Chapter 356
လျန့်စီယုက နံရံနှင့်တိုက်မိသွား၏။ သူမငယ်စဥ်ကတည်းက တခါမှ ဤကဲ့သို့ဆက်ဆံမခံခဲ့ရချေ။
ထိုစဥ် တခြားလူများပြေးလာကာ သူမအားအလျင်အမြန်ထူပေးလာသည်။
“မင်းအရမ်းစိတ်လှုပ်ရှားနေတယ်...စိတ်ငြိမ်ငြိမ်ထားပါ...”
“ငါဘာမှစိတ်ငြိမ်ငြိမ်ထားနေစရာမလိုဘူး...အကုန်လုံးက ကျန်းရှောင်မန်ကြောင့်ပဲ...သူရောက်လာကတည်းက ငါပိုင်တဲ့အရာတွေကိုတစ်ခုချင်းစီ လုယူနေခဲ့တာ...”
အတန်းသားများက ဆွံ့အသွားသည်။
ဒီလိုအကျိုးသင့်အကြောင်းသင့်မရှိတဲ့တစ်ယောက်ကို သူတို့ကဘာလို့ဂရုစိုက်ပေးရမှာလဲ...
ထိုစဥ် စာဖတ်ရန်ပြင်နေသောယွီချင်းရှီက သူမအားရုတ်တရက်လှည့်ကြည့်လိုက်ကာ...
“ဟုတ်လား...ရှောင်မန်က နင့်ကိုစာခိုးချဖို့ပြောခဲ့လို့လား...နင့်နေရာကိုရော ဝင်ယူခဲ့လို့လား...စာမေးပွဲမေးခွန်းကိုတောင် သူမြင်ဖူးပါစေဦး...နင်အခုလုပ်နေတဲ့အပြုအမူကလေ...”
သူက လျန့်စီယုထံချဥ်းကပ်လိုက်ပြီး အသံနိမ့်နိမ့်ဖြင့် ပြောလိုက်သည်။
"အရည်အချင်းမပြည့်မီတဲ့အပြင် တခြားလူအပေါ် ဒေါသပုံချချင်နေတယ်...ရှက်စရာပဲ...”
လျန့်စီယုမျက်နှာဖြူဆုတ်သွားကာ ငိုရင်းပြေးထွက်သွားလေသည်။
သူမငယ်စဥ်ကတည်းက အလွန်ပင်ကောင်းမွန်သောဘဝ၌ နေထိုင်ခဲ့ရ၏။ ဖခင်ဖြစ်သူက သူမကိုအလွန်ချစ်သည်။ မိခင်ကလည်း သူမပြောသမျှအရာအားလုံးကို ဖြည့်ဆည်းပေးသည်။
ယခုမူ သူမတွင် ဘာမှမရှိတော့...ကိုယ့်ကိုယ်ကိုယ်လေးစားမှုပင် မရှိတော့ချေ။
ထို့အပြင် သူမ ကျောင်းမှထွက်မသွားနိုင်။ ကျောင်းထွက်လိုက်သည်နှင့် စာခိုးချသည်ဟူသောပြစ်ချက်ကြီးက သူမဘဝတစ်လျှောက်လုံး လိုက်ပါနေတော့မှာဖြစ်သည်။
ငါမှာစာခိုးမချခဲ့တာ...အဖြေလည်းကူးမချဘူးလေ...စနစ်က ငါပိုင်တာပဲဟာကို...ဒါကထည့်တွက်လို့မရဘူးမဟုတ်လား...
လျန့်စီယူက အိမ်ပြန်ရောက်သည်နှင့် အခန်းတံခါးပိတ်ကာ ရင်ကွဲမတတ်အော်ဟစ်ငိုယိုတော့သည်။
ဝမ်ဟွေ့က ချင်းမင်ကျောင်း၏အပြစ်ပေးစနစ်ကို သိပြီးသားပင်။
သို့သော် သူမထိုအရာအတွက်စိတ်မဆိုးခဲ့။ လျန့်ယွမ်ချင်းလုပ်ထားသည့် အရှုပ်တော်ပုံနှင့်ယှဥ်ပါက လျန့်စီယုလုပ်ရပ်က ဘာမှမဟုတ်ချေ။
ဝမ်ဟွေ့က လျန့်စီယုအတွက်လွတ်လမ်းရှာပေးရန် စဥ်းစားလိုက်သည်။ သို့သော် ချင်းမင်တွင်ဆက်လက်တက်ရောက်နိုင်ဖို့တော့ လမ်းမမြင်ချေ။
သူမက မှားယွင်းစွပ်စွဲခံရခြင်းသာဖြစ်ကြောင်း ၊ သူမအပြစ်ကင်းကြောင်း ယုံကြည်ချက်အပြည့်နှင့် ပြောပြသည်။ အကယ်၍ ဝမ်ဟွေ့မကူညီပါက သူမဆက်လက်အသက်ရှင်နိုင်မှာမဟုတ်ဟု ။
ဝမ်ဟွေ့က ခေါင်းပေါက်ထွက်မတတ်စဥ်းစားခဲ့သည်။.
“စီယု...သမီးကအပြစ်ကင်းတယ်ဆိုတာကို သက်သေပြနိုင်လား...”
“သမီးမှာသက်သေမရှိဘူး...ဒါပေမယ့် သမီးကိုယ်တိုင်ဖြေခဲ့တာအမှန်ပဲလေ...မေမေ..သမီးကိုကူညီရမယ်နော်...”
လျန့်စီယုက သူမလက်ကိုဆွဲယမ်းရင်းပြောသည်။
ပုံမှန်အခြေအနေတွင်ဆိုပါက ဝမ်ဟွေ့ကသူမအားသေချာပေါက်ကူညီမှာပင်။ ယခုမူ ဝမ်ဟွေ့ကိုယ်တိုင်လည်း အကျပ်အတည်းထဲရောက်နေခြင်းဖြစ်သည်။
လျန့်ယွမ်ချင်းကို စိတ်ကျန်းမာရေးဆေးရုံတွင် ပိတ်လှောင်ထားနိုင်သော်လည်း တကယ်တမ်းတွင် သူကဝမ်အိမ်မှာအကြာကြီးနေသွားခဲ့သူဖြစ်သည်။ သူ့ဘက်ကပြန်လည်တုံ့ပြန်နိုင်စွမ်းကို လျှော့တွက်၍မရချေ။ ယခုအချိန်တွင် ဝမ်ဟွေတစ်ယောက် အိပ်ချိန်ဖြစ်စေ စားချိန်ဖြစ်စေ ရေခဲပြင်ပါးပါးပေါ်လမ်းလျှောက်နေရသလိုသာ ခံစားနေရသည်။
ဒီလိုအချိန်မှာ လျန့်စီယုက သူမကိုဆိုးရွားတဲ့ကိစ္စတွေလုပ်စေချင်နေတာလား...
ပြောရရင် သူ့အမှားမဟုတ်ဖူးဆိုတာ သက်သေမှမပြနိုင်တာ...ပြီးတော့ကျောင်းကထုတ်ရုံလေးပဲလေ...ချင်းမင်ကဘာမို့လို့လဲ...သူမနိုင်ငံခြားမှာကျောင်းသွားတက်လို့ရတာပဲမဟုတ်ဘူးလား...
သို့သော် လျန့်စီယုက ချင်းမင်မှထွက်ရန်မလိုလားပဲ ခေါင်းမာစွာတောင့်ခံနေခဲ့သည်။
“တိတ်စမ်း....”
ဤကလေးက လျန့်ယွမ်ချင်းခေါ်ဆောင်လာသည့်ကလေးဖြစ်ပြီး မျိုးရိုးကလည်းလျန့်ဖြစ်သည်။ သူမငယ်စဥ်ကတည်းက လျန့်ယွမ်ချင်းနှင့်ပိုမိုနီးစပ်ခဲ့သည့်အလျှောက် ခေါင်းမာသောအကျင့်စရိုက်ကအစအတူတူပင်။ ဝမ်ဟွေက တွေးရင်းတွေးရင်းပို၍စိတ်ဆိုးလာသည်။
“နင် ချင်းမင်မှာဆက်တက်ချင်တယ်ဆိုရင် ကိုယ့်ဟာကိုယ်နည်းလမ်းရှာ....ဒါပေမယ့် ငါကြိုပြောထားမယ်နော်...ဝမ်အိမ်ရဲ့နာမည်ကိုသုံးပြီး ဘာမှလုပ်ခွင့်မရှိဘူး...”
