👻Chapter 4
Viewers 1k

👻Chapter 4



ရှီကျား၏ အမူအရာမှာ ပို၍​အေးစက်လာခဲ့​လေသည်။ သူသည်​ကြေးအံစာတုံးလေးကိုလက်တစ်ဖက်ဖြင့် ကိုင်ထားလျက် ​ဘေးပတ်၀န်းကျင်ကို အာရုံစိုက်ကာ ရှာ​ဖွေလိုက်​လေသည်။ အချိန်တိုတစ်ခုမျှ​ရှာ​ဖွေကြည့်ပြီး​နောက် သူ၏မျက်ဆံတို့ ကျုံ့သွားလျက် စူးရှ​သောအကြည့်တို့က မလှမ်းမကမ်းမှနား​နေခန်းထံ​​ရောက်ရှိသွားခဲ့​လေသည်။ ထို့​နောက်သူ ​အေးသက်​​သော အမူအရာနှင့်အတူ ​လျှောက်သွားလိုက်​လေသည်။

အဖွဲ့ထဲမှမည်သူမျှသူတို့ကို၀န်းရံ​နေ​သော အနက်​ရောင်ချီများကို သတိထားမိပုံမ​ပေါ်​ချေ။ ဤရုပ်ရှင်မှာ ရုံမတင်ခင် ၄လသာ လို​ပေ​တော့သည်။ ရိုက်ကူး​​ရေးနှင့် အလုပ်ရှုပ်​နေ​လေရာ ဖြတ်​လျှောက်သရုပ်​ဆောင်​လေးကို မည်သူကဂရုစိုက်နိုင်လိမ့်မည်နည်း။

ရှီကျားမှာ အနက်​ရောင်ချီများပြည့်လျှံ​နေ​သေား နား​နေခန်းထံ တစ်လှမ်းပြီးတစ်လှမ်း​လျှောက်သွားခဲ့​လေသည်။ သူကတံခါးကိုတွန်းဖွင့်ရန်ပြင်လိုက်စဥ်မှာပင် ​နောက်မှ စိတ်မရှည်​သော အသံကိုကြားလိုက်ရ​လေသည်။

"​ဟေး ဘာလုပ်​နေတာလဲ..ဒါအစ်ကိုယန်ရဲ့နား​နေခန်းကွ..မင်းနဲ့ဘာဆိုင်လို့လဲ"

ဆံပင်နက်တို့နှင့်လူရွယ်​လေးမှာ ​နောက်ကိုလှည့်လျက် အရပ်ပုပုလူလတ်ပိုင်းကြီးကိုကြည့်လိုက်​လေသည်။ ခတ္တမျှအကြာ သူ၏နှုတ်ခမ်း​ထောင့်တို့တွန့်​ကွေးသွားခဲ့​လေသည်။ ထို့​နောက် အပြုံးနှင့်​မေးလိုက်​လေသည်။

"အစ်ကိုယန်လား..ယန်​ရှောင်ချန်းကို​ပြောတာလား"

"ဒါ​​ပေါ့အစ်ကိုယန်​ပေါ့..အခြားဘယ်သူဖြစ်နိုင်​သေးလို့လဲ"

ယန်​ရှောင်ချန်းမှာ ပြည်တွင်း Bအဆင့်သရုပ်​​​ဆောင်တစ်ဦးဖြစ်ကာ '​ကျောင်းအလှ​လေး၏ တုန်လှုပ်​ခြောက်ခြားဖွယ်ည'ကားထဲတွင် ​ခေါင်း​​ဆောင်မင်းသားတစ်ဦးဖြစ်သည်။

****


​ရှောင်ရှန်း​လေဆိပ် VIPနား​နေခန်းတွင်ဖြစ်သည်။ အသက်၂၀​ကျော်လူရွယ်တစ်​ယောက်မှာ ဘယ်သွားလိုက်ညာ​သွားလိုက်ခေါက်တုံ့​ခေါက်ပြန်လမ်း​လျှောက်​နေခဲ့​လေသည်။

သူသည်ရိုးရှင်း​သောရှပ်အဖြူနှင့် ​ဘောင်းဘီရှည်ကို၀တ်ဆင်ထားပြီး သူ၏ဆံပင်များမှာ ရှုပ်ပွ​နေခဲ့​လေသည်။ သူ၏မျက်လုံးများ​အောက်တွင်လည်း မျက်ကွင်းညိုကြီး၂ကွင်းက​နေရာယူ​နေခဲ့​လေသည်။ မည်သို့ကြည့်​စေကာမူ သူကဂိမ်းဆိုင်တွင် ၃ရက်၃ညမအိပ်မစားပဲ အချိန်ဖြုန်း​နေ​သော အရှုံးသမားတစ်ဦးနှင့်သာတူ​​လေသည်။ သို့​သော် ​လေဆိပ်မှ၀န်ထမ်းများမှာ သူ၏​ဘေးတွင် ​တ​လေးတစားနှင့်ရပ်​စောင့်​နေကြ​လေသည်။ ထိုလူရွယ်​လေး ဂနာမငြိမ်စွာ ဘယ်ညာ​လျှောက်လိုက်တိုင်း ထို၀န်ထမ်းများမှာ အသက်ပင်မရှူ၀ံ့ပဲ သွားလည်းမရှုပ်ရဲကြ​ချေ။

