Chapter 371(Extra-8)
ကျန်းရှင်းက နောက်ထပ်မသောက်နိုင်တော့ကြောင်းပြောရင်း ငြင်းဆိုလိုက်သည်။ သို့သော် ထိုလူက မရမကတိုက်တွန်းသဖြင့် သူသောက်လိုက်ရတော့သည်။
ဝိုင်ထဲတွင် တစ်စုံတစ်ရာထည့်ထားလေသည်။
သို့သော် အပျော်အပါးသက်သက်သာဖြစ်ပြီး အန္တရာယ်မရှိချေ။
လက်ထပ်ပွဲညက ပို၍အသက်ဝင်လာခဲ့သည်။
"ပိုင်ရှင်...စိတ်ပူမနေပါနဲ့...မင်းဦးလေးဘာအန္တရာယ်မှမရှိပါဘူး...”
"ဝိုင်ထဲမှာတစ်ခုခုပါတယ်ဆို...ဘေးထွက်ဆိုးကျိုးတွေရှိနိုင်တယ်မဟုတ်လား...”
"ကာမအားတိုးဆေးထည့်ထားတာ...ပမာဏနည်းနည်းလေးပါပဲ...ပြသနာမရှိဘူး...”
စနစ်၏စကားကို ကျန်းရှောင်မန်နားလည်သွားသည်။ သူမ ကလေးမဟုတ်တော့ချေ။ သူမသည်လည်း ဦးလေးဖြစ်သူအားကူညီရန်ဆုံးဖြတ်လိုက်သည်။
စနစ်၏စျေးထဲတွင် သူမအရင်ကတစ်ခါမှမသုံးဖူးသည့် စိတ်ကျေနပ်စရာတစ်ခုခုရှိလေသည်။ စနစ်ကထုတ်လုပ်သည့်အရာဖြစ်သည့်အတွက် ရလဒ်မှာသေချာပေါက်ကောင်းမှာပင်။
ကျန်းရှောင်မန်က ဝိုင်ခွက်တစ်ခွက်ကိုယူရင်း စနစ်ထံမှအမှတ်နှင့်လဲထားသည့် စိတ်ကြွဆေးတစ်ချို့ကို ရောစပ်လိုက်သည်။ ထို့နောက် တောက်ပစွာပြုံးရင်း ကျန်းရှင်းထံဦးတည်သွားလေသည်။
သို့သော် လမ်းခုလတ်တွင် ကျန်းဟွေ့မိန်ကသူမအားစကားပြောရန်လှမ်းခေါ်လေရာ ရွေးချယ်စရာမရှိတော့ပဲ ဝိုင်ခွက်ကိုစားပွဲပေါ်သို့တင်ထားလိုက်ရ၏။
ခဏအကြာတွင် ကျန်းရှောင်မန်ပြန်ရောက်လာသည့်အခါ ဝိုင်ခွက်ကိုမတွေ့ရတော့ချေ။ သူမက ဘေးဘီလှည့်ကာရှာဖွေကြည့်ရာတွင် ဘာမှမကျန်တော့သည့်ခွက်ကိုကိုင်ထားသည့် ယွီချင်းရှီအားတွေ့လိုက်ရသည်။
"ငါယူလာတဲ့ဝိုင်ခွက်ရော...”
"ငါသောက်လိုက်ပြီ...”
ကျန်းရှောင်မန် ရူးချင်သွားသည်။ သူမက ယွီချင်းရှီအား မယုံနိုင်သလိုငေးကြည့်နေလေသည်။
"နင်ဘာလို့သောက်လိုက်တာလဲ...”
ယွီချင်းရှီက ကျန်းရှောင်မန်အဘယ်ကြောင့်အလေးအနက်ဖြစ်နေမှန်းမသိ။
"နင်ငါ့အတွက်ယူလာတာ ထင်လို့လေ...”
ကျန်းရှောင်မန်က သူ့အားရန်သူတစ်ယောက်လိုကြည့်နေသဖြင့် ယွီချင်းရှီမျက်မှောင်ကြုတ်ရင်းပြောလိုက်သည်။
"ငါနင့်ဖို့ နောက်တစ်ခွက်ထပ်ယူပေးမယ်လေ...”
ကျန်းရှောင်မန် မည်ကဲ့သို့ရှင်းပြရမည်မှန်းမသိတော့ချေ။ အဆိုပါစိတ်ကြွဆေးအကြောင်း သူမ သေချာမသိချေ။ ယွီချင်းရှီတစ်ခုခုဖြစ်သွားမည်ကို အလွန်ပင်စိုးရိမ်လာသည်။
ယွီချင်းရှီဘာမှမတုံ့ပြန်နိုင်ခင် ကျန်းရှောင်မန်က သူ့လက်ကောက်ဝတ်အား ရုတ်တရက်ဖမ်းကိုင်လိုက်ကာ ဗီလာသို့ဆွဲခေါ်သွားတော့သည်။
သူမကိုင်ထားသည့်လက်ကောက်ဝတ်မှတဆင့် သူ့ကိုယ်တွင်းအပူချိန်မြင့်တက်လာသည်ကို ကျန်းရှောင်မန်ခံစားမိလိုက်သည်။
အားလုံးက ညစာစားပွဲတွင်ရောက်နေကြသည့်အတွက် ဗီလာတွင် တစ်ယောက်မှမရှိချေ။
ဆယ်ကျော်သက်မိန်းကလေး၏ခြေသံက ဗီလာအတွင်းတွင် ပဲ့တင်သံများထွက်ပေါ်နေသည်။
ကျန်းရှောင်မန်ကိုင်ထားသည့် ယွီချင်းရှီ၏လက်ကောက်ဝတ်မှာ ပို၍ပင်ပူလာသည်။ သူမက သွေးခုန်နှုန်းကိုပင် ခံစားမိနေ၏။
သွေးခုန်နှုန်းကတဒိတ်ဒိတ်ဆောင့်တိုးလာပြီး သူ၏အသက်ရှူသံမှာလည်း လေးလံလာသည့်အလျှောက် ယွီချင်းရှီအခြေအနေမဟန်မှန်း သူမရိပ်စားမိလိုက်သည်။
ရုတ်တရက် ယွီချင်းရှီကသူမလက်တွင်းမှရုန်းထွက်လိုက်ကာ လက်ကိုလှည့်လိုက်ရင်း ကျန်းရှောင်မန်၏လက်ကောက်ဝတ်ကို ပြန်လည်ဆုပ်ကိုင်လိုက်သည်။
ပုံမှန်အားဖြင့် ကျန်းရှောင်မန်ကသာ ယွီချင်းရှီကိုရှက်အောင်လုပ်နိုင်တာဖြစ်သည်။ ယခုမူ သူတို့နှစ်ဦးကြားရှိမပြတ်မသားလေထုကြောင့် သူမ၏ပါးပြင်များပူနွေးလာလေသည်။
သူ...သူငါ့ကိုစနေတာလား...
