အပိုင်း ၃
Viewers 2k

၁၉၆၀ ၌ စားဖိုးမှူးလေးနှင့် လက်ထပ်ခြင်း

 

အပိုင်း ၃

 

 

 

 

 

ဝမ့်လင်းလင်းက ဝမ့်ရင်းအား သေသေချာချာ ကြည့်ခဲ့သည်။ မျှမျှတတပြောရရင် ဝမ့်ရင်းက အင်မတန် ထူးချွန်သည့် သူတစ်ယောက် ဖြစ်သည်။ ထိုကဲ့သို့ ထူးချွန်မှုမျိုးက သူမကို အမြဲတမ်းလိုလို မနာလို ဖြစ်နေစေခဲ့သော်လည်း အခုဆိုရင် ဝမ့်လင်းလင်းက ပျော်နေခဲ့သည်။

 

 

ဝမ့်ရင်းသည် သူမ၏ နာမည်နှင့်လိုက်အောင် မျက်နှာမှာ ကျက်သရေရှိပြီး၊ မျက်လုံး၊ မျက်ခုံး၊ နှုတ်ခမ်းများမှာ နှစ်လိုဖွယ်ကောင်းသည်။ သူမသည် အမြဲလိုလို နူးညံ့ပြီး အားနည်းတတ်သည့် ပုံစံမျိုးကပဲ သူမကို အတော်လေး ချစ်စရာ ကောင်းနေခဲ့သည်။

 

 

“စန်းယာ၊ နင် မနက်ဖြန် အားလား။”

 

 

ဝမ့်ရင်းလည်း ခနတာ တွေးလိုက်ရင်း အခုက သူမမှာ ဘယ်လိုလုပ် အချိန်မရှိနိုင်ရတာလဲ။ လွန်ခဲ့သော ရက်ပိုင်းလောက်တုန်းက ဝမ့်လင်းလင်းသည် ဖျားနာနေခဲ့ပြီး လီချွမ်းကျန်ကလည်း သူမကို တစ်နေကုန်  ဂရုစိုက်ပေးနေခဲ့ကာ အခြားသော အချိန်များ၌သာ အလုပ်လုပ်ခဲ့ရသည်။ ဒီရက်ပိုင်းတွင် ဝမ့်ရင်းက အနည်းငယ် သောင်းကျန်နေခဲ့သည်ကို သူမ သိနေခဲ့တာတောင် ဝမ့်လင်းလင်းက သူမကို ဂရုစိုက်ဖို့ အားထုတ်လိမ့်မည် မဟုတ်ပါ။

 

 

ဝမ့်ရင်းသည် ဒီနှစ်မှ ၁၈နှစ်သာ ရှိသေးပြီး အထက်တန်းကျောင်းမှ ဘွဲ့ရရှိခဲ့သည်။ သူမရဲ့ ရလဒ်များဟာ ကောင်းမွန်ပြီး ကောလိပ်ကျောင်းသို့ သွားသင့်သည်။ သို့သော် လက်ရှိ အခြေနေအရတော့ ထိုအရာက ဖြစ်နိုင်တော့မည် မဟုတ်ပါ။ ဝမ့်ရင်းက ကောလိပ်တက်ဖို့အတွက်လည်း အရမ်းကြီး စိတ်မဝင်စားခဲ့ပါ။ ထို့အပြင် ဒီနှစ်ဟာ ၁၉၆၉ ခုနှစ်ဖြစ်ပြီး ကောလိပ်ကျောင်းက ဘယ်လိုမျိုး အခြေအနေလဲဆိုတာကို တွေးကြည့်လို့တောင် ရနိုင်သည်။ သူမသည် အထက်တန်းအောင်လက်မှတ် ရပြီးနောက် သူမရဲ့ မွေးရပ်မြေသို့ပြန်ကာ နည်းလမ်းတစ်ခုခု ရှာနိုင်ကောင်း ရှာနိုင်လိမ့်မည်။

 

 

“အင်း၊ ငါ့မှာ အချိန်ရှိတယ်လေ။”

 

 

