အပိုင်း ၁၃
Viewers 10k

Chapter13
အမျိုးသား၏ခြေလှမ်းတို့ ရပ်တန့်သွားပြီး သူကအနည်းငယ် ကြောင်အနေသည်။ "ဘာလို့ငိုနေတာလဲ......."
ငိုတယ် ? သမီးမငိုပါဘူး
စွင်းကျားလဲ့က အနည်းငယ် ရှုပ်ထွေးသွား၏။
သူမက လက်မြှောက်ပြီးပါးပြင်ကို ထိကြည့်လိုက်ရာ အေးစက်စိုစွတ်သည့် တစ်စုံတစ်ရာကို ခံစားလိုက်ရ၏။ မျက်ရည်တို့က စီးကျလျက်ရှိဆဲဖြစ်ကာ ကြီးမားသည့်မျက်ရည်တစ်ပေါက်ကမူ သူမမျက်နှာထက်မှနေ၍ အိပ်ယာပေါ်အထိ ကျဆင်းသွား၏။
အမျိုးသားက သူမအနားကို သတိကြီးကြီးဖြင့် ချဥ်းကပ်သွားပြီး ငိုကြွေးနေသောမိန်းမငယ်လေးအား ပွေ့ဖက်ပေးလိုက်သည်။ သူက အသာချောင်းဟန့်လိုက်ပြီး
"ဘာဖြစ်လို့လဲ? အဆင်မပြေဘူးလား? ဒယ်ဒီ့ကိုပြော ဟုတ်ပြီလား?"
စွင်းကျားလဲ့က သူမဖခင်၏ပုခုံးထက်တွင် မျက်နှာအပ်ကာ ခေါင်းကို ပြင်းပြင်းထန်ထန် ခါယမ်းလိုက်သည်။ သူမ၏အသံက အနည်းငယ် အက်ကွဲကာ နှာသံပေါက်နေ၏။ "ဟင့်အင်း ......."
"ကြည့်ရတာ သမီး အိမ်မက်မက်ခဲ့ပုံပဲ"
အခြားလူတွေ သတိမထားမိသည်မှာ ဘေးစားပွဲတွင် ဖွင့်မထားသည့်ဂျယ်လီတစ်ခွက် ရှိနေ၏။
ယင်းက ဆေးရုံမှ အထူးပေးသည့်အမျိုးအစားဖြစ်သော်ငြား တံဆိပ်ကမူ အခြားဆေးရုံမှဖြစ်နေ၏။
ယင်းက လက်ဆောင်တစ်ခုပမာ စားပွဲအလယ်တွင် ရှိနေခဲ့သည်။
.
အနီရောင်တစ္ဆေနယ်မြေတစ်ခုအတွင်း၌ ဖြူဖျော့ဖျော့အရိုးများအား ပုလ္လင်တစ်ခုပမာ စုပုံထားသည်။
"ကင်း........."
ပြည်တည်နာတို့ပြည့်နေသည့် စွမ်းအားကြီးတစ္ဆေတစ်ကောင်က ရွှံ့ကန်ထဲမှ ထွက်ပေါ်လာသည်။
"စီမံခန့်ခွဲမှုဗျူရိုလို့ခေါ်တဲ့ လူသားအဖွဲ့အစည်းကို အရှင်မှတ်မိသေးလား"
စွမ်းအားကြီးတစ္ဆေက ဂရုတစိုက် အပေါ်ကိုမော့ကြည့်လိုက်သည်။
အရိုးပုလ္လင်ထက်ရှိ အမျိုးသားက အမူအယာမဲ့စွာရှိနေသည်။ သူ၏ဖြူဖျော့ဖျော့ လက်ချောင်းများက မသိမသာ ကွေးသွားပြီး ဦးခေါင်းခွံတစ်ခုထက်တွင် ရပ်တန့်သွား၏။ သူ၏အနီရောင်မျက်လုံးတစ်စုံဖြင့် စွမ်းအားကြီးတစ္ဆေကို အပေါ်စီးမှနေ၍ စူးစူးဝါးဝါး စိုက်ကြည့်လိုက်သည်။
စွမ်းအားကြီးတစ္ဆေ၏ကိုယ်မှာ တုန်ယင်သွားရသည်။ သူက အလျင်အမြန် အကြည့်ကိုနှိမ့်ချလိုက်ပြီး ကျန်သည်တို့အား တုန်လှုပ်စွာ အစီရင်ခံလိုက်၏။
"သူတို့ထဲမှာ လွှတ်ထားတဲ့ လက်အောင်ငယ်သားတွေရဲ့ ပြောကြားချက်အရဆို အရှင်ရှာနေတဲ့ လူရဲ့နာမည်က အဲဒီကတင်ပြချက်တစ်ခုမှာ ပေါ်လာတယ်တဲ့ ---"
ဖြူဖျော့ဖျော့လက်ချောင်းများက အနည်းငယ်လှုပ်ရှားသွားသော်လည်း ယင်းက အလွန်ပေါ့ပါးလွန်းသဖြင့် လျစ်လျူရှုလိုက်၍ ရပေသည်။
