အပိုင်း ၁၆
Viewers 10k

Chapter 16
သူက သွေးရောင်လွှမ်းကာ မှုန်မှိုင်းနေသော မျက်လုံးအစုံဖြင့် စူးစူးဝါးဝါး ကြည့်နေသည်။ သူ့မျက်နှာတွင် ကျောက်ဝမ့်ကျွင်နှင့် အတိအကျ တူညီသော အမူအရာရှိနေ၏။ အတိအကျပင် ကြောက်ရွံ့မှုနှင့် အပြစ်ရှိစိတ်လည်း ရှိနေသည်။
ယဲ့ကျား၏မျက်ဝန်းများက ကျဥ်းမြောင်းသွားပြီး စေစ့စေ့ပ်စပ်ကြည့်လိုက်သည်။
အဆောက်အဦးတစ်ခုထဲမှာ နှစ်ယောက်လား။
ဤအရာမှာ သရဲမှလက်စားချေသည့်ကိစ္စ မဟုတ်တော့ပေ။
အစောပိုင်းက ရင်းနှီးသည့် ခံစားချက်အား သူ အဘယ့်ကြောင့် ခံစားခဲ့ရသည်ကို ယခု သိသွားပြီဖြစ်သည်။
ကစားနေသည်မှာ နတ်ဆိုး သို့မဟုတ် စွမ်းအားကြီးသရဲတစ္ဆေမဟုတ်ပဲ ယင်းက မကောင်းဆိုးဝါးတစ်ကောင်ပင်။
သွေးစွန်းနေသော လက်များဖြင့် ရက်စက်ကြမ်းကြုတ်သော ငရဲထဲမှ ထွက်လာသည့် မကောင်းဆိုးဝါးတစ်ကောင်ဖြစ်သည်။ ၎င်း၏ တစ်ကိုယ်လုံးတွင် အဆုံးမရှိသော လောဘနှင့် ဆာလောင်မှုတို့သာရှိပြီး နံရံတစ်ခုလုံး၊ မြို့တစ်ခုလုံးနှင့် ကမ္ဘာတစ်ခုလုံးကိုပင် မျိုချလိုက်ရလျှင်ပင် မည်သည့်အခါမျှ ကျေနပ်နိုင်မည်မဟုတ်ပေ။
ကြာကြာထားလေလေ၊ သန်မာလာလေလေဖြစ်ပြီး ဖျောက်ဖျက်ရန် ခက်ခဲလေလေဖြစ်လာလိမ့်မည်။
ယဲ့ကျား ပြန်လှည့်သွားပြီး ကျောက်ကွမ်းချန် နှင့် ချန်စဲကျစ်တို့နှင့်အတူ လျှောက်သွားခဲ့သည်။
သက်ပျင်းတစ်ချက်က လေကြောင့် ပြိုကွဲလျော့ပါးသွား၏။
သူ ယနေ့ည ဤနေရာကို ပြန်လာဖို့ လိုအပ်ပုံရသည်။
…….
နေရောင်ခြည် မရောက်နိုင်သော အမှောင်ထောင့်တွင် မျက်နှာတစ်ခု ဖြည်းညှင်းစွာ ထွက်ပေါ်လာသည်။ နီမြန်းသော နှုတ်ခမ်းများက ကြောက်မက်ဖွယ် အပြုံးတစ်ခု ဖြစ်ပေါ်လာပြီး ၎င်း၏ နက်မှောင်သော မျက်လုံး တစ်စုံသည် ထွက်ခွာသွားသော ယဲ့ကျား၏ ပုံရိပ်ကို စိုက်ကြည့်နေသည်။
အနှီလူက မနှစ်မြို့ဖွယ်အမှတ်တရများအား မည်မျှပင် နက်နက်ရှိုင်းရှိုင်း မြှုပ်နှံထားပြီး သူ့အတွက် ဤမျှ ကြွယ်ဝသော ရနံ့ကိုပင် ပိုင်ဆိုင်ထားသည်မှာ မပြောနိုင်သည့် လျှို့ဝှက်ချက်များ မည်မျှအထိရှိနေကြောင်း
ယင်းက စိတ်ဝင်စားစရာကောင်းသော သားကောင်ဖြစ်ရမည်။
......
