Chapter 366(Extra-3)
ယွီချင်းရှီက သူမအသားကိုမထိမိစေအောင်ဂရုစိုက်ရင်း ဆံနွယ်များကိုတဘက်နှင့်အသာအယာသုတ်ပေးလိုက်သည်။ သူက ရှောင်မန်၏မျက်နှာလေးထံ အမှတ်တမဲ့အကြည့်ရောက်သွားသည်။
ကျန်းရှောင်မန်က မျက်ဝန်းများမှိတ်ကာ သူ၏ဝန်ဆောင်မှုကို အေးအေးလူလူခံယူနေလေသည်။ သူမ၏မျက်တောင်ရှည်များက ယပ်တောင်တစ်ချပ်သဖွယ် ပြန့်ကားလျှက်ရှိသည်။ နှာတံလေးကစင်းကျနေကာ နူးညံ့ပုံပေါ်နေ၏။ ပါးလျသောနှုတ်ခမ်းများကမူ နှင်းဆီရောင်သမ်းနေသည်။
သူမ အလွန်လှသည်။ ဘယ်နှစ်ကြိမ်ကြည့်ကြည့် မရိုးနိုင်အောင်လှသည်။ စကားပြောလျှင်လည်း သူမအသံလေးက နားဝင်ချ်ိုလှသည်။ တစ်ခါတစ်ရံ ကလေးတစ်ယောက်လိုသူ့အားဆိုးနွဲ့သည့်အခါ ယွီချင်းရှီခမျာ့ အရည်ပျော်ကျလုနီးပါးပင်။
ယွီချင်းရှီ၏လက်များ ရပ်တန့်သွားသည်။ သူက သူမအရှေ့သို့ သွားရပ်လိုက်၏။
ကျန်းရှောင်မန်၏မျက်ဝန်းများပွင့်လာကာ သူ့အားမေးလိုက်သည်။
"ဘာဖြစ်လို့လဲ...”
ယွီချင်းရှီက သူမ၏ခြောက်သွေ့သွားသောဆံနွယ်စလေးကို နားရွက်နောက်သို့သပ်တင်ပေးလိုက်သည်။
"ရှောင်မန်...ငါ...ငါတွေးနေတာ...”
"ဘာလဲ...”
"ငါတို့က တွဲနေတာမဟုတ်လား...”
ကျန်းရှောင်မန်က သူမ၏ ဒူးနှစ်ဖက်ကိုကွေးကာလက်ဖြင့်ပိုက်လိုက်ရင်း သူ့ကိုမော့ကြည့်လိုက်သည်။
"ဘာတွေလျှောက်တွေးနေတာလဲ...ငါနင့်ကိုမစွန့်ပစ်ပါဘူး...”
"မဟုတ်ဘူး...ငါပြောချင်တာက...”
ယွီချင်းရှီစကားခဏရပ်ကာ သတ္တိမွေးလိုက်သည်။
"ငါနင့်ကိုနမ်းရင် နင်စိတ်မဆိုးဘူးမဟုတ်လား...”
ကျန်းရှောင်မန် ရှက်သွေးဖြာသွားကာပြောလိုက်သည်။
"ဟင်...အင်းပေါ့...”
ယွီချင်းရှီကရုတ်တရက် သူမ၏မေးဖျားကိုနမ်းရှိုက်လိုက်သည်။
နှစ်ယောက်လုံးတိတ်ဆိတ်သွားကာ တစ်ဦးနှင့်တစ်ဦးကြည့်နေမိကြသည်။ ယွီချင်းရှီက သူမ၏လက်များကိုဆုပ်ကိုင်လိုက်ကာ
"အဲ့ဒါ...အဆင်ပြေလား...”
ယွီချင်းရှီကိုကြည့်ရင်း ထောင်ထောင်မွေးထားသည့် ရွှေအိုရောင်ခွေးအကြီးကြီးကို ကျန်းရှောင်မန်ပြေးမြင်လိုက်သည်။ သူ့မျက်ဝန်းလေးများကတောက်ပနေကာ မဝံ့မရဲဖြစ်မှုအချို့လည်းပျော်ဝင်နေလေသည်။
သူမနှလုံးသားက ထိုအကြည့်ထဲတွင်ပျော်ဝင်သွားပြီး ယွီချင်းရှီ၏ခေါင်းလေးကိုပုတ်ပေးလိုက်ကာ သူ့နှုတ်ခမ်းများကိုဦးအောင်နမ်းရှိုက်လိုက်သည်။
ယွီချင်းရှီ၏မျက်ဝန်းထဲမှ သူငယ်အိမ်လေးများ ရပ်တန့်သွားသည်။ ထို့နောက် သူကကျန်းရှောင်မန်၏ခေါင်းလေးကို လက်တစ်ဖက်နှင့်ထိန်းကိုင်လိုက်ပြီး ကိုယ်ကိုရှေ့သို့ကိုင်းကာ အနမ်းကိုပိုမိုနက်ရှိုင်းစေလိုက်၏။
"ရှောင်မန်...ရှောင်မန်...သမီးကိုဘယ်အချိန်လာခေါ်ရမလဲ...”
ကမ္ဘာကြီး ခေတ္တရပ်တန့်သွားလေသည်။
အခန်းတွင်းရှိအပူချိန်က ရုတ်ချည်းရေခဲမှတ်သို့ထိုးကျသွားကာ သူတို့နှစ်ဦးသည်လည်းအခန်းတံခါးဝသို့ပြိုင်တူကြည့်လိုက်မိ၏။
နှစ်ယောက်သား အလန့်တကြားဖြင့်လူချင်းခွာလိုက်ပြီး အကြည့်ပါလွှဲလိုက်ကြသည်။ သူတို့အချင်းချင်းရော တံခါးဝမှလူကိုရော အကြည့်ချင်းမဆုံစေရန် ဟိုသည်လွှဲကြည့်နေကြလေသည်။
ကျန်းရှင်း...ကျန်းရှင်းရူးသွားလေပြီ...
