အပိုင်း ၁၅
Viewers 10k

Chapter15
ဂိမ်းထဲတွင် စွမ်းအားကြီးတစ္ဆေသရဲများစွာကို သူတွေ့ဖူးသည်။ ရင်းနှီးသည့်ခံစားချက်ရသည်မှာ မထူးဆန်းပေ။
ထို့ထက်ပို၍ သူက ထိုထူးဆန်းသော မုန်းတီးအဆင့်သတ်မှတ်ချက်စာရင်း၏ ပထမဆုံးအဆင့်မှာ ရှိနေသေးသည်။ ထိုမျှလောက်သော ရင်းနှီးမှုခံစားချက်လေးအား ဖမ်းဆုပ်နိုင်ရန်အတွက် သူ၏ကြိုးစားအားထုတ်မှုကို စတေးရန် မလိုအပ်ပေ။
ယဲ့ကျားက သူ၏တစ်ဝက်တစ်ပျက်ခြောက်သွေ့နေသည့် အင်္ကျီလက်များကိုကြည့်ကာ သက်ပြင်းချလိုက်သည်။
အာ သူ့နို့လက်ဖက်ရည်လေး မှောက်ကျသွားတာ သနားစရာပဲ။
နောက်တစ်နေ့တွင်
ယဲ့ကျားသည် သူသဘာဝအတိုင်း နိုးမလာမှီ သက်တောင့်သက်သာဖြင့် အိပ်ခဲ့ရသည်။ သူ့ကိုယ်သူ ဆေးကြောသန့်စင်ပြီနောက် သူကမီးဖိုချောင်သို့သွားကာ လက်ဖက်ရည်တစ်ခွက် ဖျော်လိုက်၏။
သူပြန်လှည့်ထွက်မသွားနိုင်မှီမှာပင် တံခါးအပြင်မှ အသံတိုးတိုးလေးကို ကြားလိုက်ရသည်။
“ဒီအလွှာဆိုတာ သေချာလို့လား?”
“အင်း သေချာတယ်...”
“ဒီ... ဒီနေရာလား?”
“အင်း၊ ဟုတ်တယ်...”
အသံနှစ်ခုမှာ အလွန်ရင်းနှီးနေ၏။ ယဲ့ကျား တံခါးနားတွင် အေးခဲသွားသည်။
ခြေသံများက ချဥ်းကပ်လာသည်။
“ဒေါက်.. ဒေါက်.. ဒေါက်...”
အသာအယာတံခါးခေါက်သံ ထွက်လာသည်။
“ဟယ်လို ကျွန်တော်တို့က အထူးစုံစမ်းရေးဌာနကပါ၊ အချိန်ခဏလောက် ပေးနိုင်မလား ”
ယဲ့ကျား၏ အမြင်အာရုံ မည်းမှောင်သွားသည်။ သူ့အားလပ်ရက်ကလေးက အတောင်ခတ်ကာ အဝေးသို့ ပျံထွက်သွားသည်အား မြင်နေရသည်။ “…….”