ကျန်းရှောင်မန်၏ခြေလှမ်းများ ရုတ်တရက်ရပ်တန့်သွားကာ ယွီချင်းရှီကိုကြောင်တောင်တောင်လေး လှည့်ကြည့်လိုက်သည်။ ထိုစဥ် လက်တစ်ဖက်က သူမခါးတစ်ဝိုက်ကိုရစ်ပတ်လာကာ သူမတစ်ကိုယ်လုံးနံရံသို့ဖိကပ်ခြင်းခံလိုက်ရသည်။
ကျန်းရှောင်မန်: "…”
ဘာဖြစ်သွားတာလဲ...
ယွီချင်းရှီက ဘာလို့ငါ့ကိုနံရံနဲ့ကပ်လိုက်တာလဲ...
ငါ့ရဲ့ သစ်သားမြင်းရုပ်လေးဘယ်ရောက်သွားတာလဲ...
ယွီချင်းရှီမှာ သူမနည်းနည်းလောက်စလိုက်ရုံနှင့်ပင် နားရွက်ကလေးများနီရဲလာတတ်သူဖြစ်သည်။ သူမခါးကိုတင်းကျပ်စွာပွေ့ဖက်ထားကာ လည်တိုင်နားတစ်ဝိုက်တွင်ကျီစယ်နေသည့် အမျိုးသားကသူဘယ်လိုမှမဖြစ်နိုင်ချေ။
ယွီချင်းရှီမျက်နှာက ပို၍နီရဲလာကာ မျက်ဝန်းများကလည်းရီဝေနေသည်။ အသက်ရှူသံမှာလည်း ပို၍ပြင်းထန်လာ၏။
"ရှောင်မန်...ငါ အဆင်မပြေဘူး...”
သူ့လက်ချောင်းထိပ်ကလေးများက သူမခါးကိုတို့ထိဆော့ကစားနေသည်။ ယွီချင်းရှီမျက်ဝန်းများက ပို၍မြူဆိုင်းလာသလိုပင်။
ကျန်းရှောင်မန်က ကိုယ့်စိတ်ကိုယ်တည်ငြိမ်အောင်လုပ်ရင်း
"နင် ငါ့ကိုအရင်လွှတ်...”
"အဆင်မပြေဘူး...” ယွီချင်းရှီ ညည်းတွားလိုက်သည်။ ကျန်းရှောင်မန်ကိုမူ လွှတ်မပေးချေ။
xxxxxxxxx
Chapter 372(Extra-9)
ယွီချင်းရှီ ဤကဲ့သို့နှိပ်စက်မှုမျိုး တစ်ခါမှမခံစားဖူး။ သူ့ခန္ဓာကိုယ်ထဲတွင် မီးတောင်များပွက်ပွက်ဆူနေသလိုရှိကာ အပြင်သို့ပေါက်ကွဲထွက်လာတော့မတတ်ပင်။
ဆယ်ကျော်သက်များက ကိုယ့်စိတ်ကိုယ်ထိန်းချုပ်နိုင်စွမ်းမရှိကြချေ။ ယခုအချိန်တွင် အန္တရာယ်ရှိသောအတွေးများမှာ လှောင်ချိုင့်မှလွတ်လာသောသားရဲကြီးကဲ့သို့ ပေါက်ကွဲထွက်လာကြသည်။
ယွီချင်းရှီ ထိန်းချုပ်နိုင်စွမ်းကင်းမဲ့သွား၏။
ကျန်းရှောင်မန်၏အသားအရည်ကို သူပို၍ထိတွေ့ချင်သည်။
"ရှောင်မန်...” ယွီချင်းရှီအသံက တုန်ခါလျှက်။
"ငါ အဆင်မပြေဘူး...”
သူက ခေါင်းကိုအသာငုံ့မိုးရင်း သူမနဖူးလေးကိုအနမ်းခြွေလိုက်သည်။
ကျန်းရှောင်မန် ငိုချင်လာသည်။
သူမဦးခေါင်းသည်လည်း ဆီဖြင့်အကြော်ခံနေရသလို ပူထူနေပြီဖြစ်သည်။ သူမက ယွီချင်းရှီကို တွန်းလိုက်ရင်း
"အရင်ဆုံး စိတ်မလှုပ်ရှားနဲ့...ဖြေရှင်းလို့မရတဲ့ကိစ္စဆိုတာမရှိပါဘူး...”
