Chapter 326
သို့သော် ဤနေရာ၌ဝက်ခြံနှင့် အသီးအရွက်စိုက်ခင်း ထားဖို့ မြေအပို ဝယ်ရမယ်ဆိုပါက အမှန်အတိုင်း ပြောရရင်ကျန်းရှင်းတစ်ယောက် နည်းနည်းလောက် နာကျင်မိသွားသည်။
ဒီလိုဆို ယွီကုန်းနဲ့ ဘာထူးတော့မှာလဲ… သူ့ကလေးတွေနဲ့ မြေးတွေက ဒီနေရာမှာ ဝက်တွေမွေးကြပြီး ငွေပြန်ရအောင် လုပ်နိုင်ကြမှာ မဟုတ်ဘူးလေ....
သို့သော်လည်း သူဝယ်ချင်ပါတယ်လို့ ပြောရင်တောင် ဝယ်လို့မရပေ။
ကျန်းရှောင်မန် ပြန်လာချိန်တွင် ကျန်းဟွေ့မိန်က မြေနေရာမရှိလျှင်လည်း လသာဆောင်တွင် စင်ဆောက်ပြီး စပျစ်သီးစိုက်ကြမည်လား စသဖြင့် ကျန်းရှင်းနှင့် ဆွေးနွေးနေခဲ့သည်။
ကျန်းရှင်းက သူ မစိုက်ချင်ကြောင်း ပြောသည်။ ၎င်းတို့ကို စိုက်ပါက ဆေးဖြန်းရမည် ဖြစ်ပြီး မဟုတ်က နွယ်ပင်များတွင် ပိုးကောင်များ ကပ်နေမှာပင်။ ထိုအကောင်မျးက စပျစ်သီးတွေကို စားလိုက်ကြမှာ ဖြစ်ပြီး သူတို့ စားလိုက်ရမှာ မဟုတ်ပေ။
ကျန်းဟွေ့မိန်က ဘာမှမစိုက်တာက သူမအတွက် ဖြုန်းတီးလွန်းရာ ကျသည်ဟု ပြောပြန်သည်။ ထို့အပြင် ဘာမှမစိုက်ပျိုးရပါက သူမအတွက် စိတ်မသက်မသာ ဖြစ်နေမှာပင်။ ပိုးကောင်တွေရှိတော့လည်း ရှိတာပဲဟုသဘောထားပြီး ပိုးကောင်တွေ ရှိလာရင် ငှက်မွေးထားလိုက်မည်။ ပိုးတအားကျလာပက ငှက်တွေကို စားခိုင်းလိုက်ပြီး ပိုးကောင်ရှင်းရမဲ့ တာဝန်လည်း လွတ်သွားမည် ဖြစ်သည်။
အိမ်တစ်ခုလုံး တိရိစ္ဆာန်ရုံ ဖြစ်မလာခင် ကျန်းရှောင်မန် ဝင်လာခဲ့သည်။
သူတို့နှစ်ယောက်လုံး အဆင်ပြေနေကြသည်ကို မြင်မှ ကျန်းရှောင်မန် စိတ်အေးသွားရပြီး လျှောက်တွေးနေတာကို ရပ်လိုက်သည်။
ကျန်းရှောင်မန်ကို တွေ့တော့ ကျန်းဟွေ့မိန် စကားပြောနေတာကို ရပ်လိုက်ပြီး လှမ်းမေးလိုက်သည်။
“ဘာလို့ ပြန်လာတာလဲ... သမီး အမေနဲ့ အဘိုးနားမှာ နေမပေးရဘူးလား...."
“သူတို့ အဆင်ပြေပါတယ်… သမီးပြန်လာပြီး ဘွားဘွားကို လာကြည့်တာ…”
ကျန်းရှောင်မန်က သူမကို ကြည့်လိုက်သည်။ သူမအမူအယာတွေက ပုံမှန်ဖြစ်သော်လည်း သူမနှလုံးသားကတော့ ကျောက်ဆောင်ကြီးတစ်ခု ပိနေသလိုခံစားနေရသည် သူမက ထပ်ပြီး တီးတိုးပြောလိုက်သည်။
“ဘွားဘွား စိတ်မဆိုးဘူးလားဟင်..."
ကျန်းရှောင်မန်က မေမေကျန်းယွဲ့အကြောင်း ပြောနေတာ ဖြစ်သည်။
ကျန်းဟွေ့မိန်က သက်ပြင်းလေးလေးချလိုက်ပြီး သူမမျက်နှာကို ပွတ်သပ်လိုက်သည်။
“ဘာလို့ စိတ်ဆိုးရမှာလဲကွယ်....ဘွားဘွားရဲ့ သမီးက ကံကြမ္မာ အရပါပဲ.. သူက နေမကောင်းလို့သာ ဆုံးသွားခဲ့ရရှာတာ မကောင်းကြံခံခဲ့ရတာမှ မဟုတ်ဘဲ… သူအသက်ရှင်ခဲ့တုန်းကလည်း လုပ်သင့်လုပ်ထိုက်တာတွေပဲ လုပ်ခဲ့တာပဲလေ… သမီးအတွက်သာပါ… သမီးဘဝက ခက်ခဲခဲ့ရတယ်....."
ကျန်းဟွေ့မိန်နဲ့ ကျန်းရှင်းတို့ ဆွေးနွေးခဲ့ကြပြီးပြီ။
သူတို့ဘာမှ မတွေးဘူးပြောရင်တောင် ဘယ်လိုမှ စိတ်သက်သာရာ မရနိုင်ခဲ့ပေ။ သို့သော် ကံကောင်းတာက ထိုမိသားစုက သဘောကောင်း ကြလို့သာဖြစ်သည်။ ဝမ်မိသားစုက ပြန်လာပြီးနောက် သူတို့ တိုင်ပင်ခဲ့ကြသည်။ တစ်ယောက်နှင့် တစ်ယောက် နားလည်မှုယူပြီးနောက် အရင်အတိုင်းပဲ ထားတာက အကောင်းဆုံးဖြစ်မယ်လို့ ခံစားလိုက်ရလေသည်။
သူတို့က ရှောင်မန်ကို နှစ်တွေအကြာကြီး ပျိုးထောင်ခဲ့ပြီး အမှိုက်လိုကောင် တစ်ကောင်ကြောင့် ကလေးကို မလိုချင်လို့ စွန့်ပစ်ပါတယ်လို့ အပြစ်တင်လို့ မရပေ။ သေချာ စကား ပြောကြပြီးနောက်မှာတော့ မကောင်းတဲ့သူက သူမအဖေသာ ဖြစ်သည်။ သူမက အရမ်းငယ်လွန်းတဲ့ အချိန်မှာတောင် စွန့်ပစ်ခံရလုနီးနီးဖြစ်ခဲ့၍ ပြောရလျှင် မည်သူက သူမလောက် သနားစရာကောင်းမည်နည်း။
ကျန်းဟွေ့မိန်က သူမတွေးကြည့်လိုက်တိုင်း ကြောက်ရွံ့နေဆဲပင်။ သို့သော် သူမက ကျန်းရှောင်မန်ရဲ့ လက်ကို ကိုင်လိုက်ပြီး နှစ်သိမ့််ပေးလိုက်သည်။
"ကျန်းယွဲ့ သမီးကို ခေါ်လာခဲ့လို့ တော်သေးတယ်… မဟုတ်ရင် ဘယ်နေရာရောက်လို့ ဘယ်လိုနေရမလဲ မသိဘူး..”
ကျန်းရှောင်မန် ချူံးပွဲချ ငိုကြွေးလိုက်သည်။
ဘာလို့ ဘွားဘွားက အဲ့လောက် ကောင်းရတာလဲ.... ဘွားဘွားက တကယ့်ကို ကမ္ဘာပေါ်မှာ အကောင်းဆုံး လူသားပဲ...
ကျန်းရှောင်မန်က ငိုကြွေးနေရင်း ပြောလိုက်သည်။
“ဘွားဘွားက အရမ်းကောင်းတာပဲ ဘွားဘွား ဘယ်သွားသွား သမီးလိုက်မယ်… သမီး နောက်ထပ် ဘွားဘွား စိတ်ဆိုးအောင် မလုပ်တော့ဘူးနော်… ပြီးတော့ အစားလည်း အများကြီးစားမယ်…”
ကျန်းဟွေ့မိန် သူမကို ဆွေကြည့်လိုက်ပြီး ပြောလိုက်သည်။
“သမီး ပြောတဲ့အတိုင်း လုပ်ရင် ကောင်းတာပေါ့....."