ထိုဝမ်းကွဲအစ်မက ဘာတွေ ထပ်လုပ်ဦးမလဲဆိုတာကို သူမ မြင်ချင်နေခဲ့သည်။

 

 

“ဒါဆို မနက်ဖြန် ငါနဲ့အတူတူ မွေးရပ်မြေကို လိုက်မလား။ ငါ နင့်ကို နိုင်ငံအဆင့်ရှိတဲ့ စားသောက်ဆိုင်က အသားပေါက်စီ ဝယ်ကျွေးမယ်။”

 

 

ဝမ့်ရင်းက ဝမ့်လင်းလင်းကို စိုက်ကြည့်နေသည့်အတွက် ဝမ့်လင်းလင်းမှာ တော်တော်လေး ကသိကအောက် ဖြစ်နေခဲ့သည်။

 

 

ဒီအစ်မဝမ်းကွဲက ဘာကိုမှ ပြန်ပြီး ထိန်းထားမှာ မဟုတ်တာတော့ သေချာတယ်။ ဒါပေမယ့်….

 

 

နိုင်ငံအဆင့်ရှိတဲ့ စားသောက်ဆိုင်က အသားပေါက်စီတဲ့….

 

 

ဟင်းအနှစ်တွေရယ်၊ ထူးခြားတဲ့ အနံ့နဲ့ ဂျုံမှုန့်ကို ကြိတ်ထားတဲ့ အသားနဲ့ ရောထားတာတွေကို အဖြူရောင် ဂျုံမုန့်ထဲမှာ အပြည့်ကို ဖြည့်ထားမှာ။

 

 

သူမသည် အသားရဲ့ အနံ့ကို မရသည်မှာ အချိန် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။ ကမ္ဘာကြီး ပျက်သုဥ်းပြီးနောက် အပင်များကို ဖန်လုံအိမ်များထဲတွင် စိုက်ပျိုးနိုင်ဆဲ ဖြစ်သော်လည်း ထိုအခြေအနေမျိုးတွင် အသားများတော့ မရှိနိုင်တော့ပါ။ အခြေစိုက် စခန်းတွင် ကြက်၊ ဘဲ၊ ဝက် အစရှိသော သက်ရှိ အကောင်များဖြင့် ထူထပ်နေခဲ့သည်။ ပထမဆုံးမနေဖြင့် ကမ္ဘာ ပျက်သုဥ်းသည့် အချိန်အတွင်း ဆင့်ကဲ ပြောင်းလဲလာသည့် ပိုမွှားများကို ထိန်းချုပ် ကာကွယ်နိုင်သည့် နည်းလမ်းမျိုး မရှိခဲ့ပါ။

 

 

“ကောင်းတာပေါ့။”

 

 

သူမရဲ့ အကြံအစည်က ဘာပဲဖြစ်နေပါစေ၊ အသားပေါက်စီကို အရင်ဆုံး စားရမည် ဖြစ်သည်။

 

 

ဝမ့်လင်းလင်းသည် ပျော်ပြီး ထခုန်မတက် ဖြစ်သွားခဲ့သည်။ “ဒါဆို ပြောပြီးသွားပြီနော်။ မနက်ဖြန်ကျရင် မြို့ကို သွားကြမယ်။”

 

 

ဝမ့်လင်းလင်းက လှည့်ပြီး ပြန်ဖို့လုပ်နေသည်ကို မြင်လိုက်ရသောအခါ ဝမ့်ရင်းက သူမကို ရပ်ဖို့အတွက် ပြောလိုက်သည်။

 

 

“ဒုတိယအစ်မ၊ နင် မနက်ဖြန် ပိုက်ဆံဘယ်လောက် ယူလာမှာလဲ။”

 

 

ဝမ့်လင်းလင်းသည် သူမလို မိဘမဲ့တစ်ယောက်က အရှုံးသမားပဲ ဖြစ်နိုင်လိမ့်မယ်ဆိုပြီး တွေးနေရင်း သူမရဲ့ စိတ်ထဲတွင် လှောင်နေခဲ့သည်။ သူမသည် ဝမ့်ရင်းလိုမျိုးတော့ သနားစရာ ကောင်းမနေခဲ့ပါ။

