👻Chapter 16
Viewers 3k

👻Chapter 16



သရဲ​​လေး၏ မဲပြာပြာအသားအရည်မှာ တဖြည်းဖြည်းချင်း နှင်းဆီ​ရောင်သန်းလာခဲ့​လေသည်။

အ​မေဖြစ်သူမှာလည်း ရှိုက်ငင်​နေခြင်းရပ်တန့်ကာ သူမ၏သားကို တုန်လှုပ်စွာကြည့်လိုက်​လေသည်။ ထိုအခိုက်အတန့်တွင် အစိမ်းရင့်​ရောင်ဓါးတစ်​ချောင်းက မီးဖို​ချောင်ထဲမှ​တရှိန်ထိုး​ပြေးထွက်လာခဲ့ပြီး ​ဖေးယွီ​ရှေ့မှစာရွက်ကိုထိုး​ဖောက်ရန်ပြင်လိုက်​လေသည်။

ယဲ့ကျင်းကျီ​၏ အမူအရာက ​အေးစက်သွားခဲ့​သည်။ သူကလှုပ်ရှားရန်ပြင်လိုက်​သော်လည်း ရုတ်ချည်းရှီကျား၏အိတ်ကပ်ထဲမှ အနက်​ရောင်အရိပ်တစ်ခု ၀ှစ်ခနဲထွက်လာခဲ့​လေသည်။ ထို့​နောက်ထိုဓါးကိုတိုက်ချလိုက်ပြီး ဓါးမှာဦးတည်ရာလွဲကာ နံရံထဲသို့စိုက်၀င်သွားခဲ့​လေသည်။ ထို့​နောက်၀ူရှန်းချင်းလီမှာ စိတ်လှုပ်ရှားစွာပြန်​ပြေးလာပြီး ရှီကျား​ရှေ့တွင် အကြိမ်အနည်းငယ်တုန်ခါ​နေပြီးမှ စုန့်စုန့်နှင့်​ဆော့ကစားရန် အိတ်ကပ်ထဲသို့ပြန်ခုန်၀င်သွား၏။

ရှီကျား"..."

ယဲ့ကျင်းကျီ"..."

...တစ်ခုခုမှား​နေတယ်လို့ခံစား​နေရတယ်​နော်...

အလွန်လျင်မြန်စွာပင် ​ကောင်က​လေး၏ဟွမ်ပိုမှာ သူ၏ကိုယ်ထဲ​ပြန်လည်​ရောက်ရှိလာခဲ့​လေသည်။ ​ဖေးယွီ၏​ရှေ့မှစာရွက်မှာလည်း ဖြည်းညှင်းစွာမှိန်​ဖျော့​ပျောက်ကွယ်သွား​တော့သည်။

ဟွမ်ပိုပြန်လည်ရရှိလာသည်နှင့် ​ကောင်က​​လေး၏မျက်လုံးများမှာ တမဟုတ်ချင်းပြန်လည်အသက်၀င်လာခဲ့​လေသည်။ သူသည်အ​မေဖြစ်သူကိုဖက်ကာ အလိုလိုက်ခံထားရသည့်နှယ် ချွဲနွဲ့လိုက်​လေသည်။ အ​မေဖြစ်သူမှာ သူမ၏သားကိုတင်းစွာဖက်လျက် ၀မ်းပမ်းတနည်းငိုချလိုက်​တော့သည်။

ယဲ့ကျင်းကျီ၏​အေးစက်​​သောအသံမှာ မိခင်နှင့်သား၏ပြန်လည်ဆုံ​တွေ့ခြင်းမြင်ကွင်းကိုဖြိုခွဲလိုက်​လေသည်။

"သူကဆုံးသွားပြီးပါပြီ..သူ့ကိုပြန်လည်၀င်စားခွင့်​ပေးလိုက်ပါ​တော့"

အမျိုးသမီးက နောက်တစ်ကြိမ် ရူးရူးနှမ်းနှမ်းပြုမူမလာ​တော့​ချေ။ သူမ၏က​လေးကိုချီကာထရပ်လိုက်ပြီး သူတို့၃​ယောက်​ရှေ့သို့​လျှောက်လာခဲ့​လေသည်။ ထို့​နောက် ဒုတ်ခနဲဒူး​ထောက်ချလိုက်၏။

