာသိသောကြောင့် တက်ကြွစွာဖြင့်ပြောလိုက်သည်။

"ငါ ငါမင်းကိုပြန်လိုက်ပို့မယ်လေ...."


"ဟမ်...."

ကျန်းရှောင်မန်ကငြင်းဆန်ချင်သော်လည်း ဒီနှစ်တွေမှာ ယွီချင်းရှီ၏စက်ဘီးနောက်ထိုင်ခုံမှာ မထိုင်ဖူးတာကိုတွေးမိသွားသည်။ သူမကအဲဒီအကြောင်းကိုတွေးမိပြီး လက်ခံလိုက်ချင်သော်လဲ ရုတ်တရက် သူမမျက်လုံးများကိုလှန်ပြီး ခေါင်းခါလိုက်သည်။

"မဟုတ်ဘူး ငါနင့်ကိုတင်နင်းမယ် နင်ငါ့ကိုတင်မနင်းနိုင်မှာစိုးရတယ်...."


ယွီချင်းရှီကသူမကိုကြည့်လိုက်ပြီး ထိုလူယုတ်မာမလေးကိုလျစ်လျူရှုထားလိုက်တော့သည်။


ဒီတစ်ကြိမ်တော့ ယွီချင်းရှီစိတ်ပြန်ကောက်ရမဲ့အလှည့်ဖြစ်သွားလေသည်။ 


သူကစက်ဘီးကိုသော့ဖြည်လိုက်ပြီး စက်ဘီးပေါ်တက်လိုက်တာနဲ့ အလေးချိန်တစ်ခုက နောက်ခုံမှာဖြစ်ပေါ်လာသည်။ ထိုအလေးချိန်က သူ့နောက်တွင်ထိုင်နေသော ကျန်းရှောင်မန်၏အလေးချိန်ဖြစ်သည်။ 


ယွီချင်းရှီရဲ့နှုတ်ခမ်းထောင့်တွင်အပြုံးလေးများဖြစ်လာသော်လဲ သူ့အသံကအေးစက်နေဆဲဖြစ်ပြီး မပြောင်းလဲသေးပေ။

"ငါနင့်ကိုတင်မနင်းနိုင်မှာကို နင်စိုးရိမ်နေတာ မဟုတ်ဘူးလား...."


"လူငယ်တွေကအခက်အခဲတွေကိုတောင့်ခံပြီးတော့ လေ့ကျင့်ခန်းများများလုပ်ရမယ်လေ...."

ကျန်းရှောင်မန်ကသူ့ပုခုံးကိုပုတ်လိုက်သည်။

"သွားစို့...."


စက်ဘီးကမြေပြင်ကိုပေါ့ပါးစွာဖြတ်သန်းသွားကာ နှေးနှေးလေးနှင့် အရမ်းတည်ငြိမ်နေသည်။မူလက သူ့ခါးကိုဖက်ထားချင်နေသော ကျန်းရှောင်မန်ကသူမလက်ကိုပြန်ရုတ်လိုက်ပြီး အနောက်ခုံတွင် လက်တစ်ဖက်ဖြင့် သူမခန္ဓာကိုယ်ကိုထောက်ထားလိုက်တော့သည်။ 


သူမကအပြာနုရောင်ဂါဝန်လေးနှင့်အဖြူရောင် 

ကင်းဗတ်(စ်)ရှုးဖိနပ်ကို ဝတ်ဆင်ထားသည်။ စက်ဘီးနောက်ခုံတွင်ထိုင်ပြီး စက်ဘီးခေါင်းလောင်းသံလေးကိုနားဆင်ရင်း ဝှေ့တိုက်လာသောလေပြေလေးကအစ အေးချမ်းနေတော့သည်။ 


နှစ်ယောက်သားကပျားပန်းခတ်လှုပ်ရှားနေသောမြို့ကြီးနှင့်လူများကိုဖြတ်သန်း၍ အိမ်ပြန်လာခဲ့ကြသည်။ 


သူတို့နေအိမ်ရပ်ကွက်ဝန်းကျင်သို့ရောက်လာသောအခါ ပတ်ဝန်းကျင်ကတိတ်ဆိတ်နေလေသည်။ 


တစ်လမ်းလုံးတိတ်ဆိတ်နေသောယွီချင်းရှီကရုတ်တရက်ပြောလိုက်သည်။

"နွေရာသီအားလပ်ရက်အတွက် နင့်မှာဘာအစီအစဉ်တွေရှိလဲ...."


