Chapter 361
စိတ်ဂယောက်ဂယက်ဖြစ်နေသူမှာ လျန့်စီယုသာမဟုတ်ချေ။ လျန့်ယွမ်ချင်းလည်း ပါဝင်လေသည်။
ရဲစခန်းမှဖုန်းဝင်လာချိန်တွင် ဝမ်ဟွေက ဖုန်းမှားဆက်သည်ဟုပင် ထင်နေခဲ့၏။
“ရှင်ပြောတာ ကျွန်မအမျိုးသားက အမျိုးသမီးတစ်ယောက်နဲ့ရုန်းရင်းဆန်ခတ်ဖြစ်ပြီး လူသတ်မိခါနီးဖြစ်သွားတယ်...ဟုတ်လား...”
“အဲ့ဒီ့အမျိုးသမီးက လေးလွှာကပြုတ်ကျသွားပြီးတော့ အခုအရေးပေါ်ခန်းမှာ အသည်းအသန်ဖြစ်နေတယ်ပေါ့...”
“ရှင်တစ်ခုခုလွဲနေတာဖြစ်မှာပါ...ကျွန်မအမျိုးသားက ဆေးရုံမှာပဲရှိသေးတာ...သူကဘယ်လိုလုပ်ပြီးတခြားလူတွေကိုပြသနာဖြစ်စေမှာလဲ...”
“အခုကဆေးရုံမှာပါ...သူက လူနာလာတွေ့တဲ့လူကို ထိခိုက်စေခဲ့တာပါ..."
ဝမ်ဟွေက မျက်မှောင်ကြုတ်လိုက်သည်။ ထို့နောက် ဌာနသို့သွားရောက်အတည်ပြုရန် ပြင်ဆင်လိုက်၏။
အကယ်၍အရာအားလုံးသာအမှန်ဖြစ်ပါက သူမအနေဖြင့် လျန့်ယွမ်ချင်းကို ထောင်ထဲသို့ထည့်နိုင်ပြီဖြစ်သည်။
…သူမမျှော်လင့်ထားသလိုပင်။
ဝမ်ဟွေက လျန်ယွမ်ချင်းကိုကြည့်ရင်း အတန်ကြာသည်အထိ စကားတစ်ခွန်းမှထွက်မလာခဲ့။ ယခုအချိန်တွင် သူ သူမအားမသတ်ပဲ အသက်ရှင်ခွင့်ပေးခဲ့သည်ကိုပင် ကျေးဇူးတင်ရမလိုဖြစ်နေသည်။သို့မဟုတ်ပါက အရေးပေါ်ခန်းတွင်လှဲနေရမည့်လူမှာ သူမဖြစ်သွားနိုင်သည်။
“ဝမ်မိသားစုက ရှင့်ကိုကာကွယ်ပေးမှာမဟုတ်ဘူး...”
ကုမ္မဏီကိုတစ်ယောက်ထဲဦးစီးနေရခြင်းကြောင့်ဖြစ်လိမ့်မည်။ ဝမ်ဟွေက ပို၍ရင့်ကျက်လာ၏။
“ရှင့်လုပ်ရပ်ကို ရှင်ကိုယ်တိုင်ပဲတာဝန်ယူရလိမ့်မယ်...ရှင်သေသေရှင်ရှင် ကျွန်မတို့ဂရုစိုက်မှာမဟုတ်ဘူး...”
စုံစမ်းစစ်ဆေးမှုကာလပြီးသည့်နောက်တွင် ကုမ္မဏီရှိစာရင်းများမှားယွင်းနေသည်ကို ဝမ်ဟွေတွေ့ရှိခဲ့သည်။
လွန်ခဲ့သည့်ဆယ်နှစ်ကတည်းက ပိုင်ဆိုင်မှုတစ်ချို့ကို လျန့်ယွမ်ချင်း တိတ်တဆိတ်လွှဲပြောင်းနေခဲ့သည်။ မသိသာသည့် ပမာဏနည်းနည်းစီကို အကောင့်တစ်ခုထဲထည့်ထားခြင်းဖြစ်သည်။ ဝမ်ဟွေက ၎င်းတို့ကိုပြန်လည်ရယူလို၏။
လျန့်ယွမ်ချင်းက ပို၍အိုစာသွားပြီး စိတ်ကယောင်ခြောက်ခြားဖြစ်နေပုံရသည်။ သူကခေါင်းယမ်းရင်း
“ကိုယ့်ကို ဒီထဲကထုတ်ပေးဖို့ခေါ်လိုက်တာမဟုတ်ဘူး...”
“ဘာလှည့်ကွက်တွေထပ်သုံးဦးမလို့လဲ...ကျွန်မကိုရှင်ထပ်ပြီး အရူးလုပ်လို့မရဘူးဆိုတာ နားလည်ထားပါ...”
“ကိုယ်ပြောင်းထားတဲ့ပိုက်ဆံတွေအကြောင်း မင်းလိုက်စုံစမ်းနေတယ်မဟုတ်လား...ကိုယ်မင်းကိုပြန်ပေးမယ်...”
ဝမ်ဟွေက မျက်မှောင်ကြုတ်လိုက်သည်။
“ကျွန်မရှင့်ကိုမယုံဘူး...ရှင်ကဒီလောက်မကြင်နာတတ်ပါဘူး...”
"ဝမ်မိသားစုပိုင်ပစ္စည်းတွေက ကိုယ်တို့ကလေးတွေပဲရသင့်တယ်မဟုတ်လား...ကိုယ်ဘယ်အဆုံးရှုံးခံနိုင်ပါ့မလဲ...မင်းကိုသေချာပေါက်ကူညီရမှာပေါ့...”
ဝမ်ဟွေက ခပ်သောသောရယ်လိုက်သည်။
“ရှင့်ပိုင်ဆိုင်မှုခွဲပေးရမှာစိုးလို့ ရှောင်မန့်ကိုစွန့်ပစ်ခဲ့တာပဲမဟုတ်လား...အစကတော့ ကျွန်မရှင့်ကို ဒီထဲကနေလွတ်အောင်မကူညီပေးဖို့ပဲစဥ်းစားထားတာ...အခုတော့ တရားလိုကိုကူညီပေးချင်သွားပြီ...ဒါမှရှင်ကျန်တဲ့သက်တမ်းတစ်လျှောက်လုံး ထောင်ထဲကမထွက်ပဲနေသွားရမှာ...”
ဝမ်ဟွေက လှည့်ထွက်ရန်ပြင်လိုက်သည်။
ထိုစဥ် လျန့်ယွမ်ချင်း၏အသံကိုကြားလိုက်ရ၏။
“အရေးပေါ်ခန်းမှာလဲနေတဲ့လူက ကိုယ့်အမျိုးသမီးပဲ...ကိုယ်သူနဲ့ အတူရှိခဲ့တာ အနှစ်နှစ်ဆယ်လောက်ရှိပြီ...လျန့်စီယုက ကိုယ်နဲ့သူမရဲ့ကလေးဆိုပေမယ့် မင်းကပဲအစစအရာရာ ပြုစုပျိုးထောင်ပေးခဲ့တာမဟုတ်လား...မင်းက ဒါနဲ့တင်မလုံလောက်သေးပဲ သူမကိုယ့်ကိုတရားစွဲနိုင်ဖို့ကိုပါ ကူညီချင်သေးတာလား...”
ဝမ်ဟွေမှာ ဒေါသထွက်လွန်းသဖြင့် သွေးဆောင့်တိုးလာသည်။ သူမနှင့်လျန့်ယွမ်ချင်းကြားတွင် မှန်နံရံသာခြားမနေပါက သူ့ကိုသေချာပေါက်ဓားနှင့်ပြေးထိုးမိမှာပင်။
သူကသူမကိုဒုက္ခပေးရုံတင်မကဘူး...သူဖောက်ပြန်ပြီးရလာတဲ့ကလေးကိုပါ ခေါ်လာပြီးပျိုးထောင်စေခဲ့တယ်...
