👻Chapter 11
Viewers 3k

👻Chapter 11


ထိုနည်းမှလွဲ၍ pointများရရှိနိုင်​သော အခြားနည်းလမ်းမှာ 'Ghosts know' အ​ကောင့်ထံသို့ သတင်းများ​ ​ပို့​ပေးခြင်းဖြစ်ကာ ထျန်းကုန်းကျိုက်က ၄င်းတို့ကို ပြန်​ရောင်း​လေသည်။

ထျန်းကုန်းကျိုုက်မှာ ရွှမ်းရွှယ်​လောက၏ ရတနာထုတ်လုပ်သန့်စင်ခြင်းတွင် နာမည်ကြီး ဂိုဏ်းဖြစ်​လေသည်။ ဂိုဏ်း၏တည်​ထောင်သူအကြီးအကဲမှာ လက်မှုနတ်ဘုရား လုပန်ဖြစ်သည်။ သူတို့၏နာမည်အကြီးဆုံး ရတနာ modou အဆင့်ဇယားမှာ လုပန်၏ modouကိုသုံးလျက် ပြန်လည်ပြင်ဆင်ထားခြင်းဖြစ်​လေသည်။ ၄င်းအပြင်ကို သူတို့၏ ၁၄၂ဆက်​မြောက် ထျန်းကုန်း ခိုက်၀ူ အကြီးအကဲမှ ရတနာသန့်စင်နည်းအသစ်ကို တီထွင်နိုင်ခဲ့ပြီး ထိုအချိန်မှစ၍ ဂိုဏ်းအား ထျန်းကုန်းကျိုက်ဟု ​ခေါ်​ဝေါ်ခဲ့ကြ​လေသည်။

နှစ်စဥ်နှစ်တိုင်းတွင် ထျန်းကုန်းကျိုက်မှာ 'Ghosts Know'အား ​ငွေအလုံးအရင်းနှင့်​​ထောက်ပံ့​လေ့ရှိကာ သူသည်ကား အဓိကရှယ်ယာရှင်ဟုပင်ယူဆနိုင်​လေသည်။ ထို့​ကြောင့်ပင် 'Ghosts know'တရား၀င်​အ​ကောင့်၏ စာမျက်နှာ​အောက်တွင် ထျန်းကုန်းကျိုက်၏ အွန်လိုင်း​ရှော့ linkက တွဲလျက်ရှိ​နေခြင်းဖြစ်​လေသည်။

ရွှမ်းရွှယ်​လောကမှ လူအများမှာ ​ငွေ​ကြေးပြတ်လပ်မ​နေကြ​ချေ။ သူတို့သည်​သေမျိုး​လောက၏ ပိုက်ဆံကို သိပ်လိုအပ်မ​နေခဲ့ကြဟုဆိုနိုင်သည်။ သူတို့အသုံးများသည်က သရဲဖမ်းရမှတ် (point)များဖြစ်သည်​။ ဥပမာ ​ဖေးယွီမှာ သူ၏ကိုယ်ပိုင်​သွေးစက်ကို ထျန်းကုန်းကျိုက်၏ အွန်လိုင်း​​စျေးစင်​​​ပေါ်တွင် ​ရောင်းချရန်တင်ထားခဲ့​လေသည်။ ​ရောင်းချရ​ငွေကို သူသည် ထျန်းကုန်းကျိုက်နှင့် ၅၀ ၅၀စီ ခွဲယူရသည်။

"ငါကြားတာ​တော့ နန်ရိက ထျန်းကုန်းကျိုက်နဲ့ ၆၀ ၄၀စီခွဲတာတဲ့..ငရဲဘုရင်ယဲ့ဆို ၈၀ ၂၀ခွဲတာ..လုံး၀မျှတမ​နေဘူး..ငရဲဘုရင်ယဲ့က တကယ်ဆို point​တွေပြတ်လပ်မ​နေတာကို သူကျဘာလို့ point​တွေ point​​တွေချည်း ရပြီးရင်းရ​နေတာလဲ..ငါကျမွဲပြီးရင်းမွဲ​​နေတယ်...ဒီလိုလူ့အဆင့်အတန်းကွဲပြားမှုက ဆိုရှယ်လစ်စံတန်ဖိုးကိုချိုး​ဖျက်နေတာပဲ.."

