Chapter321
ကျန်းယွဲ့က သေသွားပြီဖြစ်၍ ဘာသဲလွန်စမှ မကျန်ခဲ့သောကြောင့် ယခု သူ့အတွက် အကောင်းဆုံးပင်။ သူဘာပြောပြော ဘယ်သူမှ လာချေပရဲမှာ မဟုတ်တော့ပေ။ ဝမ်ဟွေ့ သူ့ကို စိတ်ပျက်သွားရင်တောင် ကိစ္စမရှိပေ။ သူမက သူ့ကို နှလုံးသားထဲကနေ အထင်သေးနှိမ့်ချနေခဲ့ ပြီးသားဖြစ်သည်။
လျန်ယွမ်ချင်း အံကို တင်းတင်းကြိတ်လိုက်ပြီး ပြန်ချေပတော့မဲ့ဆဲဆဲတွင် တစ်စုံတစ်ယောက်က သူ့လက်ကို ရုတ်တရက် လာဆွဲလိုက်လေသည်။
“မောနေပြီလား... ရေသောက်ပါဦး...."
ကျန်းရှောင်မန်က သူ့ကို ရေတစ်ခွက် ကမ်းပေးလာသည်။
ဒီအချိန်ကြီး ဘာရေသောက်ရမှာလဲ...
ကျန်းရှင်းကတော့ သူ့ကို စိုက်ကြည့်လိုက်ပြီး တိတ်တိတ်လေး တွေးနေလေသည်။
ဒီကောင်ကမှ မကောင်းတဲ့လူပဲကို.. ဦးလေးကရော မပင်ပန်းလို့လား.... ဦးလေးကု ဘာလို့မပေးရတာလဲ.... ဒီကလေးမ လျန်ယွမ်ချင်းကို ဘာတွေ လုပ်ပေးနေရတာလဲ.....
ကျန်းရှင်းတစ်ယောက် သူ့တူမလေး သူ့ကို မချစ်တော့လို့ ရှာလကာရည်တွေ ပလုံစီနေသည့် အချိန်တွင် လျန်ယွမ်ချင်းက နှုတ်ခမ်းထောင့်ကို တွန့်ကွေးကာ ကျန်းရှောင်မန် ကမ်းပေးလာသည့်ရေကို သောက်လိုက်ရသည်။
မသာက်လို့လည်း မရပေ။သူက ကလေးတွေကို ကောင်းကောင်း ဆက်ဆံပေးသည့် အရမ်းချစ်တတ်သည့် အဖေတစ်ယောက် အဖြစ်သရုပ်ဆောင်နေဆဲဖြစ်သည်။
သူ့သမီးရဲ့ ကြင်နာမှုကို ငြင်းပယ်လိုက်လို့ ဘယ်ဖြစ်မလဲ....
ရေသောက်ပြီးနောက်မှာတော့ လျန်ယွမ်ချင်းတစ်ယာက် ကျန်းရှင်းနဲ့ ပြန်ပြီး ငြင်းခုံတော့သည်။
“ကျန်းယွဲ့ကို ခင်ဗျားအစ်မမှန်း ကျုပ် မသိခဲ့လို့လေ…သိခဲ့ရင် သေချာပေါက် သံသယ ဝင်ခဲ့မှာပဲ… ခင်ဗျားအစ်မက အကြာကြီး အသက်ရှင်ခဲ့တာပဲ…. ကျုပ်ကရော ရှောင်မန်ကို မြင်ရုံနဲ့ ဘယ်လိုလုပ် သိနိုင်မှာလဲ… အရင်တစ်ခါကိစ္စကလည်း အမှုပိတ်ပြီးပြီ… အဲ့တာက မတော်တဆ တစ်ခုပဲဆိုတာကို လူသက်သေ ပစ္စည်းသက်သေတွေ ရှိထားပြီးသားပဲ မဟုတ်လား… ခင်ဗျား ဘာလို့ ပြီးပြီးသားကို ပြန်တူးဖော်ချင်နေရတာလဲ......."
“ခင်ဗျား…”
ကျန်းရှင်းတစ်ယောက် ဒေါသကြောင့် မျက်နှာတစ်ခုလုံး မဲမှောင်လာသည်။
ထိုအချိန်တွင် တစ်ချိန်လုံးငြိမ်နေခဲ့တဲ့ ကျန်းရှောင်မန်က ရုတ်တရက် ထပြောလာသည်။
သူမရဲ့ အသံလေးက ဒေါသမီးလျှံတွေ ဟုန်းဟုန်းတောက်နေသည့် အခန်းနှင့် မလိုက်ဖက်စွာပင် ငြင်သာနေခဲ့သည်။
“ဖေဖေ…. ဖေဖေပြောနေတာ တကယ်လားဟင်....."
“သေချာပေါက် ဘယ်ဟုတ်ပါ့မလဲ...."
လျန်ယွမ်ချင်းတစ်ယောက် ကျန်းရှင်း အစကတည်းက သူ့ကို ရှုံးနိမ့်နေပြီးသားဆိုတာကို သိထားပြီးသော်လည်း အဘိုးကြီးဝမ်ရဲ့ မျက်နှာ တဖြည်းဖြည်း အေးစက်လာတာကိုတွေ့တော့ မနေနိုင်ဘဲ ဂုဏ်ယူမိသွားပြီး ဆက်ပြောရန် လုပ်လိုက်သည်။ သို့သော် ရုတ်တရက် သတိရမိတာက…
သူပြောလိုက်တာ… သူဘာတွေ ပြောနေတာလဲ
သူ မဟုတ်ဘူးလို့ ပြောလိုက်တာလား.....
ဘယ်လို ဖြစ်နိုင်မှာလဲ....
သူ မိုက်မိုက်မဲမဲ ပြောလိုက်တဲ့ အရာကို နားလည်လိုက်သည့် အခါတွင် ပြန်ပြီး ပြင်ပြောချင်သော်လည်း ကျန်းရှောင်မန်က သူ့ကို အလွတ်မပေးခဲ့ပေ။
“သမီးကို မေမေကျန်းယွဲ့က တကယ်ပဲ ခိုးသွားခဲ့တာလားဟင်...."
“သေချာပေါက် ဘယ်ဟုတ်မလဲ....."
???
လျန်ယွမ်ချင်း သူ့ပါးစပ်ကို ကြောက်လန့်တကြား အုပ်လိုက်သည်။
ဘာသောက်ကျိုးနည်းတွေ ဖြစ်နေတာလဲ....
ဒီတစ်ခါတော့ ဝမ်မိသားစုသာမက ကျန်းဟွေ့မိန်နဲ့ ကျန်းရှင်းပါ လျန်ယွမ်ချင်းကို လှည့်ကြည့်လာသည်။ သူတို့၏ အကြည့်မျာသက တော်တော်လေးကို ရှုပ်ထွေးနေပုံရပြီး သူ့ကို ကြည့်နေတာ စိတ်ပိုင်းဆိုင်ရာ ပြဿနာရှိနေတာများလား ဆိုသည့် အတိုင်းပင်။
ကျန်းရှောင်မန်က ညင်သာလှသည့် အသံလေးဖြင့် ဆက်မေးလိုက်သည်။
“ဘယ်လိုဖြစ်သွားတာလဲ...."
လျန်ယွမ်ချင်း ပြောသင့်တာရော မပြောသင့်သည့် စကားများရော တရစပ် ထွက်လာတော့သည်။
“ငါ့ကလေးကို ပစ်ထားချင်ခဲ့တယ်… ငါသူ့ကို လမ်းဘေး မဟုတ်ရင် အမှိုက်ပုံဘေးမှာ ပစ်ထားမလို့ပဲ… ဒါပေမယ့် ကျန်းယွဲ့က တွေ့သွားတယ်လေ.. ငါသူ့ကို ရှင်းမပြနိုင်တော့လည်း လိမ်လိုက်ရတာပေါ့… “
သေစမ်း... မကောင်းဆိုးဝါးပဲ.... တကယ့် မကောင်းဆိုးဝါးကောင်....လူမဟုတ်တော့ဘူး.....
ကျန်းရှင်းက တော်တော်ကြီးကို ဒေါသထွက်နေလေပြှ။ ဘာပုံရိပ်မှ ထိန်းမနေတော့ဘဲ သူ့အစ်မနဲ့ တူမလေးအတွက် ဒီကောင့်ကို ချက်ချင်း ဆောင့်ကန် ပစ်ချင်နေပြီဖြစ်သည်။
လျန်ယွမ်ချင်းက သူ့မိသားစု၏ ပုံစံတွေကို ကြည့်ပြီး ကျန်းရှင်းထက်တောင် ပိုပြီး ရှော့ရသွားသည်။ ပိုပြီးတောင် မယုံနိုင်ဖြစ်လာရသည်။
ကျန်းရှင်းက လျန်ယွမ်ချင်း၏ အင်္ကျီကော်လာကို ဆွဲဆောင့်လိုက်ပြီး ဒေါသတကြီး မေးတော့သည်။
“အယုတ်တမာကောင်....မင်းဘာတွေ လုပ်ခဲ့တာလဲ.., မင်းရူးနေတာလား....."