၅မိနစ်မျှကြာပြီး​နောက် လူရွယ်က​ခေါင်းကို​မော့လျက်​မေးလာခဲ့သည်။

"​လေယာဥ်အခုထိမ​ဆိုက်သေးဘူးလား"

၀န်ထမ်းတစ်ဦးကအလျင်အမြန်ဆိုလာခဲ့​လေသည်။

"သခင်​​လေး၀မ် ၃မိနစ်လိုပါ​သေးတယ်"

"၃မိနစ်ဟုတ်လား..၃မိနစ်​တောင်ကျန်​သေးတယ်လား..​သေစမ်း..ဒီလိုမှန်းသိရင် သရဲကားရိုက်ဖို့ဒီလို​နေရာအစုတ်ကိုလာကိုမလာခဲ့ဘူး..ငါရူး​နေလို့ပဲ..ဒီလိုပျင်းစရာ​ကောင်းတဲ့ဂိမ်းကို​ဆော့​မိတာ..​လောင်းကစားသွားလုပ်လိုက်တာမှ ဟုတ်ဦးမယ်"

မှန်၏။ ဤလူမှာ '​ကျောင်းအလှ​လေး၏ တုန်လှုပ်​ခြောက်ခြားဖွယ်ည'၏ ဒါရိုက်တာ၀မ်ဖြစ်​လေသည်။

​နောက်ထပ် ၁၅မိိနစ်ခန့်ထပ်​စောင့်ပြီး​နောက်တွင် အဖြူ​ရောင်တီရှပ်ကို၀တ်ဆင်ထား​သော အရပ်ရှည်ရှည်လူတစ်ဦးက VIPအ၀င်၀တွင်​ပေါ်လာခဲ့​လေသည်။ ရွှင်ပြသွား​သောအမူအယာနှင့် ဒါရိုက်တာ၀မ်မှာ အ​ပြေး​လေးသွားလျက် ကြိုလိုက်​လေသည်။

"ဆရာ​​သခင် ​ဖေး​ရေ..ဆရာသခင်​ဖေး​ရောက်လာပြီ​ပေါ့...အမြန်အမြန်လုပ်ပါဦး..ကျွန်​တော်ကို ကူညီပါဗျာ..ကြည့်​ပေးပါဦး ကျွန်​တော့်ကိုသရဲများ၀င်ပူး​နေပြီလားဟင်...ကျွန်​တော့်​နောက်က​တော့လိုက်မလာပါဘူး​နော်"

ဆရာသခင်​ဖေးဟု​ခေါ်ဆိုသူ လူရွယ်​လေးမှာ ဒါရိုက်တာ၀မ်ထံမှ VIPနား​နေခန်းထဲသို့ အားမာန်အပြည့်ဖြင့်ဆွဲသွင်းခံလိုက်ရ​လေသည်။ သူကလက်ကို​မြှောက်လျက် သူ၏နှာတံ​ပေါ်မှ ​နေကာမျက်မှန်ကို ဖြည်းညှင်းစွာချွတ်လိုက်ပြီး က​လေးငယ်များနှယ်၀ိုင်းစက်လှပ​သော မျက်လုံးကြီးနှစ်လုံးကိုထုတ်​ဖော်လာခဲ့​လေသည်။ သူ့တွင် မျက်ရစ်မရှိ​သော်လည်း ထိုမျက်လုံးများက ​တောက်ပကာ သိသိသာသာကျယ်​လေသည်။ အလွန်အသက်၀င်ကာ ကြည့်​ကောင်း​သောမျက်လုံးများဖြစ်သည်။ သူကဒါရိုက်တာ၀မ်ကို အစုန်အဆန်ကြည့်လိုက်ပြီး လက်ကို​ဝေ့ယမ်းကာဆိုလိုက်သည်။

"သခင်​လေး၀မ်..ခင်များကိုယ်က ကျန်းမာပါတယ်..ပြီး​တော့ ကျွန်​တော့်ဆရာဦး​လေးရဲ့​ကောင်းချီး​ပေးထားတဲ့ အသက်ရှည်အ​ဆောင်လည်းရှိတယ်မလား...သရဲ​တွေ၀ိဥာဥ်​တွေက ခင်များကိုဘယ်လိုလုပ်စွဲကပ်နိုင်မှာလဲ"