ဝမ်ဟွေက သူ့အားအေးစက်စက်စိုက်ကြည့်လိုက်သည်။
လျန့်ယွမ်ချင်းက ဆက်ပြော၏။
“အရင်ဆုံးပိုင်ဆိုင်မှုတွေကို ပြန်ယူရအောင်...နောက်ပိုင်း မင်းကြိုက်သလိုခွဲဝေနိုင်တယ်...”
ဝမ်ဟွေက နှာခေါင်းရှုံ့လိုက်သည်။
“ဘယ်လိုပြန်ယူရမှာလဲ...”
လျန့်ယွမ်ချင်း သူ၏အငယ်အနှောင်းနှင့်ပြသနာတက်ရင်း သူမအား ထိခိုက်သွားစေခဲ့ခြင်းဖြစ်ပုံရ၏။ သို့သော် ဝမ်ဟွေက ထိုအမျိုးသမီးအပေါ် စာနာစိတ်စိုးစဥ်းမျှမဝင်ခဲ့ချေ။ လျန့်ယွမ်ချင်းကိုသာ ပို၍ရွံရှာလာခဲ့သည်။
“ရှင်က တကယ့်ကိုအမှိုက်ပဲ...”
ထို့နောက် ရဲစခန်းမှထွက်လာခဲ့ကာ သူမ၏ရှေ့နေကိုဆက်သွယ်လိုက်၏။
ရှေ့နေက လျန့်ယွမ်ချင်းမည်သို့သောလူစားဖြစ်စေကာမူ ဝမ်ဟွေအနေဖြင့် အဆိုပါပိုင်ဆိုင်မှုများကို အညီအမျှခွဲဝေပေးရမည်ဖြစ်ကြောင်း ရှင်းပြသည်။
ဝမ်ဟွေက ပို၍ပင်စိတ်ပျက်သွား၏။
သူမ ယင်ကောင်တစ်ကောင်မြိုချထားသကဲ့သို့ပင်။
ထို့နောက် ဝမ်ဟွေက တစ်စုံတစ်ယောက်ကိုစေလွှတ်ကာ လျန့်ယွမ်ချင်းနှင့်လျန့်စီယု သွေးသားတော်စပ်ခြင်းရှိမရှိ စစ်ဆေးစေသည်။ သူတို့နှစ်ယောက်က သားအဖရင်းချာများမဟုတ်ကြပေ။
အားလုံးက လျန့်ယွမ်ချင်း၏လုပ်ဇာတ်များသာ။
ဝမ်ဟွေက တစိမ့်စိမ့်တွေးရင်း ပျော်လာသည်။ သူမက လျန့်ယွမ်ချင်းထံသို့ထပ်မံသွားရောက်ကာပြောလိုက်သည်။
“စိတ်မကောင်းပါဘူး...လျန့်စီယုကရှင့်ရဲ့သမီးရင်းမဟုတ်ဘူး...ရှင့်ကိုယ်ရှင်တော့ အားလုံးကိုလှလှပပကစားနိုင်တယ်လို့ ထင်နေပုံပဲ...ကြည့်ရတာ ရှင်လည်း ဦးထုပ်စိမ်းဆောင်းပေးတာ ခံလိုက်ရပုံပဲ...သနားစရာလေး...”
လျန့်ယွမ်ချင်းအမူအရာက ကြောက်စရာကောင်းအောင်ပျက်ယွင်းသွားသည်။ သို့သော် ခဏအကြာတွင်ပြန်လည်တည်ငြိမ်သွား၏။
ဝမ်ဟွေက သူ့အနာပေါ်သို့အောင်အောင်မြင်မြင် ဆားသိပ်နိုင်ခဲ့သည်။
မူလက လျန့်စီယုဝမ်အိမ်တွင်ရှိနေသမျှ သူ့အတွက်အဆင်ပြေသည်ဟု လျန့်ယွမ်ချင်းတွေးခဲ့၏။ သူက ဆေးရုံတွင်နေရင်း အရင်ကစီးပွားဖက်များနှင့် လျှို့ဝှက်စွာတွေ့ဆုံနေခဲ့သည်။
တစ်ဖက်တွင်လည်း ဝမ်ဟွေ့၏အမှားကိုရှာရန် ရှေ့နေနှင့်တိုင်ပင်ထားသည်။ လျန့်ယွမ်ချင်းအမြင်တွင် ဝမ်ဟွေ့၏ဖောက်ပြားမှုကိုရှာရန် အလွန်လွယ်ကူပေသည်။ ကျန်းရှောင်မန်က အကောင်းဆုံးသက်သေပင်။
ဝမ်ဟွေငယ်စဥ်က သူမတွင်အချစ်ဦးရှိခဲ့သည်။ လျန့်ယွမ်ချင်းနှင့် လူကြီးချင်းစကားပြောပြီးသည်အထိ သူမ၏အချစ်ဦးနှင့်ဆက်ဆံရေးမှာ မရှင်းလင်းကြချေ။ လျန့်ယွမ်ချင်းက ကျန်းရှောင်မန်၏ဖြစ်တည်မှုမှာ ဝမ်ဟွေသူ့အား ဦးထုပ်စိမ်းဆောင်းပေးခြင်းဟု အစကတည်းကသံသယဝင်မိသည်။
ကျန်းရှောင်မန်ကို သူ့ကလေးမဟုတ်ကြောင်းသက်သေပြနိုင်သရွေ့ ဝမ်ဟွေ၏သစ္စာမဲ့မှုမှာ ထင်ထင်ရှားရှားပေါ်လာမှာဖြစ်သည်။
သူ မမျှော်လင့်ထားသည်က…
xxxxxx
Chapter 362
ဒီအန်အေစစ်ဆေးချက်ထွက်လာသည့်အခါ ကျန်းရှောင်မန်က သူ့သမီးရင်းဖြစ်နေလိမ့်မည်ဟုမထက်ခဲ့ပေ။
လျန့်ယွမ်ချင်းက ထပ်ခါထပ်ခါစစ်ဆေးကြည့်ခဲ့သည်။
သို့သော် ရလဒ်ကမပြောင်းလဲချေ။
ထိုအစား သူတယုတယဖြင့် ပိုးမွေးသလိုမွေးခဲ့ရသည့် လျန့်စီယုကသာ တခြားလူတစ်ယောက်၏သမီးဖြစ်နေခဲ့သည်။
လျန့်ယွမ်ချင်းက အားလုံးမှာသူ့ထိန်းချုပ်မှုအောက်တွင်ရှိသည်ဟု ယူဆခဲ့သော်လည်း အဆုံးတွင် တခြားလူများ၏အသုံးချခြင်းကိုသာ ပက်ပက်စက်စက်ခံလိုက်ရ၏။
လျန့်ယွမ်ချင်းက မျှော်လင့်ချက်ပျောက်ဆုံးသွားသလိုခံစားခဲ့ရ၏။ သူကအစကတည်းက ဘက်မှားရွေးမိခြင်းပင်။
ဝမ်ဟွေ့က သူ၏ကမ်းလှမ်းချက်ကိုသေချာပေါက်သဘောတူမည်မှန်း သူသိသည်။ နှစ်ဦးကြားပြသနာကိုနောက်ခဏပို့ထားကာ ပိုင်ဆိုင်မှုများပြန်လည်ရရှိရန် သူနှင့်အတူပူးပေါင်းမှာပင်။
......