"ဘယ်မှာလဲ "
သူ့လေသံကတည်ငြိမ်နေသည်မှာ လွင်ပြင်ကိုဖြတ်၍ တိုက်ခတ်လာသည့် လေပြေနှင့်ပင် တူလှသည်။
သို့ပေသိ စွမ်းအားကြီးတစ္ဆေက ပို၍ပင် တုန်လှုပ်လာသည်။ သူ သူ့ခန္ဓာကိုယ်ကို ကျုံ့နိုင်သမျှ ကျုံ့လိုက်သည်။
"M-M မြို့မှာပါ..."
သူက သတ္တိတို့ကို စုစည်းကာ ဆက်ပြောလိုက်သည်။
"ကျွန်တော်မျိုးကို အတည်ပြုဖို့ တစ်စုံတစ်ယောက် လွှတ်စေချင်လား......"
သူ၏တုန်ယင်နေသည့်အသံမှာ မမျှော်လင့်ဘဲ ကြားဖြတ်ခံလိုက်ရသည်။
"မလိုဘူး..." အမျိုးသား၏မျက်လုံးနီနီတို့က အမှောင်ရိပ်အနည်းငယ် ကျသွားပြီး တစ်ဝက်တစ်ပျက် ပျစ်ခဲနေသည့်သွေးအရောင်နှယ် ဆင်တူသည်။
သူက သူ့လက်အောက်ရှိအရိုးများကို သူ့လက်ချောင်းတို့ဖြင့် ပေါ့ပေါ့ပါးပါးပုတ်ကာ အေးစက်စက်အသံဖြင့် ပြောလိုက်၏။
".....အဲဒီ့ကို ငါကိုယ်တိုင်သွားမယ်..."
........
လွန်ခဲ့သော နှစ်ရက်၌ ပြဿနာများစွာ ကြုံတွေ့ခဲ့ရသည့် ငါးဆားနယ်လေးယဲ့ကျားမှာ တကယ့်လက်တွေ့ဘဝတွင် တည်တည်ငြိမ်ငြိမ်ဘဝလေးကို ရတော့မည်ဖြစ်ရာ အနည်းငယ် သက်တောင့်သက်သာမရှိသလို ဖြစ်နေသည်။(အလုပ်ရှုပ်လွန်းခဲ့တော့ အားသွားတဲ့အချိန် မနေတတ်တာမျိုးပါ)
ထို့ကြောင့် ဆေးရုံမှ ဆင်းပြီးနောက် ခုနစ်ရက်ပတ်လုံး နားရက်ရထားသည့် ကျွန်အဖွဲ့သားများ လုပ်နေကျအတိုင်းပင် အိမ်ပြန်ရောက်သည်နှင့် ပထမဆုံးလုပ်ရမည့်အရာမှာ--
အိပ်ခြင်းဖြစ်သည်။
ယဲ့ကျားက စောင်ကို ခေါင်းအထိခြုံကာ ဆယ့်နှစ်နာရီဆက်တိုက် အိပ်ပစ်လိုက်သည်။
သူပြန်နိုးလာချိန်၌ အပြင်ဘက်တွင် မှောင်နေပြီဖြစ်သည်။
မြူးကြွသော တေးသံများနှင့် အဝေးမှ အပြာရောင်အလင်းမှိန်မှိန်လေးတို့သာ ရှိတော့သည်။
ယဲ့ကျားက သူ၏မျက်လုံးများကို မှေးကျဥ်းလိုက်ပြီး အသံလာရာဘက်သို့ ကြည့်လိုက်သည်။
ဖုန်းတစ်လုံးက မျက်နှာပြင်ပွင့်လျက် လေထဲတွင် လွင့်မျောနေသည်ကို သူတွေ့လိုက်ရသည်။ လက်မဲလေးသည် သူ၏လက်နှစ်ဖက်အား ထုတ်ကာ လက်ရှိတွင် ၎င်း၏လက်ချောင်းများကို ဖန်သားပြင်ပေါ်တွင် စိတ်ဝင်တစား ပွတ်ဆွဲနေသည်။
ယဲ့ကျား ''......မင်းဘာလုပ်နေတာလဲ''
လက်မဲလေး ''နိုးပြီလား''
သူက ဖုန်းကို ကိုင်ပြီး ကုတင်ထံသို့ လွင့်မျောလာကာ “ဒါကို လက်ကိုင်ဖုန်းလို့ခေါ်တယ်၊ ပျော်စရာကြီး၊ အဲဒီထဲမှာ စိတ်ဝင်စားစရာတွေ အများကြီးရှိတယ်၊ ဒါကိုကြည့်……”
ယဲ့ကျားက ဖန်သားပြင်အား စိုက်လိုက်သည်။
Fight The Landlord. (ကတ်ဂိမ်းတစ်ခုပါတဲ့...)