ဒါရိုက်တာ၀မ်မှာ စိတ်သက်သာရာရစွာ သက်ပြင်းအသာချလိုက်သည်။ ရက်သတ္တပါတ်တစ်၀က်မျှကြာပြီး​နောက် သူကစိတ်​ကောင်း၀င်မ​နေခဲ့​ချေ။

"ကျွန်​တော့်မှာပြဿနာရှိ​နေတာမဟုတ်မှ​တော့ အခု၂ရက်အတွင်း ဘာ​တွေဖြစ်​နေတာပါလိမ့်..မစ်စတာ​ဖေး..​ကျေးဇူးပြုပြီး​တော့ဗျာ ဒီမှာ​နေပြီး Hမြို့မှာ ခဏ​လောက်အပျင်း​ပြေ​လေး​နေ​ပေးပါဦး...ကျွန်​တော်​​လည်းလေ ဒီလိုအစုတ်အပြက်ကားကို ရိုက်ကိုရိုက်ချင်မ​နေဘူး..ဒီလိုဟာမျိုးက ဒီလူအိုကြီးကို ၁၅သန်း​ကျော်​တော် ဖြုတ်ခနဲကုန်သွား​အောင်လုပ်ခဲ့တာ"

မစ်စတာ​ဖေးမှာ မျက်ခုံးကိုအသာပင့်လိုက်​လေသည်။

"အဖွဲ့သား​တွေကြားမှာ သရဲရှိ​နေတယ်လို့ သခင်​လေး၀မ်က တကယ်​သေချာလို့လား"

ဒါရိုက်တာ၀မ်မှာ ချက်ကျလက်ကျဆိုလာခဲ့​လေသည်။

"ကျွန်​တော့်ရဲ့သက်ရှည်အ​ဆောင်က မ​နေ့ကပူလာတာ..လက်နဲ့​တောင်ကိုင်မရဘူး...သရဲ​တွေအနားမှာရှိ​နေရင် ဒီအ​ဆောင်က ပူလာမယ်လို့ဆရာ​ကျောက်ကိုယ်တိုင်ပဲ မ​ပြောခဲ့ဘူးလား..ပိုပြီးပူ​လေ သရဲကစွမ်းအားကြီး​လေဆို..အညှိုးကြီးသရဲပဲဖြစ်မှာ​သေချာတယ်...မ​​နေ့ညက..ကျွန်​တော့်လက်​တွေ​လောင်​သွား​တော့မလို့ပါဆို..."

​သတ္တိနည်း​သော ကြွက်တစ်​ကောင်လို ဒါရိုက်တာ၀မ်၏ပုံစံကိုကြည့်ကာ မစ်စတာ​ဖေးမှာ ရယ်လိုက်​လေသည်။ သူက​နေကာမျက်မှန်ကိုပြန်တပ်လိုက်ပြီး သူ၏မျက်လုံးများထဲမှ မနှစ်မြို့မှုများနှင့် အထင်​သေးမှုများကိုဖုံးကွယ်ထားလိုက်သည်။ ထို့​နောက် အပြုံးမမည်​​သော အပြုံးနှင့်ဆိုလိုက်သည်။

"ဆရာဦး​လေးကကျွန်​တော့်ကိုဒီလာခိုင်းမှ​တော့ သခင်​လေး၀မ်ရဲ့ ပြဿနာကိုရှင်း​ပေးဖို့ပဲ​​ပေါ့..သွားကြစို့ သခင်​​လေး၀မ်​ရေ..ကျွန်​တော်တို့ကအခု ယွမ်၁၀သန်းဖိုးအရင်းအနှီးကို​ပြော​နေတာမလား..ဒါကခင်များရဲ့အသက်​သွေး​ကြောပဲ..သရဲတစ်​ကောင်တကယ်ရှိ​နေခဲ့ရင်လည်း ဖမ်းလိုက်တာ မ​ကောင်း​ပေဘူးလား.."

တဖက်လူ၏စကားကိုကြား​သော် ဒါရိုက်တာ၀မ်၏ မျက်လုံးများ​ တဖျတ်ဖျတ်တောက်ပလာခဲ့​လေသည်။

"​ကောင်းတာ​ပေါ့ဗျာ..ဒါတိုဒီည Hမြို့မှာအရင်​နေကြရ​အောင်​လေ..မနက်ဖြန်မနက်ကျမှ ပင်းဟူကိုသွားကြတာ​ပေါ့..အားလုံးဆရာသခင်​ဖေး​ပြောတဲ့အတိုင်းဖြစ်​စေရမယ်ဗျာ.."

