အပိုင်း ၁၄
Viewers 10k

Chapter 14
ကျီရွမ်က ခေါင်းငုံ့လိုက်ပြီး သွယ်လျသော ဖြူဖျော့ဖျော့လက်ချောင်းများနှင့် ဦးခေါင်းခွံအနှံ့ ညင်သာစွာ ပွတ်သပ်လိုက်သည်။ သူ့အသံက တည်ငြိမ်ပြီး နူးညံ့နေသည်။ "လိမ္မာတဲ့ကလေးလေး''
ဤအခိုက်အတန့်တွင် အဝေးတစ်နေရာရှိ အမှောင်ထုထဲမှ တိုးညင်းသော အသံတစ်ခု ထွက်ပေါ်လာသည်။ "ကင်း အရှင် ကျွန်တော်တို့ကို သူ့ကို ရှာစေချင်သေးလား”
"မလိုဘူး” ကျီရွမ်က မျက်လုံးပင် ပင့်မကြည့်ဘဲ "သူ ပုံးကွယ်ချင်နေသ၍ မင်း သူ့ကို ဘယ်တော့မှ ရှာတွေ့နိုင်မှာ မဟုတ်ဘူး"
သူက မကောင်းဆိုးဝါးအနားသို့ ချဉ်းကပ်သွားပြီး သူ၏နား,နားတွင် တစ်စုံတစ်ခုကို တိုးတိုးပြောလိုက်သည်။
ဧရာမမကောင်းဆိုးဝါးကြီးသည် လှည့်ထွက်သွားပြီး ကြက်သွေးရောင်နှင့် အဖြူရောင်း ကျောရိုးများက ခံုးကြွသွားကာ ပင်လယ်ထဲ၌ ပြန်မြုပ်သွားသော ငါးကဲ့သို့ မြေကြီးထဲသို့ တိတ်တဆိတ် ပြန်နစ်မြုပ်ကာ သဲလွန်စမရှိဘဲ ပျောက်ကွယ်သွားခဲ့သည်။
ကျီရွမ်က သူ့မျက်လုံးကို ပင့်ကြည့်လိုက်သည်။ အေးစက်စက် အလင်းတစ်ပြက်က သူ့မျက်လုံးထဲတွင် ဖြတ်သန်းသွားသည်။
“ဒီမြို့မှာရှိတဲ့ စွမ်းအားကြီးသရဲတစ္ဆေတွေကို ခြေရာခံပြီး သူတို့တွေ စုကြတဲ့ နေရာကို ရှာလိုက်''
စွမ်းအားကြီးသရဲများက အဆင့်မြ
င့်လေ အချင်းချင်း ဆွဲငင်ခံရနိုင်ခြေ ပိုများလေဖြစ်သည်။
သူတို့က သူတို့ကိုယ်သူတို့ ကြီးထွားဖွံ့ဖြိုးစေရန်အတွက် အချင်းချင်း တိုက်ခိုက် စားသုံးရန် စိတ်အားထက်သန်ကြသည်။ ဤသည်မှာ သူတို့၏ ပင်ကိုယ်ဗီဇ အပြုအမူပင် ဖြစ်သည်။ သူတို့၏ စွမ်းအင်သည် ပိုမိုနက်မှောင်ပြီးသန့်စင်လေလေ အခြားသူများအတွက် ပိုချိုမြိန်ပြီး ဆွဲဆောင်မှုရှိလေလေဖြစ်သည်။
—- ဂိမ်းထဲမှလွဲ၍ ဤကဲ့သို့သော စွမ်းအားကြီးသရဲစွမ်းအင်ရှိသည့် အခြားနေရာမရှိပေ။
ပြီးတော့ သူရှာချင်သည့်လူကလည်း ခူးဆွတ်ချင်စရာ နို့ခဲလေးဖြစ်၏။
သူက သဘာဝသံလိုက်လေးပင်ဖြစ်သည်။ သူ့ကိုယ်သူ တမင်ဖုံးကွယ်ထား၍ ဤအကျိုးသက်ရောက်မှုက သိသိသာသာ အားနည်းသွားသော်လည်း ဆွဲဆောင်မှုကတော့ ရှိနေဆဲပင်။
