အပိုင်း ၁၇
Viewers 10k

Chapter 17



ယဲ့ကျား၏ မျက်လုံးတို့တွင် ဝမ်းနည်းမှုတစ်ခုက ဖျတ်ခနဲ ပျံ့နှံ့လာသည်။

ဤညတွင် သူ့အမူအရာ ပြောင်းသွားသည်မှာ ယခုကပထမဆုံးအကြိမ်ဖြစ်သည်။ သူ၏ ပြီးပြည့်စုံသော မျက်နှာဖုံးထက်တွင် အက်ကွဲရာလေးတစ်ခု ပေါ်လာပြီး သူ၏ တကယ့်ခံစားချက်တွေကို အရိပ်အမြွက်ပြနေသကဲ့သို့ပင်။

စင်္ကြံတွင် လုံးဝတိတ်ဆိတ်သွားသည်။

ရံဖန်ရံခါတွင်သာ ခေါင်းပေါ်ရှိ မီးလုံးများမှ တစီစီ မြည်သံများကို ကြားရသည်။

လူငယ်လေးက သူ့နောက်ကို အမှောင်ထုများ လိုက်လာသည့်နှယ် စင်္ကြံ၏ တစ်ဖက်စွန်းမှ သူ့ထံသို့ လျှောက်လာသည်။ထိုအမှောင်များက အလင်းရောင်ကို ဖြည်းဖြည်းချင်း ဝါးမျိုနေသည့်အလားပင်။

"ကောကော ငါမင်းကိုအရမ်းလွမ်းတယ်"

ယဲ့ကျားက မလှုပ်ပေ။

သူက နောက်ပြန်မဆုတ်သလို ရှေ့ကိုလည်း မလှမ်းခဲ့ချေ။ လူငယ်လေး သူ့အနားကို တစ်လှမ်းပြီးတစ်လှမ်း လျှောက်လာသည်အား ကြည့်နေရင်း ထိုနေရာတွင်ပင် ရပ်နေသည်။

"ဘာလို့ ငါ့ကို လာမတွေ့တာလဲ"

သူက တစ်လှမ်းချင်းချဥ်းကပ်လာသည်။

သူ့ကို မေးခွန်းထုတ်လာ၏။

''ကောကော ငါ့ကို သဘောမကျတော့ဘူးလား''

သူတို့နှစ်ယောက်ကြားက အကွာအဝေးက တိုလာသည်။ နောက်ဆုံးတွင်မူ သူတို့နှစ်ယောက်မှာ တစ်ယောက်နှင့်တစ်ယောက် ခြေတစ်လှမ်းသာ ကွာဝေးတော့၏။

ကောင်လေးက ဖြူဖျော့ဖျော့မျက်နှာလေးကို မော့လိုက်ပြီး ယဲ့ကျားကို နက်မှောင်သည့် မျက်လုံးတစ်စုံဖြင့် ကြည့်လိုက်သည်။သူ့အသံက လူပျိုပေါက်အရွယ်တွင်ပြောင်းလဲလာတတ်သည့် တမူထူးသော သြရှရှအသံအား ထိန်းချုပ်ထားရပုံပေါ်သည်။

"ဘာလို့ ငါ့ကို နောက်မှာ ထားခဲ့တာလဲ"

ယဲ့ကျား သူ့ရှေ့မှ ကောင်လေးကို ငုံ့ကြည့်လိုက်သည်။ သူ၏အရောင်ဖျော့ဖျော့မျက်လုံးများအောက်တွင် ခံစားချက်များစွာ ပျံ့နှံ့နေပုံရသည်။

''ကောကော ငါအရမ်းအေးနေတယ်"

ကောင်လေးက သူ့ကို ဝမ်းနည်းစွာ ကြည့်နေသည်။ သူ၏ ပါးလွှာသော ပခုံးများမှာ အနည်းငယ် တုန်ရီသွားပြီး သူ၏ နက်မှောင်သော မျက်လုံးများက မျက်ရည်များဖြင့် တောက်ပနေသည်။