လျန့်စီယုက ဝမ်ဟွေအား ကြောင်အစွာကြည့်နေသည်။ သူမမျက်ဝန်းများတွင် မယုံနိုင်ခြင်းနှင့်ပြည့်နှက်နေ၏။
သူမရဲ့အမေက သူမကိုတကယ်စွန့်ပစ်လိုက်တာပဲ...
ခဏအကြာတွင် လျန့်စီယုက ထပ်ငိုတော့သည်။
“ဝူး...”.
သူမကမတရားသလိုခံစားရကာ စတင်အပြစ်ပြောတော့သည်။
"သမီးကိုမချစ်မှန်းသမီးသိသားပဲ...ကျန်းရှောင်မန်ကိုပဲချစ်တာမဟုတ်လား...သူမပြန်ရောက်လာကတည်းက သမီးဘက်ကိုလုံးဝမကြည့်တော့ဘူး...ကျန်းရှောင်မန်က ဘာမို့လို့လဲ...သူမလိမ္မာချင်ယောင်ဆောင်နေတဲ့ အယုတ်တမာလေး၊ အမှိုက်သရိုက်လေး...”
သူမစကားမဆုံးခင် ဖြန်းကနဲ့အသံနှင့်အတူ လျန့်စီယု အရိုက်ခံလိုက်ရသည်။
လျန့်စီယု လန့်သွားသည်။
ဝမ်ဟွေက ဒေါသတကြီးဖြင့် ပြောလိုက်သည်။
“နင် ငါ့သမီးကိုဘယ်လိုများအမှိုက်လို့ပြောရက်တာလဲ...ငါကသူ့ကိုမွေးထားတဲ့အမေလေ...သူကအမှိုက်ဆို ငါကရောဘာဖြစ်သွားမလဲ...”
မူလက ကျန်းရှောင်မန်မှာ သွေးအေးလွန်းသည်ဟု ဝမ်ဟွေယူဆခဲ့သည်။ ယခုမူ အစဥ်ပြသနာရှာနေသည့် လျန့်စီယုနှင့်ယှဥ်ပါက ကျန်းရှောင်မန်မှာပို၍ချစ်စရာကောင်းသည်ပင်။
လျန့်စီယုက အမြဲလိုလိုနူးညံ့သိမ်မွေ့ကာ ကလေးတစ်ယောက်လိုပြုမူတတ်သည်။ သို့သော် ကိစ္စကြီးတစ်ခုနှင့်ကြုံရပါက သူမနှင့်နီးစပ်သည့်လူအားလုံးကို ပြသနာထဲဆွဲသွင်းတတ်မြဲပင်။
သူမကိုယ်တိုင်ဖြေရှင်းရန် ဘယ်တုန်းကမှမစဥ်းစားခဲ့။
ဝမ်ဟွေက သူမကိုကြည့်လေလေ ပို၍စိတ်ကုန်လာလေလေပင်။ ထို့ကြောင့် စကားတစ်ခွန်းမှမဆိုတော့ပဲ အပေါ်ထပ်သို့ဆက်တက်သွားလေသည်။
အဆုံးသတ်တွင် ဝမ်ဟွေ၏စီစဥ်မှုအောက်၌ လျန့်စီယုကချင်းမင်ကျောင်းမှထွက်ကာ တခြားအထက်တန်းကျောင်းသို့ပြောင်းလိုက်ရသည်။
အဆိုပါကျောင်းက ချင်းမင်ပြီးလျှင်အကောင်းဆုံးကျောင်းပင်။
သို့သော် ဝမ်ဟွေမမျှော်လင့်ထားသည်က အဆိုပါကျောင်း၏ ဝင်ခွင့်စာမေးပွဲကိုပါ လျန့်စီယုကျရှုံးလိမ့်မည်ဟု။
ဝမ်ဟွေအလွန်အမင်းစိတ်ပျက်သွားပြီး လျန့်စီယုအားအကြောင်းအရင်းကို ခေါ်မေးတော့သည်။
လျန့်စီယုပြောသမျှက သူမစိတ်အခြေအနေမကောင်း၍ စာမေးပွဲတွင် ကောင်းကောင်းမလုပ်နိုင်ခဲ့ခြင်းဖြစ်သည်ဟူ၍သာ။
ဝမ်ဟွေ၏သည်းခံနိုင်စွမ်းကုန်သွားသည့်အတွက် လျန့်စီယုအား သာမန်ကျောင်းတစ်ကျောင်းကိုသာ ပို့ပေးလိုက်တော့၏။
အစပိုင်းတွင် လျန့်စီယုက အော်ဟစ်ရင်းအသားကုန်သောင်းကျန်းလေသည်။
သို့သော် ထိုကဲ့သို့ငိုယိုဆန္ဒပြခြင်းက အလုပ်မဖြစ်တော့ချေ။ သူမအား တစ်မိသားစုလုံးကလျစ်လျူရှုထားကြသည်။ လျန့်စီယုက သူမမိခင်မှာ လုံးဝပြောင်းလဲသွားပြီဖြစ်ပြီး ယခင်ကဲ့သို့ သူမပြောသမျှလိုက်လုပ်ပေးတော့မှာမဟုတ်ကြောင်း ပို၍သေချာသွားခဲ့သည်။
ထို့ကြောင့် သူမကရွေးချယ်စရာမရှိတော့ပဲ ကျောင်းသွားတက်လိုက်ရသည်။
xxxxxx
Chapter 357
သို့သော် မကြာခင်ပင် လျန့်စီယုက အဆင့်နိမ့်ကျောင်းတွင် စတင်ပျော်ရွှင်လာသည်။ သူမအရင်က စာခိုးချခဲ့ခြင်းကို ဘယ်သူမှမသိကြ။ အားလုံးက သူများကိစ္စအာရုံစိုက်ရန် အလွန်ပင်ပျင်းရိနေကြပုံပေါ်သည်။
တချို့က လည်သာအင်္ကျီများ၊ နားဆွဲများဝတ်ဆင်ထားပြီး ဆံပင်အဝါရောင်ဆိုးထားသူများပင်ရှိသည်။
သောက်ရမ်းလန်းတာပဲ...တစ်ယောက်ယောက်စီစဥ်ပေးတဲ့အတိုင်း လိုက်လုပ်နေစရာမလိုတော့ဘူး...
လျန့်စီယုက ရေကန်ထဲမှလွတ်လာသည့်ငါးတစ်ကောင်းလိုပင် အလွန်မြူးထူးနေသည်။ သူမအနေဖြင့် လူတိုင်းကျေနပ်အောင် နေထိုင်ရန်မလိုတော့ချေ။
ညံ့ဖျင်းသောအဆင့်များအတွက်ရော စာမေးပွဲမှာတစ်လုံးမှမရေးနိုင်မှာကိုပါ သူမ စိုးရိမ်နေစရာမလိုတော့ပေ။ ဤနေရာတွင် လူတိုင်းက အတူတူတွေချည်းဖြစ်သည်။
လျန့်စီယုက အဆိုပါကျောင်းတွင် အမှတ်ကောင်းကောင်းရအောင် ဖြေဆိုနိုင်ခဲ့၏။
အကယ်၍ ချင်းမင်မှာဆိုပါက သူမ၏ရမှတ်များကြောင့် ရုံးခန်းခေါ်၍အဆူခံရမှာဖြစ်သော်လည်း ၌ကျောင်း၌မူ သူမ၏အတန်းဖော်များက သူမအား ဉာဏ်ကြီးရှင်တစ်ယောင်အဖြစ် သတ်မှတ်ကြလေသည်။
လျန့်စီယုက သူမကိုယ်သူမအလွန်ဂုဏ်ယူမိသည်။
တစ်ချိန်ထဲမှာပင် စနစ်သည်လည်း ပျောက်ကွယ်သွားခဲ့၏။ စနစ်နှင့်သူမက အချိန်အတော်ကြာ အဆက်အသွယ်ပြတ်သွားခဲ့ပြီး စနစ်က ပိုင်ရှင်အားသေဆုံးသွားသည်ဟု သတ်မှတ်လိုက်သည်။ ထို့နောက် သူမ၏ခန္ဓာကိုယ်မှ ထွက်ခွာသွားလေသည်။
လျန့်စီယုက စနစ်မရှိတော့သည်ကိုသိသိခြင်းတွင် အလွန်လန့်သွားကာ ငိုခဲ့သည်။
သို့သော် အရင်တစ်ခါကိစ္စဖြစ်ပြီးကတည်းက အဆိုပါစနစ်မှာ အမှိုက်တစ်ခုထက်မပိုတော့ချေ။
ထိုစဥ် ကျန်းရှောင်မန်၏စိတ်ထဲတွင် စနစ်၏အသံထွက်ပေါ်လာသည်။
[တင်းတောင်...မစ္စတာဝမ်ကိုကုသပေးခြင်းအောင်မြင်ပါတယ်...