တစ်ချိန်တည်းမှာပင် ရိုက်ကူး​ရေးအဖွဲ့ထဲတွင် ရှီကျားမှာ ယန်​ရှောင်ချန်း၏ နား​နေခန်းအ၀င်၀တွင် ရပ်​နေခဲ့​လေသည်။ ​ခေါင်း​ဆောင်မင်းသားမှာ ​လော​လောဆယ် ရိုက်ကူး​ရေးအဖွဲ့နှင့်အတူရှိမ​နေ​မှန်း သူသိပြီးဖြစ်သည်။ မ​နေ့ညက ချန်း​​ထောင်မ​တော်တဆဖြစ်ပြီးကတည်းက ယန်​ရှောင်ချန်းမှာ မြို့မှဟိုတယ်ဆီပြန်​ပြေးသွားခဲ့​လေသည်။ ဒါရိုက်တာ၀မ်လည်းရှိမ​နေရာ အဖွဲ့ထဲတွင် သူ့ကိုပြန်​ခေါ်နိုင်သူလည်းမရှိ​ချေ။ သူတို့သည်အ​မှောင်ထဲမှ တိတ်တဆိတ်ကျိန်ဆဲကာ ​ငြူစူ​ဆောင့်​အောင့်​နေရုံသာတတ်နိုင်​လေသည်။

​အ​နောက်အရပ်​တောင်​​ခြေတွင် နေ၀င်ချိန်​နေ​ရောင်အလင်းတန်းများ​ပျောက်ကွယ်သွားသည်နှင့် ​တောအုပ်နက်ထဲမှ မိန်းမတစ်​ယောက်၏ငြီးညူ​ငို​ကြွေးသံနှင့်တူ​သော ​လေတိုးသံများကိုကြား​နေရ​လေသည်။ ထိုငိုသံမှာ ​တောင်၏​လေတိုးသံနှင့်အတူ​ရော​နှော​နေကာ ညကိုပို၍​အေးစက်​မှောင်မိုက်​နေ​စေသည်။ ထို့​ကြောင့်ယခု​လေးတင်' ဒါရိုက်တာ၀မ်က​ကြောင်​တောင်​တောင်နဲ့ အယူကသီး​သေး'ဟု​ပြောခဲ့သူများမှာ သူတို့၏ ကုတ်အင်္ကျီများကို တင်းတင်းဆွဲ​စေ့လျက် ​ကြောက်ရွံ့စွာ တံ​တွေးကိုမြိုချလိုက်မိကြ​လေသည်။

အ​ဆုံးမှာ​တော့ မ​နေ့ညကမှ မ​တော်တဆတစ်ခုဖြစ်ထားခဲ့​သေးသည်မဟုတ်ပါလား။

အဖွဲ့သားများမှာလည်း ဤသို့​အေးစက်ကာ ​မှောင်မိုက်​သော​ညတွင် ဤတောအုပ်ထဲ၌ဆက်၍ရိုက်ကူး​ရေးလုပ်မ​နေချင်ကြပါ​ချေ။ နား​နေခန်းတံခါး၀အနီးတွင် ရပ်​နေကြ​​သော ဖြတ်​လျှောက်သရုပ်​ဆောင်​​လေးကိုလည်း မည်သူမျှဂရုစိုက်မ​နေနိုင်ကြ​ချေ။

ည​ရောက်လာသည်နှင့် ရှီကျား သူ၏ညာလက်ကိုတင်းစွာဆုပ်လိုက်​လေသည်။ သူ၏မျက်လုံးအိမ်များမှာ ကျုံ့သွားလျက် ​အေးသက်​သောအကြည့်တို့တွင် အသက်၀ိဥာဥ်တို့ကင်းမဲ့​နေသည့်အလား။ သူ၏လက်​ချောင်းများတွင်လည်း ​သွေးနီ​ရောင်စွမ်းအင်များစိမ့်ထွက်လာခဲ့​လေသည်။ ထို့​နောက် ထူထဲ​သောတံခါးချပ်ကို ရုတ်ချည်းထိုးချလိုက်​လေသည်။

ဘန်း...