ထိုညတွင်
လူနေအဆောက်အအုံဟောင်းကြီးမှာ ညအမှောင်အောက်၌ တစ်ထီးတည်း တည်ရှိနေသည်။
၎င်းသည် နေ့ဘက်တွင်ရှိသော အဆောက်အအုံနှင့် အတူတူပင်ဖြစ်ကြောင်း ထင်ရှားသော်လည်း ည၏လွှမ်းမိုးမှု အောက်၌ အေးစက်သညွလေထုဖြင့် ဝန်းရံထားသည်။
အဆောက်အဦးရှေ့တွင် လူငယ်တစ်ဦး ရပ်တန့်သွားသည်။
သူက ခေါင်းကိုမော့ပြီး သူ့ရှေ့ရှိ အဆောက်အဦးဟောင်းကို မော့ကြည့်လိုက်သည်။
နက်ရှိုင်းသောအမှောင်ထုက အရာအားလုံးကို လွှမ်းခြုံထားပုံရပြီး ရလဒ်အနေဖြင့် အဆောက်အဦး၏နယ်နိမိတ်များကိုပင် မှုန်ဝါးသွားစေခဲ့သည်။ တိတ်ဆိတ်နေသောအချိန်တွင် မကြားနိုင်လောက်သည့် စကားသံကို ကြားလိုက်ရသည်။ တစ်ခုခုက ဖြည်းညှင်းစွာ နိုးထလာသကဲ့သို့ပင်။
လူနေအဆောက်အအုံတွင် မည်သည့်မီးမှ လင်းမနေပေ။
မှောင်မည်းနေသော ပြတင်းပေါက်များက ဗလာဖြစ်နေသော မျက်လုံးအခေါင်းပေါက်များနှင့်တူသည်။
လေက အေးပြီး စေးကပ်နေသည်။ အထဲမှ အနံ့ဆိုးများက ပျံ့လွင့်၍နေ၏။
နေ့ခင်းဘက်တွင် သူအပြည့်အဝ မယုံကြည်ရဲခဲ့သော်လည်း ယခုအခါ ၎င်းနှင့်ပတ်သက်၍ သံသယဖြစ်စရာ မရှိတော့ပေ။
ယဲ့ကျားက သူ့အကြည့်ကို ရုပ်သိမ်းပြီး သက်ပြင်းချလိုက်သည်။
၄င်းမှာ အလွန်ဆိုးရွားသော နတ်ဆိုးတစ်ကောင်ဖြစ်သည်။ ယင်း၏ အကြိုက်ဆုံး အစားအစာမှာ မုန်းတီးမှုနှင့် နောင်တရမှုများကြောင့် နှိပ်စက်ခံခဲ့ရသော ဝိညာဉ်များဖြစ်သည်။ ၎င်းက အခြားစိတ်ဝိညာဉ်များကို ထိန်းချုပ်ကာ လှည့်စားမှုများကို ဖန်တီးမည်ဖြစ်ပြီး မျက်လုံးပိတ်သွားသော လူသားများအား စားသုံးခြင်းမပြုမီ ဖြည်းဖြည်းချင်း အချဉ်ဖောက်ကာ ၎င်းနှစ်သက်ရာအရသာအဖြစ် ပြောင်းလဲပစ်ပေလိမ့်မည်။
လက်မည်းလေးက သူ့ပခုံးပေါ်မှ ခေါင်းပြူထွက်လာပြီး တုန်တုန်ယင်ယင်ဖြင့် တိုးတိတ်စွာမေးလိုက်သည်။
"ဒီမှာ ယင်စွမ်းအင်က သိပ်သန်မာလွန်းမနေဘူးလား လူဘယ်နှစ်ယောက်တောင် စားပြီးပြီလဲ”
အလွန်နည်း၏။
ယဲ့ကျားက မျက်လုံးများ ကျဥ်းမြောင်းလိုက်သည်။
သို့သော်လည်း လက်မည်းလေး၏ မေးခွန်းအားဖြေရန် အဆင်သင့်မဖြစ်သေးချေ။
သူ့က ထုတ်ဖော်မပြောဘဲ လက်ကို မြှောက်လိုက်ပြီး သူ့ပုခုံးပေါ်မှ လက်မည်းလေးကို အထုံးတစ်ခုဖြစ်သည်အထိ ချည်နှောင်လိုက်ပြီး ရုန်းကန်နေသော လက်မည်းလေးအာ သူ့အိတ်ကပ်ထဲသို့ မညှာမတာ ထည့်လိုက်သည်။
ယဲ့ကျားက နှာမှုတ်လိုက်သည်။ “'fight the land lord' ဆော့ဖို့ သူများ ပိုက်ဆံတွေကို ချေးငှားသုံးနေရတဲ့ သရဲတစ်ကောင်မှာ ပြောပိုင်ခွင့်မရှိဘူး”
လက်မဲလေး ''....''