လူ့အသိုင်းအဝိုင်းတွင် သူ့ကိုယ်သူ ပြီးပြည့်စုံအောင် ဖုံးကွယ်ထားလျှင်ပင် သူ့ပတ်ဝန်းကျင်၌ ထူးဆန်းသည့် အရာများ အမြဲလိုလို ဖြစ်ပျက်နေလိမ့်မည်ဖြစ်သည်။
“အဲဒီအဖွဲ့အစည်းနဲ့ပတ်သက်တဲ့ အရာအားလုံးကို စုံစမ်းစစ်ဆေးပြီး ပုံစံတွေကို ရှာဖွေလိုက်”
အမျိုးသား၏အသံက တည်ငြိမ်နေပြီး အမိန့်ပေးစဥ်၌လည်း ခြားနားမှုမရှိချေ။
''နားလည်ပါပြီ''
အမှောင်ထဲမှ တိုးညင်းသော အသံတစ်ခု ထွက်ပေါ်လာသည်။
ခဏကြာသော် အရာအားလုံး တိတ်ဆိတ်သွားပြန်သည်။
ကျီရွမ်သည် အဝေးမှ မှောင်မည်းနေသော ကောင်းကင်ကြီးကို မော့ကြည့်လိုက်သည်။ သူ့မျက်လုံးများက ဟိုးအဝေးမှ မှတ်ဥာဏ်ထဲသို့ ရောက်သွားသလိုပင် နက်နဲ၍နေသည်။
သူ့မျက်နှာထက်တွင် သွေးဆာနေသည့် အပြုံးလေးတစ်ခု ခဏမျှ မသိမသာပေါ်လာခဲ့သည်။
မသိလိုက်ပါဘဲ အချိန်တွေ အများကြီး ကုန်သွားခဲ့၏။
မင်းငါ့ကိုလွမ်းနေရဲ့လား ကောကော...
.......
အချို့သော သေဆုံးပြီးသက်မဲ့အရာများနှင့်ယှဥ်လျှင် မြို့မှာ Rcဖြင့်တည်ဆောက်ထားသည့် သက်ရှိနေထိုင်မှုနှင့် ပိုတူ၏။ အသက်ရှူသံများ၊ လှုပ်ရှားမှုများနှင့် ဘယ်တော့မှပင်ပန်းမသွားဘဲ အနားယူခြင်းမရှိ အဆက်မပြတ် အလုပ်လုပ်ခြင်းတို့ဖြင့်။(Rc- reinforced concrete)
အလုပ်ရှုပ်နေပုံရသော်ငြား ပြင်ပအသွင်အပြင်ကမူ ငြိမ်သက်နေကာ မြေအောက်ရေစီးကြောင်းများကမူ လှိုင်းထန်၍နေသည်။
ရုတ်တရက် နေရောင်မရောက်နိုင်သည့် အမှောင်ထောင့်တစ်နေရာမှ လေချွန်သံတိုးတိုးကို ကြားရ၏။
အနှီလေချွန်သံများက အမှောင်ထုအား လှိုင်းသဖွယ် ပျံ့နှံ့သွားကာ မြို့၏အမှောင်ထောင့်တိုင်းသို့ အလျင်အမြန် ရောက်ရှိသွားသည်။
ပြီးနောက် အလွန်အင်အားကြီးသည့် အမှောင်ထုက ကျရောက်လာသည်။
ဤတည်ရှိမှုမှာ လျစ်လျူရှုထား၍မရချေ။ ဆွဲငင်အားနယ်ပယ်၌ ရုတ်တရက် ပြောင်းလဲသွားသကဲ့သို့ မြို့တစ်ခုလုံးအား ထိခိုက်စေကာ ပြန်လည်ပြုပြင်ဖို့ရာ တွန်းအားပေးနေခဲ့သည်။
တစ်ချိန်တည်းမှာပင် မုန်းတီးမှုအဆင့်သတ်မှတ်ချက်စာရင်းရှိ အမြင့်ဆုံးဆုလာဘ်မှာ ထပ်မံ၍ နှစ်ဆတိုးသွား၏။
အရိပ်ထဲရှိတစ်စုံတစ်ရာက စတင်ရွေ့လျားလာလေသည်။
.......
“ဒေါက်ဒေါက်ဒေါက်!”