“ဟုတ်.."
ကျန်းရှောင်မန် သူမကို ခေါင်းတဆတ်ဆတ် ငြိမ့်ပြလိုက်သည်။
သူမအဘွားနှင့်ဦးလေးတို့နှင့်အတူ ညစာစားပြီး နောက်တွင် တစ်ညလုံး အိပ်စက်လိုက်တော့သည်။ ထို့နောက်တွင် ကျန်းဟွေ့မိန်က သူမကို ဝမ်မိသားစုသို့ ပြန်ခိုင်းလိုက်သည်။
သူမပြောတာက အခု လူအိုကြီးက အချိန်မရွေး သေဆုံးသွားနိုင်ကြောင့် ကျန်းရှောင်မန်ကို အတူရှိနေပေးစေလိုသည်။ ထို့အပြင် ကျောင်းတွေ ဖွင့်တော့မည် ဖြစ်တာကြောင့်လည်း ကျန်းရှင်းက သူမအတွက် အိမ်နှင့်ပစ္စည်းတွေ ဝယ်ပေးဖို့ရှိသေးသည်။
ဝမ်အိမ်ကို ပြန်ရောက်ချိန်တွင် စနစ်က ကျန်းရှောင်မန်ကို 48ရက်သာ ကျန်တော့ကြောင်း အသိပေးလာခဲ့သည်။
ဤနံပါတ်များက ကျန်းရှောင်မန်ကို အထက်တန်းဝင်ခွင့်စာမေးပွဲ ပြင်ဆင်နေရတာနှင့် မတူဘဲ ကြောက်စရာ ကောင်းလောက်အောင် တွန်းအားပေးနေသလိုပင်။
၎င်းကို မဖြေရှင်းနိုင်ခဲ့ပါက ဘိုးဘိုးသေသွားရုံမက စနစ်လည်း ပြဿနာ နည်းနည်း ရှိလာနိုင်ပေသည်။
ကျန်းရှောင်မန်တစ်ယောက် အိပ်ရာပေါ်မှာ ထိုင်နေရင်း ခဏလောက် တွေးနေလိုက်သည်။ ပြီးနောက် သူ့လက်ထဲမှာ ရှိနေသည့် အမှန်ပြောဆေးရည်ကို ကြည့်လိုက်ပြီး လဲလှယ်ထားတာကို မဖြုန်းတီးဖို့ တွေးလိုက်သည်။ လျန်စစ်ယွီ မသောက်ရင်လည်း နေပါစေ။ သူ့ကိုတွန်းအားပေးမနေတော့ဘဲ ဘိုးဘိုးကိုသာ တိုက်လိုက်တော့မည်။
သူ့ကို မေးကြည့်လိုက်ပါက ဘယ်သူ့လက်ချက်လဲ သိနိုင်လောက်သည်။
မစ္စတာဝမ်ကိုလည်း အရမ်းလွယ်ကူကူပဲ တိုက်လိုက်နိုင်သည်။ သူက ကျန်းရှောင်မန် တိုက်သမျှကို ဘာမှ မမေးဘဲ သောက်လိုက်ပေသည်။
လျန်စစ်ယွီရဲ့ ခါးခါးသီးသီး အပြုအမူနှင့်ယှဉ်ပါက ဒီလို ယုံကြည်လွယ်သည့် သဘောထားက ကျန်းရှောင်မန်ကို ရင်ထဲ ထိသွားစေသည်။
ကျန်းရှောင်မန်က ဝှီးချဲကို တွန်းလိုက်ကာ သူ့ကို လမ်းလျှောက်ဖို့ ခေါ်သွားလိုက်ပြီး မေးလိုက်သည်။
“ဘိုးဘိုး နေမကောင်းဖြစ်ရတဲ့ အကြောင်းအရင်းကို သိလား..."
မစ္စတာဝမ်က ပြန်ဖြေသည်။
“လူတွေက အသက်ကြီးလာရင် ခန္ဓာကိုယ်က ယိုယွင်းလာတော့တာပါပဲ....."
ဒါဆို အဘိုးလည်း မသိဘူးပေါ့....
ကျန်းရှောင်မန် မတတ်နိုင်ဘဲ စိတ်မသက်မသာ ဖြစ်ကာ စိတ်ဓာတ်ကျလာရသည်။
xxxxxxxx
Chapter 327
သူမက လူအိုကြီး၏ ဆံပင်ဖြူဖြူများကို ကြည့်လိုက်ပြီး သက်ပြင်းချလိုက်ပြီး ဆက်မမေးတော့ပေ။ ထိုမေးခွန်း၏ အဖြေကို ကြားပြီးနောက် သူမက ပွိုင့် 500 ဖြင့် ဖျက်သိမ်းကဒ်ကို လဲလိုက်သည်။
ဖျက်သိမ်းကဒ်က အရမ်းကို ဈေးကြီးလွန်းပြီး ဤသည်က ကျန်းရှောင်မန် ပထမဆုံး သုံးကြည့်တာ ဖြစ်လို့ စနစ်တောင်မှလန့်သွားရသည်။
စနစ်က ဆိုလိုက်သည်။
“ပိုင်ရှင် မင်းက တကယ်ရက်ရောတာပဲ.... ဖျက်သိမ်းကဒ်သုံးဖို့ မလိုပါဘူး....."
"သမီး ဘိုးဘိုးကို လျန်ယွမ်ချင်းလို မဖြစ်စေချင်ဘူး......."
ကျန်းရှောင်မန် သူမအဘိုးကို ကာကွယ်မှ ဖြစ်မည်။ သူမမမေးရင်တောင် တစ်ခြားသူတွေ သူမအဘိုးကို အနိုင်ကျင့်မှာမျိုး အဖြစ်မခံနိုင်ပါ။ ဆေးအစွမ်းသာ မပြယ်သေးချိန် သူများမေးသမျှ ဖြေနေရတော့မှာဖြစ်ပြီး အထူးသဖြင့် မကောင်းတဲ့အရာများကိုဖြစ်သည်။
ဤမျှ အကြာကြီး အသက်ရှင်ခဲ့သူအတွက် လျှို့ဝှက်ချက် မရှိဘူးဆိုတာ မဖြစ်နိုင်၌။ ကျန်းရှောင်မန်က ယုတ်မာတဲ့လူ မဟုတ်၍ သူမက သူများရဲ့ အတွင်းရေးကိစ္စတွေကို စပ်စုဖို့ ဆန္ဒ မရှိနေပေ။ ထို့ကြောင့် သူမထိုကဒ်ကို ဘာတစ်ခွန်းမှ မပြောဘဲ သူမအဘိုးအပေါ်သုံးလိုက်သည်။
အသုံးပြုသည်ကို နှိပ်ပြီး မကြာခင်တွင် အမှန်ပြောဆေးရည်၏ အာနိသင် ပြယ်သွားပြီ ဖြစ်ကြောင်း စနစ်က ပြောလာသည်။
သို့သော်လည်း စနစ်တစ်ယောက် အံ့ဩတကြီးပြောလာဖို့ အချိန်သိပ်မယူလိုက်ရဘဲ စက်သံတစ်သံ ထွက်လာခဲ့သည်။
“ပိုင်ရှင် ... ပိုင်ရှင်....ကိစ္စကြီး တစ်ခုခု ဖြစ်သွားပြီ....မြန်မြန်လေး ဖွင့်ကြည့်လိုက်....."