လျန်ယွမ်ချင်းလည်း အရမ်းကို နောင်တရနေပြီဖြစ်သည်။ သူ သူ့ကိုယ်သူ မထိန်းချုပ်နိုင်တော့ပေ။
တစ်ယောက်ယောက်က မေးလာတိုင်း သူ့ဘာသာသူ ပြန်ဖြေမိနေလေသည်။
ထိန်းလို့မရတော့ချေ။
ထို့အပြင် ၎င်းအရာများက သောက်အမှန်တရားတွေဖြစ်ပြီး သူတကယ်လုပ်ခဲ့သည့်အရာများပင်။ အရင်က သူသေသွားရင်တောင် ဒီကိစ္စကို အခေါင်းထဲထိ ယူသွားမယ်ဟု၍ တွေးထားခြင်းဖြစ်သော်လည်း အခုတော့ လူတိုင်းရှေ့မှာ ပြောလိုက်မိလေပြီ။
“သူက ကလေးအကြောင်း မေးလာတယ်လေ… ငါလည်း ဖုံးထားလို့မှ မရတော့တာ.... သူအဖေ့ဆီ သွားပြောလိုက်မှာဆိုးလို့ ကလေးကို ဝမ်ဟွေ့က ပစ်ခိုင်းလိုက်တယ်လို့ လိမ်လိုက်တယ်လေ…”
ဝမ်ဟွေ့က ထိုစကားကို ကြားကြားချင်း ရူးတော့မလို ဖြစ်ကာ ကော်ဖီစားပွဲပေါ်က ဓားကို ကောက်ယူလိုက်ပြီး လျန်ယွမ်ချင်းကို ဓားနဲ့ ချိန်လျက် မေးလာခဲ့သည်။
“လျန်ယွမ်ချင်း.. ရှင်ဘာတွေလုပ်ခဲ့တာလဲ.... ကျွန်မ ရှင့်ကို ဘယ်တုန်းက ကလေးကို ပစ်ဖို့ ပြောခဲ့ဖူးလို့လဲ.... သေချာပြောစမ်းပါ..."
လျန်ယွမ်ချင်းက သူသာအမှန်ဆိုသည့် အမူအယာနှင့် ဆက်ပြောလာသည်။
“ငါက ကျန်းယွဲ့ကို မင်းငါ့ကို ကလေးပစ်ခိုင်းလိုက်တာလို့ ပြောခဲ့တာ… သူက ဘယ်ယုံပါ့မလဲ… ဒါကြောင့် ထပ်လိမ်ခဲ့ရတယ်လေ… ကလေးက ငါ့ကလေး မဟုတ်ဘဲ မင်း အဓမ္မကျင့်ခံရလို့ ရလာတာလို့ပေါ့… ကလေးက နီကျားလို ကလေးမို့ မင်းသူ့ကို မမြင်ချင်တော့လို့ ကလေးရော မင်းရော ကောင်းဖို့အတွက် ကလေးကို ခေါ်သွားပြီး ငါတို့ရှေ့ ထပ်မပေါ်လာလို့ ရမလားလို့ ငါသူ့ကို မေးလိုက် ရတယ်လေ… ငါကတော့ သူကအရမ်းရိုးသားလိမ့်မယ်လို့ မထင်ထားခဲ့ဘူး… ကလေးကို လွှင့်မပစ်တဲ့ အပြင် သေချာလေး မွေးထားလိုက်သေးတယ်…”
လူအိုကြီးဝမ်က အရမ်း စိတ်ဆိုးလွန်း၍ ဝှီးချဲပေါ်က ထလာပြီး တုန်ယင်နေသည့် လက်များနှင့် လျန်ယွမ်ချင်းကို ရွယ်လိုက်သော်လည်း ဒေါသအထွက်လွန်ပြီး ဘာစကားမှ မပြောနိုင်ဘဲ ရပ်လိုက်ရတော့သည်။
အဘွားဝမ်လည်း အရမ်းကို ဒေါသထွက်နေပြီး အဘိုးဝမ်၏ နောက်ကျောကို ထောက်ကိုင်ပေးထားရသည်။
ဘယ်လောက်တောင် ဆိုးဝါးလိုက်တဲ့လူလဲ…
“ငါနင့်ကို သတ်မယ်....."
ဝမ်ဟွေ့ သွေးများ ဆူပွက်လာကာ လျန်ယွမ်ချင်းကို ထသတ်လုနီးနီးပင်။
ကံကောင်းစွာဖြင့် ကျန်ရှင်းက သူမကို တားလိုက်နိုင်သည်။ မဟုတ်ရင် လူသတ်မှု ဖြစ်တော့မလို့…
xxxxx
Chapter 322
လျန်စစ်ယွီကလည်း ဝမ်ဟွေ့ကို လှမ်းဆွဲကာ ငိုနေခဲ့သည်။
“မေမေ… မေမေ စိတ်အေးအေးထားပါအုံး… ဒီကိစ္စက အထင်လွဲနေတာပဲ ဖြစ်မှာပါ…”
“အထင်လွဲတယ်လား....”
ဝမ်ဟွေ့ သနားစဖွယ် ပြုံးလိုက်ပြီး မျက်ရည်များ ကျဆင်းနေလျက်က တစ်ချက်ရယ်လိုက်ကာ ပြောလိုက်သည်။
“ငါသူ့ကို ရွံသွားပြီ....."
“ဒါပေမယ့်… ဒါပေမယ့်…”
လျန်စစ်ယွီ လျန်ယွီချင်းကို လှမ်းကြည့်လိုက်ကာ တီးတိုးဆိုလိုက်သည်။
“မေမေ… ဖေဖေ နည်းနည်း ထူးဆန်းနေတယ်လို့ မထင်ဘူးလား....ဖေဖေ ဒီကိစ္စတွေကို လုပ်ခဲ့တယ်ဆိုရင်တောင် လွယ်လွယ်ပြောထွက်ပါ့မလား... ကြည့်ရတာ ဖေဖေက နည်းနည်း… နည်းနည်း ရူးကြောင်ကြောင် ဖြစ်နေသလိုပဲ.. အရင်ဆုံး စိတ်အေးအေးထားပါအုံး.."
ဝမ်ဟွေ့က လျန်ယွမ်ချင်းကို ပါးရိုက်လိုက်ပြီး ဒေါသတကြီး မေးလိုက်သည်။
“နင်ပြောတာတွေ အကုန် အမှန်ပဲလား.... မဟုတ်ရင် နင်ပဲ ရူးသွားတော့တာလား...."
“ငါမရူးဘူး... ငါပြောတာတွေ အကုန် အမှန်တွေချည်းပဲ....."
လျန်ယွမ်ချင်း စကားပြောပြီးသည့် အချိန်တွင် သူ့ပါးစပ်ကို သူ မြန်မြန်ပိတ်လိုက်သည်။ လျန်စစ်ယွီပါ မူးလဲချင်သလို ဖြစ်သွားလေသည်။
“ ဖေဖေ … ဖေဖေ အလုပ်တွေ အရမ်းပင်ပန်းနေလို့ အဓိပ္ပာယ် မရှိတာတွေ လျှောက်ပြောနေတာမလား....ကျားတွေတောင် သူ့ကလေးသူပြန် မစားပါဘူး… ဖေဖေက ဘာလို့ ဒီကိစ္စကို လုပ်ရမှာလဲ.... ဟုတ်တယ်မလား...."
“ဘာလို့လဲဆိုတော့…”
“ဖေဖေ...."
လျန်စစ်ယွီ သူ့ကို ခပ်ပြင်းပြင်းလေး ရိုက်လိုက်ပြီး သူဆက်ပြောလာမဲ့ စကားတွေကို တားဆီးလိုက်သည်။
“ဖေဖေ ဘာလို့ ဒီလို လုပ်ခဲ့ရတာလဲ... သမီး အရမ်း စိတ်ပျက်တာပဲ... ဘာမှဆက်မပြောတော့လို့ ရမလား.. ဘာလို့ အဲ့လောက် မိုက်မဲရတာလဲ… ဖေဖေ စိတ်လွတ်သွားပြီလား...."