တံခါးခေါက်သံများက လျင်မြန်ပြီး ကျယ်လောင်၏။ ယင်းက ရုတ်တရက်ပင် တိတ်ဆိတ်မှုကို ချိုးဖျက်လိုက်၏။
အခန်းထဲရှိအလင်းရောင်တို့မှာ လုံးလုံးငြိမ်းသက်သွားပြီး အလင်းရောင်ဟူ၍ တစ်စွန်းတစ်စပင် မရှိတော့ဘဲ ညဘက်အပြင်ဘက်မှ အမှောင်ထဲရှိ တစ်စုံတစ်ခုနှင့် ပေါင်းစပ်သွားစေ၏။
မည်သူကမှ တံခါးခေါက်သံကို မတုန့်ပြန်ခဲ့ပေ။
“ဒေါက် ဒေါက် ဒေါက်!”
တံခါးရှိ တံခါးခေါက်သံက ပို၍ပင် မြန်လာခဲ့သည်။
တံခါးရှိဖုန်မှုန့်များက တံခါးခေါက်သံနှင့်အတူ လှုပ်ယမ်းနေပြီး ညစ်ပတ်ကာစိုစွတ်နေသည့် အောက်မှမြေပြင်ထက်သို့ အသာကျဆင်း၍နေသည်။
လှုပ်ယမ်းနေသည့်တံခါးနောက်တွင် ဝမ်ရှစ်ဇီနှင့်သူ၏ဇနီးက အခန်းထောင့်၌ တစ်ဦးနှင့်တစ်ဦး တင်းကြပ်စွာဖက်ထားရင်း တုန်ယင်နေကြသည်။
ကော်ရစ်ဒါရှိ အလင်းရောင်ဖျော့ဖျော့က တံခါးအောက်ရှိနေရာလွတ်မှ ဖြတ်သန်းဝင်ရောက်လာပြီး သူတို့၏ဖြူဖျော့ကာ မျက်ရည်များဖုံးလွှမ်းနေသည့် မျက်နှာတို့အား ထင်ရှားသွားစေသည်။
“ဒေါက် ဒေါက် ဒေါက်!”
သူတို့က ထပ်မံတုန်ရီသွားကာ ပါးစပ်ကို တင်းတင်းကြပ်ကြပ် ဖုံးကာထားလိုက်ကြသည်။ သူတို့၏မျက်လုံးများက ကြောက်ရွံ့မှုနှင့် ထိတ်လန့်မှုတို့ ပေါ်လွင်လျက် တံခါးအောက်ရှိနေရာလွတ်ကို စိုက်ကြည့်နေကြသည်။
မှုန်ဝါးဝါး အရိပ်နှစ်ခု ရွေ့လျားသွား၏။
ကြည့်ရသည်မှာ အပြင်ဘက်၌ တစ်စုံတစ်ယောက် ရှိနေပြီး တံခါးဖွင့်ပေးလာမည်ကို စောင့်နေခဲ့သယောင်။
“ပေါက်.” “ပေါက်.”
တံခါးကိုဖြတ်၍ ရေများတစ်စက်စက်ကျနေသံကို ခပ်ဖျော့ဖျော့လေး ကြားနေရသည်။
ဖက်ထားကြသူနှစ်ဦးမှာ မျက်လုံးမှိတ်လျက် နားများကို ဖုံးကာထားလိုက်ကြသည်။ သူတို့ဤသို့လုပ်ပါက တစ်စုံတစ်ဦး သူတို့အိမ်ထဲ ဝင်ရောက်လာမည်ကို တားဆီးနိုင်သည့်နှယ်။
မသိနိုင်သည့်အချိန်တို့ ကျော်ဖြတ်သွားသည်။
အရိပ်များက ထွက်သွားကြ၏။ တရွတ်ဆွဲနေသည့်ခြေသံများက ဖျော့သထက်ဖျော့ကာ ကော်ရစ်ဒါအဆုံး၌ ပျောက်ကွယ်သွားလေသည်။
သို့ပေသိ အခန်းထဲရှိနှစ်ဦးမှာ စိတ်ပြေလျော့ခြင်းမရှိသေးပေ။ ထို့အစား သူတို့က ပြိုလဲကျကာ ခါးခါးသီးသီး ငိုကြွေးလိုက်ကြသည်။
"ကျေးဇူးပြုပြီး... ငါတို့ကို လွှတ်ပေးပါတော့........"
............
နောက်တစ်နေ့ ညနေခင်းတွင်...