 

 

“ပူမနေနဲ့။ သေချာပေါက်ကို ငါ ပိုက်ဆံ လုံလုံလောက်လောက် ထည့်လာခဲ့မယ်။”

 

 

ပေါက်စီတစ်လုံးကို ဆယ်ဆင့် ပေးရမည်။ တကယ်လို့ သူမက တစ်ယွမ် ယူလာပါက သူမ စားဖို့အတွက် လုံလောက်မည် မဟုတ်ပါလား။

 

 

ဝမ့်ရင်းသည် စိတ်သက်သာရာ ရသွားခဲ့သည်။ “ပြီးရောလေ၊ အဲ့ဒါဆို မနက်ဖြန် ဒုတိယအစ်မက အသားပေါက်ဆီ စားဖို့ ခေါ်သွားမှာကို ငါ စောင့်နေမယ်နော်။”

 

 

မူလပိုင်ရှင်၏ အိမ်က မကောင်းသော အကြွေးများကို ဖြေရှင်းပေးသင့်သည် ဖြစ်သော်လည်း အသား ပေါက်စီကိုသာ စားရရင် သူမက အဲ့ဒါကို ပြန်ပြီး တွန်းလှန်နိုင်မည် ဖြစ်သည်။

 

 

ညနေပိုင်တွင် လီချွမ်းကျင် အိမ်သို့ ရောက်လာသောအခါ သူမရဲ့သမီးက တက်တက်ကြွကြွ ဖြစ်ကာ အတော်လေး ပျော်နေသည်ကို တွေ့ခဲ့သည်။

 

 

“သမီး နားလည်သွားပြီလား။ အမေက သမီးကို ဒုက္ခရောက်အောင် လုပ်နိုင်ပါ့မလား။ ရှုရွှမ်းနဲ့ရော ဘယ်လို အခြေအနေကောင်းတွေ ရှိလဲ။ သမီး နားလည်သွားပြီ ဆိုရင်လည်း လျှောက်ပတ်ပြေးနေတာတွေ ရပ်ပြီးတော့ အိမ်မှာပဲ နေပါဦး။ ရှုရွှမ်းရဲ့မိသားစုက တစ်လအတွင်း ဂုဏ်ပြုပေးဖို့ လာကြလိမ့်မယ်။”

 

 

မိသားစုနှစ်ခုသည် ဟိုးအရင်ကတည်းက နှုတ်ဖြင့် သဘောတူညီမှု ပြုလုပ်ထားခဲ့ကြပြီး ဖြစ်ကာ ရွာထဲက လူတိုင်းကလည်း သိကြပြီးဖြစ်သည်။

 

 

ထို့အပြင် ရှုရွှမ်းသည် ဝမ့်လင်းလင်းထက် ၂ နှစ် ကြီးသည်။ အခုဆိုရင် ဝမ့်လင်းလင်းက ၁၈ နှစ်ပြည့်ကာ အိမ်ထောင်ပြုရမည့် အချိန်သို့ ရောက်ရှိခဲ့ပြီ ဖြစ်သည်။

 

 

ဝမ့်လင်းလင်းက စိတ်မရှည်စွာဖြင့် ပြောခဲ့သည်။ “သမီးသိတယ်၊ သိပါတယ်လို့၊ ပြောနေတာတွေ ရပ်ပါတော့။”

 

 

လီချွမ်းကျင်သည် ပြုံးကာ သဘောတူခဲ့သည်။ “ကောင်းပြီ၊ ကောင်းပြီ၊ သမီးက အိမ်ထောင်ပြုရတော့မှာဆိုတော့ ရှက်နေလောက်ရောပေါ့။”

 

 

ဝမ့်လင်းလင်း - …….