လျန်ယွမ်ချင်း မျက်ရည်ကျလာသည် အထိ အရိုက်ခံလိုက်ရသည်။
တစ်ဝက်က နာလာ၍ဖြစ်ပြီး…တစ်ဝက်က ဒေါသထွက်လာ၍ဖြစ်သည်။
သူလည်း သူ့ကိုယ်သူ ရူးသွားပြီလို့ ထင်တာပဲ ဘာလို့ ဒီလိုကိစ္စ ဖြစ်လာရတာလဲ....
သောက်ကျိုးနည်း တရားလွန်ဖြစ်နေပြီ.....
သူ့ဘဝတစ်လျှောက်လုံး အနိမ့်အမြင့် အတက်အကျတွေနဲ့ ဖြတ်သန်းခဲ့ရသော်လည်း ဒီလို တစ်ခါမှ မဖြစ်ဖူးပေ။ လျန်ယွမ်ချင်း အရာအားလုံး ဆုံးရှူံးသွားသလို ခံစားလိုက်ရသည်။
သူ တကယ်ကြီးကို ယွဲ့ကျန်းနှင့် ဝမ်ဟွေ့၏ ရှေ့မှာ သူလုပ်ခဲ့သမျှ အရာအားလုံးကို ဖွင့်ချပြလိုက်သည်။
ဘာလုပ်ရမလဲ..., သူဘာဆက်လုပ်ရတော့မှာလဲ.....
လျန်ယွမ်ချင်းက ခပ်မြန်မြန်လေး စဥ်းစားလိုက်သော်လည်း ဘာအဖြေမှ မထွက်လာပေ။ ထို့ကြောင့် စိတ်ပူပန်လာပြီး မေ့မျောတော့မလိုပင်။
မစ္စတာဝမ်ကလည်း အရမ်းကို စိတ်လှုပ်ရှားလာတဲ့ ဒဏ်ကြောင့် မေ့မျောသွားတော့သည်။
အစက မဒမ်ဝမ်လည်း မေ့လဲသွားတော့မလို့ပင်။ သို့သော် သူမယောက်ျားက အရင်မေ့သွားတာကြောင့် သူ့ကို ထူပေးရင်းနှင့် မေ့လဲဖို့တောင် မေ့သွားရသည်။
ကျန်းဟွေ့မိန်လည်း အခြေအနေမကောင်းလှဘာချေ။ ပြီးတော့ သူမကလည်း အရမ်းအသက်ကြီးနေပြီ ဖြစ်တဲ့အတွက် ကျန်းရှောင်မန်က တွဲပေးထားရပြီး ခဏလောက် မူးဝေသွားသည်။
လူနှစ်ယောက်က တစ်ချိန်တည်း လဲသွားတာကြောင့် ဝမ်ဟွေ့အနေနဲ့ ရူးတော့မလိုခံစားနေရတာတောင် အရှုပ်တွေကို အရင်ရှင်းနေရသည်။
တစ်ချိန်တည်းမှာ အကြောင်းအရာအများကြီးကို သိလိုက်ရတာကြောင့် ဝမ်ဟွေ့ရဲ့ နှလုံးသား ရှုပ်ထွေးနေသည်။ သူမက မစ္စတာဝမ်ကို ဆေးရုံပို့ဖို့ 120 ခေါ်လိုက်ပြီး လျန်ယွမ်ချင်းကို စက်ဆုပ်ရွံရှာဟန်ဖြင့် စူးစူးရဲရဲ ကြည့်လိုက်ရင်းပြောလိုက်သည်။
“လျန်ယွမ်ချင်း ငါတို့ပြီးသွားပြီ ထပ်ပြောမယ်… ငါတို့ပြီးသွားပြီ...."
သူမက ပလုံးပထွေးပြောလိုက်ရင်း သူမ၏ ပျောက်သွားတဲ့ သမီးကို ကြည့်လိုက်သည်။ ဝမ်ဟွေ့ သူမ၏သမီးဆီက နှစ်သိမ့်မှုလေး နည်းနည်းလောက် ရချင်နေသည်။ သို့သော်လည်း ကျန်းရှောင်မန်က ခေါင်းငုံ့နေရင်း ကျန်းဟွေ့မိန်နှင့် ကျန်းရှင်းကို ရေနွေးငှဲ့ပေးနေသည်။
သူမကဝမ်ဟွေ့ကို အကြည့်တစ်ချက်တောင် ပေးမလာခဲ့ပေ။
ဝမ်ဟွေ့က အရမ်းဝမ်းနည်းလာ၍ မျက်ရည်များ ကျဆင်းလာကာ မထိန်းနိုင်ဘဲ မူးဝေလာတော့သည်။
လျန်စစ်ယွီက သူမကို ဖက်ထားကာ ဘာစကားမှမပြောဘဲ မျက်ရည်များသာ ကျနေသည်။ သို့သော်သူမက မျက်လွှာချထားတာကြောင့် သူမဘာတွေးနေလဲ ဘယ်သူမှ မသိနိုင်ပေ။
ဘာလို့ ဖေဖေက ရုတ်တရက်ကြီး မူမမှန်ဖြစ်သွားရတာလဲ.....
တော်တော်ကြီးကို ထူးဆန်းနေတယ်....
တစ်ခုခုတော့ မှားနေပြီ.....
လျန်စစ်ယွီ ငိုရင်းတွေးနေသည့် အချိန်တွင် 120ရဲ့ အချက်ပေးသံမြည်လာပြီး မေ့မျောနေတဲ့ လူသုံးယောက်ကို သယ်သွားကြသည်။
“ပိုင်ရှင်.. အရမ်းမိုက်တာပဲ...."
စနစ်က ကျန်းရှောင်မန် ကို အားရပါးရ လက်ခုပ်တီးကာ ဩဘာပေးလိုက်သည်။
“မင်း လုပ်နိုင်ခဲ့ပြီ....."
ကျန်းရှောင်မန်က အရမ်းကိုတည်ငြိမ်နေပြီး ရှက်ပြုံးလေးနှင့်ပြောလိုက်သည်ဟ
“ဦးဦးလည်း အများကြီး လုပ်ပေးခဲ့တာပဲ… ဦးဦးရဲ့ အမှန်ပြောဆေးရည်ကြောင့်သာ မဟုတ်ရင် ဒီလောက် လွယ်လွယ်နဲ့ ပြီးသွားမှာ မဟုတ်ဘူး…”
ထိုအချိန်တုန်းက ကျန်းရှောင်မန် လျန်ယွမ်ချင်းကို ပေးလိုက်တဲ့ခွက်ထဲမှာ အမှန်ပြောဆေးရည် ထည့်ပေးလိုက်ခြင်းဖြစ်သည်။
နှစ်ပုလင်းတောင် ထည့်လိုက်တာဖြစ်၍ အကျိုးသက်ရောက်မှုက အံ့လောက်စရာပင်။ လျန်ယွမ်ချင်းသည့် စကားတွေအကုန် ပြောထွက်လာခဲ့သည်။
စနစ်နှင့် ကျန်းရှောင်မန်က နှစ်ကြိမ်မျှ အချင်းချင်း မြှောက်ပင့်နေကြပြီးမှ အလုပ်ကိစ္စ ဆက်ပြောကြသည်။
“ပိုင်ရှင်.. အခု ဘာဆက်လုပ်ကြမလဲ...."
စနစ်က လျန်ယွမ်ချင်းအကြောင်း ပြောတာဖြစ်သော်လည်း ကျန်းရှောင်မန်ကတော့ သူ့ကို အရေးလုပ်ဖို့ မစဥ်းစားထားချေ။ ယင်းအစား ပြန်မေးလိုက်သည်ာ
“အဲ့တာက လူကြီးတွေရဲ့ အပိုင်းဖြစ်သွားပြီ… သမီးက ဘယ်လိုလုပ် ကိုင်တွယ်နိုင်ပါ့မလဲ.... သမီးက ကလေးပဲ ရှိသေးတယ်… အဲ့လိုကိစ္စတွေမှာ ဝင်ပါလို့ မသင့်ဘူး...."
“အိုး....."
ကျန်းရှင်းက သူမကို ခဏခဏ သင်ပေးထားပြီးသားဖြစ်သည်။
ဒါပေမယ့် တစ်ခုခု မှားနေလားလို့....
စနစ်က ခဏလောက် တိတ်ဆိတ်နေရင်း ရုတ်တရက်ထပြောလာသည်။
“ပိုင်ရှင် မစ်ရှင်အတွက် အသုံးဝင်မဲ့ အကြံများ ရှိလို့လား...."
“ရှိတယ်....."
