Chapter 351
ထပ်ဆောင်းမေးခွန်းသည်ကား သူမက စနစ်ကို အဖြေကို တိုက်ရိုက်ခိုးခိုင်းပြီး ပုစ္ဆာဖြေရှင်းသည့် လုပ်ငန်းစဉ်ကို တိုက်ရိုက်ခိုးယူခြင်းဖြစ်ပေသည် ။ သူမ၏စနစ်သည် အခြားသူများမှာရှိပြီးသားအရာကိုသာ ခိုးယူနိုင်ပြီး အခြားသူများမှာမရှိသောအရာများကို မခိုးယူနိုင်ပါချေ။ လျန့်စီယု စာမေးပွဲအကြောင်းကို မည်သူမျှ မရေးနိုင်တော့မည်ကို စိုးသဖြင့် ဤလှည့်ကွက်ကို တွေးမိလိုက်ခြင်းဖြစ်၏။
စာမေးပွဲဖြေဆိုပြီးနောက် လျန့်စီယု၏ စာမေးပွဲစာရွက်မှာ ဗလာဖြစ်နေသေးပြီး ပထမဆုံးရွေးချယ်မေးခွန်း အနည်းငယ်နှင့် နောက်ဆုံးထပ်ဆောင်းမေးခွန်းကိုသာ ရေးထားသည်။
စာမေးပွဲခန်းမှ ထွက်လာသောအခါ လျန့်စီယု
၏ခြေထောက်များသည် အိပ်မက်တစ်ခုလို လွင့်မျောနေလေသည်။ စစ်ဆေးမှုက သူမကို အလွန်အကျွံ ဝါးမြိုခဲ့ပြီး သူမကို ရုပ်ပိုင်းဆိုင်ရာ မသက်မသာဖြစ်စေပြီး တိုင်းတာ၍မရနိုင်လောက်အောင် အထိတ်တလန့်ဖြစ်စေခဲ့သည် ။
သူမလိုအပ်သည့်အရာနှင့် လိုအပ်သည့်အရာများကို ကျင့်သားရလာသောကြောင့် သူမ စနစ်ကို စတင်မေးမြန်းခဲ့သည်။ စနစ်တကယ်ပျက်သွားပါက သူမ ဘာလုပ်သင့်သလဲဟူ၍။
လျန့်စီယု ဘာလုပ်ရမှန်းမသိဖြစ်နေပြီး သူမဤစစ်ဆေးမှုမှာ ကျရှုံးခဲ့ကြောင်း ထင်ရှားလေ၏။
ခဏလောက်တွေးပြီးနောက် မျက်စိရှေ့မှာ မူးနောက်နောက်ဖြစ်လာပြီး အမှိုက်ပုံးကို ကိုင်ကယာလမ်းဘေးမှာ ထိုင်ချလိုက်သည်။
ကျန်းရှောင်မန်က စာမေးပွဲခန်းအပြင်ဘက်မှာ ယွီချင်းရှီကို စောင့်နေပြီဖြစ်သည်။
သူမ ယနေ့သူမ၏အောင်မြင်မှုများကို အောင်ပွဲခံရန်လာရောက်ခြင်းဖြစ်ပြီး ၎င်းနောက် စိတ်ဝင်စားစရာတွေကြည့်မည် ။ လျန့်စီယု၏ပုံစံကို မြင်လိုက်ရာတွင် သူမ ဘာမျှမေးနေရန် မလိုတော့ဘဲ သူမ၏ စိတ်ထဲတွင် မှန်းဆနေခဲ့သည်။
ကျန်းရှောင်မန် အလွန်ပျော်နေပြီး သူမ၏နှလုံးသားထဲရှိ တင်းကြပ်နေမှုက လျော့သွားသည်။
မမရေ... ခိုးထားတဲ့ ပစ္စည်းတွေကို တစ်နေ့မှာ ပြန်ပေးရမယ်ဆိုရင် နှစ်ဆပြန်ပေးရလိမ့်မယ်...
ကျန်းရှောင်မန်က ယွီချင်းရှီလက်ကို ကိုင်လိုက်ပြီးပြော၏။
"အရမ်းပျော်တာပဲ...ငါနင့်ကို ဒီနေ့ အသားကင်စားဖို့ ဆက်ဖိတ်ခေါ်မယ်..."
ယွီချင်းရှီက ခေါင်းညိတ်လိုက်ပြီး ကျန်းဟွေ့မိန် ကို ဖုန်းဆက်ကာ သူ ဒီနေ့ အသားကင် စားချင်တယ်ဟု ပြောလိုက်သည်။
ဒီနေ့ မစားမရဘူး...
ကျန်းရှောင်မန် သူ၏လုပ်ဆောင်ချက်ကို အလွန်ကျေနပ်သွားပြီး ယွီချင်းရှီကို လိမ္မာသည့်ကလေးဟု ချီးမွမ်းလိုက်သဖြင့် ယွီချင်းရှီ၏မည်းမှောင်သွား၏။
အရင်က ဘီယာကို မှာထားပြီးသားဖြစ်သည့်အတွက် ကျန်းရှောင်မန် နောက်တစ်ကြိမ် ထပ်လုပ်နိုင်မည်ဟု ထင်ခဲ့သည် ။ ဤတစ်ကြိမ်၌ သူမ လေးပုလင်း မှာလိုက်၏။
ယွီချင်းရှီက သူ့အရက်ဒဏ်ခံနိုင်စွမ်းကို ရှင်းရှင်းလင်းလင်းသိသောကြောင့် ပုလင်းတစ်ဝက်သာသောက်ပြီး ကျန်အားလုံးက ကျန်းရှောင်မန်၏ဗိုက်ထဲသို့ရောက်သွားသည်။
ကျန်းရှောင်မန် မူးနေသည်မှာ အံ့သြစရာတော့ မဟုတ်ပေ။
သူမက ယွီချင်းရှီ ၏လည်ပင်းကို ထင်တိုင်းကြဲကာ သိုင်းဖက်လိုက်ပြီး အာလေးလျှာလေးဖြင့် သူ့ကို ဖက်ချင်သည်ဟု ဆိုသည်။
ယွီချင်းရှီ၏ မျက်နှာသည် အရက်နံ့နှင့် ရောနှောနေသော သူမ၏ ဝင်သက်ထွက်သက်များကြောင့် ရှက်သွေးဖြာနေပြီး သူ့တစ်ဦးတည်းနှင့်သက်ဆိုင်သော ရှိာ ထွက်သက်က သူ့ရှေ့မှာ ရှိနေ၏။
မဖြစ်ဘူး...ယွီချင်းရှီ သူမကို တွဲထားရုံသာတတ်နိုင်သည်။
"ကောင်းပြီ....ဘိုးဘေးလေး... ဒီလိုပုံစံနဲ့အိမ်ပြန်သွားရင် မင်းသေချာပေါက် အဆူခံရမှာ...ငါမင်းကို ကယ်မှာမဟုတ်ဘူး...."
"နင် မှားတယ်... နင်ရော အတူတူ အဆူခံရမှာ...."
ကျန်းရှောင်မန်က ရုတ်တရက်ကြီး အလွန်သနားစရာကောင်းလောက်အောင် ထငိုသည်။
"အသက်မပြည့်သေးရင် သောက်လို့မရဘူး... ဘွားဘွားကို ဘယ်လိုရှင်းပြရမလဲ...ငါက ကလေးကောင်းတစ်ယောက် မဟုတ်တော့ဘူးး …”
ယွီချင်းရှီ : “…”
ကျန်းရှောင်မန်မှာ အိတ်ရှိတာလား...သူမကိုယ်သူမ နားလည်မှုလွဲမှားနေတာလား..