မလုပ်ပါနဲ့……
ယဲ့ကျားက အမူအယာကင်းမဲ့စွာဖြင့် တံခါးဖွင့်လိုက်သည်။
အံ့သြစရာကောင်းစွာပင် တံခါးဝ၌ ရင်းနှီးနေသော မျက်နှာနှစ်ခုပေါ်လာသည်။
ကျောက်ကွမ်းချန်နှင့် ချန်စဲကျစ်တို့ ဖြစ်သည်။
ဦးစွာအားဖြင့် အံအားသင့်သွားပုံပေါ်ကာ နောက်တွင် ပုံမှန်ဖြစ်သွားသည်။ သူ့အနေဖြင့် လွန်ခဲ့သည့် ရက်အနည်းငယ်က တုန်လှုပ်ချောက်ချားမှုမှ ပြန်လည်ကောင်းမွန်လာခြင်းမရှိသေးသည်မှာ ထင်ရှားသည်။
ယဲ့ကျားကိုမြင်လိုက်လျှင် ကျောက်ကွမ်းချန်က သူ့လက်ထဲမှ လျှောက်လွှာကို ငုံ့ကြည့်လိုက်ပြီးနောက် တအံ့တသြဖြင့် ခေါင်းပြန်မော့လာပြီး ''အာ မင်းကိုး ငါက ဒီနာမည်ကို ဘာလို့ရင်းနှီးနေပါလိမ့်လို့ သိချင်နေတာ''
ချန်စဲကျစ်က အားစိုက်ထုတ်ပြီး ပြုံးကာ ''အစ်ကိုယဲ့ မင်္ဂလာနံနက်ခင်းပါ''
အဘယ်ကြောင့်ဆူညံနေရသည်ကို စစ်ဆေးရန် အပြေးရောက်လာသည့် လက်မဲလေးက ယဲ့ကျားနောက်မှ ထွက်ပေါ်လာပြီး သူ့ကို အားရပါးရလက်ဝှေ့ယမ်းပြလိုက်သည်။ ''ဟိုင်း''
''........'' ချန်စဲကျစ်က နောက်တစ်ကြိမ်မူးလဲ သွားတော့မည့်ပုံ ပေါ်နေသည်။
''ဒါဆို'' ယဲ့ကျားက မေးလိုက်သည်။ ''ခင်များတို့နှစ်ယောက်က ဒီအချိန်ကြီး ဘာလုပ်ဖို့ ရောက်လာတာလဲ''
ကျောက်ကွမ်းချန်က ဟာသတစ်ခုပမာ ရယ်မောရင်း ခေါင်းကုတ်လိုက်ကာ ''ငါတို့မှာ ဝန်ထမ်းအင်အားက မလုံလောက်ဘူးဆိုတော့လေ...''
ကောင်းပြီ ငါသိပြီ။ဆက်ရှင်းပြစရာမလိုတော့ဘူး။
အတိုချုံးစကားပြောပြီးနောက် ယဲ့ကျားသည် ဗျူရို၏ စုံစမ်းစစ်ဆေးခြင်း တိုးတက်မှုကို အခြေခံအားဖြင့် ခန့်မှန်းလိုက်နိုင်သည်။
ယမန်နေ့ကတွေ့ခဲ့သောလူအား ဝမ်ရှစ်ဇီခေါ်သည်။ သူက ဤနေရာမှ နှစ်ဘလောက်မျှအကွာတွင် နေထိုင်သည်။ သူတို့နှစ်ဦးက ဆေးရုံသို့ရောက်ရှိခဲ့ပြီးဖြစ်ကာ ပါဝင်ပတ်သက်သူများနှင့် အကျဉ်းချုံးပြောဆိုခဲ့သည်။
"ဒါက အိပ်မက်ဆိုးနဲ့မတူဘူး"
ချန်စဲကျစ်က ပြောသည်။
"ဟုတ်တယ် ဒါကရည်ရွယ်ချက်ရှိရှိနဲ့ ပစ်မှတ်ထားလွန်းနေတယ်"
ကျောက်ကွမ်းချန်က ခေါင်းညိတ်ပြီး ကောက်ချက်ချလိုက်သည်။
“ဒုက္ခပေးနေတဲ့ သရဲနဲ့ ပိုတူတယ်”
အိပ်မက်ဆိုးတစ်ခုတွင် ပိတ်မိနေခြင်းက ယေဘူယျအားဖြင့် ကြုံရာကျပန်းဖြစ်သော်လည်း သရဲတစ္ဆေများမှ ဒုက္ခဖြစ်စေသောအခါတွင်မူ လုံးဝကွဲပြားသည်။ သူတို့မှာ စွဲလန်းခြင်းတစ္ဆေသရဲများဖြစ်၍ သူတို့သေခြင်းတရားနှင့် သက်ဆိုင်သော လူများကိုသာ ရှာဖွေကြသည်။
ချန်စဲကျစ်က ထောက်ခံလိုက်သည်။ ''ကျွန်တော်လည်း အဲ့လိုပဲထင်တယ် ဝမ်ရှစ်ဇီဆိုတဲ့လူက ကျွန်တော်တို့ကို တစ်ခုခုကို ဖုံးကွယ်ထားပုံပဲ”
အလုပ်ကို အလျင်အမြန် ခွဲဝေလိုက်ကြသည်။
ချန်စဲကျစ်ကပြော၏။ "ကျွန်တော် ရဲစခန်းကိုသွားပြီး ဒီဝမ်ရှစ်ဇီက လူသတ်မှု ဒါမှမဟုတ် ပျောက်ဆုံးမှုနဲ့ ဆက်နွှယ်မှု ရှိ၊ မရှိ စစ်ဆေးဖို့ သူတို့ရဲ့ ဖိုင်တွေကို ကြည့်လိုက်မယ်"
“ကောင်းပြီ။” ကျောက်ကွမ်းချန်က ခေါင်းညိတ်ပြီး "ဒါဆို ယဲ့ကျားနဲ့ငါ သူ့အိမ်သွားပြီး သူ့မိသားစုတွေဆီက တစ်ခုခုသိနိုင်မလားဆိုတာ ကြည့်လိုက်မယ်''
အနှီတာဝန်တွင် နားမလည်နိုင်စွာ ပါဝင်လိုက်ရသည့် ယဲ့ကျား "......"