ကျန်းရှောင်မန် မျက်လုံးများ တောက်ပလာပြီး အလေးအနက် ပြောလာသည်။
“ဘိုးဘိုး နေမကောင်းဖြစ်နေတာက ဆန်းကြယ်နေတော့ လူက တစ်ယောက်ယောက် လုပ်ထားတာ ဖြစ်နိုင်တယ်… ပိုက်ဆံရချင်လို့လား သတ်ဖို့လား တစ်ခုခုပဲ… အမှန်ပြောဆေးရည်က အရမ်းအစွမ်းထက်မှတော့ လူတိုင်းကိုလိုက်တိုက်ပြီး ဘယ်သူက လူသတ်သမားလဲလို့ လိုက်မေးလိုက်မယ်လေ... ရှင်းရှင်းလေးပဲ...."
ဒီလို ရိုးရှင်းပြီး အသုံးဝင်တဲ့ နည်းလမ်းကို အရင်က ဘာလို့များ မစဥ်းစားမိရတာပါလိမ့်.....
သူမက တကယ့်ကို အခွင့်အရေးတွေ အချိန်တွေ ဖြုန်းတီးမိတာပဲ....
ကျန်းရှောင်မန်က ခဏလောက်စဥ်းစားလိုက်ပြီးမှ စနစ်၏ ရှင်းပြချက်တွေက သူမရဲ့ အလုပ်တွေကို နှောင့်နှေးစေတယ်ဟု ခံစားလိုက်ရသည်။ အစွမ်းကဒ် ဖြစ်ဖြစ် ပစ္စည်း တစ်ခုခုပဲ ဖြစ်ဖြစ် အရမ်းကို စွမ်းအားကြီးပြီး အသုံးပြုရလွယ်ပေမယ့်လည်း စနစ်ရဲ့ ဖော်ပြချက်တွေက တော်တော်လေးကို ဆွဲဆောင်မှု မရှိတဲ့အပြင် အဓိပ္ပာယ်လည်း မရှိပေ။ နောက်ဆုံးကျ ကျန်းရှောင်မန်လည်း အဲ့တာတွေကို အများကြီး မသုံးမိတော့ပါချေ။
xxxxxx
Chapter 323
ကျန်းရှောင်မန် စနစ်၏ ဈေးဆိုင်က အမှန်ပြောဆေးရည် သုံးပုလင်းကို တစ်ခါတည်း လဲလှယ်လိုက်သည်။
တစ်ပုလင်းက မေမေ့အတွက် တစ်ပုလင်းက ဘွားဘွားအတွက် ပြီးတော့ နောက်ဆုံးတစ်ခုက မမအတွက်ဖြစ်သည်။
အရင်တုန်းကလိုသာဆို ကျန်းရှောင်မန်လည်း ဒီမိသားစုထဲက လူတွေကို သေချာပေါက် သံသယဝင်မှာ မဟုတ်ပေ။ သို့သော်လည်း ဒီနေ့ အဖြစ်အပျက်ကို ကြုံပြီးတော့မှ ကျန်းရှောင်မန် တကယ့်ကို အမြင်ကျယ်သွားလေပြီ။
ကမ္ဘာပေါ်မှာ မဖြစ်နိုင်တာဟူ၍ မရှိပေ။
လျန်ယွမ်ချင်းသာ သူ့အိမ်သားတွေနှင့် ကလေးကိုတောင် လုပ်ကြံနိုင်သေးရင် သားသမီးကနေ မိဘကို၊ဇနီးက ခင်ပွန်းကို၊ မြေးကနေ အဘိုးကို လုပ်ကြံနိုင်သည်။
ကျန်းရှောင်မန် သူမစိတ်ကို ပြင်ဆင်ပြီးတဲ့နောက် သူမ၏ အကြံကို စပြီး အကောင်အထည်ဖော်တော့သည်။
ပထမဆုံး ဝမ်ဟွေ့ကို တိုက်လိုက်သည်။
ဝမ်ဟွေ့က မေ့မျောနေသည့် လူသုံးယောက်ထဲမှာ အရင်ဆုံး နိုးလာတဲ့သူဖြစ်သည်။ သူမနိုးလာလာချင်း ကျန်းရှောင်မန် သူမ၏ဆေးရုံ ကုတင်ဘေးမှာ စောင့်ပေးနေတာ မြင်လိုက်ရ၍ မှိန်ဖျနေတဲ့ မျက်လုံးအစုံက မျက်ရည်တို့ လျှံကျလာသည်။
“ ကလေး အမေတောင်းပန်ပါတယ်ကွယ်...."
ကျန်းရှောင်မန်ကတော့ ပြုံးလျက်သာ သူမခေါင်းကို ခါရမ်းလိုက်ပြီး နှစ်သိမ့်လိုက်သည်။
“မဟုတ်ပါဘူး.. အကုန် အဖေပဲ လုပ်ခဲ့တာပါ...."
ထို့နောက် ကျန်းရှောင်မန်က ထပ်မေးလိုက်သည်။
“မေမေ့ စိတ်ထဲမှာရော ဘိုးဘိုး နေမကောင်းတာနဲ့ ပတ်သက်ပြီး တွေးမိတာရှိလား...တစ်ယောက်ယောက်များ လုပ်ကြံထားတာလား...”
“မေမေ….မေမေ မသိဘူး သမီးရယ်...."
ဝမ်ဟွေ့ ဘာလို့ ကျန်းရှောင်မန် ဒီအကြောင်းကို ရုတ်တရက်မေးလာလဲ ဆိုတာကို နားမလည်ခဲ့ချေ။ သူမက ခဏလောက်တွေးတောပြီးမှ ပြန်ဖြေသည်။
“မေမေလည်း တစ်ယာက်ယောက် လုပ်ကြံထားတာ များလားလို့ တွေးမိလို့ စစ်ဆေးကြည့်ပေမယ့်လည်း ဘာမှ မတွေ့ဘူး..."
အိုး.. ဒါဆို အမေမဟုတ်ဘူးပဲ....
ကျန်းရှောင်မန်က စိတ်သက်သာရာရသွားပြီး သူမကို အနားယူစေလိုက်သည်။ ပြီးနောက် သူမအဘွားဆီကို သွားလိုက်သည်။
မဒမ်ဝမ်နဲ့ ဆက်ဆံရတာ အရမ်းလွယ်သည်။
အခု ဝမ်မိသားစုက ကျန်းရှောင်မန်အပေါ် အပြစ်ရှိစိတ်တွေ အထူးတလှယ် ခံစားနေရတာ ဖြစ်သည်။ ဒါကြောင့်ပဲ သူတို့က သူမကိုတွေ့တာနဲ့ အပြုံးတစ်ခုနဲ့ နှုတ်ဆက်လာကြပြီး သူမပေးသမျှ ရေတိုင်းကို ဘာမှမမေးဘဲ သောက်လိုက်ကြသည်။
ကျန်းရှောင်မန် သူ့အဘိုးအကြောင်း မေးလိုက်တော့ အဘွားဝမ်ကလည်း မသိဘူး ဟုသာ ဖြေလိုက်လေသည်။
ကျန်တဲ့ လျန်စစ်ယွီကိုတော့ အခုလောလောဆယ် ရေသွားတိုက်လို့ မရသေးပေ။ လျန်ယွီချင်းလည်း ဆေးရုံမှာ ရှိနေတာဖြစ်သည်။ သူက သူ့ကလေးတောင် ပစ်နိုင်၍ ကျန်းယွဲ့ကို လုပ်ကြံတယ်ဆိုသည်က သူ့အတွက် မပြောမလောက်ပေ။… သူလုပ်တာလည်း ဖြစ်နိုင်သည်။
ကျန်းရှောင်မန်က သူ့ကို သံသယရှိနေခဲ့သည်။
လျန်ယွမ်ချင်းက တစ်ခါတည်းနှင့် အမှန်ပြောဆေး နှစ်ဘူးတောင် သောက်ထားမိခဲ့သည်။ အကျိုးသက်ရောက်မှုက အရမ်းပြင်းလှ၍ အခုသူနိုးနေပြီဖြစ်သော်လည်း ဆေးစွမ်းပြနေတုန်းပင်။
အမှန်ပြောဆေးကို မဖြုန်းတီးရအောင် အခုပဲ မေးလိုက်ရမည်။
ကျန်းရှောင်မန် ရောက်လာသည့်အခါတွင်တာ စိတ်ရောဂါကု ဆရာဝန်က လျန်ယွမ်ချင်းရဲ့ စိတ်အခြေအနေကို စစ်ဆေးနေသည်။
ဆရာဝန်ကို လျန်စစ်ယွီက ခေါ်ပေးထားတာ ဖြစ်လေသည်။
လျန်ယွမ်ချင်းမှာသာ စိတ်ပိုင်းဆိုင်ရာ ပြဿနာ ရှိတာကို သက်သေပြနိုင်ရင် သူပြောသမျှစကားတွေ အတည်မှတ်လို့ မရတော့။ အခြေအနေတွေကို ပြန်ပြောင်းလို့ရနေသေးသည်။ သူမအဖေက သူမရဲ့ရည်ရွယ်ချက်တွေကို နားလည်ပြီးတော့ သေချာပူးပေါင်းဖို့ မျှော်လင့်ရသည်။
“မစ္စတာလျန်.. အခုတလော ခင်ဗျား ခန္ဓာကိုယ်မှာ မသက်မသာ ခံစားနေရတာမျိုး ရှိလား... ဒါမှမဟုတ် အကြားအာရုံချို့ယွင်းတာမျိုး ထင်ယောင်ထင်မှားတွေ မြင်နေရတာမျိုးတွေ ပင်ပန်းနွမ်းနွယ်တာမျိုးတွေ စိတ်ဂယောင် ခြောက်ခြားနေတာမျိုးတွေရော မကြာခဏ ကြုံရလေ့ရှိလား....."