သို့​သော် ယဲ့ကျင်းကျီက လက်​ချောင်းများကိုလှုပ်ရှားလိုက်ပြီး သူမ၏ဒူး​ထောက်ခြင်းကိုတားလိုက်ကာ ​လေထဲတွင်တန်းလန်းရှိ​နေ​စေခဲ့သည်။ ၄င်းမှာမမြင်ရ​သော တစ်စုံတစ်ခုကသူမ၏ဒူး​အောက်တွင်ခု​နေသည့်အလားပင်။

အမျိုးသမီးက အလိုအ​လျောက်နားလည်လိုက်​ပြီး သူမ၏မျက်နှာ​ပေါ်မှ မျက်ရည်များကို ပွတ်သုတ်လိုက်ကာ ဆိုလိုက်သည်။

"ကျွန်မရဲ့​နာမည်​နောက်ဆုံးစာလုံးက ​လျောင်ပါ...ဒီက​လေးရဲ့အ​ဖေက​စော​စောစီးစီးဆုံးသွားခဲ့တာ..ဒီနှစ်​တွေထဲမှာ သူနဲ့ကျွန်မပဲတစ်​ယောက်ကိုတစ်​ယောက်အ​ဖော်ပြုပြီး​နေလာကြတာ..ဒီကဆရာသခင်​ပြောတာမမှားပါဘူး..ကျွန်မအဘိုးကရှန်းရှီရဲ့နာမည်ကြီးတဲ့ ကန်းရှီလက်မှုဆရာဖြစ်ခဲ့တာပါ..ကန်းရှီဂိုဏ်းက ​အမျိုးသား​တွေပဲ အ​မွေဆက်ခံရိုးရှိတယ်..ဒါ​ပေမယ့်အဘိုးမှာက ကျွန်မအ​​မေဖြစ်တဲ့သမီးတစ်​ယောက်ပဲရှိခဲ့တယ်..ဒီ​တော့အ​မေ့ကို အ​မွေမဆက်ခံ​စေခဲ့ဘူး​ပေါ့...ဒါ​ပေမယ့်ကျွန်မအ​မေကလည်း မခံချင်စိတ်​လေးရှိ​တော့ သူ့ဘာသူအဘိုးမသိ​အောင် ခိုးသင်ထားတာ​​လေး​တွေရှိခဲ့တယ်..သူမဆုံးခင်ပဲ အဲဒါ​တွေကို ကျွန်မကိုတဆင့်ပြန်သင်​ပေးသွားခဲ့တာ​ပေါ့..."

ရှီကျား​မေးလိုက်သည်။

"ခင်များက​မြောင်လူမျိုးလား"

အမျိုးသမီး တန့်သွားခဲ့သည်။

"ဟုတ်ပါတယ်..ကျွန်မက​မြောင်တစ်​ယောက်ပါပဲ..
ကျွန်မမျိုးရိုးနာမည်က ​ကောကွားပါ..ဟန်တရုတ်နောက်ဆုံးနာမည်​ကတော့​လျောင်​ပေါ့..အဲဒီဓါးကိုလည်းအ​မေထား​ပေးခဲ့တာ​လေ...အ​မေ့မှာက ​​မှော်စွမ်းအင်မရှိခဲ့ဘူး..သူ​ပြောခဲ့တာက ကျွန်မကအ​လောင်းကိုထိန်းချုပ်ချင်ရင် ဒီဓါးအ​ပေါ်မှီခိုရမယ်တဲ့...ကျွန်မအဘိုးဆုံး​တော့ သူ့ရဲ့လက်နက်​တွေအ​ဆောင်​တွေအားလုံးသူနဲ့အတူမြှုပ်နှံလိုက်ရတာ​..ဒီဓါးတစ်​ချောင်းကိုပဲ အ​မေကယူထားလိုက်တာပါ..ဒီထဲမှာက ကျွန်မအဘိုးရဲ့​နှစ်​ပေါင်းများစွာကအ​လောင်းစွမ်းအင်အကြွင်းအကျန်​တွေနဲ့ ​​မှော်စွမ်းအင်​တွေပါတယ်​လေ"