ရှီကျား"...."

မင်းတို့​​လောကက လူ​​တွေရှိ​နေတာကိုက ဆိုရှယ်လစ် စံတန်ဖိုး​တွေအမှုန့်​ချေပစ်ဖို့လုံ​လောက်​တာထက်​တောင်ပို​နေပြီ ဟုတ်ပြီလား...

သူ့အားဂရုစိုက်ရန်ပင် ပျင်းလွန်း​စွာ ရှီကျားမှာ ​ခေါင်းကိုငုံ့လျက် 'Ghosts know' official အ​ကောင့်ကို ဆွဲချကာ ဟိုဟိုသည်သည် ဖတ်ကြည့်​နေခဲ့​လေသည်။

အ​ဆောက်အဦးမှ ယင်စွမ်းအင်ကို ဖိနှိပ်ပြီးသည်နှင့် ရှီကျားနှင့်​ဖေးယွီမှာ အနီးအနားရှိ ပန်းခြံ​လေးတွင် ထိုင်ကာ ထိုအ​ဆောက်အဦးမှ လှုပ်ရှားမှုတစုံတရာရှိမရှိ ​စောင့်ကြည့်​နေခဲ့ကြ​လေသည်။ မိသားစု၂ခုထဲတွင် အဘိုးတစ်ဦးဆုံးသွား​သည်ဆိုသော မိသားစုမှာ အိမ်မှာမရှိကြပုံ​ပေါ်ကာ အသုဘအတွက် ​မွေးရပ်​မြေကိုပြန်သွားကြခြင်းလည်းဖြစ်နိုင်​လေသည်။ အ​​မေနှင့်သား ၂ဦးမိသားစုကမူ အပြင်ထွက်သည်က အလွန်ရှား​လေသည်။

ည​နေခင်းတွင် အမျိုးသမီးမှာ ​ကောင်ငယ်​လေးနှင့်အတူ ​အောက်ထပ်သို့ အမှိုက်ပစ်ရန် ဆင်းလာခဲ့​လေသည်။

သူတို့၏ကိုယ်​ပေါ်မှ အလွန့်အလွန်ထူထဲ​သော ယင်စွမ်းအင်ထုကြီးမှလွဲလျှင် ထိုသားအမိမှာ သာမာန်အ​မေနှင့်သားနှင့်သာတူ​လေသည်။

​နောက်တစ်​နေ့တွင် ​ဖေးယွီမှာ ထျန်းကုန်းကျိုက်ထံမှ အမြန်​ချောနှင့်ပို့လိုက်​သော ​​သွေးစက်များကို လက်ခံရရှိခဲ့ကာ ယဲ့ကျင်းကျီ၏​သွေးစက်များကို အလျင်အမြန် အသုံးပြုလိုက်​လေသည်။

ဤတစ်ကြိမ်တွင်​​တော့ ရှီကျားမှာ ထူးခြားမှုကို ကျိန်း​သေ​​ပေါက်​တွေ့ခဲ့ရ​လေသည်။ ယဲ့ကျင်းကျီ၏ ​သွေးစက်၄စက်က ဖေးယွီ၏လက်ထဲသို့စုစည်းမလာခဲ့​ချေ။ ထို​​သွေးစီး​ကြောင်း ၄​ကြောင်းမှာ လျင်မြန်စွာ အပေါ်သို့ထိုးတက်သွားခဲ့ပြီး ၇ထပ်အ​ဆောက်အဦး​​ပေါ်မှ မိသားစု၂စု၏ တိုက်ခန်းများကို ခိုင်မာစွာဖိနှိပ်ထားခဲ့​လေသည်။

အ​ဆောက်အဦးတစ်ခုလုံးတွင် ပျံ့နှံ့​နေ​သော ယင်စွမ်းအင်များမှာ ၇ထပ်​မြောက်သို့ချက်ချင်းပြန်လည်ဖိနှိပ်ခံလိုက်ရသည်။ ယင်စွမ်းအင်မှာ ​အော်မြည်လျက် လွတ်​မြောက်ရန်ရုန်းကန်ချင်ခဲ့​လေသည်။ သို့​သော် ​သွေးချည်မျှင်များကိုထိမိသည်နှင့် ထိုစွမ်းအင်မှာ ​မခံနိုင်သည့်အလား ပြန်ဆုတ်​ပြေးရုံသာတတ်နိုင်​လေသည်။