"ငါမသိသေးဘူး...."


"နင်ကစားဖို့သွားချင်လား...."


"ငါတို့ဘယ်သွားသင့်လဲ...."


ယွီချင်းရှီကခဏလောက်ရပ်သွားပြီးလျှင်မြန်စွာပြောလိုက်သည်။

"ကမ်းခြေဆိုရင်ကော ငါနင့်ကိုကမ်းခြေမခေါ်သွားသေးဘူးလေ...."


ဆားအရသာသင်းတဲ့ပင်လယ်ရေငန်ငန်လေး အေးမြတဲ့ပင်လယ်လေလေးနဲ့ရွှေဝါရောင်ကမ်းခြေလေး....


ချောမောတဲ့ယောက်ျားလေးတစ်ယောက်နဲ့ လှပတဲ့ မိန်းကလေးတစ်ယောက် ဆယ်ကျော်သက်လေးနှစ်ယောက်.....


"အိုကေ အိုကေ...."

ကျန်းရှောင်မန်က‌သူမနောင်တရသွားမှာစိုးရိမ်သလိုအလျင်အမြန်ပဲခေါင်းငြိမ့်လိုက်သည်။

"ဘယ်တော့လဲ ငါတို့နှစ်ယောက်တည်းပဲလား...." 


"...နင်တစ်ယောက်ယောက်ကိုခေါ်လာချင်တယ်ဆိုရင် လဲခေါ်လို့ရပါတယ်...."

သူ့အသံကနည်းနည်းမပျော်တဲ့ပုံပေါက်နေသည်။ 


ကျန်းရှောင်မန်က ထိုအကြောင်းကိုလေးနက်စွာတွေးနေသည်။ 


အဘွားကမလိုက်မှာသေချာသည်။ သူမကသူမအသက်အရွယ်တွင် အရမ်းလျှောက်သွားလို့မရပေ။ ပြီးတော့ သူမကမ်းခြေကိုသွားဖို့အတွက်အချိန်အရမ်းကြာလိမ့်မည်။ ဦးလေးကလဲအလုပ်အရမ်းများသည်။ 


သူမသူငယ်ချင်းတွေကြတော့ သူတို့ကသူတို့ရဲ့နွေရာသီအစီအစဉ်တွေကို ကြေငြာပြီးပြီ‌ဖြစ်ပြီး သူမကသူတို့ရဲ့အစီအစဉ်ပို့စ်တွေကို မနေ့က like(3) လုပ်ပြီးပြီဖြစ်သည်။ 


ကြည့်ရတာသူတို့နှစ်ယောက်ပဲသွားရမဲ့ပုံပဲ...


ကျန်းရှောင်မန်ခေါင်းငြိမ့်လိုက်သည်။

"ဟုတ်ပြီလေ ငါတို့နှစ်ယောက်ပဲသွားကြတာပေါ့....."


ယွီချင်းရှီကပြုံးလိုက်ကာ စက်ဘီးကိုခပ်မြန်မြန်နင်းလိုက်ပြီး လေကဲ့သို့အရှိန်ဖြင့် သွားလိုက်သည်။ 


အားးး!!! 


သူကျန်းရှောင်မန်နဲ့ကမ်းခြေသွားရတော့မယ်....


အပန်းဖြေခရီးတဲ့လေ....


လျှောက်လည်ကြမယ်....


ဒါကလုံးဝကိုဒိတ်တစ်ခုပဲ ဟုတ်တယ်မလား....


သူတို့နှစ်ယောက်သွားခဲ့ရင် အဲ့ဒါကဟန်းနီးမွန်းခရီးလို့တောင် တွေးလို့ရတယ်လေ.... 