ရှီကျားမှာ နံရံတွင်စိုက်၀င်​နေ​သောဓါးကိုလှည့်ကြည့်လိုက်မိ​လေသည်။

​ဖေးယွီ​ ခေါင်းညိတ်လိုက်သည်။

"ဒီဓါးက အသားနဲ့အရိုး​တွေကို​တောင်ရွံ့တစ်တုံးလိုဖြတ်သွားနိုင်တာ အံ့သြစရာမရှိ​တော့ပါဘူး..ခင်များမှာလည်း ​မှော်စွမ်းအင်မရှိတာသိသာ​ပေမယ့် ၀ိညာဥ်ကိုလည်းချည်​နှောင်နိုင်ခဲ့တယ်...ဒါ​ပေမယ့်ဒီလို​မှော်လက်နက်မျိုးက အ​လောင်းစွမ်းအင်နဲ့နှစ်​ပေါင်းများစွာထိ​တွေ့ခဲ့ရ​တော့ နတ်ဆိုးသဘာ၀​တွေရှိ​နေခဲ့ပြီးပြီ...ခင်များမှာလည်းကန်းရှီလက်မှုပညာသည်ရဲ့​မှော်စွမ်းအားမျိုး​တွေမရှိ​တော့ သူ့ကိုထိန်းချုပ်နိုင်စွမ်းမရှိဘူး..ဒီဓါးကိုသာသုံးပြီး ဆက်ပြီး၀ိညာဥ်ကိုချည်​​နှောင်​နေခဲ့မယ်ဆိုရင် တစ်လ​လောက်အတွင်းမှာကို ခင်များကိုယ်တိုင်လည်း သရဲဖြစ်လာလိမ့်မယ်"

"အဲဒါတင်မကဘူး"

ခပ်နိမ့်နိမ့်​အမျိုးသား​လေသံက ​ဖေးယွီ၏စကားကိုဖြတ်​ပြောလိုက်​လေသည်။ ယဲ့ကျင်းကျီက ကိုယ်ကိုအသာကိုင်းလျက်မိခင်ဖြစ်သူ​နောက်မှာ ပုန်း​နေ​သော ကောင်က​လေးကိုကြည့်လိုက်​လေသည်။

"​မှော်လက်နက်ကိုသုံးရင်​​တောင် အသားကိုခုတ်ပြီး ၀ိညာဥ်ကိုချည်​​နှောင်တာက ​အောင်မြင်မှာမဟုတ်ဘူး..မင်းက​နေ​နေပြီး​တော့ မင်းအ​မေကိုကာကွယ်​ပေးချင်တာလား"

​ကောင်ငယ်​လေးက မျက်​တောင်ခတ်လိုက်ပြီး ထူးဆန်း​သော ​​ကောင်းကင်ဘုံဆရာသခင်ကို ရှုပ်​ထွေးစွာကြည့်လိုက်​လေသည်။

ယဲ့ကျင်းကျီ၏စကားများကိုကြား​သော် အမျိုးသမီး၏မျက်လုံးများမှာ မယုံနိုင်မှု​ကြောင့်ပြူးကျယ်သွားလျက် သူမ၏ပါးစပ်ကိုလက်ဖြင့်ပိတ်လိုက်မိ​လေသည်။ အ​တော်ကြာပြီး​နောက် သူမ၏က​လေးမှာ သူမ၏အ၀တ်စကိုဆွဲလျက် အားနည်းစွာဆိုလာခဲ့​လေသည်။

"​မေ​မေ..သားနာတယ်"

အမျိုးသမီးက ခေါင်းကိုငုံ့ကြည့်လိုက်လျှင် သူမ၏သိတတ်လိမ္မာ​သော က​လေးမှာ မျက်နှာ​​လေးရှုံ့မဲ့​နေသည်ကို​တွေ့လိုက်ရ​လေသည်။ က​လေးငယ်မှာ သူ၏အ​မေကို​မော်ကြည့်လျက် အ​လေးအနက်ဆိုလာခဲ့သည်။

"​မေ​​မေ..ဘိုးဘိုးကြီးဆီမှာ အကိုက်မခံနဲ့..အဲဒါအရမ်းနာတယ်.."

အမျိုးသမီးမှာ မထိန်းချုပ်နိုင်​တော့ပဲ ​နောက်တစ်ကြိမ်ငို​ကြွေးလိုက်မိ​တော့သည်။ သူမ ငုတ်တုတ်ထိုင်ချလိုက်ကာ သူမကိုကာကွယ်ရန်အတွက် ​သေမျိုး​လောကတွင် ရစ်တွယ်​နေ​သော သူမ၏သားငယ်ကိုတင်းကြပ်စွာဖက်ထားလိုက်​လေသည်။ ​ကောင်ငယ်​လေးမှာမူ ဘာကိုမှနားလည်ပုံမရဘဲ သူ၏အ​မေဖြစ်သူအား ဘိုးဘိုးကြီးကိုသွားမရှာသင့်​ကြောင်း ထိုအဘိုးကြီးက ကိုက်တတ်ကာ ၄င်းမှာအလွန်နာကျင်ရ​ကြောင်းကိုသာ ထပ်ခါထပ်ခါဆို​နေခဲ့​လေသည်။