လက်မဲလေးက သူ့ကိုယ်သူ ပွတ်သပ်ကာ အောင်ပွဲခံလိုက်သည်။ ''ရွှေပဲစေ့တွေ အများကြီး နိုင်ပြီးပြီ''
ယဲ့ကျားက နောက်တစ်ကြိမ် ထပ်ကြည့်လိုက်သည်။
သူက အခြားကစားသမားများနှင့် ယှဥ်ပြိုင် ကစားနေခဲ့ခြင်းပင်။
ယဲ့ကျား ''....မင်းကြိုက်ရင် ကောင်းတယ်''
သူက အိပ်ယာမှထပြီး ဖိနပ်စီးကာ လက်ဖက်ရည်ပူပူတစ်ခွက်သောက်ရန် မီးဖိုချောင်ထဲသို့ ဖြည်းညင်းစွာ ဝင်သွားလိုက်သည်။
သူ တစ်ငုံထက်ပို၍ပင် ပိုမသောက်ရသေးမှီ တံခါးခေါက်သံ ကြားလိုက်ရသည်။
“ဒေါက် ဒေါက် ဒေါက်.”
ယဲ့ကျား အံ့သြသွားသည်။
သူ၏နေရပ်လိပ်စာအား မည်သူ့ကိုမှ မပြောခဲ့ဖူးသလို ဗျူရိုတွင်လည်း သူ့ထံသို့ လာရောက်လည်ပတ်သည်အထိ ရင်းနှီးသော သူငယ်ချင်း မရှိပေ။
ဘယ်သူပါလိမ့်
ယဲ့ကျားက မျက်မှောင်ကြုတ်ကာ လျှောက်သွားပြီး တံခါးဖွင့်လိုက်သည်။
သူတံခါးဖွင့်လိုက်သည်နှင့် ချန်စဲကျစ်ပေါ်လာသည်။ သူ့မျက်နှာပေါ်တွင် ကြောင်တောင်တောင်အပြုံးတစ်ခု ရှိနေပြီး သစ်သီးခြင်းတောင်းကြီးကို လက်ထဲမှာ ကိုင်ထား၏။
"အစ်ကိုယဲ့ ကျွန်တော်ပါ''
ဘေးဘက်တွင်ဆုပ်ထားမိသော ယဲ့ကျား၏ညာဖက်လက်သီးဆုပ်က အနည်းငယ်ပြေလျော့သွားပြီး ပုံသဏ္ဍာန်ပေါ်စပြုနေသော တံစဥ်းကလည်း လျင်မြန်စွာ ပျောက်ကွယ်သွားသည်။
သူက မေးလိုက်သည်။ ''မင်း ဘာလို့ ဒီမှာရှိနေတာလဲ''
ချန်စဲ့ကျစ်က ''တိုက်ခိုက်ရေးဌာနခွဲက လူတွေက ကျွန်တော့်ကို သုံးရက်လုံးစောင့်ကြည့်ပေမယ့် ဘာမှဖြစ်မလာဘူးလေ၊ ပြီးတော့ ဝန်ထမ်းအင်အားလည်း မလုံလောက်တော့လို့ ကျွန်တော့်ကို သွားခိုင်းလိုက်ကြတာ''
သူက ပြုံးပြီး "ကျွန်တော် ထောက်ပံ့ပို့ဆောင်ရေးဌာနကို ပြန်ရောက်တော့ မင်းအလုပ်မှာ ဒဏ်ရာရသွားလို့ တစ်ပတ်လောက် အနားယူရတယ်ကြားလို့ လာကြည့်တာ......"