သူက တံခါးဝတွင်ရပ်နေရင်း ကလေးနှစ်ယောက်ကို ကြောင်တောင်တောင်ကြည့်နေသည်။
အား...မဟုတ်ဘူး...မဟုတ်ဘူး...
ဝက်ကလေးက သူ့ဂေါ်ဖီထုပ်လေးကိုတူးဖို့လာနေပြီ...
ကျန်းရှင်းရုတ်တရက်ရှော့ခ်အကြီးကြီးရသွားပြီး ဘာမှမတွေးနိုင်တော့ချေ။
ငါ သူတို့နှစ်ယောက်ကို အခန်းတံခါးပြန်ပိတ်သွားပေးရမလား..
မဟုတ်သေးပါဘူး...ငါကကျန်းရှောင်မန်ရဲ့ဦးလေးလေ...ဘာလို့အဲ့လိုလုပ်ရမှာလဲ...
ကျန်းရှင်းက အနည်းငယ်ချောင်းဟန့်လိုက်ပြီး ကျန်းရှောင်မန်နှင့်ယွီချင်းရှီကို စိုက်ကြည့်လိုက်သည်။ ထို့နောက် အေးစက်စက်ပြောလိုက်၏။
"ချင်းရှီ...ငါနဲ့အပြင်လိုက်ခဲ့...”
ယွီချင်းရှီ ကျန်းရှင်စအားအလန့်တကြားကြည့်လိုက်သည်။ ထို့နောက် ကျန်းရှောင်မန်အားအလေးအနက်ပြောလိုက်၏။
"ငါ....ငါ့ဦးဦးနဲ့လိုက်သွားလိုက်ဦးမယ်...”
ငါ့ဦးဦး ဟုတ်လား...ဘယ်သူကသူ့ဦးဦးလဲ...
ကျန်းရှင်းက မျက်နှာတည်မျက်နှာထားဖြင့်ပြောလိုက်သည်။
"ဦးလေးလို့ပဲခေါ်ပါ...”
လေထုက ပို၍ပင်အေးစက်လာသည်။
ကျန်းရှောင်မန်က မထုံတက်ထေးအမူအရာဖြင့် တစ်လျှောက်လုံးရှိနေခဲ့သည်။ သို့သော် ဦးလေးဖြစ်သူပြသနာရှာတော့မည်မှန်း ခံစားမိသွားသည့်အခါ သူမ၏သစ်သားမြင်းရုပ်လေးအားစိုးရိမ်သွား၏။
"ဦးဦး...အဲ့ဒါသူ့အပြစ်မဟုတ်ပါဘူး...သမီးအပြစ်ပါ...”
"ဒါက ဘာလို့သမီးအပြစ်ဖြစ်ရမှာလဲ...”
ကျန်းရှင်းကပို၍စိတ်ဆိုးလာသည်။
xxxxxxxx
Chapter 367(Extra-4)
ကျန်းရှောင်မန်လန့်သွားပြီး တစ်ခွန်းမှထပ်မံမဆိုရဲတော့ချေ။ သူမ၏လက်ချောင်းများကိုသာ လိမ်ယှက်ရင်းရှိုက်နေမိသည်။
ကျန်းရှင်းက ကလေးများကိုဆုံးမရန် ကြိုးစားနေခြင်းဖြစ်သည်။ သို့သော် သူ့ဂေါ်ဖီထုပ်ကလေးအတူးခံလိုက်ရသည့်ဒေါသက ရင်တွင်းတွင်ပို၍ကြီးမားလာသည်။
ဇာတာခွင်မလဲရသေးခင် တံတောင်ဆစ်ကအပြင်ဘက်ကွေးနှင့်ပြီပေါ့လေ...ရတယ်...ရတယ်...
သူတွေးလေလေ ပို၍စိတ်ဆိုးလာလေလေပင်။ သူက ခဏတွေးလိုက်ပြီးနောက် ခုချက်ချင်းဖြေရှင်းရန် ဆုံးဖြတ်လိုက်သည်။ ကျန်းရှင်းက ယွီချင်းရှီအားညွှန်ပြကာ
"မင်း...ငါနဲ့လိုက်ခဲ့...”
ယွီချင်းရှီက အသံတိတ်ခေါင်းညိမ့်လိုက်သည်။
ကျန်းရှောင်မန်က ကျန်းရှင်း၏လက်မောင်းကိုဆွဲရင်း စတင်ငိုကြွေးလာသည်။
"ဦးဦး...သူ့ကိုမခေါ်ပါနဲ့...သမီးကိုခေါ်ပါ...သမီးကအရင်သူ့ကိုတွဲဖို့ပြောခဲ့တာပါ...”
"...”
ကျန်းရှင်းဒေါသအိုးပေါက်ကွဲသွားလေပြီ...။
ယွီချင်းရှီက တာဝန်ယူတတ်သောအမျိုးကောင်းသားတစ်ဦးဖြစ်သည့်အလျှောက် ကျန်းရှောင်မန်အပေါ်အရာအားလုံးပုံကျသွားမည်ကို ခွင့်မပြုနိုင်ပေ။
"ဦးဦး...ရှောင်မန်ကအပြစ်မရှိပါဘူး...ကျွန်တော့်ကိုပဲဆူပါ...”
ဒါသက်သက်သူ့ကိုရန်စနေတာမဟုတ်လား...