အလုပ်ဆင်းပြီးနောက် ဝမ်ရှစ်ဇီအိမ်ပြန်လာခဲ့သည်။
နေလုံးက တဖြည်းဖြည်း ဝင်နေပြီဖြစ်ကာ သူ၏အရိပ်ကို လမ်းငယ်လေးထက်သို့ ဆွဲဆန့်လိုက်၏။
အကွေ့အကောက်များသည့်လမ်းများက ရှင်းလင်းနေပြီး နံရံနှစ်ဖက်လုံးတွင် ကြော်ငြာအသေးလေးများ ကပ်ထား၏။ သူတို့အပေါ်တွင် ရေးထားသည့်စာများမှာ ခန့်မှန်းမရအောင်ပင် မှေးမှိန်နေ၏။
များစွာသော လက်ရေးစာများနှင့် ပုံများက နံရံထက်တွင် ပြန့်ကြဲနေသည်။
ညကတဖြည်းဖြည်းနက်လာပြီး တစ်ဝက်တစ်ပျက်လင်းနေသည့် မီးခိုးရောင်ကောင်းကင်ကြီးမှာ တဖြည်းဖြည်း အမှောင်ထုထဲသို့ ဝါးမြိုခံလိုက်ရကာ သူ၏အမြင်အာရုံတို့ ဝေဝါးလာသည်။
ဝမ်ရှစ်ဇီ၏အသားအရောင်မှာ သိပ်မကောင်းလှပေ။ မျက်အိတ်တွေကျနေကာ နေ့ပေါင်းများစွာ မအိပ်ရသေးပုံပေါ်နေသည်။
သူကလမ်းလျှောက်ရင်း ခလုတ်တိုက်ကာ လဲကျသွား၏။ ဘာအသံမှမကြားရလေ သူ့ကိုထိတ်လန့်စေလေဖြစ်ကာ ပုံမှန်မဟုတ်သည်တို့ ရှိမရှိအား စစ်ဆေးပေလိမ့်မည်။
“ဟတ်ချိုး!”
ရုတ်တရက်ပင် ဝမ်ရှစ်ဇီက နှာချေလိုက်၏။ သူက ယားယံနေသည့်နှာခေါင်းကို ပွတ်သပ်လိုက်သည်။ အချို့အကြောင်းအရင်းများကြောင့် သူပိုဝေးဝေးလျှောက်လေ အပူချိန်က ပို၍ နိမ့်ဆင်းလာပေပင်။
ရုတ်တရက် အေးခဲနေသည့်ရေထဲသို့ နစ်မြှုပ်သွားသကဲ့သို့ပင် အေးစိမ့်မှုက သူ့အရေပြားတစ်လျှောက် စိမ့်ဝင်လာပြီး ခိုက်ခိုက်တုန်လာသည်။
ဝမ်ရှစ်ဇီက ရှေ့တူရှုကိုသာ ကြည့်၍နေသည်။
ရှေ့ရှိလမ်းငယ်လေးက ရှည်လျားကျဥ်းမြောင်းကာ အမှောင်ထဲသို့ တိုးဝင်သွား၏။
သူပိုဝေးဝေးသွားလေ ပို၍မှောင်မိုက်လာလေပင်။
သူ ရုတ်တရက်ပင် နှလုံးခုန်မြန်လာ၏။
သူလမ်းလျှောက်နေတာ ဘယ်လောက်ကြာပြီလဲ။
ယေဘုယျကျကျဆိုရလျှင် သူလမ်းကျဥ်းလေးထဲ လျှောက်သွားပြီး ချိုးကွေ့လိုက်သည်နှင့်အမျှ သူနေသည့်နေရာကို ရောက်သွားလိမ့်မည်။
သို့ပေသိ ယနေ့တွင် နာရီဝက်ကျော် လမ်းလျှောက်လာရသလို ခံစားရပြီး အကြာကြီးလျှောက်လာသည့်တိုင် လမ်းဆုံးကို မမြင်ရသေးပေ။
ဝမ်ရှစ်ဇီ မတုန်လှုပ်ပဲမနေနိုင်တော့။ ကျောရိုးတစ်လျှောက် စိမ့်တက်သွား၏။
သေလုမတတ် တိတ်ဆိတ်ကာမှောင်မည်းနေသည့် လမ်းကျဥ်းလေးတွင် သူကြားရသည့်အသံဟူ၍ ပိုမိုလျင်မြန်လာပြီး ကတိုက်ကရိုက်ဖြစ်နေသည့် သူ့ခြေသံများသာ။