ယဲ့ကျားက သူ၏ရှုပ်ပွနေသော ဆံပင်များကို သပ်ချရင်း သက်ပြင်းချလိုက်ပြီး ဘေးဘက်သို့ ဖယ်ပေးလိုက်ကာ "ဝင်လာခဲ့လေ''
ချန်စဲကျစ်က သစ်သီးခြင်းတောင်းကို ချလိုက်သည်။ ယဲ့ကျားက လက်ဖက်ရည်ပူပူ နှစ်ခွက်နှင့်အတူ ပြန်ရောက်လာသည်။ သူက လက်ဖက်ရည်ခွက်ကိုယူရန် အမြန်ထလိုက်ပြီးမှ ဆိုဖာပေါ် ဂရုတစိုက် ထိုင်ချလိုက်သည်။
''ဘာပြောမလို့လဲ'' ယဲ့ကျားက လက်ဖက်ရည်ကို သောက်လိုက်ရင်း ''ငါ့အိမ်လိပ်စာကို မင်းဘယ်လိုသိတာလဲ''
ချန်စဲကျစ်က အနည်းငယ်ကြောင်အသွားပြီး ''ဟမ် တခြားလူတွေက မသိဘူးလာ၊ ကျွန်... ကျွန်တော်က ဦးလေးကိုမေးလိုက်တာ''
ယဲ့ကျားက ဆိုးရွားသည့် ခံစားချက်တစ်ခု ရလိုက်သည်။
''မင်းရဲ့ ဦးလေးဟုတ်လား၊ ဘယ်သူလဲ''
"ဟဲဟဲ မင်း သူ့အကြောင်း ကြားတော့ ကြားဖူးမှာပါ......" ချန်စဲကျစ် ရှက်ရွံ့စွာ ရယ်မောလိုက်ပြီး "ချန်းဇီလေ"
ချန်းဇီက သဘာဝလွန်ဆိုင်ရာကိစ္စရပ်များ စုံစမ်းစစ်ဆေးရေးနှင့် စီမံခန့်ခွဲမှုဗျူရို၏ Mမြို့ဌာနခွဲမှ ဒါရိုက်တာတစ်ဦးဖြစ်သည်။
ယဲ့ကျား ''....''
အိုး တစ်ယောက်ယောက်ကတော့ အဆက်အသွယ်နဲ့ကိုး။
ဒီလူသစ်နဲ့ပတ်သက်ပြီး သူတို့ရဲ့ အကြီးအကဲရဲ့ သဘောထားကို သိပ်မအံ့သြတော့ပါဘူး!! မမျှတချက်ပဲ!!
ရုတ်တရက် ချန်စဲကျစ်က အသက်ပြင်းပြင်းရှူလိုက်သည်။ သူ့အမူအရာက ကြောက်ရွံ့မှုကို ပြသနေပြီး အသံကိုတိုးလိုက်ကာ “ အစ်ကိုယဲ့ နောက်လှည့်မကြည့်နဲ့!”
ယဲ့ကျား ''?''