- နောက်ဆုံးတွင် ဘေးတွင်ချထားသော ယဲ့ကျား၏လက်ချောင်းများက အနည်းငယ်ရွေ့လျားသွားသည်။

သူက ဖြည်းညင်းစွာ ထိုင်ချလိုက်ပြီး လက်နှစ်ဖက်ကို ဆန့်တန်းကာ  ရင်ကိုဖွင့်လျက် ကောင်လေးအား ညင်သာစွာ ဖက်ထားလိုက်သည်။

ကောင်လေး၏ ချွန်မြမြ မေးစေ့မှာ ယဲ့ကျား၏ ပါးလွှာသော ပခုံးထက်တွင် မှီနေ၏။ သူ့မျက်လုံးများက တဖြည်းဖြည်းနက်မှောင်လာသည်မှာ မျက်သားဖြူများ အနက်ရောင်ဖြစ်သွားသည်အထိပင်။ တစ်ဖက်လူ မမြင်နိုင်သော ရှုထောင့်တစ်ခုတွင် ကောင်လေး၏ ဖြူဖျော့ဖျော့နှုတ်ခမ်းများသည် သွေးများဖြင့် တဖြည်းဖြည်း စွန်းထင်းလာပြီး အနားစွန်းများသည် ခြောက်ခြားဖွယ်ရာကောင်းသော အပြုံးတစ်ခု ဖြစ်လာသည်။

ဤအခိုက်အတန့်တွင် လူရွယ်က ပါးစပ်ကိုဖွင့်ကာ ကောင်လေးနားရွက်နားတွင် စကားပြောလိုက်သည်။ သူ့အသံ၌ မရေမတွက်နိုင်သော စိတ်ခံစားမှုများ သယ်ဆောင်လာကာ ပြောမပြနိုင်သော ဝမ်းနည်းမှု အရိပ်အယောင်များ ပါဝင်နေခဲ့သည်။

“မင်းသိလား…..”

ထိုနီမြန်းသော နှုတ်ခမ်းထောင့်များက ပိုတိုး၍ပင် နီရဲလာသည်။ ပို၍ ကြောက်စရာကောင်းလာပြီး ပုံပျက်ပန်းပျက်ဖြစ်လာ၏။

နောင်တရပြီးတော့ အဲ့ဒီနောင်တကို ဆက်ခံစားသွားလိုက်

မင်းရဲ့ ဝိညာဉ်က ပိုပိုပြီး မွှေးကြိုင်လာပါ စေ....

နောက်တစ်စက္ကန့်တွင် တစ်ဖက်သား၏ အေးစက်တည်ငြိမ်သည့်အသံက ရုတ်တရက် ထွက်ပေါ်လာသည်။

"သူငါ့ကိုလာတွေ့တာနဲ့ ပထမဆုံးလုပ်မယ့်အရာက ငါ့ကိုလာပွေ့ဖက်တာမျိုး မဟုတ်ဘူး"

ယဲ့ကျား၏အသံတွင် သက်ပြင်းတစ်ချက်ကို သယ်ဆောင်ထားကာ ရယ်မောသံတစ်ချို့စွက်နေသည်။

"—-အဲ့ဒီအစား သူငါ့ကိုသတ်ပစ်လိမ့်မယ်"

ကောင်လေး၏မျက်နှာပေါ်မှ အပြုံးက တင်းမာသွားသည်။ ဘာလဲ....?!

သူ မတုံ့ပြန်နိုင်မှီတွင် လေပြင်းတိုက်သကဲ့သို့ အေးစက်သော ခံစားမှုတစ်ခု သူ့ရင်ဘတ်ကို ရုတ်တရက် ဖြတ်သွားခဲ့သည်။

ကောင်လေးက ခေါင်းကို ဖြည်းညှင်းစွာ ငုံ့ကြည့်လိုက်သည်။

တောက်ပပြီး ရွှန်းလဲ့နေသော တံစဥ်ကြီးတစ်လက်အား မသဲမကွဲ မြင်လိုက်ရသည်။၄င်းက သူ၏ခန္ဓာကိုယ်အား တို့ဟူးကို ပိုင်းဖြတ်သကဲ့သို့ လွယ်လင့်တကူ ဖြတ်သန်းသွားသည်။