အောင်မြင်စွာ ပိတ်လှောင်ပြီးနောက် ယဲ့ကျားက အဆောက်အဦးထံသို့ လျှောက်သွားလိုက်သည်။
စင်္ကြံရှိ မီးများလင်းလာသည်။
အဝါရောင်အလင်းတန်းက အနည်းငယ် မှိန်ဖျော့နေသည် ။ ၄င်းသည် ပတ်ဝန်းကျင်မှ အမှောင်ထုကို အနိုင်မယူနိုင်ပေ။ ရှင်းလင်းနေသောစင်္ကြံတွင် အမျိုးမျိုးသော ပစ္စည်းများဖြင့် ပြည့်နေသော်လည်း ၎င်းသည် သက်ရှိများ နေထိုင်ခြင်း၏ လက္ခဏာမျိုး မတွေ့ရပေ။ အလွန်တိတ်ဆိတ်နေသည်။ ကိုယ့်နှလုံးခုန်သံကိုပင် ခပ်တိုးတိုးကြနေရ၏။
ယဲ့ကျားသည် ယနေ့မွန်းလွဲပိုင်းတွင် ချောင်းကြည့်နေခဲ့သော အဘိုးအို၏ တံခါးဆီသို့ တည့်တည့်လျှောက်သွားလိုက်သည်။
တံခါးဝသို့ ရောက်သောအခါ သူ့အရှိန်က တဖြည်းဖြည်း ရပ်တန့်သွားသည်။
တံခါးကမပိတ်ထားပေ။
ယနေ့မွန်းလွဲပိုင်းတွင် အခိုင်အမာသော့ခတ်ထားသော ဝမ်ရှစ်ဇီ၏တံခါးနှင့်မတူဘဲ ဤတံခါးမှာ တစ်ဝက်သာပိတ်ထားပြီး ကျန်တစ်ဝက်မှာ ပွင့်နေကာ အတွင်းဘက်တွင် အနက်ရောင်အမှောင်ထုကို ထင်ရှားနေစေသည်။
ယဲ့ကျား ခဏမျှရပ်လိုက်သည်။ သူက လက်ကို မြှောက်ကာ တံခါးကို တွန်းဖွင့်လိုက်၏။
တိတ်ဆိတ်ကာ မှောင်မိုက်နေသောညတွင် တံခါးပေါ်ရှိ ပတ္တာက တစ်ကျွီကျွီနှင့် ပွင့်လာခဲ့သည်။
အမှောင်ခန်းအတွင်းမှ ထူးခြားသော လူအိုနံ့တစ်ခု ထွက်ပေါ်လာသည်။ အခန်းက အမျိုးမျိုးသော ပစ္စည်းများဖြင့် မတ်တပ်ရပ်စရာနေရာမရှိလောက်အောင် ပြည့်လုနီးပါးဖြစ်နေသည်။
အခန်းထောင့်တွင် ကုလားထိုင်တစ်လုံးရှိနေသည်။ ကုလားထိုင်ပေါ်တွင် နက်မှောင်သော ပုံရိပ်တစ်ခုထိုင်နေ၏။
ယဲ့ကျားက မီးခလုတ်ကို ဖွင့်လိုက်သည်။ မီးဖွင့်လိုက်သည်နှင့် မီးရောင်က ကုလားထိုင်တွင် ထိုင်နေသော အဖိုးအိုပေါ်သို့ အလင်းဖြာကျသွားသည်။
သူ၏ရှုံ့တွနေသော သူ့မျက်နှာမှာ မည်းမှောင်နေပြီး မှိုင်းနေသော မျက်လုံးများက အပေါ်ကောင်းကင်ဆီသို့ တိတ်တဆိတ် ဆုတောင်းနေသကဲ့သို့ အဝေးကို ငေးကြည့်နေသည်။
စစ်ဆေးရန် မလိုအပ်ဘဲ ဤလူက သေဆုံးသွားပြီဖြစ်ကြောင်း ယဲ့ကျားသိလိုက်သည်။
အောက်ကိုငုံ့ကြည့်လိုက်ရာ အဘိုးအို၏ ခြောက်ကပ်နေသော လက်အောက်တွင် ကပ်နေသည့် စာရွက်တစ်ရွက်ကို တွေ့လိုက်ရသည်။