"တိတ်တိတ်နေကြစမ်း...”
ကျန်းရှင်းက နှာခေါင်းရှုံလိုက်သည်။
"ကောင်းပြီ...ငါမင်းနဲ့မပြောတော့ဘူး...ရှောင်မန်နဲ့ပဲပြောတော့မယ်...”
ဤသို့ဖြင့် ယွီချင်းရှီမောင်းထုတ်ခံလိုက်ရလေသည်။
ကျန်းရှင်းက အခန်းထဲတွင်ရှောင်မန်နှင့်အတူထိုင်ရင်း သူမကိုဘဝအကြောင်းသင်ကြားပေးရန် ပြင်ဆင်လိုက်သည်။ သို့သော် သူကိုယ်တိုင်က စီကာပတ်ကုံးမဆုံးမတတ်သည့် ယောက်ျားကြီးတစ်ဦးဖြစ်သည့်အတွက် ဘယ်ကစပြောရမှန်းမသိချေ။
ဤသို့ဖြင့် အခန်းကအတန်ကြာတိတ်ဆိတ်နေပြီး သူတို့တူဝရီးနှစ်ဦးမှာ တစ်ယောက်မျက်နှာတစ်ယောက်ထိုင်ကြည့်နေကြသည်။
ကျန်းရှောင်မန်က ကျန်းရှင်းအတွက်ရေနွေးကြမ်းတစ်ခွက်ငှဲ့ပေးသည်။ ထို့နောက် နောက်တစ်ခွက်...နောက်ထပ်တစ်ခွက်...
နောက်ဆုံးတွင် သူမသည်းမခံနိုင်တော့ချေ။
"ဦးဦး ဘာပြောမလို့လဲ...”
"ငါသဘောမတူဘူး...”
ကျန်းရှင်းက စိတ်ဆိုးမာန်ဆိုးပြောသည်။
"ဘာကိုလဲ...”
"ငါဒီလက်ထပ်ပွဲကိုသဘောမတူဘူး...”
"…”
"ဒီမှာလက်ထပ်မှာဆိုလို့ ဦးဦးပဲရှိတယ်...”
"လက်ထပ်တာနဲ့မဆိုင်ဘူး....အဲ့ဒါက...မင်းကအရမ်းငယ်သေးတယ်လေ...အရမ်းကိုငယ်သေးတာ...”
ကျန်းရှင်းအသံက ဒေါသတစ်ဝက်နှမြောမှုတစ်ဝက်နှင့် ပြည့်နှက်နေသည်။
သူမက ငယ်ငယ်လေးရှိသေးတာကို...ရုတ်တရက်ချက်ချင်းကြီးအရွယ်ရောက်လာတာလား...
ကျန်းရှင်းရှုထောင့်မှကြည့်လျှင် ရှောင်မန်မှာသူ့မျက်စိရှေ့ကြီးလာသောကလေးဖြစ်သည်။ သူမမည်သည့်အသက်အရွယ်ရောက်စေကာမူ သူ့အတွက်တော့ကလေးလေးပင်။ သူမကြီးပြင်းလာသည်ကိုလက်ခံရန် သူအဆင်သင့်မဖြစ်သေး။
အစက ယွီချင်းရှီအပေါ် သူအမြင်ကြည်သည်။ ယခုမူ ဘယ်လိုမှအကောင်းမြင်၍မရတော့ချေ။
သူတို့ရှောင်မန်က ယွီမိသားစုရဲ့ကောင်လေးနဲ့အတူတူရှိတော့မယ်ပေါ့လေ...မြေခွေးလေးက ဇနီးကောင်းကိုရှာတတ်နေပြီပေါ့...
ကျန်းရှင်းအံကြိတ်လိုက်သည်။.
ကျန်းရှောင်မန်က နှာခေါင်းရှုံ့ရင်းပြောသည်။
"သမီးကအရွယ်ရောက်နေပြီ...ဦးဦးကျတော့ လက်ထပ်လို့ရပြီး သမီးကျချစ်လို့တောင်မရဘူးလား...”
"ချစ်လို့မရတာတော့မဟုတ်ဘူး...ဒါပေမယ့် သမီးကအရမ်းငယ်သေးတယ်လေ...ဒီကိစ္စကအရမ်းအရေးကြီးတယ်...သမီးဒီလိုလုပ်လို့မရ....”
အိုး.....
ကျန်းရှောင်မန်သဘောပေါက်သွားသည်။
"ကောင်းပြီလေ...”
"…”
ကျန်းရှင်းကြောင်အသွား၏။ သူ့တူမဖြစ်သူက ညှိနှိုင်းရလွယ်ကူလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့။ ရုတ်တရက် သူဘာဆက်ပြောရမှန်းမသိတော့ချေ။
သူက မန်ဒရင်းဘဲများကိုတုတ်နှင့်လိုက်မရိုက်ချင်။ သို့သော် ကောင်းချီးလည်းမပေးနိုင်သေးချေ။ ကျန်းရှင်း စိတ်ရှုပ်လာသည်။
သူကထိုကိစ္စကို ကျန်းဟွေ့မိန်နှင့်တိုင်ပင်ရန်ဆုံးဖြတ်လိုက်၏။
ကျန်းဟွေ့မိန်က ထောင်ထောင်အား မနက်ဖြန်လက်ထပ်ပွဲတွင် ဂရုစိုက်ရန်လိုအပ်သည်များကို မှာကြားနေသည်။ ကျန်းရှင်းအခန်းတွင်းဝင်လာသည့်အခါ သူမတို့နှစ်ဦး၏စကားစပြတ်သွားသည်။
"အမေ...ကျွန်တော်အရေးကြီးကိစ္စပြောစရာရှိတယ်...”