လျန်ယွမ်ချင်းက ကုတင်ပေါ်မှာ အချည်ခံထားရပြီး သူ့လည်ပင်းက ဒေါသကြောင့် ပိုဖောင်းလာသည်။
“ကျစ်....မင်းတို့အားလုံး ငါ့ကို ရူးနေတယ်လို့ ထင်နေကြတာလား.... ငါမရူးဘူးကွ.... အကောင်းကြီး ရှိသေးတယ်....."
“ဒါပေမယ့် ခင်ဗျားရဲ့ မိသားစုပြောတာက ခင်ဗျား အဓိပ္ပာယ်မရှိတာတွေ ပြောနေတယ်ဆို…”
အဲ့တာက ပုံမှန်လူနဲ့မှ မတူတာ...
လျန်ယွမ်ချင်းက သရော်လိုက်သည်။
“ငါပြောသမျှက အမှန်တွေပဲ...."
“…”
လျန်ယွမ်ချင်းက ဒီလိုနည်းလမ်းနှင့် သေရမှာ တော်တော်လေး သောက်ကျိုးနည်းတာပဲဟု တွေးလိုက်မိသည်။ အခု သူအကြိမ်တစ်ထောင်လောက် သေပြီးသွားသလိုပင်။ သူသူ့ကိုယ်သူ ဆွဲချမိသွားခဲ့သည်။
သူလက်တွေခြေတွေကို ဆေးရုံကုတင်နှင့် တွဲကာ ကြိုးငါးချောင်းဖြင့် ချည်ထားပြီး ၎င်းကသေချာပေါက် စိတ်မမှန်တဲ့သူတွေကို ကုသပေးတဲ့ ပုံစံဖြစ်ကြောင်း သိသာနေသည်။
ထို့အပြင် သူ့ရှေ့မှာလည်း စိတ်ပညာဆရာဝန်တစ်ယောက် ရှိနေပြီး အရာအားလုံးကို ခြုံကြည့်လိုက်ရင် သူ့ကို စိတ်ရောဂါသည်လို ဆက်ဆံနေကြတယ်ဆိုတာ အထင်အရှားဖြစ်သည်။
၎င်း အရမ်းအရှက်ကွဲရသော်လည်း စိတ်ရောဂါရှိနေတယ်ဆိုတာကို သက်သေပြနိုင်လျှင် သူ့ရဲ့ အဆုံးသတ် မဟုတ်သေးဘူးဆိုသည့် သဘောဖြစ်သည်။
သို့သော်လည်း ဘယ်လိုမှ အဆင်မပြေနိုင်ခဲ့တာက သူက သူ့နှလုံးသားဆန္ဒနောက်တောင် မလိုက်နိုင်ခဲ့ဘဲ ဆေးစစ်ချက်အတုအတွက် ဆရာဝန်နှင့်လည်း သေချာလေး မပူးပေါင်းပေးနိုင်ခဲ့ချေ။
သူတော်တော်လေး ကြေကွဲနေလေပြီ။
လျန်ယွမ်ချင်း သူ့နှဖူးမှာ ချွေးတွေပြန်နေပြီး မျက်နှာမှာလည်း ဒဏ်ရာတွေ ဗရပွဖြစ်နေသည်။ သူလျှို့ဝှက်ကြံစည်နေခဲ့သည့် နှစ်တွေကို ပြန်စဉ်းစားကြည့်လိုက်ရင် ဒီလို သောက်ကျိုးနည်း ကိစ္စလေးကြောင့် သူကြိုးစားထားသမျှ သဲထဲရေသွန် ဖြစ်သွားရတာကို တွေးမိပြီး သူ့နှလုံးသား သွေးတစက်စက်ကျလာသလိုပင်။ သေသွားတာမှ ပိုကောင်းဦးမည်။
ကျန်းရှောင်မန် တံခါးကို မတွန်းလိုက်ခင်အထိ ဆေးရုံခန်းဝကို အကြာကြီး စိုက်ကြည့်နေပြီးမှလက်ပြောလိုက်သည်ဟ
“ဦးဦးဒေါက်တာ… သမီးဖေဖေရဲ့ အခြေအနေ ဘယ်လိုလဲဟင်...."
ဒေါက်တာကလည်း ခေါင်းကိုက်နေရလေသည်။ သူက ဆေးစစ်ချက်မှတ်တမ်းကို ကြည့်လိုက်ပြီး အရမ်းထူးဆန်းလွန်းလို့ အတည်မပြုနိုင်သေးပါချေ။
xxxxx
Chapter 324
ဒေါက်တာက စိတ်အားထက်သန်စွာ ဂရုတစိုက် ပြောလာခဲ့သည်။
“လူနာက အခုအရမ်းကို မတည်မငြိမ်ဖြစ်နေတယ်.. အဓိပ္ပာယ်မရှိတာတွေ ပြောနေရုံတင်မကဘူး… လူတွေကိုလည်း ရန်ပြုနေနိုင်တယ်… သမီးသူ့စိတ်ကို လှုံ့ဆော်ပေးနိုင်မဲ့ စကားတွေ မပြောတာအကောင်းဆုံးပဲ.. သူ့အခြေအနေမငြိမ်မချင်း အနားသိပ်မကပ်နဲ့.....z
“အိုး..”
ကျန်းရှောင်မန်က တွေးတွေးဆဆနဲ့ တိုးတိုးလေး ဆိုလိုက်သည်။
“ဒါဆို သမီး သူနဲ့ စကားပြောလို့မရဘူးလား....”
“အတိုင်းအတာ တစ်ခုထိ အန္တရာယ်ရှိနိုင်တယ်.. မပြောတာအကောင်းဆုံးပဲ...."
ဒေါက်တာက အခုတော့ လျန်ယွမ်ချင်းကို စိတ်ဝေဒနာသည်တစ်ယောက် အနေနဲ့ စပြီး ဆက်ဆံနေလေပြီ။
လျန်ယွမ်ချင်း၏ အပြုအမူများနှင့်ဆို သူ့ကို ပုံမှန်လူတစ်ယောက်လို့ ပြောဖို့ခက်လေသည်။
“ဒါဆို…”
ကျန်းရှောင်မန်ရဲ့ ဉာဏ်ကောင်းတဲ့ခေါင်းလေး အလင်းပွင့်သွားပြီး ပြုံးပြလိုက်သည်။
“သူ့ကို စိတ်ငြိမ်ဆေးပေးလို့ မရဘူးလားဟင်....”
“သီအိုရီအရတော့ ဖြစ်နိုင်တာက…”
စိတ်ငြိမ်ဆေးက အာရုံကြောပင်မဌာနကို တိုက်ရိုက်သက်ရောက်တာကြောင့် မှန်မှန်ကန်ကန် မသုံးရင် နောက်ဆက်တွဲ ဆိုးကျိုးတွေ ဖြစ်လာနိုင်လို့ မလိုအပ်ရင် မသုံးတာက အကောင်းဆုံးသာဖြစ်သည်။
ဒေါက်တာက အချိန်အတော်ကြာတဲ့အထိ တုန့်ဆိုင်းနေပြီးမှ သူ့ရှေ့ အပြစ်ကင်းတဲ့ ကလေးမလေးကို ကြည့်လိုက်ပြီး အချိန်အတော်ကြာတဲ့ အထိတုန့်ဆိုင်းနေသည်။ သူမရဲ့ မျက်လုံးတွေက သူမအဖေရဲ့စကားတွေကို အရမ်းကိုလွမ်းနေပုံရတာကြောင့် သူ့နှလုံးသား ပျော့ပြောင်းရသွားလေသည်။
“ကောင်းပြီလေ ဦးတို့က သူကောင်းဖို့အတွက် လုပ်ရတာပဲ.. မဟုတ်ရင် သူ့ကိုယ်သူ ထိခိုက်အောင် လုပ်နေတော့မှာ....."