ကျန်းရှောင်မန်က အချိန်သတိပေးဘားတန်းကို ကြည့်လိုက်ပြီး တွေ့လိုက်ရတဲ့ အရာက သူမကို ဖမ်းစားသွားခဲ့လေသည်။
ဘာကြောင့်လဲဆိုရင်တော့ဖြင့် ယခင်ကရှိခဲ့တဲ့ သူမအဘိုးရဲ့ သက်တမ်း 48ရက်နေရာမှာ 58ရက်သို့ ပြောင်းလဲသွားသောကြောင့်ပင် ဖြစ်သည်။
ဘဝသက်တမ်း 10ရက် တိုးလာခဲ့သည်။
ကျန်းရှောင်မန် အစက သူမအဘိုးရဲ့ အခြေအနေ တိုးတက်လာတဲ့အပေါ် ပီတိဖြစ်နေပေမယ့်လည်း တစ်ခုခုမှားနေသလို ခံစားနေရသည်။ တကယ့် အလှည့်အပြောင်းတစ်ခုသာဆို အချိန်သတိပေးဘားတန်း တစ်ခုလုံး ပျောက်သွားရမှာကို ဘားတန်းက ရှိနေတုန်းဖြစ်သည်။ သို့သော် 10ရက်တောင် တိုးလာလေးသည်။
အခြေအနေတွေ ပိုကောင်းလာသလို ဖြစ်နေသော်ငြား တကယ့်ပြဿနာကို မဖြေရှင်းနိုင်သေးပေ။
ကျန်းရှောင်မန်က စနစ်ကိုမေးလိုက်သည်။ “ဘာတွေ ဖြစ်နေတာလဲ... ဘယ်အချိန်က ပြောင်းသွားတာလဲ...."
“မင်း အမှန်ပြောဆေးရည်နဲ့ ဖျက်သိမ်းကဒ်ကို သုံးပြီး မကြာခင် ပြောင်းသွားတာပဲ… “
စနစ်ကတော့ အချိန်တွေကို မရပ်ပေးနိုင်သလို နေ့တိုင်း နံပါတ်တွေကို ပြောင်းပေးနေခဲ့သည်။
ကျန်းရှောင်မန် ရုတ်တရက် နားလည်သွားတယ်။
“အမှန်ပြောဆေးရည်က ရောဂါကို ကုသနိုင်တာများလား....."
“ဘယ်လို ဖြစ်နိုင်မှာလဲ....အမှန်ပြောဆေးရည်ဆိုတာ အမှန်ပြောဆေးရည်ပါပဲ… ပြီးတော့လည်း ဘယ်ရောဂါမှ မကုပေးနိုင်ဘူး…”
စနစ်က သူမကို သတိပေးလိုက်သည်။
“ပိုင်ရှင်ရယ်.. အတွေးမတိမ်စမ်းပါနဲ့… အခုလေးတင် ဖြစ်သွားတာတွေကို တွေးကြည့်လိုက်စမ်းပါ…."
စနစ်ကတော့ အရမ်းကို တုန်လှုပ်နေသည်။
ကျန်းရှောင်မန် သူမ မျက်ခုံးများ တွန်ကွေးကာ ခဏလောက် တွေးကြည့်နေပြီးမှ ရေရွတ်လိုက်သည်။
“အမှန်ပြောဆေးရည်ကြောင့် မဟုတ်ရင် ဖျက်သိမ်းကဒ်ကြောင့်များလား...."
ထိုအတွေး ဝင်လာလာခြင်း ကျန်းရှောင်မန်က ဖျက်သိမ်းကဒ်ရဲ့ အသုံးပြုပုံအညွှန်းကို ချက်ချင်း ထုတ်ကြည့်လိုက်လေသည်။
[ဈေးနှုန်း - 500မှတ်]
ပစ္စည်း အမည် - ဖျက်သိမ်းကဒ်
ပစ္စည်း အညွှန်း - ဖျက်သိမ်းကဒ်သည် စနစ်နှင့် ချိတ်ဆက်ထားသော ကောင်းကျိုး ဆိုးကျိုးများကို ဖျက်သိမ်းနိုင်သည်။ ဤကဒ်ကို ပိုင်ရှင်က အသုံးပြုထားသောကဒ်များကို ပြန်လည် ဖျက်သိမ်းချင်လျှင် အသုံးပြုနိုင်သည်။
မှတ်ချက်- ထိုကဒ်တွင် ဘေးထွက်ဆိုးကျိုးလည်း ရှိသည်။ ထိုကဒ်တစ်ကြိမ် သုံးပြီးလျှင် 10ရက်အတွင်း ပစ်မှတ်အပေါ် စနစ်က ဘာအကျိုးသက်ရောက်မှုမှ ရှိနိုင်မည် မဟုတ်ပါ။
10ရက် ဆိုတာကလည်း 10ရက်ပင်။ ဘေးထွက်ဆိုးကျိုးအနေနဲ့ 10ရက်လောက် စနစ်က အဘိုးအပေါ် ဘာမလုပ်နိုင်မှာ မဟုတ်ဘဲ ဘိုးဘိုးသက်တမ်း 10ရက်တိုးလာမည်ဖြစ်သည်။
ကျန်းရှောင်မန်က မေးလိုက်သည်။
“ဦးဦးစနစ်… သူပြောတဲ့ ဘေးထွက်ဆိုးကျိုးက ဦးဦးတစ်ယောက်ထဲလား...ဒါမှမဟုတ် စနစ်တစ်ခု ဖြစ်နေသ၍ အသုံးဝင်တယ် ဆိုတဲ့ သဘောလား...."
“…..ငါလည်း မသိဘူး...."
ကျန်းရှောင်မန်ကတော့ ဒါကြီးက လုံးဝ အသုံးမဝင်တဲ့အပြင် သူမ ဘာမှ နားမလည်နိုင်တော့ဘူးလို့ ပြောချင်နေခဲ့သည်။ ဒါပေမယ့် စနစ်တစ်ယောက်ကတော့ ဘာမှမပြောလာဘဲ အတွေးနယ်လွန်နေသည်။
စနစ်လေးက ဘာမှ မရည်ရွယ်ထားခဲ့ပေ။
ဒါက သူ့ရဲ့ ပထမဆုံး အဆင့်မြှင့်တင်ခံရပြီး စနစ်တစ်ခုဖြစ်လာခဲ့ခြင်းဖြစ်သည်။ သူလေးက တိုက်ပွဲအလီလီနွှဲလာခဲ့ပြီး ကမ္ဘာမျိုးစုံကို မြင်ဖူးတဲ့ စနစ်လေး ဟုတ်မနေပေ။
စနစ်ကတော့ အရမ်းမှားနေပြီဟု ခံစားရပြီး တော်တော်လည်း ကြောက်သွားသည်။
သူ့စိတ်ထဲ ကိစ္စတွေ ပိုပိုကြီးလာပြီလို့ ခံစားနေရသည်။
ထိုအချိန်မှာ ကျန်းရှောင်မန်ကတော့ နည်းနည်းလောက် ထပ်စမ်းကြည့်ဖို့ ဆုံးဖြတ်လိုက်သည်။
သူမက ဖျက်သိမ်းကဒ်၏ လုပ်ဆောင်ချက်တွေကို သင်္ကာမကင်းဖြစ်နေသဖြင့် သူမရဲ့ ဘဝသက်တမ်းကို ဆယ်ရက် ထပ်တိုးနိုင်မလားလို့ စမ်းကြည့်လိုက်ပေမယ့် ကဒ်ကို သုံးလိုက်တဲ့အခါမှာ ပစ်မှတ်ကို အသုံးပြု၍ မရပါဆိုပြီး တွေ့လိုက်ရလေသည်။
ဒီဘေးထွက်ဆိုးကျိုးက တော်တော်တော့ကြီးပေသည်။
ကျန်းရှောင်မန်က အတွေးထဲတွင် ဆုံးဖြတ်ချက်တစ်ခု ချလိုက်သည်။ သို့သော်လည်း အရင်က ဘာမှမသိရတဲ့ ခေါင်းမပါတဲ့ ယင်ကောင် လို အဖြစ်မျိုးထက်သာရင် ပိုပြီး စိတ်သက်သာရာ ရသွားလေသည်။ ဆိုလိုတာက 10ရက်လောက် ထပ်တိုးပေးနိုင်တယ် ဆိုမှတော့ ကဒ်ကို သုံးနေရုံနဲ့ ဘိုးဘိုးရဲ့ အသက်ရှည်ဆေး ဖြစ်နေမှာပင်။
အနည်းဆုံးတော့ မှောင်မလာခင်အထိ လမ်းဆုံးမဟုတ်သေးဘူး....သူတို့မှာ မျှော်လင့်ချက်ရှိသေးတယ်.....
ကျန်းရှောင်မန်က ချီးမွမ်းလိုက်သည်။
“ဟုတ်တယ် … ဦးဦးစနစ် အလုပ်ကောင်းကောင်း မလုပ်နိုင်ရင်တောင် တစ်ချို့အရာတွေက တော်တော်လေး အသုံးဝင်တယ်.....”
“ဒါက ပိုင်ရှင်ကြောင့်ပဲလေ… မင်းက အရမ်းတော်တာကို....."