ဒါ... ဒါက

၄င်း၏ မျက်လုံးများက ပြူးကျယ်သွားသည်။ မြင်နေရသည်ကို မယုံနိုင်သကဲ့သို့ပင်။

မကြာခင်တွင် နာကျင်မှုက နောက်ဆုံး၌ ခန္ဓာကိုယ်ထဲ ရောက်သွားသကဲ့သို့ နှုတ်ခမ်းများက မြင့်တက်လာပြီး စူးရှစွာအော်လိုက်သည်။ “Ahhhhhhhhhhhh—–”

ကောင်လေး၏ရုပ်သွင် ပျောက်ကွယ်သွားပြီး ဖြူဖျော့နေသော မျက်နှာကြီးတစ်ခု အစားထိုးလာသည်။ ထိုမျက်နှာအောက်တွင် ပင့်ကူမျှင်နှင့် ဆင်တူသော သွေးကြောများ ထူထပ်စွာ တည်ရှိနေသည်။ ဤသွေးကြောများကို မြေကြီးနှင့် နံရံများတွင် နက်ရှိုင်းစွာ ဆက်သွယ်ထားသောကြောင့် အဆောက်အဦတစ်ခုလုံးမှာ ၎င်း၏အာဟာရအရင်းအမြစ်ဖြစ်လာသည်။

ထိုမျက်နှာက ကျယ်လောင်စွာ အော်ဟစ်နေ၏။ ထိုမှုန်မှိုင်းသောမျက်လုံးများက သူ့ရှေ့တွင်ရပ်နေသော လူရွယ်ကို ခါးခါးသီးသီးစိုက်ကြည့်ရင်း လေထဲတွင် နီမြန်းသောသွေးကြောများက ကခုန်နေသည်။

ယဲ့ကျားက ဖြည်းညှင်းစွာ ထရပ်လိုက်သည်။

အချိုးအဆစ်ကျသည့် ဖြူဖျော့ဖျော့လက်ချောင်းများမှာ အနက်ရောင် ဓားလက်ကိုင်ကို ဆုပ်ကိုင်ထားသည်။ မယုံနိုင်လောက်အောင် ကြည်လင်သော မျက်လုံးတစ်စုံအား အောက်နှိမ့်၍ကြည့်လိုက်သည်။ လူရွယ်မှာ ရုန်းကန်လှုပ်ရှားနေသော မွန်းစတားကြီးကို ငုံ့ကြည့်ရင်း သူ့ခြေထောက်များအား တဖြည်းဖြည်း ကားလိုက်ကာ ပေါ့ပေါ့ပါးပါး ရယ်မောလိုက်သည်။

“Bon Appetit.”
[အရသာရှိဖို့ မျှော်လင့်ပါတယ်...]

ရက်စက်ကြမ်းကြုတ်သောမျက်နှာသည် မြေပြင်ပေါ်တွင် ဆက်လက်လှုပ်ရှားနေ၏။ ၎င်း၏အရောင်သည် ဖျော့တော့လာကာ ၎င်း၏နားကွဲလောက်သည့် ဟိန်းဟောက်သံများမှာ သေးငယ်လာသည်။ လေထဲတွင် ပုပ်စော်နံသော ရနံ့များ မှိန်ဖျော့သွားသည်။

မူလက လူနေအဆောက်အအုံတစ်ခုလုံးကို ဖုံးလွှမ်းနေသော တိမ်မည်းများက တဖြည်းဖြည်း လွင့်ပျံလာသည်။

ယဲ့ကျားသည် မျက်လုံးများကို မှိတ်ထားပြီး သူ့အောက်နှုတ်ခမ်းကို လျက်လိုက်သည်။

—-တကယ်တော့ အရသာက တော်တော်ကောင်းတာပဲ။

အထူးသဖြင့် သူနောက်ဆုံးစားဖူးတဲ့ ကပ်ပါးကောင်နဲ့ ယှဉ်ရင်ပေါ့။

အဲတာက မုန်လာဥအရသာနဲ့ နည်းနည်းတူတယ်။

ရုတ်တရက် တစ်စုံတစ်ခုကို ခံစားလိုက်ရသကဲ့သို့ သူ့လက်ကို မြှောက်ကာ ပါးပြင်ကို ပွတ်သပ်လိုက်သည်။