“ဟုတ်ကဲ့...."
ကျန်းရှောင်မန် ခေါင်းငြိမ့်ပြလိုက်သည်။
လျန်ယွမ်ချင်း၏ မျက်လုံးတွေ ပေါက်ထွက်မတတ် ဒေါသထွက်လာရသည်။ သူ သူမကို ဆူချင်ပေမယ့်လည်း အခုတော့ ဘာမှကို မပြောထွက်ရဲပေ။ သူ့ကို မေးခွန်းတွေ လာမမေးကိုပဲ ကျေးဇူးတင်နေရတယ်။
ထို့ကြောင့် လျန်ယွမ်ချင်းတစ်ယောက် ဒေါက်တာသူ့ကို စိတ်ငြိမ်ဆေးပေးနေတာကို ကြည့်နေရုံပဲ တတ်နိုင်တော့သည်။
လျန်ယွမ်ချင်း ဘာမှ မထေ့ငေါ့နိုင်ခင်မှာပဲ ချည်ခံထားရတဲ့ သူ့ခြေလက်တွေ အားတစ်စက်မှမရှိတော့ဘဲ အားပျော့လာခဲ့သည်။
မကြာခင်တွင် ဆေးရုံခန်းထဲ၌ ကျန်းရှောင်မန်နဲ့ လျန်ယွမ်ချင်း နှစ်ယောက်ပဲ ကျန်ခဲ့တော့သည်။
လျန်ယွမ်ချင်းက ကျန်းရှောင်မန်ကို ဒေါသတကြီး စိုက်ကြည့်လိုက်ပြီး အားပြတ်နေဟန် အမောတကော ပြောလာခဲ့သည်။
“မင်းဘာလိုချင်လို့လဲ...."
ကျန်းရှောင်မန် လက်ကလေးများဖြင့် သူမပါးလေးကို ပွတ်သပ်လိုက်ပြီး သူ့ကို ကြည့်ကာ ဒဲ့မေးလိုက်သည်။
“ဘိုးဘိုး နေမကောင်း ဖြစ်အောင် ဖေဖေ လုပ်လိုက်တာလား...."
ထို့နောက် လျန်ယွမ်ချင်း နောက်ထပ် ဖျားတော့မလို ခံစားလိုက်ရပြန်သည်။ သူများမေးသမျှ ဘာမှမတတ်နိုင်ဘဲ ပြန်ဖြေရပြန်တော့မယ်!
သောက်ကျိုးနည်း ရက်စက်တဲ့လောကကြီး....
“ ငါစဥ်းစားခဲ့ဖူးတယ်...ဒါပေမယ့် လူအိုကြီးက ငါ့ကို အရမ်းသတိထားနေတာလေ… ငါလုပ်ချင်ရင်တောင် ဘာအခွင့်အရေးမှ မရှိဘူး.... ငါသာလုပ်နိုင်ခဲ့ရင် လွန်ခဲ့တဲ့ ဆယ်နှစ်ကတည်းက လုပ်ခဲ့ပြီးပြီ… အခုအချိန်ထိ စောင့်နေစရာ လိုပါ့မလား...."
အိုး မဟုတ်သေးဘူး သူဘာတွေပြောလိုက်တာလဲ....
လျန်ယွမ်ချင်း သူ့လျှာကို ကိုက်ပစ်ချင်လာလေပြီ။
ကျန်းရှောင်မန် ထပ်ခေါင်းငြိမ့်ပြလိုက်ပြီး သူ့ကို ခေါင်းစခြေဆုံး ကြည့်လိုက်သည်။
“ဒါဆို ဖေဖေက အဲ့လိုတွေးနေတာပေါ့...."
“ဟုတ်တယ်....ငါအဲ့လို တွေးနေတာ...."
မဟုတ်သေးဘူး မဟုတ်သေးဘူး… စကားပြောနေတာ ရပ်လိုက်စမ်းပါ.. စကားပြောနေတာရပ်လိုက်စမ်း… ဆက်မတောင့်ခံနိုင်တော့ဘူး…
လျန်ယွမ်ချင်း နှင့် သူ့အပေါင်းအပါကတော့ ဒေါသတကြီး မျက်ရည်သုတ်နေရလေပြီ။
ဘာလို့လဲ.... ဘာလို့ သူလိုချင်တဲ့ နေရာရောက်လာဖို့ တဆင့်ချင်းကြိုးစား ခဲ့ရပြီး အောင်မြင်ဖို့လည်း နီးကပ်နေပြီကို ရုတ်တရက်ကြီး ရူးကြောင်ကြောင် ဖြစ်သွားရတာလဲ....
ဒါကို ဘာလို့ခေါ်မလဲ...
လျန်ယွမ်ချင်း မျက်နှာကျက်ကို ထိုင်းမှိုင်းနေသည့် မျက်လုံးတွေနှင့် ကြည့်လိုက်ပေမယ့်လည်း သူထပ်ပြီးနားမလည်ချင်တော့ဘူး။
ကျန်းရှောင်မန်က ထရပ်လိုက်ပြီး “မငိုပါနဲ့...."လို့ ကြင်နာစွာ ပြောလိုက်သည်။
လျန်ယွမ်ချင်းကတော့ သူမကို လျစ်လျူရှုထားလိုက်လေပြီ။
သူကတော့ ဒီကလေးမက ကမ္ဘာပေါ်မှာ အဆိုးဆုံး နတ်ဆိုးပဲလို့ တွေးလိုက်သည်။
မဟုတ်သေးဘူး… နတ်ဆိုးတွေတောင် သူမလောက် ကြောက်ဖို့ကောင်းပါ့မလား... သူမက သူတစ်ယောက်တည်းကို အကြွေးတောင်းဖို့သက်သက် မွေးလာတာပဲ ဖြစ်ရမယ်...
သူအသက်ရှုကြပ်ရလွန်းလို့ သေသွားနိုင်သည်။
လျန်ယွမ်ချင်း တွေးနေမိသည်။
ကျန်းရှောင်မန်က ပြောလိုက်သည်။
“ဖေဖေ့ရဲ့ နေ့ရက်ကောင်းလေးတွေ ကုန်တော့မှာကို ဘာလို့ ငိုနေရသေးတာလဲ....ပျော်ပျော်လေး ဖြတ်သန်းလိုက်ပါလား...."
“ဘာ… ဘာပြောတာလဲ...."
လျန်ယွမ်ချင်း တုန်လှုပ်ချောက်ချားသွားသည်။
“ဒီကိစ္စကို မတွေးမိသေးဘူးလား....”
ကျန်းရှောင်မန် ပြုံးနေပေမယ့်လည်း သူမရဲ့နှုတ်ခမ်းထောင့်တွေကအေးစက်နေပြီး ဖြူလျော်ပြီး ခံစားချက်မရှိသည့်မျက်နှာက အနည်းငယ် စိမ်းသက်နေသလိုပင်။
“သမီးရဲ့ ဦးလေးနဲ့ ဘွားဘွားက ဖေဖေ့ကို အလွတ်ပေးမှာ မဟုတ်ဘူး… မေမေရောပဲ… ဖေဖေ့ဘဝတော့ သွားပြီ....."
ကျိန်စာတစ်ခု ချန်ရစ်ခဲ့ပြီး လျန်ယွမ်ချင်း သူမနောက်မှာ ဘယ်လိုပဲ ရုန်းကန်နေပါစေ ဘယ်လောက်ပဲ ငိုကြွေးနေပါစေ သူမ ပြန်လှည့်မကြည့်ခဲ့ပေ။
သူမကို စွန့်ပစ်ပြီး သတ်ချင်ခဲ့သည့် လူတစ်ယောက်အတွက် သူမအရမ်း သနားကြင်နာပေးထားတာသာဖြစ်သည်။
တစ်ခြားနည်းလမ်းလည်း မရှိပေ။ သူမလို လူကောင်းလေးတစ်ယောက်က မကောင်းတာတွေ မလုပ်နိုင်ပါ။
သူနဲ့ ထိုက်တန်တဲ့အရာပဲ...ရက်စက်တဲ့ ဗီလိန်ဆိုတာ မကောင်းတဲ့စိတ်နဲ့ မွေးလာတာ....