 

 

လီချွမ်းကျင်သည် သူမရဲ့သမီးက သူမအပေါ်မှာ ထပ်ပြီး ပြောမရ ဆိုမရ မဖြစ်နေတော့သည်ကို တွေ့လိုက်ရသောကြောင့် သူမရဲ့စိတ်ကို လွှတ်ချလိုက်သည်။

 

 

စားပွဲခုံက ရှင်းလင်းနေပြီ အခုဆိုလျှင် သူမက အရာတစ်ခုကို ရုတ်တရက် မှတ်မိသွားခဲ့သည်။ ထိုအရာမှာ သူမသည် လွန်ခဲ့တဲ့ နှစ်ရက်တုန်းက ဝမ့်လင်းလင်း နေမကောင်းဖြစ်ချိန်တွင် ဂရုစိုက်ရင်း အလုပ်ရှုပ်နေခဲ့ပြီး အစားအသောက်များကိုလည်း သူမကိုယ်တိုင် ချက်ထားခဲ့ဟန်တူသည်။ ဝမ့်ရင်းက မိသားစုအတွက် ဘာမှမချက်ဘူးလား။ အဝတ်တွေကလည်း မလျှော်ရသေးတဲ့ပုံပဲ။ သူမက ဝက်တွေကိုရော အဆာမကျွေးဘူးလား။

 

 

တပ်က တာဝန်ပေးထားတဲ့ ဝက်ကို တွေးမိလိုက်သည့်အခါ လီချွမ်းကျင် ထိတ်လန့်သွားခဲ့သည်။ သူမသည် ဝက်ခြံသို့ အမြန်ပြေးကာ သွားကြည့်ခဲ့သည်။

 

 

ခနအကြာတွင် သူမရဲ့ ညည်းလိုက်သည့် အသံမှာ အပြင်ဘက်က ထွက်လာခဲ့သည်။

 

 

“သေစမ်း။ ဒီဝက်က ဗိုက်အရမ်းဆာနေပြီ။”

 

 

“စန်းယာ။ စန်းယာ။ ဒီကို ထွက်လာခဲ့စမ်း။ ဒီကောင်မစုတ်ကတော့။ ဒီရက်ထဲမှာ ဝက်တွေကို ဘယ်လို အစာကျွေးနေတာလဲ။”

 

 

“နင့်ရဲ့ အသားကို မနွှာပစ်ခင် လာကြည့်လိုက်စမ်း။”

 

 

လီချွမ်းကျင်သည် ဒေါသတကြီးဖြင့် ဝက်စာမွှေတဲ့ တုတ်ကိုယူကာ ဝမ့်ရင်းရဲ့အိမ်ထဲသို့ တစိုက်မက်မက် ဝင်သွားခဲ့သည်။

 

 

ထိုအခိုက်အတန့်တွင် ဝမ့်ရင်းသည် နောက်ထပ် ကြက်ဥစွပ်ပြုတ် တစ်ခွက်ကို တိတ်တဆိတ် သောက်ကာ အိပ်ပျော်နေခဲ့သည်။

 

 

မူလပိုင်ရှင် မိန်းကလေးက ပထမတစ်ခေါက် ကြည့်လိုက်ရုံနဲ့ အာဟာရ ချို့တဲ့နေတဲ့ပုံ ပေါက်နေတာ။ ပြီးတော့ သူမရဲ့ လက်တွေ၊ ခြေထောက်တွေ၊ လက်မောင်းတွေ၊ ဘာတွေက တုတ်ချောင်းလေးလို သေးနေတာ။ သူမ အဲ့ဒါတွေကို ပြင်ချင်ရင် ကောင်းကောင်းအိပ်၊ ကောင်းကောင်းစားပြီး၊ သူမရဲ့ ကိုယ်ပိုင် စိတ်ဝိဉာဥ် စမ်းချောင်းက ရေတွေကို ဖြည့်ပေးဖို့ လိုသည်။ လုံးဝ အကောင်းအတိုင်း ပြန်ဖြစ်ဖို့က တစ်လလောက်တော့ အချိန်ယူရမယ်။

 

 

လီချွမ်းကျင်သည် ဝက်စာတုတ်ဖြင့် တံခါးကို ထုရိုက်ခဲ့သည်။ ဝမ့်ရင်းသည် သူမ၏ အိပ်မက်ကို နှောက်ယှက်ခံလိုက်ရပြီး အိပ်ရာမှ ထဖို့အတွက် သူမရဲ့ အားအင်များကို သုံးလိုက်ရသည်။ အပြင်ဘက်တွင် ဝမ့်လင်းလင်း၏ အသံကိုသာ ကြားခဲ့ရသည်။