သေစမ်း! ဘာလို့တုန်း ။
ကျောက်ကွမ်းချန်က ယဲ့ကျားကိုကြည့်ပြီး ရှက်ကိုးရှက်ကန်းနှင့်ပြောသည်။ "ဟဲဟဲ... အဓိက,ကတော့ အုပ်စုခွဲပြီး စုံစမ်းတာက ပိုထိရောက်လို့လေ၊ ဒါပေမယ့် အခင်းဖြစ်တဲ့ နေရာကိုရောက်ရင် ကိရိယာတွေကို ကိုင်တွယ်နိုင်တဲ့တစ်စုံတစ်ယောက်ကို ငါလိုတယ်—"
သူက ယဲ့ကျား၏ အေးစက်စက် မျက်နှာကို ကြည့်ပြီး သူ့ရင်ဘတ်ကို သက်သာရာရစွာ ပွတ်သပ်ကာဖြင့် “ဒီနေ့ မင်းကို ဧည့်ခံမယ်ကွာ! နို့လက်ဖက်ရည်အပါအဝင် မင်းကြိုက်တာ မှာလို့ရတယ်!"
ယဲ့ကျားက ယဥ်ကျေးစွာငြင်းပယ်ရန်ပြင်လိုက်သည် ''နေ...''
ထိုအခိုက်တွင် ပျင်းရိနေသော လက်မဲလေး ရောက်ရှိလာပြီး သူ၏တည်ရှိမှုကို ထုတ်ပြလာ၏။ “အိုး ဟုတ်သားပဲ ၊ ရွှေပဲစေ့ကိုဝယ်လို့ရတယ်ဆိုတာ သိလား ၊ ရွှေပဲစေ့တွေ အများကြီးဝယ်လိုက်ပြီ…”
''ဒင် ''
စားပွဲပေါ်က ဖုန်းက တုန်ခါသွားသည်။
စာတိုတစ်စောင် ပေါ်လာ၏။
ယဲ့ကျားက ဟန်ချက်ညီညီဖြင့် ငုံ့ကြည့်လိုက်သည်။
ယင်းက ခက်ခဲလွန်းပါ၏။ သူက လက်သီးကို တင်းတင်းဆုပ်ထားလိုက်သည်။
သူက ယနေ့ညစာအတွက် ဘတ်ဂျက်ကို အသေးစိတ် တွက်ချက်ပြီးနောက် အသက်ပြင်းပြင်းရှူကာ သူ့ကို တောက်ပသော မျက်လုံးများနှင့် ကြည့်နေသည့် ကျောက်ကွမ်းချန်အား မော့ကြည့်လိုက်သည်။ သူက တုန့်ဆိုင်းစွာဖြင့် ပြုံးပြလိုက်သည်။
“……သဘောတူတယ်...”