လူငယ်လေးကစိတ်အရမ်းလှုပ်ရှားပြီး တစ်ညလုံးအိပ်မရခဲ့သောကြောင့် နောက်တစ်နေ့တွင် မျက်ကွင်းများမဲပြီး နိုးလာတော့သည်။ 


သို့သော်၎င်းက ယွီချင်းရှီ၏စိတ်မပျက်သွားစေနိုင်ပေ။သူကသူအသုံးပြုမည့်အရာကိုစတင်ကာ အသေးစိတ်ထုပ်ပိုးတော့သည်။ 


ကျန်းရှောင်မန်ကမေ့တတ်သည်။ သူမကပစ္စည်းတွေအများကြီးကိုမေ့လာမှာသေချာသည်။ 


သွားရမဲ့အချိန်ရောက်သောအခါ သူကသူမမေ့လာမဲ့အရာများအားလုံးကိုပြင်ဆင်လာပြီးသားဖြစ်လိမ့်မည်။သူသာသူမအတွက်မထုပ်ပိုးပေးခဲ့လျှင် သူမဘာမှပါလာမှာမဟုတ်ပေ။ 


ယွီချင်းရှီကပြင်ဆင်ထုပ်ပိုးမှုများကိုတစ်ပတ်ခန့်လုပ်နေခဲ့ပြီး သူ့ရဲ့အမြဲတမ်းအေးစက်နေတတ်သောမျက်နှာပေါ်တွင် အပြုံးသေးသေးလေးရှိနေသည်အထိ ခရီးကိုမျှော်လင့်ထားခဲ့သည်။ 


အဲဒီခရီးက နောက်ဆုံးတော့ သူသွားလို့မရခဲ့ပေ။ 


ရှင်းလင်းချက် 


(3) social media တွင်ပို့စ်များကို like ပေးသလိုဖြစ်သည်။


xxxxx


Chapter 299


အမြဲကျန်းမာနေသော ကျန်းဟွေ့မိနခက ရုတ်တရက်ကြီးဖျားသွားပြီး တစ်အိမ်လုံးကိုထိတ်လန့်စေခဲ့သည်။ 


ခေါင်းနည်းနည်းကိုက်ပြီးဖျားတာက အသက်ကြီးတဲ့သူတွေအတွက် ပုံမှန်ပဲလို့‌ဆရာဝန်ကပြောသော်လည်း ကျန်းရှောင်မန်ကပျာယာခတ်နေဆဲဖြစ်ပြီး သူမအဖွားနားတွင်နေတာကလွဲ၍ ဘာမှမလုပ်ချင်တော့ပေ။ 


သူမဘယ်မှမသွားချင်ဘူးလေ....သူမဘယ်လိုနှလုံးသားနဲ့ကမ်းခြေသွားရမှာလဲ....


ယွီချင်းရှီလည်းအခု စိတ်ပါဝင်စားမှုတွေပျောက်ဆုံးသွားပြီး ခရီးကယာယီရပ်တန့်ထားကာ ခရီးအကြောင်းကိုမပြောကြတော့ပေ။ 


ကျန်းရှောင်မန်ကအပြစ်ရှိသလိုအလွန်ခံစားနေရပြီးယွီချင်းရှီထံသွားကာတောင်းပန်ခဲ့သည်။

"ငါတောင်းပန်ပါတယ် ငါနင်နဲ့အတူကမ်းခြေသွားဖို့သဘောတူထားပေမဲ့ အခုငါနင့်ကိုစိတ်ပျက်အောင်လုပ်ရတော့မယ်... ငါ့အဖွားကအရင်ကတစ်ခါမှမဖျားဖူးဘူး.... ပြီးတော့ သူ့ရဲ့ခန္ဓာကိုယ်ကအရမ်းသန်မာတယ် အခုသူမဖျားတော့ တစ်ခုခုဖြစ်မှာငါစိုးရိမ်လို့ပါ...."


ယွီချင်းရှီက သူပြင်ဆင်ထားသော စာရွက်လေးများကို တိတ်တိတ်လေးဖွက်လိုက်ပြီးတည်ငြိမ်စွာပြောလိုက်သည်။

"အင်း မင်းအိမ်မှာပဲအဖွားနဲ့အတူနေပေးလိုက်ပါ ငါလည်းမသွားတော့ပါဘူး...."


သူက အသာအယာပင်လက်ခံပေးပြီး စိတ်မဆိုးသောကြောင့် ကျန်းရှောင်မန်ကပို၍ပင် အပြစ်ရှိသလိုခံစားလာရသည်။ 


စဉ်းစားပြီးနောက်မှာ သူမကသူမအဖွားနှင့်စနောက်နေကျလိုမျိုး နေရန်ဆုံးဖြတ်လိုက်သည်။သူမကသူ့လက်မောင်းကိုဆွဲကာခါလိုက်သည်။

"စိတ်မဆိုးပါနဲ့...."