ထိုအချိန်တွင် ဝမ်အိမ်၌ အပြောင်းအလဲတစ်ချို့ဖြစ်ခဲ့၏။
လျန့်စီယုမောင်းထုတ်ခံခဲ့ရသည်။
အဘွားဝမ်က သူမကိုချစ်ခင်သည့်အတွက် အပြင်ဘက်တွင်နေထိုင်စားသောက်ရန် ပိုက်ဆံအချို့ပေးခဲ့သည်။ သို့သော် လျန့်စီယုက အဆိုပါပိုက်ဆံကိုမထိန်းသိမ်းနိုင်ခဲ့။ သူမသူငယ်ချင်းများနှင့်ပျော်ပါးကာ ဘာမှမကျန်တော့သည်အထိ သုံးဖြုန်းပစ်ခဲ့သည်။
ကျန်းရှောင်မန်က ဝမ်အိမ်တွင်ခဏသာနေပြီး ပြန်သွားခဲ့သဖြင့် ထိုအဖြစ်အပျက်များကိုမသိလိုက်ပေ။
နှစ်သစ်ကူးအချိန်အခါရောက်လာခဲ့၏။
ဘိုးဘွားပိုင်အိမ်တွင် ကျန်းရှင်းသာကျန်ခဲ့သော်လည်းသူ၏နေ့စဥ်ကိစ္စအဝဝကို အိမ်တော်ထိန်းထောင်က အပြည့်အဝတာဝန်ယူပေးထားလေသည်။ ကျန်းရှောင်မန်၏အခန်းအား သူမ ရှိစဥ်ကအတိုင်း ထိန်းသိမ်းထားပြီး တစ်ခုမှပြောင်းလဲခြင်းမရှိချေ။ သူမ၏ သံချေးတက်နေသောလကိတ်ပုံးကိုပင် ဓာတ်တိုးဆန့်ကျင်အဆီဖြင့် သံချေးများချွတ်ပေးထားသေးသည်။
ကျန်းရှောင်မန်က ပျော်ရွှင်စွာချီးကျူးလိုက်သည်။
"ဆရာမထောင်ထောင်...ဆရာမကအရမ်းတော်တာပဲ...သမီးဦးလေးကိုကောင်းကောင်းဂရုစိုက်ထားတယ်...”
ထောင်ထောင်က ရှက်သွားကာပြုံးလိုက်၏။ သူမက ယခုအချိန်တွင် ကျန်းရှင်း၏ကိုယ်ရေးကိုယ်တာအတွင်းရေးမှုးဖြစ်လာပြီး သူ့၏ကိစ္မများကို ကူညီဖြေရှင်းပေးရုံသာမက အစစအရာရာတာဝန်ယူနေရလေသည်။
ထို့နောက်ကျန်းရှောင်မန်က မွှေးတုံလေးကိုသွားကြည့်ရန်ပြင်လိုက်သည်။
မွှေးတုံလေးက ယွီမိသားစုအိမ်တွင်ရှိနေဆဲဖြစ်သည်။
ယွီချင်းရှီက သူမအတွက်တံခါးလာဖွင့်ပေးသည်။ မွှေးတုံလေးက ကျန်းရှောင်မန်၏အနံ့ကိုရသည်နှင့် သူမထံပြေးလာခဲ့သည်။
ဝက်ကလေး၏မျက်ဝန်းက မျက်ရည်များနှင့်ပြည့်နေပြီး သူမကိုလွမ်းကြောင်းပြောနေသလိုပင်။
ကျန်းရှောင်မန်က မွှေးတုံလေး၏ခေါင်းလေးကိုပုတ်လိုက်သည်။
"မေမေ့ကလေးလေးကို မေမေကအရမ်းလွမ်းနေတာ...ကလေးလေးပိန်သွားလိုက်တာ....”
ယွီချင်းရှီ ခဏတုံ့ဆိုင်းသွားကာ မွှေးတုံလေးကိုကြည့်ပြီးနောက် ကျန်းရှောင်မန်၏ဘေးတွင်ထိုင်ချလိုက်သည်။ ထို့နောက် မွှေးတုံလေး၏ခေါင်းလေးကိုပုတ်လိုက်သည်။
"ဖေဖေလည်း မင်းကိုအရမ်းလွမ်းနေတာ...”
"...”
ကျန်းရှောင်မန် ဘာပြောရမှန်းမသိဖြစ်သွားခဲ့၏။
နှစ်သစ်ကူးညတွင် ယဲ့ကျားကျားနှင့်ကျန်းရှင်းဟွားက မီးရှူးမီးပန်းများယူလာကာ ကျန်းရှောင်မန်တို့ထံရောက်လာခဲ့သည်။
ဗီလာဧရိယာက အတော်လေးကျယ်ဝန်းပြီး မီးရှူးမီးပန်းပစ်လွှတ်နိုင်သည့်နေရာရှိလေသည်။ အခြားနေရာများကိုမူ ထိခိုက်ပျက်စီးမှုမဖြစ်အောင် ကာရံထားပြီးဖြစ်၏။
"ရှောင်မန်...ဒီမှာကြည့်...”
ယဲ့ကျားကျားက မီးလင်းနေသောနတ်သမီးဦးထုပ်ကို ဝတ်ဆင်ထားကာ ကျန်းရှောင်မန်အား တောက်ပစွာပြုံးပြနေသည်။ မီးရှူးမီးပန်းများ၏အလင်းရောင်က သူမမျက်နှာထက်ဖြာကျနေသည်။
“သွားလွှတ်လိုက်...”
ယွီချင်းရှီက ကျန်းရှောင်မန်နံဘေးတွင်ဝင်ထိုင်ရင်း သူမလက်ထဲသို့ နတ်သမီးတုတ်တစ်ချောင်းကို ထည့်ပေးလာသည်။
ကျန်းရှောင်မန်က အဆိုပါတုတ်ချောင်းကိုယူကာ မီးရှူးမီးပန်းပစ်လွှတ်သည့်နေရာသို့ ပြေးသွားသည်။ ထိုနေရာတွင် ကျန်းရှင်းဟွားတစ်ယောက် တုန်တုန်ယင်ယင်ဖြင့်မီးပန်းလွှတ်ရန် ကြိုးစားနေလေသည်။
ကျန်းရှောင်မန်လာသည်ကိုတွေ့ချိန်တွင် ကျန်းရှင်းဟွားကဘေးဘက်သို့တိုးပေးလိုက်သည်။
ရှောင်မန်က မီးကြိုးကိုသပ်ရပ်စွာမီးညှိလိုက်သည်။ ခဏအကြာတွင် လှပပြီးပြိုးပြိုးပြက်ပြက်ပြက်လက်နေသော မီးရှူးမီးပန်းတစ်စင်းသည် ညကောင်းကင်ယံ၌ပေါ်ထွက်လာ၏။
ကောင်းကင်တွင် အရောင်အသွေးအမျိုးမျိုးရှိသော မီးရှူးမီးပန်းများသည် တစ်ခုနှင့်တစ်ခု ရောင်ပြန်ဟပ်ကာ လှချင်တိုင်းလှနေသည်။
"ရှောင်မန်...နင်အရမ်းတော်တာပဲ...”
ယဲ့ကျားကျားက မီးရှူးမီးပန်းတစ်ခုယူကာ ကျန်းရှောင်မန်နားသို့တိုးသွား၏။ ကျန်းရှောင်မန်ကလည်း နောက်တစ်ခုထပ်ဖောက်ရန် ပြင်လိုက်သည်။
နှစ်ယောက်သား အလုပ်ရှူပ်နေလေသည်။
"သူက ဘာလို့ငါတို့ဆီမလာတာလဲ..."
ယဲ့ကျားကျားက မနီးမဝေးရှိယွီချင်းရှီကိုကြည့်ရင်းပြောလိုက်သည်။
"သူ အတွေးလွန်နေတာထင်တယ်...ငါသူ့ကိုသွားခေါ်လိုက်ဦးမယ်...”