ခွန်အားကွာခြားချက်မှာ ထိုမျှသိသာ​လေသည်။

သို့တိုင်​အောင် ​ဖေးယွီ၏ အမူအယာမှာ ပို၍ ​လေးနက်လာခဲ့​လေသည်။

"ငရဲဘုရင်ယဲ့ရဲ့​သွေးစက်က​တောင် မ​ကောင်းဆိုး၀ါး၀ိညာဥ်ကိုချက်ချင်းမဖမ်းနိုင်ဘူး..ရှီကျား ငါ​တော့ဒီ​ကောင့်ရဲ့ ခွန်အားကို ​လျှော့တွက်မိပြီထင်တယ်...ငါမြို့​တော်ကိုသွားပြီး ဆရာဦး​လေးဆီကအ​ရေးတကြီးလိုအပ်တာတစ်ခုခုသွားယူလိုက်ပြီးရင် ချက်ချင်းပြန်လာခဲ့မယ်..ဒီသရဲကသာမာန်မဟုတ်ဘူးမင်း သတိထားသင့်တယ်...​နောက်ဆုံးမရ​တော့ရင်ကွာ မင်း၀ူရှန်းရှင်းလီနဲ့သာ ​​ကောက်​ပေါက်ပစ်လိုက်..ဒီ​ကောင်က ၀ူရှန်းရှင်းလီကို​တောင် မဖြုံဘူးလို့​တော့ ငါမယုံဘူးကွာ"

​ပြောပြီးသည်နှင့် ​ဖေးယွီက အလျင်အမြန်ထွက်ခွာသွား​တော့သည်။

အင်္ကျီထဲမှ ​ကြေးအံစာတုံး​လေးမှာ ရှီကျားကို သတိ​ပေးလိုသည့်အလား လှုပ်ခါလာခဲ့​လေသည်။

'မင်းမှာ ဒုက္ခ​တွေ့​နေရင် ငါ့ကိုသာပစ်ထုတ်လိုက်..ငါကာကွယ်​ပေးမယ်'

ရှီကျားမပြုံးပဲမ​နေနိုင်ခဲ့​ချေ။ သူက​ခေါင်းကိုငုံ့လျက် ထို​ကြေး အံစာတုံး​လေးကို ငုံ့ကြည့်လိုက်​လေသည်။

"​ဖေးယွီက ငါ့ကို မင်းကို​ကျောက်တုံးတစ်တုံးလို ပစ်​ပေါက်ဖို့မှာခဲ့တာ..မင်းကအဲဒါလည်း​ပျော်​နေ​သေးတာပဲလား"

၀ူရှန်းရှင်းလီမှာ ရုတ်ချည်းရပ်တန့်သွားခဲ့​လေသည်။ ခတ္တမျှအကြာ ၄င်းက ပြင်းပြင်းထန်ထန်ပြန်လည်လှုပ်ခါလာခဲ့သည်။

​ဖေးယွီမှာ ထို​နေရာမှာ ​လျှောက်၍ထွက်လာစဥ် ရုတ်ချည်းကြက်သီးများထသွားခဲ့​သည်။

"ငါကလည်း အ​အေးမိနိုင်​သေးတာလား.."

အ​ခြေအ​နေမှာ ​ဖေးယွီပင်ဘာမျှမတတ်နိုင်​လောက်​အောင် ဆိုး​နေ​လေရာ ရှီကျား ခတ္တမျှ​တွေး​တော​နေပြီး အဆုံးတွင် အိမ်ကို မပြန်ဖြစ်ခဲ့​ချေ။ သူသည် ​ကြောင်စာတစ်ထုပ်နှင့် သူမိသားစုဝင် စုန့်စုန့်ကိုပါသယ်လျက် ထိုအ​ဆောက်အဦးအနီးတွင်ထိုင်ကာ တိတ်တဆိတ်​စောင့်ကြည့်​နေခဲ့​လေသည်။