မိနစ်နှစ်ဆယ်ကြာပြီးနောက်
ယဲ့ကျားနှင့် ကျောက်ကွမ်းချန်မှာ ရိုးရှင်းသော လူနေအဆောက်အအုံတစ်ခုရှေ့သို့ ရောက်လာသည်။
ဆေးရောင်ပြယ်နေသော နံရံများက အကွက်အပျောက်များဖြစ်နေပြီး အရောင်အမျိုးမျိုးရှိသော အဝတ်အစားများအား သူခိုးရန်မှ ကာကွယ်ရန်အလို့ငှာ သံချောင်းများဖြင့် ကာထားသော လသာဆောင်အတွင်းတွင် တန်းလန်းချိတ်ဆွဲထားသည်။ မဖြတ်မတောက်ထားရသေးသည့် စိမ်းလန်းသောအပင်များသည် ထိုနေရာမှ တွယ်တက်ကပ်ပေါက်နေ၍ အလွန်အသက်ဝင်လှသည်။
ယဲ့ကျား သူ့ရှေ့မှ အဆောက်အဦးကို မော့ကြည့်လိုက်သည်။ သူက အတွေးနစ်နေသကဲ့သို့ မျက်မှောင်ကြုတ်နေပြီး မကြာခင် သူ့အကြည့်များကို ရုပ်သိမ်းလိုက်သည်။
နှစ်ယောက်သားက ရှေ့နောက် လျှောက်လာကြသည်။
အဆောက်အဦးတွင် ဓာတ်လှေကားမရှိပေ။ နေ့ခင်းဘက်ဖြစ်နေသော်လည်း စင်္ကြမှာ အလွန်မှောင်နေပြီး ဗြုတ်စဗျင်းတောင်းများက ဘေးတစ်ဖက်တစ်ချက်စီတွင် ရှုပ်ပွနေသည့်အတွက် သွားလာရပိုမိုခက်ခဲစေသည်။
ကျောက်ကွမ်းချန်က တံခါးတစ်ခုရှေ့တွင် ရပ်လိုက်သည်။
သူက တံခါးခေါက်လိုက်ပြီး "ဟယ်လို ဒါက မစ္စတာဝမ်ရှစ်ဇီရဲ့ အိမ်လား"
တံခါးတစ်ဖက်မှ အမျိုးသမီးတစ်ဦး၏ အသံထွက်လာ၏ "ငါတို့ ဘာမှ မဝယ်ထားပါဘူး''
“ကျွန်တော်တို့က အထူးစုံစမ်းစစ်ဆေးရေးဌာနကပါ'' ကျောက်ကွမ်းချန်က ယဉ်ကျေးစွာ ပြောဆိုလိုက်သည်။ "ကျွန်တော်တို့ကို အချိန်ခဏလောက် ပေးလို့ရမလား"
အတွင်းဘက်မှ ခြေသံများ ထွက်ပေါ်လာသည်။
“ဂျောက်.” “ဂျက်.”
တံခါးသော့ကို ဆွဲဖွင့်သောအခါ ထွက်လာသည့် သတ္တုတိုက်မိသံကို ကြားရသည်။ ထို့နောက်တွင် သံကြိုးသော့ဖွင့်သံကြားရပြီး နောက်ဆုံးတွင် တံခါးလက်ကိုင်က အလိုအလျောက် သော့ပွင့်လာခဲ့သည်။
စုစုပေါင်း အချိန်တစ်မိနစ်ကျော်မျှ ကြာလေသည်။
ကျောက်ကွမ်းချန် နှင့် ယဲ့ကျားတို့က တစ်ယောက်နှင့်တစ်ယောက် အကြည့်ချင်းဖလှယ်လိုက်ကြသည်။
နောက်ဆုံးတွင် တံခါးပွင့်လာသည်။
ဖြူဖျော့ကာ ထိတ်လန့်နေဟန်ရသော အမျိုးသမီးတစ်ဦး၏ မျက်နှာက တံခါးအဟကြားလေးမှပေါ်လာသည်။ သူမက အပြင်သို့ကြည့်ကာမေးလိုက်သည်။
''မင်းတို့က ငါ့ယောက်ျားကို ဘာအတွက်ရှာနေကြတာလဲ''