ဆုလာဘ်များ - အသက်ပြန်လည်ရယူခြင်းကဒ်၊ ဇာတ်ညွှန်းပြောင်းလဲခြင်းကဒ်...
ပိုင်ရှင် ကျေးဇူးပြုပြီး စစ်ဆေးပေးပါ...]
[ဇာတ်ကြောင်းပြင်ဆင်ခြင်းကဒ်
ဖော်ပြချက် - ဇာတ်ကြောင်းပြင်ဆင်နိုင်သည်]
သို့သော် အရံဇာတ်ကြောင်းကိုသာပြင်ဆင်နိုင်ခြင်းဖြစ်ပြီး မူလဇာတ်ကြောင်းကိုမပြောင်းလဲနိုင်ချေ။
ကျန်းရှောင်မန် မေးလိုက်သည်။
“ပြောင်းချင်တာအကုန်ပြောင်းလို့ရတာလား...”
“သီအိုရီအရပြောရရင်ပေါ့…”
စနစ်၏အသံက အားနည်းနေသော်လည်း ၎င်းတွင် အသိစိတ်ရှိနေဆဲဖြစ်သည်။
“ဒါပေမယ့် မင်းလုပ်လိုက်တဲ့အပြောင်းအလဲတွေမှာ သတိထားရမယ့်အချက်တစ်ချို့ရှိတယ်....ပထမအချက်က ဇာတ်ပို့သရုပ်ဆောင်တွေပါတဲ့ ဇာတ်ကြောင်းကိုပဲပြင်ဆင်နိုင်တယ်၊ ဒုတိယအနေနဲ့ ပင်မဇာတ်ကြောင်းကို ထိခိုက်စေမှာမဟုတ်ဘူး...တတိယအချက်ကတော့ ပိုင်ရှင်ပြင်မယ့်ဇာတ်ကြောင်းက ဒီကမ္ဘာရဲ့စည်းမျဥ်းနဲ့ကိုက်ညီမှုရှိရမယ်...”
ကျန်းရှောင်မန်က မကျေမနပ်ဖြင့် ပြောလိုက်သည်။
"ဒါဆို ကြီးကြီးမားမားကိစ္စတွေ လုပ်လို့မရဘူးပေါ့...သမီးသိသားပဲ...ဦးဦးကသမီးကို ဘာမှကောင်းတာမပေးဘူး...”
စနစ်က တီးတိုးရေရွတ်လိုက်သည်။
“တကယ်တမ်းတော့ ဇာတ်ကြောင်းကသွေဖယ်နေပြီပဲလေ...အဲ့ဒီ့တော့ပြောင်းသည်ဖြစ်စေ မပြောင်းသည်ဖြစ်စေ သိပ်ပြီးမထူးလောက်ဘူး...”
စနစ်က ခဏတာတွေဝေနေပြီးနောက် ကျန်းရှောင်မန်အား ဇာတ်ညွှန်းပေးဖတ်လိုက်သည်။
ကျန်းရှောင်မန်က ဇာတ်ညွှန်းကိုဖွင့်လိုက်ကာ ဖတ်ကြည့်လိုက်၏။
ပထမဆုံးအနေဖြင့် သူမဘွားဘွားနှင့်ဦးဦးတို့ ကောင်းမွန်စွာရှိနေကြသေးသည်။ ကျန်းဟွေ့မိန်က ကျန်ရှိသည့်ဘဝတစ်လျှောက်လုံး အေးချမ်းစွာနေသွားနိုင်မည်ဖြစ်သည်။ ကျန်းရှင်းလည်း ထို့အတူပင်။
ကျန်းရှောင်မန်က ဝမ်အိမ်အကြောင်းဖတ်ကြည့်သည့်အခါ၌ သူတို့သည်လည်း အမျိုးသမီးဇာတ်ဆောင်နှင့် ပျော်ရွှင်စွာနေထိုင်သွားမှာဖြစ်ကြောင်း တွေ့လိုက်ရ၏။
ကျန်းရှောင်မန် ထိုကိစ္စနှင့်ပတ်သတ်၍လည်း မကျေမနပ်မဖြစ်မိချေ။
“ပိုင်ရှင်...မူလဇာတ်ကြောင်းမှာ မင်းထက်ပိုပြီးကံဆိုးတဲ့လူတွေ ရှိပါသေးတယ်...ဥပမာ မင်းရဲ့ သစ်သားမြင်းရုပ်လေးယွီချင်းရှီပေါ့...”
ကျန်းရှောင်မန် မျက်မှောင်ကြုတ်လိုက်သည်။
“ယွီချင်းရှီက ဘာဖြစ်လို့လဲ...”
“သူ့အသက်၃နှစ်မှာ ပြန်ပေးဆွဲခံရတယ်...၅နှစ်အရွယ်ရောက်တော့ သူ့မိဘတွေသေဆုံးသွားကြတယ်...၁၀နှစ်မှာ မွေးစားခံခဲ့ရတယ်...၁၃နှစ်အရွယ်မှာ လျန့်စီယုကြောင့် သူ့ခြေထောက်တွေပျက်စီးသွားခဲ့ပြီးတော့ ၁၅နှစ်အရွယ်မှာတော့ မင်းဆီကအနိုင်ကျင့်လှောင်ပြောင်တာကို ခံစားခဲ့ရတယ်... ”
“ဟင်...”
ကျန်းရှောင်မန်၏မျက်နှာလေးတွင် အံ့အားသင့်ထိတ်လန့်မှူများပြည့်နှက်နေပြီး ပြိုတော့မည့်မိုးလိုပင်။
"သူကအရမ်းသနားစရာကောင်းတာပဲ...သူ့ဘဝကဘာလို့အဲ့ဒီ့လောက် သနားစရာကောင်းရတာလဲ...”
“…ဘာလို့ဆို သူကဗီလိန်ဖြစ်လာရမှာမို့လို့လေ...”
“ဒါပေမယ့် သူက ဗီလိန်မှမဟုတ်တာ...”
“ဟုတ်တယ်...အဲ့ဒါမင်းကြောင့်သူ့ဘဝပြောင်းလဲသွားတာ...”
ကျန်းရှောင်မန်က အဆိုပါကြောက်စရာကိစ္စများ ယွီချင်းရှီထံတွင် တစ်ခုမှမဖြစ်ခဲ့သည့်အတွက် စိတ်သက်သာရာရသွားသည်။ ပြန်ပေးဆွဲခံရသည်ကလွဲ၍ပေါ့။
မူလဇာတ်ကြောင်းတွင် သူမဘဝမှာအဆုံးသတ်မလှသော်လည်း ယွီချင်းရှီနှင့်ယှဥ်လိုက်ပါက ပြောပလောက်သည့်ကိစ္စမဟုတ်ချေ။
ဤဝတ္ထုအားရေးခဲ့သူမှာ စိတ်မမှန်သူသာဖြစ်လိမ့်မည်။ ကျန်းရှောင်မန် တွေးရင်းတွေးရင်းစိတ်ဆိုးလာ၏။
ဒီလောက်ချစ်စရာကောင်းတဲ့ယွီချင်းရှီကို ဘယ်သူကအနိုင်ကျင့်မှာလဲ...