သူ့လက်ချောင်းထိပ်တို့တွင် သွေးများ စွန်းထင်းနေသည်။

အချိန်တစ်ခုအတွင်း ယဲ့ကျား၏ မျက်နှာဘေးဖက်တွင် သေးငယ်သည့်ဒဏ်ရာကို ရရှိခဲ့သည်။ သွေးထွက်ခြင်း၏ အရိပ်လက္ခဏာ တစ်စွန်းတစ်စ ရှိနေသည်။

သူ စိတ်ဆိုးစွာ မျက်မှောင်ကြုတ်လိုက်သည်။

ယခုမှပင် အနည်းငယ် စိတ်ရှုပ်သွားရ၏။

သူ၏ ဖျော့တော့သော အရေပြားပေါ်တွင် ၄င်းဒဏ်ရာက သာမန်မျက်စိနှင့်မြင်ရသော အရှိန်ဖြင့် သက်သာသွားပြီး စက္ကန့်အနည်းငယ်အကြာတွင်မူ မခြောက်သေးသောသွေးများသာ ခပ်ဖျော့ဖျော့ ကျန်ရစ်ခဲ့တော့သည်။

ယဲ့ကျား လှည့်ထွက်လာခဲ့သည်။

ပထမထပ်မှ တစ်ဝက်ပွင့်နေသော တံခါးကို ကျော် ဖြတ်ပြီးသည်နှင့် ခဏရပ်ကာ အခန်းထဲကို ပြန်လှည့်ကြည့်လိုက်သည်။

အဘိုးအို၏ တောင့်တင်းသော အလောင်းက လက်တင်ကုလားထိုင်ပေါ်တွင် ငြိမ်သက်စွာ ထိုင်နေဆဲဖြစ်ပြီး သူ့ကံကြမ္မာကို စောင့်ဆိုင်းနေသကဲ့သို့ ကောင်းကင်ကို ဗလာဖြစ်နေသောအကြည့်ဖြင့် ကြည့်နေလေသည်။

တွန့်ကြေနေသော စာရွက်တစ်ရွက်မှာ မြေပြင်ပေါ်သို့ ပြုတ်ကျသွားသည်။

ယဲ့ကျား ခဏတာ တုံ့ဆိုင်းသွားသည်။ ထို့နောက်ပြန်လှည့်၍ အခန်းထဲသို့ ပြန်ဝင်သွားလိုက်သည်။ သူက မြေပြင်မှ စာရွက်ကို ကောက်ယူပြီး အဖိုးအို၏ပေါင်ပေါ်သို့ ပြန်တင်လိုက်သည်။

အစောပိုင်းက ရှိနေခဲ့သည့်အတိုင်းပင်။

သူထွက်လာချိန်တွင် ယဲ့ကျားတစ်ယောက် အခန်းတွင်းရှိ မီးများကို ပိတ်ခဲ့လိုက်သည်။

သူက အမှောင်ခန်းကို ကြည့်လိုက်ပြီး ပြောလိုက်သည်။

''ကောင်းသောညပါ''

လူနေအဆောက်အအုံအပြင်ဘက်ရှိ ညလေညှင်းက ယခင်နွေးထွေးမှုကို ပြန်လည်ရရှိခဲ့လေသည်။

ယဲ့ကျားက လမ်းအတိုင်း ဆက်သွားလိုက်သည်။ လက်မဲလေးမှာ ဤအခိုက်အတန့်တွင် သူ့ကိုယ်သူ အထုံးဘဝမှ ပြန်ဖြည်နိုင်ခဲ့သည်။ ခက်ခက်ခဲခဲဖြင့် ယဲ့ကျား၏ ပခုံးပေါ်သို့ ပြန်တက်သွားသည်။

၎င်းသည် ယဲ့ကျား၏ ကော်လာကို ကိုင်ထားပြီး သူ၏ အေးဆေးတည်ငြိမ်သော ပုံရိပ်ကို လျှို့ဝှက်စွာ ကြည့်လိုက်သည်။