 

 

“အမေ၊ ဒီမှာ တံခါးခေါက်နေတာကို ရပ်လိုက်ပါတော့။ ဒီနှစ်ရက်မှာ သမီး နေမကောင်း ဖြစ်နေခဲ့တာမလား။ စန်းယာက သမီးကို ပြုစုရင်း အလုပ်ရှုပ်နေတာလေ။ သူက အပြင်တောင် မထွက်နိုင်ဘူး။ အဲ့ဒါကို သူက ဝက်စာထဲမှာ မြက်တွေကို ဘယ်လိုလုပ် သွားရောပေးနိုင်မှာလဲ။”

 

 

သူမရဲ့ သမီးက အရှေ့ကနေ ကာဆီးကာဆီး လုပ်နေခဲ့သော်လည်း လီချွမ်းကျင်သည် သူမရဲ့ ဒေါသစိတ်ကို ထိန်းမနိုင်ခဲ့ပါ။

 

 

“နင့်အတွက် ထမင်းချက်ပေးရမယ်ဆိုတာက ဘာကိုပြောချင်တာလဲ။ ဒီမိန်းမပျင်းက အရမ်း သတိလက်လွတ်ဖြစ်ပြီး ပျင်းတယ်လို့တော့ ငါထင်တယ်။ လင်းလင်းရယ် အဲ့ဒါအတွက် စိတ်ပူမနေနဲ့။ ဒီအရှုံးသမားကို ငါသေတဲ့ထိ မရိုက်ဘူးဆိုရင် ဒီကောင်မက ဝက်တွေကို အစာကျွေးဖို့ မေ့နေဦးမှာပဲ။ သူစားဖို့ကျ ဘာလို့ မမေ့ရတာလဲ။”

 

 

“အာ၊ ဒါက အဓိပ္ပါယ်မရှိဘူးလေ။ ဒီကံဆိုးမက သူ့မိဘတွေကို သတ်လိုက်တာ။ နင့်အဖေနဲ့ ငါကသာ သူ့ကို မခေါ်ထားခဲ့ရင် ဒီလောက်တောင် သူက အသက်ရှည်မှာ မဟုတ်ဘူး။ ဒီကောင်မက လယ်ထဲလည်း မသွားဘဲနဲ့ ဒီမှာပဲ မျက်နှာဖြူကြီးနဲ့ထိုင်ပြီး ထမင်းဒီတိုင်း ထိုင်စားနေတာ။ ဒါပေမယ့် ဝက်တွေကို အစာကျွေးဖို့ကျ မေ့နေတုန်းပဲ။ ဘာလို့များ ဘုရားက ဒီဟာမကို သတ်ပစ်ဖို့အတွက် မိုးကြိုးမပစ်ချသေးတာလဲ။”

 

 

“စန်းယာ၊ နင် အိမ်ထဲမှာရှိနေတာကို ငါသိတယ်။ ငါ့ကို လာပြီး ပုန်းမနေနဲ့၊ ထွက်လာခဲ့စမ်း။”

 

 