ကျောက်ကွမ်းချန်က သူ၏အထောက်အထားကို ပြသပြီး “ဒါ ပုံမှန် စုံစမ်းစစ်ဆေးမှုတစ်ခုပါပဲ မကြာသေးခင်က အိမ်မှာ ထူးထူးခြားခြား ဖြစ်ပျက်ခဲ့တာမျိုး ရှိလားလို့ မေးလို့ ရမလား''
အမျိုးသမီး၏ မျက်နှာတွင် ကြောက်ရွံ့မှု အရိပ်အယောင်များ ပေါ်လာသည်။ သူမက တုန်လှုပ်သွားပြီး ခေါင်းခါလိုက်သည်။
''မရှိပါဘူး''
သူမက တံခါးကိုပိတ်လိုက်ချင်သော်လည်း ကျောက်ကွမ်းချန်က ၎င်းကို လျှင်မြန်စွာ တုံ့ပြန်လိုက်၏။ “ခဏစောင့်ပါဦး မနေ့က ခင်များယောက်ျား ဘာဖြစ်သွားလဲ ခင်များသိပြီးသားဖြစ်မယ်လို့ ထင်ပါတယ်"
သိသိသာသာ တုန်ယင်လာသည်။
''အဲ့တော့ ဘာဖြစ်လဲ''
"မဒမ် ဒါကို ပိုအလေးအနက်ထားဖို့ မျှော်လင့်ပါတယ်" ကျောက်ကွမ်းချန်က မျက်မှောင်ကြုတ်လိုက်ပြီး သူ့အမူအရာက လေးနက်လာသည်၊၊
"ဒါမျိုး တွေ ဆက်ဖြစ်နေရင် ခင်များနဲ့ခင်များအမျိုးသား အသက်ရှည်ရှည်နေနိုင်မှာမဟုတ်ဘူးဆိုတာ သိလား"
အမျိုးသမီး၏ အမူအယာက ယိမ်းယိုင်သွားသည်။
သူတို့နှစ်ဦးကြား မတည်မငြိမ်ဖြစ်နေစဉ်တွင် ကျောက်ကွမ်းချန်၏ဖုန်း ရုတ်တရက်မြည်လာသည်။
ဖုန်းတစ်ဖက်မှလူနှင့် ခေတ္တစကားပြောပြီးနောက် သူ့အမူအရာ အနည်းငယ်ပြောင်းသွားသည်။
သူက ဖုန်းမချသေးဘဲ ဖြည်းညှင်းစွာမေးလိုက်သည်။
"ခင်များရဲ့ညီမ ကျောက်ရှားခယ်က လွန်ခဲ့တဲ့ငါးနှစ်လောက်က ရေလှောင်ကန်ထဲ ပြုတ်ကျပြီး ရေနစ်သွားတာ ဟုတ်လား"
''ဘာ!'' အမျိုးသမီး၏ အမူအရာ ရုတ်တရက် ပြောင်းလဲသွားသည်။သူမ၏မျက်နှာက ကြောက်ရွံ့ခြင်းနှင့် ဒေါသထွက်ခြင်းတို့ကြောင့် ကြည့်ရဆိုးနေကာ အထူးသဖြင့် စိတ်မချရသည့်ပုံပေါက်နေပြီး ရဲရဲနီနေသောမျက်လုံးများဖြင့် "ထွက်သွား! ချက် ချင်းထွက် သွား! ငါ့နေရာမှာ ဒီလို ရိုင်းရိုင်းစိုင်းစိုင်းတွေပြောဖို့ မင်းကို ဘယ်သူက အခွင့်အာဏာပေးခဲ့တာလဲ ဒါ ငါ့နေရာပဲ၊ ထွက်သွားကြ''
သူမသည် တံခါးကိုပိတ်ချင်သော်လည်း ကျောက်ကွမ်းချန်က ဖယ်ပေးရန်ငြင်းဆန်နေခဲ့သည်။
နှစ်ယောက်သား အခြေအနေက တင်းမာနေသည်။
ယဲ့ကျားက ရုတ်တရက် ကြားဖြတ်ပြောလိုက်သည်။ "ခင်များရဲ့ လက်ရှိအခြေအနေတွေကို ကောင်းကောင်းသိလိမ့်မယ်လို့ ယုံကြည်တယ်"
သူ့အသံက တည်ငြိမ်လွန်းပြီး ဂရုမစိုက်မှု အနည်းငယ်လည်း ရှိနေသည်။