ယွီချင်းရှီက စကားတစ်ခွန်းမှမပြောပဲ သူမ၏နှုတ်ခမ်းကိုသာ မြဲမြံစွာစိုက်ကြည့်နေမိသည်။သူ့ဦးနှောက်က ထိုနှုတ်ခမ်းလေးအားနမ်းလိုက်ရန် အဆက်မပြတ်တိုက်တွန်းနေ၏။
သူက ခေါင်းကိုငုံ့ကိုင်းလိုက်ရင်း နမ်းရန်ကြံရွယ်လိုက်စဥ် ကျန်းရှောင်မန် သူ့အားတွန်းထုတ်လိုက်၏။ သို့သော် ယွီချင်းရှီက လက်လျှော့မသွားပဲ ထပ်မံကြိုးစားလာသည်။ သူ့ခွန်အားမှာ ပုံမှန်ထက်သာလွန်နေသည့်အလျှောက် ကျန်းရှောင်မန် ရုန်းကန်ရန်မလွယ်ကူတော့ချေ။
သူမက သူ့အားခပ်ပြင်းပြင်းကန်လိုက်၏။
ယွီချင်းရှီ အကန်ခံလိုက်ရသဖြင့် ရှုံ့မဲ့သွားကာ သူမအား မကျေမချမ်းပြန်ကြည့်လာသည်။
"ငါ့နောက်လိုက်ခဲ့...”
ကျန်းရှောင်မန် သူ့မျက်ဝန်းများကိုမကြည့်ရဲချေ။ သူမက ယွီချင်းရှီ၏အခန်းသို့ဦးဆောင်ခေါ်သွားလိုက်ရင်း သူ့အားရေချိုးခန်းတွင်းသို့ တွန်းပို့လိုက်သည်။
ထို့နောက် ရေပန်းကိုဖွင့်လိုက်ရာ ယွီချင်းရှီ၏ကိုယ်ပေါ်သို့ အေးစက်စက်ရေများ အဆက်မပြတ်ကျရောက်လာလေသည်။ သူက မျက်နှာပေါ်ရှိရေစက်များကိုသပ်ချလိုက်သည့်အခါ ဝေဝါးနေသည့်စိတ်များ ပြန်လည်ကြည်လင်လာ၏။
ထိုအခါ သူ့ခန္ဓာကိုယ်ရှိထူးဆန်းသောခံစားချက်က ပို၍သိသာလာသည်။
ကျန်းရှောင်မန်က သူ့မျက်နှာကိုရေနှင့်ဆေးကြောပေးလိုက်ရင်း စိုးရိမ်တကြီးမေးသည်။
"နင် အဆင်ပြေရဲ့လား...”
"မပြေဘူး...”
ယွီချင်းရှီ၏အသံက သူကိုယ်တိုင်ပင်အဓိပ္ပါယ်မဖော်တတ်သည့်ဆန္ဒများကြောင့် ကြမ်းရှလျှက်။
အိုခေ...ဒါဖြင့်ရေထပ်ချိုးပေါ့...
ကျန်းရှောင်မန်က ယွီချင်းရှီအားရေချိုးကန်တွင်းသို့ဝင်စေသည်။ ထို့နောက် ရေခဲတုံးတစ်ချို့ကိုယူကာ ကန်အတွင်းထည့်လိုက်၏။
ယွီချင်းရှီ: "…”
"ဘယ်လိုနေလဲ...”
ကျန်းရှောင်မန်သူ့အားမေးလာသည်။ သူမ၏လက်တစ်ဖက်က ရေပိုက်ခေါင်းကိုကိုင်ထားကာ ကျန်လက်တစ်ဖက်ဖြင့် ယွီချင်းရှီ၏နဖူးကိုစမ်းလိုက်သည်။
ယွီချင်းရှီ စိတ်ကိုမနည်းထိန်းလိုက်ကာ ရေချိုးကန်အတွင်းမှထွက်ရန်ပြင်လိုက်သည်။ သို့သော် ကန်အပြင်ဘက်မှ ကျန်းရှောင်မန်ကသူ့ကိုပြန်ဆွဲချလိုက်ကာ အပြင်ထွက်ခွင့်မပေးချေ။
ယွီချင်းရှီကရုန်းလိုက် သူမကပြန်ဆွဲချလိုက်နှင့်...
အကြိမ်ကြိမ်ဖိချခံရသည့်အခါ ယွီချင်းရှီအလွန်အမင်းစိတ်ဆိုးလာသည်။ သူက ဒေါသတကြီးထအော်လိုက်၏။
"ကျန်းရှောင်မန်...”
ကျန်းရှောင်မန်က ယွီချင်းရှီ၏ပေါက်ကွဲတော့မလိုအခြေအနေကိုကြည့်ရင်း သူမကိုယ်တိုင်အပြစ်မကင်းသလိုခံစားလိုက်ရသည်။ သူမက သူ့ခေါင်းလေးကိုဆွဲယူရင်း နဖူးကိုနမ်းလိုက်သည်။
ရုတ်တရက်အနမ်းက ယွီချင်းရှီ၏လှုပ်ရှားမှုများကို ရပ်တန့်သွားစေခဲ့၏။
"ငါ အပြင်မှာစောင့်နေမယ်...”
သူမက ထိုသို့ပြောပြီးရေချိုးခန်းအတွင်းမှထွက်သွားသည်။
ယွီချင်းရှီက အနမ်းနွေးနွေးကြောင့် ကြောင်အနေရာမှ သတိပြန်ကပ်လာသည်။ ထို့နောက် အံကြိတ်ရင်း ရေကိုတဝုန်းဝုန်းနှင့်လောင်းချိုးလိုက်တော့သည်။
ထိုစဥ် ရေချိုးခန်းအပြင်၌ ကျန်းရှောင်မန်တစ်ယောက် စိတ်ပူပန်စွာစောင့်ဆိုင်းနေသည်။ သူမက ခေါင်းပြူကာ အထဲရှိအခြေအနေကိုစူးစမ်းချင်သော်လည်း ထိုသို့လုပ်ရန်မဝံ့ရဲချေ။
စနစ်က ဆက်လက်သည်းမခံနိုင်တော့ချေ။
"ပိုင်ရှင်...မင်းအဲ့လောက်စိတ်ပူနေရင် ပြန်ရုတ်သိမ်းတဲ့ကဒ်သုံးလို့ရတယ်လေ...”