သူစိတ်မဆိုးပါဘူး....


ယွီချင်းရှီက သူ့ခေါင်းကိုအားအပြည့်နှင့်ခါလိုက်ပြီး သူ့မျက်နှာကနီရဲနေခဲ့သည်။ 


အနာဂတ်မှာအချိန်တွေအများကြီးရှိပါသေးတယ် အခွင့်အရေးတွေလဲအများကြီးရှိသေးတယ်....သူစိတ်မဆိုးပါဘူး စိုးလဲမစိုးရိမ်ဘူး....


ကျန်းရှောင်မန်ကသူ့အိမ်မှပြန်သွားသောအခါ သူမအဖွား၏ကျန်းမာရေးကိုစိုးရိမ်လာပြန်သည်။ 


ကံကောင်းစွာပင် ကျန်းဟွေ့မိန်၏ရုပ်ပိုင်းဆိုင်ရာကျန်းမာရေးက ကောင်းမွန်ပြီး ဘာပြဿနာမှမရှိပဲ ရက်အနည်းငယ်အတွင်းမှာပြန်ကောင်းလာခဲ့သည်။ ထိုသို့ဆိုရင်တောင် ကျန်းရှောင်မန်ကသူမကိုစိုးရိမ်နေဆဲဖြစ်ပြီး သူမအဖွားကိုစောင့်ကြည့်ချင်နေတုန်းပင်ဖြစ်သည်။ 


အနည်းငယ် ဆွေးနွေးကြပြီးနောက်တွင် သူတို့အားလုံး ဝက်များကိုကြည့်ရှုရန် စိုက်ပျိုးမွေးမြူရေးခြံသို့ သွားကြရန် ဆုံးဖြတ်လိုက်ကြသည်။ 


အမှန်တော့ အဲဒါက ကျန်းဟွေ့မိန်အကြံဖြစ်သည်။ 


သူမကမွေးခါနီးဝက်မလေးကိုစိတ်ပူနေသည်။ထို့ကြောင့် ကျန်းရှောင်မန်ပဲသူမနှင့်အတူလိုက်သွားရသည်။ 


စိုက်ပျိုးမွေးမြူရေးခြံက လေကအရမ်းကောင်းမွန်ပြီး လေထုကအေးချမ်းနေကာ ဘယ်အရာမဆိုစိုက်ပျိုးနိုင်လောက်သည်။အားပြန်ဖြည့်ဖို့အတွက်အရမ်းကိုသင့်လျော်သည်။ကိုယ့်ကိုကိုယ်ပျိုးထောင်ဖို့အတွက်လဲအရမ်းသင့်လျော်ပြီး လွယ်လွယ်စိတ်ဆိုးဒေါသခြင်းများမရှိပဲ စိတ်ခံစားချက်များပိုကောင်းလာနိုင်သည်။မြို့နဲ့လဲသိပ်မဝေးသောကြောင့် ရွာသို့ပြန်သွားခြင်းထက် အဆင်ပြေပြီး ပို၍သက်သောင့်သက်သာရှိကာ စိတ်အနှောင့်အယှက်ဖြစ်ခြင်းများလဲမရှိနိုင်တော့ပေ။ 


သူမကစိုက်ပျိုးမွေးမြူရေးခြံသို့ခြေချလိုက်တာနှင့် ကျန်းဟွေ့မိန်က ပြန်လည်ကောင်းမွန်လာပြီး အရင်ကသူမ၏ဖျားနာ၍နွမ်းနေသောပုံစံကလဲ လုံးဝပျောက်

ကွယ်သွားသည်။ 


သူမကရွှေဖရုံသီးများကိုလှီးပြီး အသီးအရွက်အချို့ရွေးကာ ဝက်စာအချို့ချက်လိုက်သည်။ဤနေရာရှိဝက်များက ဈေးကြီးကြီးဖြင့်ရောင်းဖို့ရန်ဖြစ်ပြီး သူတို့ကိုပြုစုပျိုးထောင်ရာတွင်လဲ ငွေကြေးများစွာကုန်ကျလေသည်။