ကျန်းရှောင်မန်က မီးရှူးမီးပန်းများကို ပစ်လွှတ်ခြင်းမပြုတော့ပဲ လက်ထဲတွင်ကိုင်ထားရင်း ယွီချင်းရှီ၏နံဘေးသို့ ပြန်သွားထိုင်လိုက်၏။
မီးရှူးမီးပန်းများထွန်းညှိခြင်းတာဝန်က ကျန်းရှင်းဟွားနှင့်ယဲ့ကျားကျားထံ ကျရောက်လာသည်။
"နင်ဘာလို့ မပျော်မရွှင်ဖြစ်နေတာလဲ...”
ကျန်းရှောင်မန်က ယွီချင်းရှီကိုမေးလိုက်၏။
ယွီချင်းရှီ သူမကိုတစ်ချက်ကြည့်လိုက်စဥ် သူမလက်ကိုလောင်လုနီးပါးဖြစ်နေသော မီးရှူးမီးပန်းကိုသတိပြုမိသွားကာ ထိတ်လန့်သွားသည်။
ကျန်းရှောင်မန်က ကောင်းကင်တွင်လင်းထိန်နေသော မီးရှူးမီးပန်းများကို မိုက်မဲစွာကြည့်နေဆဲပင်။ သူမလက်ထဲရှိတုတ်က မီးလောင်တော့မည်ကိုဂရုမစိုက်အား။ ယွီချင်းရှီက အဆိုပါတုတ်ချောင်းကို လျှင်မြန်စွာယူလိုက်ပြီး ကောင်းကင်သို့လွှတ်တင်လိုက်၏။
ကျန်းရှောင်မန် မီးရှူးမီးပန်းများထံမှအကြည့်လွှဲလိုက်ချိန်တွင် သူမအားငေးကြည့်နေသော မျက်ဝန်းတစ်စုံနှင့်ရင်ဆိုင်လိုက်ရသည်။
“နင်ဘာကိုကြည့်နေတာလဲ...”
“နင့်ကို....”
သူမ အရမ်းလှတာပဲ...
မီးရှူးမီးပန်းများ၏အလင်းရောင်က ရှောင်မန်၏မျက်နှာနုနုလေးကို ပို၍နူးညံ့ကာနှစ်လိုဖွယ်ကောင်းစေသည်။
ပြောစရာမလိုအောင်ပင် ကျန်းရှောင်မန်ဘယ်လိုနေနေ ယွီချင်းရှီ၏မျက်ဝန်းထဲတွင် သူမကအမြဲချစ်စရာကောင်းလေသည်။ ယခုအချိန်တွင်မူ သူ့နှလုံးသားက ပြင်းထန်စွာခုန်ပေါက်နေကာ လည်ချောင်းထဲမှခုန်ထွက်လာတော့မလိုပင် ခံစားနေရသည်။
ယွီချင်းရှီ၏ရှက်ရွံ့နေဟန်ကိုကြည့်ကာ ကျန်းရှောင်မန်ပို၍စိတ်ဝင်စားသွားသည်။
“ငါက မီးရှူးမီးပန်းတွေထက်ပိုပြီး ဘယ်နေရာကြည့်လို့ကောင်းလို့လဲ....”
“နင်က သူတို့ထက်ပိုလှတယ်....”
အာ...သူဘာတွေပြောလိုက်မိတာလဲ...
ယွီချင်းရှီသူ့လျှာသူပြန်ကိုက်လိုက်မိသည်။
ကျန်းရှောင်မန်က ခဏကြောင်အသွားသည်။ သူမမျက်ဝန်းများက အံ့သြမှုဖြင့်လက်ဖြာနေလေသည်။
သူမက နှုတ်ခမ်းအသာကိုက်ရင်း ပြုံးလိုက်သည်။ ထို့နောက် ယွီချင်းရှီအနားသို့တိုးလိုက်ကာ တီးတိုးမေးလာ၏။
“တကယ်လား...”
“…”
ယွီချင်းရှီ တိတ်ကျသွားသည်။
သူမသူ့အနားတိုးလာချိန်တွင် မွှေးရနံ့ဖျော့ဖျော့ကို တစ်ပါတည်းရလိုက်၏။ ယွီချင်းရှီ၏ ခန္ဓာကိုယ်တွင်းရှိသွေးများ ပြောင်းပြန်စီးသွားသလိုပင်။ သူက သတ္တိမွေးရင်းထုတ်ပြောလိုက်သည်။
“ငါ...ကြိုက်တယ်...”
သူ့အသံက ခပ်တိုးတိုးလေးထွက်ပေါ်လာသည်။
ထိုစဥ် ရှူး ဟူသောအသံနှင့်အတူ မီးရှူးမီးပန်းများထွက်ပေါ်လာသည်။ လေထုက ယမ်းနံ့များနှင့်ပြည့်သွားကာ ပတ်ဝန်းကျင်တစ်ခုလုံးလည်း ပေါက်ကွဲသံများနှင့်ဆူညံသွားလေသည်။
xxxxxxx
Chapter 363(Final)
တစ်ဖက်တွင် ယဲ့ကျားကျားနှင့်ကျန်းရှင်းဟွားက ပျော်ရွှင်စွာလက်ခုပ်ထတီးကြသည်။
"ရေး....ငါတို့လုပ်နိုင်ပြီ....ထပ်ဖောက်ရအောင်...ထပ်ဖောက်ရအောင်...”
မီးရှူးမီးပန်းများ၏အသံက ယွီချင်းရှီ၏အသံကိုဖုံးလွှမ်းသွားသည့်အတွက် ကျန်းရှောင်မန် ရှင်းလင်းစွာမကြားလိုက်ချေ။
သူမက တစ်ဖက်လူ၏မူမမှန်သော အမူအရာကိုကြည့်သည်။
“နင် ဘာပြောလိုက်တာလဲဟင်...”
“ဘာမှမဟုတ်ပါဘူး...”
သူက စိတ်ကောက်ပြီးဟိုဘက်လှည့်သွားသည်။ သူမအားကြည့်ပင်မကြည့်တော့...။
“ငါလည်းကြိုက်တယ်...”
ယွီချင်းရှီက သူနားကြားလွဲသည်ဟု တွေးမိလိုက်သည်။ ကောင်းကင်နှင်မြေကြီးပေါ်တွင် သူမ၏ ငါလည်းကြိုက်တယ် ဟူသောစကားသာ ကျန်ရှိတော့သလိုပင်။
ဘာကိုလဲ....သူ့ကိုလား...
“ဘာ...ဘာကိုပြောတာလဲ...”
ယွီချင်းရှီက အလွန်စိတ်လှုပ်ရှားနေကာ လည်ချောင်းပါခြောက်ကပ်ကပ်ဖြစ်လာသည်။ သူက တောက်ပစွာလောင်ကျွမ်းနေသော မီးရှူးမီးပန်းများကို လျစ်လျူရှုလိုက်ရင်း ကျန်းရှောင်မန်ပြောလာမည့်စကားကိုသာ ဂရုတစိုက်နားစွင့်လိုက်၏။
“မီးပန်းတွေလေ...”
ကျန်းရှောင်မန်က ပန်းပွင့်လေးလိုပြုံးလိုက်ရင်း ကောင်းကင်ယံကိုညွှန်ပြလိုက်သည်။
“ငါလည်းကြိုက်တယ်...”
အာ...
ယွီချင်းရှီ အနည်းငယ်စိတ်ပျက်သွားသည်။ သူ့တွင် သူမအားထပ်မံဖွင့်ပြောရန် အခွင့်အရေးရှိမရှိမသေချာပေ။
.....