နောက်ဆုံးတွင် လက်မဲလေးက သူ၏သတ္တိကို စုစည်းလိုက်ပြီး

“အဲဒါ… အခုထွက်လာတဲ့ အဲဒီအဆောက်အဦးထဲမှာလေ အဆုံးမှာတွေ့ခဲ့တဲ့ ကောင်လေးက ဘယ်သူလဲ''

ယဲ့ကျား၏မျက်လုံးများက အဝေးမှညကောင်း ကင် ကို လှမ်းကြည့်ကာ

"..အရေးကြီးတဲ့လူ မဟုတ်ဘူး''

သူ့အကြည့်များကို ပြန်ရုပ်သိမ်းလိုက်ပြီး သူ့ပုခုံးပေါ်မှ လက်မဲလေးအား တစ်ချက်ကြည့်လိုက်ရင်း မျက်မှောင်ကြုတ်ကာ

"မင်းကို ဘယ်တုန်းက ထွက်လာခွင့်ပြုလိုက်လို့လဲ"

လက်မည်းလေး ''....ဝူးးး'' (note ငိုသံ)

တစ်ဖက်လူ၏ သေလောက်စရာအကြည့်အောက်တွင် လက်မဲလေးက သူ့ကိုယ်သူ ပြန်ချည်နှောင်လိုက်ပြီး ယဲ့ကျား၏ အိတ်ကပ်ထဲသို့ ပြန်ဝင်သွားသည်။

လက်မဲလေးက အိတ်ကပ်အတွင်းမှ အမှောင်ထဲသို့ ကြောင်တက်တက်ဖြင့် စိုက်ကြည့်နေမိသည်။

ပြောရမည်ဆိုပါက.... ဟိုးအဝေးမှနေ၍ ကင်းကို လျှို့ဝှက်စွာ ကြည့်ဖူးသည်။

စိတ်ကူးယဉ်သက်သက်လား မသိပေမယ့် ဤကလေးက ကင်းနဲ့ ခပ်ဆင်ဆင်တူပုံရသလားလို့။

သူက အစောပိုင်းရှိ ယဲ့ကျား၏အကြည့်ကို  သတိရလိုက်ပြီးနောက် တုန်လှုပ်သွားကာ အိတ်ကပ်အတွင်းသို့ ပို၍ နက်နဲစွာ တိတ်တဆိတ် နစ်မြုပ်သွားခဲ့သည်။

အဲ့ဒါကိုမေ့လိုက်တော့

ဂိမ်းအတွက် ရွှေပဲစေ့ဝယ်ရန် ဘော့စ်၏ ငွေကိုသုံးနေရသောကြောင့် ထိုကိစ္စကို ဘော့စ် မေ့သွားသည်အထိ စောင့်သင့်သည်။

လောလောဆယ်တွင် လိုင်းပေါ်၌ မည်သည့်အရာမှ မလုပ်တာ ပိုကောင်းသည်။


.....

နောက်တစ်နေ့တွင်

ယဲ့ကျားတစ်ယောက် ကျောက်ကွမ်းချန်ထံမှ စာတိုတစ်စောင် လက်ခံရရှိခဲ့သည်။

ဝမ်ရှစ်ဇီနှင့် သူ့ဇနီး၏ ဝန်ခံချက်များနှင့် သူတို့၏ တိုက်ခန်းတွင် တွေ့ရသော သဲလွန်စများအပေါ် အခြေခံ၍ သူတို့နှစ်ဦးသား ကျောက်ရှားခယ်ကို သတ်ခဲ့သည်ဟု သံသယရှိခဲ့ပြီး ရဲတပ်ဖွဲ့မှ အမှုကို ပြန်ဖွင့်ကာ စုံစမ်းစစ်ဆေးခဲ့သည်။ ဤတစ်ကြိမ်တွင် သဘာဝလွန်ဆိုင်ရာကိစ္စရပ်များ စုံစမ်းစစ်ဆေးရေးနှင့် စီမံခန့်ခွဲမှုဗျူရို၏အကူအညီကြောင့် သူတို့အနေဖြင့်  လုံလောက်သော အထောက်အထားများရရှိရန်မှာ ယခင်အကြိမ်ကဲ့သို့ ပြဿနာရှိမည်မဟုတ်ပေ။