အညစ်အကြေးရွှံ့ဗွက်များကြားတွင်ကြီးပြင်းလာရသော ဝက်များက အရသာမရှိသောကြောင့် သူတို့ကအဲဒါကိုမကျွေးပေ။လူသားကလေးငယ်များကိုပျိုးထောင်သလို ဝက်ပေါက်လေးများကိုပျိုးထောင်ရန် သူမတွင်ကိုယ်ပိုင်နည်းလမ်းရှိလေသည်။ သူတို့ကကူညီရန်သာတာဝန်ရှိသော အလုပ်သမားများသာဖြစ်သော်လဲ ကျန်းဟွေ့မိန်က ငြိမ်ငြိမ်လေးထိုင်နေရန်စိတ်မဝင်စားပဲ သူမ၏ကိုယ်ပိုင်ကိစ္စကဲ့သို့ သေချာစောင့်ကြပ်ကြည့်ရှုလေသည်။ကျန်းရှောင်မန်ကသူမကိုအနားယူရန် ဖျောင်းဖျသော်လဲ သူမကမပျော်ပေ။သူမကအလုပ်ရှုပ်နေချင်တာဖြစ်သည်။ 


ကျန်းရှောင်မန်က ထိုညတွင်ကျန်းရှင်းကိုတိုင်တန်းရန်ဖုန်းခေါ်ခဲ့သည်။

"ဦးလေး အဖွားရဲ့နှလုံးသားထဲမှာ သမီးကဝက်ပေါက်လေးတွေလောက်‌တောင်မကောင်းဘူးသိလား သူမကသမီးပြောတာကျနားမထောင်ပဲ ဝက်ပေါက်လေးတွေငိုတော့ ချက်ချင်းကိုစိတ်ဖိစီးသွားတော့တာပဲ...."


ကျန်းရှင်းကစိတ်သက်သာရာရသွားသည်။

"ဦးလေးလည်း အရင်ကအဲ့လိုမျိုးခံစားခဲ့ရဖူးပါတယ်...."


"ဘာပြောလိုက်တာလဲ...."


"ဦးလေးပြောတာကဦးလေးလည်း ဝက်ပေါက်လေးတွေရဲ့အနောက်မှာရောက်ခဲ့ရဖူးတယ်လို့ပြောတာပါ နေသားကျသွားအောင်နေလိုက်ပါ..." 


ကျန်းရှောင်မန်ကခဏလောက်စဉ်းစားလိုက်ပြီး ခံစားချက်များပိုကောင်းလာသည်။ သူမကတိုင်တန်းနေတာကိုရပ်လိုက်ပြီး ဝက်ပေါက်လေးများကိုပျိုးထောင်ရာတွင်အဖွားကိုကူညီရန် အာရုံစိုက်လာသည်။ အဖွားကပျော်တယ်ဆိုရင်လဲ ပိုပျော်အောင်လုပ်ပေးရုံပေါ့။ 


ဤသို့ဖြင့် အဖွားနဲ့မြေးမ နှစ်ဦးသားက အားလပ်ရက်ကို အေးအေးဆေးဆေးပျော်ရွှင်စွာနှင့်နေထိုင်ခဲ့ကြသည်။ 


မဟုတ်ဘူး....အဲဒါကတကယ်တော့မမှန်ဘူး...


ကျန်းရှောင်မန်ကထိုအကြောင်းတွေးရင်းတကယ်ပျော်သောသူများမှာဝက်များသာဖြစ်သည်ကိုတွေးမိသွားသည်။ 


ထိုအချိန်တွင် Bမြို့ရှိ ဝမ်မိသားစုတွင်ဖြစ်သည်။ 


မိသားစုဒေါက်တာကအခုတလော ကြိမ်ဖန်များစွာ သွားလိုက်လာလိုက်လုပ်နေရပြီး ဝမ်မိသားစုတစ်ခုလုံးကိုလည်း ပြင်းထန်သောလေထုကရစ်ပတ်ထားခံရသည်။ 


ဝမ်မိသားစု၏သခင်ကြီးကအသက်အရွယ်အိုမင်းနေပြီဖြစ်ကာ ယခုဆေးရုံကုတင်ပေါ်တွင်လဲလျောင်းနေပြီး အသည်းအသန်နာမကျန်းဖြစ်နေပုံရသည်။သူသေသွားတာနဲ့ သူ့မိသားစုရဲ့အာဏာဖွဲ့စည်းမှုတွေက အပြောင်းအလဲနဲ့ကြုံရမှာပဲ။ 