ချန်စဲကျစ်၏အကြည့်က ယဲ့ကျား၏ နောက်ဘက်တစ်နေရာသို့ ရောက်နေသည်။ ထို့နောက် သူသည် အလွန်တိုးတိတ်စွာဖြင့် အလွန်နှေးကွေးစွာပြောလိုက်သည်။
"ကျွန်တော်... ကျွန်တော်ထင်တာတော့ သရဲတစ်ကောင်က အစ်ကို့နောက်ကိုလိုက်နေတယ်လို့ထင်တယ်''
ယဲ့ကျား၏နှလုံးအိမ် ပြုတ်ကျသွားသလိုပင်။
ဖြစ်နိုင်တာက လက်မဲလေးက fight the lanlordဂိမ်းကိုကစားရင်း လုံးဝကို စွဲလန်းသွားပြီး ဖုန်းကို လေပေါ်လွင့်နေစေတာများလား ။
ထိုအခိုက်တွင် လက်မဲလေးသည် သူ့ပခုံးပေါ်သို့ ကျွမ်းကျင်စွာတက်လာပြီး “ဒီလူက ဘာပြောနေတာလဲ၊ သရဲတစ်ကောင် ဘော့စ်နောက်ကို တကယ်လိုက်ခဲ့မယ်ဆိုရင် ကျွန်တော် သတိထားမိမှာပေါ့''
သူက ဖုန်းကိုမကိုင်ထားပေ။
သို့ပေသိ ယဲ့ကျား သက်ပြင်းမချလိုက်နိုင်မှီမှာပင် ချန်စဲကျစ်၏ နောက်တစ်ကြိမ်ထပ်ပြောသံအား ကြားခိုက်ရသည်။
'' အစ်..အစ်ကိုယဲ့ ကျွန်တော်ထင်တာက အဲ့ဒါက မင်းပုခုံးပေါ်မှာ"
ယဲ့ကျား ''?''
လက်မဲလေး : !
ယဲ့ကျားက သူ့ပခုံးပေါ်က လက်မည်းလေးကို လှည့်ကြည့်လိုက်ရင်း မျက်နှာထက်တွင် အံ့အားသင့်သည့် အရိပ်အယောင်များ ပေါ်လာသည်။
ချန်စဲကျစ်က သူ့ကို မြင်နိုင်တာလား။
သူတို့ နောက်ဆုံးအကြိမ် ဓာတ်လှေကားထဲ ရောက်ချိန်၌ စွမ်းအားတစ္ဆေတစ်ကောင်ကျန်ရစ်ခဲ့သော အန္တရာယ်ရှိသည့် စွမ်းအင်များကြောင့် လက်မည်းလေးသည် ရုတ်တရက် ပိုသန်မာလာခဲ့သည်။ ထိုအချိန်တွင် သူ၏အဆင့်မှာ အဆင့်နှစ်ဆင့်နီးပါး တိုးလာသောကြောင့် သာမန်လူများက သူ့ကိုမြင်နိုင်သော်လည်း ယဲ့ကျားကိုင်တွယ်ပြီးနောက်တွင် သူက အလွန်အားနည်းသွားသဖြင့် ယခုအခါ သာမန်လူများအတွက် သူ့ကိုမြင်ရသည်မှာ မဖြစ်နိုင်တော့ပေ။
ချန်စဲကျစ်၏သွားများက အချင်းချင်းရိုက်ခတ်ပြီး လက်က ခါးထံရောက်သွားကာ ''ကျွန်တော် ဗျူရိုကို ဖုန်းခေါ်...''
ယဲ့ကျားက သူ(ယဲ့ကျား)၏နှာတံအား ဖျစ်ညှစ်လိုက်ကာဖြင့် ''နေဦး''
ချန်စဲကျစ်က နားမထောင်ပေ။ သူက တုန်တုန်ယင်ယင်ဖြင့် ခန္ဓာကိုယ်ပတ်ပတ်လည်တွင် ဆက်၍ လှန်လှောရှာဖွေနေသည်။
ယဲ့ကျားက သူ့ခေါင်းကို လှည့်လိုက်ပြီး လက်မည်းလေးအား အမိန့်ပေးလိုက်သည်။ "အဲ့ဒါကိုသွားလုလိုက်''
''သိပြီ'' လက်မဲလေးက ထိတ်လန့်တုန်လှုပ်နေသော ချန်စဲကျစ်၏လက်ထဲမှ အရေးပေါ်ဆက်သွယ်ရေး ကိရိယာအား အကြင်နာမဲ့စွာ လုယူလိုက်သည်။