"…”
ဟုတ်သားပဲ...သူမအစိုးရိမ်လွန်ပြီးမေ့သွားတာ...
ကျန်းရှောင်မန်က ချက်ချင်းပင် ပြန်ရုတ်သိမ်းသည့်ကဒ်ကို ယွီချင်းရှီထံသက်ရောက်စေလိုက်သည်။
သို့သော် ရေချိုးခန်းအတွင်းရှိရေကျသံများက ရပ်မသွားပဲဆက်လက်ကျဆင်းနေဆဲပင်။
သူမက စိုးရိမ်တကြီးဖြစ်လာပြီး ရေချိုးခန်းတံခါးကိုထုရိုက်လိုက်သည်။
ခဏအကြာတွင် ရေကျသံများရပ်သွားပြီး ယွီချင်းရှီကတံခါးကိုဆွဲဖွင့်လိုက်၏။ တံခါးဝတွင် ကျန်းရှောင်မန်ကိုတွေ့လိုက်သည့်အခါ သူကကြောင်အသွားပုံရသည်။
ကျန်းရှောင်မန်လည်း လန့်သွား၏။
xxxxxxxx
Chapter 373(Extra-10)
ယွီချင်းရှီက ရေချိုးလာခဲ့ခြင်းဖြစ်ဟန်ပင်။ ရေစက်ကလေးများက သူ့နဖူးပေါ်ရှိဆံစများတွင် တွဲလွဲခိုနေသည်။ ရေချိုးခန်းဝတ်စုံကိုလျော့ရဲရဲဝတ်ဆင်ထားရာ သူ့ပုံစံက အရိုင်းဆန်ဆန်နှင့်ကြည့်ကောင်းနေလေသည်။
သူတို့နှစ်ဦးမှာနီးကပ်နေသည့်အတွက် ကျန်းရှောင်မန်သူ့ခန္ဓာကိုယ်ရှိအအေးဓာတ်ကို ခံစား၍ပင်ရနေသည်။
"နင်ခုထိရှိနေသေးတာလား...”
ကျန်းရှောင်မန်က သူမမျက်ဝန်းများကိုဟိုသည်အကြည့်လွှဲလိုက်ရင်းပြောသည်။
"ငါ နင့်ကိုစိတ်ပူလို့...”
ယွီချင်းရှီက သူမကိုကျောခိုင်းရင်း အဝတ်ဗီဒိုထံလျှောက်သွားသည်။ ပုံမှန်ဖြူဖျော့သောအသားအရည်မှာ ဆေးအရှိန်ကြောင့် ပန်းရောင်ဖျော့ဖျော့သမ်းနေသည်။
ငါ ပြန်ရုတ်သိမ်းတဲ့ကဒ်သုံးထားတော့ သူအဆင်ပြေလောက်မှာပါ...ဟုတ်တယ်မလား...
ယွီချင်းရှီကျောကတောင့်တင်းသွားကာ သူမအားလှည့်ကြည့်လိုက်သည်။
"နင် ငါအဝတ်လဲတာဒီတိုင်းထိုင်ကြည့်မလို့လား...”
လဲလေ...နင်လဲရဲရင် ငါလည်းကြည့်ရဲတယ်...
"အိုး...နင်အလုပ်များနေတာပဲ...ဒါဖြင့်ငါမနှောင့်ယှက်တော့ဘူးနော်...”
သူမက တံခါးထံသို့ခပ်သွက်သွက်သွားကာ လက်ကိုင်ဘုကိုလှည့်ရင်း အခန်းတွင်းမှထွက်ရန်ပြင်လိုက်စဥ် အေးစက်သောပွေ့ဖက်မှုကြားထဲနစ်မြုပ်သွားခဲ့ရသည်။
ယွီချင်းရှီက သူမအား အနောက်ကနေသိုင်းဖက်လိုက်ခြင်းပင်။ သူ့ကိုယ်ပေါ်မှရေစက်များက ကျန်းရှောင်မန်ကိုယ်ပေါ်သို့ကျရောက်လာသည်။ သူ့အသားများကပူနွေးနေဆဲဖြစ်သော်လည်း အသက်ရှူသံကမူ ပြန်လည်တည်ငြိမ်သွားလေပြီ။
ကျန်းရှောင်မန်၏လည်တိုင်နှင့်ပုခုံးကြားကို ခွေးကလေးတစ်ကောင်ကဲ့သို့ ခေါင်းနှင့်တိုးဝှေ့လိုက်ရင်းပြောလိုက်သည်။
"ရှောင်မန်...ငါနဲ့တူတူရှိပေးပါ...”
ယွီချင်းရှီ ဖျားနေပြီဖြစ်သည်။ ကျန်းရှောင်မန််၏ နှလုံးသားကနူးညံ့သွားကာ အပြစ်မကင်းသလိုခံစားလိုက်ရ၏။
"ကောင်းပြီလေ...”