ဝမ့်ရင်းရဲ့ နှုတ်ခမ်းပေါ်မှာ လှောင်ပြုံးတစ်ခု ရှိနေခဲ့သည်။ လီချွမ်းကျန်သည်လည်း အရှက်မဲ့သည့် သူတစ်ယောက်ဖြစ်သည်။ မူကပိုင်ရှင်ဆီက ပိုက်ဆံတွေ စားစရာတွေကို ယူပြီး ဘာမှ စားစရာ မရှိဘူးဆိုပြီး ပြောချင်တဲ့စိတ်က ရှိနေသေးသည်။ ပုံမှန်ဆိုရင် မူလပိုင်ရှင်က သူမရဲ့ ထောက်ပံ့ကြေးငွေကို ဘယ်အချိန်မှာ ရလဲဆိုတာကို မသိခဲ့ရပေ။ ဒါပေမယ့် ဝမ့်ရင်းက အခြားသူရဲ့ မှတ်ဉာဏ်များကို ရရှိပြီးနောက် ပြဿနာတစ်ခု ရှိနေသည်ကို သိခဲ့ရသည်။ မနှစ်က လီချွမ်းကျန်သည် မူလပိုင်ရှင်၏ အာဇာနည် ကလေးငယ် ဂုဏ်ပြုလွှာကို လှည့်စား အသုံးချတဲ့ အချက်အလက်တွေကို ပေါင်းပြီးကြည့်လိုက်ရင် သူမ ရတဲ့ပိုက်ဆံနှင့် အစားအသောက်များကို သူမဦးလေးရဲ့ မိသားစုက အလွဲသုံးစား လုပ်လိုက်သည်မှာ ရာနှုန်းပြည့် သေချာသည်။

 

 

အာဇာနည် ကလေးငယ်များကို စောင့်ရှောက်ပေးရမည့် စောင့်ရှောက်ရေး မူဝါဒမှာ အသက် ၁၈ နှစ်အထိသာ အကျုံးဝင်သည်။ ဒါကို မူလပိုင်ရှင်က ကျောင်းတက်မလားဆိုတဲ့ အပေါ်မှာ အခြေခံပြီး ဘယ်လိုလုပ် တွက်ချက်လို့ ရနိုင်မှာလဲ။

 

 

အစတုန်းက မနက်ဖြန် အသားပေါက်စီ သွားစားပြီးရင် သူတို့ရဲ့ မျက်နှာတွေ မပူရအောင် လုပ်ပေးဖို့အတွက် သူတို့နဲ့ညှိဖို့ သူမ တွေးမိလိုက်သေးသည်။ ဘာလို့လဲဆိုတော့ လွန်ခဲ့တဲ့ နှစ်အနည်းငယ်တုန်းက သူတို့က မူလပိုင်ရှင်ကို ကာကွယ်ပေးခဲ့သေးတယ်လေ။ ဒါပေမယ့် ဒီမိသားစုကို ကြည့်လိုက်ရင် သူမစိတ်ထဲမှာ ရှက်တဲ့စိတ်ပဲ ဖြစ်လာသည်။

 

 

လီချွမ်းကျင်သည် အပြင်ဘက်တွင် ကျိန်ဆဲနေဆဲ ဖြစ်ကာ ဝမ့်လင်းလင်းကလည်း စိတ်ရှုပ်လာခဲ့သည်။

 

 

သူမရဲ့အမေက အချိန်ကို မကြည့်တတ်ဘူးလား။ သူမက မနက်ဖြန်ကျရင် ဝမ့်ရင်းနဲ့ ရှုရွှမ်းတို့ကို အောင်သွယ်ပေးဖို့အတွက် စောင့်နေတာ။ အခုတော့ သူမက ဝမ့်ရင်းကို ဆူနေတယ်။ မနက်ဖြန် သူမနဲ့ သွားလို့မရရင် ဘယ်လိုလုပ်ရပါ့မလဲ။

 

 

“အမေရေ၊ ဒီမှာ ပြဿနာရှာနေတာ ရပ်လိုက်လို့ မရဘူးလား။ အမေ ဝက်ကို အစာသွားမကျွေးရင် အဲ့ဝက်တွေက ခနအတွင်း ငတ်ပြီး သေတော့မယ်။”

 

 

လီချွမ်းကျင်သည် သူမသမီးရဲ့ သတိပေးချက်ကြောင့် သတိရသွားခဲ့ပြီး ဝမ့်ရင့်ကို ဆူဖို့အတွက် စိတ်မဝင်စားတော့ပါ။

 

 