"ခင်များပြောတာကို ဘယ်သူမှ ယုံမှာ မဟုတ်ဘူး၊ ခင်များ တွေ့ကြုံခဲ့ရတာကိုလည်း ဘယ်သူမှ နားလည်နိုင်မှာ မဟုတ်ဘူး" ယဲ့ကျားက ရှေ့သို့ ခြေတစ်လှမ်းတိုးပြီး သူ့လက်ကို မြှောက်လိုက်ကာ တံခါးဝမှ ကျောက်ကွမ်းချန်အား ညင်သာစွာ တွန်းဖယ်လျက် သူ့ကို ပိတ်ဆို့ခြင်းမှ တားဆီးလိုက်သည်။ "ပြီးတော့ ကျွန်တော်တို့က ခင်များကို ကူညီပေးနိုင်တဲ့ တစ်ဦးတည်းသော လူတွေပဲ"
သူက မျက်လွှာချကာ သူ့ရှေ့မှ သိသိသာသာ တုန်လှုပ်နေသော အမျိုးသမီးကို စိုက်ကြည့်လိုက်သည်။သူ၏ မျက်လုံးအစုံက အလင်းရောင်ဖြင့် တောက်ပနေပြီး သူ့အသံက အတက်အကျမရှိပေ။
''အဲ့ဒါကြောင့် ကျွန်တော်တို့ကို ဝင်ခွင့်မပေးမှာ သေချာပြီလား''
တံခါးကို ကိုင်ထားသည့် အမျိုးသမီး၏ လက်က အနည်းငယ် တုန်ခါသွားကာ သူမ၏ မျက်လုံးများက စိုးရိမ်နေသည့် အရိပ်အယောင်များ ပေါ်လာသည်။
အချိန်အတော်ကြာ တိတ်ဆိတ်သွားပြီးနောက် သူမ၏ ခန္ဓာကိုယ်တွင်းရှိ ခွန်အားများ ဆုတ်ယုတ်သွားသလိုပင် ခေါင်းငိုက်စိုက်ကျသွားသည်။ သူမက နောက်ပြန်ဆုတ်သွားပြီး အမှောင်ခန်းအတွင်းမှ သူမ၏ မှိုင်းညို့သောအသံ ထွက်ပေါ်လာသည်။
“…..ဝင်လာခဲ့ပါ”
......
“…..အစကတော့ ဖုန်းဝင်လာတာမျိုး နည်းနည်းရှိခဲ့တယ်' ” ကျောက်ဝမ့်ကျွင်းက သူမမျက်နှာကို လက်ဖဝါးထဲ မြှုပ်လိုက်ပြီး တုန်တုန်ယင်ယင်ဖြင့် ပြောလာသည်။
"အဲ့ဒါက ညသန်းခေါင်ရောက်တာနဲ့ အမြဲလာလေ့ရှိတယ်၊ ဖုန်းပြန်ဖြေလိုက်ရင် ဘယ်သူမှ စကားမပြောဘူး ရေတွေ ရွှဲရွှဲစိုအောင် စီးကျ ကျနေတဲ့ အသံတွေပဲကြားရတာ”
“နောက်တော့ အဲဒီအသံကို နေရာအနှံ့ကြားလာရတယ် အပြင်မှာ၊ အိမ်မှာ၊ အလုပ်မှာ…”
သူမက စိတ်ဆင်းရဲနေသော မျက်လုံးတစ်စုံဖြင့် မော့ကြည့်လိုက်ပြီး သူမ၏ မျက်လုံးအောက်မှ အရိပ်များက အတော်ပင် ခြောက်ချားစရာကောင်းနေသည်။
“အဲ့တစ်မျိုးတည်းမဟုတ်ဘူး… သာမန်ဘဝမှာ မင်းကြားရတဲ့ ရေတွေတပေါက်ပေါက်ကျနေတဲ့အသံ ပုံမှန်အသံမျိုးပဲ… သေချာမပိတ်ထားတဲ့ရေဘားက ရေကျသံလိုလေ၊ ဒါပေမယ့် အဲ့အသံက ငါတို့နဲ့ ပိုပိုပြီးနီးကပ်လာတယ်"
“လွန်ခဲ့တဲ့ငါးရက်လောက်က ပယောဂဆရာ တစ်ယောက်ကို ဖိတ်လိုက်သေးတယ် ငါတို့က သူမကို ဒေါသထွက်ပြီး ……..ပြီးတော့ …ပြီးတော့....”