ကောလိပ်ဝင်ခွင့်ဖြေရမည့်နေ့တွင် ရာသီဥတုက ပူအိုက်နေလေသည်။
တက္ကသိုလ်တက်ရသည်မှာ ကောင်းမွန်သည်ဟု ဆရာများ အမြဲပြောလေ့ရှိသည်။ လူတိုင်းက စာမေးပွဲတွင် ရလဒ်ကောင်းများရရှိစေရန်အတွက် အပြင်းအထန်ကြိုးစားနေကြလေသည်။
တစ်ချိန်တည်းမှာပင် သုံးနှစ်ကြာချုုပ်တည်းထားခဲ့သော နှလုံးသားများပွင့်အန်လာကြသည်။
ချစ်ခြင်းမေတ္တာကို မကြေငြာဝံ့ခဲ့သူများသည်လည်း ၎င်းတို့၏ချစ်ခင်မှုကို လူသိရှင်ကြားပြသကြသည်။ ဌာနမှူးက အဆိုပါအရာများကို အတိုင်းအတာတစ်ခုအထိ မသိချင်ယောင်ဆောင်ပေးထားသည်။
ကျန်းရှောင်မန်နှင့်ယွီချင်းရှီတို့၏ စားပွဲခုံထဲတွင် ရည်းစားစာများဖြင့် ပြည့်နှက်နေလေ့ရှိသည်။
ကျန်းရှောင်မန်က သူမစားပွဲခုံတွင်းရှိစာများကိုကြည့်ကာ သက်ပြင်းချလိုက်သည်။
ယွီချင်းရှီက ဘောပင်ကိုလှည့်ကစားရင်း နောက်လှည့်ကြည့်လာသည်။ ရှောင်မန်က သူ့ကိုစနောက်လိုက်၏။
"ဘာလဲ...စိတ်ပူနေတာလား...”
ပူတာပေါ့....
ယွီချင်းရှီက မကြားချင်ယောင်ဆောင်ရင်း တစ်ဖက်သို့လှည့်သွားသည်။
ကျန်းရှောင်မန်စိတ်တိုသွား၏။
“ယွီချင်းရှီ...ပွင့်ပွင့်လင်းလင်းပြောစမ်းပါ..”
ယွီချင်းရှီက ဆက်လက်၍မသိချင်ယောင်ဆောင်မြဲပင်။
ကျန်းရှောင်မန်က သူ့စားပွဲခုံရှေ့သို့လျှောက်သွားကာ ခုံပေါ်လက်ထောက်ရင်း ကိုယ်ကိုရှေ့သို့ကိုင်းလိုက်သည်။ ယွီချင်းရှီအား ထပ်မံ၍ရှောင်တိမ်းခွင့်မပေး။
ယွီချင်းရှီ၏ပါးပြင်နှင့် နားရွက်ကလေးများရဲတက်လာသည်။
“နင်...အဲ့လိုမနေနဲ့…”
ကျန်းရှောင်မန်က လုံးဝနေရာရွှေ့မပေးချေ။
“ငါ ကြားလိုက်တယ်...”
“...”
ယွီချင်းရှီသူမအား ဝေခွဲမရဟန်ကြည့်လိုက်သည်။
“အဲဲဒီ့ညလေ...နှစ်သစ်ကူးည...အထက်တန်းပထမနှစ်မတက်ခင်ဆောင်းရာသီအားလပ်ရက်လေ...နင်ပြောခဲ့တာကိုငါကြားလိုက်တယ်...”
သူမအစက မသိခဲ့ချေ။ ဦးဦးစနစ်ကပြန်၍ပြောပြခဲ့ခြင်းဖြစ်သည်။ ယွီချင်းရှီနှင့်ဖြေရှင်းရန်အခွင့်မသာခဲ့ခြင်းသာ။ ယခုမူ သူမ ဒီအတိုင်းမြိုသိပ်မထားနိုင်တော့ချေ။
နှစ်သစ်ကူးည...မီးရှူးမီးပန်းများ....
ယွီချင်းရှီပြန်၍ အမှတ်ရလာသည်။
သူက အရင်ဆုံးရှက်သွားသည်။ ထို့နောက် သူ့နှလုံးသားက ပျော်ရွှင်မှုနှင့်အတူ ခုန်ပေါက်သွား၏။ နောက်ဆုံးတွင် အမှန်တရားကိုသတိပြုလိုက်မိကာ တစ်စုံတစ်ခုအားဆုံးရှုံးသွားသလို ခံစားလိုက်ရသည်။
သူမ သိနေခဲ့တာကြာပြီပေါ့...သူ့ကိုတစ်ချိန်လုံးလှည့်စားနေခဲ့တာပေါ့လေ...
ယွီချင်းရှီက ဝမ်းနည်းပြီးစိတ်လည်းဆိုးသွားသည်။
…ဝမ်းနည်းမှုက ပို၍အလေးသာလေသည်။
ကြားရဲ့သားနဲ့ မသိချင်ယောင်ဆောင်နေခဲ့တာ သူ့ကိုငြင်းလိုက်တာပဲမဟုတ်လား...
ယွီချင်းရှီက သူမအားနက်နက်ရှိုင်းရှိုင်းစိုက်ကြည့်ရင်း နှုတ်ခမ်းတင်းတင်းစေ့လိုက်ကာ ထွက်သွားရန်ပြင်လိုက်သည်။
ကျန်းရှောင်မန်က သူ့လက်ကိုလှမ်းဆွဲလိုက်သည်။
“ဒါကဘယ်လဲ...”
“ငါ့ကိုလွှတ်...”
ကျန်းရှောင်မန်က အလောတကြီးပြောလိုက်သည်။
“ငါတို့ ဒါကိုမဖြေရှင်းရသေးဘူးလေ...”
ယွီချင်းရှီ၏ခေါင်းထဲတွင် မျှော်လင့်ချက်လေးတစ်စွန်းတစ်စပေါ်ထွက်လာသည်။
“နင်...နင်ဘာကိုပြောချင်တာလဲ...”
“ငါ…”
ကျန်းရှောင်မန်က ခဏတာတိတ်ဆိတ်သွားသည်။
ယွီချင်းရှီ၏မျက်ဝန်းများက မျှော်လင့်ချက်များနှင့်ပြည့်နှက်နေသည်။ ကျန်းရှောင်မန်က ထိုမျက်ဝန်းများထဲရှိ စိုးရိမ်မှုကို မြင်လိုက်ရ၏။
“ငါတို့က အတူတူကြီးပြင်းလာကြတာ...နင်ကငါ့အတွက်အရမ်းအရေးကြီးတယ်...ငါတို့ဒီကိစ္စကိုစာမေးပွဲပြီးမှပြောကြမယ်လေ...”
သူငယ်ချင်းအကန့်လား...
“ငါကိုနင်ငဲ့ညှာနေဖို့မလိုပါဘူး...”
ယွီချင်းရှီက သူမ၏လက်ကိုအေးစက်စက်ဖယ်ထုတ်လိုက်ကာ လှည့်ထွက်သွားသည်။
ကျန်းရှောင်မန်က သူ့နောက်မှ ကော်ရစ်တာတစ်လျှောက်လုံးလိုက်သွားကာ ထပ်မံတားလိုက်သည်။
“နင်ကငါ့မိသားစုလိုပဲ...ငါ့အတွက်အရမ်းအရေးကြီးတယ်...”
မိသားစု...
သူ့ကိုအကိုတစ်ယောက်လိုသဘောထားတယ်လို့ ပြောချင်တာလား...
ယွီချင်းရှီ၏မျက်နှာဖြူလျော်သွားကာ
“ကောင်းပြီ...ငါနားလည်ပါပြီ...မစိုးရိမ်ပါနဲ့...နင့်ကိုယ်နင်တွန်းအားပေးစရာမလိုပါဘူး....”
“…”
စနစ်က ဆက်လက်သည်းမခံနိုင်တော့...
“ပိုင်ရှင်...မင်းကသူ့ကိုသက်သက်နှိပ်စက်နေတာပဲ...”
“ဒါဖြင့် သမီးကဘာပြောရမှာလဲ...သူကမိသားစုလောက်ကိုအရေးကြီးတယ်လို့ သမီးပြောပြီးပြီလေ...”