လူတိုင်းကသေခြင်းရှင်ခြင်းတရားတွေ ပျော်ရွှင်ဝမ်းနည်းမှုတွေကိုကြုံတွေ့ဖူးကြပါတယ်။ဒါကပုံမှန်ပါပဲ။ 


xxxxxx


Chapter 300


မည်သို့ပင်ဖြစ်စေ အချို့လူများကသူ့ကိုသေစေချင်ကြပြီး အချို့လူများက သူ့ကိုအသက်ရှင်စေချင်ကြသည်။ 


သခင်ကြီးဝမ်သေဆုံးသွားသည်နှင့် ကျန်ခဲ့မှာကသူ့ဇနီး၊သူတို့၏တစ်ဦးတည်းသောသမီးလေးအပြင် သူတို့၏သမက် လန်ယွမ်ချင်းသာရှိလေသည်။ 


အဲဒါကအမှန်တကယ်စိတ်ပူစရာပင်။ 


သခင်ကြီးဝမ်ကသူ့လက်တွေကိုရွှေ့လိုက်ပြီး ပင့်လိုက်ချင်ပေမဲ့ သူကသူ့လက်တွေကိုမြောက်ပင်မမြောက်နိုင်ခဲ့ပေ။ သူတို့ကတုန်ရီ၍သာ အောက်သို့ပြန်ကျသွားကြသည်။ 


သခင်မကြီးဝမ်ကဆေးရုံကုတင်ပေါ်မှာအောက်ဆီဂျင်တပ်ထားရပြီးလေကိုရှုထုတ်တာထက်ပိုရှုသွင်းနေတဲ့သူမ‌ခင်ပွန်းကိုကြည့်လိုက်သည်။သူမ၏အိုမင်းနေသောမျက်လုံးအစုံကမျက်ရည်များဖြင့်ရီဝေနေပြီးနောက်သူမကငိုကြွေးလိုက်သည်။

"ဆရာဝန်တွေကရှင်အနားယူပြီး အားပြန်ဖြည့်နေသရွေ့ ရှင့်ကျန်းမာရေးကသေချာပေါက်ပြန်ကောင်းလာမှာလို့ပြောတယ်.... ရှင်နေပြန်ကောင်းလာတာနဲ့ ကျွန်မတို့ခရီးတွေတူတူသွားကြပြီး မိသားစုကိစ္စတွေကိုထပ်စိတ်မပူတော့ဘူးလေ..... ဒါမှမဟုတ် ဟွေ့လေးကိုကလေးထပ်ယူခိုင်းပြီး ရှင်နဲ့ကျွန်မလူအိုကြီးနှစ်ယောက်က ကလေးကိုပြုစုစောင့်ရှောက်ပြီး အချိန်တွေကိုကျော်ဖြတ်ကြမယ် မကျော်လွှားနိုင်တဲ့အရာဆိုတာမရှိပါဘူး အဲ့လို...အဲ့လိုမျိုးမသွားပါနဲ့...."


"ငါ့နှလုံးသားထဲမှာ...ငါ...လက်မလွှတ်ပေးနိုင်ဘူး...."

စကားလုံးများကပြတ်တောင်းပြတ်တောင်းဖြစ်နေပြီး ပြောဖို့ရာအင်အားအများကြီးလိုသည်။ 


သခင်မကြီးဝမ်ကရုတ်တရက်သူ့လက်ကိုကိုင်လိုက်ပြီးစိတ်သက်သာရာရစေရန်ပြောလိုက်သည်။

"ရှင်လက်မလွှတ်ပေးနိုင်တာ ကျွန်မသိပါတယ် ကျွန်မလဲလက်မလွှတ်ပေးနိုင်ပါဘူး.... ဒါပေမဲ့...လူတွေကအမြဲတမ်းအတိတ်မှာပဲနေနေလို့မရဘူးမလား ရှင်ကလေးတွေကိုတွေ့ချင်တယ်ဆိုရင် နောက်ကျရင် ကျွန်မ စစ်ယွီကိုခေါ်ပြီးတော့ ရှင်နဲ့စကားလာပြောခိုင်းလိုက်မယ် အဲဒီကလေးကအထက်တန်းကျောင်းဝင်ခွင့်စာမေးပွဲကိုဖြေပြီးတာမကြာသေးဘူး ပြီးတော့ ပထမနေရာတောင်ရလိုက်သေးတယ် ရှင်ဂုဏ်ယူပြီးတော့ပျော်မှာပဲ....."


