👻Chapter 20
Viewers 3k

👻Chapter 20



၅မိနစ်မျှကြာပြီး​နောက် တံခါး ပြန်ပွင့်လာခဲ့​လေသည်။

ရှီကျား ဧည့်ခန်းထဲတွင်ထိုင်လျက် မော့သို့ကိုကလိ​နေစဥ် ဆရာယဲ့မှာ သူ့ထံသို့​လျှောက်လာသည်ကို​တွေ့လိုက်ရ​လေသည်။ အဘယ်​​ကြောင့်ရယ်မသိ...ရှီကျားမှာ ဆရာယဲ့ကတစ်ခုခုမှားယွင်း​နေသည်ဟု အလိုလိုခံစားလိုက်ရ​လေသည်။ သို့​သော်အ​သေအချာစူးစမ်းကြည့်ပြီးပြန်​တော့လည်း ဘာကထူးဆန်း​နေမှန်း အ​သေအချာမ​ပြောနိုင်ခဲ့​ချေ။

ယဲ့ကျင်းကျီက ​သွေးနီ​ရောင်​​မောက်ထိုင်​ကျောက်ကိုပြန်လည်ကမ်း​ပေးလာခဲ့​လေသည်။

"​သေ​သေချာချာပြင်ထားတာပဲ..ဒါ​ပေမယ့်နှ​မြောစရာပဲ..ဒီ​ကျောက်ကမင်းရဲ့ယင်စွမ်းအင်ကိုမဖုံးကွယ်​ပေးနိုင်​တော့ဘူး"

ရှီကျားသိပ်မ​တွေးလိုက်ဘဲ ​ကျောက်နီ​လေးကိုလှမ်းယူလိုက်​လေသည်။

"​ကျေးဇူးပဲ ဆရာယဲ့ ကျွန်​တော်.."

ထို​ကျောက်ကိုလှမ်းအယူ သူတို့လက်​ချောင်း​လေးများကအဖျားခတ်ထိ​တွေ့မိသွားခဲ့ကြ​လေသည်။ ရှီကျားစကားမဆုံးခင်မှာပင် ယဲ့ကျင်းကျီမှာ ဓါတ်လိုက်ခံလိုက်ရသည့်အလား လက်ကိုဖြတ်ခနဲပြန်ရုတ်လိုက်ပြီး ရှီကျားကိုပင်လန့်သွား​စေခဲ့​လေသည်။

အ​တော်​​လေးကြာပြီး​နောက်

"ဆရာယဲ့...?"

ယဲ့ကျင်းကျီ၏နားရွက်တို့မှာ နီရဲ​နေခဲ့​လေသည်။

ရှီကျားထပ်၍​ခေါ်လိုက်သည်။

"ဆရာယဲ့.."

ယဲ့ကျင်းကျီ.." အခန်း..အခန်းထဲအရင်ပြန်လိုက်ဦးမယ်'

ထို့​နောက်စကား​ဆုံးသည်နှင့် နားရွက်နီနီ မျက်နှာရဲရဲဖြင့် အခန်းထဲသို့အ​ဆောတလျင် ​ပြေး၀င်သွား​တော့သည်။

ရှီကျား"..."

ခင်များတို့ရွှမ်းရွှယ်ကမ္ဘာလူ​တွေအကုန်ဒီလိုပဲ ပုံမှန်မဟုတ်ကြဘူးလား...

***

ရှီကျားသည် အခုတလော ဆရာယဲ့တစ်​ယောက် အနည်းငယ်ထူးဆန်း​နေသည်ကို ခံစားမိ​လေသည်။

ပထမအကြိမ်အတူစ​နေစဥ်က မနက်အိပ်ယာမှနိုးလျှင် သူသည်ယဲ့ကျင်းကျီကို​တွေ့နိုင်​ဆဲဖြစ်ကာ မနက်စာအတူစားဖြစ်ကြ​သေးသည်။ သို့​သော် ပထမရက်​ကျော်လွန်သွားပြီး​နောက် သူမည်မျှပင်​စော​စောထပါ​စေ တစ်အိမ်လုံးတွင် သူတစ်​ယောက်တည်းသာကျန်ရစ်​လေသည်။ စားပွဲ​ပေါ်တွင် ပူပူ​နွေး​​နွေးအစားအ​သောက်များကိုပြင်ဆင်ထားကာ တစ်အိမ်လုံးမှာလည်း ​တောက်​ပြောင်​နေသည်အထိ သန့်ရှင်းခံထားရပါ​သော်လည်း ယဲ့ကျင်းကျီ၏အရိပ်ကိုပင်မမြင်နိုင်​ချေ။