အနာဂတ်မှာ တစ်ယောက်ယောက်ကသူ့ကိုအနိုင်ကျင့်ရင် သူမသူတို့အားလုံးကိုရိုက်ပစ်မယ်...
ကျန်းရှောင်မန်က ဇာတ်ကြောင်းပြင်ဆင်သည့်ကဒ်ကို အသုံးမပြုခဲ့။ အားလုံးအဆင်ပြေနေသည့်အတွက် သူမအနေနှင့်ဘာကိုမှမပြောင်းလဲလိုချေ။ သို့သော် ယွီချင်းရှီအတွက်သိမ်းထားလိုက်သည်။ အနာဂတ်တွင် သူ့ခြေထောက်များမသန်စွမ်းဖြစ်သွားပါက ဤကဒ်ကိုအသုံးပြုကာ ဇာတ်ကြောင်းပြောင်းရမည်ဟု ရှောင်မန်တွေးလိုက်၏။
ထို့နောက် သူမက စိတ်အေးချမ်းသာစွာနှင့် အိပ်ယာဝင်ကာအိပ်စက်ရန်ပြင်တော့သည်။
.....
ကျန်းရှောင်မန်နှင့်ယွီချင်းရှီက နောက်ဆုံးစာမေးပွဲတွင် ပူးတွဲပထမရလေသည်။ ကျန်းဟွေ့မိန်က အလွန်ပျော်ရွှင်နေကာ သူတို့နှစ်ဦးအတွက် ချန်ပီယံဖက်ထုပ်များလုပ်ကျွေးသည်။
ဖက်ထုပ်များကို ပင်လယ်စာ၊ ဝက်သား၊ မှို၊ အကြွေစေ့ များနှင့် ငရုတ်သီးများဖြင့်အစာသွပ်ထားသည်။ ကျန်းဟွေ့မိန်က ကလေးနှစ်ယောက် အကြွေစေ့ထည့်ထားသည့်ဖက်ထုပ်များကို မစားမိမှာစိုးသည့်အတွင် အနည်းငယ်ပိုလုပ်လိုက်သည်။
သို့သော် ကျန်းရှောင်မန်အတွက်မူ ဖက်ထုပ်မှာသူမစားနေကျသရေစာဖြစ်လေသည်။ ထို့ကြောင့် အထဲတွင်မည်သည့်အရာ အစာသွပ်ထားသည်ကို အပေါ်ယံလွှာကြည့်ရုံနှင့်ပင် တန်းသိနိုင်၏။
xxxxxxxx
Chapter 358
ငရုတ်သီးထည့်ထားသည့်ဖက်ထုပ်က အကြည်ရောင်အလွှာအောက်တွင် ပန်းရောင်ဖျော့ဖျော့သမ်းနေလေသည်။ ကျန်းရှောင်မန်က အဆိုပါဖက်ထုပ်ကို ယွီချင်းရှီပန်းကန်လုံးထဲသို့ ထည့်လိုက်သည်။
“မြန်မြန်စားလိုက်...”
“ဟမ်...”
ယွီချင်းရှီက တူဖြင့်ကောက်ကိုင်ကာ ပါးစပ်ထဲထည့်လိုက်သည်။
အား...စပ်တယ်...စပ်တယ်...အရမ်းစပ်တာပဲ...
ယွီချင်းရှီ၏ပါးပြင်နှင့်နားရွက်များ ရဲတက်လာကာ သူ့ခန္ဓာကိုယ်မှ မီးများထွက်လာတော့မည်ဟုပင် ခံစားလိုက်ရသည်။ သူက အစပ်ပြေစေရန်အတွက် စွပ်ပြုတ်တစ်ခွက်ကို မော့သောက်လိုက်၏။
သို့သော် ကျန်းရှောင်မန်က နောက်တစ်ခုထပ်ထည့်ပေးပြန်သည်။
“စားစား...ဒါကအရသာရှိတယ်...”
ဘာလို့ ရှောင်မန်သူ့ကိုဖက်ထုပ်တွေအတင်းကျွေးနေပါလိမ့်…
ယွီချင်းရှီက ခေါင်းငုံ့ကာထပ်စားလိုက်သည်။
အား....အရမ်းစပ်တယ်...
ထပ်ပြီးငရုတ်သီးတွေပဲ...
ယွီချင်းရှီ၏မျက်နှာက နီရာမှပြာလာသည်။
ထို့နောက် ကျန်းရှောင်မန်နောက်တစ်ခုထပ်ထည့်ပေးပြန်သည်။
ထပ်ပြီးငရုတ်သီးတွေပဲလား...
ယွီချင်းရှီက အရသာမခံရဲတော့ချေ။ အဆိုပါဖက်ထုပ်အား မဝါးပဲမြိုချရန်သာဆုံးဖြတ်လိုက်သည်။ ထိုစဥ် ကျန်းရှောင်မန်၏အလန့်တကြားအော်သံထွက်ပေါ်လာသည်။
"ဟဲ့...ဟဲ့....မြိုမချနဲ့လေ...မြန်မြန်ထွေးထုတ်လိုက်...ဒီတစ်ခုကချန်ပီယံဖက်ထုပ်အစစ်...အထဲမှာအကြွေစေ့ပါတယ်...”
“...”
အထဲမှာဘာအစာသွပ်ထားမှန်း သူမ သိပြီးသားပေါ့လေ...
ဒီ......ကျန်းရှောင်မန်....
ကျန်းဟွေ့မိန်က ဒီအတိုင်းဆက်မကြည့်နိုင်တော့ပဲ မြေးမဖြစ်သူအားဆူလိုက်သည်။
“ရှောင်မန်...သူများကိုအနိုင်ကျင့်မနေနဲ့...”
ယွီချင်းရှီက ဖက်ထုပ်အား ပါးစပ်အပြင်ထုတ်လိုက်သည်။ သို့သော် အဆိုပါဖက်ထုပ်ထဲတွင် မည်သည့်အကြွေစေ့မှမပါခဲ့။
ကျန်းရှောင်မန်သူ့အားစနောက်နေခြင်းကို နားလည်သွားသည့်အခါ ယွီချင်းရှီမျက်နှာကပို၍နီရဲလာသည်။
သူမ က ယွီချင်းရှီအားရယ်မောရင်း အစပ်ပြေစေရန် ရေနွေးတစ်ခွက်ငှဲ့ပေးသည်။ သို့သော် ယွီချင်းရှီစိတ်ဆိုးဆိုးဖြင့် အဆိုပါရေးနွေးခွက်အားလျစ်လျူရှုလိုက်ကာ သက်သက်တစ်ခွက်ငှဲ့သောက်လေသည်။
......
နှစ်ကုန်စာမေးပွဲပြီးချိန်တွင် ဆောင်းရာသီအားလပ်ရက်ရောက်လာလေသည်။
ကျန်းဟွေ့မိန်မှာ ရိုးရာဓလေ့များတွင် စိတ်အားထက်သန်သူတစ်ဦးဖြစ်သည့်အလျှောက် ပွဲတော်ရာသီရောက်သည့်အခါ အလုပ်များလာလေသည်။
သူမက အိမ်သို့ပြန်ရန်ဆုံးဖြတ်လိုက်သည်။ သို့သော် ကလေးနှစ်ဦးကိုမည်ကဲ့သို့ နေရာချထားရမည်မှန်းမသိချေ။
ကျန်းဟွေ့မိန်က သဘာဝကျစွာပင် ကျန်းရှင်းနှင့်နှစ်သစ်ကူးအချိန်အခါကို ဖြတ်သန်းလိုသည်။ သို့သော် ကျန်းရှောင်မန်၏ဆန္ဒကိုလည်း မေးရဦးမည်ပင်။
“မန်ကလေး...ဘိုးဘိုးကိုသွားတွေ့ပြီး နှစ်သစ်ကူးပွဲတော်ကိုဘယ်လိုဖြတ်သန်းရမလဲဆိုတာ မေးလိုက်နော်...ဘွားဘွားကရွာကိုပြန်ရလိမ့်မယ်...မဟုတ်ရင်သမီးဦးဦးက နှစ်သစ်ကိုတစ်ယောက်ထဲဖြတ်သန်းနေရမှာ... ”
ကျန်းရှောင်မန်က ခေါင်းညှိတ်လိုက်ကာ မစ္စတာဝမ်ကိုဖုန်းခေါ်လိုက်သည်။
မစ္စတာဝမ်က အင်အားပြည့်ဝနေကာ ဆေးရုံမှ မကြာခင်ဆင်းနိုင်တော့မှာဖြစ်သည်။ သူက ကျန်းရှောင်မန်၏စကားများကို နားထောင်ပြီးနောက် သူမကိုမေးလိုက်သည်။
“ဒါဆို...သမီးဘယ်လိုလုပ်ချင်လဲ...”