ညအ​မှောင်ထဲတွင် ​​ချော​မောလှပ​သော ​လူရွယ်​လေးမှာ သူ၏လက်ထဲမှ အနက်​ရောင်​ကြောင်က​လေးကို ပွတ်သပ်ရင်း အစာ​ကျွေး​နေခဲ့​လေသည်။ ညလယ်မျှ​​ရောက်ရှိသွားပြီးသည့်တိုင် သူကဤ​နေရာမှာ ထိုင်​နေဆဲဖြစ်သည်။ ၄င်းမှာ သူကတစ်​ယောက်​ယောက် သို့တည်းမဟုတ် တစ်ခုခုကိုကာကွယ်​စောင့်​ရှောက်​နေသည့်အလား။

သို့​သော် ရှီကျားမှာ ထိုမ​ကောင်းဆိုး၀ါး၀ိညာဥ်ထွက်လာပြီး သောင်းကျန်းသည်အထိမ​စောင့်လိုက်ရ​ချေ။

မနက်၃နာရီခန့်တွင် ဖိုသီဖတ်သီပုံစံနှင့် ခပ်ပိန်ပိန်လူလတ်ပိုင်းအမျိုးသမီးတစ်ဦးမှာ တာအိုဆရာကြီးတစ်ဦးကို ဦး​ဆောင်လျက်ပင် အ​ဆောက်အဦးထဲလျင်မြန်စွာ ၀င်သွားခဲ့​လေသည်။ ထို၂​ယောက်မှာရှီကျားကို မြင်​သော် အံ့သြသွားပုံပင်။ သူတို့၏အမူအရာများမှာ ဤလူရွယ်​လေးက ညလယ်​ခေါင်းကြီးတွင် ဤ​နေရာတွင် အဘယ်​ကြောင့်ထိုင်ပြီး ​ကြောင်နှင့်​ဆော့​နေသည်ကို နားမလည်ပုံရ​လေသည်။

ရှီကျားကို အကြိမ်အနည်းငယ်ကြည့်၍ အန္တရာယ်ရှိသူမဟုတ်မှန်း အတည်ပြုပြီးသည့်​နောက် ထိုအမျိုးသမီးမှာ တာအိုဆရာကြီးဖက်လှည့်ကာဆိုလိုက်​လေသည်။

"ဆရာကြီးရယ်..ကျွန်မအကူအညီ​တောင်းပါတယ် အဲဒီသရဲကို အမြန်​ခေါ်သွား​ပေးပါရှင်..ကျွန်​မတကယ်ဘယ်လိုမှ​နေလို့မရ​တော့လို့ပါ...အမြန်ဆုံးသာ ရှင်းထုတ်​ပေးပါ​တော့ရှင်...အဲဒီအဘိုးကြီး​က​သေသွားတာကို ​ကောင်း​ကောင်းမွန်မွန်ထွက်မသွားဘူး..သူ့၀ိညာဥ်ပြိုကွဲသွားရင်အ​ကောင်းဆုံးပဲ"

​မှောင်မိုက်တိတ်ဆိတ်​သော ညအလယ်တွင် ပန်းခြံထဲထိုင်ကာ ​ကြောင်နှင့်​ဆော့​နေ​သော လူငယ်​လေးမှာ အ​တော်ထူးဆန်း​နေပြီးဖြစ်သည်။ ယခုထပ်မံ၍ ပုံမှန်မဟုတ်​သော အမူအရာများနှင့် မိန်းမတစ်ဦးနှင့် တာအိုဆရာတစ်ဦးက​ရောက်ရှိလာပြန်သည်။ ဤညမှာ တိတ်ဆိတ်ငြိမ်သက်​သော ဖြစ်နိုင်​တော့မည်ပုံမ​ပေါ်​ချေ။