ကျန်းရှောင်မန် စိတ်သက်သာရာ ရသွားပြီး စနစ်ကတော့ ထပ်ပြီး ငိုချင်လာပြန်သည်။ ဒီလိုကိစ္စမျိုး ဖြစ်တာ ပထမဆုံးဆိုတော့ သူ အထိတ်တလန့်ဖြစ်ပြီး ကြောက်လန့်နေမိသည်။
၎င်းက ပိုင်ရှင်ရဲ့ အတွေးဆိုရင် စနစ်လည်း တွေးမိပါသည်။
ဖျက်သိမ်းကဒ်၏ ဘေးထွက်ဆိုးကျိုးက အဲ့တာကို စနစ်က 10ရက်အတွင်း မသုံးနိုင်သေးပေ။ အဘိုး၏ အသက်ကိုလည်း ကယ်နိုင်မည်ဆိုပါက တစ်ခြားနည်းနှင့် တွေးကြည့်မယ်ဆိုရင် ဒီကမ္ဘာပေါ်မှာ စနစ်အပြင် တခြားစနစ်တွေလည်း ရှိနေတယ်ဆိုတဲ့ သဘောဖြစ်သည်။
စနစ်တွေ တစ်ခုနဲ့ တစ်ခု ထိပ်တိုက်တွေ့ကြရတော့မယ်....
စနစ်လေး အရမ်း ထိတ်လန့်နေရပြီနော်...
သူငိုချင်နေပါပြီ...
သူက ကလေးပဲ ရှိသေးတယ်.....သူက အခုထိ ကောင်းကောင်း မဖွံ့ဖြိုးသေးတဲ့ အပြင် အခု ဒုတိယအဆင့် စနစ် တတိယအဆင့် စနစ်တွေ… ရှိလာပြန်ပြီ.....မင်းအမေက အမှတ် 50000လောက် လိုနေသေးတယ်ကွ....သူနဲ့ ပိုင်ရှင်တော့ သွားပါပြီ....
ကြည့်ရတာ သူတော့ အဆင့်မြင့်စနစ် ဖြစ်ဖို့ဝေးသွားလောက်လေပြီ။
ကမ္ဘာကြီးက ကြောက်ဖို့ကောင်းလှသည်။
xxxxxx
Chapter 328
စနစ်က သိသိသာသာကြီး သေလောက်အောင် မငြီးငြူနေသော်လည်း ကျန်းရှောင်မန်ကတော့ သူစိတ်ဓာတ်ကျနေတာကို ခံစားလိုက်ရတာကြောင့် နှစ်သိမ့်ပေးလိုက်သည်။
“မစိုးရိမ်ပါနဲ့ ဦးဦးရဲ့…. သမီး ဦးဦးကို ကာကွယ်ပေးမှာပါ...."
“ဒါပေမယ့် စနစ်တစ်ခုကပဲ စနစ်တစ်ခုကို ရိုက်ချနိုင်တာလေ....."
“ပိုင်ရှင်တွေကလည်း တစ်ခြားပိုင်ရှင်တွေကို ရိုက်ချနိုင်တာပဲ....."
စနစ်ကတော့ ၎င်းအဓိပ္ပာယ်ရှိတယ်လို့ တွေးမိတာကြောင့် တီးတိုးပြောလိုက်သည်။
"ဒါဆို ငါလုပ်ပေးနိုင်တာ ဘာရှိလဲ....."
ကျန်းရှောင်မန်ကတော့ တစ်ခဏလောက် အသေအချာ တွေးတောပြီးမှ ပြောလိုက်သည်။ “သမီးကို အားပေးလို့ရတယ်လေ....."
“အိုး....."
ကြည့်ရတာ သူလုပ်နိုင်တာ ဒါပဲ ရှိတယ်နဲ့ တူပါတယ်လေ.....
“သမီးတို့ ဘယ်သူက စနစ်နဲ့ ချိတ်ဆက်နေတာလဲ ဆိုတာ လိုက်ရှာဖို့လိုတယ်....."
ကျန်းရှောင်မန်က ပြောလိုက်သည်။
“အဲ့ဒီလူက လူကောင်းမဖြစ်နိုင်ဘူး… ကြည့်ရတာ သမီး လူတွေအများကြီးကို ကာကွယ်ပေးရတော့မယ် ထင်တယ်......"
စနစ် : [လက်ခုပ်တီးနေတဲ့ပုံ] [လက်ခုပ်တီးနေတဲ့ပုံ]
“ပိုင်ရှင်.. ငါမင်းအတွက် ရှာပေးထားတာ....."
ကျန်းရှောင်မန်မှာ ရည်မှန်းချက် တစ်ခုရှိနေပြီ ဖြစ်တဲ့အတွက် ဝမ်အိမ်မှာပဲ စိတ်အေးလက်အေး အခြေချနေထားသည်။ သူတို့ စနစ်နှင့် ချိတ်ထားတဲ့ သူကို ရှာချင်တောင်မှ လွယ်လွယ်ကူကူ မလုပ်နိုင်သေးပါချေ။
ထိုစနစ်က အရမ်းကို ငြိမ်သက်လွန်းလို့ သူ့ကို လိုက်ရှာဖို့ ဘာနည်းလမ်းမှ မရှိနေပါ။ ကျန်းရှောင်မန် သူ တစ်ဖက်လူရဲ့ခေါင်းကို ဖွင့်ကြည့်ရင်တောင် စနစ်နဲ့ ချိတ်ထားမထား မသိနိုင်၍ပြဿနာပင်။
စနစ်မှာ ရုပ်ခန္ဓာမှ မရှိကြချေ။
“ပိုင်ရှင်… ဆက်တွေးဖို့လိုသေးလို့လား.... စဉ်းစားကြည့်လိုက်စမ်းပါ… မိသားစုထဲမှာ မင်းမစမ်းကြည့်ရသေးတဲ့လူ ဘယ်သူကျန်သေးလို့လဲ....လျန်စစ်ယွီပဲလေ....သူပဲ ဖြစ်ရမယ်....."
ကျန်းရှောင်မန် သူမခေါင်းကို စောင်းကြည့်လိုက်သည်။
“ဘာလို့ အဲ့လောက် သေချာနေရတာလဲ....သူမဟုတ်ရင်ရော...."
စနစ်က လှောင်လိုက်သည်။
“ ပိုင်ရှင်.. မင်းငါ့ကို အထင်သေးနေတာလား… ငါဖတ်ထားတဲ့ ဇာတ်ညွှန်းက တစ်ရာ တစ်ထောင်လောက်မှ မဟုတ်ဘဲ… ပြီးတော့ သူတို့က ဒီလိုမျိုးတွေပဲ ရေးတတ်ကြတာလေ… သူက ဇာတ်လိုက်ပဲဟာ… သူ့မှာ ရွှေလက်ချောင်းတွေ ရှိတတ်တာ ထူးဆန်းလို့လား...."
“အဲ့လိုလား....."
ကျန်းရှောင်မန် တော်တော်များများကို ယုံကြည်ပါသည်။ ဒါပေမယ့် သူမတို့မှာ သက်သေမရှိနေချေ။
ထို့အပြင် ဝမ်မိသားစုမှာ နေတဲ့အတောအတွင်းမှာ လျန်စစ်ယွီက ကျန်းရှောင်မန်နှင့် မကြာခဏ ကတောက်ကဆ ဖြစ်ကြတာမျိုး ရှိပေမယ့် သူမက ကျန်းရှောင်မန်ကို ဘာကိုမှ မဖမ်းမိသွားစေခဲ့ပေ။ ကြည့်ရတာ ရင်ဆိုင်ဖို့ တကယ်ခက်ခဲပုံဖြစ်သည်။
ကျန်းရှောင်မန်က ထပ်စမ်းသပ်ဖို့ စဉ်းစားလိုက်ပြီး အမှန်ပြောဆေးရည် မှတ်ဉာဏ်ပျောက်ဆေးရည်နဲ့ စိတ်ပျော်ဆေးရည်တို့ကိုလည်း တိုက်ဖို့ကြိုးစားခဲ့သော်လည်း အမြဲတမ်း မအောင်မြင်ခဲ့သလို လျန်စစ်ယွီက အနာဂါတ်ကိုကြိုသိနေသည့် အလား သူမပါးစပ်ထဲကို ဘာတစ်ခုမှ အဝင်မခံခဲ့ပေ။
သူမ၏ အကြံ ကျရှုံးသွားရတဲ့အခါမှတော့ ကျန်းရှောင်မန် စိုးရိမ်စပြုလာသည်။
“ပိုင်ရှင်… ငါတော့ တကယ်သေတော့မလားပဲ..”