“မင်း သူ့ကိုကြိုက်တယ်လို့ပြောလိုက်...”
ကျန်းရှောင်မန် ခဏကြောင်အသွားသည်။
သူမ မပြောချင်၍မဟုတ်ချေ။ သူမတို့နှစ်ဦး၏ဆက်ဆံရေးမှာ အလွန်ပင်ရှုပ်ထွေးနေသည့်အတွက် စာမေးပွဲဲပြီးသည်အထိစဥ်းစားချင်ရုံသာ။.
ယွီချင်းရှီက သူမအတွက်အလွန်အရေးပါသည်။ ထို့ကြောင့် ဘာမှမတုံ့ပြန်ခင် သေချာအလေးအနက်စဥ်းစားချင်လေသည်။ ယခုမူ သူမထပ်၍ရှောင်နေလို့မရတော့။
ကျန်းရှောင်မန်က ထပ်မံ၍တုံ့ဆိုင်းမနေတော့ပဲ စနစ်ထံမှ မုသားဖော်ဆေးကိုလဲလှယ်လိုက်သည်။ ထို့နောက် သူမကိုယ်ပေါ်တွင် သက်ရောက်စေလိုက်၏။
“နင်ငါ့ကိုထပ်မေး...”
“ဘာကိုလဲ...”
“နင်ငါ့ကိုကြိုက်လား လို့မေးကြည်ံ့...”
ယွီချင်းရှီက သူ့နှလုံးသားကိုဆီပူထဲနှစ်လိုက်သလို ခံစားလိုက်ရသည်။ သူကခဏတုံ့ဆိုင်းနေကာ အားမွေးလိုက်သည်။ ထို့နောက် တိုးညှင်းသောအသံဖြင့်မေးလိုက်သည်။
“ဒါဖြင့်...နင်....နင်ငါ့ကိုကြိုက်လား...”
“ကြိုက်တယ်...”
သူမက တွေဝေခြင်းမရှိပြန်ဖြေလိုက်သည်။
ကျန်းရှောင်မန်ကိုယ်တိုင်လည်း အံ့သြသွားသည်။ သူမက ပါးစပ်ကိုလက်ဝါးဖြင့်အုပ်လိုက်ကာ ပါးပြင်များနီရဲလာခဲ့သည်။
ယွီချင်းရှီ စက္ကန့်အနည်းငယ်ကြောင်အသွားသည်။
ကျန်းရှောင်မန်က....ရှက်နေတာလား....
ယွီချင်းရှီ၏နားရွက်ဖျားများ နီရဲလာသည်။ သို့သော် သူက အားတင်းပြုံးလိုက်ရင်းပြောလိုက်သည်။
“မဟုတ်ဘူး...နင်ငါ့ကိုအားနာစရာမလိုပါဘူး...ငါ့ကိုအကိုတစ်ယောက်လိုပဲ သဘောထားတာမဟုတ်လား...”
“မဟုတ်ဘူး...”
ယွီချင်းရှီ၏ နားရွက်များပိုနီလာသည်။ သူက ပြန်မေးလိုက်သည်။
“ဒါဆို...ငါ့ကိုညာနေတာမဟုတ်ဘူးလား...”
“မဟုတ်ဘူး...”
“ငါ့ကိုတကယ်ကြိုက်တာလား...”
“ကြိုက်တယ်...”
ယွီချင်းရှီမျက်နှာက ရဲတက်လာသည်။ ကျန်းရှောင်မန်လည်းအတူတူပင်။ သူတို့က တစ်ဦးနှင့်တစ်ဦးကြာမြင့်စွာစိုက်ကြည့်နေကြသည်။
သူမ...အိုး...သူမဘာလို့တိုက်ရိုက်ကြီးပြောနေရတာလဲ...
မုသားဖော်ဆေးက တကယ့်ကိုမကောင်းဆိုးရွားပဲ...
ကျန်းရှောင်မန်လက်လျှော့လ်ိုက်သည်။ ယွီချင်းရှီထပ်မံ၍ အထင်လွဲသွားမည်ကို သူမအလွန်ကြောက်လေသည်။ ရှောင်မန်က သူ့ခေါင်းလေးကိုညှင်သာစွာထိန်းကိုင်လိုက်ရင်း ယွီချင်းရှီ၏နှုတ်ခမ်းများကို ခပ်ဖွဖွနမ်းလိုက်သည်။
”အဲ့ဒါကအမှန်ပဲ...ငါနင့်ကိုမညာဘူး...”
“……တကယ်လား”
ကျန်းရှောင်မန်က သူ့ကိုထပ်နမ်းလိုက်သည်။
“တကယ်နော်...တကယ်နော်...”
နောက်ထပ်အနမ်းတစ်ပွင့် ထပ်ရလိုက်၏။
ယွီချင်းရှီ၏ ပန်းရောင်ဖျော့ဖျော့နှုတ်ခမ်းများက နီရဲလာသည်။
သူကထပ်မေးပြန်သည်။
“ငါ့ကိုညာနေတာမဟုတ်လား...”
သူက ဒီတစ်ခါဦးအောင်နမ်းလိုက်သည်။
ယွီချင်းရှီအတွက် အဆိုပါအနမ်းက အလွန်မွှေးပျံ့ကာချိုမြိန်လေသည်။
ကျန်းရှောင်မန် ဆွံ့အသွားသည်။
“နင်ငါ့ကို သက်သက်အသားယူနေတာမဟုတ်လား...”
“…”
ချင်းမင်အထက်တန်းကျောင်း၌ လိုက်ဖက်ညီ၍ငယ်ရွယ်သောစုံတွဲတစ်တွဲ ထွက်ပေါ်လာကြောင်း အတန်းခေါင်းဆောင်က ဝင်ခွင့်စာမေးပွဲပြီးဆုံးသည့်နေ့တွင် ကြေငြာခဲ့သည်။
Xxxxxxxxxxx
ကျန်းရှောင်မန်လေးတို့ကတော့ပြီးဆုံးသွားခဲ့ပါပြီ အခုအချိန်အထိ အကြာကြီးစီးမျောလိုက်ပါပေးခဲ့တဲ့တစ်ယောက်ချင်းစီကို ကျေးဇူးအများကြီးတင်ပါတယ်ရှင် 🙇♀️
Chapter 364 (Extar -1)
ဇူလိုင်လ...