"အဆင်ပြေပါတယ်... ငါ...မင်းကိုဒီအတိုင်းဆူလိုက်တာပါ...."
ယွီချင်းရှီ သူမကို ချော့ရန် ဒူးထောက်လိုက်သည်။
ကျန်းရှောင်မန် ထိုစကားကိုကြားသောအခါ မျှော်လင့်ထားသည့်အတိုင်း ငိုသည်။ ထို့နောက် သူမ ဟန်ဆောင်ပြုံး၍ ငယ်ငယ်ကလုပ်သလိုမျိုး လက်ဆန့်ပြီး သူ့ခေါင်းကိုထိလိုက်သည်။
“ပေါင်ပေါင်း...လိမ်လိမ်မာမာနေ... များများစား.. အရပ်ရှည်လာနော်...အရပ်ရှည်လာ တိုက်မိမှာမကြောက်နဲ့....."
ယွီချင်းရှီ ခဏမျှ ငြိမ်သက်သွားပြီးနောက် ရုတ်ချည်း သူမလက်ကို ပုတ်ထုတ်လိုက်ကာ အနည်းငယ် မှုန်ကုပ်ကုပ်ဖြစ်သွားသည်။
"ငါ ကလေးမဟုတ်တော့ဘူး...မင်းငါ့ကို ဒီလိုလုပ်လို့မရဘူး....."
သူမကပါ သူ့ကို အရွယ်မရောက်သေးတဲ့ကလေး တစ်ယောက်လို့ သတ်မှတ်ထားခဲ့တာပဲ...
ကျန်းရှောင်မန် သူ့ဒေါသကို လုံးဝသတိမထားမိသော်လည်း ၎င်းကို နားလည်ကြောင်း ခံစားလိုက်ရပြီးနောက် သူမ၏ဉာဏ်ကောင်းသော ဦးနှောက်က ကြံကြံဖန်ဖန်လှုပ်ရှားလာပြီး ဆုလာဘ်နည်းလမ်းသစ်တစ်ခုနှင့်အတူ ထွက်ပေါ်လာခဲ့သည်။
သူမက ရုတ်တရက် ရှေ့သို့ ခုန်တက်ကာ ယွီချင်းရှီ၏ ခေါင်းကို ပွေ့ဖက်ပြီး အလွန်ဂုဏ်ယူစွာဖြင့် နမ်းလိုက်၏။
"ဒါက လူကြီးတွေအတွက် ဆုလာဘ်ဟုတ်တယ်နော်....."
ယွီချင်းရှီ မျက်နှာရဲပြီး အေးခဲသွားသည်။ ယစ်မူးနေသော မျက်လုံးများနှင့် အောင်ပွဲခံနေ သော အပြုံးကို ကြည့်လိုက်ပြီး အချိန်အတော်ကြာအောင်ယူပြီးမှ သူ စကားတစ်ခွန်းကို ညစ်ထုတ်လိုက်ရ၏။
"လူဆိုး..."
ကျန်းရှောင်မန် မအီမသာဖြစ်နေခဲ့၏။
အိမ်ပြန်သည့်အခါ ကျန်းဟွေ့မိန်ထံတွင် တန်းအမိခံလိုက်ရသည်။ ယွီချင်းရှီနှင့်သူမတို့ အခန်းတွင်းဝင်ဝင်ချင်းပင် ကျန်းဟွေ့မိန်ကအနံ့ရသွားပြီး လက်ဖြင့်ကာလိုက်သည်။.
"ဘုရားရေ...နင်ဘယ်လောက်တောင်သောက်လာတာလဲ...”
ကျန်းရှောင်မန်က ယွီချင်းရှီကိုတွဲလိုက်သည်။ ယွီချင်းရှီတစ်ကိုယ်လုံးက အရိုးမရှိသလိုယိုင်နဲ့နေပြီး နှုတ်ခမ်းဖျားမှလည်း ဘာတွေရေရွတ်နေမှန်းမသိချေ။
ကျန်းဟွေ့မိန် သူတို့နှစ်ယောက်လုံးကို ပြင်းပြင်းထန်ထန်ဆူပစ်ချင်ခဲ့၏။ သို့သော် ယွီချင်းရှီက ခေါင်းကိုတွင်တွင်ငုံ့ထားရင်း ကျန်းရှောင်မန်ကို ဝိုင်သောက်စေခဲ့သူမှာ သူသာဖြစ်ကြောင်း၊ ထို့ကြောင့် သူ့ကိုသာဆူရန်ပြောလာသည်။
xxxxxxx
Chapter 352
ကျန်းဟွေ့မိန်က စိတ်ဆိုးဆိုးနှင့်ပြုံးလိုက်မိသည်။
“ငါက ကန်းနေတယ်လို့ထင်တာလား...”
“ကျွန်တော် အဲ့လိုသဘောမျိုးပြောတာမဟုတ်ပါဘူး……”
“ထားလိုက်တော့...”
ကျန်းဟွေ့မိန်က ကျန်းရှောင်မန်ကို ယွီချင်းရှီထံမှလက်လွှဲယူလိုက်သည်။
သူမမှတ်မိသလောက် ယွီချင်းရှီအရင်က ဤကဲ့သို့မဟုတ်ချေ။ အလွန်နာခံလွယ်သောကလေးတစ်ဦး ဖြစ်သည်။ သို့သော် သူမတို့သူ့အိမ်နားပြောင်းလာကတည်းက ယွီချင်းရှီ၏ပုံစံသည်လည်း ပြောင်းလဲသွားခဲ့၏။
ယွီဝမ်ချန်းက ဤကဲ့သို့ပြောင်းလဲလာခြင်းမှာ ကလေးများအတွက် ကောင်းမွန်သည်ဟုပြောခဲ့သော်လည်း ကျန်းဟွေ့မိန်ကထိုသို့မထင်ချေ။ သူမ၏မြေးမမှာ အစကတည်းက အထိန်းအကွပ်မဲ့သည်။ ယွီချင်းရှီ၏အလိုလိုက်အကြိုက်ဆောင်မှုနှင့် ပေါင်းစပ်လိုက်သည့်အခါ သူတို့နှစ်ဦးကိုထိန်းရန်မလွယ်ကူတော့ချေ။
မူးနေသောကျန်းရှောင်မန်အား ယွီချင်းရှီထံမှလက်လွှဲယူပြီးနောက် ကျန်းဟွေ့မိန်က သူမကိုသန့်ရှင်းရေးလုပ်ပေးရန် အိမ်သို့ပြန်ခေါ်ခဲ့သည်။
ယွီချင်းရှီက ထိုနှစ်ဦး၏နောက်ကျောများကို ခဏတာစိုက်ကြည့်နေပြီးနောက် အိမ်သို့ပြန်ကာ ကိုယ်လက်ဆေးပြီး အိပ်ရာဝင်လိုက်တော့၏။
နောက်တစ်ရက်တွင် ကျန်းရှောင်မန်က ခေါင်းတစ်ဆစ်ဆစ်ကိုက်၍ နိုးလာသည်။ အတန်းတက်ရန်မလိုအပ်သဖြင့် သူမအနည်းငယ်ဆက်အိပ်ရန်ပြင်လိုက်သည်။ ကျန်းရှောင်မန်က နေ့လည်အထိမထနိုင်ခဲ့။
ဝိုင်အများအပြားသောက်မိခြင်းက သူမကို မသက်မသာဖြစ်စေသည်။
ကျန်းဟွေ့မိန် နှင့် ယွီချင်းရှီက နေ့လည်စာစားနေကြသည်။ သူမရောက်လာသည်ကိုတွေ့သောအခါ တစ်ချက်မော့ကြည့်ပြီးနောက် ဘာမှမဖြစ်ခဲ့သလိုပင် ဆက်လက်စားသောက်နေကြသည်။
ကျန်းရှောင်မန်က ယွီချင်းရှီနံဘေးတွင်ဝင်ထိုင်လိုက်ရင်း ဆန်ပြုတ်တစ်ပန်းကန်ယူလိုက်ကာ ဇွန်းအပြည့်ခပ်သောက်လိုက်သည်။ ထို့နောက်
“ဘွားဘွား...သမီးမှားသွားပါတယ်...”