စနစ်က ဆိုလိုက်သည်။
“ဒီလိုအခြေအနေမျိုး တစ်ခါမှကို မကြုံဖူးဘူး..... အရင်က ကမ္ဘာတစ်ခုထဲမှာ စနစ်နှစ်ခုရှိရင်တောင် လူတိုင်းက သူ့အလုပ်သူ လုပ်နေပြီး တစ်ယောက်နဲ့ တစ်ယောက် မနှောင့်ယှက်ကြဘူး..... ဒီတစ်ခါတော့ တစ်ဖက်လူက ငါ့ဆီ လာနေသလိုပဲ… တကယ်လို့ … တကယ်လို့… ငါသာသေသွားခဲ့ရင်… အိုးး…”
စနစ်ကတော့ တကယ့်ကို ကြေကွဲရေလေပြီ။
သူရှေ့ကို ဘယ်လို ဆက်သွားရပါတော့မလဲ......
ကျန်းရှောင်မန်က သူမမျက်လုံးကိုသာ လှိမ့်လိုက်သည်။
“တစ်ဖက်လူက သိသိသာသာကို သမီးကို ပစ်မှတ်ထားနေတဲ့ဟာ....."
သူမကတော့ အခုထိ အထိတ်တလန့် မဖြစ်သေးပါချေ။
သူမရဲ့ စမ်းသပ်မှုတွေက အမြဲကျရှုံးနေရင်တောင်မှပဲ ထိုကျရှုံးမှုတွေဆီကပဲ ကျန်းရှောင်မန် သင်ခန်းစာတစ်ခု ရခဲ့သည်။ ၎င်းက လျန်စစ်ယွီမှာ လျှို့ဝှက် အထောက်အပံ့တွေ ရှိနေပြီး ထိုအရာက အန္တရာယ်တွေကို တစ်ခုပြီးတစ်ခု ဖော်ထုတ်နိုင်ဖို့ ကူညီပေးနေလို့ သူမကို ဘယ်လိုမှ ဖမ်းလို့မမိတာ ဖြစ်သည်။
တစ်ခါ နှစ်ခါလောက်ဆို တိုက်ဆိုင်တာပေမယ့် သူမက အမြဲတမ်း ကျော်လွှားနိုင်တယ်ဆိုမှတော့ တစ်ဖက်လူရဲ့စနစ်က တော်တော်လေး ပါးနပ်ပုံရသည်။
ဟေး… ဉာဏ်ကောင်းလွန်းတာကလည်း အမှားဖြစ်စေနိုင်တာပဲ....
.လျန်စစ်ယွီကို ကြည့်ရတာ ထို အသိစိတ်ကို ရသေးပုံမပေါ်ပေ။
သို့သော်လည်း ကိစ္စတိုင်းက တစ်ဝက်စီ ဖြစ်နေတတ်ကြသည်။ ကောင်းကျိုးလည်း ရှိသလို ဆိုးကျိုးလည်း ရှိပေသည်။
ဆယ်ရက်ကြာပြီးတဲ့နောက်တွင် ဖျက်သိမ်းကဒ်ရဲ့ အာနိသင် ပြယ်သွားပြီး ကျန်းရှောင်မန် ရဲ့ အချိန်သတိပေး ဘားတန်းက 48ရက်သာ ကျန်ခဲ့တော့သည့်အချိန်တွင် သူမက မစ္စတာဝမ်အပေါ် ဖျက်သိမ်းကဒ်ကို ထပ်သုံးကြည့်လိုက်သည်။
ကျန်းရှောင်မန်တွေးထားသလိုပဲ အရာရာတိုင်းက ဆိုးရွားမနေပေ။ တကယ်ကြီးကို ဆယ်ရက်ပြန်တိုးသွားခဲ့သည်။
ထိုအချိန်မှာ ဘိုးဘိုးရဲ့ ဘဝသက်တမ်းက 58ရက် ထပ်ဖြစ်သွားခဲ့လေသည်။
ဒီကိစ္စကို ဖြေရှင်းနိုင်လိုက်နာ ကောင်းတဲ့အရာဖြစ်သည်။ ကျန်းရှောင်မန် အချိန်တစ်ခုလောက်ထိ ထိပ်ပြောင်စရာ မလိုတော့ပေ။ ကံကောင်းလို့ စနစ်က ပုံရိပ်ယောင်သာ ဖြစ်နေ၍ပင်။ တကယ့်သေခြင်းရှင်ခြင်းတွေနှင့် ပတ်သက်လာရင် ကျန်းရှောင်မန်လည်း ကယ်နိုင်မှာ မဟုတ်ပေ။
ရင်ထဲက လေးလံတဲ့ ကျောက်ဆောင်ကြီး ကျသွားပြီးတဲ့နောက်မှာတော့ ကျောင်းတက်ဖို့ နေ့ရက်တွေကို ရောက်ရှိလာခဲ့သည်။ ကျန်းရှောင်မန်လည်း သူမ၏ သင်ခန်းစာတွေအပေါ်သာ အာရုံစိုက်ထားလိုက်တော့သည်။
ဒီနှစ်နွေရာသီ အားလပ်ရက်ကတော့ သူမကြုံခဲ့ဖူးသမျှမှာ အားအရဆုံးနဲ့ စိတ်လှုပ်ရှားရဆုံးပင်။ ကိစ္စတွေ အများကြီး ဖြစ်သွားခဲ့သလို နေရာတွေလည်း ပြောင်းလဲသွားခဲ့သည်။ အတိတ်မှာတော့ သူမက ယွီရှင်းယွီနဲ့ပဲ အမြဲတမ်း အတူရှိနေပြီး အိပ်စာတွေ လုပ်ရင်း အိမ်စာတွေ ရေးရင်း အတန်းတွေသာ တက်ပြီးရင်း တက်ကာ ကုန်ဆုံးခဲ့ရသည်။
နေ့တိုင်းက ပျင်းပြီးရင်း ပျင်းနေရသည်။
အိုး ဟုတ်သား.. ယွီချင်းရှီ ဘယ်များရောက်နေပါလိမ့်...
ကျန်းရှောင်မန် သူမ ယွီချင်းရှီကို ထားရစ်ခဲ့တာကို သတိရသွားတာကြောင့် ထိတ်လန့်သွားရသည်။
တစ်ဖက်လူက ပျင်းစရာကောင်းတဲ့ ဘူးသီးခေါင်းလေး ဖြစ်နေတော့ မွန်းကြပ်စရာတွေ ဖြစ်လာရင်တောင် ဘာမှ ပြောပြမှာမဟုတ်ပေ။ ကျန်းရှောင်မန်က သူမရဲ့ မတွေ့ရတာ ကြာပြီ ဖြစ်တဲ့ သူငယ်ချင်းလေးကို စပြီး ဆက်သွယ်ကြည့်ဖို့ ဆုံးဖြတ်လိုက်တော့သည်။
xxxxxxxx
Chapter 329
ကျန်းရှောင်မန် ယွီချင်းရှီကို ဖုန်းခေါ်လိုက်သည်။
…မကိုင်ဘူးလား…
ကျန်းရှောင်မန် သူမခေါင်းကိုကုတ်ကာ ဖုန်းကို ခဏချထားလိုက်ပြီး ဆက်မခေါ်တော့ပေ။
တစ်ခုခု ဖြစ်နေတာများလား.....