"ရှောင်မန်အတွက် မနက်ဖြန်ဝတ်ရမယ့်ဝတ်စုံသွားပို့ပြီးပြီလား...”
ကျန်းရှင်းက ယခုမှဝတ်စုံကိုသတိရသွားသည်။ သူက ရှော့ခ်ရစရာကြုံလိုက်ရသည့်အတွက် ကျန်းရှောင်မန်ထံသွားရသည့်အကြောင်းရင်းကို မေ့သွားခဲ့ခြင်းပင်။
"ထားလိုက်ပါ....အဲ့ဒါကအရေးမကြီးပါဘူး....ကျွန်တော်ပြောမယ့်ကိစ္စနဲ့ယှဥ်ရင် ဘာမှမဟုတ်ဖူး...”
"ဘာမို့လို့လဲ နင်ပြောမှာက...”
"သူမ...သူမ..."
ကျန်းရှင်းက မပြောခင်အနည်းငယ်အားယူလိုက်ရသည်။
"အမေ့မြေးကို ဆက်ပြီးထိန်းလို့မရတော့ဘူး...”
"…”
xxxxxxxxxx
Chapter 368(Extra-5)
ကျန်းဟွေ့မိန်က သူမနားကြားမှားသည်ဟုပင် တွေးလိုက်မိသည်။ ထို့နောက် ထောင်ထောင်ဘက်သို့လှည့်ကာ...
"ငါ့မြေးက ထိန်းလို့မရတော့ဘူးဟုတ်လား...ထောင်ထောင်...အဲ့ဒါက သမီးလေးလား..သားလေးလား...ကျန်းရှင်း နင်ကတကယ့်ကိုမကောင်းဆိုးဝါးပဲ...”
ထောင်ထောင်: "…”
သူမဘာမှမသိတော့ဘူး....
ကျန်းရှင်းထအော်လိုက်သည်။
"အမေ့မြေးက ချစ်မိနေပြီ...”
ကျန်းဟွေ့မိန်ရော ထောင်ထောင်ပါ လန့်သွားကြသည်။
ဒါကတကယ့်ကို ပြသနာအကြီးကြီးပင်။
ရှောင်မန်မှာ ကောင်လေးရှိနေပြီ...ဟုတ်လား...ဘယ်သူလဲ...ဘယ်ကတည်းကစတွဲကြတာလဲ...မိသားစုကရော ဘယ်ကလဲ...ကျန်းရှောင်မန်အပေါ်ရောကောင်းရဲ့လား...ကောင်လေးကချောလား...ဘလာ...ဘလာ...
ကျန်းဟွေ့မိန်ခေါင်းထဲတွင် မေးခွန်းများပလုံစီနေအောင်ထွက်ပေါ်လာသည်။
ခဏအကြာတွင် သူမမေးလိုက်သည်။
"ဒါက...နင်ဘယ်လိုလုပ်ပြီးသိတာလဲ...”
"သူတို့...သူတို့လက်ချင်းတွဲထားကြတယ်...”
ကျန်းရှင်းကထုတ်ပြောဖို့ကို ရှက်နေလေသည်။
ကျန်းဟွေ့မိန်က လက်ခုပ်ထတီးလိုက်ရင်းပြောလိုက်သည်။
"အိုင်းယား...လက်ချင်းတွဲတာများဘာထူးဆန်းလို့လဲ...ရှောင်မန်နဲ့ယွီချင်းရှီဆိုရင် အမြဲတမ်းလက်ချင်းတွဲ...”
သူမ ပြောနေရင်းတစ်စုံတစ်ခုမှားယွင်းနေသလို ခံစားလိုက်ရသဖြင့် ရပ်တန့်လိုက်သည်။
"ရှောင်မန့်ကောင်လေးက ဘယ်သူလဲ...”
"...ယွီချင်းရှီ”
ကျန်းဟွေ့မိန် ဘာဆက်ပြောရမှန်းမသိတော့..။
ကလေးနှစ်ယောက်မှာ ငယ်စဉ်ကတည်းက တပူးပူးတတွဲတွဲရှိခဲ့ကြသည်။ သူတို့က အိမ်စာအတူလုပ်ကြပြီး ကျောင်းကိုလည်းအတူသွားကြသည်။
ကျန်းဟွေ့မိန်က စိတ်ထဲတွင်ရှောင်မန့်ကောင်လေးဆိုသူအား စမ်းသပ်ချက်တသီတတန်းကြီးတွေးထားခဲ့သည်။ သို့သော် ယွီချင်းရှီဆိုပါက အလုပ်မဖြစ်တော့ချေ။
ယွီချင်းရှီသည်လည်း ကျန်းရှောင်မန်နည်းတူပင် သူမမျက်စိရှေ့တွင်ကြီးပြင်းလာခဲ့ခြင်းဖြစ်သည်။ သူက စကားနည်းကာ အေးစက်စက်နိုင်သော်လည်း ရှောင်မန်၏စကားကိုမူ အကုန်နီးပါးလိုက်လျောပေးတတ်သည်။
ကျန်းရှင်းက သူ့မိခင်နှင့်အတူတိုင်ပင်ရန် စကားလုံးအမြောက်အများပြင်ဆင်လာခဲ့သည်။ သို့သော် သူ့အမေအကြာကြီးတိတ်နေသည်ကိုတွေ့သည့်အခါ အခြေအနေကိုရိပ်စားမိသွားသည်။ သူမက ချက်ချင်းပင်သဘောထားကြီးဟန်ဖြင့်ပြောလိုက်သည်။
"ငါ...သဘောတူတယ်..."