ယဲ့ကျင်းကျီမှာ ညအချိန်မှသာပြန်လာတတ်​လေသည်။ တ​နေကုန်သူသည်အပြင်ဘက်တွင် သရဲကြိုးကြိုးစားစားဖမ်းရင်းအချိန်ကုန်​နေတတ်သည်။ ဤကဲ့သို့အလုပ်ကြိုးစားပုံမျိုးမှာ စံပြထိုက်လှပါ​ပေသည်။

ဤသည်မှာ ထူးဆန်းသည်ဟု​တော့ မဆိုနိုင်​ချေ။ အဆုံးမှာ​တော့ ရှီကျားနှင့် ဆရာယဲ့မှာ သိပ်မရင်းနှီးကြ၍ပင်။ မရင်းနှီး​သောသူစိမ်းတစ်​ယောက် တစ်မိုး​အောက်တွင်အတူ​နေကြချင်းက အနည်းငယ်မျှ သက်​​တောင့်သက်သာမဖြစ်သလိုခံစားရနိုင်သည်။
ထို့​ကြောင့်အတူရှိ​နေရလျှင်ခံစားရ​သော ကို့ရိုးကားယားနိုင်မှုကို​ရှောင်ရှားသည်က ကျိုး​ကြောင်းမဆီ​လျော်သည်​တော့မဟုတ်​ချေ။ သို့​သော် ည​နေခင်း ဆရာယဲ့က သူ၏အ​ဆောင်အ​ပေါ် မန္တာန်ရွတ်ဖတ်ကာသန့်စင်​ပေးရမည့်အချိန်​ရောက်လာလျှင် ထိုထူးဆန်း​နေ​သောအ​ခြေအ​နေက သာ၍ပင်ထူးဆန်းလာခဲ့​လေသည်။

ယခင်ကကဲ့သို့ပင် သူတို့၂ဦးသည် ပြတင်း​ပေါက်​​ဘေးရှိဆိုဖာတွင်ထိုင်ချလိုက်ကြသည်။ ရှီကျားသိပ်မ​တွေးလိုက်​ချေ။ ရှီကျားက သူ၏လည်တိုင်မှ အ​ဆောင်ကိုဆွဲချွတ်လိုက်ပြီး လက်ကိုတိုက်ရိုက်ပင်ကမ်း​ပေးလိုက်​လေသည်။

မန္တာန်ရွတ်ဖို့ လက်​တွေကိုင်ကြတာ​ပေါ့..

ယဲ့ကျင်းကျီ "..."

အ​တော်ကြာတိတ်ဆိတ်​နေပြီး​နောက် ဆရာယဲ့မှာမလှုပ်ရှားလာ​သေး​ချေ။ ရှီကျားမျက်​မှောင်အသာကျုံ့လျက် ​ခေါ်လိုက်မိ​လေသည်။

"ဆရာယဲ့..?"

​တောက်ပ​သောလ​ရောင်မှာ ပြတင်း​ပေါက်မှတဆင့် တိုက်ခန်းထဲရှိလူ၂​ယောက်အ​ပေါ်ဖြာကျ​နေခဲ့​လေသည်။ အမျိုးသားမှာသူ၏နှုတ်ခမ်းတို့ကိုတင်းကြပ်စွာ​စေ့လိုက်​လေသည်။ သူ၏​ချော​မော၍ ခံစားချက်မဲ့​သောမျက်နှာ​ပေါ်တွင် မည်သည့်ထူးခြားမှုမှမရှိ​သော်လည်း သူ၏နားရွက်များကမူနီရဲလာခဲ့​လေ​တော့သည်။ ရှီကျား​နောက်တစ်ကြိမ်​ခေါ်လိုက်ချိန်တွင် ယဲ့ကျင်းကျီမှာ ​လေသံနိမ့်နိမ့်ဖြင့်ဆိုလာခဲ့​လေသည်။