စနစ်က သူမကို ဂုဏ်ပြုလိုက်သည်။
[လက်ခုပ်တီးနေပုံ.jpg] [လက်ခုပ်တီးနေပုံ.jpg]
စနစ်: “ဒါ မင်းအတွက် ငါ အထူးတလှယ် စုထားတဲ့ အီမိုဂျီတွေလေ....."
ကျန်းရှောင်မန် စနစ်?ချီးကျူးမှုကို တည်တည်ငြိမ်ငြိမ် လက်ခံလိုက်သည်။ ၎င်းက အရမ်းအသုံးဝင်သည်။ အမွှန်းတင်မှုတွေ ပြီးသွားတဲ့အခါမှတော့ စနစ်က ကိစ္စအဟောင်းကိုပဲ အစဖော်လာပြန်သည်။
“ဒါဆို ပိုင်ရှင်… တာဝန်အတွက် ဘယ်လို ဆက်လုပ်ဖို့ စီစဥ်ထားလဲ...."
ကျန်းရှောင်မန် ထိုအကြောင်းကို ကြားလိုက်ရချင်းချင်း သူမခေါင်းတွေ နာကျင်ရလာသည်။ သူမက စနစ်လုပ်ပေးထားသော အချက်ပြဘားတန်းကို ကြည့်လိုက်သည်။ အခု 49ရက်ပဲ ကျန်တော့လေသည်။
သူမအမြင်အရဆို လျန်ယွမ်ချင်း ကသာ မိသားစုထဲမှာ အဆိုးတကာ့ အဆိုးဆုံးလူ ဖြစ်သည်။
ရလဒ်အနေနဲ့ ဘိုးဘိုး နေမကောင်းတာ သူ့လက်ချက် မဟုတ်ဘူးဆိုမှတော့ ဘယ်သူ ဖြစ်နိုင်သေးလဲ....
ဖြစ်နိုင်တာက…
လူတွေ မသိနိုင်တဲ့ လျှို့ဝှက်ဆန်းကြယ်တဲ့ စွမ်းအားများလား....
ကျန်းရှောင်မန် သဘာဝလွန်ကိစ္စတွေကို စတွေးမိလာလေပြီ။
xxxxxxxxx
Chapter 325
သာမန်လူတွေ မဖြေရှင်းနိုင်ဘူးဆိုရင် ဘာလို့ နတ်ဘုရားမကို သွားမရှာရမှာလဲ.... ဘွားဘွားက အကောင်းဆုံးပဲ...
စနစ်ကတော့ သောကရောက်နေလေ။ပြီ
“ပိုင်ရှင် ခဏနေပါအုံး.. စိတ်အေးအေးထားပါ… အယူသီးလွန်းတာက လူတွေကို သေစေနိုင်တယ်... ငါတို့ကနည်းနည်း ပိုပြီးသိပ္ပံနည်းကျတယ်လေ.. သဲလွန်စတွေ ရှိအုံးမှာပါ… အလုပ်ကြိုးစားနေသ၍တော့ နည်းလမ်းတစ်ခုလောက် ရှာတွေ့မှာပါ...."
ကျန်းရှောင်မန် တီးတိုးပြောလိုက်သည်။
“ပြောရရင် ဦးဦးကမှ ပိုပြီး သိပ္ပံနည်းမကျတာကို…”
ဦးဦးစနစ်တစ်ယောက် ဘာမှပြန်မချေပနိုင်တော့ပေ။
သူလည်း မရှင်းပြတတ်ဘူးလေ...
နှစ်ယောက်သား ခဏလောက်ဆက်ပြီး ဆွေးနွေးကြပေမယ့်လည်း ဘာအကြံမှ မထွက်လာကြချေ။
ကျန်းရှောင်မန်က ပြောလိုက်သည်။
“ဘာပဲဖြစ်ဖြစ် သမီးမှာ အမှန်ပြောဆေးရည် တစ်ပုလင်းကျန်နေသေးတာပဲ… ဖြုန်းတီးလို့ မဖြစ်ဘူး... အရင်ဆုံး လျန်စစ်ယွီကိုသွားတိုက်ပြီး မေးရမယ်...."
“အင်း...."
စနစ်က သူ့လက်တွေကို ပွတ်သပ်လိုက်ပြီး စောင့်မျှော်နေလိုက်သည်။
အလုပ်ကြိုးစားချင်စိတ် ရှိနေသ၍ အကောင်းဆုံး ပိုင်ရှင်ပဲ....
လျန်စစ်ယွီက ဝမ်ဟွေ့ဘေးနားမှာ လိမ္မာတဲ့ ကလေးတစ်ယောက်လို စောင့်ပေးနေသည်။ ကျန်းရှောင်မန် ဝင်လာချိန်တွင် လျန်စစ်ယွီက ဝမ်ဟွေ့ရှေ့မှာ ကလေးလေးတစ်ယောက်လို ပြုမူနေကာ နွေးထွေးပြီး ပနံသင့်သည့် မြင်ကွင်းတစ်ခုလိုပင်။ သို့သော်ငြား လျန်ရှောင်မန် ရောက်လာတာနှင့် ထို နွေးထွေးပြီး သဟဇာတ ဖြစ်နေမှုများ ပျောက်ကွယ်သွားသည်။ သူမဝင်လာတော့ လျန်စစ်ယွီက ရင်းနှီးနွေးထွေးတဲ့ အမူအယာတွေ မရှိတော့ဘဲ သူမကို တိတ်တိတ်လေး စူးစိုက်ကြည့်လိုက်သေးသည်။
ကျန်းရှောင်မန်ကတော့ လုံးဝကို ဒေါသမထွက်သွားပေ။ သူမမျက်လုံးတွေ လှိမ့်လိုက်တဲ့ပုံက လှလည်းမလှသလို ကြည့်လို့လည်း ကောင်းမနေ၍ သူမသာ လုပ်နိုင်ရင် လျန်စစ်ယွီကို သရော်တဲ့အနေနဲ့ လေချွန်ပြချင်လိုက်သေးတယ်။ ဒီလို လှည့်စားမှုလေးက စွန်းရှောင်ကျဲနဲ့ တစ်ခြားသူတွေဆီက သင်ထားတာဖြစ်သည်။
အထူးသဖြင့် လူယုတ်မာဆန်တာပေါ့…
သို့သော်လည်း ကျန်းရှောင်မန်က လူကြီးတစ်ယောက်ရဲ့ ရှေ့မှာ ဒီလိုမျိုးမလုပ်သင့်ဘူးလို့ ထင်တာကြောင့်ပဲ လက်လျှော့လိုက်တော့သည်။
“မေမေ...."
ကျန်းရှောင်မန်က သူမအမေဆီကို လျှောက်သွားလိုက်ပြီး နှုတ်ဆက်လိုက် ပြီးတော့သူမလည်း ဝင်ထိုင်လိုက်သည်။
ဝမ်ဟွေ့၏ အခြေအနေက အစကတည်းက ကောင်းနေပြီးသား ဖြစ်ပြီး သူမစိတ်လည်း ငြိမ်သွားပြီ ဖြစ်သဖြင့် အရင်ကလောက် စိတ်လှုပ်ရှားမနေတော့ပေ။ ကျန်းရှောင်မန်ကို ထိုင်ဖို့ လက်ယပ်ခေါ်လိုက်ပြီးနောက် ဝမ်ဟွေ့က ပြောလိုက်သည်။
“သမီးတို့ ညီအစ်မနှစ်ယောက် ရှေ့လျှောက် သင့်သင့်မြတ်မြတ် နေသွားကြရမယ်နော်… အခု မိသားစုက ပရမ်းပတာ ဖြစ်နေတာ မေမေ့ကို နောက်ထပ် စိတ်ပူရအောင် မလုပ်ကြနဲ့တော့…”
ကျန်းရှောင်မန် : “ဟုတ်..."
လျန်စစ်ယွီက နေရခက်စွာဖြင့် ပြုံးလိုက်ပြီးနောက် သူမလက်ကိုကိုက်ကာ တီးတိုးပြောလိုက်သည်။
“မေမေ… ဖေဖေ သူ…”
“သူအကြောင်း ထပ်မပြောနဲ့....."