ရိုက်ကူး​ရေးအဖွဲ့ကို လွှမ်းခြုံ​နေ​​သော အနက်​ရောင်ချီများမှာ တုန်လှုပ်သွားခဲ့​လေသည်။

သို့​သော် ရိုက်ကူး​ရေးအဖွဲ့ကို၀န်းရံ​နေ​သော အနက်​ရောင်ချီများမှာ ​ပြောင်းလဲမှု သိပ်မရှိပဲ အနည်းငယ်မျှ မှိန်​ဖျော့သွားရုံသာဖြစ်​လေသည်။ ယန်​ရှောင်ချန်း၏ အခန်းထဲတွင် လူတစ်ကိုယ်စာမျှမြင့်​သော အနက်​ရောင်ချီအရိပ်တစ်ခုမှာ အခန်းထဲမှဖြတ်ခနဲ​ပြေးထွက်သွားပြီး ​အ​ရှေ့​တောင်အရပ်သို့​ပြေးထွက်သွားခဲ့​လေသည်။

ရှီကျားက ၀ူရှန်းရှင်းလီကို သူ၏လည်တိုင်တွင်ဆွဲလျက် ​ခြေလှမ်းများကို အရှေ့​တောင်အရပ်သို့ဦးတည်လိုက်​လေသည်။ သူ​ခြေလှမ်းအနည်းငယ်သာလှမ်းရ​သေးချိန်တွင် လက်​ထောက်ဒါရိုက်တာကလှမ်း​အော်လာခဲ့သည်။

"​​ဟေး..ရှီကျား..ဘယ်သွားမလို့လဲ..ငါတို့အခုပဲ ​ဟိုတယ်ပြန်ကြ​တော့မလို့"

ရှီကျားမှာ ​ခြေလှမ်းတို့ကိုမရပ်ပဲ ​နောက်လှည့်ကာ ပြုံးပြလျက်ဆိုလိုက်​လေသည်။

"အစ်ကိုရှန်း..ကျွန်​တော်ကျန်ခဲ့တာ​လေးရှိ​နေလို့..သွားယူပြီးမှ လိုက်ခဲ့တော့မယ်"

အစ်ကိုရှန်းထံမှ ​ထပ်​ပြောလာသည်ကို​စောင့်မ​နေ​တော့ပဲ ​ချော​မော​ကျော့ရှင်း​​သော လူရွယ်​လေးမှာ ထင်းရူးပင်များအကြား​ပျောက်ကွယ်သွား​တော့သည်။

​လေပြင်းတစ်ချက်တိုက်လာပြီး​နောက် အဖွဲ့သားများမှာ အင်္ကျီများကို ကိုယ်စီတင်းတင်းဆွဲလျက် သိမ်းဆည်းခြင်းကိုအရှိန်မြှင့်လိုက်ကြ​လေသည်။ မြင့်မား​သော ထင်းရူးပင်ကြီးများမှာ ရုတ်တရက်​လေကြမ်းတစ်ချက်​ကြောင့်ယမ်းခါသွားခဲ့​လေသည်။ ​ထောင်​ပေါင်းများစွာ​သော သစ်ရွက်များအချင်းချင်းပွတ်တိုက်မိသွား​သောအခါ ထို​မှောင်မည်း​နေ​သော​တောအုပ်ကြီးမှာ အ​မှောင်ထဲတွင် ပုန်း​အောင်းလျက် လူသားများကို ၀ါးမြိုရန်မ​စောင့်နိုင်​တော့​​သော သားရဲကြီးတစ်​​ကောင်သဖွယ်။

အဖွဲ့ထဲမှ ​ကြောက်တတ်သူများမှာ ​အော်ဟစ်​နေကြပြီဖြစ်သည်။ အ​ရှေ့​တောင်ဘက်တွင် အနက်​ရောင်ချီထုကြီးမှာ လူတစ်​ယောက်၏အသွင်​ပြောင်းလဲသွားခဲ့​လေသည်။ ဖြူ​လျော်​လျော် သရဲမမှာ​ လျင်မြန်စွာလွင့်​မြောကာ ​ရွေ့လျား​နေခဲ့​လေသည်။ သူမ၏၀မ်းဗိုက်အလယ်တွင် သိသာထင်ရှား​သော ဖြတ်​တောက်ရာကြီးရှိ​နေခဲ့​လေသည်။ ထိုအဟကြီးထံမှ အနက်​ရောင်ချီများပိုပို၍လျှံထွက်လာခဲ့​လေသည်။

သရဲမမှာ သူမ​နောက်မှ​ကြောက်မက်ဖွယ်သားရဲအုပ်ကြီး​ပြေးလိုက်လာသည့်အလား အရူးအမူး​ပြေးလွှား​နေခဲ့​လေသည်။ သူမ​၏​နောက်တွင်​တော့ ရှီကျားမှာ ​ပြေး၍လိုက်​နေခဲ့​လေသည်။

ရုတ်ချည်း အနက်​ရောင်အရိပ်တစ်ခုမှ လှစ်ခနဲထွက်လာပြီး သရဲမ၏​နောက်​ကျောပြင်ကို​ဖောက်၀င်သွားခဲ့သည်။ ထိုအနက်​ရောင်အရိပ်မှာ ထိုသရဲမကိုထိလိုက်သည်နှင့် မီးနှင့်တို့ခံရသည့်အလား စူးရှစွာ​အော်မြည်ကာ ​ကျောတွင်လည်းအ​ပေါက်ကြီးတစ်​ပေါက် ​​ပေါက်သွားခဲ့​လေသည်။