"ရ.ရတယ်..လက်ကိုင်ဖို့မလိုဘူး..အဲဒီအ​ဆောင်​လေးကိုမင်းရဲ့လက်ဖ၀ါးထဲမှကိုင်ထားရင်ရပြီ..အခုမန္တာန်ရွတ်​ပေး​တော့မယ်​နော်"

ရှီကျားတုန်လှုပ်သွားခဲ့​လေသည်။

"မ​နေ့ကပဲ မန္တာန်ရွတ်ဖို့ဆို ကျွန်​တော်တို့လက်​တွေအချင်းချင်းပူးထားမှထိ​ရောက်တယ်လို့​​ပြောခဲ့သလားလို့"

ယဲ့ကျင်းကျီက ခိုင်မာ​​​​သော ​လေသံဖြင့်ဆိုလာခဲ့သည်။

"....မှား​ပြောမိတာ"

ရှီကျား"..."

ခင်များတို့ရွှမ်းရွှယ်​လောကကလူ​တွေဘာ​တွေဖြစ်​နေကြတာလဲဗျာ...

ရှီကျားမှာ ဆရာယဲ့မ​နေ့ကအမှားလုပ်မိခဲ့ခြင်း မဟုတ်မှန်း အတိအကျခံစားမိ​လေသည်။ သို့တိုင်​အောင် သူသည်တဖက်လူကိုအ​သေအချာအကဲခတ်​နေမိ​လေသည်။ ဆရာယဲ့က သူ၏မျက်လုံးကိုတင်းကြပ်စွာ ပိတ်ထားခဲ့​လေသည်။ သူ၏လက်ညှိုးကိုမူနှုတ်ခမ်း​ပေါ်ဖိထားလျက် မန္တာန်ကိုခပ်တိုးတိုး​ရွတ်​နေခဲ့​လေသည်။ မ​နေ့ကလိုပင်​ရွှေ​ရောင်အက္ခရာစာလုံးများက သူ၏လက်ထဲမှ အ​ဆောင်​လေးထံ၀င်​ရောက်လာကြ​လေသည်။ သို့​သော်ဤတစ်ကြိမ်တွင်မူဆရာယဲ့၏နဖူး​ပေါ်တွင် ​​ချွေးစက်က​လေးများမသိမသာ စိုစွတ်​နေခဲ့​လေသည်။ သူ၏မျက်နှာမှာလည်း သိပ်​ကောင်းမ​နေခဲ့​ချေ။

ပထမရက်က မန္တာန်ကိုအပြီးသတ်ရန် နာရီ၀က်ကြာခဲ့သည်။ သို့​သော်ဒုတိယရက်တွင်မူ ဆရာယဲ့မှာ မန္တာန်ကိုအဆုံးသတ်ရန် ၁နာရီထက်မနည်းကြာခဲ့​လေသည်။

တတိယ​နေ့တွင် ယဲ့ကျင်းကျီမှာ ခါတိုင်းကဲ့သို့ ညဘက်တွင်ပြန်လည်​ရောက်ရှိလာခဲ့​လေသည်။ သူတို့၂​ယောက်သားမှာ ပြတင်း​ပေါက်​ဘေးတွင် အတူထိုင်ချလိုက်ကြ​လေသည်။ ယဲ့ကျင်းကျီ မျက်လုံးကိုမှိတ်လျက် မန္တာန်ကို​ရွတ်ရန်ပြင်ဆင်လိုက်​လေသည်။ သို့​သော် သူမျက်လုံးကိုမှိတ််မှိတ်လိုက်ချင်းမှာပင် ​နွေး​ထွေး​သော လက်ဖ၀ါးတစ်ဖက်ကသူ၏လက်ကို ဆုပ်ကိုင်လာခဲ့​လေသည်။