“ပေါက် ပေါက်……”
လမ်းကျဥ်းလေးအဆုံးတွင် ရေစက်ကျနေသည့် အသံတိုးတိုးကို ကြားရ၏။
ဝမ်ရှစ်ဇီက ရုတ်တရက် ခြေလှမ်းကို ရပ်လိုက်သည်။ သူ့ပုံစံက တစ်စုံတစ်ခုကို သတိပြုမိသွားပုံရကာ အမူအယာမှာလည်း ချက်ချင်း ပြောင်းလဲသွား၏။ သူကရှေ့ရှိလမ်းကျဥ်းလေးကိုကြည့်ရင်း ကြောက်ရွံ့မှုနှင့်အတူ တုန်လှုပ်သွားသည်မှာ သူ့အား ငရဲတံခါးဝက စောင့်နေသကဲ့သို့ပင်။
သူက ကြောက်လန့်တကြားဖြင့် လက်ဆွဲအိတ်ကို လွှင့်ပစ်ကာ ပြေးတော့သည်။
လေက သူ့နားရွက်များမှဖြတ်သွားပြီး သူ၏ကိုယ်ပိုင် ပင်ပန်းတကြီးအသက်ရှူသံဖြင့် ရောနှောသွား၏။ သူ၏ကိုယ်ခံအားက အလျင်အမြန် ကျဆင်းလာသည်ကို ပြောနိုင်သည်။
သူဘယ်လောက်ကြာအောင် ပြေးနေခဲ့မိသည်ကို မသိတော့ပေ။
သတိပေးခြင်းအလျဥ်းမရှိပါပဲ ဝမ်ရှစ်ဇီရပ်လိုက်သည်။
သူ၏မျက်နှာသည် ကြောက်ရွံ့ထိတ်လန့်မှုတို့ကြောင့် ကြည့်ရဆိုးနေပြီး သူ၏မူလဖြူဖျော်ဖျော့မျက်နှာမှာ စောစောက ပြေးခဲ့ခြင်းကြောင့် နီရဲ၍နေသည်။
အကြောင်းအရင်းမှာ သူပြေးနေရင်းဖြင့် တစ်စုံတစ်ခုကို သတိပြုမိသွား၍ဖြစ်၏။
နံရံထက်မှ ရှုပ်ထွေးနေသည့် အနီရင့်ရောင်လက်ရေးစာ/ပုံများမှာ သူခြေလှမ်းလိုက်တိုင်း ပို၍ထင်ရှားလာပုံရသည်။ ယခုမူ ယင်းတို့က ပို၍နီရဲလာရာ သတိမထားမိဖို့ရာ ခက်ခဲလေသည်။
ဝမ်ရှစ်ဇီက ခက်ခက်ခဲခဲ ခေါင်းပြန်လှည့်ပြီး သူ့အကြည့်များသည် နံရံတစ်လျှောက် ဖြည်းဖြည်းချင်း ရွေ့လျားသွား၏။
လမ်းကျဥ်လေးမှာ ယခုမူ အမှောင်ထုထဲ လုံးလုံးနစ်မြှုပ်သွားပြီဖြစ်ကာ အမှောင်ထုက သူ့အား တိတ်တဆိတ် လွှမ်းခြုံသွား၏။ သူကြားနိုင်သမျှအားလုံးမှာ သူ၏မြန်ဆန်နေသော နှလုံးခုန်သံနှင့် ဖရိုဖရဲ အသက်ရှူသံတို့သာ။
သူ —–
အပြုံးမျက်နှာတစ်ခုအား မြင်လိုက်ရသည်။
ယင်း၌ မျက်သားဖြူမပါရှိပေ။ ထို့အသား မျက်လုံးများမှာ လုံးဝနက်မှောင်နေပြီး သွေးနီရောင် ပါးစပ်ကြီးက ကြီးမားထူးဆန်းသည့် အဝိုင်းကြီးအဖြစ် ဟသွားသည်။ ယင်းက သူ့အား မျက်တောင်မခတ်ပဲ တိတ်တဆိတ် စိုက်ကြည့်နေသည်။
“အားးးးး——–!!”
စူးစူးဝါးဝါးအော်သံက ညကောင်းကင်ယံကို ဖောက်ထွက်သွားသည်။
*...........