ယဲ့ကျားက ဖုန်းကိုချလိုက်သည်။ ဘေးမှလက်မဲလေး၏အကြည့်ကို လျစ်လျူရှုကာ စခရင်ကို လော့ခ်ချပြီး အိတ်ကပ်ထဲသို့ ပြန်ထည့်လိုက်သည်။

"အဲ့အကြောင်း စဥ်းတောင်မစဉ်းစားနဲ့"
သူက လက်ညှိုးကို ခံစားချက်ကင်းမဲ့စွာဖြင့် ဝှေ့ယမ်းလိုက်သည်။

လက်မဲလေး ''ဝါးးးး ထပ်မလုပ်တော့ပါဘူး၊ ဖုန်းလေးတော့ ကစားခွင့်ပေးပါ၊ ကျွန်တော်မှားသွားပါတယ်"

ယဲ့ကျားက ၎င်း၏တောင်းဆိုမှုကို လျစ်လျူရှုလိုက်သည်။
"မင်း တစ်ပတ်တိတိ ဖုန်းမကိုင်ရဘူး တစ်ရက်တောင် မလျော့နိုင်ဘူး"

လက်မဲလေး ''....."

နှလုံးသားက အေးခဲနေတဲ့လူကြီး!!!

၄င်းက ခေါက်ဆွဲခြောက်ကဲ့သို့ တုန်ယင်စွာဖြင့် လေထဲတွင် ယိမ်းနွဲ့ကာ ထိုင်ခုံပေါ်သို့ ပြန်ကျသွားသည်။

စိတ်ဓာတ်ကျနေရာမှ ပြန်မကောင်းမှီတွင် တံခါးလာခေါက်သံ ကြားလိုက်ရသည်။

"အစ်ကိုယဲ့ ကျွန်တော်ပါ!"

၄င်းက ချန်စဲကျစ်၏ အသံဖြစ်သည်။

လက်မဲလေးသည် ရုတ်တရက် တက်ကြွလာသည်။ သူက အမြန်ပြေးပြီး တံခါးကို တွန်းဖွင့်လိုက်သည်။

ချန်စဲကျစ်က တစ်ကြိမ်ထက်ပိုပြီး မြင်ဖူးသော်လည်း သူ့အတွက် တံခါးလာဖွင့်ပေးသည့် လူမဟုတ်သော အရာတစ်ခုအား မြင်လိုက်ရသည်ကို စိတ်မသက်မသာဖြစ်နေတုန်းပင်။ သူ့အကြည့်များက တဝဲလည်လည်နှင့် အထဲဝင်ရန် အနည်းငယ် ချီတုံချတုံ ဖြစ်နေသည်။

လက်မဲလေးကလည်း အကွာအဝေး သိပ်မခြားထားပေ။

၄င်းက စိတ်အားထက်သန်စွာ မေးလိုက်သည်။ "မင်းဖုန်းထဲမှာ fight the landlord ရှိလား ကစားဖို့ ငှားလို့ရမလား"

ချန်စဲကျစ် ''....?''

F-Fight the Landlord?

သရဲတွေကလည်း ဒါမျိုး စိတ်ဝင်စားကြတာလား

ချန်စဲကျစ်မှာ သူ၏ ဘဝကို သံသယဝင်နေချိန်တွင် ယဲ့ကျား၏ အသံက အဝေးမှ ထွက်လာသည်။

“……မပေးနဲ့!”

ချန်စဲကျစ် ''.....''

???