ယဲ့ကျင်းကျီ တုန်လှုပ်သွားလျက် မျက်လုံးကိုဖျတ်ခနဲဖွင့်လာခဲ့​လေသည်။

ရှီကျားက သူ၏လက်ကိုဆွဲယူလျက် သူ(ရှီကျား)၏လက်အ​ပေါ်တင်လိုက်သည်ကို​တွေ့လိုက်ရ​လေသည်။ သူတို့၂ဦး၏လက်၂ဖက်မှာ အချင်းချင်းထပ်​နေခဲ့ကြသည်။ သူတို့လက်ဖ၀ါး၂ခုကြားမှ အ​​ဆောင်​လေး၏​အေးစက်စက်အ​တွေ့မှာ တမူထူးခြား​နေသည့်အလား။

​​တောက်ပ​သောလ​ရောင်မှာ သူ၏ကိုယ်​ပေါ်ဖြာကျ​နေခဲ့​လေသည်။ ရှီကျား၏နှုတ်ခမ်း​ထောင့်တို့မြင့်တက်သွားခဲ့​လျက် သူ၏စကားသံမှာ အပြုံးရိပ်တို့သန်း​နေခဲ့​လေသည်။

"ဆရာယဲ့..လက်​တွေကိုင်ထား​တော့ မန္တာန်ရွတ်ရတာပိုပြီးမမြန်ဘူးလား...ဆရာယဲ့အတွက်လည်းပိုလွယ်တယ်​လေ..ကျွန်​တော်ကရပါတယ်..ဒီနည်းကပိုအဆင်​ပြေတယ်ဆို ကျွန်​တော့်အတွက်ကိစ္စမရှိဘူးရယ်..."

ယဲ့ကျင်းကျီ​၏ ဖီးနစ်မျက်လုံးများမှာ အသာ၀ိုင်းစက်သွားခဲ့​လေသည်။ သူ၏ညာမျက်လုံးအိမ်ထဲမှ အနက်​ရောင်မှည့်က​​လေးမှာ ပို၍ထင်ရှားလာပြီး ဖိနှိပ်နိုင်​သောအရှိန်အ၀ါတစ်ခုကိုထုတ်လွှတ်​နေခဲ့​လေသည်။ သူ၏​ရှေ့မှ ​နွေး​​နွေး​ထွေး​ထွေးပြုံး​နေ​သော လူရွယ်လေးကိုကြည့်ကာ ထိစပ်​နေ​သောလက်ဖ၀ါးကပူ​လောင်လာသလိုခံစားလိုက်ရ​လေသည်။ အ​တော်​လေးကြာပြီးမှ သူ့အသံကို သူပြန်ကြားလိုက်ရ​လေသည်။

"​ကောင်းပြီ​လေ"

အနက်​ရောင်၀တ်​ကောင်းကင်ဘုံဆရာသခင်မှာ အာရုံစူးစိုက်စွာ ဂရုတစိုက်နှင့် မန္တာန်ကိုရွတ်ဖတ်​နေခဲ့​လေသည်။ ထိုစဥ်ဆံပင်အနက်တို့နှင့် လူရွယ်​လေးမှာ သူ့ကိုစိုက်ကြည့်​နေခဲ့​၏။

တကယ်တမ်းတွင်ရှီကျားသည် ယဲ့ကျင်းကျီဘာရွတ်​နေသည်ကို လုံး၀နားမလည်ပါ​ချေ။ သူ တစ်လုံးချင်းစီကိုနားလည်ပါ​သော်လည်း အားလုံးကိုအတူတကွ​ပေါင်းလိုက်ချိန်တွင်မူ ရှုပ်​ထွေး​စေ​လေသည်။ နာရီ၀က်ခန့်ကြာမန္တာန်ရွတ်​​နေ​သောအ​တောအတွင်းတွင် သူ ပြတင်း​ပေါက်အပြင်မှ ရှုခင်းများကိုကြည့်လိုက် လာမည့်ရက်များတွင် သူရိုက်ရမည့်ဇာတ်၀င်ခန်းများကို​တွေးလိုက် သူ၏​ရှေ့မှဆရာယဲ့၏ ​ချော​မော​သော်မျက်နှာကို အသာကြည့်လိုက်လုပ်​နေခဲ့​လေသည်။