ကျန်းရှောင်မန် တီးတိုးပြောလိုက်သည်။
“သမီး...သမီးကဘွားဘွားနဲ့တူတူ နှစ်သစ်ကိုဖြတ်သန်းချင်တယ်...”
အကယ်၍ ဘွားဘွားသာပြန်သွားပါက သူမတစ်ယောက်ထဲကျန်ခဲ့မှာပင်။ သူမမိသားစုအရင်းအချာများရှိသော်လည်း သူတို့ကြားရှိဆက်ဆံရေးက နက်နက်ရှိုင်းရှိုင်းမရှိလှ။
ဝမ်မိသားစုက သူမအပေါ်ကောင်းမွန်သော်လည်း သူတို့နှင့်တစ်သားတည်းဟု သူမ မခံစားရချေ။ ကျန်းရှောင်မန်က ကိုယ့်ကိုယ်ကိုယ်တွန်းအားပေးတတ်သည့် လူစားမျိုးမဟုတ်သည့်အတွက် နှစ်သစ်ကိုမရင်းနှီးသူများနှင့် ဖြတ်သန်းလိုခြင်းမရှိ။
ကံကောင်းစွာပင် သူမ၏ဘိုးဘိုးက နားလည်ပေးတတ်သူတစ်ဦးဖြစ်လေသည်။ သူက ရှောင်မန်အားနှစ်သစ်ကို ကျန်းအိမ်တွင်ဖြတ်သန်းခွင့်ပေးမည်ဖြစ်ပြီး ကြားရက်များတွင်မူ ဝမ်အိမ်၌လာနေရန် ဆုံးဖြတ်ပေးလိုက်သည်။
ကျန်းရှောင်မန်က သဘောတူလိုက်၏။
နောက်တစ်ရက်တွင် သူမ၏ပစ္စည်းများကိုထုပ်ပိုးကာ ဝမ်အိမ်သို့သွားရန်ပြင်လေသည်။
ယွီချင်းရှီက သူမအား ခြံတံခါးဝအထိလိုက်ပို့သည်။ ထို့နောက် ဝမ်အိမ်မှကားပေါ်တက်သွားသည်အထိ ငေးကြည့်နေလေသည်။
ဒါရိုက်ဘာကျိုးက ပြုံးရင်းမေးလိုက်သည်။
“မစ္စ..သူငယ်ချင်းက အိမ်အထိလိုက်ပို့မှာလား...”
ကျန်းရှောင်မန်က ယွီချင်းရှီအားစနောက်လိုက်သည်။
“နင် ငါနဲ့လိုက်မလို့လား...”
ယွီချင်းရှီက ခေါင်းခါလိုက်ရင်းပြောသည်။
“ကိစ္စရှိရင် ငါ့ကိုဖုန်းဆက်နော်...”
“အင်း...”
ကျန်းရှောင်မန်ထွက်သွားသည်ကို မျက်စိတစ်ဆုံးလိုက်ကြည့်ပြီးမှ ယွီချင်းရှီအိမ်ထဲသို့ပြန်ဝင်၏။
ဝမ်အိမ်တွင် ဝမ်ဟွေကညစာပြင်ဆင်နေသည်။ အဘိုးအဘွားများလည်း စုံစုံလင်လင်ရောက်နေကြပြီး လျန့်စီယုတစ်ယောက်သာ အိမ်၌မရှိခြင်းဖြစ်၏။
ဝမ်ဟွေက ရှောင်မန်၏ပန်းကန်ထဲသို့ အသီးအရွက်များကို လောဘတကြီးထည့်ပေးလာသည်။ ကျန်းရှောင်မန်က ငြင်းဆန်ခြင်းမပြုပဲ စားသောက်လိုက်၏။
ဝမ်ဟွေ့ကပြောသည်။
“ရှောင်မန်...သမီးဒီတစ်ခါအကြာကြီးနေရမယ်နော်...မေမေသမီးအတွက် အခန်းပြင်ပေးထားတယ်သိလား...”
ကျန်းရှောင်မန်က ကောင်းမွန်စွာပြုမူလိုက်သည်။
“ဟုတ်ကဲ့ပါ...”
“သမီးစာမေးပွဲမှာ ပထမရတယ်လို့ မေမေသတင်းကြားမိတယ်လေ...မေမေကသမီးဘာကြိုက်တတ်မှန်းမသိတော့ ဒီထဲမှာမုန့်ဖိုးနည်းနည်းထည့်ပေးထားတယ်...ဆုချတယ်လို့သဘောထားပြီးကောင်းကောင်းသုံးနော်...”
အတိတ်တွင် လျန့်စီယုပထမရတိုင်း သူမအားကလေးတစ်ယောက်လိုချွဲနွဲ့ကာ မုန့်ဖိုးတောင်းလေ့ရှိသည်။ သို့သော် ကျန်းရှောင်မန်လက်မခံမည်ကို ဝမ်ဟွေတစ်ယောက် စိုးရိမ်နေမိ၏။
ကျန်းရှောင်မန်ကလည်း သူမခန့်မှန်းထားသည့်အတိုင်းပင်။
“သမီးရဲ့ဦးဦးက မုန့်ဖိုးအများကြီးပေးထားပါတယ်...အဲ့ဒါကြောင့်မယူတော့ပါဘူး...”
ထိုစဥ် ဘိုးအေဖြစ်သူကပြောလိုက်သည်။
“အမေက အမေ...ဦးလေးက ဦးလေးပဲလေ...အားလုံးကသမီးကိုချစ်လို့ပေးတာချည်းပဲ...နှစ်သစ်မုန့်ဖိုးအနေနဲ့လက်ခံလိုက်နော်...ဟုတ်ပြီလား....”
ထိုအခါမှ ကျန်းရှောင်မန် လက်ခံလိုက်သည်။
xxxxxx
Chapter 359
ညစာစားပြီးနောက် ဝမ်ဟွေက ကျန်းရှောင်မန်အတွက်ပြင်ပေးထားသည့် အခန်းကိုပြသလိုက်သည်။ အဆိုပါအခန်းက လျန့်စီယု၏အခန်းဟောင်းဖြစ်၏။ သို့သော် အသစ်ပြန်လည်ပြင်ဆင်ထားကာ အသေးစိတ်အလှဆင်ထားလေသည်။
ရှောင်မန်က ပတ်ပတ်လည်ကိုလိုက်ကြည့်ရင်း ရှုပ်ထွေးသောအကြည့်ဖြင့် ပြောလိုက်သည်။
“ဒါကလျန့်စီယုရဲ့အခန်းမဟုတ်လား...သမီးနေတာသိသွားရင် သူမပြသနာရှာလိမ့်မယ်....”
ဝမ်ဟွေမျက်နှာပျက်သွားသည်။
“ဒီအခန်းက အစကတည်းကသမီးပိုင်တာပဲ...ဘယ်သူ့ကိုမှငဲ့ညှာနေစရာမလိုဘူး...ပြီးတော့ လျန့်စီယုက သူ့သူငယ်ချင်းတွေနဲ့အတူတူလျှောက်သွားနေတာ...အိမ်ကိုပြန်မလာတာ ရက်အတော်ကြာနေပြီ...သူမကြောင့်စိတ်ရှုပ်မခံပါနဲ့...”
ကျန်းရှောင်မန်က လျန့်စီယုအပြင်ထွက်လည်သည့်အပေါ် စပ်စုချင်သွားသည်။ သို့သော် ပြန်၍စဥ်းစားကြည့်သည့်အခါ ထိုကိစ္စအားသိသိမသိသိ သူမအတွက်အရေးမကြီးလှ။
ဘာပဲဖြစ်ဖြစ် သူမလည်းဒီမှာအကြာကြီးနေမှာမှမဟုတ်တာ...