သူက တွန့်ဆုတ်ဆုတ်ဖြင့် ပြောလိုက်သည်။
"အမေ...ဒီကိစ္စကိုစဉ်းစားသင့်တယ်နော်...”
"ဘာစဉ်းစားစရာလိုလို့လဲ...ရှောင်မန့်အရွယ်က ရည်းစားထားလို့ရနေပြီပဲကို...ရှောင်ယွီက ကြည့်လို့ကောင်းတယ်...နာခံမှုရှိတယ်...မန်ကလေးအပေါ်လည်း အနွံတာခံတယ်လေ...သူတို့နှစ်ယောက်ကလိုက်ဖက်တယ်မဟုတ်လား...”
မျက်တောင်တစ်ခတ်အတွင်းပင် ရှောင်ယွီဖြစ်သွားလေပြီ။
ကျန်းရှင်းက စကားလုံးများကိုအင်တင်တင်ဖြင့် မြိုချလိုက်ရသည်။ ကျန်းဟွေ့မိန်ကသူ့အား အရွယ်လင့်သည်အထိအိမ်ထောင်မပြုသဖြင့် အမြဲတစေဆူပူနေခဲ့ဖူးသည်။ အကယ်၍သူကသာ ဤကိစ္စကိုကန့်လန့်တိုက်ပါက အရိုက်ခံရမည့်လူမှာ မန်ဒရင်းဘဲများမဟုတ်ပဲ သူကိုယ်တိုင်သာဖြစ်ပေလိမ့်မည်။
......
လက်ထပ်ပွဲက စီစဉ်ထားသည့်အတိုင်းပင် ဆက်သွားလေသည်။
နောက်နေ့မနက်တွင် ဧည့်သည်များရောက်ရှိလာပြီး ဗီလာကအသက်ဝင်လျှက်ရှိ၏။
သတို့သားဖြစ်သူကျန်းရှင်းက အလုပ်ရှုပ်နေလေသည်။ ကျန်းရှောင်မန်နှင့် ယွီချင်းရှီသည်လည်း ကင်းထောက်ခံရခြင်းဒုက္ခမှလွတ်သွားကာ အတူတကွပြန်လည်ရှိနေကြသည်။
သူတို့က ရှန်ပိန်တာဝါနောက်တွင်ပုန်းနေလေသည်။ ယွီချင်းရှီကဖန်ခွက်တစ်ခွက်ကိုယူလိုက်ရင်း အနည်းငယ်မြည်းစမ်းကြည့်သည်။ ထိုစဉ် ကျန်းရှောင်မန် သူ့အားခပ်တိုးတိုးမေးလာသည်။
"ဦးဦးမနေ့ညက နင့်ကိုခေါ်ဆူသေးလား...”
ယွီချင်းရှီ ခေါင်းခါပြသည်။ မနေ့ကအနမ်းအကြောင်းပြန်လည်စဉ်းစားမိသည့်အခါ သူ့လည်စလုတ်ကရွေ့လျားသွားသည်။ ရုတ်တရက် အာခေါင်ခြောက်လာသလို ခံစားလိုက်ရသဖြင့် ရှန်ပိန်အနည်းငယ်ကိုထပ်မံသောက်လိုက်၏။ ထို့နောက် ကျန်းရှောင်မန်ကိုစိုးရိမ်တကြီးမေးလိုက်သည်။
"မနေ့က နင်ကြောက်သွားလား...”
ကျန်းရှောင်မန်ခေါင်းခါပြသည်။ ယွီချင်းရှီ၏မျက်ဝန်းလေးများက ရီဝေနေကာ လမ်းပျောက်နေသောသမင်ကလေးလိုပင်။ သူမက သူ့အားစနောက်ချင်လာသည်။
"ဒီကိုလာ...ငါနင့်ကိုလျှို့ဝှက်ချက်ပြောပြမယ်...”
ယွီချင်းရှီက သူမအနားသို့ခေါင်းကိုစောင်းလိုက်သည်။
အနည်းငယ်ကြာသည့်အခါ ကျန်းရှောင်မန်ဘာပြောနေမှန်းသူ မသိတော့ချေ။ သူ့နားရွက်ဖျားကို တစ်ချက်တစ်ချက်လာထိသည့် သူမနှုတ်ခမ်း၏အထိအတွေ့ကိုသာ သူခံစားရတော့သည်။
ယွီချင်းရှီ၏ နားရွက်လေးများနီရဲလာသည်။
"ဂရုစိုက်...မဟုတ်ရင်ငါတို့ကိုထပ်တွေ့သွားလိမ့်မယ်...”
xxxxxxxx
Chapter 369(Extra-6)
အမှန်တကယ်တွင် ကျန်းရှင်းမနေ့ကသူ့အား လာမရှာခဲ့ချေ။ သို့သော် ယွီချင်းရှီတစ်ညလုံးအိမ်မက်မက်ခဲ့သည်။ သူက လက်ထပ်လက်စွပ်ပြင်ဆင်ပြီး ရှောင်မန်အားစောင့်နေစဥ် ရုတ်တရက်ကျန်းရှင်းပေါ်လာကာ တုတ်နှင့်လိုက်ရိုက်တော့သည်။ သူက မန်ဒရင်းဘဲများကိုလိုက်ရိုက်ရမည်ဟူ၍ ပါးစပ်ကအော်ရင်း ယွီချင်းရှီအနောက်သို့ပြေးလိုက်လာခြင်းပင်။
ယွီချင်းရှီ ချွေးသီးချွေးပေါက်များကျကာ အိမ်မက်မှလန့်နိုးလာခဲ့၏။
ဒါက အိမ်မက်ဆိုးတစ်ခုပင်။
"နင်ဘာတွေကြောက်နေတာလဲ...တွေ့တော့လည်းတွေ့ပစေပေါ့...”