ဤအချိန်အ​တောအတွင်းတွင် ရှီကျားအတွက် ဂန္တ၀င်တွင်သည့် ငရဲဘုရင်ယဲ့ကို​လေ့လာရန်အချိန်များစွာရ​လေသည်။

ယဲ့ကျင်းကျီမှာ အနက်​ရောင်မကြာခဏ၀တ်တတ်ပုံပင်။ ထိုအ၀တ်အစားများ​ကြောင့်ပင် သူကအမှန်တကယ် ငရဲဘုရင်ဟူ​သော အမည်နှင့်လိုက်ဖက်​နေ​စေ​လေသည်။ သို့​သော်တကယ်တမ်းတွင် သူသည်ကား ဓါးတစ်​ချောင်းနှယ်ထက်မြ​သောမျက်ခုံးများ ကြယ်ပွင့်များတလက်လက်​တောက်ပ​နေသည့်နှယ်မျက်၀န်းများ နှာတံမြင့်မြင့်နှင့် နှုတ်ခမ်းခပ်ပါးပါးတို့နှင့် အလွန်​ချော​မော​သော လူတစ်ဦးဖြစ်​လေသည်။ သူသာ အနုပညာ​လောကထဲမှဖြစ်ခဲ့ပါက ထိပ်တန်းအဆင့်တစ်​ယောက်ဖြစ်​နိုင်​လေ​၏။ သို့​သော် သူကစကားအလွန်နည်းကာ ​အေးတိ​အေးစက်နိုင်ပြန်သည်။ သင့်ဘက်မှစကားစမ​ပြောလျှင့် သူ့ဘက်ကလည်းဘယ်​​တော့မှစ၍​ပြောမည်မဟုတ်​ချေ။

ထို့​ကြောင့် သူသည်အား အလွန်​သွေး​အေးလှ​သော ငရဲဘုရင်တစ်ဦးနှင့်ပို၍တူ​စေ​လေသည်။

အ​ဆောင်အားသန့်စင်​ပေးပြီးသည်နှင့် ယဲ့ကျင်းကျီမှာသူ့အား စိတ်ရှည်လက်ရှည် သတိ​ပေးလာခဲ့သည်။

"​လော​လောဆယ် အ​ဆောင်ရဲ့အစွမ်းကအပြည့်အ၀သက်​ရောက်မှုမရှိ​သေးဘူး..မ​ကောင်းဆိုး၀ါး၀ိညာဥ်​တွေကမင်းကိုရှာ​တွေ့နိုင်တုန်းပဲ...​နေ့လည်​နေ့ခင်းအပြင်ထွက်စရာရှိရင် ၀ူရှန်းချင်းလီကိုယူသွားပါ..အဆင့်မြင့်တဲ့ မ​ကောင်းဆိုး၀ါး၀ိညာဥ်​တွေမင်းကိုရှာ​တွေ့ခဲ့ရင် ၀ူရှန်းချင်းလီကမင်းကို ကာကွယ်​ပေးလိမ့်မယ်..​မ​ကြောက်နဲ့​နော်..."

ရှီကျား အသာတုန်လှုပ်သွားမိ​လေသည်။

"မ​ကြောက်ရဘူးလား.."

ယဲ့ကျင်းကျီ​ခေါင်းညိတ်လိုက်​လေသည်။

"အင်း..မ​ကြောက်ပါနဲ့..မင်းရဲ့ယင်စွမ်းအင်ကအရမ်းသန်မာလွန်း​တော့ မ​ကောင်းဆိုး၀ါး၀ိညာဥ်​တွေအတွက်ပိုသန်မာလာဖို့ အားဖြည့်အစာလိုဖြစ်​နေတာပါ..ကိုယ်က​နေ့လည်ခင်း​တွေအိမ်မှာအမြဲမရှိဘူး​လေ..မ​ကောင်းဆိုး၀ါး၀ိဥာဥ်​တွေတကယ်​ရောက်လာခဲ့ရင် ၀ူရှန်းချင်းလီကအချိန်ဆွဲထား​ပေးလို့ရတယ်..ကိုယ်အမြန်ပြန်လာခဲ့မယ်"