သက်ပြင်းချသံသဲ့သဲ့ကို သူမနောက်ဘက်ရှိလူထံမှကြားလိုက်ရသည်။
ယွီချင်းရှီ၏မျက်ဝန်းများမှာရီဝေနေပြီး ခြေလှမ်းများမှာလည်းအနည်းငယ် တုန်ယင်နေ၏။ ကျန်းရှောင်မန်က သူ့ကိုအင်္ကျီအမြန်လဲခိုင်းလိုက်သည်။ ထို့နောက် အိပ်ယာပေါ်တင်ပေးကာ စောင်နှင့်ထွေးပိုက်ပေးလိုက်သည်။
ယွီချင်းရှီက ပိုးတုံးလုံးလေးကဲ့သို့ရစ်ပတ်ခံထားရကာ ကျန်းရှောင်မန်အား မျက်တောင်မခတ်လိုက်ကြည့်နေရှာသည်။
ကျန်းရှောင်မန် သူ့နဖူးပြင်အားစမ်းကြည့်သည့်အခါ ခြစ်ခြစ်တောက်ပူနေသည်ကိုတွေ့လိုက်ရ၏။
"ဦးဦးရဲ့ဆေးက ဒိတ်လွန်နေတာလား...”
"…”
စနစ်က မတရားသလိုခံစားလိုက်ရသည်။
"ပိုင်ရှင်...မင်းက ကဒ်ကိုဆေးသုံးပြီးတော်တော်ကြာမှ သုံးခဲ့တာလေ...သူကငယ်ရွယ်ပြီးအားအင်အပြည့်ရှိနေတာဆိုတော့ ဆေးဒဏ်ခံရမှာပေါ့...ပုံမှန်ပါပဲ စိတ်မပူပါနဲ့...”
"အာ...”
"နောက်ပြီး မင်းကဆေးကိုနှစ်ပုလင်းတောင်ထည့်လိုက်တာ...”
"…”
ကျန်းရှောင်မန်၏အပြစ်မကင်းစိတ်က ပို၍ပင်ပြင်းထန်လာသည်။
သူမက ယွီချင်းရှီ၏လက်ကလေးကိုကိုင်လိုက်ရင်း
"ခုရော မသက်မသာခံစားနေရတုန်းလား...”
ယွီချင်းရှီခေါင်းခါပြလိုက်သည်။
သူက သူမကိုတွေ့နေချင်ရုံသာ။
ဖြစ်နိုင်ပါက သူမနှင့်စောင်အတူတူခြုံရင်း တိုးဝှေ့ပူးကပ်၍အိပ်ချင်မိသည်။ သို့သော် ဒီအတိုင်းအိပ်ရုံလေးကိုပင် သူ မတောင်းဆိုဝံ့ချေ။
"ငါတို့ ဆရာဝန်ခေါ်မှရမယ်ထင်တယ်...”
ယွီချင်းရှီက ခေါင်းထပ်ခါပြလိုက်ရင်း တီးတိုးပြောသည်။
"ဘွားဘွားသိရင် နင့်ကိုဆူလိမ့်မယ်...”
ဟေး...သူကအရမ်းကြင်နာတတ်တာပဲ...
ကျန်းရှောင်မန် သူမကိုယ်သူမ မကောင်းဆိုးဝါးကြီးလိုခံစားလိုက်ရသည်။
ယွီချင်းရှီအပေါ်ကို ဘယ်လိုများဒီလိုလုပ်ရက်တာလဲ...
ဆေးနှစ်ပုလင်းကို တစ်ပြိုင်နက်အသုံးပြုနိုင်သော်လည်း ကဒ်နှစ်ကဒ်တစ်ပြိုင်နက်သုံး၍မရချေ။
ကျန်းရှောင်မန် ယွီချင်းရှီအပေါ်ကဒ်ကိုထပ်မသုံးနိုင်ချေ။ ထို့ကြောင့် သူမနှလုံးသားက ပို၍ပင်မသက်မသာဖြစ်လာသည်။ သူ၏စိုစွတ်နေသောမျက်ဝန်းများကိုကြည့်လိုက်ချိန်တွင် ကျန်းရှောင်မန်အရည်ပျော်သွားတော့မလို ခံစားလိုက်ရသည်။
ယွီချင်းရှီက သူမအား အပြစ်မတင်သည့်အတွက် ပို၍ပင်အပြစ်ရှိစိတ်များတိုးလာရ၏။
ယွီချင်းရှီကပြောသည်။
"နင် ပြန်သွားရမယ်ထင်တယ်...ဘွားဘွားနဲ့ဦးဦးက နင့်ကိုလိုက်ရှာနေလိမ့်မယ်...”
ကျန်းရှောင်မန် သူ့ကိုထားခဲ့ဖို့တွန့်ဆုတ်နေသည်။ သို့သော် အပြင်ဘက်တွင်ဧည့်ခံပွဲကကျင်းပနေဆဲဖြစ်ရာ သူမ မသွားလို့လည်းမရချေ။
သူမက အကယ်၍သူတစ်ခုခုခံစားရပါက အိမ်တော်ထိန်းဝမ်ကိုခေါ်ရန် တဖွဖွမှာကြားခဲ့သည်။
ယွီချင်းရှီက သဘောတူကြောင်းပြောကာ စိတ်မပူရန်နှစ်သိမ့်လိုက်သည်။
တစ်ညလုံး ယွီချင်းရှီထံမှ ဘာသတင်းမှမကြားရချေ။
xxxxxxxx
Chapter 374(Extra-11)
သန်းခေါင်ယံရောက်သည့်အခါ ကျန်းရှောင်မန်လန့်နိုးလာသည်။ သူမက ယွီချင်းရှီကိုစိုးရိမ်နေသည့်အတွက် သူ့အခန်းသို့တိတ်တိတ်ကလေးထသွားလိုက်၏။
ယွီချင်းရှီမှာ အအိပ်ဆတ်သူဖြစ်သဖြင့် သူမရောက်လာပြီးမကြာခင်မှာပင် အိပ်ရာမှနိုးလာခဲ့သည်။
"ရှောင်မန်...”