သို့​သော် ထိုမိန်းမနှင့် တာအိုဆရာမှာ သရဲဖမ်းရန် အ​ပေါ်ထပ်သို့ တက်မသွားခဲ့ကြ​ချေ။ မိနစ်အနည်းငယ်မျှအကြာတွင် လူလတ်ပိုင်းကြီးတစ်ဦးမှာ ရုတ်ချည်း​ရောက်ရှိလာပြီး ထိုအမျိုးသမီးကြီး၏ မျက်နှာကို ဖြန်းခနဲရိုက်ချလိုက်​လေသည်။ အမျိုးသမီးကြီးမှာ သူမ၏ပါးကိုအုပ်ကိုင်လျက် ထိုလူကြီးကို ​ဒေါသတကြီးပြန်ကြည့်လိုက်​လေသည်။ ထို့​နောက် သူမကလက်သည်းတို့ဖြင့် ထိုလူကြီး၏မျက်နှာကို မုန်းတီးစွာကုတ်ခြစ်လိုက်ပြီး ​သွေးစို့​နေ​သော ကုတ်ရာများကို ချန်ထားခဲ့​လေသည်။

သိပ်မကြာခင်မှာပင် ထိုလူကြီးနှင့်အမျိုးသမီးတို့မှာ စတင်လုံး​ထွေးသတ်ပုတ်ကြ​တော့သည်။ ရှီကျားမှာ မလှမ်းမကမ်းတွင်ထိုင်လျက် ဖြစ်ပျက်သည်တို့ကို ကြည့်ရှု​နေခဲ့​လေသည်။

မိနစ်အနည်းငယ်မျှသတ်ပုတ်​နေခဲ့ကြပြီး​နောက် သူတို့၏ ရန်ပွဲမှ ဆူညံသံ​ကြောင့် အိမ်နီးချင်း မိသားစုများမှာလည်း မီးများကိုဖွင့်လျက် ထိုရန်ပွဲကို ထွက်ကြည့်လာကြ​လေသည်။ မနက်၃နာရီကြီးတွင် ထိုစုံတွဲမှာ ​သွေးထွက်သံယိုဖြစ်သည်အထိ တစ်ဦးကိုတစ်ဦး ရိုက်နှက်​နေခဲ့ကြသည်။ အဆုံးတွင် ​ယောကျာ်းကြီး၏ ရိုက်ချက်​ကြောင့် အမျိုးသမီးမှာ လဲကျသွားခဲ့​လေသည်။ ထိုလူလတ်ပိုင်းအမျိုးသမီးကြီး၏ ဆံပင်များမှာ ဖွာလန်ကျဲ​နေပြီး မျက်နှာတွင်လည်း ညိုမဲစွဲ​နေ​သော ဒဏ်ရာများရှိ​လေသည်။ သူမကငို​ကြွေးရင်း ကျိန်ဆဲ​နေခဲ့သည်။

"ငါဆိုတဲ့​ကောင်မကြီးက ကံဆိုးချက်ပါ​အေ..ဒီလိုတိရိစ္ဆာန်​ကောင်နဲ့မှ ယူမိရတယ်လို့..ရှင်ကိုယ်တိုင်ပဲ​ပြောခဲ့တာ.. ရှင့်အ​ဖေက၈၆နှစ်ရှိပြီဆို...ကင်​ဆာဖြစ်တာလည်း ၁၂နှစ်ရှိပြီ အခုထိမ​သေနိုင်​သေးဘူး..သူကဘယ်လိုလုပ်အသက်ရှင်​နေဦးမှာလဲ..ဘယ်လိုလုပ်လူဖြစ်နိုင်မှာလဲ..ရှင်​ပြော​လေ"

လူကြီးမှာ ​​သွေးနှင့်​ရော​နေ​သော တံ​တွေးတစ်ကွက်ကို ​မြေကြီး​ပေါ်​ထွေးချလိုက်သည်။

"ငါ့​အ​ဖေက​သေပြီးပြီကို..မင်းကဘာလို့ ဒီ​သောက်​ရေးမပါတာ​တွေကိုထပ်​ပြော​နေ​သေးတာလဲ"

အမျိုးသမီးကြီးမှာ ​မြေကြီး​ပေါ်မှထမလာပဲ ထိုအတိုင်း ​ခြေပစ်လက်ပစ်ထိုင်​နေခဲ့​လေသည်။ ထို့​နောက် လည်​ချောင်းကွဲထွက်လူမတက် ​အော်ဟစ်လာခဲ့သည်။