သူမက ဆန်းကြယ်လှတဲ့ ကမ္ဘာကြီးထဲမှာ ပရမ်းပတာ ဖြစ်မှုတွေနှင့် ပိတ်မိနေပြီး ယွီချင်းရှီ ဘက်မှာလည်း မထူးခြားနားပင်။ သူရဲ့မိခင်က ချိန်ကိုက်ဗုံးတစ်ခုလို ဖြစ်နေပြီး သူမနေကောင်းနေတဲ့အခါ ယွီချင်းရှီကို ထပ်ပြီး အဖော်ပြုခိုင်းအုံးမှာပင်။ ထိုအခါ နောက်ထပ် ရုန်းရင်းဆန်ခတ်တွေ ထပ်ဖြစ်လာခဲ့လျှင် သူက သူ့ကိုယ်သူ တံခါးပိတ်ထားကာ တစ်ခြားသူများကို လျစ်လျူရှုထားလိမ့်မည်။
လူတိုင်းက အရွယ်ရောက်ကြတော့မှာ ဖြစ်ပြီး အရာအားလုံးကို နားလည်ကာ အလုပ်များလာကြပြီ။
ကျန်းရှောင်မန်က သူမစိတ်ကို ပြင်ဆင်လိုက်ပြီးနောက်မှာ အပြစ်ရှိသလို မခံစားရတော့ဘဲ ယုံကြည်ချက်ရှိလာသည်။
ကျောင်းစတက်မဲ့ရက်မှာ ဝမ်ဟွေ့ စောစောနိုးလာခဲ့သည်။
ဒီနေ့ သူမက ကလေးတွေကို ကျောင်းလိုက်ပို့ပေးမှာ ဖြစ်သည်။ အရင်က လျန်ယွမ်ချင်းကပဲ ဒီလိုအလုပ်တွေ လုပ်ခဲ့ပေမဲ့ ထိုလူက ဆေးရုံမှာပဲ ရှိသေးတာကြောင့် အရာအားလုံး သူမတာဝန်ဖြစ်လာသည်။
အဆင်မပြေတာကတော့ အရင်နှစ်တွေတုန်း ကလေးဆိုလို့ လျန်စစ်ယွီပဲ ရှိခဲ့ပေမယ့် အခုတော့ ကျန်းရှောင်မန်လည်း ရောက်လာပြီ ဖြစ်သဖြင့် ဝမ်ဟွေ့ အကျပ်ရိုက်နေရသည်။
မိဘတစ်ယောက်ထဲ ဖြစ်နေသဖြင့် ကလေးနှစ်ယောက်ထဲက တစ်ယောက်ကို ရွေးရတော့မည်။
ဝမ်ဟွေ့ အချိန်ခဏလောက် တုန့်ဆိုင်းနေပြီး ကျန်းရှောင်မန်နှင့် လိုက်ပြီး အပ်ပေးဖို့ပဲ ဆုံးဖြတ်လိုက်တော့သည်။
သူမသမီးကို အခုမှ ရှာတွေ့ထားရသည်။ ဒီနေရာနှင့် သေချာပေါက် ရင်းနှီးမှာ မဟုတ်ပေ။ စစ်ယွီက ဒီမှာပဲ ကြီးပြင်းလာတာကြောင့် သူမမှာ သူငယ်ချင်းတွေလည်း အများကြီးရှိပြီး နေရာတွေလည်း သိသည်။ သူမ စိုးရိမ်စရာ မရှိချေ။
မနက်စာစားနေကြရင်းနဲ့ ဝမ်ဟွေ့က မေးလိုက်သည်။
"ဒီနေ့ မေမေ ကျောင်းလိုက်ပို့ပေးမယ်... အဆင်သင့်ဖြစ်ကြပြီလား..."
"ဟုတ်ကဲ့....."
နှစ်ယောက်လုံး တူတူခေါင်းငြိမ့်ပြလ်ုက်ကြသည်။
ကျန်းရှောင်မန်က အီကြာကွေးများကို အထိ စားလိုက်ပြီး ဗိုက်အရမ်းအင့်မလာခင် ရပ်လိုက်သည်။ သူမထတော့မဲ့အချိန်မှာပဲ လျန်စစ်ယွီ မြန်မြန်ထပြောလိုက်တာကို ကြားလိုက်ရသည်။
"မေမေ ညီမလေးကို ကျောင်းလိုက်အပ်ပေးလိုက်လေ... သမီးကို မစိုးရိမ်ပါနဲ့.. သမီးဘာသာ လုပ်နိုင်ပါတယ်...."
လျန်စစ်ယွီက အရမ်းကိုမတရားခံရတဲ့ပုံစံပေါ်နေပုံရပြီး ဒါကို တအား သိသာစေဖို့ လက်ဦးမှုယူလိုက်လေသည်။ နားထောင်ရသလောက်ကတော့ သဘောထားကြီးတဲ့ ပုံစံနဲ့ပင်။ ဝမ်ဟွေ့က အစကတည်းက အပြစ်မကင်းတဲ့ စိတ်ရှိနေပြီးသားပေမဲ့ အခုချိန်မှာ ပိုပြီးအပြစ်မကင်းသလို ခံစားလာရသည်။ သူမက နာကျင်စွာ ပြောလိုက်လေသည်ဟ
"မေမေ သမီးမမနဲ့ အရင်လိုက်ပေးလိုက်အုံးမယ်... သူကဒီနေရာနဲ့ မရင်းနှီးသေးဘူးလေ... အရင်ဆုံး သိသွားအောင် လိုက်ပေးရမှာပေါ့... ဘာပဲဖြစ်ဖြစ် သမီးနဲ့တစ်ကျောင်းတည်းပဲလေ...."
"သမီးအတွက် မလိုပါဘူး....."
လျန်စစ်ယွီ မျက်ရည်များ စီးကျလာသော်လည်း သူမကဟန်ဆောင်ပန်ဆောင် မျက်ရည် သုတ်ပြလိုက်သည်။
"သမီးဘာသာ လုပ်နိုင်ပါတယ်...."
ခဏလောက် တုန့်ဆိုင်းနေပြီးမှ လျန်စစ်ယွီက ပြောလိုက်သည်။
" မေမေက မမကို လိုက်ပို့ရင် ဖေဖေ့ကို သမီးအတွက် လိုက်ပို့ခိုင်းရင်ရော.. ဖေဖေ့ကို မတွေ့ရတာ အရမ်းကြာနေပြီ.. သမီး...."
"တော်လောက်ပြီ....."
ဝမ်ဟွေ့က သူမအဖေအကြောင်းပြောတာကို ကြားလိုက်သည်နှင့် သူမမျက်နှာကို ငုံ့ချကာ စားပွဲကို ဒေါတတကြီး ရိုက်လိုက်သည်။
“ ငါ့ရှေ့မှာ အဲ့လူအကြောင်း ထပ်မပြောဖို့ ပြောထားတယ်လေ...သူက နေမကောင်းလို့ ဆေးရုံတက်နေရတာ.. နင့်ကို ဘယ်လိုလုပ် ကျောင်းလိုက်ပို့နိုင်ရမှာလဲ...."