ကျန်းရှောင်မန်က ဘာမှဆက်မပြောတော့ချေ။
ဝမ်ဟွေက သက်ပြင်းချလိုက်ပြီး စိတ်သက်သာရာရသည့်အပြုံးတစ်ခု သူမမျက်နှာထက်ပေါ်ပေါက်လာသည်။ သူမက ကျန်းရှောင်မန်အိမ်သို့ပြန်လာသည့်အတွက် အလွန်ပျော်ရွှင်နေလေသည်။
သို့သော် သားအမိနှစ်ယောက်ကြားရှိလေထုက အနည်းငယ်ကိုးရို့ကားရားနိုင်နေသည်။ ကျန်းရှောင်မန် ကလေးဘဝတစ်လျှောက်လုံး တောင့်တခဲ့ရသည့် မိခင်မေတ္တာက ယခုအချိန်တွင်မူ သူမအတွက်အစိမ်းသက်သက်ပင်။ စနစ်ထံမှ မူလဇာတ်ကြောင်းကို ဖတ်ရှုထားခဲ့ခြင်းကြောင့်လည်းဖြစ်နိုင်သည်။
ညသို့ရောက်သည့်အခါ ကျန်းရှောင်မန်က ရေမိုးချိုးပြီး ညအိပ်ဝတ်စုံကိုလဲလှယ်လိုက်ကာ အိပ်ရာဝင်လိုက်သည်။
သူမ မအိပ်ခင် ပြတင်းပေါက်ထံအကြည့်ရောက်သွားခဲ့၏။
အပြင်ဘက်တွင် နှင်းများကျဆင်းနေလေသည်။
ကျန်းရှောင်မန်က အလွန်စိတ်လှုပ်ရှားသွားပြီး ဖုန်းကိုကောက်ကိုင်လိုက်ကာ သူမ၏သစ်သားမြင်းရုပ်ကလေးအားစာပို့လိုက်သည်။
ကျန်းရှောင်မန်: ယွီချင်းရှီ...အိပ်နေပြီလား...အပြင်မှာနှင်းတွေကျနေတယ်...ငါနင်နဲ့အတူတူ နှင်းလူရုပ်လုပ်ချင်လိုက်တာ...
ယွီချင်းရှီက အိပ်မပျော်သေးချေ။ သူက စာကိုဖွင့်ဖတ်လိုက်သည်။
ကျန်းရှောင်မန်ပဲ...
ယွီချင်းရှီဘက်မှ တော်တော်နှင့်ပြန်စာရောက်မလာသဖြင့် တစ်ဖက်လူအိပ်ပျော်နေခြင်းဖြစ်မည် ဟု ကျန်းရှောင်မန်ယူဆလိုက်သည်။ ထိုစဥ်တွင် မက်ဆေ့ဝင်သံတစ်ခုထွက်ပေါ်လာသည်။
ယွီချင်းရှီ : ငါ လှေကားမှာ...
“အယ်...”
ကျန်းရှောင်မန်က လန့်သွားကာ အလျှင်အမြန်ပြတင်းပေါက်မှကြည့်လိုက်သည်။ ကျဆင်းနေသောနှင်းများကြားထဲတွင် နှင်းလူရုပ်တစ်ရုပ်ကို တွေ့လိုက်ရ၏။
ကျန်းရှောင်မန်က သူမ၏မျက်လုံးများကိုပွတ်သပ်ကြည့်မိသည်။
နှင်းလူရုပ်၏နောက်တွင် လူတစ်ယောက်ရပ်နေသည်ကိုတွေ့ရ၏။ နှင်းပွင့်များက သူ့ကိုယ်ပေါ်သို့ အဆက်မပြတ်ကျဆင်းနေလေသည်။
“...”
ကျန်းရှောင်မန်က လက်ဝေ့ယမ်းပြလိုက်သည်။
“ယွီချင်းရှီ...”
သူမ၏အသံသည် နှင်းကျသံကြားတွင် တိမ်မြုပ်နေသော်ငြား ယွီချင်းရှီကြားပုံရ၏။ သူက မတ်တပ်ရပ်လိုက်ရင်း သူ့ခန္ဓာကိုယ်ပေါ်ရှိနှင်းများကို ခါလိုက်သည်။ ထိုစဥ် ကျန်းရှောင်မန်၏ စကားသံကိုထပ်မံကြားလိုက်ရသည်။
“အပေါ်ကိုတက်ခဲ့မလား...”
ယွီချင်းရှီက ထိုနေရာတွင်ရပ်သည်မှာ အနည်းငယ်ကြာပြီဖြစ်သည်။ သူ၏ခြေဖျားလက်ဖျားများမှာ အေးခဲမှုကြောင့် ထုံကျဥ်နေလေသည်။ ယခုအချိန်တွင် တစ်စုံတစ်ယောက်က သူ့အား မီးလင်းဖိုအနားတွင် စွပ်ပြုတ်ပူပူလေးသောက်ရန်ဖိတ်ခေါ်ပါက မဆိုင်းမတွလက်ခံမိမှာပင်။
အဆိုပါဖိတ်ခေါ်သူက ကျန်းရှောင်မန်ဖြစ်နေရာ သူချက်ချင်းပင် တိုက်ပေါ်ဖက်တက်ရန် ကြိုးစားလိုက်သည်။
ကျန်းရှောင်မန်က တံခါးဆင်းဖွင့်ပေးရန်ပြင်နေစဥ် တစ်ဖက်လူက လေအေးပေးစက်မှတဆင့် နံရံပေါ်တွယ်တက်ကာ လသာဆောင်တွင်မတ်တပ်ရပ်နေလေပြီ။
ကျန်းရှောင်မန်က ခဏတာကြောင်အသွားပြီးနောက် ပြတင်းပေါက်ဖွင့်ကာ သူ့ကိုအထဲဆွဲသွင်းလိုက်၏။
အခန်းထဲရှိအလင်းရောင်အောက်တွင် ကျန်းရှောင်မန် ယွီချင်းရှီအားကြည့်လိုက်သည်။ သူ၏မျက်ခုံးများနှင့်မျက်တောင်များမှာ နှင်းကြောင့်ဆွတ်ဆွတ်ဖြူနေပြီး အဖိုးအိုလေးတစ်ယောက်ကဲ့သို့ပင်။
ယွီချင်းရှီ၏ပါးနှစ်ဖက်က အအေးဒဏ်ကြောင့်နီရဲနေကာ နှာခေါင်းထိပ်ကလေးမှာလည်း ပန်းရောင်သမ်းနေသည်။ ကျန်းရှောင်မန်က ထိုမျက်နှာလေးအားကိုင်လိုက်ရင်း
“နင်အရမ်းချမ်းနေတာလား...?ာ”
ယွီချင်းရှီက သူ၏အေးစက်နေသောပါးပြင်ကို ကျန်းရှောင်မန်၏လက်နွေးနွေးကြားထဲ တိုးဝှေ့လိုက်သည်။
“ငါ...ငါသိပ်မချမ်းပါဘူး...”
ကျန်းရှောင်မန်က သူ့လက်ကိုကိုင်ကြည့်သည့်အခါ အေးစက်နေလေသည်။
“ထိုင်...”
ယွီချင်းရှီ နာခံစွာထိုင်လိုက်သည်။
ကျန်းရှောင်မန်က ကြက်သီးနွေးရေတစ်ဇလုံယူလာကာ ယွီချင်းရှီ၏အေးစက်နေသောလက်များကို ရေနွေးနွေးထဲနှစ်စေသည်။ ထို့နောက် ပဝါကိုယူကာ ခပ်ဖွဖွသုတ်ပေး၏။
သူမအားကြည့်ရသည်မှာ စိတ်ဆိုးနေပုံပေါ်သည့်အလျှောက် ယွီချင်းရှီတစ်ခွန်းမှခံမပြောဝံ့ဘဲ ဒီအတိုင်းသာငြိမ်နေလိုက်ရသည်။
“ပြောစမ်းပါဦး...ဘာလို့ဒီလောက်အေးစက်နေတဲ့နှင်းထဲမှာ နှင်းရုပ်လုပ်တိုင်းဆော့နေရတာလဲ...”