နေရောင်ခြည်ဖြာကျနေသော သဲသောင်ပြင်က ငွေဖြူရောင်တောက်ပလျှက်ရှိကာ ကမ်းခြေပေါ်သို့ ကြယ်များကြွေဆင်းနေသကဲ့သို့ပင်။ ဆားနံ့သင်းသော ပင်လယ်၏ရနံ့က လေထုထဲတွင်ဝေ့ဝဲလျှက်။
လှိုင်းလုံးများက ကမ်းခြေအနီးရှိတောင်ခြေအား ပဲ့တင်သံထွက်ပေါ်လာသည်အထိ ရိုက်ခတ်နေကာ ကြားရသူအပေါင်းကို အိပ်မွှေ့ချနေလေသည်။
ကမ်းရိုးတန်းတစ်လျှောက်တွင်နေထိုင်သူများမှာ အေးမြသောပင်လယ်လေညှင်းကိုရှူရှိုက်ရင်း အလွန်ပင်စိတ်အေးလက်အေးရှိနေကြသည်။
ယခုအချိန်မှာ လာရောက်လည်ပတ်သူအများဆုံးရာသီဥတုဖြစ်သည်။ သို့သော် ကမ်းခြေတွင်လူအများအပြားမရှိချေ။ လူအနည်းငယ်သာလျှင် လက်ထပ်ပွဲအတွက်ပြင်ဆင်ရင်း အလုပ်များနေကြ၏။
မနက်ဖြန်ဆိုလျှင် လက်ထပ်ပွဲသို့ဧည့်သည်များလာရောက်ကြလိမ့်မည်။ ပွဲစီစဥ်သူများက ကမ်းခြေတစ်ခုလုံးကို ငှားရမ်းထားခြင်းဖြစ်ပြီး သတို့သား သတို့သမီးနှင့် နှစ်ဖက်မိဘအသိုင်းအဝိုင်းများစုရုံးနေကြသည်။
အဆိုပါမင်္ဂလာမောင်နှံက ကျန်းရှင်းနှင့်ထောင်ထောင်ပင်။
ထောင်ထောင်တစ်ယောက် ကျန်းရှင်းနှင့်အတူရှိသည်မှာ နှစ်အနည်းငယ်ကြာမြင့်ခဲ့လေပြီ။ ယုန်ဖြူကလေးလိုတက်ကြွသော ကောလိပ်ကျောင်းသူတစ်ဦးအဖြစ်မှ စီမံခန့်ခွဲတတ်သည့်မိန်းမပျိုတစ်ဦး ဖြစ်လာခဲ့သည်။
သူတို့နှစ်ဦးကြားရှိကိစ္စများကို ကျန်းရှောင်မန်မသိချေ။ သူမ၏ဦးလေးဖြစ်သူက သူလက်ထပ်တော့မည်ဖြစ်ကြောင်း ကောလိပ်ဝင်ခွင့်စာမေးပွဲအပြီးတွင် ပြောခဲ့ခြင်းဖြစ်သည်။ ကျန်းရှောင်မန်က နောက်ကျမှသိရခြင်းအပေါ် စိတ်မကောင်းပင်ဖြစ်ခဲ့မိသည်။
ထို့နောက် သူတို့ဤကျွန်းပေါ်သို့ လာရောက်ခဲ့ခြင်းဖြစ်လေသည်။
ကျန်းရှောင်မန် ကျန်းရှင်းအတွက် အမှန်တကယ်ပျော်ရွှင်မိသည်။ ယွီချင်းရှီသည်လည်း သူမနည်းတူပင်။
ယခုနှစ်၏ထူးခြားဖြစ်ရပ်တစ်ခုကို ကျန်းရှောင်မန်မေ့နေခဲ့သော်လည်း ယွီချင်းရှီကတော့မမေ့လျော့ပေ။ ကောလိပ်ဝင်ခွင့်ဖြေပြီးသည်နှင့် ကျန်းရှောင်မန်နှင့်အတူ ကမ်းခြေတွင်လည်ပတ်ရန်အတွက် သူစတင်ထုပ်ပိုးတော့သည်။ သူ့အနေဖြင့် အရင်ကျောင်းပိတ်ရက်များကဲ့သို့ ကျန်းရှောင်မန်မြို့သို့ပြန်လာမည့်အချိန်ကို စောင့်ဆိုင်းရန်မလိုအပ်တော့ချေ။
.....
ကမ်းခြေတွင် ကျန်းရှောင်မန်က သဲများနှင့်ရဲတိုက်တစ်ခုကို ပျော်ရွှင်စွာတည်ဆောက်နေသည်။ သူမ၏လက်တစ်ဖက်စီတွင် ရေပုံးနှင့်ဂေါ်ပြားကိုကိုင်ထား၏။ သူမ အလေးအနက်ဆောက်လုပ်နေပုံမှာ တရုတ်ပြည်၏မဟာတံတိုင်းကြီးဆောက်နေသလိုပင်။
ယွီချင်းရှီက သူမနံဘေးရှိသဲသောင်ပြင်တွင် လှဲချလိုက်သည်။ ကျန်းရှောင်မန် နံဘေးရှိကောက်ရိုးဦးထုပ်ကိုယူကာ သူ့မျက်နှာအားနေမထိုးအောင်ကာလိုက်၏။ ထို့နောက် သွယ်လျသောခြေတံလက်တံများကိုဆန့်ထုတ်လိုက်ရင်း သဲပြင်နှင့်အပြည့်အဝထိတွေ့စေသည်။
ကြည်လင်သောအသားအရည်မှာ နေရောင်အောက်တွင် မျက်စိပသာဒဖြစ်နေလေသည်။
ကျန်းရှောင်မန်က ဂေါ်ပြားအပြည့်သဲများကော်ချလိုက်ရင်း ယွီချင်းရှီထံအကြည့်ရောက်သွားသည်။ သူ၏ဖြူဖွေးသောအသားအရည်က နေလောင်တော့မည်ကိုတွေ့လိုက်ရ၏။ ကျန်းရှောင်မန် ပျော်သွားသည်။
သူပိုမဲလေလေ သူမ ပိုပြီးတောက်ပလေလေမဟုတ်လား...
အရမ်းကောင်းတယ်...
အလှအပက သူမအတွက်ပဲဖြစ်ရမယ်...
ထို့နောက် ကျန်းရှောင်မန်က သူမ၏နဂါးလေးကို ဂရုစိုက်မနေတော့ပဲ လုပ်လက်စအလုပ်ကိုပျော်ရွှင်စွာဆက်လုပ်လေသည်။
စနစ်က ရုတ်တရက်ထပြောသည်။
"ပိုင်ရှင်...မင်းခြေထောက်အောက်မှာ ဂဏန်းကြီး...”
ကျန်းရှောင်မန်က ငုံ့ကြည့်လိုက်ရင်း သူမ၏ခြေချောင်းများကြားထဲညပ်နေသည့် ဂဏန်းကိုကောက်လိုက်သည်။
"လတ်လတ်ဆတ်ဆတ်စားလိုက်ရရင် အရမ်းအရသာရှိမှာပဲနော် ဦးဦးစနစ်...”
"မသိဘူးလေ...ငါမှမစားဖူးတာ...ဒါနဲ့ လူတွေကကမ်းခြေကိုလာရင် ပင်လယ်စာစားကြတယ်နော်...အဲ့ဒါကအရသာရှိလား...”
ကျန်းရှောင်မန်က ခေါင်းညိမ့်လိုက်သည်။
"ဦးဦးစနစ်က အရမ်းသနားစရာကောင်းတာပဲ...”
"...”
စနစ်က တိတ်ဆိတ်သွားသည်။ သူက ရှောင်မန်ဂဏန်းကိုက်ခံရမည်စိုးသဖြင့် စေတနာနှင့်သတိပေးခဲ့သော်လည်း အလှောင်ခံရခြင်းနှင့်သာအဆုံးသတ်သွားလေသည်။
သူမက ချစ်ဖို့ကောင်းပြီးနူးညံ့တဲ့ကလေးမလေးမဟုတ်တော့ဘူး...
ကြီးလာလေ ပိုဆိုးလာလေပဲ...သူ့ကိုလည်းပိုပြီးအနိုင်ကျင့်လာတယ်...
ကျန်းရှောင်မန်က ဂဏန်းကိုအောက်ပြန်ချလိုက်ပြီး ခပ်ဝေးဝေးမောင်းလိုက်သည်။
xxxxxxx
Chapter 365(Extra-2)
နာရီဝက်အကြာတွင် သူမ၏သဲအိမ်ဆောက်လုပ်ပြီးသွားသည်။ ရှောင်မန်က နဖူးပေါ်မှချွေးများကိုပွတ်သုတ်လိုက်ပြီး နံဘေးတွင်အိပ်နေသည့် ယွီချင်းရှီးကိုနှိုးလိုက်သည်။
"ထတော့...ရေပြန်ချိုးရအောင်...”