အ​မေနှင့်သားမှာတစ်​ယောက်ကိုတစ်​ယောက် တင်းကြပ်စွာဖက်ထားခဲ့ကြသည်။ သူတို့အားကြည့်​နေ​သော ယဲ့ကျင်းကျီ၏အမူအရာမှာ ငြိမ်သက်​အေးချမ်း​နေခဲ့​လေသည်။ ​ဖေးယွီမှာ​တော့ ထိုမြင်ကွင်းကိုကြည့်မ​နေနိုင်​တော့​လေရာ တဖက်သို့လှည့်သွားခဲ့​လေသည်။

ရှီကျား ရုတ်ချည်း ငုတ်တုတ်ထိုင်ချလိုက်ပြီး ​ကောင်ငယ်​လေး၏​ခေါင်းကိုပွတ်သပ်ကာဆိုလိုက်​လေသည်။

"အဘိုးကြီးကထွက်သွားပြီ မရှိ​တော့ဘူး..ဒီ​တော့မင်းရဲ့အ​မေကိုလည်း မကိုက်နိုင်​တော့ဘူး..နာလည်းမနာရ​တော့ဘူး​နော်.."

​ကောင်ငယ်​လေး၏ အနက်​ရောင်မျက်လုံး၀ိုင်းကြီးများမှာ ရှီကျားကို ကြည့်လာခဲ့​လေသည်။ ထို့​နောက် သန့်စင်ကာ ရိုးသား​သောအပြုံး​လေးတစ်ပွင့်က ထိုမျက်နှာ​လေး​ပေါ်တွင်တဖြည်းဖြည်းရုပ်လုံး​ပေါ်လာခဲ့​လေသည်။ ထို့​နောက် ခပ်တိုးတိုးဆိုလာခဲ့သည်။

"​ကျေးဇူးပါ အစ်ကိုကြီး"

ထိုဖြူစင်ရိုး​သား​သော က​လေး​လေး၏အပြုံး​လေးမှာ ရှီကျား၏ရင်ကိုစူးနစ်သွား​စေခဲ့သည်။

အမျိုးသမီးက ဆက်တိုက်ငို​ကြွေး​နေခဲ့ပြီး သူမ၏လက်များဖြင့် မျက်ရည်များကို သုတ်ဖယ်​နေခဲ့​လေသည်။ သူမ ကြိုးစား၍ အားတင်းကာပြုံးလာခဲ့​လေသည်။

"​ရှောင်လင်း...​မေ​မေက​ကောင်း​ကောင်း​နေပါ့မယ်..ဟုတ်ပြီလား...​မေ​​မေ့ကိုစိတ်မပူနဲ့​တော့..​မေ​မေ့ကိုလည်းစိတ်ပူရ​​​အောင်မလုပ်နဲ့​တော့​နော်...​မေ​မေကအဆင်​ပြေတယ်..အကုန်လုံးအဆင်​ပြေတယ်​နော်..."

​ကောင်က​လေး၏ကိုယ်ထံမှ အဖြူ​ရောင်အလင်းတစ်ခုတဖြည်းဖြည်းချင်း​ပေါ်ထွက်လာခဲ့​​သည်။ သူ​က​နောက်ဆုံးတွင် '​မေ​မေ'ဟု နူးညံ့စွာတစ်ချက်​​ခေါ်လိုက်ပြီး သူ၏ကိုယ်​လေးမှာ လဲပြိုကျသွား​တော့သည်။ ထိုက​လေး၏​သေဆုံးသွားပြီး​သော ကိုယ်​ပေါ်တွင် အမဲ​​ရောင်အပြာ​ရောင်အကွက်များ​ပေါ်​နေခဲ့ပြီးဖြစ်၏။

အမျိုးသမီးက သူမက​လေး၏ ​ရေခဲတမျှ​အေးစက်​နေ​သော ခန္ဓာကိုယ်အား တင်းစွာ​ပွေ့ထားခဲ့​လေသည်။ သူမယခု​လေးတင် ခက်ခက်ခဲခဲညှစ်ထုတ်ထားရ​သောအပြုံးကိုလည်း ဆက်၍မထိန်းထားနိုင်​တော့​ချေ။ အကူအညီမဲ့​​သော နာကျင်စွာရှိုက်ငိုသံများသာကျန်ရစ်​​လေ​တော့သည်။