ဝက်များသည် သူတို့ရဲ့ မိသားစုပိုင် မဟုတ်ပါ။ သူတို့သည် အာဇာနည်မိသားစုမှ ဆင်းသက်လာသူ ဝမ့်ရင်းအတွက် အဖွဲ့မှ ပေးအပ်ထားသော အရာဖြစ်သည်။ ဝက်ကလေးများသည် ပြုစုပျိုးထောင်ဖို့အတွက်မှာ ခက်ခဲသည်။ အခုချိန် သူတို့သာ ဝက်လေးတွေကို စောင့်ရှောက်ချိန်မှာ သေသွားခဲ့ရင် သေချာပေါက် အဖွဲ့နှင့် ပြဿနာတက်လိမ့်မည် ဖြစ်သည်။ နောက်နှစ်ရောက်ရင် သူတို့က ဝက်များကို မွေးခွင့်ရတော့မည် မဟုတ်ပါ။

 

 

လီချွမ်းကျင်သည် ဝက်စာကျွေးဖို့ အစောတလျင် ပြန်မထွက်သွားခင် ဝမ့်ရင်းရဲ့အိမ်ထဲသို့ ယုတ်မာစွာဖြင့် တံတွေးထွေးခဲ့သည်။

 

 

“ထွီ၊ အမျိုးယုတ်လေး၊ နင် ဒီည ဘာမှမစားရဘူး။ ငါနင့်ကို လုံးဝ အငတ်ထားမှာ ကြည့်လိုက်။”

 

 

ဝမ့်ရင်းက ပြန်လှည့်ကာ အသားပေါက်စီအကြောင်း တွေးနေခဲ့သည်။ သူမတွက် ဘာမှ စားစရာ မရှိပါ။ အစပိုင်းတွင် မိသားစုက သူမကို ဘာစားစရာမှ မပေးခဲ့ပါ။ နောက်ဆုံး ညစာတွင် မိသားစု သုံးယောက်လုံးက ပြောင်းဆန်ပြုတ်ကို စားပြီး သူတို့ထဲက တစ်ယောက်ကသာ ပြောင်းဂျုံမုန့်ပေါင်းကို စားခဲ့သည်။

 

 

သူမလက်ထဲတွင် ကြက်ဥနှစ်လုံး ကျန်နေသေးပြီး နောက်ပိုင်းမှ ကြက်ဥစွပ်ပြုတ် လုပ်သောက်မည် ဖြစ်သည်။

 

 

ဘယ်လိုပဲဖြစ်ဖြစ်၊ သူမသည် မီးဖိုချောင်ထဲက ဖျက်ဆီးရေးလေးဖြစ်ပြီး သူမလုပ်နိုင်သော တစ်ခုတည်းသော အရာမှာ ကြက်ဥစွပ်ပြုတ်သာ ဖြစ်သည်။ အားအင်တွေချန်ထားပြီး မနက်ဖြန်မှ အသားပေါင်မုန့် သွားစားကြမယ်။

 

 

လီချွမ်းကျင်၏ စိတ်ထဲတွင် သူမသည် ဝမ့်ရင်းသည် အငတ်ထားဖို့ ပြင်ဆင်ထားခဲ့ပြီး ညဘက်တွင်လည်း သူမသည် တခုခုကျွေးဖို့အတွက် တကယ်ကို လာမပြောခဲ့ပါ။

 

 

ဝမ့်ရင်းသည် အပြင်ဘက်ရှိ ဦးလေး၏အသံကို နားထောင်လိုက်ပြီး သူမကဘာလို့ လာမစားလဲဆိုတာကို မေးနေဟန်ရှိသည်။ သေချာသည်မှာ လာရောက် စားသောက်မည် မဟုတ်ပါ။

 

 

မိသားစုများထဲတွင် မူလပိုင်ရှင်အပေါ် အဆိုးရွားဆုံးသူမှာ လီချွမ်းကျင်ဖြစ်သည်ကို ဝမ့်ရင်းက သိနေခဲ့သည်။ ဦးလေး ဝမ့်ယုံရွှင်းသည် ရိုးသားဖြူစင်သော သူတစ်ယောက်ဖြစ်ပြီး တပ်ထဲတွင်လည်း ဂုဏ်သတင်းမွှေးသူ ဖြစ်သည်။

 

 