​ဘေးဘက်တွင်မူ ၀ူရှန်းချင်းလီမှာ ​လော​လောဆယ်တွင် စုန့်စုန့်နှင့် "'လိပ်ပြာဖမ်းတမ်း" ​ဆော့ကစား​နေကြ​လေသည်။ ယဲ့ကျင်းကျီ၏စကားကိုကြားသည်နှင့် ၀ူရှန်းရှင်းလီမှာ ရှီကျား​ရှေ့သို့ ၀ှစ်ခနဲ​ရောက်ရှိလာခဲ့ပြီး သူ့ကိုယ်သူမာန်တက်​နေသည့်အလား အနည်းငယ်တုန်ခါပြလာခဲဲသည်။

ည​ရောက်​သော် လူ၂ဦးမှာ မိမိတို့၏အခန်းကိုယ်စီကို ပြန်သွားလိုက်ကြ​လေသည်။

ရှီကျားက ​ကြေးအံစာတုံး​လေးကိုကြည့်ကာ မရယ်ပဲမ​နေနိုင်ခဲ့​ချေ။

"ဆရာယဲ့က မင်းကိုငါ့ကိုကာကွယ်​ပေးခိုင်းမှာတဲ့"

၀ူရှန်းချင်းလီမှာ ဟိုဟိုသည်သည်ပျံသန်း​နေပြီး သူ၏အဓိပ္ပါယ်မှာ : ဒါပဲ​လေ..မင်းကိုကာကွယ်​ပေးမယ်..

ရှီကျားရယ်ချလိုက်မိ​လေသည်။

"ဒါကငါ့အတွက်တစ်​ယောက်​ယောက်ဆီက​နေ ပထမဆုံးကာကွယ်​ပေးတာခံရတာပဲ..အင်း..သရဲ​တွေဆီက​ပေါ့​လေ"

ရှီကျားမသိသည်က ​ဘေးခန်းမှ ​အေးတိ​အေးစက်နှင့် ငရဲဘုရင်ကြီးမှာ အခန်းထဲသို့ပြန်​ရောက်​ရောက်ချင်း wechatကိုဖွင့်လိုက်ခြင်းပင်။ သူသည်သူ၏အရင်းနှီးဆုံးသူငယ်ချင်း၃​ယောက်ထဲမှ တစ်​ယောက်ကိုသွားရှာလိုက်သည်။

【 မင်းမှာယင်စွမ်းအင်ကိုဖုံးကွယ်​ပေးနိုင်တဲ့​မှော်လက်နက်ရှိလား...ငါအရံအတားအစီအရင်​တွေနဲ့ ​မှော်စာလိပ်​တွေ​ရောပဲ၀ယ်ချင်တယ် .. 】

ထိုစာကို​တွေ့လိုက်ရ​သော ထျန်းကုန်းပွဲကြည့်စင်မှ အကြီးဆုံးတပည့်:

【 .....ငါ့ကိုwechatက​နေစိတ်လှည့်စားအစီအရင်နဲ့စာပို့ရဲတဲ့ဒီမျိုးမစစ်​လေးကဘယ်သူလဲ...အ​တော်​တော့ပီပြင်သားပဲ…ဒါ​ပေမယ့်ငရဲဘုရင်ယဲ့ကဒါမျိုး​တွေ၀ယ်မယ်များထင်​နေလား..မင်းရဲ့စိတ်လှည့်စားမန္တာန်အ​ခြေခံကို​သေချာရွတ်ပြစမ်း​..​ရေ​တွေဟာ​အောက်ကိုစီးဆင်းတယ်…​နေကအ​ရှေ့အရပ်ကထွက်တယ် ပြီး​တော့ယဲ့ကျင်းကျီကဒါမျိုး​တွေဘယ်​တော့မှမ၀ယ်ဘူးတဲ့ မှတ်ထား...သဘာ၀ကိုဆန့်ကျင်​နေတဲ့အရာ​တွေက စိတ်လှည့်စားတဲ့​နေရာမှာသုံးမရဘူး..ဒါ​လေး​တောင်နားမလည်ဘူးလား? 】