လက်တစ်ဖက်က စားပွဲအောက်မှနေ၍ ယွီချင်းရှီ၏ခြေထောက်ကို အသာအယာပုတ်လာသည်။
ယွီချင်းရှီ ခပ်တောင့်တောင့်ဖြစ်သွားသည်။
သူ့ကို ကြားကဖြန်ဖြေပေးစေချင်တာလား...မေ့လိုက်တော့...အဆူပဲခံလိုက်...သူဝင်ပြောလေလေ ဘွားဘွားပိုပြီးစိတ်ဆိုးလေလေပဲဖြစ်မှာ...
ကျန်းဟွေ့မိန် အေးစက်စက် နှာခေါင်းရှုံ့လိုက်သည်။
“ဘယ်နေရာမှားတာလဲ...”
“အားလုံးမှားတာပါ...”
ကျန်းရှောင်မန်က ယွီချင်းရှီ၏ခြေထောက်ကို ထပ်မံပုတ်လိုက်သည်။
“အိုး...အမှားကိုဝန်ခံရကောင်းမှန်းတော့သိပေမယ့် ပြင်ချင်စိတ်တော့မရှိဘူးပေါ့ဟုတ်လား...ခေါင်းမာလိုက်တဲ့ကလေး...”
ကျန်းရှောင်မန်က ဘွားအေဖြစ်သူကို ကြောက်ဟန်ဆောင်လိုက်ပြီး ယွီချင်းရှီကို ထပ်၍တွန်းလိုက်သည်။ သနားစရာပင်။ ယွီချင်းရှီက ကိုယ့်ကိုယ်ကိုယ်ပြင်ဆင်ထားခဲ့၏။ သူက တစ်ခွန်းမှကူမပြောပေးချေ။
ကျန်းရှောင်မန် သူ့ကိုစိုက်ကြည့်လိုက်သည်။ သူက မသိချင်ယောင်ဆောင်မြဲပင်။သူ့ လက်ဖဝါးကို ဆိတ်ဆွဲသော်လည်းမထူး။
ကျန်းရှောင်မန်စိတ်ဆိုးဆိုးနှင့် ခြေထောက်ကိုတက်နင်းပစ်လိုက်၏။
ယွီချင်းရှီထအော်လိုက်သည်။
“ဘွားဘွား...ရှောင်မန်အနိုင်ကျင့်နေတယ်...”
“...”
ကျန်းရှောင်မန်ကြောင်သွားသည်။
ဝိုး...ယွီချင်းရှီ...အရမ်းတော်နေတယ်ပေါ့ဟုတ်လား...နင်ကများငါ့ကိုတိုင်တယ်ပေါ့လေ...ရတယ်...အခုကစပြီး နင်ငါ့ရဲ့ချစ်စရာကောင်းတဲ့သစ်သားမြင်းရုပ်ကလေးမဟုတ်တော့ဘူး...ဟမ့်.....
ကျန်းရှောင်မန်သင်ခန်းစာရဖို့လိုအပ်သည်ဟု ခံစားမိသောကြောင့် ယွီချင်းရှီ သူမအားဘာမှကူမပြောပေးခဲ့။
ကံကောင်းစွာဖြင့် ကျန်းဟွေ့မိန်က အိမ်ပြန်နောက်မကျရန်နှင့် အရက်အလွန်အကျွံမသောက်ရန်သာဆုံးမပြီး ဒီအတိုင်းလွှတ်ပေးလိုက်သည်။
သို့သော် ပြသနာ ပြေလည်ဖို့အဝေးကြီးလိုသေးသည်ပင်။ ယွီချင်းရှီက သူမအားစိတ်ကောက်နေဆဲဖြစ်ကာ အဘယ့်ကြောင့်စိတ်ကောက်နေမှန်းလည်း ကျန်းရှောင်မန်မသိ။
တကယ်တမ်း စိတ်ဆိုးရမယ့်လူက သူမ မဟုတ်ဘူးလား...
သူမ လုပ်ခဲ့တာဆိုလို့ အပြင်ထွက်ပြီးသွားသောက်ခဲ့မိရုံလေးတင်...သူ မနက်တုန်းကဆို သူမဘက်ကနေတောင် လိုက်မပြောပေးခဲ့ဘူးလေ...တိုင်တောင်တိုင်လိုက်သေးတယ်မဟုတ်လား...သူမကစိတ်မဆိုးရပဲ ဘာလို့သူကစိတ်ကောက်နေရတာလဲ...
ကျန်းရှောင်မန် စိတ်ထဲကညည်းညူလိုက်မိသည်။ လောလောဆယ် သူမ သူ့ကိုချော့ချင်စိတ်မရှိချေ။ ထို့ကြောင့် ဒီတိုင်းထားရန်သာ စဥ်းစားလိုက်၏။
သို့သော် ထိုသို့နေရသည်မှာ အလွန်ပျင်းရိဖွယ်ကောင်းလှသည်။ ကျန်းရှောင်မန် ယွီချင်းရှီအား ပွင့်ပွင့်လင်းလင်းမေးလိုက်သည်။
“နင် ဘာဖြစ်နေတာလဲ...”
“ဘာမှမဖြစ်ပါဘူး...”
ယွီချင်းရှီက ခေါင်းကိုငုံ့လိုက်ရင်း စာရွက်များကို ဟိုသည်လှန်လှောနေသည်။
သူ့အခန်းတွင်းတွင်ထပ်ထည့်ထားသည့် စားပွဲမှာ ကျန်းရှောင်မန်၏တစ်ခုလောက်မကြီးမားသော်လည်း စာကြည့်ရန်အတွက်တော့လုံလောက်သည်။
တစ်ခါတစ်ရံ ကျန်းရှောင်မန်ကိုလိုက်ရှာမည့်အစား စားပွဲတွင်သာ စာဖတ်နေတတ်၏။ သို့သော် ယခုမူ သူစိတ်ဆိုးနေခြင်းဖြစ်သည်။
ကျန်းရှောင်မန်က သူ့စာအုပ်ကိုဆွဲယူလိုက်ပြီး
“ငါ့ကိုတည့်တည့်ကြည့်...”
ယွီချင်းရှီက သူမကိုကြည့်လိုက်သည်။
အညိုဖျော့ဖျော့မျက်ဆံများက နေရောင်အောက်တွင်တောက်ပလျှက်ရှိသည်။ ဘေးဘက်တွင် အပြာရောင်ဆံခြည်မျှင်သွေးကြောလေးများအား ခပ်ရေးရေးမြင်နေရ၏။
ကျန်းရှောင်မန်က ထိုမျက်ဝန်းလှလှလေးတစ်စုံတွင် မျောပါသွားပြီး ဘာဆက်ပြောရမှန်းမသိတော့ချေ။
အား...အလှအပကသိပ်ဒုက္ခပေးတာပဲ...
အချိန်အတော်ကြာသည်အထိ သူမထံမှစကားမပြောလာသဖြင့် ယွီချင်းရှီက ညှင်သာစွာမေးလိုက်သည်။
“ဘာဖြစ်လို့လဲ...”