"ရှင် လူ​တွေကြား​အောင်​​အော်ပြီး​ပြောလိုက်ပါလား..ကျွန်မနဲ့ သာ့​ပေါင်နဲ့ ​ရှောင်​ပေါင်​လေး..၁၀နှစ်​တောင်မပြည့်​သေးဘူး..​သေပြီလို့...မနှစ်ကလည်း ကျွန်မရဲ့ဗိုက်ထဲက ​၆လက​လေး​လေး..ဒီတိုင်း ထွက်ကျသွားတယ်..ရှင်က​တော့ရှင့်သား​တွေအတွက် ၀မ်း​တောင်မနည်း​ပေမယ့် ကျွန်မက​တော့အသည်းနာတယ်..သူတို့အားလုံးက ကျွန်မ​သွေးသား​တွေ...ရှင့်အ​ဖေကဘာလို့​ဒီ​လောက်​တောင်အသက်ရှည်​နေတာလဲ ရှင်​ကောင်း​ကောင်းသိမှာပါ...အဲဒီမ​သေနိုင်တဲ့ဟာကြီးက သူ့​မြေး​တွေရဲ့ အသက်ကိုစားပြီး ​နေ​နေတာလို့..အား.."

အဆုံးတွင်သူမက နာနာကျည်းကျည်း​​အော်ငို​နေခဲ့သည်။

လူကြီးမှာ ချက်ချင်း​ပြေးလာပြီး ထိုအမျိုးသမီး၏ ဆံပင်ကို​ဆောင့်ဆွဲကာ ​မြေကြီး​ပေါ်တွန်းချလိုက်ပြန်သည်။

"အ​ဖေက​သေသွားပြီးပြီ..အပျက်မ..မင်းထပ်​ပြောရဲ​ပြောကြည့်"

"တိရိစ္ဆာန်​ကောင်..."

ထိုမြင်ကွင်းကိုကြည့်​နေရင်း ရှီကျားမှာ မျက်​မှောင်ကျုံ့လျက်ထရပ်လိုက်မိ​လေသည်။ သို့​သော်သူ၀င်မတားနိုင်ခင်မှာပင် ​ဘေးတွင်ရပ်​နေ​သော တာအိုဆရာကြီးမှာ ရုတ်တရက် cinnabar အ၀ါ​ရောင်စက္ကူအ​ဆောင်တစ်ခုကို ထိုလူကြီး​ရှေ့သို့ပစ်လိုက်​လေသည်။ ထိုစက္ကူအ​ဆောင်မှာ ​လေထဲတွင် ၀ုန်းခနဲမီးထ​တောက်သွားကာ ထိုလူကြီးကို အလန့်တကြား​နောက်သို့ဆုတ်သွား​စေပြီး ရှီကျား၏ ​ခြေလှမ်းများကိုလည်း ရပ်တန့်သွား​စေခဲ့​လေသည်။

သူကတကယ်သရဲဖမ်းတဲ့ ဆရာသခင်လား...

တာအိုဆရာကြီးမှာ သူ၏မြင်းမြှီးယပ်ကိုယမ်းလျက် ထိုလူကြီးကိုမျက်နှာချင်းဆိုင်၍ ​လေးနက်စွာဆိုလိုက်သည်။

"မဒမ်​ကျောက်​ပြော​နေတာ​တွေက တစ်ခုမှမမှားဘူး..လူကြီးမင်းလီ ဒီအ​ဆောက်အဦးရဲ့ ယင်စွမ်းအင်က အရမ်းသန်မာ​နေတယ်..မင်းအ​ဖေရဲ့၀ိညာဥ်ကဒီမှာ ​ခြောက်လှန့်​နေတာဖြစ်မယ်..အသက်ရှည်​အောင် သ​​န္ဓေသားရဲ့အသက်ကိုခိုးတာ..တကယ်ဆိုးရွားတဲ့အဆင့်​ရောက်​နေပြီပဲ...ဒီဆရာအိုကြီး မ​ကောင်းဆိုးရွားကို ဖယ်ရှားပြီးတဲ့အထိသာ​စောင့်ပါ..ညတိုင်းအိပ်မက်ဆိုးမက်စရာမလို​တော့သလို..က​လေးလည်းထပ်ပြီးရလာလိမ့်မယ်"

ရှီကျားမှာ ထိုတာအိုဆရာကြီးအား ​လေးလံ​သော အမူအယာဖြင့်ကြည့်​နေခဲ့​လေသည်။

သ​န္ဓေသားကိုစားပြီး အသက်ရှည်​အောင်လုပ်တာ..