ယဲ့ကျား မျက်မှောင်ကြုတ်လိုက်သည်။ သူက မြေပြင်ပေါ်ရှိ ပြန့်ကျဲနေသော ပစ္စည်းများကို ကျော်တက်ကာ အခန်းထဲသို့ ဝင်လာခဲ့သည်။
သူက အဘိုးအို၏ အေးစက်တောင့်တင်းနေသောလက်ထဲမှ ထိုစာရွက်ကို ထုတ်ယူပြီး ဖြန့်ထုတ်ကာ အလင်းရောင်အောက်တွင် အကြောင်းအရာများကို ဂရုတစိုက်ဖတ်လိုက်သည်။
အဘိုးအို၏လက်ရေးသည် ရှုပ်ထွေးပြီး ကောက်ကွေးနေကာ သူဖတ်လာသည်နှင့်အမျှ လိုက်လျောညီထွေမှု နည်းပါးလာသည်။ သူ ပုံဖော်၍ မရသောအရာများပင်(သူဖတ်မရ) ရှိသည်။
(….မကြာသေးခင်က အိမ်မှာ ထူးဆန်းတာတွေ အများကြီး ဖြစ်ပျက်ခဲ့တယ် ကျန်းချန်က ငါဇဝေဇဝါဖြစ်နေတာလို့ ပြောပေမယ့် ငါကတော့ မင်းပြန်လာတယ်ဆိုတာ သိတယ် မင်းက အရမ်းစောစော ထွက်သွားပြီး ငါ့ကို တစ်ခါတောင် လာမတွေ့ဖူးဘူး အဲဒါငါ့အပြစ်ပါ ငါအသုံးမကျလို့ မင်းရဲ့ ဆေးဖိုးဝါးခအတွက်တောင် ပိုက်ဆံ မစုနိုင်ခဲ့ဘူး...
မင်း ပထမဆုံးထွက်သွားတည်းက ငါနေ့တိုင်းစောင့်နေပေမယ့် မင်းငါ့ကို လာမတွေ့ဘူး...
အခု မျက်လုံးတွေမှိတ်ထားရုံနဲ့ မင်းရဲ့အသံကို ငါကြားနိုင်ပြီး မျက်လုံးတွေကိုဖွင့်လိုက်တာနဲ့ မင်းရဲ့အရိပ်ကို ငါမြင်နိုင်တယ်။ မကြောက်ဘူးလို့တော့ မပြောနိုင်ပေမယ့် ……. အနည်းဆုံးတော့ ငါတစ်ယောက်တည်းနေရတာထက် ပိုကောင်းပါတယ်
မင်းငါ့ကို လာခေါ်သွားဖို့ ဆန္ဒရှိနေတာ အရမ်းကောင်းတယ် ရပါတယ်... အနည်းဆုံးတော့ မင်းငါ့ကို မတွေ့ချင်တော့ဘူးဆိုပြီး အပြစ်မတင်ဘူးလေ...)
ထို့နောက်ပိုင်း ရေးထားသည့်စာများက ရေများစွန်းထင်းနေကာ နားမလည်နိုင်တော့ပေ။
ယဲ့ကျားက သူ့အကြည့်တို့အား အောက်ပို့လိုက်သည်။။ သူ့မျက်တောင်အရိပ်များက သူ့မျက်လုံးထဲမှ ခံစားချက်များအား ဖုံးအုပ်ထားသည်။
ရုတ်တရက် အဘိုးအို၏ ဖြူဖျော့သောလက်များ လှုပ်ရှားသွားသည်။
သူသည် ယဲ့ကျား၏လက်ကောက်ဝတ်ကို သံကုပ်တစ်ခုကဲ့သို့ ဖမ်းကိုင်လိုက်ကာ အလွန်ကြောက်စရာကောင်းပြီး ရဲရဲနီနေသော ပြူးကျယ်သည့်မျက်လုံးများဖြင့် သူ့ကို စိုက်ကြည့်လျက် သူ့ပါးစပ်မှ ကျယ်လောင်သော အသံများ ထွက်လာသည်။
''မင်းပဲ၊ အဲဒါမင်းပဲ!"