ချန်စဲကျစ်၏ မျက်နှာက ဖြူဖျော့သွား၏။ ဆိုဖာနောက်ဘက်သို့မှီကာ သူ့ကိုယ်သူ တင်းတင်းကြပ်ကြပ် ဖက်ထားရင်း “မ_မင်းတို့နှစ်ယောက်……”
ယဲ့ကျားက ဘေးနားက လက်မည်းလေးကို ညွှန်ပြပြီး "မင်းကို မိတ်ဆက်ပေးပါရစေ၊။ သူက အဲဒီတုန်းက မင်းကို အဆောက်အဦးထဲမှာ အိပ်မက်ဆိုးတွေ ပေးခဲ့တဲ့သူပဲ”
လက်မည်းလေးက သူ့ကို ဖော်ရွေသည့်ပုံစံနှင့် ဝှေ့ယမ်းပြလိုက်သည်။
သို့သော် ချန်စဲကျစ်၏ပုံစံမှာ စက္ကန့်တိုင်းကို ကျော်ဖြတ်သွားပုံရ၏။
ယဲ့ကျားက အတွေးအပြည့်ဖြင့် မျက်လုံးတို့အား မှေးစင်းလိုက်သည်။
ဒီဇာတ်လမ်းကို ဘယ်လိုရှင်းပြရမလဲ
မိနစ်နှစ်ဆယ်ကြာပြီးနောက်
ချန်စဲကျစ်က သူ့လက်ထဲတွင် လက်ဖက်ရည်ပူပူတစ်ခွက်ကို ကိုင်ထားသည်။ သူ့မျက်နှာက ဖြူဖျော့နေသော်လည်း သူ့အမူအရာက ယခင်ကထက် များစွာ ပိုကောင်းလာသည်။
"ဒါဆို မင်းဆိုလိုတာက သူ အရင်က ကျွန်တော့်ကို တိုက်ခိုက်ခဲ့တာက ကျွန်တော်က စွမ်းအားကြီးတဲ့တစ္ဆေတစ်ကောင်ကြောင့် ညစ်ညမ်းနေလို့ပေါ့''
ယဲ့ကျားခေါင်းငြိမ့်လိုက်သည်။
“ဒါဆို ဘာလို့ ကျွန်တော် သူ့ကိုမြင်နေရတာလဲ"
''ငါမသိဘူး '' ယဲ့ကျားက ပုခုံးတွန့်လိုက်သည်။'' မကြာသေးခင်က မင်း သရဲတွေအများကြီးနဲ့ ကြုံခဲ့ရတာကြောင့် ဖြစ်နိုင်တယ်"
သာမန်လူများအနေဖြင့် ယင်စွမ်းအင်နှင့် အလွန်အကျွံ ထိတွေ့မိသောအခါ ယင်းက အတိုင်းအတာတစ်ခုအထိ ဝိညာဉ်ရေးရာအမြင်အာရုံကို ဖြစ်ပေါ်စေသည်။
''အဲ့ဒါဆို မင်း_ မင်းကရော'' ချန်စဲကျစ်က သတိကြီးကြီးဖြင့် မေးလိုက်သည်။
ယဲ့ကျားက အမြဲတမ်း နူးညံ့သိမ်မွေ့ပြီး ဆက်ဆံရလွယ်ကူသော်လည်း ချန်စဲကျစ်သည် အကြောင်းပြချက်တစ်ခုခုကြောင့် သူကမြင်ရသည်ထက်ပိုသည်ဟု ခံစားလိုက်ရသည်။သူက သူ့ကို မလေးစားပဲ မနေနိုင်သလို သူ့အကြောင်းပို၍လည်း သိချင်လာခဲ့သည်။
"မွေးရာပါ" ယဲ့ကျားက အမူအရာပြောင်းလဲသွားခြင်း မရှိဘဲ ပြန်ဖြေလိုက်သည်။
ဂိမ်းထဲမဝင်ခင်၌ သူ့တွင် ဝိညာဉ်ရေးရာအမြင်အာရုံမရှိသော်လည်း ယင်စွမ်းအင်များ၏ သိပ်သည်းနေသည့် ထိုနေရာတွင် နေထိုင်ပြီးနောက် ထိုစွမ်းရည်အား သဘာဝအတိုင်း ရရှိခဲ့သည်။
နောက်ဆုံးတွင်တော့ ထိုစွမ်းရည်အား မရသူများက သေနှင့်ကြပြီ ဖြစ်သည်။
"မင်းမှာ ဒီအရည်အချင်းရှိရဲ့သားနဲ့ ဘာလို့ တိုက်ခိုက်ရေးဌာနကို မဝင်တာလဲ" ချန်စဲကျစ် စိတ်လှုပ်ရှားလာပြီး "မင်းအကူအညီလိုသေးလား ကျွန်တော် ဦးလေးကိုပြောပေးနိုင်တယ်''
ယဲ့ကျား ''......''