သူက စားပွဲဘေးရှိမီးအိမ်ကိုဖွင့်လိုက်သည်။ အလင်းရောင်က ရှောင်မန်၏မျက်နှာပေါ်သို့ဖြာကျသွားလေသည်။
ပုံမှန်အားဖြင့်ညသန်းခေါင်တွင် မိမိအိပ်ယာဘေး၌ တစ်စုံတစ်ယောက်ကိုတွေ့ရခြင်းမှာ လန့်စရာပင်။ သို့သော် ယွီချင်းရှီက အချစ်တွင်အပြည့်အဝကျရှုံးနေခြင်းဖြစ်သည်။ ခေါင်းစုတ်ဖွားနှင့်ကျန်းရှောင်မန်က သူ့မျက်လုံးထဲတွင် ချစ်စရာကောင်းနေသည်။
ကျန်းရှောင်မန် သူ့အိပ်ယာဘေး၌ ဒူးထောက်ထိုင်ရင်းမေးလိုက်သည်။
"ခုထိ ဖျားနေတုန်းလား...”
"မဖျားတော့ပါဘူး...”
ကျန်းရှောင်မန်က သံသယဖြင့်သူ့နဖူးကိုစမ်းကြည့်လိုက်သည်။ ကိုယ်အပူချိန်က ကျမသွားသေးချေ။
ထိုကဲ့သို့ဖျားရခြင်းမှာ ဆေး၏ဘေးထွက်ဆိုးကျိုးမဟုတ်ပဲ အေးစက်နေသောရေများနှင့် ထပ်ခါတစ်လဲလဲရေချိုးခြင်းကြောင့်ဖြစ်သည်။
"ပုံမှန်အဖျားလောက်ပါပဲ...ရေးကြီးခွင်ကျယ်မဟုတ်ပါဘူး...”
ယွီချင်းရှီက သူမ၏အေးစက်စက်လက်ချောင်းများကြောင့် တွန့်ကနဲ့ဖြစ်သွားသည်။ သူက ငယ်စဥ်ကတည်းက ကိုယ်ခံအားကောင်းသူဖြစ်ရာ ယခုအဖျားလောက်ကိုစိတ်ထဲမထားချေ။
သူအနည်းငယ်မူးနောက်နောက်ဖြစ်နေသဖြင့် ကျန်းရှောင်မန်ကိုမနှောင့်ယှက်တော့ပဲ အိပ်ရန်ပြင်လိုက်သည်။
ကျန်းရှောင်မန်က စိတ်ပူနေဆဲပင်။ ပုံမှန်အဖျားများကိုမကုသပဲထားလျှင် ရက်ရှည်သွားနိုင်၏။ သူမက ဆရာဝန်ခေါ်ချင်သော်လည်း အချိန်မှာအတော်လင့်နေပြီဖြစ်သဖြင့် အဆင်မပြေတော့ချေ။
ဗီလာတွင် လာရောက်သူများ၏ကျန်းမာရေးအတွက် ဆေးအိတ်များထားရှိကြသည်။ ကျန်းရှောင်မန်က အပြင်ထွက်ပြီးနောက် ဝန်ထမ်းတစ်ယောက်ထံမှ အပူကျဆေးတောင်းလိုက်သည်။
အဆိုပါဆေးကို ယွီချင်းရှီအားတိုက်ပြီးသည်နှင့် ကျန်းရှောင်မန်သူ့အခန်းသူပြန်သွားလေသည်။
ဆေးကအိပ်ချင်စိတ်ဖြစ်ပေါ်စေသည့်အတွက် ယွီချင်းရှီနှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်သွားကာ နောက်တနေ့မနက်မှ နိုးလာသည်။
ကျန်းရှောင်မန်သူ့အား ဆေးလာတိုက်သည်ဟု သူအိမ်မက်မက်ခဲ့၏။
သို့သော် အိပ်ယာဘေးရှိရေဖန်ခွက်ကိုမြင်လိုက်ရချိန်တွင် ထိုအရာက အိမ်မက်မဟုတ်မှန်းသိရှိသွားသည်။
မနေ့ညက ခရုမလေးကျန်းရှောင်မန် အမှန်တကယ်အလုပ်များခဲ့ပုံပင်။
ယွီချင်းရှီ စိတ်ကြည်လင်စွာဖြင့် မျက်နှာသစ်ကာ ကိုယ်လက်ဆေးကြောလိုက်သည်။ ထို့နောက် ကျန်းရှောင်မန်အားတွေ့ရန် ထွက်လာခဲ့၏။
သူ့ခြေလှမ်းများကအလွန်တက်ကြွနေကာ ဖျားနေသည့်အရိပ်အယောင်ဟူ၍ တစ်စက်လေးပင်မရှိတော့ချေ။
ကျန်းရှောင်မန် မနေ့ညကအလုပ်များနေခဲ့ရာ ကောင်းကောင်းမအိပ်ခဲ့ရရှာပေ။ သူမနိုးလာသည့်အခါ မျက်လုံးအောက်တွင် တွင်းနက်ကြီးနှစ်ခုက သနားစရာကောင်းစွာဖြစ်ပေါ်နေသည်။
ယွီချင်းရှီက မနက်စာအတူသွားစားရန် သူမကိုလာခေါ်လေသည်။ ကျန်းရှောင်မန်ကိုတွေ့သည်နှင့် သူမလက်ကလေးကို ဦးအောင်ဖမ်းဆွဲလိုက်သည်။
ကျန်းရှောင်မန်က အနည်းငယ်အိပ်ငိုက်နေပြီး ယွီချင်းရှီ၏လက်ကိုမရုန်းပဲ အသာတကြည်လိုက်လာသည်။
ယွီချင်းရှီက စိတ်ထဲအကျေနပ်ကြီးကျေနပ်သွားကာ တီးတိုးမေးလိုက်သည်။
"နင်နည်းနည်းထပ်အိပ်ချင်သေးလား...”
"ဟင့်အင်း...”
"ငါမနေ့ညကနင့်ကိုအိမ်မက်မက်တယ်...”