ကျောက်ဝမ့်ကျွင်းက အထိန်းအကွပ်မဲ့စွာ တုန်လှုပ်လာသည်။ သူမအသံက ကြောက်ရွံ့မှုများနှင့်အတူ ကျယ်လောင်စူးရှလာပြီး “အဲဒီနေ့ကစပြီး သူမက ညတိုင်း တံခါးလာခေါက်တယ် ညတိုင်းပဲ"
သူမက စိတ်ချောက်ချားမှုကြောင့် စူးစူးဝါးအော်လာ၏။ “သူမသေဆုံးတာက မတော်တဆမှုတစ်ခုပဲ မတော်တဆမှုတစ်ခုလေ ငါ့အပြစ်မှမဟုတ်တာ ငါ့အပြစ်မဟုတ်ဘူး!!"
ကျောက်ကွမ်းချန်က ယဲ့ကျားကို မှိတ်ပြပြီး သူ့ကို အဝေးသို့ ဆွဲလိုက်သည်။ သူက အသံကိုလျှော့ပြီး မေးလိုက်သည်။
“မင်း သူပြောတာကို ယုံလား”
ယဲ့ကျားကပြန်မေးလိုက်သည်။ "မင်း အဲ့ဒါကို မယုံဘူးလား"
''သေချာတာပေါ့'' ကျောက်ကွမ်းချန်က ခိုင်မာစွာ ပြောလိုက်သည်။
''သရဲကလက်စားချေဖို့ရှာနေတာ သူတို့က သူတို့သေဆုံးမှုနဲ့ တိုက်ရိုက်ပက်သက်တဲ့လူတွေ ဒါမှမဟုတ် သွယ်ဝိုက်ပြီးပက်သက်နေတဲ့လူတွေကို အမြဲသွားရှာကြမှာပဲ တကယ်လို့ ဒါကမတော်တဆဖြစ်ရပ်သာဆိုရင် ဒီသရဲက ဒီလောက်အကြာကြီး လမ်းပျောက်နေတဲ့ဝိဥာဥ်လို အနားမှာလျှောက်သွားနေမှာမဟုတ်ဘူး''
သူက ဆက်လက်၍ "လမ်းပျောက်ဝိညာဉ်ကို ကိုင်တွယ်ဖြေရှင်းဖို့ တိုက်ခိုက်ရေးဌာနကို သတင်းပို့မယ်၊ လွန်ခဲ့တဲ့ငါးနှစ်က အဖြစ်အပျက်ကို ပြန်ပြီး စုံစမ်းစစ်ဆေးရအောင်၊ ဗျူရိုကတဆင့် ရဲတွေကို ဆက်သွယ်ကြစို့"
ကျောက်ကွမ်းချန်၏ စကားမဆုံးခင်တွင် ယဲ့ကျားက ရုတ်တရက် စကားစဖြတ်ပြောလိုက်၏။
"ဘာလို့ သူတို့ကငါးနှစ်တောင် စောင့်ရတာလဲ"
သူ အနည်းငယ် ထိတ်လန့်သွားပြီး "ဘာကိုလဲ"
ယဲ့ကျားက အောက်ငုံ့ကြည့်ကာ ထပ်မံဆိုလိုက်၏။ “လက်စားချေမယ့် သရဲသာဆိုရင် ဘာလို့ ဒီလိုလှုပ်ရှားမှုတွေ မလုပ်ခင် ငါးနှစ်လောက်အထိ စောင့်ခဲ့ရတာလဲ”
ကျောက်ကွမ်းချန်တွင် အဖြေမပေးနိုင်ချေ။ “အဲဒါက…..”