တိုက်ခိုက်ရေးဌာနကို ဝင်ရမှာလား။
သူက အချိန်ပိုက နည်းလွန်းနေသေးတယ် ဒါမှမဟုတ် မုန်းတီးမှုအဆင့်သတ်မှတ်ချက်စာရင်းမှာရှိတဲ့ ဆုလာဒ်တွေက နည်းနေသေးတယ်လို့ တွေးနေလို့များလား။
ယဲ့ကျား "မလိုဘူး ထောက်ပံ့ပို့ဆောင်ရေးဌာနမှာ ဒီလိုမျိုး အေးအေးဆေးဆေး ငါ့ရဲ့နေ့ရက်တွေကို ဖြတ်သန်းရတာကပဲ ပိုကောင်းမယ်ထင်တယ်"
ချန်စဲကျစ် ''ဒါပေမယ့်... ''
ယဲ့ကျားက သူ့ကို ပြတ်သားစွာ ဖြတ်ပြောလိုက်သည် "ငါ ဒီအလုပ်ကို အရမ်းချစ်ပြီး ငါချစ်ရတဲ့ နယ်ပယ်အတွက်ပဲ အချိန်နဲ့ ခွန်အားတွေ အားလုံးကို မြှုပ်နှံချင်တယ်"
ချန်စဲကျစ် ''.......''
လူတစ်ယောက်က ငါးဆားနယ်တစ်ကောင်ရဲ့ဘဝကို အရမ်းဂုဏ်ယူစရာကောင်းနေသလိုမျိုး ဘယ်လိုလုပ်နေချင်နေရတာလဲ။
ယဲ့ကျားက သိသိသာသာ ပြန်လည်ကောင်းမွန်လာသော ချန်စဲကျစ်အား တံခါးဝသို့ လိုက်ပို့လိုက်သည်။သူက တစ်ဖက်လူ ထွက်ခွာမသွားမီတွင် တံခါးဘောင်ပေါ်သို့ လက်နှစ်ဖက်ကို တင်ကာ ချန်စဲကျစ်အား ပေါ့ပေါ့ပါးပါး ပြုံးပြလိုက်သည်။ "ဒီနေ့ ဖြစ်ခဲ့တာတွေကို တခြားသူတွေကို ပြောပြမှာတော့ မဟုတ်ဘူးမလား"
ဧည့်ခန်းထဲမှ တောက်ပသောအလင်းရောင်သည် ရွှေရောင်အလင်းတန်းများဖြာကျနေပြီး သူ့မျက်နှာဘေးဘက်တွင် အရိပ်ထင်နေစေခဲ့သည်။ သူ့မျက်လုံးများက အနည်းငယ် ကျဉ်းမြောင်းသွား သောကြောင့် ယခုအချိန်တွင် အထူးရည်မွန်နေပုံပေါ်သည်။
သို့သော်လည်း အကြောင်းတစ်ခုခုကြောင့် ချန်စဲကျစ်သည် ရုတ်တရက် သူ့ကျောထံမှ အေးစိမ့်လာသကဲ့သို့ ခံစားလိုက်ရသည်။
သူက ခေါင်းကို ခါယမ်းလိုက်သည် ။
ယဲ့ကျားက အပြုံးတစ်ခုဖြင့် လက်ဝှေ့ယမ်းပြကာ ''ကောင်းသောညပါ''
တံခါးပိတ်လိုက်သည်နှင့်တပြိုင်နက် ယဲ့ကျား၏ပခုံးနောက်တွင် လက်မည်းလေး ပေါ်လာပြီး "သူဘာမှမပြောဘူးဆိုတာ တကယ်ယုံလား"
ယဲ့ကျားက သူ့မျက်လုံးများကို မှိတ်လိုက်ပြီး ညင်သာစွာ ပြုံးလိုက်ကာ "ဒါပေါ့"
သူက လက်ချောင်းများကို အနည်းငယ်ကွေးလိုက်ရာ သူ့လက်ချောင်းထိပ်မှ အနက်ရောင်လေထုကြီး ထွက်ပေါ်လာပြီး တံခါးအောက်ရှိ နေရာလွတ်ကို ဖြတ်သွားခဲ့သည်။
လက်မဲလေး ''!''
ယဲ့ကျားက လက်ကို သူ့နှုတ်ခမ်းပေါ် တင်လိုက်ကာ ''ဘာလို့လဲဆိုတော့ ငါသူ့ကိုစောင့်ကြည့်နေမှာမို့လို့လေ''
လက်မည်းလေး ''.........''