“စောစောလာခဲ့ရင်…မင်းသာ စောစောလာရင်…”
သူ၏ တုန်ရီနေသောလက်ချောင်းများက တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားပြီး အရိုး ကွဲအက်သံများပင် ထွက်လာသည်။
“ငါသေမှာမဟုတ်ဘူး……”
“ဟုတ်လား။” ယဲ့ကျားနောက်မှ အသံတစ်ခုထွက်လာသည်။
ထိုရင်းနှီးသောအသံသည် သူ့မှတ်ဉာဏ်များတွင် နက်နဲစွာ နစ်မြုပ်နေခဲ့သော အမှတ်ရစရာများကို ချက်ချင်းပင် ပေါ်လာစေသည်။ မြစ်ရေက နုန်းများ တက်လာစေသကဲ့သို့ပင် ယင်းက အနံ့အသက်ဆိုးတွေ သယ်ဆောင်လာသည်။
ယဲ့ကျားအနည်းငယ် လန့်သွားသည်။
သူက ထိုအသံလာရာ အရင်းအမြစ်ကို လှည့်ကြည့်လိုက်သည်။
သူ့နောက်တွင် သွေးများနှင့် ပြည့်နေသည့် လူတစ်ယောက် ရပ်နေ၏။ သူ၏ ရင်ဘတ်နှင့် ဝမ်းဗိုက်တွင် ကြီးမားပြီး ကြောက်စရာကောင်းသော အပေါက်ကြီး ရှိနေပြီး အပေါက်မှ အနက်ရောင်သွေးများက အဆက်မပြတ် ထွက်ကျနေသည်။
ယဲ့ကျား ဤမျက်နှာကို မှတ်မိသည်။
၎င်းသည် သူ့ပထမဆုံး အတွေ့အကြုံမှ သူ၏ အသင်းဖော်ဖြစ်ပြီး —- သူ့ရှေ့တည့်တည့်တွင် ပထမဆုံး သေဆုံးခဲ့သူလည်း ဖြစ်သည်။
အချိန်အတော်ကြာခဲ့ပြီဖြစ်သော်လည်း ယဲ့ကျားက ထိုအခိုက်အတန့်အား ကောင်းကောင်းမှတ်မိနေသေးသည်။
မကောင်းဆိုးဝါးတစ်ကောင်၏ လက်ချောင်းများက တို့ဟူးအပိုင်းအစကို ဖြတ်သကဲ့သို့ ထိုလူ၏ ရင်ဘတ်ထဲသို့ ဖောက်ဝင်သွားသည်။ ထိုလူ၏ သွေးရောင်ကင်းမဲ့နေသောမျက်နှာသည် သူ့အား မျက်နှာမူလျက် ကြောက်ရွံ့မှု၊ နာကျင်မှု၊ စိတ်ပျက်အားငယ်မှုနှင့် ဆုံးရှုံးမှုများဖြင့် ရောထွေးနေခဲ့ကာ သူက ထွက်ပြေးဖို့ ရုန်းကန်ရင်း “ကယ်ပါ……” ဆိုသည့် စကားတစ်ခွန်းသာ ပြောနိုင်ခဲ့သည်။
ထိုလူမှာ ပြော၍မပြီးမှီ၌ပင် အစားခံလိုက်ရသည်။
ထိုအချိန်တွင် ယဲ့ကျားသည် သူ့မျက်နှာတွင် သွေးများ စွန်းထင်းနေကာ ထိုနေရာ၌ အေးခဲစွာ ရပ်နေခဲ့သည်။ သူ့တစ်ကိုယ်လုံး ထိန်းမနိုင်သိမ်းမရ တုန်လှုပ်နေသည့်အပြင် ထိုအချိန်မှစ၍ ကြောက်စရာကောင်းသော မြင်ကွင်းအား သူ့မျက်လုံးများတွင် စွဲထင်သွားတော့သည်။
ထိုအချိန်မှာပင် ဤဂိမ်းက မည်မျှရက်စက်ကြောင်း သူသိလိုက်ရသည်။
အနိုင်ရရင်ရ မဟုတ်ရင် သေမှာပင်။