ယဲ့ကျားက လက်တစ်ဖက်တွင် အမျိုးမျိုးသော စျေးဝယ်အိတ်များကိုသယ်ထားပြီး တစ်ဖက်က ပုလဲနို့လက်ဖက်ရည်ကို ကိုင်ထားကာ လူစည်ကားသည့်လမ်းတစ်လျှောက် ဖြည်းဖြည်းချင်းလျှောက်လာသည်။
ရုတ်တရက်ပင် သူကရပ်လိုက်ပြီး အကွာအဝေးတစ်ခုထံသို့ အတွေးအပြည့်ဖြင့် ကြည့်လိုက်၏။
ပတ်ဝန်းကျင်က ငြိမ်းချမ်းနေတဲပင်။ မည်သူကမှ တစ်စုံတစ်ရာကထူးဆန်းနေကြောင်း သတိပြုမိဟန်မပေါ်ပေ။
ယဲ့ကျား မျက်မှောင်ကြုတ်လိုက်သည်။
ယနေ့က သူနားရက်ရထားပြီး လေးရက်မြောက်ဖြစ်ကာ နေ့စဥ်သုံးပစ္စည်းအချို့ဝယ်ရန် စူပါမားကတ်သို့ သွားလာခြင်းပင်။
နေရာက နီးတာကြောင့် လက်မဲလေးက သူနှင့်အတူ လိုက်မလာပေ။ အနှီသရဲမှာ ဖုန်းကြောင့် ဆွဲဆောင်ခံလိုက်ရပြီး အပြင်မထွက်တော့ချေ။နေ့တိုင်းလိုလိုပင် ယင်းက အခန်းထဲအောင်းကာ ဖုန်းဖြင့်ကစားနေလေသည်။
အကယ်၍ သူသာ ဤနေရာ၌ရှိနေပါမူ ယင်စွမ်းအင်ကို အာရုံခံနိုင်ပြီး အနှီထူးဆန်းမှု၏ အရင်းအမြစ်ကို ချက်ချင်း ရှာတွေ့နိုင်လိမ့်မည်။
ယဲ့ကျား ခေတ္တမျှ တုန့်ဆိုင်းသွား၏။ အဆုံးတွင် သူက ထိုဦးတည်ရာသို့ ခြေလှမ်းကိုလှည့်လိုက်၏။
အားလုံးပြီးသည့်နောက် ဤနေရာမှာ သူ့အိမ်နှင့် နီးသည်။ ယင်းအား လွှတ်ထားလိုက်ခြင်းက အနာဂတ်တွင် ပြဿနာများစွာကို အလွယ်တကူ ဖြစ်စေလိမ့်မည်။
ပြီးတော့ ယဲ့ကျားအနေဖြင့် အမှန်တကယ်ကို အိမ်ထပ်မပြောင်းလိုတော့ပေ။
သူက ထူးဆန်းသော အတက်အကျများရှိနေသည့် လမ်းငယ်လေးအတိုင်း လိုက်သွားလိုက်သည်။
သူပိုသွားလေလေ လူတွေပိုနည်းလာလေလေပင်။
ည၏အကာအကွယ်အောက်တွင့် သံချေးနံ့ဖျော့ဖျော့ရနေသည်။ အကွာအဝေးပိုနီးလာလေ အနံ့ပိုပြင်းလာလေဖြစ်၏။
ယဲ့ကျား၏မျက်လုံးများက မသိမသာ ပြောင်းလဲသွားသည်။ သူအရှိန်မတင်ပဲ မနေနိုင်ချေ။
သူမရောက်သွားမှီ သွေးများစွန်းထင်နေသည့် ပုံရိပ်တစ်ခုက လမ်းကျဥ်းလေးမှ ထွက်လာသည်။ သူကတုန်ရီလျက် အော်ဟစ်နေ၏။ “အားးးး——သ..သရဲ——-အားးး—–”
ဝမ်ရှစ်ဇီက ကြောက်ရွံ့မှုတို့ပြည့်နေသည့် မျက်နှာဖြင့် တုန်လှုပ်နေပြီး သူပထမဆုံး တွေ့လိုက်ရသူကို ဆုပ်ကိုင်လိုက်သည်။
“ကယ်ပါ! ကူညီပေးပါ !!”