တစ်မိနစ်မျှကြာပြီး​နောက် ယဲ့ကျင်းကျီ: 【 ငါပါ..မင်းမှာရှိသမျှအကုန်၀ယ်ချင်တယ် 】

ထျန်းကုန်းပွဲကြည့်စင်မှအကြီးဆုံးတပည့်:
【@%@$%@#$!#~!!!】

​မှော်လက်နက်များနှင့် ရတနာများတပုံကြီးကို၀ယ်ပြီး​နောက်မှ ယဲ့ကျင်းကျီမှာ အနည်းငယ်စိတ်​အေးသွားခဲ့​လေသည်။

ဇနီး​လောင်း​လေး..အာ...ခင်ပွန်း​လောင်း​လေးရဲ့ကိုယ်က နူးညံ့ပြီး အထိအခိုက်မခံဘူးရယ်..ပြီး​တော့​မှော်ဂါထာ​တွေလည်းမသိဘူး..သရဲ​တွေကိုလည်းဆွဲ​ဆောင်နိုင်​သေးတယ်..တကယ်ဂရုစိုက်ရမှာပဲ အာ..

သို့နှင့် ​နောက်တစ်​နေ့တွင် ရှီကျားသည် ထူးဆန်း​သောပစ္စည်းတပုံကြီးကိုလက်ခံလိုက်ရ​၏။ ​

ကျောက်စိမ်းဖြူနှင့်ပြုလုပ်ထား​သော ခြူလုံး​လေး..စာလိပ်​ဟောင်း၂ခုနှင့် ထူးထူးဆန်းဆန်းအရုပ်​လေးများနှင့်ပြည့်​နေ​သော ပုံးတစ်ပုံးပင်။ အထူးဆန်း​ဆုံးက လက်တစ်ဖ၀ါးစာ ရှစ်​ထောင့်မှန်​လေးဖြစ်သည်။ ထိုမှန်​လေးမှာ ​ကြေးနှင့်ပြုလုပ်ထားကာ လူရုပ်ကိုပင်​ကောင်းစွာမထင်နိုင်​ချေ။

ယဲ့ကျင်းကျီကရှင်းပြလာသည်။

"ဒီရှစ်​ထောင့်မှန်​လေးက သရဲ​တွေကိုမြင်ရတယ်"

ရှီကျား နားလည်သွားခဲ့​လေသည်။

"​မှော်အစွမ်းတွေကို​ဖော်​ပေးတဲ့မှန်လား"

ယဲ့ကျင်းကျီမှတန့်သွားခဲ့​လေသည်။

"အင်း..အဲလိုပါပဲ.."

ယဲ့ကျင်းကျီ ထိုပစ္စည်းအပုံလိုက်ကို ရှီကျားလက်ထဲလျင်မြန်စွာထိုး​ပေးလျက် ​လေးနက်စွာဆိုလာခဲ့သည်။

"ဒီ​မှော်လက်နက်​တွေက မင်းသာမာန်သရဲ​လောက်နဲ့​တွေ့ရင် ​ဖြေရှင်း​ပေးနိုင်တယ်..မ​ကောင်းဆိုး၀ါး၀ိညာဥ်နဲ့တိုးရင်​တော့ ၀ူရှန်းချင်းလီရှိတာပဲ မ​ကြောက်နဲ့​နော်.."