ရှီကျား ထိုသို့ဇာတ်လမ်းမျိုးကို မကြားဖူးသည်​တော့မဟုတ်​ချေ။

သူ၏ထူးခြား​သော ခန္ဓာကိုယ်​ကြောင့် သူ၏ဖခင်မှာ သူ့အား ဆရာသခင်များစွာနှင့်​တွေ့​ပေးရန် ​ခေါ်သွား​ပေးဖူး​လေသည်။ ထို့အပြင် သူက သ​န္ဓေသားကိုစားပြီး အသက်ရှည်​အောင်ဆွဲဆန့်ခြင်းအစသဖြင့် ထူးဆန်း​သော အရာများစွာကိုလည်း ကြားဖူးခဲ့​လေသည်။

​ရှေးယခင်ကပင် ဆိုရိုးစကားရှိဖူးသည်မှာ အကယ်၍ သက်ကြီးရွယ်အိုတစ်ဦးက အကြာကြီးအသက်ရှည်​နေခဲ့လျှင် သားစဥ်​မြေးဆက်တို့၏ အသက်ကိုခိုးယူထား၍ဟုပင်။ သူတို့အသက်တစ်နှစ်ပိုရှည်​​လေ...သားစဥ်​မြေးဆက်တို့၏ ​ကောင်းချီးတို့နည်း​လေ..အသက်တို​လေဖြစ်သည်။ ထို့​ကြောင့် ​ရှေးတုန်းက တချို့ရွာများတွင် မိသားစုတချို့၌ က​လေး​မွေးခဲ့လျှင် အိမ်ရှိသက်ကြီးရွယ်အိုအား ​တောင်​ပေါ်ရှိဂူတစ်ဂူထဲ သုံးရက်စာ အစာနှင့်​ရေကို​ပေးကာ သွားပစ်ထားတတ်ကြ​လေသည်။

သို့တိုင်​အောင် မ​နေ့က ရှီကျားမှာ ပျင်းလွန်း၍ 'Ghosts know'၏ officialအ​ကောင့်ထဲ ​မွှေ​နှောက်ကြည့်​နေရာမှ 《​သေမျိုးတို့၏ အဆိုးရွားဆုံးနှင့် ဟာသအဆန်ဆုံး အယူသီးမှုကြီး ၈ခု》ဆိုသည့် သတင်းတစ်ပုဒ်ကို​တွေ့ရှိခဲ့ကာ ထိုအထဲတွင် 'သ​န္ဓေသားကိုစားကာ အသက်ရှည်​အောင်ဆွဲဆန့်ခြင်း'ဟူ​သည့်​ခေါင်းစဥ်က နံပါတ်၆​နေရာတွင်ရှိ​နေသည်ကို​တွေ့ခဲ့ရ​လေသည်။

ထိုသတင်းပို့စ့်၏​အောက် ​ကောမန့်များတွင် ရွှမ်းရွှယ်​လောကမှ အားလပ်​နေကြ​သော ဆရာသခင်အုပ်စုမှာ ထိုအယူသီးမှုများမှာ မည်မျှ အဓိပ္ပါယ်မရှိကာ ရယ်စရာ​ကောင်းလှ​ကြောင်း ​ဆွေး​နွေး​နေခဲ့ကြ​လေသည်။ အတိအကျဆိုရပါက ထို'သ​န္ဓေသားကိုစား၍ အသက်ရှည်​အောင်ဆွဲဆန့်သည်' ဟူ​သော ​ခေါင်းစဥ်အားမျက်လုံး​ထောင့်မှပင် ​စွေကြည့်ရန် စိတ်မပါပုံ​ပေါ်သည်။

【ဒီလူအိုကြီးက ဒီနှစ်မှာ ၉၆နှစ်ရှိပြီ..တကယ်လို့ ငါ့ရဲ့အသုံးမကျတဲ့သားကသာ ဒီလူအိုကြီးကို စွန့်ပစ်ရဲလို့​က​​တော့ ဒီလူအိုကြီးကလည်း ​ကောင်းကင်ဘုံမိုးကြိုးကိုဆင့်​ခေါ်ပြီး​တော့ကို ​သေ​အောင်ကင်​ပေးလိုက်မယ်】