ဘာလဲဟ

ယဲ့ကျားက အခန်းထဲက ထွက်လာပြီး လက်မဲလေးကို တစ်ချက် ကြည့်လိုက်သည်။

စကားလုံးများ မလိုအပ်ပေ။ လက်မဲလေးမှာ သိသိသာသာ ညှိုးနွမ်းသွားပြီး ကုလားထိုင်နောက်ဘက်တွင် သူ့ကိုယ်သူ ပြန်တွယ်ချိတ်ထားလိုက်သည်။

ချန်စဲကျစ်က သူ့ရှေ့မှ ထူးဆန်းသော မြင်ကွင်းကို စိုက်ကြည့်နေသည်။ သူက ပြန်ပြောနိုင်ဖို့ အချိန်အတော်ကြာခဲ့သည်။

''ဒါက....ဒါက...''

ယဲ့ကျားက ပြုံးလိုက်သော်လည်း သူ့အသံက အေးစက်ပြီး ကြောက်စရာကောင်းနေသည်။

"ဘာမှမဟုတ်ပါဘူး ပိုက်ဆံဖြုန်းလို့ အပြစ်ပေးရုံပါပဲ"

ချန်စဲကျစ် ''....''

ဤအဖြေသည် သူ၏ လက်ရှိကမ္ဘာကြီးအပေါ် အမြင်များနှင့် ပတ်သက်၍ သံသယများကို ရှင်းပြရန် မကူနိုင်ခဲ့ပေ။

"ဒါဆို"

ယဲ့ကျားက ခေါင်းစဉ်ကို လမ်းကြောင်းမှန်ပေါ်ပြန်ဆွဲတင်လိုက်ပြီး

"မင်းဘာလို့ထပ်ပြီး လာတာလဲ"

ချန်စဲကျစ်က ''အစ်ကိုယဲ့ အဲ့ဒီ 'ထပ်ပြီး' ဆိုတဲ့စကားလုံးက တကယ့်ကို စိတ်ထိခိုက်ရတယ်''

ယဲ့ကျား၏ မျက်နှာပေါ်ရှိ အပြုံးက မပြောင်းလဲပေ။ သူက ချန်စဲကျစ်၏ ဒဏ်ရာရနေသောနှလုံးသားကို နှစ်သိမ့်ရန်ရည်ရွယ်ချက်မရှိသည်မှာ ထင်ရှားသည်။

ချန်စဲကျစ်က ခေါင်းကိုသာ ကုတ်လိုက်ပြီး
"အာ ဟုတ်တယ် ကျွန်တော်ဒီကိုလာတာက ကျောက်သုန် ဒဏ်ရာရသွားတဲ့အကြောင်း မင်းကိုပြောပြဖို့လေ တစ်လက်စတည်း ခေါင်းဆောင်က မင်းရဲ့အားလပ်ရက်ကို စောစောအဆုံးသတ်ဖို့ ပြောခိုင်းလိုက်တယ်''

သူက မစ်ဆေ့ခ်ျကို ပြောလိုက်ပြီးနောက် စိတ်အားထက်သန်စွာ ပြုံးလိုက်သည်။

"....အဲတာ သွားရမယ့်လမ်းက တူတူဆိုတော့ ကျွန်တော်ပဲလာခဲ့လိုက်တာ"

ယဲ့ကျား ''...''

သေချာပေါက်ကို၊ ဒီလူသစ်ရောက်လာတိုင်း  ကောင်းတဲ့ကိစ္စမဟုတ်တာ သေချာတယ်။

ယဲ့ကျားက ဖျစ်ညှစ် ပြုံးလိုက်ပြီး

"မင်းကို ဘာလို့ မတွေ့ချင်တာလဲဆိုတာ အခု နားလည်ပြီလား"

သူ့ရဲ့ အားလပ်ရက် !!!!

ချန်စဲကျစ် '' ကျွန်တော်နားလည်ပြီ''

သူက အလုပ်လုပ်ရမည့်အစား အခွင့်အရေးရသည့်အခါတိုင်း အားလပ်ရက်ယူမည့် တက်ကြွမှုမရှိသော ဝန်ထမ်းတစ်ဦးဖြစ်သည်ကို သူ မတော်တဆ မေ့သွားခဲ့သည်။

တောင်းပန်ပါတယ် စည်းကျော်သွားမိပြီ

လူနေအဆောက်အအုံဟောင်းတွင်။

အဘိုးအို၏ အလောင်းသည် အေးစက်တောင့်တင်းနေပြီဖြစ်ပြီး ရုတ်တရက် ရှုံ့တွနေသော လက်ဖျံထဲမှ တစ်စုံတစ်ခု လှုပ်ရှားလာသည်။