ထိုလူက ယဲ့ကျားကို မုန်းတီးစွာ ကြည့်နေသည်။
''မင်းကြောင့် ငါတို့ သေခဲ့ရတာ''
အဝါရောင်အလင်းဖျော့ဖျော့က အပေါ်မှဖြာကျနေပုံက လူငယ်လေး၏မျက်နှာပေါ်သို့ ရွှေမှုန့်နှင့် ဖုံးအုပ်ထားသယောင်ရှိ၏။ သူ့မျက်နှာက သွေးတို့ကင်းမဲ့နေကာ ယခင်အတိုင်း ငြိမ်သက်နေပြီး သူ့အမူအရာက မှုန်မှိုင်းနလျေက် ပုံဖော်ရခက်ပေသည
''မဟုတ်ဘူး''
အမျိုးသမီးတစ်ဦး၏ အသံထွက်လာသည်။
နောက်တစ်စက္ကန့်တွင် သွယ်လျသောရုပ်သွင်တစ်ခု ဖြည်းညှင်းစွာထွက်ပေါ်လာပြီး လူငယ်လေး၏ဘေးတွင် ရပ်လိုက်သည်။
ယင်းက အလွန်လှပသော အမျိုးသမီးတစ်ဦးဖြစ်သည်။
ရှည်လျားသောဆံပင်ခွေတို့နှင့် ဘဲဥပုံမျက်နှာကျရှိပြီး သူမ၏အမူအရာက နူးညံ့သိမ်မွေ့ကာ သူမ၏မျက်လုံးများထဲ၌ ဝမ်းနည်းမှုတစ်ခုရှိနေသည်။
အလွန်ချွန်ထက်သော အရာဝတ္ထုဖြင့် လှီးဖြတ်ခံရသကဲ့သို့ သူမ၏ ရင်ဘတ်တစ်လျှောက်တွင် ကြီးမားသော ဒဏ်ရာကြီးတစ်ခု အတန်းလိုက်ရှိနေသည်။ အနီရောင်သွေးများက အဝတ်အစား၌ စွန်းထင်းလျက်ရှိသည်။
"ငါသေတာ မင်းကြောင့်မဟုတ်ဘူး''
သူမ၏ မျက်နှာသည် ပုံပျက်ပန်းပျက်ဖြစ်လာပြီး ကြမ်းကြုတ်သွားသည်။
''ငါ့ကို မင်းသတ်ခဲ့တာ''
ထိုအချိန်က သူချုံခိုတိုက်ခိုက်ခံခဲ့ရသည်။
ကစားသမားဒါဇင်ကျော်က အေ့စ်ကို ခြုံခိုတိုက်ခိုက်ခဲ့ကြသည်။
အကြောင်းအရင်းမှာ သူကိုင်ဆောင်ထားသော အမှတ်များအတွက်သာမက လျှို့ဝှက်မစ်ရှင်တစ်ခုကို ပြီးမြောက်လျှင် ပေးအပ်မည့် ဆုတစ်ခုဟု သတ်မှတ်ထားသော လက်နက်အတွက်လည်းဖြစ်သည်။ အနှီအားသာချက်များနှင့်အတူ သူသည် သဘာဝကျကျပင် သန်မာလာလိမ့်မည်။
သို့သော်လည်း သူတို့သည် ပြည့်စုံစွာ ကြိုတင်ပြင်ဆင်ထားခြင်းမရှိပေ။
သူတို့က အေ့စ်ထံ၌ သူလျှိုတစ်ယောက်ထားခဲ့သည်။
သူတို့က သူ၏ အသင်းဖော်တစ်ဦးကို ဝယ်ယူခဲ့ခြင်းပေ။(ကိုယ့်လူက သူ့ဘက်သားဖြစ်သွားတာ)
သူမက အေ့စ်ဖြတ်သွားမည့်နေရာ၊ အချိန်နှင့် သူ့တွင်ရှိသော ကိရိယာတန်ဆာပလာများအပြင် သူ၏အားနည်းချက်များကိုပါ ပြောပြခဲ့သည်။
နောက်ဆုံးတွင် သူမသည် အခြားကစားသမားများနှင့်အတူ အမည်မသိနေရာတွင် ဆုံးပါးသွားခဲ့သည်။