ဝမ်ဟွေ့ ထပ်ပြီး စိတ်မငြိမ် ဖြစ်လာပြန်သည်။
လျန်စစ်ယွီက တုန်လှုပ်သွားကာ ဘာမှထပ်မပြောရဲတော့ဘဲ ပါးစပ်ပိတ်နေလိုက်ရတော့သည်။
ကျန်းရှောင်မန်က ဒီအခြေအနေကို အခွင့်ကောင်းယူပြီး ခင်မင်ရင်းနှီးမှုနဲ့ သင့်မြတ်လိုမှု အမည်ခံကာ လျန်စစ်ယွီကို ရောနှောထားသော ရေဘူးတစ်ဘူးကို ကမ်းပေးလိုက်သည်။
“ဒါက…”
လျန်စစ်ယွီ သူမနှုတ်ခမ်းကို ကိုက်ကာ ကျန်းရှောင်မန်ကို ပြုံးပြလိုက်ပြီး အနည်းငယ် ကြောက်လန့်နေဟန်ဖြင့် ပြောလိုက်သည်။
“မမ ညီမ ရေမဆာလို့ မသောက်သေးဘူးနော်…”
စဉ်းတောင် မစဉ်းစားဘဲ ငြင်းလိုက်တယ်ပေါ့....
ကျန်းရှောင်မန်ကတော့ သူမပေးလိုက်တဲ့ရေကို လျန်စစ်ယွီ ငြင်းလိုက်မယ်လို့ မထင်ထားခဲ့ပေ။ ကြည့်ရတာ အရင်ကလုပ်ခဲ့တဲ့ အကြံအစည်က အရမ်းချောချောမွေ့မွေ့နှင့်အောင်မြင်သွားလို့ ကျန်းရှောင်မန်တစ်ယောက် ဒီလိုအဖြစ်မျိုးကို မတွေးကြည့်မိခဲ့တာ ဖြစ်မည်။
“ကောင်းပြီလေ...."
ကျန်းရှောင်မန် တွန့်ဆုတ်မနေဘဲ ပြုံးပြလိုက်သည်။
လျန်စစ်ယွီတစ်ယောက် သတိကြီးကြီးထားနေတာပဲ.....
“မေမေ… ဘွားဘွားရဲ့ အခြေအနေကလည်း မတည်မငြိမ်ဖြစ်နေတာ.. မေမေ့ဘေးမှာ ညီမလေး ရှိနေပေးတယ်… ဘွားဘွားကိုကြဂရုစိုက်မဲ့ လူမရှိတော့ သမီး သွားကြည့်မှ ဖြစ်မယ်...."
ကျန်းရှောင်မန် အဓိကပြောချင်တာဒါသာဖြစ်သည်။
ဒီလိုကိစ္စကြီး ကြုံရပြီးတော့ ဝမ်ဟွေ့ကတော့ အရမ်းပင်ပန်းနေပြီး ကျန်းရှောင်မန်ကို မတားနိုင်တော့၍ ဘာမှမပြောတော့ဘဲ ခေါင်းငြိမ့်ပြပြီး သွားခွင့်ပြုလိုက်သည်။
ဆေးရုံခန်းထဲက ထွက်လာပြီးနောက်တွင် ကျန်းရှောင်မန် လျန်စစ်ယွီ ပြောနေတာကို ဝိုးတဝါး ကြားလိုက်ရသည်။
“မေမေ,.. ကြည့်အုံး. သူမေမေ့ကို လုံးဝ ဂရုမစိုက်ဘူး....."
သို့သော် ဝမ်ဟွေ့က သူမကို လှမ်းဟန့်လိုက်သည်။
ဟမ့်.. စိတ်အနှောင့်အယှက် ဖြစ်စရာပဲ....
သူမက သူမရဲ့ အတွေးလွန်တာတွေကို ထိန်းထားနိုင်ဖို့ အရမ်းငယ်လွန်းနေသေး၍ သူမရဲ့ ဆတ်ဆတ်ထိမခံတဲ့ နှလုံးသားလေး လေးလံသွားသည်။
မထင်ထားဘူး လျန်စစ်ယွီပဲ.....
စနစ်လည်းပဲ ဒေါတတကြီးနှင့်ထပြောသည်။
“ပိုင်ရှင် သူမင်းကို သတိထားနေတယ်...."
ပထမဆုံး မကောင်းသည့်လူ လျန်ယွမ်ချင်းကိုတောင် ဘာအခက်အခဲမှ မရှိဘဲ ဆေးခတ်နိုင်လိုက်တော့ ရေဘူးထဲကိုပဲ လောင်းထည့်ပေးလိုက်ခြင်းက လျန်စစ်ယွီ သူမလက်က လွတ်သွားမယ်လို့ မမျှော်လင့်ခဲ့ပါချေ။
“ဖြစ်နိုင်တာက သမီးတို့လုပ်လိုက်တာ အရမ်းသိသာ သွားလို့များလား...."
“ဖြစ်နိုင်တယ်.... ပိုင်ရှင် ဒီလိုမျိုး ဘောလုံးကို တိုက်ရိုက်ပစ်လိုက် နိုင်သွားတာလေ… အဲ့လို အောင်မြင်မှုမျိုး တစ်ခါမှ မကြားဖူးဘူး....."
ကျန်းရှောင်မန်ကတော့ သူ့ ချီးကျူးစကားတွေကို လျစ်လျူရှုလိုက်ပြီး သူမလက်ထဲက ရေဘူးကို ကြည့်လိုက်ပြီး တီးတိုး ဆိုလိုက်လေသည်။
“ဒါပေမယ့် မဟုတ်တာလုပ်မထားရင် ညလယ်ခေါင်မှာ သရဲတွေ တံခါးလာခေါက်မှာကို ကြောက်နေပါ့မလား… သူက ဘာတွေ ကြောက်နေတာလဲ....."
စနစ်လည်း ဘာမှန်းမသိလို့ သူမကို ပြန်မဖြေလာခဲ့ပါ။
ဘူးထဲမှာ ပွိုင့် 200 တန်တဲ့ အမှန်ပြောဆေးရည်ထည့်ထားသည်။ လျန်စစ်ယွီ မသောက်လိုက်ဘူး ဆိုပေမယ့် ကျန်းရှောင်မန် လွှင့်ပစ်ဖို့ မတွေးထားပေ။ ဒါအရမ်း ဖြုန်းတီးရာကျလွန်းနေသည်။
ရက်လွန်သွားမသွားကတော့ ကျန်းရှောင်မန်စိတ်ထဲ သိပ်မထားလိုက်ပေ။
ကျန်းရှင်းနှင့် ကျန်းဟွေ့မိန်က အရင်တိုက်ခန်းမှာပဲ နေဆဲဖြစ်ပြီး မပြောင်းရွှေ့ရသေးချေ။
ကျန်းရှန်းက ကျန်းရှောင်မန်အတွက် ချင်မင်အထက်တန်းကျောင်းနားမှာ အိမ်တစ်လုံး ဝယ်ပေးထားပေမယ့်လည်း လုပ်ရိုးလုပ်ထုံးအဆင့်ဆင့်ကို မပြီးသေးတာကြောင့် အခုထိ မပြောင်းနိုင်သေးလို့ အရင်နေရာမှာပဲ နေနေရတုန်းဖြစ်သည်။
“ငါ့ကလေးက မျက်စိတစ်မှိတ်အတွင်း ကျောင်းတက်ရမဲ့ အရွယ်အထိရောက်လာပြီ.. အချိန်တွေ အကုန်မြန်လိုက်တာ....."
ကျန်းဟွေ့မိန် ပြောလိုက်သည်။
“အိမ်နောက်မှာ နေရာလွတ်လေး ထားပေးထားရင် ကောင်းမှာပဲ… အသီးအရွက်တွေ စိုက်ပြီး ဖြည့်ထားရအောင်.. မဟုတ်ရင် ငါအရမ်းပျင်းနေရမှာ...."
ကျန်းရှင်းက အော့အန်မိတော့မလိုပင်။
" ဝက်ခြံ ဆောက်တာ ပိုကောင်းတာပေါ့...."
“ဒါလည်း ကောင်းတာပဲ...."
“…”
သူက ဟာသ အနေနဲ့ ပြောလိုက်ရုံပါဟ...သူ့အမေကတော့ အတည်ထင်သွားပြီ လုပ်ကြပါဦး....
မြေတစ်လက်မတိုင်းက ပိုက်ဆံတွေပဲ ဆိုတာ ချဲ့ကား ပြောတာ မဟုတ်ပေ။ ဒီအိမ်က အရင်က သေးပြီး ပြည့်ကျပ်နေတဲ့ ကျောင်းနားက အိမ်ထက် ပိုဈေးကြီးလေသည်။ ဒါပေမယ့် သူတတ်နိုင်ပါသေးသည်။ သူဒီအိမ်ကို မျက်တောင် တစ်ချက်မှ မခတ်ဘဲ ဝယ်နိုင်သည်။
xxxxxxx