“သေချာပေါက်တစ်ခုခုဖြစ်နေတာပေါ့...နင်ငါ့ကိုလျစ်လျူရှုနေတယ်လေ... ”
ယွီချင်းရှီ သူမအား ထူးဆန်းသလိုကြည့်လိုက်သည်။
သူဘယ်နေရာများ လျစ်လျူရှုမိလို့လဲ...နေ့လည်စာစားပြီးကတည်းက အားလုံးကိုစိတ်ကောက်ပြီးထွက်သွားတာ သူမ မဟုတ်ဖူးလား...
ကျန်းရှောင်မန်...ကျန်းရှောင်မန်...သိတာကြာလာလေ..ပိုဆိုးလာလေပဲ...
“ငါနင့်ကိုလျစ်လျူမရှုပါဘူး...”
ယွီချင်းရှီက ပြောလိုက်သည်။
“ငါသာနင့်ကိုလျစ်လျူရှုထားရင် အခုလိုဘယ်စကားပြောမလဲ...”
“အိုး...ဒါဆိုနင်အခု စိတ်ကောက်မနေဘူးပေါ့...”
ယွီချင်းရှီက ဒီတစ်ခါ ဘာမှပြန်မပြောတော့ချေ။
xxxxx
Chapter 353
သူက မညာတတ်ပေ။ ကျန်းရှောင်မန်ကို တကယ်ကြီးစိတ်ဆိုးနေခြင်းဖြစ်သည်။ သို့သော် စိတ်ဆိုးရသည့်အကြောင်းအရင်းမှာ ပြောရခက်သည်။
ဘေးတိုက်မြင်နေရသော သူ့ပါးလေးပိုဖောင်းလာသည်ကိုကြည့်ရင်း ယွီချင်းရှီသူမအားစိတ်ကောက်နေခြင်းကို ကျန်းရှောင်မန်အတည်ပြုနိုင်သွားသည်။
သူမ သူ့ကိုရိုက်ချင်စိတ်ပေါက်လာသည်။ ကျန်းရှောင်မန်က ယွီချင်းရှီ၏ပါးကိုဆွဲလိုက်ကာ သူမနှင့် မျက်နှာချင်းဆိုင်စေသည်။
“နင်စိတ်ဆိုးနေတာမှ ငါးပူတင်းလေးကျနေတာပဲ...ပြော...ဘာကိုစိတ်ဆိုးနေတာလဲ...”
ယွီချင်းရှီက ပါးလိမ်ဆွဲခံရသောကြောင့် စိတ်ဆိုးဆိုးဖြင့်
"လွှတ်..."
အရမ်းကိုင်လို့ကောင်းတာပဲ...
ကျန်းရှောင်မန်က တို့ဟူးတုံးလေးကဲ့သို့အထိအတွေ့ကို အားရပါးရကိုင်ပြီးနောက် လွှတ်ချလိုက်ကာ လက်ပိုက်လိုက်သည်။
“နင်မပြောရင် ငါဒီအကြောင်းကို တစ်နေ့လုံးတွေးနေမယ်ထင်တယ်...ဘာမှလုပ်လို့လည်းရမှာမဟုတ်ဘူး...နင်ပြောမပြမချင်း ငါနင့်ကို တစ်နေ့လုံးထိုင်ကြည့်နေမှာနော်..."
ကျန်းရှောင်မန် သူ့ကိုသက်သက်အကျပ်ကိုင်တာပဲ..
ယွီချင်းရှီက အံကြိတ်ရင်း
"မနေ့ညက နင်ဘာလုပ်ခဲ့လဲမှတ်မိလား..."
မနေ့ညက...ငါဝိုင်သောက်ပြီး အသားစားတယ်... ပြီးတော့ မူးသွားတယ်...
ဖြစ်နိုင်တာ...သူမ မူးသွားတုန်း ယွီချင်းရှီမကြိုက်တာတစ်ခုခုလုပ်ခဲ့မိတာလား...
ကျန်းရှောင်မန်က တွေးရင်းတွေးရင်းလန့်လာသည်။ သူမက ပါးစပ်ကိုလက်ဝါးနှင့်အုပ်လိုက်ကာ
"ငါ...နင့်ကိုတစ်ခုခုလုပ်ခဲ့မိတာလား...”
ယွီချင်းရှီမျက်နှာနီရဲသွားသည်။
"မဟုတ်ဘူး..."
“အိုး...တော်သေးတာပေါ့...ငါ ဂျယ်လီစားခဲ့တာတော့မှတ်မိတယ်...”
"ဂျယ်လီ..."
"ဟုတ်တယ်...ဂျယ်လီလေ...သိပ်တော့မချိုဘူး...ဒါပေမယ့်စားလို့ကောင်းပါတယ်...အဲ့ဒါက နင်ငါ့အတွက်ဝယ်ခဲ့တာလား...”
ယွီချင်းရှီ သူမကိုကျောခိုင်းလိုက်သည်။
ဂျယ်လီ...ဘယ်ကဂျယ်လီလဲ...သူမက ဘာမှမမှတ်မိတဲ့အပြင် သူ့ကိုဂျယ်လီလို့ပါပြောရဲတယ်ပေါ့လေ...
ကျန်းရှောင်မန်က သူ့နောက်ကျောကိုကြည့်ရင်း သူမအနေဖြင့် ဆိုးရွားတာတစ်ခုခုလုပ်ခဲ့ခြင်းဖြစ်မည်ဟု သံသယဝင်လာသည်။
သူမက ရုတ်တရက်ပြောလိုက်သည်။
“ငါ မှတ်မိပြီ...”
ယွီချင်းရှီနောက်ကျောက တောင့်တင်းသွားသည်။
“ဘာကိုမှတ်မိတာလဲ...”
“ဂျယ်လီမဟုတ်ဖူးထင်တယ်...အဲ့ဒါက နည်းနည်းငံသလိုပဲ...”
“…”
ယွီချင်းရှီ၏သည်းခံနိုင်စွမ်း ကုန်ဆုံးသွားကာ သူမအား အခန်းအပြင်ဘက်သို့ နှင်ထုတ်လိုက်တော့သည်။
.......
နောက်တစ်ရက်က တနင်္လာနေ့ဖြစ်သည်။
ယွီချင်းရှီက ဆက်လက်စိတ်ဆိုးခြင်းမရှိတော့ချေ။ သို့သော် ကျန်းရှောင်မန်က သူ့အပေါ်အပြစ်မကင်းသလိုခံစားရသည့်အလျောက် ပို၍ကောင်းပေးရန် ဆုံးဖြတ်လိုက်သည်။
ကျန်းရှောင်မန်က ယွီချင်းရှီနောက်ကနေ အတန်းထဲလိုက်ဝင်လာသည်။ မည်သူမှမလာသေးမှန်းသေချာသည့်အခါ သူမကတောက်ပစွာပြုံးရင်း ယွီချင်းရှီ၏လက်တွင်းသို့ နှမ်းမုန့်လုံးနှစ်ခုထည့်ပေးလိုက်၏။
ယွီချင်းရှီ၏မျက်ဝန်းများဝိုင်းသွားကာ သူမနှင့်မုန့်ကို တစ်လှည့်စီကြည့်နေမိသည်။ ယနေ့သင်ကြားမည့်ဆရာမှာ အလွန်စည်းကမ်းတင်းကြပ်ပြီး မည်သည့်စားစရာကိုမှ စာသင်ခန်းတွင်းယူဆောင်ခွင့်မပြုချေ။
“စား...”
ယွီချင်းရှီ အခုထိလက်မခံသေးကြောင်းတွေ့ရသည့်အခါ သူမက စိတ်ပူပန်လာသည်။
“အဲ့ဒါ နင့်အတွက်လုပ်ထားတာ...ငါတို့နှစ်ယောက်လုံးမိသွားတာလိုချင်လို့လား...”