ငါငိုး ဒီလူက ကြောက်စရာကောင်းချက်။
ငါ ဂိမ်းထဲ ပြန်သွားချင်တယ် ဝူးဝူးဝူးးး
.
မှောင်မိုက်သောညသည် မှင်နက်သဖွယ် ပျံ့နှံ့သွားပြီး မြို့တစ်ခုလုံးကို နစ်မြုပ်သွားစေသည်။
လူသူကင်းမဲ့နေသော လမ်းထောင့်တစ်နေရာတွင် လမ်းမီးတိုင်ငယ်လေးက တစ်ထီးတည်းရှိနေသည်။ ဝါဖျော့ဖျော့အလင်းရောင်လေးသည် အမှောင်ထုထဲသို့ နှစ်မြုပ်လုနီးပါး ဖြစ်နေ၏။
“Bzzz——”
လျှပ်စီးကြောင်း ပြတ်တောက်သွားသည့် အသံနှင့်အတူ အလင်းက အကြိမ်အနည်းငယ် မှိတ်တုတ်မှိတ်တုတ်ဖြစ်သွားသည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် ပြန်လင်းလာခဲ့ပြီး လမ်းထောင့်တွင် ပုံရိပ်တစ်ခု ရုတ်တရက် ပေါ်လာသည်။
အမှောင်ရိပ်တစ်ခုသည် ထိုအမျိုးသား၏ခြေဖဝါးအောက်မှ ထွက်လာပြီး ချွန်ထက်သောဓားသွားကဲ့သို့ အလင်းရောင်ကို ပိုင်းခြားကာ နောက်ဆုံးတွင် အဝေးမှ အမှောင်ထဲသို့ ဝင်ရောက်ပျောက်ကွယ်သွားသည်။
......
ကျီရွမ်သည် မျက်လုံးများကို ပင့်ကာ ကောင်းကင်သို့ မော့ကြည့်လိုက်သည်။
Mမြို့တွင်
သူမှလွဲ၍ အခြားမည်သူကမှ မမြင်နိုင်ပေ။ ဤမြို့ငယ်လေး၏ အပေါ်ရှိ ကောင်းကင်ယံတွင် မည်းမှောင်နေသော တိမ်လွှာများက ထူထပ်စွာ ဖုံးလွှမ်းနေသည်။ မှောင်မိုက်သော အမှုန်အမွှားများသည် အတူပေါင်းစပ်ကာ အခွင့်အရေးကို လျှို့ဝှက်စွာ စောင့်မျှော်နေပုံရသည်။
သူက အကြည့်လွှဲလိုက်ပြီး ထိုပြောင်းလဲမှုအား စိတ်မဝင်စားတော့ပေ။
တောက်ပသော အနီရောင်လှိုင်းလုံးများသည် မြေပြင်ထက်တွင် တဖြည်းဖြည်း ပေါ်ထွက်လာသည်။ သူတို့က ပင်လယ်လှိုင်းများကဲ့သို့ ကျီရွမ်ထံသို့ ပြေးသွားခဲ့သည်။
ယင်းက ရုပ်ပိုင်းဆိုင်ရာ အစိတ်အပိုင်းတစ်ခုအဖြစ်သို့ တဖြည်းဖြည်း မပြောင်းလဲမှီ ၎င်းမှာ ပိုမိုနီရဲလာသည်နှင့်အမျှ ပို၍ ကြီးထွားလာသည်။ အဖြူရောင်အရိုးကြီးများ အတောင်ပံများ ဖြစ်ပေါ်လာပြီး အရိုးများကြားတွင် သွေးနှင့် အသားအကြွင်းအကျန်များ တွဲလောင်းကျနေသေးသည်။ ထိုအရာအားလုံး၏ အောက်တွင် များစွာသော သွေးနီဥအရည်များက ရွေ့လျားနေပြီး မှုန်ဝါးကာ ထိတ်လန့်တုန်လှုပ်စရာကောင်းသည့် လူ့မျက်နှာများက ဝိုးတိုးဝါးတား ထွက်ပေါ်လာသည်။
၎င်းသည် ၄င်း၏ဆိတ်ဦးခေါင်းခွံကို မော့ပြီး နက်မှောင်သော မျက်လုံးခေါင်းပေါက်များနှင့် ရှေ့သို့ လှမ်းကြည့်လိုက်သည်။