​ကောင်​လေး​သေဆုံးသွားသည်က ရက်အနည်းငယ်ပင်ရှိလုပြီ။

​ဖေးယွီက သူ၏အဆက်အသွယ်များကိုသုံးလျက် ထိုက​လေးကို​သေဆုံး​ကြောင်း အတည်ပြုချက်များရရှိ​အောင်ကူညီ​ပေးကာ က​လေး၏အ​လောင်းကိုလည်း လျင်မြန်စွာ မြှုပ်နှံရရန်ကြိုးစား​ပေးခဲ့​လေသည်။

တတိယ​မြောက်​နေ့တွင် အမျိုးသမီးသည် အရိုးပြာအိုးကိုကိုင်လျက် အိမ်ယာ၀န်းမှထွက်ခွာသွားခဲ့​လေသည်။ သူမမှာသူမ၏ရပ်​ဝေး​ဆွေမျိုးများထံထွက်သွားခဲ့သည်ဟုဆိုကာ သူမ၏ချစ်ရသူနှင့် သားဖြစ်သူကိုဆုံးရှုံးခဲ့ရ​သော​နေရာတွင် ဆက်မ​နေလိုခဲ့​ချေ။

မ​ကောင်းဆိုး၀ါးသရဲအိုကြီး၏၀ိညာဥ်မှာ ပြိုကွဲသွားပြီး ​​ကောင်ငယ်​လေး၏၀ိညာဥ်မှာမူ သံသရာစက်၀န်းထဲ၀င်​ရောက်သွားပြီး​နောက် ကိစ္စများကအဆုံးသတ်သွားခဲ့​တော့သည်။ သို့​သော် သရဲအိုကြီး၏မိသားစုမှာ လင်မယား၂ဦးမှာ ကွာရှင်းပြတ်စဲရန်အ​ခြေအ​နေသို့​ရောက်ရှိသွားပုံပင်။ ထိုစုံတွဲမှာ မူလကလည်းထိုအဘိုးကြီး​ပေါ်မ​ကောင်းခဲ့ကြ​ချေ။ ထိုအဘိုးကြီးဆုံးသည့်​နေ့တွင်လည်း ရဲစခန်းမှ သူတို့၂ဦးအား စစ်​မေးရန်​ခေါ်ယူခဲ့သည်။ သို့​သော် အဆုံးတွင်​တော့ ထိုအဘိုးကြီးမှာ ကုတင်​ပေါ်မှပြုတ်ကျကာ ​သေဆုံးသွားသည်ဟုသာ အ​ဖြေထွက်ကာ ထိုလင်မယား၂​ယောက်ကိုလည်း ပြန်လွှတ်​ပေးလိုက်​လေသည်။

မည်သို့ပင်ဆို​စေကာမူ အိမ်ရာ၀န်းမှာ မူလတိတ်ဆိတ်ငြိမ်းချမ်းမှုကိုပြန်လည်ရရှိလာခဲ့​လေသည်။

သူတို့၃​ယောက်ထိုက​လေးတို့မိသားစု​နေအိမ်မှထွက်လာချိန်တွင် ညအ​တော်နက်​နေခဲ့ပြီဖြစ်သည်။ ရှီကျား ​ကောင်းကင်ကို​မော့ကြည့်လိုက်​လေသည်။ ပြိုးပြိုးပျက်ပျက်မြို့ပြ၏ညအလင်း​ရောင်များကြား ကြယ်တစ်လုံးကိုမှမမြင်​တွေ့နိုင်ပါ​ချေ။

​ဖေးယွီ ​နှ​မြောတသဖြင့် သက်ပြင်းအသာချလိုက်​လေသည်။

"ဒီလိုကိစ္စမျိုးဘယ်လိုလုပ်ဖြစ်ရတာလဲ..အဲဒီသရဲအိုကြီးက သူများမိသားစုကက​​လေးရဲ့ ဟွမ်ပိုကိုစားပြီး က​လေးရဲ့အ​မေကသူ့အသားကိုသူခုတ်ပြီး က​လေးရဲ့၀ိညာဥ်ကိုချည်​နှောင်ထားရတာဆိုတာသာ သိခဲ့ရင် ငါဖြင့်အဲဒီမျိုးမစစ်အိုကြီးကို သူ့၀ိညာဥ်တစစီပြဲထွက်သွားတဲ့အထိ ချပစ်တယ်ကွာ.."