ယဲ့ကျားမှာ အတင်းအကြပ် ဖမ်းဆွဲခံထားရသည်။
သူ့လက်ထဲရှိ နို့လက်ဖက်ရည်များက မြေပြင်ထက်သို့ ပြုတ်ကျကာ ဖိတ်စင်ကုန်သည်။
ယဲ့ကျား : “!”
ငါ့နို့လက်ဖက်ရည်လေး!
သူ့တွင် ကြေကွဲနေရန် အချိန်ပင်မရလိုက်ပေ။ သူ့မျက်လုံးထောင့်၌ လမ်းကြားလေး၏ နက်ရှုင်းသည့်နေရာမှ ဖြူဖျော့ဖျော့ ပုံရိပ်တစ်ခုက ဖြည်းဖြည်းချင်း ပျောက်ကွယ်သွား၏။
ယဲ့ကျား အံ့အားသင့်သွားသည်။ သူ့မျက်လုံးတွေကို မှေးကျဥ်းလိုက်၏။
ဒီအနံ့……
ထိုအခိုက်တွင် မြင့်မားစူးရှလှသည့်အော်သံက သူ့နောက်မှထွက်လာသည်။
“အားးး!!! တစ်ယောက်ယောက် ကူညီကြပါ!! လူသတ်သမားရှိတယ်!!!”
ယဲ့ကျား : “…..”
ဖာ့ခ် ဘယ်လိုတောင် ကြောက်စရာကောင်းတဲ့ အချိန်ကိုက်မှုကြီးလဲ ။
မိနစ်လေးဆယ်ကြာပြီးနောက်
ရဲစခန်းတွင်..
“နာမည်?” ရဲဝန်ထမ်းက ခေါင်းငုံ့လျက် တစ်စုံတစ်ခုကို ရေးနေလေသည်။
ယဲ့ကျားက ထိုင်ခုံတစ်လုံးထက်တွင် အမူအယာမရှိ ထိုင်နေရင်း အသက်မဲ့စွာ ဖြေလိုက်သည်။ “…ယဲ့... ကျား...”
အခြေခံ သတင်းအချက်အလက်များကို မေးမြန်းပြီးနောက် ရဲသားက ခေါင်းမော့လာသည်။ “အဲ့အကြောင်း ပြောကြည့်ရအောင်၊ ဘာဖြစ်လာတာလဲ?”
ယဲ့ကျားက သူပုံမှန်မဟုတ်သော ယင်စွမ်းအင်အတက်အကျကို အာရုံခံမိသည့်အကြောင်းအား ချန်လှပ်ကာ ဖြစ်စဥ်အစအဆုံး အသေးစိတ်ကျကျ ရှင်းပြလိုက်သည်။
နားထောင်နေရင်း ရဲဝန်ထမ်းက သူ့မျက်စောင်းထိုး၌ ထိုင်နေသည့်တရားခံကို အကဲခတ်နေ၏။
လူငယ်လေးက မြင်ရသည်ထက် ပိုငယ်ပုံရသည်။ သူ၏အသားအရည်မှာ ကောင်းမွန်ကာ သူ၏ပယင်းရောင်မျက်လုံးများက ကြည်ရှင်းတောက်နေပြီး အလွန်ရှင်းရှင်းလင်းလင်း စကားပြောနေသည်။
သူ့ခြေထောက်နားတွင် စျေးဝယ်အိတ်ကြီးနှစ်လုံးကို ချထား၏။ ရဲသားက အနည်းငယ် သံသယဝင်နေသေးသော်ငြား အများအားဖြင့်တော့ သူ့စကားကို ယုံကြည်နေ၏။
ထိုအခိုက်တွင် သူ့ဘေးရှိဖုန်း မြည်လာသည်။
ရဲသားက ဖုန်းဖြေလိုက်ပြီးနောက် စကားအနည်းဆိုကာ သူ့မျက်ခုံးများ ပြေလျော့လာသည်။
သူကဖုန်းချလိုက်ပြီး ယဲ့ကျားထံ ဖောင်ကို ပေးလိုက်ကာ "ဖြည့်လိုက်၊ ပြီးရင် မင်းသွားလို့ရပြီ"
သူဖြည့်နေစဥ် ယဲ့ကျားက သူ့ဆန့်ကျင်ဘက်မှ ရဲသားကို စပ်စပ်စုစုဖြင့် ကြည့်လိုက်သည်။
“ဘာလို့လဲ ၊ တစ်ခုခုဖြစ်လို့လား”
“ဟားး၊ ဘာမှမဟုတ်ပါဘူး၊ အဲဒါကဆေးရုံကလာတဲ့ သတင်းပါ...” ရဲသားက ခေါင်းယမ်းလိုက်ပြီး “စစ်ဆေးပြီးတော့ သူအဆင်ပြေပုံပဲ၊ သူအကြောက်လွန်သွားတာလို့ ထင်တယ်၊ သူ့ခေါင်းကဒဏ်ရာကလည်း သူ့ကိုယ်သူလုပ်ထားတာ ...”