သူ့ကိုအိမ်မက်မက်တာလား...
ယွီချင်းရှီ ပီတိဖြာသွားသည်။ သူမှတ်မိတာမမှားပါက ကျန်းရှောင်မန်သူ့အား အိမ်မက်ထဲထည့်မက်သည်မှာ ယခုတစ်ကြိမ်ကပထမဆုံးပင်။
"ဘယ်လိုမက်တာလဲ...ပြောဦးလေ...”
ယွီချင်းရှီက ပီတိဖြာကာမေးသည်။
"ငါ့အိမ်မက်ထဲမှာ နင်ကသရဲဖြစ်သွားတယ်တဲ့...ပြီးတော့ ငါ့ကိုလုံးဝခွင့်မလွှတ်ဘူးလို့ပြောတယ်...”
ကျန်းရှောင်မန်က ပြောပြီးပြီးချင်းထငိုတော့သည်။
"…”
ယွီချင်းရှီလန့်သွားသည်။ သူကအတန်ကြာတိတ်ဆိတ်သွားကာ
"မဖြစ်နိုင်တာ...”
ထို့နောက် စားသောက်ခန်းရောက်သည်အထိ နှစ်ယောက်လုံးစကားမပြောကြတော့ချေ။
အချိန်မှာသိပ်မစောတော့သော်လည်း မနေ့ညကပျော်ပါးထားကြသည့်အရှိန်ကြောင့် စားသောက်ခန်းတွင် လူရှင်းနေလေသည်။
ကျန်းရှောင်မန်နှင့် ယွီချင်းရှီတို့နှစ်ဦးသာရှိသည်။
ကျန်းရှောင်မန်က စားလို့ရတာအားလုံးစားရန်ပြင်လိုက်သည်။ ယွီချင်းရှီကမူ နာလန်ထကာစဖြစ်ရာ ခံတွင်းအနည်းငယ်ပျက်နေသည်။ သူက ဆန်ပြုတ်တစ်ပန်းကန်နှင့် နွားနို့တစ်ခွက်ကိုသာယူလိုက်သည်။
ကျန်းရှောင်မန်က ဖက်ထုပ်တစ်ခုကိုယူစားချိန်တွင် ယွီချင်းရှီကလည်း ဆန်ပြုတ်တစ်ဇွန်းသောက်လိုက်သည်။
ဖက်ထုပ်က ပင်လယ်စာများအစာသွပ်ထားသည့်အတွက် တစ်ကိုက်ကိုက်လိုက်သည်နှင့် အရသာခံဖုလေးများအားလုံး ပျော်ရွှင်စွာထကြွလာတော့သည်။
ကျန်းရှောင်မန်က ဖက်ထုပ်တစ်ခုစားပြီးနောက် မျက်ဝန်းလေးများတောက်ပလာကာ နောက်တစ်ခုထပ်စားရန်ပြင်လိုက်သည်။
ပင်လယ်စာက အရမ်းလတ်ဆတ်နေတာပဲ...
xxxxxxxxxxx
Chapter 375(Extra-12)
ကျန်းရှောင်မန် ဖက်ထုပ်ကိုနှစ်ကိုက်ကိုက်ပြီးသည့်နောက်တွင် မျက်နှာချင်းဆိုင်မှ ယွီချင်းရှီထံအကြည့်ရောက်သွားသည်။ ယွီချင်းရှီက ဇွန်းကလေးကိုင်ရက်သားနှင့် သူမကိုငေးကြည့်နေရှာသည်။
သူ...ရှောင်လုံးပေါင် စားချင်လို့များလား...
ကျန်းရှောင်မန်က သူ့ကိုလက်ယပ်ခေါ်လာသည်။
"ဒီကိုလာ...”
မသိရင်သူက သူမရဲ့ခွေးကလေးကျနေတာပဲ...
ယွီချင်းရှီက စိတ်ထဲတွေးလိုက်ကာ သူမထံသို့နာခံစွာသွားလိုက်ပြီး ဘေးခုံတွင်ဝင်ထိုင်လိုက်သည်။
"အာ...”
ကျန်းရှောင်မန်က သူ့ကိုပါးစပ်ဟခိုင်းလိုက်သည်။
ယွီချင်းရှီ ခဏတုံ့ဆိုင်းသွားကာ ပါးစပ်ဟပေးသည်။
"အာ...”
ပါးစပ်ဟပေးခြင်း၏ဆုအနေဖြင့် ကျန်းရှောင်မန်စားနေခဲ့သည့် ဖက်ထုပ်ကိုချီးမြှင့်ခံလိုက်ရ၏။
"စားလို့ကောင်းလား...”
ယွီချင်းရှီခေါင်းညိမ့်လိုက်သည်။
သူမ ခွံ့ကျွေးတော့ပိုကောင်းတာပေါ့...
ယွီချင်းရှီက ပျော်ရွှင်စွာအစာစားနိုင်သည့်နည်းလမ်းကိုရှာတွေ့သွားသည်။ သူထပ်စားချင်သော်လည်း သူ့ဟာသူယူမစားချင်ပေ။ သူက အရောင်တောက်နေသောမျက်ဝန်းများဖြင့် ကျန်းရှောင်မန်ကိုတစ်လှည့် ရှောင်လုံးပေါင်ကိုတစ်လှည့်ကြည့်နေသည်။
ကျန်းရှောင်မန်က သူ့အကြည့်ကိုနားလည်စွာဖြင့် နောက်တစ်ခုထပ်ခွံ့ကျွေးလိုက်၏။
ယွီချင်းရှီကိုကြည့်ရသည်မှာ အလွန်ကြိုက်နှစ်သက်ပုံပေါ်သည့်အတွက် ရှာလကာရည်ဆော့စ်ကိုထပ်ယူလိုက်သည်။ ထို့နောက် သူ့အားနောက်တစ်လုတ်ထပ်ခွံ့ကျွေးလိုက်၏။
ငယ်ရွယ်သောစုံတွဲလေးက တစ်ဦးနှင့်တစ်ဦးအပြန်အလှန်ခွံ့ကျွေးနေကာ လိုက်ဖက်ညီသောလေထုကိုဖန်တီးနေလေသည်။ လေထုထဲတွင် အသည်းပုံပူဖောင်းကလေးများ ဝဲပျံနေသလိုပင်။
.....