သခင်ကြီးဝမ်ကသူ့ခေါင်းကိုခါလိုက်ပြီး ဘာစကားမှပြောနိုင်ပုံမရပေ။ ခဏလောက်ရပ်တန့်နေကြပြီးနောက် သူ့ခွန်အားများပြန်လည်ရရှိလာပြီး  အသံဆွဲကာမေးလိုက်သည်။

"အဲဒီကလေး...အဲဒီကလေး...သတင်းတစ်ခုခုရပြီလား ငါ...ငါသူမကိုထပ်ရှာဖို့တစ်ယောက်ယောက်ကိုလွှတ်လိုက်မယ်...."


"ရှင် ဘာလို့ဒီအချိန်မှာအဲဒါတွေကိုစိတ်ပူနေတာလဲ....."

ဝမ်သခင်မကြီးက သက်ပြင်းကိုလေးလံစွာချလိုက်သည်။

"ရှင်ကဒီမှာပဲ စိတ်အေးအေးချမ်းချမ်းနဲ့လှဲနေပါ အားလုံးကိုစုံစမ်းနေပါတယ် တစ်ခုခုတွေ့ရင်ရှင့်ကိုကျွန်မပြောပါ့မယ် အရမ်းမ‌စိုးရိမ်ပဲနဲ့ရှင့်ကိုယ်ရှင်သာဂရုစိုက်ပါ...."


အသက်ကြီးတဲ့ဇနီးမောင်နှံနှစ်ယောက်စကားပြောဆိုပြီးနောက်မှာ ဝမ်သခင်ကြီးဟာအရမ်းပင်ပန်းသွားပုံရပြီးတော့ အိပ်မောကျသွားသကဲ့သို့ မလှုပ်ရှားတော့ပေ။


ဝမ်သခင်မကြီးက သူ့ကိုစောင်ခြုံပေးပြီးထွက်လာခဲ့သည်။ 


သူမခင်ပွန်းကညတွင်းချင်းဖျားသွားပြီး အချိန်ခဏလေးနဲ့အိုမင်းရင့်ရော်သွားပုံပင်။ သူမက ၎င်းကို သူမခင်ပွန်းရှေ့တွင်မဖော်ပြရဲသည့်နောက်ဆုံးတွင် ငိုကြွေးတော့သည်။ 


သူတို့က လေမုန်တိုင်းများနှင့်လှိုင်းလုံးများကို အတူတူဖြတ်သန်းခဲ့ကြပြီး တစ်ယောက်အပေါ်တစ်ယောက်ခံစားချက်များကအလွန်ခိုင်မာသည်။ ယခုချိန်တွင် သူမကသူမ၏ဝမ်းနည်းမှုကိုမထိန်းချုပ်ထားနိုင်တော့ပေ။ 


အချိန်ခဏကြာပြီးနောက် ဝမ်သခင်မကငိုကြွေးခြင်းကိုရပ်လိုက်ကာ သူမဖုန်းကိုထုတ်ပြီး လန်စစ်ယွီကိုခေါ်ခဲ့သည်။ 


"စစ်ယွီ မင်းဘယ်မှာလဲ...."


"ပြန်လာပြီးတော့မင်းအဖိုးကိုအဖော်လာပြုပေး သူနေမကောင်းဘူး သူမင်းကိုလွမ်းနေတယ်...."


"အိမ်ပြန်လာဖို့အဆင်မပြေဘူးလား ဘာလုပ်နေလို့လဲ...."


"အတန်းဖော်တွေနဲ့စာလေ့လာနေတယ်...."


"မင်းကဘွဲ့ရပြီးပြီလေ ဘာစာတွေလေ့လာနေတာလဲ...."


"နွေရာသီအပန်းဖြေခရီးပရောဂျက်တဲ့လား....."