ကျန်းရှောင်မန်က ယုံကြည်ချက်အပြည့်ဖြင့်ပြောလိုက်သည်။
"ဒါမှမဟုတ်...ငါဒီလိုလုပ်တာနင်မကြိုက်လို့လား...”
"…”
ယွီချင်းရှီတိတ်သွားသည်။
"အိုး...ဒါဆိုငါနင့်ကိုထပ်ပြီးမနမ်းတော့ပါဘူး...”
"ငါ ကြိုက်တာပေါ့...”
ယွီချင်းရှီက အလန့်တကြားထဖြေလိုက်သည်။
"ဒါပေမယ့် နင့်ဦးဦးက ငါ့ကိုမျက်စိဒေါက်ထောက်ကြည့်နေတာ...ငါနည်းနည်းထိန်းထိန်းသိမ်းသိမ်းနေမှဖြစ်မယ်...မဟုတ်ရင်သူငါ့ကိုလိုက်ရိုက်မယ်ထင်တယ်...”
ကျန်းရှောင်မန်သာလျှင် ကျားခံတွင်းတွင် အကြောက်အလန့်မရှိပြေးလွှားနိုင်တာဖြစ်သည်။
သူမက သိချင်စိတ်အပြည့်ဖြင့်မေးလိုက်သည်။
"ဦးဦးက ဘာလို့နင့်ကိုလိုက်ရိုက်မှာလဲ...”
သူမ ဤကဲ့သို့မေးလာမည်မှန်း ယွီချင်းရှီခန့်မှန်းထားပြီးသားပင်။ သူက နှာခေါင်းရှုံ့လိုက်ရင်း
"ငါနင့်ကိုအခုလက်ထပ်ခွင့်တောင်းရင် နင်လက်ခံမယ်မဟုတ်လား...အဲကျရင် နင့်ဦးဦးကငါ့ကိုလိုက်ရိုက်မှာပေါ့...”
ယွီချင်းရှီ...နင်အရမ်းတွေးနေပြီ...နင်အခုမှကောလိပ်ဝင်ခွင့်ဖြေပြီးခါစ ကျောင်းသားတစ်ယောက်ပဲရှိသေးတာလေ...
သို့သော် ယွီချင်းရှီက သူ့ဆုံးဖြတ်ချက်ကိုအလုပ်နှင့်သက်သေပြခဲ့သည်။
သတို့သမီးက ပန်းစည်းပစ်ပေးသည့်အခါ ယွီချင်းရှီအောင်အောင်မြင်မြင် ဖမ်းနိုင်ခဲ့လေသည်။
ယွီချင်းရှီ...နင်ကအရမ်းတော်တာပဲ...
သတို့သမီးပစ်ပေးသည့်ပန်းစည်းကို ဖမ်းနိုင်သူများက လာမည့်နှစ်တွင် မင်္ဂလာဆောင်ရတတ်သည်ဟု ပြောလေ့ရှိကြသည်။
ပန်းစည်းကိုဖမ်းမိသွားသူမှာ အမျိုးသားငယ်လေးတစ်ဦးဖြစ်လိမ့်မည်ဟု မည်သူမှမမျှော်လင့်ထားကြပေ။ ကောင်လေးတစ်ယောက်ဟုပြောလျှင် ပို၍သင့်တော်လိမ့်မည်။
သူ့ပုံစံက ဆယ့်ငါးနှစ် ဆယ့်ခြောက်နှစ်လောက်ပဲရှိသေးပုံရသည်။ လာမည့်နှစ်တွင် လက်ထပ်ရမည့် အသက်အရွယ်မရောက်နိုင်သေးချေ။
အားလုံးကခဏကြာသည့်အခါ ထိုကိစ္စကိုမေ့မေ့ပျောက်ပျောက်ဖြစ်သွားကြ၏။ သို့သော် တစ်စုံတစ်ယောက်၏ မျက်နှာကြီးကတော့မဲမှောင်နေလေသည်။
ကျန်းရှင်းက အဆိုပါသူခိုးကလေးယွီချင်းရှီမှာ သူနှင့်ရင်ဆိုင်ရန် လျှို့ဝှက်ကြံစည်နေခြင်းဟုခံစားနေရသည်။
သူ သဘောမတူပါဘူးပြောနေတဲ့ကြားက သတို့သမီးပန်းစည်းကိုရအောင်ဖမ်းပြသွားတာမဟုတ်လား...
အရင်တုန်းကလို နာခံမှုရှိပြီးလိမ္မာတဲ့ယွီချင်းရှီလေးက ဘယ်ရောက်သွားတာတုန်း...
ကျန်းရှင်းကခဏတာတုံ့ဆိုင်းသွားပြီး ထောင်ထောင်ကို ကပ်ပြောလိုက်သည်။
"နောက်တစ်ခါ ထပ်ပစ်လို့ရလား...”
ထောင်ထောင်: "…”
"အဲ့လိုက မကောင်းလောက်ဘူး...”