"ငါက...ငါနင့်ကိုတစ်ချက်လာကြည့်ပြီးပြန်မလို့...”
“နင်ခြံထဲကိုဘယ်လိုဝင်လာတာလဲ...”
“ခြံစည်းရိုးပေါ်က ကျော်လာတာ...”
ကျန်းရှောင်မန်က ဆက်လက်ဆူပူချင်သော်လည်း သူ၏အင်္ကျီပေါ်တွင်ရှိနေဆဲနှင်းများထံ အကြည့်ရောက်သွားသည်။
သူမက ဂွမ်းစောင်တစ်ထည်ယူလိုက်ကာ
“အင်္ကျီကိုချွတ်ပြီး ဒီကိုလာခဲ့...”
“ဟမ်...”
ယွီချင်းရှီ ရှက်သွားသည်။
သူမ ဘာပြောလိုက်တာလဲ...
ဘာလို့သူကအိပ်ယာပေါ်တက်ရမှာလဲ...
ပြီးတော့...အင်္ကျီကိုချွတ်ရမယ်...
… သို့သော် ယွီချင်းရှီက နာခံစွာပင် သူမပြောသည့်အတိုင်းလုပ်လိုက်သည်။
ထို့နောက် ကျန်းရှောင်မန်အား ကြောင်အအလေးကြည့်နေသည်။
“ဒီမှာလှဲလိုက်...”
“…”
ယွီချင်းရှီက မလှုပ်မယှက်ရပ်နေသည့်အတွက် ကျန်းရှောင်မန်စိတ်မရှည်ဖြစ်လာ၏။ သူမက သူ့အားအိပ်ယာပေါ်ဆွဲတင်လိုက်သည်။
ယွီချင်းရှီက စတင်ရုန်းကန်လာ၏။.
လူရမ်းကားကြီး...
သူ့ကိုခုချက်ချင်းလွှတ်...
လွှတ်ဆို...
သို့သော် ကျန်းရှောင်မန်က သူ့အားဂွမ်းစောင်နှင့်ထုပ်လိုက်သည့်အတွက် ယွီချင်းရှီ၏ရုန်းကန်မှုမှာ အချည်းနှီးသာဖြစ်သွားခဲ့၏။
ယွီချင်းရှီတစ်ယောက် ပိုးတုံးလုံးလေးကဲ့သို့အထုပ်ခံထားရသည်။ သူက စိတ်ဆိုးဆိုးဖြင့် မျက်နှာကျက်ရှိမီးပန်းဆိုင်းကိုကြည့်နေလေသည်။
ကျန်းရှောင်မန်...အရမ်းလွန်တာပဲ...
သူကရုန်းရန်ပြင်လိုက်သော်လည်း ကျန်းရှောင်မန်က သူ၏လက်များကိုပြန်ဖိထားသည်။ ယွီချင်းရှီကစိတ်ဆိုးဆိုးဖြင့်ပြောလိုက်သည်။
“နင်ငါ့ကို ၃နှစ်ကလေးလို့ထင်နေတာလား...ခုချက်ချင်းလွှတ်ပေး...”
“ငြိမ်ငြိမ်နေစမ်းပါ...”
ကျန်းရှောင်မန်က ရယ်ချင်သွားကာ သူ၏ပါးဖောင်းဖောင်းလေးကိုဖျစ်ညှစ်ရင်း စနောက်လိုက်သည်။
“လိမ္မာတဲ့ကလေးလေးက နာခံရတယ်...မဟုတ်ရင်အအေးမိပြီး ဆေးခါးခါးကြီးတွေသောက်ရလိမ့်မယ်...”
ယွီချင်းရှီက အံကြိတ်လိုက်သည်။
“ငါက ကလေးမှမဟုတ်တာ...”
သူ့ကိုကလေးတစ်ယောက်လို အမြဲတမ်းဆက်ဆံနေတာပဲ...
“နင်က ကလေးမဟုတ်ဖူးဆိုရင်ပိုပြီးနာခံသင့်တယ်...ဒီလိုမှ တခြားလူကနင့်ကိုမစိုးရိမ်ရမှာပေါ့...”
ယွီချင်းရှီကစိတ်ကောက်သွားပြီး သူမအားကျောခိုင်းလိုက်သည်။
xxxxxxxx
Chapter 360
ကျန်းရှောင်မန်က အခန်းတွင်းရှိအပူပေးစက်ကိုဖွင့်လိုက်၏။ ထိုအခါ ဂွမ်းစောင်နှင့်ရစ်ပတ်ခံထားရသော ယွီချင်းရှီကပူအိုက်လာ၏။
“ငါ့ကိုလွှတ်ပေး…”
သူမက သူ့ကိုဖက်လုံးလိုခွထားတယ်...
ကျန်းရှောင်မန်...မကောင်းဆိုးဝါးလေး...
သူ့နဖူးပေါ်ရှိ ချွေးသီးချွေးပေါက်များကိုတွေ့သည့်အခါ ကျန်းရှောင်မန် သူ့ကိုလွှတ်ပေးလိုက်၏။
ယွီချင်းရှီ စိတ်သက်သာရာရသွားသည်။ သူ့နှလုံးသားက ဒရမ်ကဲ့သို့အကြောင်းရင်းမရှိခုန်ပေါက်နေလေသည်။
ကျန်းရှောင်မန်နှင့်အတူတူရှိနေပါက အချိန်တိုင်းရိုလာကိုစတာစီးနေရသကဲ့သို့ပင်။ သူ့နှလုံးခုန်သံက အလွန်မြန်ဆန်လာတတ်လေသည်။
ယွီချင်းရှီက အိပ်ယာနှင့်ဝေးဝေးတွင်သွားရပ်လိုက်၏။
“နင်ဒီညပြန်မလို့လား...”
ယွီချင်းရှီစဥ်းစားလိုက်သည်။ သူ၏ ရုတ်တရက်ထွက်ပေါ်လာမှုက ဝမ်အိမ်မှလူကြီးများကို အလန့်တကြားဖြစ်သွားစေမှာပင်။
ကျန်းရှောင်မန်အဆူခံရမည်ကို သူ မလိုလား။
ထို့ကြောင့် သူမအား ငြင်းဆန်ရန်ပြင်လိုက်စဥ် တစ်စုံတစ်ယောက်က တံခါးကိုခပ်ပြင်းပြင်းခေါက်လာလေသည်။
“ကျန်းရှောင်မန်...နင်ဒီမှာရှိမှန်းငါသိတယ်...ထွက်လာခဲ့...”
အသံက စူးရှနေကာ အသံပိုင်ရှင်မှာစိတ်တိုနေဟန်ရ၏။ လျန့်စီယုပြန်လာခြင်းဖြစ်သည်။
ယွီချင်းရှီက သူ့အား လျန့်စီယုတွေ့မှာစိုးရိမ်သွားကာ တုန်လှုပ်နေသောယုန်ပေါက်ကလေးကဲ့သို့ လေသာဆောင်မှအလျှင်အမြန်ဆင်းပြေးတော့သည်။
သူ၏လှုပ်ရှားပုံမှာ တက်လာသည့်အချိန်ကအတိုင်းပင် လျှင်မြန်လွန်းသဖြင့် ကျန်းရှောင်မန်ဘာမှပြောချိန်မရလိုက်ပေ။
ခဏအကြာတွင် ကျန်းရှောင်မန်သတိပြန်ဝင်သွားကာ လျန့်စီယုအားတံခါးဖွင့်ပေးလိုက်၏။
ချင်းမင်ကျောင်းမှ လျန့်စီယုထွက်သွားသည့်အချိန်ကတည်းက သူမတို့နှစ်ဦးမတွေ့ဖြစ်ခဲ့ကြချေ။
လျန့်စီယုက ဆံပင်ကိုအကြေကောက်ကောက်ထား၏။ ကျောင်းမှာဆိုပါက ချက်ချင်းဆွဲညှပ်ခံရမှာပင်။ ဤမျှအေးခဲသောရာသီဥတု၌ အပေါက်များစွာပါဝင်သည့် ဂျင်းဘောင်းဘီကိုဝတ်ဆင်ထားသည်။ အပေါ်ပိုင်းတွင်မူ ကိုယ်ကျပ်အင်္ကျီနှင့် လည်သာဂျက်ကတ်ကို လိုက်ဖက်စွာဝတ်ဆင်ထားလေသည်။
ငါတို့စတွေ့တုန်းကဆို သူမ မင်းသမီးဝတ်စုံလေးဝတ်ထားတာပါ...