လတ်ဆတ်သော သွေးများက မြေပြင်တွင် စွန်းထင်းနေကာ မြေဆီလွှာများ စိုရွှဲနေသည်။ လေထုထဲ၌ မကြာမီ ပျောက်ကွယ်သွားမည့် သွေးရနံ့များဖြင့် ပျံ့၍နေသည်။
လူသတ်ပွဲများကြားတွင် တိတ်ဆိတ်ငြိမ်သက်စွာ ရပ်နေသော လူငယ်သည် သူ၏ တံစဥ်းကို ကိုင်ထားပြီး လက်ချောင်းများတစ်လျှောက် သွေးများ စီးကျလျက်ရှိသည်။ သူက နောက်လှည့်ကာ မျက်လုံးကိုပင့်လျက် သူ့ရှေ့မှ ငရဲကဲ့သို့သောမြင်ကွင်းကိုကြည့်လိုက်ပြီး သူ့ခေါင်းစွပ်ကိုခြုံ၍ ညအမှောင်ထဲတွင် ပျောက်ကွယ်သွားခဲ့သည်။
ထိုနေ့မှစ၍ အေ့စ်က နောက်ထပ် အသင်းဖော်များ ခေါ်ယူသည့်အကြောင်း မည်သူမှ မကြားဖူးတော့ပေ။
တစ်ယောက်ပြီးတစ်ယောက်
နောက်ထပ် ပုံရိပ်များ ပေါ်လာသည်။ သူတို့၏ သွေးဆုတ်နေသော မျက်နှာများနှင့် မုန်းတီးနေသောမျက်လုံးများက အခန်းအလယ်တွင် ရပ်နေသော လူငယ်လေးကို အခိုင်အမာ ပိတ်လှောင်ထားသည်။
အပေါင်းအဖော်ဟောင်းများ။
ရန်သူဟောင်းများ။
သူ့ကြောင့် သေခဲ့ရသူတွေ။
ယဲ့ကျားက သူ့အတိတ်ကို ဆန်းစစ်နေသကဲ့သို့ ရင်းနှီးသောမျက်နှာနှင့် မရင်းနှီးသော မျက်နှာနှစ်ခုလုံးကို လှည့်ကြည့်လိုက်သည်။
နောက်ဆုံးတွင် သူက အကြည့်များကို ငုံ့ချလိုက်သည်။ သူ၏ ရှည်လျားသော မျက်တောင်များသည် သူ့ကို ဒီဂရီ အနည်းငယ် ဖြူဖျော့စေပြီး ပို၍ နုနယ်ကာ အထိမခံပုံပေါက်စေသည်။
မရေမတွက်နိုင်သော ဝိညာဉ်များက သူ့ပတ်ဝန်းကျင်တွင် ပြည့်ကျပ်နေသည်။ သူတို့၏အမူအရာများသည် ပို၍ပို၍ပြင်းထန်လာပြီး လောဘကြီးလာကာ သူတို့၏မျက်လုံးများမှ အစွဲအလမ်းကြီးသည့် အရိပ်အယောင်များက ပြည့်လုနီးပါးဖြစ်လာသည်။ အခန်းအလယ်တွင် ရပ်နေသော လူငယ်လေးဆီသို့ မြောက်များသော လက်အစုံများက ဆန့်တန်းလျက်--
ရုတ်တရက် သက်ပြင်းချသံတစ်ချက် ထွက်ပေါ်လာသည်။
ထိုသက်ပြင်းသည် အရာအားလုံးရပ်နားရန် အချက်ပြသော ဂီတသံ တစ်ခုလိုပင်။ ခဏအတွင်း အခန်းတစ်ခုလုံး တိတ်ဆိတ်သွားသည်။
ယဲ့ကျားက အရောင်ဖျော့ဖျော့မျက်လုံးများကို မော့ကြည့်လိုက်ပြီး အခန်း၏တစ်ဖက်စွန်းရှိ နေရာတစ်ခုကို ကြည့်လိုက်သည်။ မနက်ခင်း မြူခိုးများကဲ့သို့ တည်ငြိမ်သော အပြုံးတစ်ခု သူ့မျက်နှာတွင် ပေါ်လာသည်။