သူမမျက်ဝန်းကျယ်ကျယ်လေးများက တဖျပ်ဖျပ်လက်နေပြီး အလွန်ချစ်စဖွယ်ကောင်းသည်။ ယွီချင်းရှီက မြောင်မြောင်၏မျက်ဝန်းများကိုပင် သတိရသွားလေသည်။
ယွီချင်းရှီက ဘာမှမပြောပဲတစ်ခုယူလိုက်ကာ ခပ်ဖြည်းဖြည်းဝါးလိုက်သည်။
ထို့နောက် လည်စလုတ်ရွေ့လျားသွားပြီး မြိုချလိုက်ပုံရသည်။
ကျန်းရှောင်မန်က ပြုံးလိုက်၏။
“ငါ့မုန့်ကိုစားပြီးသွားပြီဆိုတော့ စိတ်မဆိုးနဲ့တော့...”
“ကောင်းပြီလေ...”
ယွီချင်းရှီက နင်သွားသည့်အတွက် ရေတစ်ငုံအမြန်ယူသောက်လိုက်ရသည်။
နှမ်းမုန့်လုံးက ချိုပြီးစေးကပ်လေသည်။ အဆိုပါမုန့်က သကြားပါဝင်မှုများလွန်းသည့်အတွက် ယွီချင်းရှီမကြိုက်ပေ။ သို့သော် သူကတိတ်တဆိတ်သာ စားလိုက်သည်။
ထားတော့...သူမကတကယ့်ကိုပြသနာအိုးလေးပဲ...
သင်္ချာချိန်တွင် ဆရာကအတန်းတွင်းသို့ ရယ်မောရင်းဝင်လာသည်။
သူ့လက်ထဲတွင် ပုံနှိပ်စာအုပ်အပြင် “ဂုဏ်ပြုလက်မှတ်.” တစ်ခုလည်းပါလာသည်။
အနီရောင်တစ်ခုက အတော်လေးသိသာနေသည်။
“ကလေးတို့...ပထမဆုံးအနေနဲ့ သတင်းကောင်းတစ်ခုပြောစရာရှိတယ်....”
ဆရာက အလွန်ပျော်ရွှင်နေပုံရသည်။
. “အားလုံးပဲ...ယွီချင်းရှီကိုဂုဏ်ပြုပေးလိုက်ရအောင်...သူက သင်္ချာပြိုင်ပွဲမှာပထမရခဲ့တယ်...အားလုံးလက်ခုပ်တီးကြပါ...”
အတန်းသားအားလုံး လက်ခုပ်တီး၍ဂုဏ်ပြုကြသည်။ ထိုအထဲတွင် ကျန်းရှောင်မန်က အလွန်အမင်းစိတ်လှုပ်ရှားနေလေသည်။
ယွီချင်းရှီကတော့ ယွီချင်းရှီပါပဲ...
ယွီချင်းရှီ လက်မှတ်ကိုထယူပြီးသည်နှင့် အလွန်ပျင်းရိစရာကောင်းသည့် သင်္ချာအတန်းစတော့သည်။.
ယခုအကြိမ်ပြိုင်ပွဲသည် အရေးမကြီးသောကြောင့် ချင်းမင်၏ဆရာများက ၎င်းအပေါ် အလေးအနက်မထားခဲ့ကြပေ။
အတန်းပြီးသွားသည့်အခါ ကျန်းရှောင်မန်က စင်ပေါ်သို့ပြေးတက်ကာ သင်္ချာဆရာအား စိတ်အားထက်သန်စွာ မေးလိုက်သည်။
"ဆရာ...ဆရာ...တခြားပြိုင်ပွဲဝင်တစ်ယောက်ကရော အမှတ်ဘယ်လောက်ရလဲ....."
ကျန်းရှောင်မန်သည်လည်း သင်္ချာဆရာ၏ဂုဏ်ယူစရာကောင်းသောတပည့်အဖြစ် သတ်မှတ်ခံထားရသူဖြစ်သည်။ သူမက လစဉ်စာမေးပွဲတွင်ကျရှုံးသော်လည်း သင်္ချာဆရာက သူမအပေါ်အမြင်ကောင်းရှိဆဲပင်။
သူက သူမအားခပ်တိုးတိုးပြောသည်။
“ဖြစ်နိုင်တာတော့ အဲ့ဒီ့တစ်ယောက် စာမေးပွဲမှာကောင်းကောင်းမလုပ်ခဲ့တဲ့ပုံပဲ...”
စာမေးပွဲရလဒ်ကတော်တော့် ဆိုးဆိုးဝါးဝါးပင်။
သို့သော် သူက ထိုအရာအားကလေးရှေ့တွင်ပြောမှာမဟုတ်...။
အတန်း ၈မှဆရာနှင့် အတန်း ၁၂မှဆရာတို့က အချင်းချင်းလျှို့ဝှက်စွာ ယှဥ်ပြိုင်နေကြခြင်းဖြစ်သည်။ သူတို့က အပေါ်ယံတွင် အချင်းချင်းအားပေးကူညီဟန်ပေါက်သော်လည်း အမှန်စင်စစ်ဤသို့မဟုတ်ချေ။
ဤတစ်ကြိမ်တွင် ယွီချင်းရှီက ပထမရသွားခဲ့ပြီး အတန်း၁၂ မှတစ်ယောက်ကမူ ဘိတ်ချီးဖြစ်သည်။
ကရော်...ကရော်...
အတန်း ၁၂ ကဆရာက သူ့ကို ၃ရက်လောက်စကားမပြောခဲ့။
ကျန်းရှောင်မန်က အိုး ဟုရေရွတ်လိုက်ပြီး လန်းဆန်းသွားသလိုခံစားခဲ့သည်။
xxxxx
Chapter 354
အတန်း ၁၂ရှိ လျန့်စစ်ယွီက ဘာဖြစ်လို့ဖြစ်မှန်းမသိချေ။ ဆရာက ဂုဏ်ပြုလက်မှတ်လာပေးခြင်း သို့မဟုတ် သတင်းကောင်းလာပြောခြင်းမျိုးမရှိပဲ ဒီအတိုင်းသာလျစ်လျူရှုထားလေသည်။
လျှို့ရွှမ်က အတန်း ၁၂ သို့ရောက်လာချိန်တွင် လျန့်စစ်ယွီ ဂနာမငြိမ်ဖြစ်နေလေသည်။
စနစ်က သူမအား ဘောနပ်စ်မပေးသေးချေ။
စနစ်နှင့်သူမကြားရှိခဲ့သည့် အာမခံချက်များမှာ ယခုအခါအသုံးမဝင်တော့ချေ။
လျန့်စီယု ထိတ်လန့်သွားခဲ့၏။ သူမတွင် စနစ်မရှိတော့ပါက ဘာဆက်လုပ်ရမှန်းမသိ။
လျှို့ရွှမ်က ပြတင်းပေါက်နားတွင်ထိုင်နေသော လျန့်စီယုအနားကပ်ကာ ပြောသည်။ သူမနာမည်ကို နှစ်ကြိမ်သုံးကြိမ်လောက် ခေါ်လိုက်ရ၏။
“ဘာတွေတွေးနေတာလဲ...ခေါ်နေတာကြာလှပြီ...”
လျန့်စီယုက သူမကိုယ်သူမ ယုံကြည်ချက်အလွန်မြင့်မားသည်။ အကယ်၍ ယွီချင်းရှီသာပထမရပါက သူမ၏ရလဒ်သည်လည်း ဆိုးဝါးမည်မဟုတ်ဟု လျို့ရွှမ်ယူဆထားသည်။
“နောက်ဆုံးတစ်ခေါက်ပြိုင်ပွဲမှာတုန်းက အမှတ်ဘယ်လောက်ရခဲ့လဲသိပြီလား...ယွီချင်းရှီက ပထမရတယ်တဲ့...သောက်ရမ်းကံကောင်းတာပဲ...”