ထိုအချိန်တွင် နေကအနောက်ဘက်သို့ရောက်နေပြီဖြစ်ပြီး ဆည်းဆာအချိန်သို့ရောက်နေလေပြီ။ ပုစွန်ဆီရောင်နေဝန်းက တောင်တန်းများအကြားတွင် မေးတင်လျှက်ရှိသည်။
သိမ်မွေ့သောပင်လယ်လေညင်းက သူမကိုယ်ပေါ်သို့ဖြတ်တိုက်သွားသည့်အတွက် ကျန်းရှောင်မန် အနည်းငယ်ချမ်းစိမ့်စိမ့်ဖြစ်လာသည်။
ညနေခင်းတွင် အသေးစားညစာစားပွဲရှိသောကြောင့် ထိုအတွက်ပြင်ဆင်ရဦးမှာပင်။
ယွီချင်းရှီက မထချင်ထချင်နှင့်နိုးလာခဲ့ပြီး ပင်လယ်ဘေးရှိဗီလာသို့ သူမနှင့်အတူတူပြန်ရန်ပြင်လိုက်သည်။
သူကဗီလာသို့မသွားခင် ကျန်းရှောင်မန်တနေ့ခင်းလုံးဆောက်နေခဲ့သည့် လက်ရာမြောက်သဲအိမ်ထံအကြည့်ရောက်သွားခဲ့၏။ ၎င်းက သူ့မျက်လုံးထဲတွင် X အက္ခရာပုံပေါ်နေသည်။
သဘာဝကျကျပင် ယွီချင်းရှီထိုအရာအား ထုတ်မပြောရဲချေ။
ဗီလာက ကမ်းခြေနှင့်သိပ်မဝေးသည့်အတွက် ခဏအကြာလမ်းလျှောက်ပြီးနောက် သူတို့နှစ်ဦးပြန်ရောက်သွားကြ၏။
ရှောင်မန်က ယခုလေးတင်ရေများနှင့်ကစားနေခဲ့သည့်အတွက် သူမလက်များကအိထွေးနေကာ အလွန်ကိုင်လို့ကောင်းလေသည်။ ယွီချင်းရှီ သူမ၏လက်ဖဝါးကို အကြိမ်အနည်းငယ်ညှစ်လိုက်မိ၏။
ကျန်းရှောင်မန်က နောက်လှည့်လာကာ သူ့ကိုစိုက်ကြည့်လိုက်သည်။
ယွီချင်းရှီက စနောက်သလိုပြုံးရင်း သူမလက်ဖဝါးလေးကို ထပ်ညှစ်လိုက်၏။
ကျန်းရှောင်မန်၏မျက်နှာနီရဲသွားသည်။ သူမက ယွီချင်းရှီ၏လက်ကိုလွှတ်လိုက်ကာ သဲအိမ်ဆောက်သည့် တန်ဆာပလာများကို သူ့လက်များအတွင်းထိုးထည့်လိုက်ပြီး သူမအခန်းတွင်းသို့ဝင်သွားလေသည်။
သူမတစ်ကိုယ်လုံးတွင် ရွှံ့များသဲများနှင့်ပေပွနေသည့်အတွက် ကျန်းရှောင်မန်ခေါင်းလျှော်ရင်း ရေပါတစ်ခါထဲချိုးလိုက်သည်။ သူမ၏ဆံပင်ရေစိုကို အနောက်တွင်ဒီအတိုင်းချထားသည့်အတွက် နောက်ကျောအလှမှာ ပို၍ပေါ်လွင်နေခဲ့၏။
ယွီချင်းရှီက ကျန်းရှောင်မန်ခြေလက်ဆေးသည်အထင်နှင့် အပြင်ဘက်တွင်စောင့်ဆိုင်းနေခဲ့သည်။ သူမ အတော်ကြာသည်အထိထွက်မလာသည့်အခါ အခန်းတွင်းသို့လိုက်ဝင်လာခဲ့သည်။
သူ မမျှော်လင့်ထားသည်က ကိုယ်ပေါ်တွင်တဘက်အဖြူကိုသာပတ်ထားသည့် ကျန်းရှောင်မန်ကို မြင်တွေ့ရလိမ့်မည်ဟု။ ယွီချင်းရှီ မသိစိတ်ဖြင့် သူ့နှာခေါင်းသူအုပ်လိုက်မိသည်။
ကျန်းရှောင်မန်က အလွန်ရှက်သွားပြီး သူ့ကိုစိုက်ကြည့်လိုက်သည်။ ထို့နောက် တံခါးကိုညွှန်ပြကာ အသံစူးစူးကလေးဖြင့်
"အပြင်မှာပဲစောင့်နေလေ...ခုချက်ချင်းအပြင်ထွက်....”
ထို့နောက် သူ့အားဆိုဖာပေါ်မှ ခေါင်းအုံးတစ်လုံးနှင့်ပစ်ပေါက်လိုက်သည်။
မကောင်းဆိုးဝါးကြီး...နှာဘူးကြီး...
"...အေးပါ.”
ယွီချင်းရှီက အပြစ်ရှိသလိုခံစားလိုက်ရသဖြင့် အသံကျယ်ကျယ်ပင်ပြန်မပြောရဲချေ။
တံခါးအပြင်ဘက်သို့ပြန်ထွက်လိုက်ပြီး ကျန်းရှောင်မန်အတွက် တံခါးစောင့်တပ်မှူးတာဝန်ကိုယူလိုက်တော့သည်။
ဘယ်သူမှ ဒီတံခါးကနေ ဖြတ်မသွားစေရဘူး...
"အခုဝင်လာလို့ရပြီ...”
ကျန်းရှောင်မန်၏အသံက အခန်းတွင်းမှထွက်ပေါ်လာခဲ့သည်။
ထိုအချိန်တွင် ကျန်းရှောင်မန်က မိုးပြာရောင်ဂါဝန်ကိုဝတ်ဆင်ထားပြီးဖြစ်သည်။ ဂါဝန်အောက်အနားတွင် ရောင်ပြေးလေးများပါရှိသဖြင့် သူမခြေဖျားတွင် လှိုင်းကြက်ခွပ်ကလေးများလူးလွန့်နေဟန်။
သူမ အရမ်းလှတာပဲ...
ယွီချင်းရှီ၏နှလုံးသားက ပြင်းထန်စွာခုန်ပေါက်လာသည်။ သူက သူမနှင့်အနည်းငယ်ကွာဝေးသည့်နေရာတွင် ထိုင်ရန်ရွေးချယ်လိုက်သည်။
သူက မျက်နှာနီနီနှင့်ပြောလာသည်။
"ရှောင်မန်...ခုနက...ခုနကငါမရည်ရွယ်ပါဘူး...”
ကျန်းရှောင်မန်က သူမ၏ဆံနွယ်များကိုရေခြောက်အောင်သုတ်နေရင်း အမှုမထားဟန်ပြန်ဖြေလိုက်သည်။
"ရပါတယ်...ငါကအဝတ်မပါတာမှမဟုတ်တာ...”
သူမကတကယ့်ကိုသစ်တုံးကြီးပဲ...ခံစားချက်မရှိတဲ့သစ်တုံးကြီး...
ယွီချင်းရှီက သူမ၏ရေစိုနေသောဆံပင်များကို ကူညီ၍သုတ်ပေးရန်ပြင်လိုက်သည်။ သူက ရှောင်မန်၏လက်တွင်းမှတဘက်ကိုယူရင်း
"ငါလုပ်ပေးမယ်...”
ကျန်းရှောင်မန်က သဘောတူဟန်ဖြင့် ကုလားထိုင်ပေါ်တွင်ထိုင်လိုက်ရင်း တဘက်ကိုသူ့ထံကမ်းပေးလာသည်။ သူ သူမအနားကပ်လိုက်သည်နှင့် ပို၍မွှေးပျံ့လာသလိုပင်။ သူတို့နှစ်ဦးက တူညီသောရေချိုးဆပ်ပြာကိုသုံးကြသော်လည်း ဘာ့ကြောင့်မှန်းမသိ ရှောင်မန်ကပို၍မွှေးသလိုခံစားရသည်။
xxxxxxxxxx