မနေ့ညက လက်ထပ်ပွဲ၏စည်းမျဥ်းများကိုလိုက်နာရန် ကျန်းဟွေ့မိန် ချွေးမလောင်းအားတတွတ်တွတ်မှာကြားခဲ့သည်။ မဟုတ်ပါက မင်္ဂလာပွဲတွင် အနှောင့်အယှက်ဖြစ်တတ်သည်ဟူ၍။
ထို့အပြင် ကျန်းဟွေ့မိန်က ရိုးရာဓလေ့များကိုအလေးထားတတ်သူတစ်ဦးဖြစ်သည်။ တစ်စုံတစ်ခုမှားယွင်းသွားမည်ကို သူမလိုလားမှာမဟုတ်ချေ။
ကျန်းရှင်းလည်း ထိုအရာကိုနားလည်ထားသည်။ သူက ထပ်မံ၍ပန်းစည်းပစ်ပေးရန် မတောင်းဆိုတော့ပဲ စိတ်ထဲတွင်သာ တေးမှတ်ထားလိုက်၏။
ယွီချင်းရှီ...မင်းစောင့်နေလိုက်...
သို့သော် နောက်ပိုင်းတွင် ထုံးတမ်းအစဥ်အလာများပြုလုပ်ရင်း အလုပ်များသွားသဖြင့် ကျန်းရှင်းထိုပန်းစည်းကိစ္စကို အာရုံမရောက်တော့။
လက်ထပ်ရတာ ပင်ပန်းလိုက်တာ...
ထောင်ထောင်က သူ့ထက်ပို၍ပင်ပန်းလေသည်။
သူမ တစ်နေကုန်ဒေါက်မြင့်ဖိနပ်ကိုစီးထားရသဖြင့် ခြေထောက်များတောင့်တင်းနေလေသည်။ သတို့သမီးဝတ်စုံကိုဝတ်ထားရသည်မှာလည်း မသက်သာချေ။
နောက်ဆုံးညစာစားပွဲအတွက် အဝတ်လဲလှယ်ရသည့်အချိန်ရောက်ကာမှ နှစ်ဦးသားအနားရတော့သည်။ ထောင်ထောင်က ကျန်းရှင်းနှင့်မျက်နှာချင်းဆိုင်တွင် ဝင်ထိုင်လိုက်သည်။
Author's note: ဒီစာရေးသူမှာပြောစရာရှိပါတယ်...extra တွေရေးရတာငါအရမ်းပျော်တာပဲ...
xxxxxxxxxx
Chapter 370(Extra-7)
"ဧည့်သည်တွေနဲ့အတူ မင်္ဂလာသေရည်ခွက်တိုက်ဖို့တောင်အားမရှိတော့ဘူး...ပင်ပန်းလိုက်တာ...”
"သူတို့မင်းကိုအတင်းသောက်ခိုင်းရင် ကိုယ့်ကိုခေါ်လိုက်နော်...”
ထောင်ထောင်က ကျန်းရှင်းအား မင်္ဂလာသေရည်အများကြီးမသောက်ရန်မှာကြားသည်။ ကျန်းရှင်းကလည်း ခေါင်းတညှိတ်ညှိတ်နှင့် နားထောင်ရှာ၏။ သို့သော် သူတို့အဝတ်လဲခန်းမှထွက်လိုက်သည်နှင့် လူများဝိုင်းအုံလာကာ ကျန်းရှင်းအားခေါ်သွားကြလေသည်။ ကျန်းရှင်းက သူ့လုပ်ငန်းမှညီအကိုများ၏လက်တွင်းသို့ ကျရောက်သွားခဲ့၏။
ထိုစဥ် ယွီချင်းရှီက သူဖမ်းမိလာခဲ့သည့်ပန်းစည်းကို ကျန်းရှောင်မန်အားပေးရန်ပြင်ဆင်နေသည်။
ပန်းစည်းက ရှန်ပိန်ရောင်နှင်းဆီများနှင့်ပြုလုပ်ထားပြီး ရနံ့သင်းပျံ့လျှက်ရှိလေသည်။ ကျန်းရှောင်မန်ထံမှဖြာထွက်နေသည့်အလှတရားနှင့် အလွန်လိုက်ဖက်ညီနေမှာပင်။
ကျန်းရှောင်မန်က သူမမျက်နှာလေးအား နူးညံအိထွေးသွားစေသည့် မိတ်ကပ်ပါးပါးလိမ်းခြယ်ထားသည်။ သတို့သမီးမိတ်ကပ်နှင့်ယှဥ်ပါက အနည်းငယ်မှိန်ဖျော့နေသော်လည်း သူမအားကြည့်မိသူတိုင်းက အကြည့်မလွှဲနိုင်ပေ။ လှိုင်းတွန့်သဏ္ဍာန် ဆံနွယ်များကို ကျောနောက်တွင်ကျောက်ကလစ်နှင့် လျော့ရဲရဲစည်းနှောင်ထားသည်။
ယွီချင်းရှီသူမအား အကြိမ်အနည်းငယ်စိုက်ကြည့်ရင်း နားရွက်ကလေးများနီရဲလာသည်။ ကျန်းရှောင်မန်က သူ့လက်ထဲရှိပန်းစည်းကိုကြည့်ရင်း ဝိုး ဟုရေရွတ်လိုက်သည်။ သူမက လက်ဆန့်တန်းကာ
"ငါ့ကိုပေး...”
"အင်း...”
ယွီချင်းရှီက ပန်းစည်းကို သူမလက်တွင်းသို့ထည့်ပေးလိုက်သည်။
ကျန်းရှောင်မန် ပန်းစည်းကိုကြည့်ရင်း အဆိုပါပန်းစည်းနောက်ရှိအဓိပ္ပါယ်ကိုပါ တွေးမိသွားသည်။ သူမက မျက်တောင်တဖျပ်ဖျပ်ခတ်လိုက်ရင်း
"နင်က လက်ထပ်ရမှာကို မုန်းတယ်မဟုတ်လား...”
ယွီချင်းရှီကြောင်အသွားသည်။
"မမုန်းပါဘူး...”