သူက ယဲ့ကျားထံမှဖောင်ကိုယူပြီး ဘေးတွင်ထားကာ အကြံပေးလိုက်သည်။ “ဒီအချိန်အတောအတွင်း မြို့ထဲက မထွက်ပါနဲ့၊ ငါတို့မေးစရာရှိလာရင် မင်းကိုလာရှာမယ် ...”
“ကောင်းပါပြီ...” ယဲ့ကျားက ခေါင်းညိတ်သည်။ “ကျေးဇူးတင်ပါတယ် ၊ မစ္စတာရဲသားကြီး ...”
သူက ဘေးရှိ စျေးဝယ်အိတ်နှစ်ခုကို ငုံ့ကောက်ပြီး ရဲစခန်းအပြင်ဘက်ကို ထွက်လာခဲ့သည်။
အပြင်ဘက်တွင် မီးရောင်များက လင်းထိန်နေပြီး အချက်ပြမီးတို့ကလည်း လင်းနေကာ လူများစွာလည်း ရှုပ်ယှက်ခတ်၍နေသည်။ ဤသက်ဝင်လှုပ်ရှားနေသော မြင်ကွင်းက ယဲ့ကျား၏တွန့်ချိုးလက်စ မျက်ခုံးတို့ကို မပြေလျော့နိုင်စေခဲ့ပေ။
စောစောက လမ်းကျဥ်းလေးတွင် စွမ်းအားကြီးသရဲတည်ရှိမှုကို သူအတိအကျခံစားခဲ့ရသည်။
ပြီးတော့ သူ့ကိူဖမ်းဆွဲခဲ့သည့် လူကြီးမှာရောပင်။ ရဲသားက သူအဆင်ပြေပုံရသည်ဟု ဆိုသော်ငြား သေခြင်းတရားလေထုက သူ့အား သိပ်သည်းစွာ ဖုံးအုပ်ထား၏။ သူ၏အသက်စွမ်းအင်က နွမ်းလျနေပြီး သေဖို့များသည်မှာ ထင်ရှားသည်။
ယဲ့ကျားမှာ သူက သူတော်စင်မဟုတ်ရကား ဤသို့သော တစ္ဆေခြောက်သည့်ကိစ္စများအတွက် အမြဲတမ်းမပြင်ဆင်ထားမိဟု ခံစားလိုက်ရ၏။
ရာချီထောင်ချီသည့် သေဆုံးပြီးဝိဥာဥ်များစွာ ရှိလေသည်။ ဂိမ်းထဲတွင် နှစ်ပေါင်းများစွာ ကစားပြီးနောက် ယဲ့ကျား ယင်းတို့နှင့် ရင်းနှီးလာခဲ့သည်။ သူ့လက်များပင်လျှင် သိပ်သန့်ရှင်းမနေသဖြင့် အဘယ်ကြောင့်များ မြင့်မြတ်သည့်အသွင်နှင့်ကယ်တင်သူဇာတ်ကောင်ကို ကစားနေရမည်လဲ။
သို့သော်လည်း….
အချို့အကြောင်းပြချက်များကြောင့် အနှီသရဲ၏အနံ့က ရင်းနှီးသည်ဟူသော ထူးဆန်းသည့်ခံစားချက်ကို ပေးစွမ်းနေ၏။
ယင်းနှင့် ခဏတာမျှသာ တွေ့ကြုံခဲ့ရသည်မှာ သနားဖို့တော့ကောင်းသည်။ ထိုရင်းနှီးကျွမ်းဝင်မှု မည်သည့်နေရာမှ လာသည်ကို ရှာဖွေရန် အချိန်မလောက်ပေ။
သူစစ်ဆေးသင့်လား။
ယဲ့ကျား ခေတ္တမျှ တွေးလိုက်သည်။
…….တော်ပါ၊ မေ့လိုက်တော့ ။
Xxxxxx