ယဲ့ကျားက အခန်းထဲတွင် ရှုပ်ပွနေသော ပရိဘောဂများကို လှည့်ပတ်ကြည့်ရှုပြီး မျက်လုံးများကို ဖွဖွမှိတ်ထားလိုက်သည်။
ဤနေရာရှိ လေထုထဲတွင် သရဲတစ္ဆေနှင့် ပတ်သက်သောလက္ခဏာဖြစ်သည့် ပြင်းထန်သည့် ယင်စွမ်းအင်များပြည့်နှက်နေသည့်အပြင် ကျောက်ဝမ့်ကျွင်း၏ လေသံမှ ကြောက်ရွံ့မှုနှင့် အပြစ်ရှိခြင်းတို့သည် အတုလုပ်၍မရနိုင်သော အရာဖြစ်သည်။
သို့သော်လည်း တစ်ခုခုက မူမမှန်ပုံရနေသည်။
ယဲ့ကျားက ကျောက်ကွမ်းချန်၏ ပုခုံးကို ပုတ်လိုက်ပြီး "မင်းပြောတဲ့အတိုင်းပဲ လုပ်ရအောင် ညီအစ်ကို"
နာရီဝက်ကြာပြီးနောက်
တိုက်ခိုက်ရေးဌာနမှ အဖွဲ့တစ်ဖွဲ့က လျင်မြန်စွာရောက်ရှိလာပြီး သူတို့လက်ထဲမှ အမှုကို လွှဲယူလိုက်သည်။
ယဲ့ကျားသည် အောက်ထပ်တွင် ရပ်ကာ နောက်ဆက်ဖြစ်မည့်အရာကို စောင့်နေသည်။
ချန်စဲကျစ်က လှေကားထက်မှ အလျင်အမြန် ဆင်းလာသည်။
"အစ်ကိုယဲ့'' သူက မောဟိုက်နေသေးသော်လည်း သူ့မျက်လုံးများက တောက်ပနေပြီး "စိတ်မပူနဲ့တော့အားလုံးကို စုစည်းထားပြီးပြီ!"
သူက ခေတ္တအနားယူလိုက်ပြီး ဆက်ပြော၏။ “ဒါ့အပြင် ရဲနဲ့ ကျွန်တော်တို့ ပူးပေါင်းဆောင်ရွက်နေတာ ကြာပြီ ၊သရဲကို ကိုင်တွယ်ဖြေရှင်းပြီးတာနဲ့ ရဲတွေက ကျောက်ရှားခယ့် ပျောက်ဆုံးသွားတဲ့အမှုကို ဆက်စုံစမ်းစစ်ဆေးသွားလိမ့်မယ်"
ထိုအခိုက်တွင် အပေါ်ထပ်မှ ဆူညံသံသဲ့သဲ့ ထွက်ပေါ်လာသည်။ ဝမ်ရှစ်ဇီ၏ အိမ်ပြတင်းပေါက်များသည် တစ်ချက် ဖျက်ခနဲ လင်းထိန်သွားသည်။
ချက်ချင်းပင် စင်္ကြံလမ်းဆီမှ ခြေသံများ ကြားလိုက်ရသည်။
ကျောက်ကွမ်းချန်က ပထဆုံးထွက်လာသည်။ သူက ယဲ့ကျားကို 'အဆင်ပြေတယ်'ဟူသော အမူအရာပြပြီး စိတ်ပါလက်ပါပြုံးကာဖြင့် "အားလုံးပြီးပြီ! အလုပ် ကို အောင် မြင် စွာ ပြီး မြောက် သွားပြီ"
သူက ယဲ့ကျားနှင့် ချန်စဲကျစ်၏ပခုံးပေါ်တွင် သူ့လက်များကို တင်လိုက်ပြီး "သွားမယ် သွားမယ် သွားမယ် ငါမင်းတို့နှစ်ယောက်ကို ထမင်းကျွေးမယ်…"
သူက ယဲ့ကျားကို ဆွဲခေါ်သွားသည်။ မသွားခင်တွင် သူ့နောက်မှ လူနေအဆောက်အအုံကို လှည့်ကြည့်လိုက်သည်။
ပထမထပ်၏ ဘယ်ဘက်ရှိ အိမ်တစ်အိမ်သည် အပြင်ဘက်တွင် လင်းထိန်နေသော်လည်း ထူထဲသော ကန့်လန့်ကာများ ချိတ်ဆွဲထားဆဲဖြစ်ကြောင်း ရုတ်တရက် သတိပြုမိလိုက်သည်။
ကန့်လန့်ကာက အနည်းငယ်ရွေ့သွားသည်။မှောင်နေသော အခန်းအတွင်းမှ အဘိုးအိုတစ်ဦး၏ ဖြူဖျော့သောမျက်နှာ ပေါ်လာသည်။