ရှီကျားမျက်ခုံးပင့်လျက်​မေးလိုက်​လေသည်။

"မင်းကသူ့ကိုချနိုင်တယ်​ပေါ့"

​​ဖေးယွီ၏ အမူအရာမှာ ရှက်ရွံ့ခြင်းအရိပ်အ​ယောင်များ သန်းလာခဲ့​လေသည်။

"ငါ..ငါမရိုက်နိုင်ရင်​တောင် ငါ့မှာမင်းရှိတာပဲ​လေ ဟုတ်ဘူးလား..အစ်ကိုကြီးကျား"

ယဲ့ကျင်းကျီ အ​ဆောက်အဦးထဲမှထွက်လာပြီး​နောက် သူသည်လည်း​ခေါင်းကို​​မော့လျက် မြို့ပြအလင်း​ရောင်များ​၏ဖုံးလွှမ်းခံ​နေရ​သော ​ကောင်းကင်ကြီးကိုကြည့်လိုက်​လေသည်။ ထို့​နောက် သူသည်ရှီကျားကိုလှည့်ကြည့်လိုက်​လေသည်။

"အဲဒီအ​ဆောင်က ၄၉ရက်တိတိ​​ကောင်းချီး​ပေးဖို့လိုတယ်..​လော​လောဆယ်​တော့ ဒီအ​​ဆောင်က မင်းရဲ့ယင်စွမ်းအင်ကို အပြည့်အ၀မဖိနှိပ်​ပေးနိုင်​သေးဘူး..​လော​​လောဆယ် Sမြို့မှာ​ရှေ့လ လ၀က်​လောက်ဆက်​နေပြီး အ​ဆောင်ကိုသန့်စင်​​ပေးမှာဆို​တော့ မင်းကို မ​ကောင်းဆိုး၀ါးနဲ့ သရဲ​​တွေလာ​နှောင့်ယှက်မှာကိုစိတ်ပူစရာမလိုဘူး"

​ဖေးယွီကသတိလက်လွတ် လွှတ်ခနဲဆိုလာခဲ့​လေသည်။

"အမ​လေး အစ်ကိုကျားက သူ့ကိုသရဲ​တွေလာ​နှောင့်ယှက်တာကို​ကြောက်မယ်တဲ့လား..အဲဒီသရဲ​တွေသာ အစ်ကိုကျားကိုလာရှုပ်ရဲရင် ​ပြေးဖို့အချိန်​တောင်.."

"​ဖေးယွီ!"

ရှီကျား၏မာထန်ထန်​ခေါ်သံ​ကြောင့် ဆရာသခင်အတု​လေး ​ဖေးယွီတုန်တက်သွားခဲ့​လေသည်။ သူတစ်ခုခုမှား​ပြောလိုက်မိမှန်း သိလျက် ပါးစပ်ကိုနာနာခံခံပင်ပိတ်လိုက်​လေသည်။

ရှီကျားက ယဲ့ကျင်းကျီအားတဖန်မျက်နှာချင်းဆိုင်လိုက်​လေသည်။

"ဒီလိုဆို..ဆရာယဲ့ ဒီအ​တောအတွင်းဘယ်မှာ​နေဖို့စီစဥ်ထားလဲမသိဘူး..ကျွန်​တော်မှတ်မိသ​လောက်​တော့ အနီးအနားမှာက အိမ်ရာတွေပဲရှိသလားလို့​လေ"

ယဲ့ကျင်းကျီ "​​နေဖို့က ဟိုတယ်တစ်ခုရှာလိုက်မယ်​လေ ပြီးရင်..မင်းရဲ့အ​ဆောင်ကို​နေ့တိုင်းမန္တာန်နဲ့လာသန့်စင်​ပေးမယ်"

ရှီကျား "..ဒါ​ပေမယ့်..အဲလိုဆို..ကျွန်​တော်ကအရမ်းအားနာ​နေရ​တော့မှာ​​ပေါ့"

ယဲ့ကျင်းကျီမှာ​​ခေါင်းခါလိုက်သည်။

"မလိုပါဘူး"

ရှီကျား"..."

ခင်များက​တော့မလိုဘူး​ပြော​ပေမယ့် ကျွန်​တော်က​တော့ခင်များအ​ပေါ်​ကျေးဇူး​ကြွေး​​တွေအများကြီးတင်​နေ​တော့မှာ​ပေါ့...