ထိုအနက်​ရောင် '၀ူရှန်းချင်းလီ'မှာလည်း ​မြေပြင်​ပေါ်သို့လျင်မြန်စွာ ပြုတ်ကျသွားခဲ့​လေသည်။ ၄င်းမှာ ၂ပတ်မျှလိမ့်လိုက်ပြီး​နောက် ရှီကျားထံသို့ပြန်လှည့်လာခဲ့​လေသည်။

ရှီကျား ကိုယ်ကိုကိုင်းလျက် ထို​အံစားတုံး​လေးကို ​ကောက်ယူလိုက်သည်။ သို့​သော်ထိုအံစာတုံးမှာ ၂ပတ်မျှလိမ့်ကာ ​ချော်ထွက်သွားမည်ဟု မည်သူကထင်ထားလိမ့်မည်နည်း။ ရှီကျားမှာ တန့်သွားပြီးမှ ​နောက်တစ်ကြိမ်​ကောက်ယူလိုက်​လေသည်။ ဤတစ်ကြိမ်တွင်​တော့ အံစာတုံးမှာ နာနာခံခံနှင့်ပါလာခဲ့သည်။

သူ၏​ခေါင်းထဲတွင် ထူးဆန်း​သော အ​တွေးတစ်ခုဖြတ်​ပြေးသွားခဲ့သည်။

မစ်စတာယဲ့ရဲ့ ​မှော်လက်နက်မှာ ၀ိညာဥ်အသိစိတ်​တောင်ရှိ​နေတာလား..

ရှီကျား ခေါင်းကိုတဖန်​မော့လျက် ​လေထဲတွင် ပုံပျက်ပန်းပျက်လွင့်​မျော​နေ​သော သရဲမကိုတဖန်ကြည့်လိုက်ပြန်သည်။

သို့​သော် ထိုသရဲမမှာ သူမ​ရှေ့မှ လူရွယ်ကိုကြည့်လျက် ​​ကြောက်ရွံ့မှု​ကြောင့်တုန်ရီ​နေသည်ကိုသာ​တွေ့လိုက်ရ​လေသည်။ သူမမှာ​ဆက်၍​ပြေးလွှားရန်ကြိုးစား​နေပါ​သော်လည်း အနက်​ရောင်ချီများမှာ ၀ူရှန်းရှင်းလီကြောင့်​​လောင်သွား​သော ​ကျော​ပေါက်ကြီးထံမှ လျှံကျ​နေခဲ့​လေသည်။ သူမမှာဆက်၍ရပ်​နေနိုင်ရန်ပင် ခက်ခဲ​နေခဲ့​လေသည်။

ရှီကျားမှာ ထိုသရဲမ၏၀မ်းဗိုက်​ပေါ်မှ ဒဏ်ရာကိုအ​တော်ကြာစိုက်ကြည့်​နေပြီး​နောက် တိုးညှင်းစွာ​မေးလိုက်​လေသည်။

"​မီးဖွားရခက်ခဲ့တာလား"

၄င်းကိုကြား​သော် အမျိုးသမီးသရဲမှာ ရုတ်ချည်း အရူးအမူးရယ်ချလာခဲ့​လေသည်။

"​မီးဖွားရခက်တယ်ဟုတ်လား...သူ့​ကြောင့်​လေ..သူကငါ့ဗိုက်ထဲက အသက်ရှင်​နေတဲ့က​လေးကို အရှင်လတ်လတ်ဆွဲထုတ်ခဲ့တာ..သူပဲ..သူပဲ..ယန်​ရှောင်ချန်း..ငါသူ့ကိုသတ်မယ်..ယန်​ရှောင်ချန်း"

ရှီကျားမှာ သူ၏​ရှေ့မှ သရဲမကိုကြည့်​နေခဲ့သည်။

"မင်းကိုယ်မင်းသတ်​သေခဲ့တာလား"

သရဲမမှာ သူမ၏ပါးစပ်ကျယ်ကြီးကိုဟလာခဲ့လျှင် အတွင်းမှ သွားများမှ ​သွေးမည်းများ​ကြောင့် မည်း​နက်ကာ ​ခြောက်ခြားစရာ​ကောင်း​နေခဲ့​လေသည်။

"သတ်​သေတယ်ဟုတ်လား..သူကပဲငါ့ကိုသတ်ခဲ့တာ​လေ...ငါ့ကို​ရွေးစရာလမ်းမ​ပေးခဲ့တာ..အကုန်သူ့​ကြောင့်ပဲ..သူကငါ့ကို​သေ​အောင်လုပ်ခဲ့တာ"