ဝမ်သခင်မကြီးကညင်သာစွာသက်ပြင်းချလိုက်သည်။

 "အဲ့ဒါဆိုလည်းရပါတယ်.... မင်းအလုပ်သာပြီးအောင်လုပ်ပါ...."


သူမ၏မြေးမလေးကလည်း ဤနေရာတွင်မရှိသောကြောင့် ဝမ်သခင်မကြီးကသူမသမီးကိုပဲရှာရတော့သည်။ 


ကလေးတစ်‌ယောက်အနေနဲ့...ကံကြမ္မာကသူမကိုမျက်နှာသာမပေးဘူးဆိုတာဝမ်သခင်မကြီးသိသည်။ သူမကနှစ်ပေါင်းများစွာပျောက်ဆုံးနေခဲ့ပြီး သူမရှင်သန်နိုင်ခဲ့လျှင်တောင်မှ သူမဘဝကဘာနဲ့တူနေမလဲဆိုတာဝမ်သခင်မကြီးမသိပေ။ ၎င်းကဝမ်မိသားစု၏နှလုံးသားထဲတွင် ဖုန်းကွယ်ထားသောကြိုးထုံးလေးဖြစ်ပြီး

မဖော်ပြနိုင်သော အရာလဲဖြစ်သည်။ 


ဝမ်သခင်ကြီးမကျန်းမမာဖြစ်ပြီးနောက် သူ့သမီးနှင့်သူ့သမက်ကကုမ္ပဏီ၏အရေးကိစ္စများကိုစီမံသည်။ ယခုချိန်တွင်ထိုနှစ်ယောက်ကမြေကြီးနှင့်ခြေထောက်ထိဖို့ရန်ပင်အလုပ်အလွန်များနေကြပြီး ဝမ်သခင်မကြီးကလဲသူတို့ကိုသိပ်မတွေ့ရတော့ပေ။ဝမ်ဟွေ့ကိုရုတ်တရက်‌တွေ့ဖို့ရန် သူမအတွက်တကယ်မလွယ်ကူပေ။ 


သူမစကားပြောနေစဉ် ဝမ်ဟွေ့ကသူမကိုအရင်ဖုန်းခေါ်ခဲ့သည်။ 


"အမေ အဲဒီကလေးနဲ့ပတ်သက်ပြီးသတင်းရထားတယ်...."


သူမကပါးစပ်ဖွင့်ဖွင့်ချင်းပင်ဗုံးကြဲချလိုက်ပြီး ဝမ်သခင်မကြီးလဲ ထိတ်လန့်သွားတော့သည်။ 


သခင်မကြီးကသူမကြားလိုက်တာကိုမယုံနိုင်ပဲ တုန်တုန်ရီရီဖြင့်‌မေးလိုက်သည်။

"ဘာ-ဘာပြောလိုက်တာလဲ ဘယ်ကလေးရဲ့သတင်းလဲ...."


သူမထင်နေတဲ့ကလေးများလား....


ဝမ်ဟွေ့က"သမီးကိုအိမ်မှာစောင့်နေပါ သမီးတို့နောက်မှပြောကြမယ်လေ" ဟုပြောလိုက်သည်။ 


စကားပြောပြီးနောက်သူမကဖုန်းချလိုက်သည်။ 


ဝမ်ဟွေ့ကသူမအမေကိုသာအသိပေးခဲ့သည်မဟုတ်ပဲ သူမခင်ပွန်းကိုလဲအသိပေးခဲ့သည်။ 


တစ်မိသားစုလုံးအိမ်တွင်ရှိနေကြသည်။ 


သူတို့ကယခုချိန်တွင်ဝမ်သခင်ကြီးကိုဤကိစ္စကြောင့်စိုးရိမ်စေလို့မဖြစ်ပေ။ဘာမှမသေချာသေးခင်သူ့ကိုပြောဖို့ကခက်ခဲသည်။လန်စစ်ယွီအတွက်ကျတော့...သူမကိုဒီအကြောင်းပြောပြရန်မကောင်းပေ။ 


"ဟွေ့လေး ဘာတွေဖြစ်နေတာလဲ ကလေးကဘယ်မှာလဲ....."

သူမ၏နှလုံးကကျယ်လောင်စွာခုန်နေသောကြောင့် သခင်မကြီးကသူမရင်ဘတ်ကိုဖိထားသည်။ 


xxxxxxx