"ငါကြားဖူးတာတော့ သတို့သမီးဆီကပန်းစည်းကို ဖမ်းမိတဲ့လူက နောက်နှစ်ကျရင်မင်္ဂလာဆောင်ရတတ်တယ်တဲ့...နင်ငါ့ကိုလက်ထပ်ချင်လို့လား...”
"…”
ယွီချင်းရှီရုတ်တရက် ဘာပြန်ပြောရမှန်းမသိဖြစ်သွားသည်။ သူက စိတ်အေးအေးထားပြီး ထိုကိစ္စကိုစဥ်းစားကြည့်၏။ သူတို့လက်ထပ်ပြီးလျှင် ကျန်းရှောင်မန်၏အိမ်သို့ သူလိုက်နေရလိမ့်မည်။ ဤသို့ဆိုပါက သူ့ဖခင်သဘောတူမှာမဟုတ်ချေ။ ကျန်းရှောင်မန် ယွီအိမ်လိုက်နေမည်ဆိုပါကလည်း ကျန်းရှင်းသဘောကျမည်မဟုတ်။
ယွီအိမ်တွင်တစ်လ ကျန်းအိမ်တွင်တစ်လနေမည်ဆိုလျှင် ထိုပြသနာကဖြေရှင်းပြီးဖြစ်သွားလိမ့်မည်။
အသက်အရွယ်ကလည်းပြသနာမဟုတ်ချေ။ လက်မထပ်ရသေးခင် အရင်စေ့စပ်ထား၍ရသည်။ အသက်ပြည့်သည်နှင့် လက်ထပ်မှတ်ပုံတင်တန်းလုပ်လိုက်ရုံပင်။
သူတို့နှစ်ဦးလုံးတွင် သွေးရင်းမောင်နှမမရှိသဖြင့် မျိုးရိုးဆက်ခံခြင်းကိုလည်း ထည့်စဥ်းစားရဦးမည်။ ကလေးနှစ်ယောက်ယူကာ တစ်ယောက်ကို ယွီမျိုးရိုးအားဆက်ခံစေပြီး နောက်တစ်ယောက်ကိုမူ ကျန်းမျိုးရိုးအားဆက်ခံစေမည်။
ယွီမျိုးရိုးဆက်ခံမည့်ကလေးအား ယွီနျန်းနျန်ဟု အမည်ပေးရမည်။ ကျန်းမျိုးရိုးဆက်ခံသူကိုမူ...ကျန်း...ကျန်း.....
"ဘာတွေတွေးနေတာလဲ...”
ကျန်းရှောင်မန်က သူ့မျက်နှာရှေ့လက်ဝေ့ယမ်းလိုက်သည်။
ယွီချင်းရှီသတိပြန်လည်ကပ်သွားပြီး ကျန်းရှောင်မန်အားမေးလိုက်သည်။
"ရှောင်မန်...ငါ့တို့ကလေးတွေကို နာမည်ဘယ်လိုပေးကြမလဲ...”
"…ဟမ်”
ကျန်းရှောင်မန်က ဦးနှောက်ကိုအလုပ်ပေးလိုက်သည်။ အတန်ကြာသည်အထိ နာမည်ကောင်းစဥ်းစား၍မရချေ။ ရုတ်တရက် သူမအသားယူခံနေရမှန်းသတိပြုမိသွား၏။
"ဘယ်သူက ကလေးမွေးမှာမို့လို့လဲ...နင့်ဟာနင်မွေး...အရှက်ကိုမရှိဘူး...”
သူမက လက်ထပ်ဖို့အကြောင်းလေးတင်မေးမိတာကို ကလေးနာမည်ပါစဥ်းစားနေရတာလား...
ယွီချင်းရှီ...နင်ဆေးမှားသောက်လာတာလား...
ဒါမှမဟုတ် လက်ထပ်ပွဲကိုမြင်ပြီး အတွေးတွေချော်ကုန်တာလား...
ကျန်းရှောင်မန် သူ့ကိုပေါက်ကရထပ်ပြောခွင့်မပြုနိုင်တော့။ သူမက သူ့ပါးစပ်အတွင်းသို့ မုန့်များခွံ့လိုက်သည်။
ယွီချင်းရှီက မုန့်များကိုမျိုချပြီးသည်နှင့်ဆက်မေးရန်ပြင်လိုက်သည်။ သို့သော် နောက်ထပ်အလုတ်အကြီးကြီးတစ်လုတ် သူ့မျက်နှာရှေ့ထပ်ရောက်လာလေသည်။
နှစ်ဦးသားမုန့်စားနေကြရင်း မနီးမဝေးတွင် ဝိုင်များနင်းကန်သောက်နေရရှာသည့်ကျန်းရှင်းထံ ယွီချင်းရှီအကြည့်ရောက်သွားသည်။
"လက်ထပ်တာက ကြောက်စရာကောင်းတာပဲ...”
"ဟုတ်တယ်...နင်အဲ့ဒါကိုထပ်မတွေးနဲ့တော့...”
"ဘာလို့လဲ...တွေးရုံနဲ့တော့ဘာမှမဖြစ်ပါဘူး...”
"ဒါဖြင့်နင်တစ်ယောက်ထဲတွေးလေ...ငါ့ကိုပါဆွဲထည့်မနေနဲ့...”
ယွီချင်းရှီ နှုတ်ခမ်းစူသွားသည်။
ထိုစဥ် တစ်စုံတစ်ယောက်က ကျန်းရှင်းအတွက်ဝိုင်ဖြည့်ပေးလာသည်။ အဆိုပါဝိုင်တွင် ပါဝင်ပစ္စည်းအချို့ထည့်ထားသည်။
xxxxxxxxx