ရှီကျားက ​အေးစက်စွာဆိုလိုက်သည်။

"မင်းလက်စား​ချေဖို့သူ့ကိုရှာ​နေတာဆိုရင်..ဘာမှမဆိုင်တဲ့ငါ့သူငယ်ချင်းကို ဘာလို့​တောင်​ပေါ်က​နေတွန်းချရတာလဲ"

"သူ့ယန်စွမ်းအင်က သန်မာလွန်းတယ်..ယန်​ရှောင်ချန်းက သူ့နားမှာပဲ တချိန်လုံးပုန်းနေတာ..သူ့ကိုမသတ်ရင် ယန်​ရှောင်ချန်းကိုဘယ်လိုသတ်လို့ရမှာလဲ...အားလုံးယန်​ရှောင်ချန်း​ကြောင့်ပဲ...ငါသူ့ကိုသတ်ချင်တယ်..သတ်ရမှဖြစ်မယ်"

၀ူရှန်းချင်းလီကို သူ၏လည်တိုင်တွင် ပြန်ဆွဲလိုက်ပြီး​နောက် ရှီကျားမှာ ထိုသရဲမကို အမူအယာစွာကြည့်လိက်ဆိုလိုက်​လေသည်။

"မင်းနဲ့ ယန်​ရှောင်ချန်းကိစ္စကို ငါဂရုမစိုက်ဘူး..ဒါ​ပေမယ့် မင်းကချန်း​​ထောင်အ​ပေါ် လက်တင်ရဲတယ်..ဒီလိုဆိုမှ​​တော့ ငါ့ကိုအဆိုးမဆိုနဲ့"

"နင်ကဘာလဲ..နင့်ယင်စွမ်းအင်ကဘာလို့အရမ်းသန်မာ​နေရတာလဲ...နင်ကဘယ်လို​သေသွားတာလဲ..အငြိုး.."

သရဲမ၏အသံကရုတ်ချည်းရပ်တန့်သွားခဲ့ကာ သူမ၏မျက်ဆံများမပါရှိပဲ အ​ခေါင်း​ပေါက်၂ခုသဖွယ် မျက်လုံးမည်းမည်းကြီးတစ်စုံမှာ ရှီကျားကို အငမ်းမရစိုက်ကြည့်လာခဲ့​လေသည်။

"နင်ကလူသားလား"

ရှီကျားမှာ သူ၏လက်မှအ​ကြော​တို့ကို​​ဖြေ​လျော့ရင်း ​ရှေ့သို့ဆက်​လျှောက်လာခဲ့​လေသည်။

"အင်း..လူ​လေ"

ပိန်ပါး​သောလူရွယ်​လေး၏ကိုယ်ထဲမှ သိပ်သည်းလှ​သော ယင်စွမ်းအင်များ ရုတ်ချည်းလျှံထွက်လာခဲ့​လေသည်။ ထို​ကြောက်မက်ဖွယ်ယင်စွမ်းအင်ထု​ကြောင့် တရှဲရှဲ​လေသံမှာပင် တိတ်ဆိတ်သွားခဲ့​လေသည်။ ​ကြောက်ရွံ့ကာထွက်​ပြေးချင်​နေ​​သော သရဲမမှာ လူသားဟူ​သောအသံကိုကြားသည်နှင့် သွားများကိုလျှာဖြင့်သပ်ကာ ရုတ်ချည်း​ပြေး၀င်လာခဲ့​လေသည်။

"ငါနင့်ကိုစားလိုက်ရင် သူ့ကိုသတ်လို့ရပြီ...နင့်ကိုစားလိုက်ရုံပဲ...နင့်ကိုစားမယ်..အား..."

​သွေးများနှင့်ပြည့်လျှံ​နေ​သော အမျိုးသမီးသရဲ၏ ပါးစပ်မှာ ရုတ်ချည်း ဘန်းခနဲတစ်ချက်ရိုက်နှက်ခံရမှုနှင့်အတူ ပဲ့ထွက်သွားခဲ့​လေသည်။ သူမ၏ပါးပြင်မှ အသားတစ်ဖက်မှ ကွာကျသွားခဲ့သည်။ သို့​သော်​မြေကြီး​ပေါ်တွင် ​သွေးစက်များအစား အနက်​ရောင်ချီများကသာပြိုကွဲသွားခဲ့​လေသည်။ ပြင်းထန်​သော လက်သီးချက်မှာ သရဲမကို အညှာအတာမဲ့စွာ ထိုးကြိတ်လိုက်​ကာ သရဲမမှာ​ ​သေပြီးသားဖြစ်သည့်တိုင် မြေကြီး​ပေါ်တွင် အ​သေ​ကောင်လိုလဲကျ​နေရုံသာတတ်နိုင်​လေသည်။ ​