ထိုသူက စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းနေသဖြင့် စိတ်ကျန်းမာရေး ဆေးရုံမှာ ကုသခံနေရပြီး ထွက်မလာနိုင်ပေ။
လျန်စစ်ယွီ သူမနှုတ်ခမ်းကို တိတ်တိတ်လေးကိုက်ကာ အရမ်းကို စိတ်ဆိုးပစ်လိုက်ချင်ပေမယ့် မလုပ်နိုင်ခဲ့ပေ။
သူက ဒီအခွင့်အရေးကို သုံးပြီး သူမအဖေ ထွက်လာနိုင်အောင် လုပ်ချင်ခဲ့သော်လည်း သူမအမေက အရမ်းရက်စက်မယ်လို့ မထင်ထားခဲ့ပေ။ သူမမခင်က အခုအချိန်မှာ သူမအဖေအပေါ် သနားကြင်နာစိတ်လည်း မရှိတဲ့ အပြင် ပြစ်တင်ကြိမ်းမောင်းနေလိုက်သေးသည်။ သူမက တမင်တကာပင် သူမဖခင်ကို စိတ်ကျန်းမာရေး ဆေးရုံကို ပို့လိုက်တာ ဖြစ်သည်။
ဒါကို လျန်စစ်ယွီ မထင်ထားခဲ့ပေ။
သူမက မူလက သူမအဖေကို ကူညီပေးချင်ခဲ့လို့ စိတ်ရောဂါ အထူးကု ဆရာဝန်ဆီသွားပြီး ဆေးစစ်ချက်ထုတ်ပေးဖို့ ပြောခဲ့သော်လည်း သူမ မထင်ထားခဲ့တာက သူမသာ သူ့ကို မကူညီခဲ့ရင် သူမကပါ သတိပေးချက် တစ်ခု ဖြစ်လာနိုင်သည် ဆိုသည့်အချက်ကိုပင်။
လျန်စစ်ယွီက အခုအချိန်မှာ ဘာနည်းလမ်းမှ စဉ်းစားလို့ မရတော့လို့ ပြင်းပြင်းထန်ထန် ငိုကြွေးနေခဲ့ပေမယ့်လည်း ဒါကို ထုတ်မပြရဲခဲ့ပေ။
ဝမ်ဟွေ့က စိတ်မတည်မငြိမ် ဖြစ်နေတယ်ဆိုသည့် အချက်ကို ကိုင်ထားပြီး လူယုတ်မာကောင် လျန်ယွမ်ချင်းကို စိတ်ကျန်းမာရေးဆေးရုံကနေ မထွက်နိုင်အောင် လုပ်ထားသည်။
အစကတော့ ဝမ်ဟွေ့က ကွာရှင်းချင်ခဲ့ပေမယ့် ကွာရှင်းဖို့အတွက် ပိုင်ဆိုင်မှုတွေခွဲဝေဖို့ လိုသေးသည်။ သူမ သူ့ကို ဘာမှ ခွဲမပေးနိုင်တေညအပေ။ တကယ်လို့ ကွာရှင်းခဲ့ရင် လျန်ယွမ်ချင်းကို အပြင်ထွက်နိုင်ဖို့ ခွင့်ပြုလိုက်သလို ဖြစ်သွားလိမ့်မည်။
သို့သော်ငြားလည်း လျန်ယွမ်ချင်းက ပိုင်ဆိုင်မှုတွေကို ဖြောင်ထားပြီး လွှဲပြောင်းထားတာမျိုးတွေလည်း ရှိသည်။ ဝမ်ဟွေ့ အကုန် ပြန်မရနိုင်တော့ချေ။
သူမက အရမ်းကို ရွံရှာနေပြီး လျန်ယွမ်ချင်းကို လွယ်လွယ် ထွက်သွားခွင့် မပြုနိုင်ပါ။ ပြီးတော့လည်း ကွာရှင်းဖို့အတွက် တရားရင်ဆိုင်ရတာနဲ့ အပြန်အလှန် အငြင်းပွားကြမှာက အချိန်အများကြီးကုန်လေသည်။
လျန်ယွမ်ချင်းက ရူးချင်ယောင်ဆောင်ချင်မှတော့ သူဖြစ်ချင်တဲ့ အတိုင်း ဖြစ်ခွင့်ပေးလိုက်မည်။
ဝမ်ဟွေ့က သူ့ကို စိတ်ရောဂါရှိသူ တစ်ယောက်အဖြစ် ဆေးစစ်ချက် ထုတ်ပေးဖို့ တစ်ယောက်ယောက်ကို အကူအညီတောင်းခဲ့ပြီး ထိုလူကို ကုသမှု ခံယူတာလို့ အမည်တပ်ကာ ဆေးရုံက မဆင်းနိုင်အောင် လုပ်ထားခဲ့သည်။ ထို့နောက် လျန်ယွမ်ချင်းတစ်ယောက်ဟာဖြင့် အမျိုးမျိုးသော ကုသမှုတွေကို ရင်ဆိုင်ဖို့ စိတ်ရောဂါကု ဆေးရုံကို ပို့ခံလိုက်ရတော့သည်။
ရက်အနည်းငယ်အတွင်းမှာပင် လျန်ယွမ်ချင်း တစ်ယောက် အမျိုးမျိုးသော စိတ်ပိုင်းဆိုင်ရာ ဖိအားတွေကို သည်းမခံနိုင်တော့တာကြောင့် ဆေးရုံဆင်းခွင့်ပေးဖို့ တောင်းဆိုရတော့လေသည်။
ဒါပေမယ့် မအောင်မြင်ခဲ့ပါ။
ဘာကြောင့်လဲ ဆိုတာတော့ မသိခဲ့ရဘဲ လျန်ယွမ်ချင်းက နောက်ဆက်တွဲ စစ်ဆေးချက်တွေ လုပ်ပြီး ဆေးရုံကဆင်းဖို့ တောင်းဆိုလိုက်တိုင်း သူ့မှာ နောက်ဆုံးအဆင့် ပြင်းထန်တဲ့ ရောဂါရှိနေသည်ဟုသာ ရလဒ်ထွက်လာခဲ့လေသည်။
ဒီလိုကိစ္စတွေ တစ်ခုပြီးတစ်ခု ဆက်တိုက် ဖြစ်နေခဲ့တာပင်။
အမြဲတမ်း နောက်ဆုံးအဆင့် ရောဂါ… သောက်ကျိုးနည်းတဲ့ နောက်ဆုံးအဆင့် ရောဂါ....
xxxxxxx
Chapter 330
ဝမ်ဟွေ့က အစက သူ့ကို သူမလက်နှင့် ရှင်းလိုက်ချင်သော်လည်း ထိုသူက ကောင်းကင်ကို မလာချင်သေးဘူးလို့ အော်ဟစ်နေပြီး ဆိုးဝါးလိုက်တဲ့ ကမ္ဘာကြီးလို့ ကျိန်ဆဲနေတာကို တွေ့လိုက်ရတော့ ဘူရားသခင်တောင် သူ့ကို မကယ်နိုင်လောက်တော့ဘူးလို့ တွေးမိလိုက်သည်။
နောက်ဆုံးအဆင့်ရောဂါလား....ကောင်းသားပဲ....
သွားသေလိုက်တော့ အမှိုက်လိုကောင်....
အသက်တစ်ခုကို သတ်ရပြီး ဘဝဆုံးရမှာသာ မဟုတ်ခဲ့ရင် သူမကိုယ်တိုင် လုပ်ခဲ့ပြီးပြီဖြစ်သည်။
သို့သော်လည်း အဖြစ်မှန်ကတော့ ဘုရားသခင်က လျန်ယွမ်ချင်းကို အပြစ်ပေးနေတာ မဟုတ်ဘဲ ကျန်းရှောင်မန် ကသာ ထိုလူကို မသက်မသာ ဖြစ်အောင် လုပ်နေခဲ့တာပင်။
သူမက လက်တစ်ချောင်းတောင် မရွှေ့ခဲ့ပေမယ့် ဝမ်ဟွေ့ကို “100% သေစေလောက်သော ကဒ်” ဖြင့် ကူညီပေးလိုက်တာဖြစ်သည်။
အမှန်ပြောဆေးနဲ့ ဖျက်သိမ်းကဒ်လို တစ်ခြားပစ္စည်းတွေနဲ့ ယှဉ်လိုက်ပါက ဒီလို အသုံးဝင်သော ကဒ်လေးတွေက အရမ်းဈေးပေါလှပေသည်။ ထို့ကြောင့် ကျန်းရှောင်မန်လည်း တွန့်တိုမနေတော့။
မဖြစ်နိုင်တာ.. သူမက အရမ်း အကူအညီပေးထားတာပါနော်......
ဝမ်ဟွေ့နဲ့ လျန်စစ်ယွီနဲ့ အငြင်းပွားကြတော့မယ်ဆိုတာ တွေ့လိုက်တော့ ကျန်းရှောင်မန် မျက်တောင်ခတ်လိုက်ပြီး သူတို့နှစ်ယောက် အကြည့်ချင်း ဆုံနေကြတာကို ဝင်ဖျက်လိုက်သည်။ ထို့အပြင် အပြစ်ကင်းတဲ့ပုံလေးနဲ့ ပြောလိုက်လေသည်။
“အာ.. မေမေ တစ်ခုခုများ နားလည်မှုလွဲနေကြတာလား.... မေမေနဲ့ မမတို့ပဲ သွားလိုက်ကြပါ..."
“သမီး ဦးလေးက သမီးကို အကြာကြီး စောင့်နေတာ သူမြန်မြန် ထွက်ခဲ့ဖို့ ပြောနေပြီ… သမီး သွားနှင့်တော့မယ်.. တာ့တာ မေမေ....."
ကျန်းရှောင်မန်က လျန်စစ်ယွီကို လှည့်ပြုံးပြလိုက်သည်။
“တာ့တာ မမ...."