လျန့်စီယု၏ မျက်နှာဖြူလျော်သွားကာ အပြုံးတစ်ခုကို အတင်းညှစ်ထုတ်လိုက်ရသည်။
“ဟုတ်လား...”
စာမေးပွဲရလဒ် ထွက်လာပြီဆိုရင် သူမဘာလို့ဘာမှမသိရတာလဲ...
အိုး...သေလိုက်ပါတော့...သူမ ဘာမှမှမရေးခဲ့တာ...
သူမ အဆိုပါစာမေးပွဲရလဒ်အား ရင်ဆိုင်ဖို့အသင့်မဖြစ်သေးချေ။ လျန့်စီယု၏ လက်ဖျားများအေးစက်လာပြီး ရင်တုန်ပန်းတုန်ဖြစ်လာသည်။
စနစ်ကြောင့် သူမရက်အတော်ကြာမအိပ်ရသေးချေ။ ထို့ကြောင့် မျက်သားများနီရဲနေကာ မျက်တွင်းများလည်းချောင်ကျနေလေသည်။
လျှို့ရွှမ်က ထိုအရာကိုသတိမထားမိ။ သူက လျန့်စစ်ယွီ၏ ဂုဏ်ပြုလက်မှတ်ကိုသာ ပေးကြည့်ရန်တောင်းဆိုနေသည်။
ဂုဏ်ပြုလက်မှတ်...သူမမှာဘယ်လိုလုပ် ဂုဏ်ပြုလက်မှတ်ရှိမှာတဲ့လဲ...
လျှို့ရွှမ်သာရောက်မလာပါက စာမေးပွဲရမှတ်စောစောထွက်လာသည်ကိုပင် သူမသိမှာမဟုတ်။
လျန့်စီယုက အေးစက်စက်ပြောလိုက်သည်။
"ငါမသိသေးဘူး...”
သူမပုံစံမှာ ကြောက်စရာကောင်းနေသဖြင့် လျှို့ရွှမ်က တီးတိုးပြောလာသည်။
“မပြချင်လည်း မပြနဲ့ပေါ့...ဒီတိုင်းတွေ့ချင်လို့ နှုတ်ဆက်ဖို့လာခဲ့တာကို...ဘာလို့ဒီလောက် အေးစက်နေရတာလဲ...”
လျန့်စီယု ရယ်ပင်မရယ်နိုင်။
လျှို့ရွှမ်ကိုနှင်ထုတ်ရန်အတွက် ဝတ်ကျေတန်းကျေသာ တုံ့ပြန်လိုက်သည်။
“ဘာမှအထွေအထူးမဟုတ်ပါဘူး...ငါစာမေးပွဲမှာကောင်းကောင်းမလုပ်နိုင်ခဲ့ဘူးလေ...အရန်မေးခွန်းတွေကိုပဲဖြေနိုင်ခဲ့တာ...”
“ဝိုး...အရန်မေးခွန်းတွေအကုန်ဖြေနိုင်ခဲ့တာလား..အရမ်းတော်တာပဲ...”
“အင်း...အဲ့ဒါကသိပ်တော့မမိုက်ဘူး...အရန်မေးခွန်းတွေမှာ အချိန်ကုန်သွားတော့ တခြားဟာဖြေဖို့အချိန်မရလိုက်ဘူး...”
ဘာပဲဖြစ်ဖြစ် အဖြေလွှာကိုထုတ်ပြမှာမှမဟုတ်တာ...ဘယ်သူမှမသိလောက်ပါဘူး...
လျန့်စီယုက သူမကိုကြည့်လိုက်သည်။
“ဒီနေ့ငါသိပ်ပြီး နေမကောင်းလို့...ဒီလောက်နဲ့ပဲသွားတော့နော်...နောက်ပိုင်းအချိန်ရမှ ငါလာခဲ့တော့မယ်...”
လျန့်စီယုစိတ်အခြေအနေမှာ အပြောင်းအလဲမြန်လှသည်။ လျှို့ရွှမ်က ဒါကိုကျင့်သားရပြီးသားပင်။
လျှို့ရွှမ်ထွက်သွားသည်နှင့်လျန့်စီယု စားပွဲပေါ်မှောက်လိုက်ပြီး အမှတ်ကိုတိတ်တဆိတ်စစ်ဆေးလိုက်သည်။
၅၈မှတ်...
အမှတ်ကိုမြင်လိုက်ရသည်နှင့် သူမ ရင်ခံသွားသည်။
တစ်ခါမှ ဒီလိုအမှတ်မျိုးမရဖူးဘူးလေ...
အဆင့်ကို ကြည့်စရာပင်မလိုတော့ချေ။
စာမေးပွဲလာဖြေသူအားလုံးက ထိပ်ဆုံးကျောင်းသားများသာ။ သူမအမှတ်ကို အမှတ်စစ်သော ဆရာကပင် သြချသွားလိမ့်မည်။
လျန့်စီယု ဘာလုပ်ရမှန်းမသိတော့ပဲ စားပွဲကိုသာ ခေါင်းနှင့်တိုက်နေသည်။
ရလဒ်ထွက်လာသည်နှင့် အတန်းဖော်များထံမှ သံသယအကြည့်များကို ရင်ဆိုင်ရတော့မှာပင်။
သူမ တစ်လျှောက်လုံး ကိုယ့်ပုံရိပ်ကိုယ်ထိန်းသိမ်းလာသမျှ အကုန်သွားလေပြီ။
မဟုတ်ဘူး...တခါတလေ အမှတ်မကောင်းတာက ပုံမှန်ပါပဲ...ဟုတ်တယ်မလား...ငါဖျားနေတယ်လို့ဆင်ခြေပေးလိုက်ရကောင်းမလား...စာမေးပွဲဖြေတဲ့နေ့က နေမကောင်းတဲ့အတွက် ဒီလိုဖြစ်သွားတာဆိုပြီး...
ဟုတ်တယ်...အဲ့လိုဆို အဆင်ပြေသွားလိမ့်မယ်...
လျန့်စီယုက စနစ်ကိုမေးလိုက်သည်။
“စနစ်က အခုပုံမှန်ပြန်ဖြစ်သွားပြီလား...”
“…ခုထိမရသေးဘူး...."
စနစ်က ဗိုင်းရပ်စ်ကိုခုထိရှာမတွေ့သေးပေ။
သို့သော် ဆိုးဝါးသည့်ကိစ္စများက ဒီတင်မရပ်ချေ။
နောက်တစ်နေ့တွင် လျန့်စီယုအား ရုံးခန်းမှခေါ်စာရောက်လာသည်။
လျန့်စီယုက ခေါင်းကိုငုံ့ထားရင်း သူမကြိုစီစဥ်ထားသည့်အတိုင်း အမှားဝန်ခံလိုက်သည်။
“ဆရာ...ကျောင်းကိုအရှက်ရစေတဲ့အတွက် တောင်းပန်ပါတယ်...သမီးအဲ့နေ့က နေမကောင်းဖြစ်နေတာ...ဒါပေမယ့် အားတင်းပြီးစာမေးပွဲသွားဖြေခဲ့တာပါ...အမှတ်က...အမှတ်ကဒီလောက်ထိဖြစ်သွားလိမ့်မယ်လို့ သမီးမမျှော်လင့်ထားခဲ့ဘူး...”
သင်္ချာဆရာက လက်ကိုဝေ့ယမ်းလိုက်သည်။
“သမီးအဆင့်နဲ့ ဒီလောက်အမှတ်ပဲရတာတော့မဖြစ်သင့်ဘူးမလား...”