နောက်ထပ် လက်သီးချက်တစ်ချက်​​ပြေး၀င်လာချိန်တွင် သူမကပြန်လည်အသိ၀င်လာခဲ့​လေသည်။

သရဲမမှာ​အော်လိုက်​လေသည်။ သူမ၏၀မ်းဗိုက်ထဲမှ အနက်​ရောင်ချီများ ပန်းထွက်လာခဲ့သည်။ ထို့​နောက်​လေထုထဲတွင် သိပ်သည်းသွားလျက် သ​န္ဓေသား​လောင်းတ​စ္ဆေအသွင်​ပြောင်းလဲသွားခဲ့​လေသည်။ ထိုအနက်​ရောင်သ​န္ဓေသားတ​စ္ဆေက ​စူးရှစွာ​အော်မြည်လျက် ရှီကျားကို လှမ်းကိုက်ရန်​ပြေးလာခဲ့​လေသည်။ ရှီကျား၏​ခြေလှမ်းတို့မှာ ရပ်တန့်သွားလျက် ထိုသ​န္ဓေသားတ​စ္ဆေကိုကြည့်လိုက်​လေသည်။ သူ၏ဗလာမျက်၀န်းတို့ကထို က​လေးသရဲ​လေးကို စိုက်ကြည့်​နေခဲ့ကာ အနားကို​ရောက်လာသည်အထိ​စောင့်​နေပြီးမှ ရုတ်ချည်းလက်သီးကိုဆုပ်ကာထိုးချလိုက်​လေသည်။

၁၀မိနစ်မျှကြာပြီး​နောက် အစ်ကိုရှန်းမှာလည်း ရှီကျားကို​စောင့်​နေရခြင်းအဆုံးသတ်သွား​တော့သည်။

လူရွယ်​လေးကိုမြင်သည်နှင့် အစ်ကိုရှန်းမှာ ​လျှောက်လာခဲ့​လေသည်။

"ပြန်လာဖို့ဘာလို့ဒီ​လောက်ကြာ​နေတာတုန်း...ဘာမ​တော်တဆမှမကြုံခဲ့ပါဘူး​နော်...ဒါကပင်းဟူသဘာ၀ရှုခင်းရိပ်သာကွ..ညဘက်ဆို ပုံမှန်မဟုတ်ပဲ တကယ်ထူးဆန်းတာ..အခု​လေးတင်​လေတိုးသံကိုမကြားလိုက်ဘူးလား..မိန်းမတစ်​ယောက်ငို​နေတဲ့အသံနဲ့မတူဘူးလား...​ရှောင်ချန်းက​ပြောတယ် မင်းတို့ကညီကို​ကောင်း​တွေဆို..မင်း​ဒီလိုပျောက်မသွားရင်အ​ကောင်းဆုံးပဲ..မဟုတ်ရင် ​ရှောင်ချန်းကို ငါဘယ်လိုရှင်းပြရမလဲ"

ရှီကျားက​ခေါင်းညိတ်လျက် နာခံစွာဆိုလိုက်သည်။

"အစ်ကိုရှန်းကို စိတ်ပူ​အောင်လုပ်မိပြီ.."

လူ၂ဦးအတူ​လျှောက်သွားကြစဥ် အစ်ကိုရှန်းက​မေးလာခဲ့သည်။

"မင်းကျန်ခဲ့တာကိုရှာ​တွေ့ခဲ့လား"

ရှီကျားမှာ ခတ္တမျှ​ကြောင်သွားမိပြီးမှ အမူအယာကိုအမြန်ဖုံးကွယ်လျက် တည်ငြိမ်စွာဆိုလိုက်​လေသည်။

"အင်း ​တွေ့ခဲ့ပြီ"

အစ်ကိုရှန်းကဆိုလာသည်။

"​တွေ့​တော့လည်း​ကောင်းတာ​ပေါ့..မနက်ဖြန်မနက်ကျရင်..ငါမြို့ကိုကားနဲ့လိုက်ပို့​ပေးမယ်...ဒီည​တော့ ​ရှောင်ချန်းကတစ်​ခေါက်နိုးလာပြီး ပြန်အိပ်သွားတယ်​ပြောတယ်..ကိစ္စကြီးမဟုတ်ဘူး အရမ်းစိတ်ပူမ​နေနဲ့"

ရှီကျားမှာ 'အင်း..'ဟုတိုးတိုးသာတုံ့ပြန်လိုက်ကာ ဘာမျှမဆို​တော့​ချေ။


👻