လျန်စစ်ယွီ သူမမျက်နှာကို ထပ်မထိန်းထားနိုင်တော့ဘဲ ရုပ်ဆိုးဆိုး အပြုံးတစ်ခုကို ခက်ခက်ခဲခဲ ပြန်ပေးလာသည်။
ဒါက လျန်စစ်ယွီကို တော်တော်လေး နှောင့်ယှက်လိုက်သလိုပင်။
အစကတော့ သူမထင်ထားတာ ကျန်းရှောင်မန်က သူမအမေကို လွှမ်းမိုးထားလိမ့်မည်ဟူ၍ဖြစ်သည်။ ထို့ကြောင့် သူမက ရှေ့တစ်လှမ်းတက်ဖို့ နောက်တစ်လှမ်း ဆုတ်မယ်လို့ တွေးထားခဲ့သည်။ ဒါပေမယ့် ကျန်းရှောင်မန်က ဘာကိုမှ ဂရုမစိုက်ခဲ့ပေ။
အခုတော့ကောင်းရော...သူမအမေက သူမကို ကျောင်းလိုက်ပို့ပေးခဲ့ပေမယ့် တစ်ချက်မှ ပြုံးမပြဘူး...
သူမတို့နှစ်ယောက်ကြားပ လေထုက မကြုံစဖူး အေးစက်လို့နေပြီး လျန်စစ်ယွီက အလိုလိုက်ခံချင်နေပေမယ့်လည်း ဝမ်ဟွေ့က သူမကို လျစ်လျူရှုထားသည်။
အခြားတစ်ဖက်မှာတော့ ကျန်းရှောင်မန်နဲ့ ကျန်းရှင်းက ပိုပြီးတော့ အရမ်းကို သဟဇာတ ဖြစ်နေသည်။
သူမကို ဦးလေးက မူကြိုကနေ အထက်တန်းအထိ ကျောင်းလိုက်ပို့ ပေးခဲ့တာပင်။
ကားထဲ ဝင်သွားပြီးတဲ့နောက်မှာ ကျန်းရှင်းက သူမကို ပူနွေးနေတဲ့ စက္ကူအိတ်ကလေး တစ်လုံးကမ်းပေးလာသည်။
“ဒီမှာ မင်းအဘွားလုပ်ပေးခဲ့တဲ့ ကြက်သွန်မြိတ် ပန်ကိတ်တွေ...."
“ကြက်သွန်မြိတ်တွေ မဟုတ်တော့ဘူးပဲ...."
ကျန်းရှောင်မန် တော်တော်လေး အံ့အားသင့် သွားသည်။ ကံကောင်းစွာနဲ့ သူမရဲ့ ဗိုက်လေးကို ကယ်တင်ဖို့ ဆောစ့်အချဉ်ဘူးတွေ ယူလာနိုင်ခဲ့ပေမယ့် အသုံးမဝင်တော့ပေ။
“မင်းအဘွားပြောတာက ဒါကို အဆင့်မြှင့်ထားတာမို့ ပိုပြီး စမတ်ကျလာတယ်လို့ ခေါ်တာတဲ့....”
“အင်း....."
ကြက်သွန်မြိတ်ပန်ကိတ်က အရမ်းမွှေးသည်။ ဒါကြောင့် ရှောင်မန်တစ်ယောက် ကျေနပ်သွားတော့သည်။
စားသောက်ပြီးနောက် ကျောင်းရောက်ခါနီးနေလေပြီ။
မူလတန်းနှင့် အလယ်တန်းကျောင်းတွေကို ထည့်မတွက်ရင်တောင် ကျောင်းတွေ စဖွင့်တိုင်းမှာ ကျောင်းရှေ့က လမ်းမကြီးက အမြဲတမ်း ပိတ်နေပြီး ကားပါကင်ထိုးစရာနေရာလည်း မရှိပေ။ ယာဉ်ထိန်းရဲနှစ်ဦးက လမ်းဘေးတွေမှာ ရပ်နေပြီး လမ်းရှင်းပေးနေသည်။
နေရာတိုင်း လူတွေချည်းဖြစ်ပြီး တစ်ယောက်ပြီး တစ်ယောက် များလာကာ လူအုပ်ကြီး ဖြစ်နေသည်။
ကျန်းရှင်း က ပြောလိုက်သည်။
“ဦးလေး သမီးအတွက် ဝယ်ထားတဲ့ အိမ်က ကျောင်းနဲ့ မဝေးဘူး.. သမီး လမ်းလျှောက်သွားလို့ရတယ်.. အခု ကျောင်းဖွင့်ပြီ ဆိုတော့ သမီးအမေနဲ့ နေစရာ မလိုတော့ဘူး… အဲ့တာ အဆင်မပြေလောက်ဘူး....."
“ကောင်းတယ်...."
ကျန်းရှောင်မန် လက်ခံလိုက်သည်။
အဘိုးအတွက် ဖျက်သိမ်းကဒ်ရှိနေပြီ ဆိုမှတော့ သူမလည်း နေ့တိုင်း စောင့်ကြည့်ဖို့ မလိုတော့ပေ။
ကျောင်းစတက်ပြီဖြစ်၍ ကျန်းရှင်းက ပြန်သွားကာ ကျန်းဟွေ့မိန် တစ်ယောက်ပဲ ကျန်းရှောင်မန်ကို စောင့်ရှောက်ဖို့ နေရစ်ခဲ့သည်။ အရင်တုန်းက မူကြို တက်ခဲ့ရသလိုပင်။
ကျန်းရှောင်မန်ကို စောင့်ရှောက်ပေးဖို့ မလိုတော့ပေမယ့်လည်း ကျန်းဟွေ့မိန်ကတော့ ကလေးကို မကြည့်ရဘဲ စိတ်ဖြောင့်မှာ မဟုတ်ပေ။
တစ်ပတ်အတွင်း ကျန်းရှောင်မန် ကျောင်းအသစ်နှင့် နေသားကျသွားသည်။
ခုနစ်ရက်တာကို တည်တည်ငြိမ်ငြိမ် ကုန်ဆုံးပြီးသွားတော့ ကျန်းရှောင်မန်တို့ အတန်းကို ရုတ်တရက်ကြီး ကျောင်းသားသစ် တစ်ယောက် ပြောင်းလာခဲ့သည်။
ကျောင်းစဖွင့်တဲ့ ဒုတိယပတ်မှ ကျောင်းပြောင်းလာတာကတော့ အထူးအဆန်းကိစ္စပင်။
ကျန်းရှောင်မန်က သူမဘာကိုရင်ဆိုင်ရတော့မလဲကို အခုထိမသိသေးပေ။
"အတန်းဖော်တို့... ကျောင်းပြောင်းကျောင်းသားက ခဏနေရင်ဒီကိုရောက်တော့မှာ... အကုန်လုံးတိတ်တိတ်နေကြပြီး နွေးနွေးထွေးထွေးကြိုဆိုပေးကြရမယ်နော်...."
ကျန်းရှောင်မန်၏အတန်းက စာတော်သည့်အတန်းဖြစ်ပြီး အတန်းပိုင်ကလည်း အတော်လေးတက်ကြွကာ သူ့အသက်အရွယ်နှင့်အတော်လေး မဆီလျော်နေပေ။ ထို့အပြင်သူက ဖက်ရှင်ကျသည့် ဦးလေးကြီးတစ်ယောက်လည်းဖြစ်သည်
သူက အတန်းရှေ့တွင်ရပ်ပြီး အားပါးတရပြောလေသည်။
"လူတိုင်းကျောင်းသားသစ်လေးကို ဖော်ရွေပြီးနွေးထွေးပေးရမယ်နော်... သူ့ကို ငါတို့ချီမင်ကျောင်းကလူတွေက ဘယ်လောက်တောင်စိတ်အားထက်သန်နိုင်လဲဆိုတာ ခံစားသွားရအောင် ပြကြတာပေါ့...."
လူတိုင်းက သိချင်စိတ်ရှိကြသော်လည်း သိချင်စိတ်က အကန့်အသတ်သာဖြစ်သည်။ ကျောင်းစဖွင့်ပြီး တစ်ပတ်အကြာမှ ကျောင်းပြောင်းလာသူက အတန်းထဲရှိလူတိုင်း၏စိတ်ဝင်စားမှုကို အကြာကြီးမထိန်းနိုင်ပေ။ ချီမင်ကျောင်း၏ ကျောင်းလူဆိုးများက အလွန်အမှုမဲ့အမှတ်မဲ့ဖြစ်ကြသည်။ အတန်းပိုင်ထွက်သွားသည်နှင့် ဖတ်စာအုပ်များကိုထုတ်ကာ တစ်မိနစ်ပင်အချိန်မဖြုန်းတော့ဘဲ မနက်ခင်းစာဖတ်ခြင်းကို လုပ်ဆောင်လေတော့သည်။
xxxxxx