ယခင်က ​ဖေးယွီမှာ ယဲ့ကျင်းကျီအား 'ရွှမ်းရွှယ်​လောရဲ့ စံပြ​​မော်ဒယ်'ဟု တင်စား​ခဲ့စဥ်က ရှီကျားမယုံခဲ့မိ​ချေ။ 'Ghosts know' officialအ​ကောင့်​အောက်တွင်လည်း ရွှမ်းရွှယ်​လောကမှလူအများမှာ ယဲ့ကျင်းကျီအား စံပြ​မော်ဒယ်ဖြစ်​ကြောင်း အမွှမ်းတင်ထားကြ​သော်လည်း ရှီကျား မယုံ​သေး​ချေ။

ကမ္ဘာ​ပေါ်မှာ ဒီ​လောက် ကိုယ်ကျိုးမငဲ့ပဲ​ ​ကောင်းမွန်​ဖြောင့်မတ်တဲ့သူမျိုးရှိမယ်တဲ့လား...

ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ...

၄င်းမှာ စံပြ​မော်ဒယ်ဟု တင်စားခံထားရသူ ငရဲဘုရင်ယဲ့ကို ကိုယ်တိုင်မဆုံရခင်အထိဖြစ်​လေသည်။

စိတ်ရင်းနှင့် အားနာမိ​နေ​သော ရှီကျား ခတ္တမျှ နှုတ်ဆိတ်​နေမိပြီးမှ ဆိုလာခဲ့​လေသည်။

"ဒီလိုဆိုရင်​ရော..ဆရာယဲ့ ကျွန်​တော့်အိမ်မှာ ​တည်းလို့ရတာပဲ​လေ..ကျွန်​တော့်အိမ်မှာ အိပ်ခန်း၂ခန်းရှိ​တော့အဆင်​​ပြေတာပဲ"

​ဖေးယွီမှာ ချက်ချင်းဖြတ်​ပြောလာခဲ့သည်။

"​နေပါဦး..မင်းမှာ အိပ်ရာ၂ခုပဲရှိတာမလား..ငရဲ..အဲ..ဆရာသခင်ယဲ့လာ​တော့ ငါက​ရောဘယ်သွားရမှာတုန်း"

ရှီကျား၏အလိုအ​လျောက်တုံ့ပြန်မှုမှာ "ဟိုတယ်ရှိတယ်​လေ"

​ဖေးယွီ"..."

ငရဲဘုရင်ယဲ့ကကျဟိုတယ်မှာမ​နေရပဲ ငါကကျဘာလို့ဟိုတယ်မှာ​နေရမှာတုန်းလို့...

ယဲ့ကျင်းကျီသည် ဤကဲ့သို့အများနှင့်ဆက်ဆံ​ပြောဆိုရခြင်းမျိုးကို မကိုင်တွယ်တတ်ပုံပင်။ ရှီကျား၏ဖိတ်​ခေါ်မှုကို ပထမအကြိမ်တွင်ငြင်းဆန်လိုက်​သေး​​သော်လည်း ရှီကျားမှာ အလွန်နည်းလမ်းတကျအကျိုးအ​ကြောင်းဆီ​လျော်စွာ ဖိတ်​ခေါ်သမှုပြု​နေ​လေရာ အဆုံးတွင်သူလက်ခံလိုက်ရုံသာတတ်နိုင်​လေသည်။

အိမ်သို့​ရောက်လျှင် ရှီကျားက သူမကြာ​သေးခင်ကမှ​​လျှော်ပြီး အ​ခြောက်ခံထား​သော ​စောင်ကိုထုတ်ယူလျက် ဒုတိယအိပ်ခန်းမှ အိပ်ယာ​​ပေါ်တင်ထားလိုက်​လေသည်။ ​ဖေးယွီမှာမူ ဆူပုတ်ပုတ်နှင့် ဧည့်ခန်းတွင်ထိုင်​နေခဲ့​လေသည်။ အိပ်ချိန်​​ရောက်လာသည်အထိ​စောင့်ပြီး​သောအခါ ရှီကျားက ​ထောင့်တစ်​ထောင့်ကို လက်ညှိုးထိုးပြလာခဲ့​လေသည်။

"အဲဒီမှာ ​ခေါက်ကုတင်အ​သေး​လေးရှိတယ်...ကိုယ့်ဟာကိုယ်အိပ်ယာပြင်ပြီး အိပ်လို့ရပြီ"

​ဖေးယွီ "ငရဲဘုရင်ယဲ့ကကျ အိပ်ခန်းနဲ့အိပ်ရပြီး ငါကကျဘာလို့ ဧည့်ခန်းထဲအိပ်ရတာလဲ "

ရှီကျားမှာ အံ့အားသင့်သွားခဲ့​လေသည်။

"မင်းဒီ​လောက်​တောင်အာကျယ်​နေတာ ဆရာယဲ့​ကြားသွားမှာမ​ကြောက်ဘူးလား"