“သမီး...သမီး..တကယ့်ကိုနေမကောင်းဖြစ်နေခဲ့လို့ပါ...”
လျန့်စီယုက စတင်၍မျက်ရည်များကျဆင်းလာသည်။
“ထားလိုက်တော့...ဆရာသမီးကိုရှာတာ တခြားကိစ္စကြောင့်ပဲ...”
သင်္ချာဆရာက မျက်လုံးပင့်ကြည့်လိုက်ရင်း...
“မလန့်သွားနဲ့နော်...သမီးတစ်ယောက်ထဲကပဲ အရန်မေးခွန်းတွေကို ဖြေခဲ့တာ...ပြီးတော့...တစ်ထေထရာတည်းသွားတူနေတယ်...”
ဆရာက တစ်ထေရာတည်း ဟူသည့်စကားလေးလုံးကို ဖိပြောသွားသည်။ လျန့်စီယုက ထိုကဲ့သို့ကိစ္စများကို အာရုံစိုက်နိုင်စွမ်းမရှိခဲ့ချေ။ သူမက ရှက်ရွံ့စွာဖြေလိုက်သည်။
“သမီး...သမီးလေ့ကျင့်ထားတာတွေပါလာတယ်လေ..အဲ့ဒါကြောင့် ကောင်းကောင်းဖြေနိုင်ခဲ့တာ....”
ဒီအတိုင်းဆိုရင်...ဂုဏ်ပြုခံရသင့်တယ်မဟုတ်လား...
သို့သော် ဆရာဖြစ်သူက ဆက်ပြောလာသည်။
“သမီးအဖြေက...အဖြေအမှားကြီးနဲ့ တစ်ထေရာတည်းတူနေတာ....”
“ရှင်...ဘယ်လို...”
လျန့်စီယု အလန့်တကြားဖြစ်သွားသည်။
"ဆရာ သမီးကိုသံသယမဝင်ပါဘူး...ဒါပေမယ့် ဘယ်လိုရှင်းပြမလဲဆိုတာတော့ သမီးစဥ်းစားထားသင့်တယ်...”
လျန့်စီယု ရုံးခန်းထဲမှထွက်လာပြီး အတော်လေးကြာသည်အထိ ဘာမှမတွေးနိုင်ခဲ့။
ဒါက ဘယ်လိုများဖြစ်နိုင်မှာလဲ..ဒီလောက်အရေးကြီးတဲ့ကိစ္စကို သူမဘယ်လိုများအမှားလုပ်နိုင်ရတာလဲ...
လျန့်စီယုက သူမအမေထံမှအကူအညီတောင်းရန် စဥ်းစားလိုက်သည်။
သို့သော် ၎င်းမှာအလွန်နောက်ကျသွားခဲ့လေပြီ။
စာမေးပွဲတွင် မြို့အသီးသီးမှကလေးများပါဝင်ကြသည်။ ချင်းမင်အထက်တန်းကျောင်း တစ်ခုထဲမဟုတ်။ လျန့်စီယု၏ဆရာသိပါက အခြားကျောင်းမှဆရာများလည်း သိမှာပင်။
အဆိုပါကိစ္စ လျှင်မြန်စွာပျံ့နှံ့သွားမည်ကို စဥ်းစားလိုက်တိုင်းပင် လျန့်စီယုခေါင်းကိုက်လာခဲ့၏။
xxxxxxx
Chapter 355
ကျောင်းကန်တင်းရှိ မနက်စာတွင် စားစရာအသစ်များထပ်တိုးလာသည်။
ပဲနီပေါက်စီ..အုန်းနို့ပေါက်စီ နှင့် နွားနို့ပေါက်စီများပင်...
ယွီချင်းရှီက ကျန်းရှောင်မန်အတွက်သွားရောက် တန်းစီကာဝယ်လာခဲ့သည်။ သူက ပဲနီပေါက်စီနှင့် အုန်းနို့ပေါက်စီဝယ်လာခဲ့ပြီး အုန်းနို့ပေါက်စီထဲတွင် အစာသွပ်ထားသောအသီးများပင် ပါဝင်လေသည်။
ကျန်းရှောင်မန်က မုန့်အချိုစားသောက်ရခြင်းကိုနှစ်သက်သည်။
သူက ကျန်းရှောင်မန်ကိုကျွေးရန် များစွာကြိုးစားအားထုတ်ခဲ့သော်လည်း ပေါက်စီအားလုံး သူ့အစာအိမ်အတွင်းသာ ရောက်သွားလေသည်။
ယွီချင်းရှီက ပေါက်စီများကို ကျောင်းယူနီဖောင်းတွင်းဝှက်ကာ ခိုးကြောင်ခိုးဝှက်သယ်လာချိန်၌ တစ်စုံတစ်ယောက်၏ စူးရှထက်မြက်သောမျက်ဝန်းများတွင် မိသွားခဲ့သည်။
ဌာနမှူးက ချက်ချင်းလှမ်းအော်လေသည်။
“ဟိုကောင်လေး...အင်္ကျီထဲမှာ ဘာတွေဖွက်ပြီးသယ်လာတာလဲ...”
ထို့နောက် သူ့ထံဒေါသတကြီးလှမ်းလာခဲ့၏။
ယွီချင်းရှီက တစ်စုံတစ်ခုမှားနေမှန်းသတိပြုမိသည်နှင့် သူ့လက်နှစ်ဖက်တွင်သယ်ဆောင်ထားသည့် ပေါက်စီနှစ်ခုလုံးကို ပါးစပ်ထဲထိုးထည့်လိုက်သည်။
သူ့ပါးကလေးများက ငါးပူတင်းတစ်ကောင်လိုဖောင်းသွားသည်။
“အိုး..ဆရာ..…”
ယွီချင်းရှီခမျာ့ စကားပင်သေချာမပြောနိုင်ချေ။
ကျန်းရှောင်မန် ဒီနေ့မှဘာလို့နောက်ကျနေရတာလဲ...သူမ ထပ်ပြီးအပျင်းကြီးနေပြန်ပြီထင်တယ်...
ဌာနမှူးက ကြောင်အသွားကာ ရေတစ်ပုလင်းကမ်းပေးလိုက်သည်။
“ဖြည်းဖြည်းစား...မနင်စေနဲ့…”
"ငါ့သူငယ်ချင်းဆီကကြားခဲ့တာကတော့ ဒီတစ်ခါစာမေးပွဲမှာ အမှားအယွင်းတစ်ချို့ ဖြစ်သွားတယ်တဲ့...”
“ဘာလဲ...အရန်မေးခွန်းတွေကို ငါတို့ရဲ့ဉာဏ်ကြီးရှင်လေးဖြေတဲ့ကိစ္စလား...”
“ချင်းမင်ကျောင်းကလား...”
“အိုးမိုင်ဂေါ့...အဲ့ဒါက ယွီချင်းရှီမဟုတ်လား...ငါမမျှော်လင့်ထားဘူး...”
“ဘာတွေပြောနေတာလဲ...အဲ့ဒါကအခြားတစ်ယောက်တဲ့...ငါကြားတာတော့ သူမအဖြေလွှာက အဖြေလွှာအမှားတွေနဲ့ တစ်ထပ်တည်းတူနေတာတဲ့...”
“ဟမ်...ဘယ်လိုများဖြစ်တာလဲ...”
“ဘာလို့မဖြစ်နိုင်ရမှာလဲ...သူ့မိဘနောက်ခံက အင်အားတောင့်တယ်လေ...အရင်စာမေးပွဲတွေတုန်းကလည်း လာဘ်ထိုးထားပြီးဆုရလာတာနေမှာပေါ့...အခုကျထွက်လာတဲ့အမှတ်ကိုလည်းကြည့်ဦး...ငါမျက်လုံးမှိတ်ပြီးဖြေရင်တောင် အဲ့ဒီ့ထက်များနိုင်တယ်…”
“ရယ်စရာကြီးနော်...”