လက်သည်းခွံအရွယ် သေးငယ်သော မျက်နှာက ဖြည်းညင်းစွာ ထွက်ပေါ်လာသည်။

မျက်နှာက ကြောက်ခမန်းလိလိ ဖြူဖျော့နေပြီး အပြုံးက ပုံပျက်ပန်းပျက်နှင့် ဆိုးရွားလှသည်။

ကံကောင်းထောက်မစွာ ၎င်းသည် ဤအလောင်းကောင်၏ အစိတ်အပိုင်းအတွင်း၌ သူ့ကိုယ်သူ ဝှက်ထားခဲ့ခြင်းပေ။ ထိုသို့မလုပ်ခဲ့ပါက ယခုပင် လုံးဝအဆုံးသတ်သွားမည်ဖြစ်သည်။

အနက်ရောင်မျက်လုံးများတွင် ခါးသီးမှုနှင့် နာကြည်းမှုများ ပြည့်နှက်နေသည်။

မထင်မှတ်ဘဲ….သူ့ပါးစပ်နား ရောက်လာသည့် အရသာရှိသော အစားအစာကြောင့် သူ့အသက်ဆုံးရှုံးလုနီးပါးဖြစ်သွားသည်။

ဘယ်လိုတောင် မုန်းစရာကောင်းလိုက်လဲ။

သို့သော်လည်း...

လက်သည်းခွံပမာဏရှိ မျက်နှာပေါ်တွင် စိတ်လှုပ်ရှားသည့် အပြုံးတစ်ခု ပေါ်လာသည်။

ယခုလေးပင် ပို၍ပင်အဖိုးတန်သော အရာကိုရလာခဲ့သည်။

မှန်သည်။ ဤတစ်ကြိမ်တွင်တော့ အလွန်သေချာ၏။

သရဲတစ္ဆေအားလုံး မြင့်လိုက် နိမ့်လိုက် ရှာဖွေနေခဲ့သော အေ့စ်မှာ ယနေ့ခေတ် ရှေ့မှောက်တွင် အမှန်တကယ် ပေါ်ထွက်လာသည်။

ဟီးဟီးဟီး.....

မုန်းတီးမှုအဆင့်သတ်မှတ်ချက်စားရင်ပေါ်မှ ထိတ်လန့်တုန်လှုပ်ဖွယ်ရာကောင်းအောင် မြင့်မားသောဆုလာဘ်ကို တွေးတောရင်း ထိုမျက်နှာငယ်ပေါ်ရှိ အပြုံးမှာ ပို၍ပင် ကျေနပ်အားရလာပုံပေါ်သည်။ —- ကင်းကို သတင်းအချက်အလက်များ ပေးနေသရွေ့ မကြာမီ ၎င်း၏ အမြင့်ဆုံးသော အခြေအနေသို့ ပြန်လည်ရောက်ရှိနိုင်ကာ ထိုထက်ပင် တိုးတက်လာနိုင်သည် ။ A အဆင့် ကြမ်းကြုတ်သော သရဲတစ္ဆေပင် ဖြစ်လာလိမ့်မည်။

ကင်းမှ အေ့စ်ကို လက်ဝယ်ဖမ်းနိုင်သည့်အခါတွင် သူ့အနေဖြင့် သူ၏ဝေစုကိုပင် ရနိုင်ပြီး ယနေ့လုပ်ရပ်အတွက် သူ့ကို ပြန်ပေးဆပ်ခိုင်းရန် အခွင့်အရေးရနိုင်သည်။

၎င်းသည် ချိုမြိန်သော စိတ်ကူးယဉ်မှုများတွင် နစ်မြောနေပြီး သူ့နှုတ်ခမ်းထောင့်များက ပို၍ မြင့်မားလာသည်။

၎င်းက သတင်းပို့ရာတွင် သုံးရန်အတွက် စွမ်းအင်ကို ထုတ်လွှတ်လိုက်သည်။


Xxxxx