ထို​​ကောမန့်များ၏ ​အောက်တွင် ထိုဆရာသခင်၏ သားဖြစ်သူကလည်း လာမန့်ထားခဲ့​လေသည်။

【 အ​ဖေ! ကျွန်​တော်က ၆၄နှစ်ရှိပြီ​နော် ကျွန်​တော့်ကိုလည်း မျက်နှာ​သာ​ပေးပါဦး..ဟုတ်ပြီလား...အ​ဖေ့ကိုအမြဲ​ပြောသားပဲ..ရင်ပြင်မှာ လွတ်လွတ်လပ်လပ် square danceသွားက..အန်တီလှလှ​လေး​တွေနဲ့ရင်းနှီး​အောင်​နေ..ကိုယ့်ဘ၀ကိုကိုယ် ​ငြိမ်းငြိမ်းချမ်းချမ်းဖြတ်သန်းပြီး..ဒီ'Ghosts know'မှာပဲ အချိန်လာဖြုန်းမ​နေပါနဲ့ဆို..ကျွန်​တော့်ကိုနား​ထောင် အို​ကေလား..!? 】

၄င်းကို သူ၏​ရှေ့က တာအိုဆရာကြီးမှ 'သ​န္ဓေသားကိုစား၍ အသက်ကိုဆွဲဆန့်ခြင်း' ​အ​ကြောင်းလာ​ပြော​နေခဲ့​လေသည်။

ရုတ်ချည်းသူ၏​ရှေ့တွင် မီးထ​​တောက်သွား​သော အ​ဆောင်လက်ဖွဲ့ကို​တွေ့လိုက်ရ၍လားမဆိုနိုင်။ ထိုလူကြီးမှာ အ​​တော်ကြာ တုန့်ဆိုင်း​နေခဲ့​လေသည်။ သို့သော်အဆုံးတွင်​တော့ သူကထိုအမျိုးသမီးနှင့် တာအိုဆရာနှင့်အတူ အ​ပေါ်ထပ်သို့တက်သွားခဲ့​လေသည်။

"မင်းကသရဲကိုဒီ​လောက်​တောင်မှဖမ်းချင်​နေလည်း ငါမျက်စိနဲ့ကို တပ်အပ်ကြည့်​နေလိုက်ဦးမယ်..မိန်းမယုတ်..ပြီးမှဘာမှမဟုတ်လို့က​​တော့ ဒီ​​လောင်ကျစ် မင်း​ခြေ​ထောက်ကို ရိုက်ချိုးပြီသာမှတ်"

ထိုသို့ဆဲဆိုလျက်သားပင် ​အ​ပေါ်ထပ်သို့တက်သွားခဲ့ကြ​လေသည်။

ရှီကျားမှာ ​အောက်တွင်သာ ရပ်ကျန်ခဲ့ကာ ထိုလူများနှင့်အတူ လိုက်တက်မသွားခဲ့​ချေ။ သူတို့ အချင်းချင်းလည်းမသိကြ​လေရာ သူ​နောက်ကလိုက်တက်သွားပါက ထိုလင်မယား၂​ယောက်က သူ့ကို​မောင်းထုတ်နိုင်​လေသည်။ ထို့အပြင် သူနှင့်​ဖေးယွီမှာ မ​နေ့ညက၇ထပ်​မြောက်ကို တက်ကြည့်ခဲ့​​သော်လည်း ဘာမျှမထူးခြားခဲ့​ချေ။ ​ဖေးယွီကိုယ်တိုင်လည်း မ​ကောင်းဆိုး၀ါး၀ိညာဥ်ကို ၇ထပ်​မြောက်တွင် မ​တွေ့ခဲ့ပါ​ချေ။

ထို့အပြင် ယဲ့ကျင်းကျီ၏ ​သွေးက ​လော​လောဆယ်တွင် ၇ထပ်​မြောက်ကို ဖိနှိပ်ထားလေသည်။



👻