“ကောင်းပြီ...ပြောနေတာတော်တော့...သူမဒီမှာရှိတယ်.”
…
ကောင်မလေးတစ်ချို့စုဝေးကာ အတင်းပြောနေကြခြင်းဖြစ်သည်။ လျန့်စီယုကိုတွေ့ချိန်၌ သူတို့က သူမမကြားလိုက်ဘူးအထင်နှင့် ဘာမှမဖြစ်သလို ဟန်ဆောင်နေကြသည်။
လျန့်စီယု က အားလုံးကြားခဲ့သည်ပင်။ သူမ၏မျက်ဝန်းများနီရဲလာကာ လက်သီးတင်းတင်းဆုပ်လိုက်သည်။ သူမက ခေါင်းကိုငုံ့ရင်းစားပွဲထံလျှောက်သွားလိုက်ပြီးနောက် သူမ၏မကျေနပ်မှုကိုပြရန် စာအုပ်ကိုဘုန်းကနဲ့ပစ်ချလိုက်၏။
တစ်ချိန်ထဲမှာပင် လျန့်စီယု ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုပျောက်ဆုံးလာသည်။ ဤကဲ့သို့အတင်းစကားများကြားရခြင်းမှာ ပထမဆုံးမဟုတ်ချေ။ သူမက သူတို့အားသက်သေပြရန်အတွက် စာမေးပွဲတစ်ခုဖြေပြချင်ခဲ့သည်။ သို့သော် စနစ်က ဗိုင်းရပ်စ်ဝင်နေသည့်အလျှောက် သူမကိုကူညီနိုင်မှာမဟုတ်ပဲ ကိုယ့်အားကိုယ်ကိုး၍သာ ဖြေရမှာဖြစ်၏။
အသုံးမကျတဲ့စနစ်က တကယ့်ကိုအမှိုက်သရိုက်ပဲ....
သူမ၏ ဝှက်ဖဲအကြီးစားကို ဆုံးရှုံးလိုက်ရခြင်းပင်။
လျန့်စီယုတစ်ယောက် ပြသနာ၏အတိမ်အနက်ကိုသေချာနားမလည်ခင် ကောလဟာလများက အလင်းနှုန်းနှင့်ပျံ့နှံ့သွားခဲ့သည်။ ကျောင်း၏ဂုဏ်သတင်းမှာလည်း ထိခိုက်လာသည်။ အဆုံးသတ်တွင်တော့ စာမေးပွဲ၌ခိုးချခြင်း၊ ပြိုင်ပွဲများတွင် မသမာနည်းလမ်းသုံးခြင်းတို့မှာ ပေါ့သေးသေးကိစ္စများမဟုတ်ပေ။
ဤသို့ဖြင့် ချင်းမင်ကျောင်းက တခြားစာမေးပွဲများတွင်ပါ မရိုးမသားလုပ်မည်လားဟူ၍ သံသယအဝင်ခံလာရသည်။
လျန့်စီယု၏ပြသနာကို ဖြေရှင်းပေးသည်ကလွဲ၍ ကျောင်းအတွက်နောက်ပြန်ဆုတ်ရန်လမ်းမရှိ ဖြစ်လာလေသည်။
လျန့်စီယုက ပျိုးပင်ကောင်းတစ်ပင်ဖြစ်သည်။ သို့သော် သူမမိသားစုကကျောင်းအတွက် ထောက်ပံ့ကြေးများစွာ ပေးသည့်အတွက်ကြောင့်သာ ကျောင်းကအပြန်အလှန်အနေဖြင့် သူမအားအရင်းအမြစ်ကောင်းများပေးလိုခြင်းဖြစ်၏။
ယခုမူ ကျောင်းဂုဏ်သတင်းထိခိုက်လာခြင်းဖြစ်ရာ ကျောင်းဘက်ကသူမအား ငဲ့ညှာမှာမဟုတ်တော့။ ကျောင်းအုပ်က အစည်းအဝေးခေါ်ပြီးနောက် လျလျန့်စီယုအားကျောင်းထုတ်ပစ်ရန် ဆုံးဖြတ်ချက်ချလိုက်သည်။
“…ဒီကိစ္စက အလံတင်အခမ်းအနားမှာပြောချင်တဲ့ အဓိကကိစ္စပဲ...ဒီမှာတင် အစည်းအဝေးပြီးပါပြီ...”
ထို့နောက် လူစုခွဲလိုက်ကြ၏။
“ငါဖြင့်သူမ ဒီလိုလုပ်မယ်လို့မထင်ထားဘူး...အဖြေအမှားနဲ့တထေရာတည်းဆိုမှတော့ ကူးချထားတာပဲနေမှာပေါ့...ဟုတ်တယ်နော်...”
“ဟုတ်တယ်....အဖြေမှန်နဲ့တစ်ထပ်တည်းတူတယ်ဆိုတာက ဖြစ်နိုင်ပေမယ့် အဖြေအမှားနဲ့တစ်ထပ်တည်းတူနေတာကတော့....”
“တတ်လည်းတတ်နိုင်တယ်နော်...ဝမ်မိသားစုရဲ့ ၁၅ဆက်မြောက်မျိုးဆက်ဖြစ်သင့်ပါတယ်...”
“ဟဲ့...ဝမ်မိသားစုကဘယ်ကပါလာတာလဲ...သူ့မျိုးရိုးက လျန့်လေ...”
“အာ...အဲ့ဒါက....”
လျန့်စီယုက ကစားကွင်းအပြင်ဘက်တင် ရပ်နေခြင်းဖြစ်ရာ အားလုံးအတိုင်းသားကြားနေရ၏။ ဤနေ့ရက်များတွင် သူမ၏နှလုံးသားကို မမြင်ရသောဓားအစင်းပေါင်းများစွာ စိုက်နေသကဲ့သို့ပင်။
ယခုဆိုလျှင် သူမက အားလုံး၏လှောင်ရယ်စရာဖြစ်နေလေပြီ။
ဘာလို့ ဒီလိုတွေဖြစ်ကုန်ရတာလဲ...
ကျန်းရှောင်မန်...ဟုတ်တယ်..ဒီကိစ္စမှာ ကျန်းရှောင်မန်ပါဝင်ပတ်သတ်နေတာပဲဖြစ်ရမယ်....
လျန့်စီယုက ကျန်းရှောင်မန်ရှိရာအတန်း၈သို့ လျှင်မြန်စွာပြေးသွားသည်။
ကျန်းရှောင်မန်က သန့်ရှင်းရေးတာဝန်ကျသဖြင့် အတန်းထဲတွင်မရှိ။
ယွီချင်းရှီက အတန်းထဲအရင်ပြန်ရောက်လာသည်။ ထို့နောက် လျန့်စီယု၏ကြောက်စရာအကြည့်နှင့် ပက်ပင်းတိုးလေသည်။
“နင်ရူးနေတာလား...”
ဟုတ်တယ်...ကျန်းရှောင်မန်ကြောင့်ရူးသွားတာ...
လျန့်စီယုက သူ့ကိုဂရုစိုက်မနေတော့ပဲ ကျန်းရှောင်မန်၏စားပွဲကို မှောက်ပစ်ရန်ကြံလိုက်သည်။ ယွီချင်းရှီ သူမအားသည်းခံစရာအကြောင်းမရှိ။ သူကရှေ့သို့ဦးအောင်သွားလိုက်ကာ သူမအားတွန်းထုတ်လိုက်သည်။
xxxxxxxxxx