ကျန်းရှောင်မန် သူမအား အထက်အောက်စုံချည်ဆန်ချည်ကြည့်နေမိသည်။ လျန့်စီယုက လက်ညှိုးငေါက်ငေါက်ထိုးကာ
“နင့်ကိုငါ့အခန်းမှာနေဖို့ ဘယ်သူကခွင့်ပေးလို့လဲ...ခုချက်ချင်းထွက်သွားစမ်း...”
လျန့်စီယု သူမကိုပြသနာလာရှာမည်မှန်း ကျန်းရှောင်မန်က ခန့်မှန်းထားပြီးဖြစ်သည်။ သို့သော် ဤမျှမြန်မြန်ပြန်လာလိမ့်မည်ဟု မမျှော်လင့်ထားခဲ့။
ကျန်းရှောင်မန်က လက်ပိုက်လိုက်သည်။
“သေချာကြည့်ပြီးမှပြောလေ...ဒါကနင့်အိမ်လား...ငါ့အိမ်လား...”
"သေချာပေါက် ငါ့ရဲ့...”
လျန့်စီယု၏အမူအယာပြောင်းလဲသွားသည်။ အခန်းတွင်းဝေ့ဝဲကြည့်ပြီးနောက် သူမတုန်လှုပ်သွားခဲ့၏။
အခန်းတွင်းအလှဆင်ထားမှုက သူမကိုရှော့ခ်အကြီးကြီးရသွားစေ၏။
မိုးပြာရောင်ဖျော့ဖျော့နံရံကပ်စက္ကူများ...အိပ်ယာခင်းများ...ဆက်တီများ...
အားလုံးကအသစ်စက်စက်တွေပင်။
ဒါ...ဒါပေမယ့်...ဘာလို့ဒီလိုတွေဖြစ်ရတာလဲ...
လျန့်စီယုက စက္ကန့်ပိုင်းလောက်ကြောင်အသွားသည်။
“နင်ပြန်ရောက်လာကတည်းက ငါပိုင်တာတွေကိုတစ်ခုချင်းစီလုယူနေတာပဲ...အဖေ့ကိုရော...အမေ့ကိုရော...အဘိုးနဲ့အဘွားကိုရော...အခုနင်ငါ့အခန်းကိုပါ အပိုင်စီးချင်နေပြီပေါ့လေ...နင်ကသူတပါးပစ္စည်းကိုလိုက်ခိုးရတာကြိုက်တဲ့ သူခိုးမပဲ...”
“မေမေက ငါ့မေမေပဲ...အဘိုးနဲ့အဘွားကလည်း ငါနဲ့ပဲသွေးသားတော်စပ်တာ...အဖေကတော့...နင်လိုချင်ရင်ယူလိုက်လို့ရတယ်...နင်ကငါ့ကိုသူခိုးလို့ပြောတယ်နော်...နင်ပြောသွားတဲ့ဘယ်တစ်ခုကများ နင်ပိုင်တာပါလို့လဲ...”
“နင်...”
လျန့်စီယု ဒေါသကအဆုံးအစွန်ထိရောက်သွားသည်။ သူမက ကျန်းရှောင်မန်အားရိုက်ရန်ပြင်လိုက်၏။
ကျန်းရှောင်မန်က သူမ၏လက်ကိုဖမ်းဆွဲလိုက်သည်။
လျန့်စီယုက ဒေါသတကြီးဖြစ်လာကာ ကျန်လက်တစ်ဖက်နှင့် ထပ်မံရွယ်လိုက်၏။
ဖြန်း....
ကျန်းရှောင်မန် သူမအားလက်ပြန်ရိုက်ချလိုက်လေသည်။ သူမ၏ရိုက်ချက်က အလွန်ပင်အားပါသည့်အလျှောက် လျန့်စီယုမျက်နှာ တစ်ဖက်သို့လည်ထွက်သွားသည်။
စပ်ဖျဥ်းဖျဥ်းခံစားချက်က လျန့်စီယု၏မျက်နှာတစ်ပြင်လုံးပျံ့နှံ့သွားလေသည်။
“ငါနင့်ကိုသတ်ပစ်မယ်...”
သူမကများ ငါ့ကိုရိုက်ရဲတယ်...
လျန့်စီယုကအော်ဟစ်ကာ ရှေ့သို့တိုးလာသည်။ သူမ၏လှုပ်ရှားမှုက ဝမ်ဟွေကိုနိုးသွားစေ၏။
“ဘာဖြစ်နေတာလဲ...”
“အမေ...သူ...”
“လျန့်စီယုက သမီးကိုရိုက်ဖို့လုပ်နေတယ်...”
ကျန်းရှောင်မန်က ဝမ်ဟွေအား ဦးအောင်တိုင်လိုက်သည်။
“မေမေ...သူမက သမီးအခန်းဆီပြေးတက်လာပြီး သမီးကိုသူခိုးမလို့ စွပ်စွဲတယ်...ပြီးတော့သမီးကိုရိုက်ဖို့လုပ်တယ်...ဝူး....”
ကျန်းရှောင်မန်ပြောသည့်အထဲတွင် အလိမ်အညာတစ်ခုမှမပါချေ။
လျန့်စီယုက အော်ငိုတော့သည်။
“အမေ...သူပြောတာတွေကအမှန်မဟုတ်ဖူး...”
“ငါအားလုံးကြားတယ်...”
ဝမ်ဟွေက မျက်မှောင်ကြုတ်ကာ စိတ်မရှည်ဟန်ဖြင့်ပြောလိုက်သည်။ လျန့်စီယု၏အော်သံက သူမကိုနိုးသွားစေခဲ့ခြင်းပင်။
လျန့်စီယုကတော့ အမြဲပြသနာရှာနေတာပဲ...
ဝမ်ဟွေက သူမကိုဆူလိုက်သည်။
“မင်းကိုယ်မင်းပြန်ကြည့်ပါဦး...ညီမဖြစ်သူက အခုမှအိမ်ပြန်ရောက်လာတာကို နွေးနွေးထွေးထွေးမကြိုဆိုတဲ့အပြင် ပြသနာပါရှာနေသေးတယ်...နောက်ပြီးဘာ...ရိုက်ဖို့ပါလုပ်လိုက်သေးတယ်ဟုတ်လား...”
“သူနေနေတာ သမီးအခန်းလေ...”
ဝမ်ဟွေက ပို၍စိတ်မရှည်ဖြစ်လာသည်။ မူလတွင် ကျန်းရှောင်မန်နှင့်ယှဥ်ပါက လျန့်စီယုအား သူမပို၍ချစ်ခင်လေသည်။ သို့သော် လူများ၏စိတ်ရှည်မှုနှင့် သည်းခံနိုင်စွမ်းမှာ အတိုင်းအတာတစ်ခုအထိသာရှိသည်။
ဝမ်ဟွေက နှာခေါင်းရှုံ့လိုက်ရင်း သတိပေးလိုက်သည်။
“မင်းအဖေလိုမျိုး ဒီမိသားစုကနေထွက်သွားချင်လို့လား...”
အဆိုပါစကားလုံးများက လျန့်စီယုခေါင်းပေါ်သို့ ရေအေးအေးနှင့်လောင်းချလိုက်သလိုပင်။
သူမက ကျန်းရှောင်မန်အားမုန်းတီးစွာစိုက်ကြည့်ရင်း ဧည့်သည်ခန်းသို့ဆောင့်ကြီးအောင့်ကြီးထွက်သွားသည်။
မဟုတ်ဘူး...သူမအဖေ့ကိုရှာရမယ်...ဒါတွေကိုဆက်ပြီးသည်းမခံနိုင်ဘူး...
xxxxxxxx