ထိုအရာများကို မူလပိုင်ရှင်က သူမရဲ့ မှတ်ဉာဏ်များထဲ၍ ပြသခဲ့သည်။ လီချွမ်းကျင်က မူလပိုင်ရှင်ကို ဆူပူကြိမ်းမောင်းပြီး သူမကို အစာကျွေးဖို့ ငြင်းသည့်အခါတိုင်း အရာအားလုံး အဆင်ပြေသွားအောင် ဝင်ရောက် ဖြန်ဖြေပေးသူမှာ ဝမ့်ယုံရွှင်းဖြစ်သည်။ တစ်ခါတစ်ရံတွင် သူက ပေါက်စီ တစ်လုံး နှစ်လုံးကို တိတ်တိတ်လေး သူမထံ ပို့ပေးလေ့ရှိသည်။

 

 

သို့သော် ဝမ့်ရင်းကတော့ အဲ့လို မထင်ထားခဲ့ပါ။ တကယ်လို့ သူကသာ မူလပိုင်ရှင်ကို ဆွေမျိုးအဖြစ် သတ်မှတ်တယ်ဆိူရင် ဘယ်လိုလုပ် လီချွမ်းကျင်ကို မထိန်းချုပ်နိုင်ရတာလဲ။ တကယ်လို့ လီချွမ်းကျင်က မူလပိုင်ရှင်ကို မဆူ မရိုက်ဘူးဆိုရင် “ရိုးသားပြီး ဖြူစင်တယ်” ဆိုတဲ့ ဦးလေးက မတူညီတဲ့ အစားအစာ နှစ်မျိုးကို စားပွဲတစ်ခုထဲပေါ်ရှိ စားရတာက ပြဿနာ တစ်ခုခု ရှိနေမယ်လို့ မတွေးခဲ့ဖူးဘူးလား။

 

 

ဝမ့်ရင်းသည် အမှောင်ထဲတွင် မျက်လုံးကို မှိတ်ထားခဲ့သည်။ လီချွမ်းကျင်နဲ့ သဘောတူညီမှု ယူတယ်ဆိုတာက ပြဿနာရှိတဲ့ အရာတော့ မဟုတ်ပါ။ ဘယ်လိုပဲဖြစ်ဖြစ် သူမက ကျိုးကြောင်းသင့်တော်တယ် ဆိုပေမယ့် တစ်ခါတစ်လေ ဒီလောကကြီးက အန္တရာယ်များသည်။

 

 

အပြင်လူရဲ့ အမြင်မှာတော့ သူမသည် ဒီအစ်မ နှစ်ယောက်ကို ဂရုစိုက်ပေးသည့်အတွက် အမြဲတမ်း ဂုဏ်ယူစရာ ဖြစ်ခဲ့သည်။ လွန်ခဲ့သော နှစ်အနည်းငယ်က သူမတွင် အမေရော မိဘရော မရှိတော့ဘဲ သူမ ဦးလေးရဲ့ မိသားစုကသာ သူမကို အထက်တန်းကျောင်း ဆက်ထားခဲ့သည်။ အဖွဲအစည်း တစ်ခုလုံးတွင် ထိုအရာက ရှားပါးသည့် အရာတစ်ခု ဖြစ်ခဲ့သည်။

 

 

အနာဂတ်မှာ ပြဿနာတစ်ခုခု ဖြစ်ခဲ့ရင် အချို့သော သူများက ဒီလိုမျိုး စကားများကို ပြောကြမည်မှာ မြေကြီးလက်ခတ် မလွဲပင် ဖြစ်သည်။ “နင့်ဦးလေးက နင့်ကို ကျောင်းဆက်ထားပေးခဲ့တာ။ လူတွေက သူတို့ရဲ့ ကြင်နာမှုတွေကို အသိအမှတ်ပြုသင့်တယ်။”

 

 

သူမသည် ဟိုဘက်လှည့်ကာ အတန်ကြာ တွေးနေခဲ့သည့် ထိုအတွေးများကို ခေါင်းထဲက ထုတ်လိုက်သည်။ ဘာပဲဖြစ်ဖြစ် မနက်ဖြန်ကျရင် အသားပေါက်စီ စားရတော့မည် ဖြစ်သည်။