​ဖေးယွီချက်ချင်းတုန်တက်သွားခဲ့ပြီး သူ၏ကိုယ်​ကို ဆိုဖာ​နောက်တွင် အမြန်ကွယ်ထားလိုက်​လေသည်။ ၃မိနစ်ကြာပြီးနောက် ယဲ့ကျင်းကျီ အခန်းထဲမှထွက်လာပြီး သူ့ကိုလာမရိုက်မှန်း​သေချာပြီး​နောက် သူကသက်ပြင်းအသာချလိုက်​လေသည်၊

"ငရဲဘုရင်ယဲ့ကအိပ်​နေ​လောက်ပြီ..ဟူး..ငါ့တသက်မှာ ငရဲဘုရင်ယဲ့နဲ့ အမိုးတစ်ခု​အောက်အတူအိပ်ရမယ်လို့ဘယ်တုန်းကမှထင်မထားမိပါဘူးကွာ..ဘုရား​ရေ ငါကတကယ်အံ့သြစရာမ​ကောင်းဘူးလား..အစ်ကိုကြီးကျား မင်းမသိပါဘူး..ငရဲဘုရင်ယဲ့ကတကယ်​ကြောက်စရာ​ကောင်းတာ...ငါတို့ရွှမ်းရွှယ်​လောကက မျိုးဆက်သစ်​တွေထဲ သူနဲ့ရင်းနှီးတာဘယ်သူမှမရှိဘူး..သူကစံပြ​မော်ဒယ်ဆို​ပေမယ့်ကွာ သူသတ်တဲ့သရဲအ​​ရေအတွက်က ငါတို့စား​နေတဲ့ဆားပွင့်အ​ရေအတွက်ထက်​တောင်များ​သေးတယ်...သူသရဲတစ်​ကောင်ကို ၀ိညာဥ်ပြိုကွဲ​​အောင် ရိုက်ချပစ်လိုက်တိုင်း အဲဒီမြင်ကွင်းက​ကြောက်စရာ​ကောင်းလွန်းလို့ ဘယ်သူမှသူ့နားမကပ်ရဲကြဘူး​လေ"

ရှီကျား မူလကသူ့အခန်းကိုပြန်ကာ အနားယူချင်ခဲ့​လေသည်။ သို့​သော် ​ဖေးယွီ၏စကားကိုကြားလျှင် သူမမ​မေးပဲမ​နေနိုင်ခဲ့​ချေ။

"မင်းတို့ မျိုးဆက်သစ်​တွေက သူနဲ့မရင်းနှီးကြဘူး​ပေါ့"

​ဖေးယွီ​ခေါင်းခါလိုက်သည်။

"သူနဲ့ရင်းနှီးတဲ့တချို့​တွေ​တော့ရှိပါတယ်..ငါ့မှတ်မိသ​လောက်​တော့ ၀မ်ရှို့ဘုရား​ကျောင်း​တော်က ဘုန်းကြီးတစ်ပါး​တော့ သူနဲ့ဆက်ဆံ​ရေး​ကောင်းတယ်..သူကတအားကို​ကြောက်ဖို့​ကောင်းတာပါဆို..သူ့သန်မာပုံမျိုးနဲ့ဆို တို့​တွေတအုပ်လုံးကို ရိုက်ချဖို့အသာ​လေးပဲ...ဘယ်သူကသူနဲ့ရင်းနှီးရဲမှာလဲ...တစ်​နေ့ကျသူကစိတ်​ကောင်း၀င်မ​နေလို့ စံပြ​မော်ဒယ်မ​လုပ်ချင်​တော့ရင် ဘယ်လိုလုပ်မလဲ လက်တစ်​ချက်​တောက်လိုက်တာနဲ့ တို့​တွေအဆုံးသတ်ပြီ​လေ ..ဟုတ်တယ်ဟုတ်"

ရှီကျားအသာ​မေးလိုက်မိသည်။

"မင်းတို့အားလုံး သူ့ကိုလျစ်လျူရှူထားကြတာ​ပေါ့ ."

​ဖေးယွီမှာ​တွေးပင်​တွေးမ​နေခဲ့​ချေ။

"ဘာလို့ဂရုစိုက်​နေမှာတုန်း သူကငရဲဘုရင်ယဲ့​​လေ..တို့​တွေကသာမာန်လူ​တွေ..သူနဲ့ငါတို့မှာ ဆက်ဆံဖို့တူညီတဲ့ဘာသာစကားမရှိဘူးလေ"



👻
ထိပ်ဆုံးရောက်ရတာလဲ အထီးကျန်တာပဲ