သူက လက်ကို မြှောက်လိုက်သည်။ အေးစက်သော အလင်းတန်းတစ်ခုက သူ့လက်ချောင်းထိပ်မှ ထွက်သွားသည်။
သံကုပ်တစ်ခုပမာ သူ့လက်ကောက်ဝတ်ကို ဆုပ်ကိုင်ထားသည့် လက်မှာ ဖုန်မှုန့်ကဲ့သို့ လွင့်ထွက်သွားသည်။
ယဲ့ကျားက သူ့လက်ကောက်ဝတ်ကို ညင်သာစွာ ဆန့်လိုက်သည်။ သူ၏ လက်ကောက်ဝတ်တွင် အနီဖျော့ဖျော့ အမှတ့အသားအရာတစ်ခု ပေါ်လာပြီးနောက် အင်္ကျီလက်စများဖြင့် လျင်မြန်စွာ ဖုံးအုပ်ခံလိုက်ရသည်။
သူ ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်သည်နှင့် စူးရှအေးစက်သော စွမ်းအင်တစ်ခု သူ့ကိုယ်တွင်းမှ ရုတ်တရက် ထွက်ပေါ်လာပြီး သူ့ရှေ့ရှိ ပုံရိပ်များကို ဖယ်ထုတ်ပစ်လိုက်သည်။
နောက်ဆုံးတွင် အခန်းက ပိုသန့်ရှင်းသွားသည်။
“Ahhhhhhh—–”
အော်ဟစ်သံတစ်ခု ပေါ်လာပြီးနောက် နံရံပေါ်တွင် လှည့်စားတတ်သော အပြုံးနှင့် မျက်နှာတစ်ခု ပေါ်လာသည်။ ထိုနက်မှောင်သောမျက်လုံးများသည် ယဲ့ကျားကို စူးစိုက်ကြည့်နေပြီး ၎င်းတို့ထဲမှ နာကြည်းမှုကို ဖုံးကွယ်ထားရန် ခဲယဉ်းလှ၏။
ယင်းက နောက်တစက္ကန့်တွင် ပြန်နစ်မြုပ်ပြီး ပျောက်ကွယ်သွားခဲ့သည်။
ယဲ့ကျားက မျက်ခုံးပင့်လိုက်ပြီး "ထွက်ပြေးချင်နေတာလား"
သူက အခန်းထဲမှ ထွက်လာပြီး ယင်စွမ်းအင် အတက်အကျကို လိုက်ရှာလိုက်သည်။
သို့သော် သူခြေလှမ်းအနည်းငယ်ထက် ပိုမလှမ်းရသေးမှီမှာပင် ယဲ့ကျားက ရုတ်တရက်ရပ်လိုက်သည်။
သူ့ရှေ့တွင် ကျဉ်းမြောင်းသော စင်္ကြံတစ်ခုရှိနေသည်။ မှိန်ဖျော့သော မီးရောင်များအောက်တွင် သေးငယ်သော သဏ္ဍာန်တစ်ခု ရှိနေသည်။
ကောင်လေးတစ်ယောက်က တိတ်ဆိတ်ငြိမ်သက်စွာ ရပ်နေသည်။ သွေးမရှိသော မျက်နှာနှင့် နက်မှောင်နက်နဲသော မျက်လုံးတစ်စုံသည် ယဲ့ကျားကို စူးစိုက်စိုက်ကြည့်နေပြီး သူ၏ပိန်လှီသောပုံစံသည် မကြာမီ သူ့အား ပတ်ဝန်းကျင် အမှောင်ထုက ဝါးမြိုသွားတော့မည့်ပုံ ပေါ်နေသည်။
သူက အက်ကွဲနေသောအသံဖြင့် ပြောလိုက်သည်။
''ကောကော''
......
စာရေးသူမှာ ပြောစရာရှိပါတယ်
လက်မဲလေး/ဆာလောင်မှုတစ္ဆေ/ကပ်ပါးကောင်- "ဟုတ်တယ် ငါတို့လည်း အစတုန်းက အဲ့လိုထင်ခဲ့တာ''
Xxxxxx