ကျန်းရှင်းက လက်ထပ်ပြီးပထမဆုံးနေ့တွင် သူ၏အသစ်စက်စက်ဇနီးလေးအတွက် မနက်စာယူပေးရန် စားသောက်ခန်းအတွင်းသို့ဝင်လာခဲ့သည်။
ဘယ်သူကသိမှာလဲ...သူအဲ့ဒီ့ပန်းရောင်လေထုကို တန်းမြင်လိုက်ရလိမ့်မယ်လို့...
ကျန်းရှင်းက မျက်နှာထားတည်တည်နှင့် ကျန်းရှောင်မန်နံဘေးရှိခုံကို အသံမြည်အောင်ဆွဲထုတ်ရင်း ဝင်ထိုင်လိုက်သည်။
ကိုယ်ပိုင်ကမ္ဘာထဲတွင် ပျော်ရွှင်နေသူနှစ်ဦးက ထိုအသံကြောင့်သတိပြန်ဝင်လာကြသည်။ ယွီချင်းရှီက ပါးစပ်ထဲတွင် ပုစွန်ပလုတ်ပလောင်းနှင့် အလန့်တကြားထရပ်လိုက်မိသည်။
ကျန်းရှောင်မန်က နှုတ်ဆက်လိုက်သည်။
"မင်္ဂလာနံနက်ခင်းပါ ဦးဦး...”
ယွီချင်းရှီကလည်း နှုတ်ဆက်လိုက်၏။
"မင်္ဂလာပါ ဦးဦး...”
ထို့နောက် ထိုင်ခုံတွင်အသာပြန်ထိုင်လိုက်သည်။
ကျန်းရှင်းက အဆိုပါကလေးနှစ်ယောက်၏အပြုအမူကို ဒီတိုင်းလွှတ်မထားလိုက်နိုင်ပေ။ သူက မေးကိုအနည်းငယ်မော့လိုက်ရင်း တူမဖြစ်သူကိုမေးလိုက်သည်။
"ရှောင်မန်...အခုဘာလုပ်နေတာလဲ...”
"မနက်စာစားနေတာလေ...”
ကျန်းရှောင်မန်က အပြစ်ကင်းစွာပြန်ဖြေလိုက်၏။
"ခုလိုစားသောက်ခန်းမှာ တစ်ယောက်နဲ့တစ်ယောက်ခွံ့ကျွေးမနေနဲ့လေ...သူများတွေကဘာပြောကြမလဲ...”
ကျန်းရှောင်မန်ဘေးကိုကြည့်လိုက်သည်။ သူမတို့ကလွဲ၍ မည်သူမှမရှိချေ။ သို့သော် သူမက နာခံစွာခေါင်းညှိတ်လိုက်ပြီး
"ဟုတ်...သမီးသူ့ကိုရှောင်လုံးပေါင်ခွံ့မကျွေးတော့ပါဘူး...”
ထို့နောက် နွားနို့ပူပူကိုအနည်းငယ်မှုတ်ပေးလိုက်ရင်း ယွီချင်းရှီရှေ့တိုးပေးလိုက်သည်။
"နွေးနေတုန်းကုန်အောင်သောက်လိုက်နော်...”
"အင်း...”
ယွီချင်းရှီက မော့သောက်လိုက်ပြီးလက်စသတ်လိုက်၏။
ကျန်းရှင်း : "…”
သူစိတ်တိုလွန်း၍ဘာပြောရမှန်းမသိတော့ချေ။
ကလေးတွေကို ဒီခေါ်မလာသင့်ဘူး...ကျောင်းသားတွေက ကျောင်းစာပဲလုပ်နေသင့်တာ...
နောက်နေ့တွင် ကျန်းရှင်းက ကျန်းရှောင်မန်၏အခန်းသို့ရောက်လာသည်။
"ရှောင်မန်...ကျောင်းသားဆိုတာ စာနဲ့ကင်းကွာမနေသင့်ဘူး...သမီးမှာ အိမ်စာလုပ်စရာတွေတပုံကြီးရှိနေမှာပဲ...အိမ်ပြန်ပြီးစာလုပ်တော့နော်...”
"သမီးက အခုမှကောလိပ်ဝင်ခွင့်ဖြေပြီးတာလေ...”
"သင်ယူခြင်းဆိုတာ အဆုံးမရှိဘူး...ဦးဦး သမီးအတွက် နွေရာသီသင်တန်းတစ်ခုစီစဥ်ပေးထားတယ်...”
ကျန်းရှင်းက သူ့မေးကိုအသာပွတ်လိုက်ရင်းပြောသည်။
"သမီးပြန်သင့်ပြီထင်တယ်...”
ကျန်းရှောင်မန်: "…”
အဲ့လိုလည်းရှိတာလား...
နောက်တစ်နေ့တွင် ကျန်းရှောင်မန်ကလက်မှတ်ဖြတ်လိုက်ပြီး ယွီချင်းရှီနှင့်အတူပြန်သွားတော့သည်။
ကျန်းရှင်းတစ်စုံတစ်ခုမှာနေကြောင်း သတိပြုမိချိန်တွင် ကျန်းရှောင်မန်နှင့်ယွီချင်းရှီက လေယာဥ်ပေါ်ရောက်နှင့်ပြီဖြစ်သည်။
xxxxxxxxxx