ရှီကျားမှာ ငိုရအခက် ရယ်ရအခက်ဖြစ်​နေခဲ့​လေသည်။

"​ကျေးဇူးပါ ဆရာယဲ့..ကျွန်​တော်တကယ့်ကို..အင်း..မ​ကြောက်ပါဘူးဗျာ"

ထို​မှော်လက်နက်တပုံကြီးကိုလက်ခံလိုက်ရပြီး ရှီကျားမှာ ပို၍ပင်အားနာမိလျက် ယဲ့ကျင်းကျီအားပိုက်ဆံ​ပေးလိုခဲ့​လေသည်။ သို့​သော်သူ​ဖေးယွီထံမှကြားထားသည်မှာ ဤ​မှော်လက်နက်များကို ပိုက်ဆံဖြင့်၀ယ်ယူ၍မရဟုပင် pointများအသုံးပြုကာလဲလှယ်ရခြင်းဖြစ်သည်။ ရှီကျားအကြာကြီးစဥ်းစား​နေခဲ့​လေသည်။ သို့နှင့်သူသည် အရသာရှိ​သောထမင်းတစ်နပ်ကိုချက်ကာ ရွှမ်းရွှယ်​လောက၏စံပြ​​မော်ဒယ်ကြီးကို ဖိတ်​ခေါ်ရန်သာတတ်နိုင်​လေသည်။

ယဲ့ကျင်းကျီညဘက်ပြန်​ရောက်လာပြီး စားပွံ​ပေါ်မှ အစားအ​သောက်များကိုမြင်​သော် အံ့အားသင့်သွားခဲ့​လေသည်။ ရှီကျားရှင်းပြသည်ကိုကြားပြီး​နောက် သူက​ခေါင်းကိုယမ်းလိုက်သည်။

"ကိုယ့်မှာ point​တွေအများကြီးရှိပါတယ်..များလွန်းလို့ မင်းကြိုက်သ​လောက်ဖြုန်းလို့ရတယ်..စိတ်ကြိုက်ဖြုန်း​နေရင်​တော့ သိပ်​လျော့သွားမှာမဟုတ်ပါဘူး".

ရှီကျားမှာ မတ်တပ်မေ့​နေခဲ့​လေသည်။

မင်းတို့ရွှမ်းရွှယ်​လောကရဲ့ စံပြ​မော်ဒယ်က သူ့point​တွေကိုစိတ်ကြိုက်သုံးဖို့​ပေးပစ်တဲ့အထိ စံပြဆန်​နေပြီလား..

ရက်အနည်းငယ်ကြာပြီး​နောက် ရှီကျား ဟန်ထျန်းကိုသွားကာ သရဲကားတစ်ကားတွင် ဖြတ်​လျှောက်အခန်းရိုက်ရရန်ဖြစ်လာခဲ့​လေသည်။

ချန်း​ထောင်က သူ့ကိုမြင်​သည်နှင့် လက်မ​ထောင်လျက် ​ပြေးလာခဲ့သည်။

"​ဟေ့ အစ်ကိုကျားကိုရက်နည်းနည်း​လောက်မ​တွေ့ရတုန်း ထီ​ပေါက်သွားတာလား ဘဏ်ဓါးပြတိုက်ထားတာလား..ဒီ​ကျောက်စိမ်းက သိုးဆီ​ကျောက်စိမ်းမလား..ဒီ​ကြေး​အလုံးလေးက​ရော..ဘုရား​ရေ..​ရှေး​ဟောင်းပစ္စည်းနဲ့တူလိုက်တာ​ရော..အာ..လှုပ်လည်းလှုပ်နိုင်တယ်လား.."

၀ူရှန်းချင်းလီမှာ ချန်း​ထောင်၏လက်ကို မနှစ်မြို့စွာခါထုတ်လိုက်​ပြီး ရှီကျား၏ ​အင်္ကျီ​ကော်လာထဲသို့ တိုး၀င်သွားခဲ့​လေသည်။

ရှီကျားမှာ သာမာန်ကာလျှံကာဆိုလာခဲ့သည်။

"မင်းအမြင်မှားတာ​နေမှာ..အကုန်အတု​တွေချည်းပဲ လမ်းဘေးဆိုင်​လေးက ၅ယွမ်ပဲ​ပေးရတာ"

၀ူရှန်းချင်းလီက ၄င်းကိုကြား​သော် ရှီကျား၏​ကော်လာထဲ ​မ​ပျော်ရွှင်စွာလူးလှိမ့်​နေခဲ့​လေသည်။

ရှီကျားမှာ သူ၏အင်္ကျီ​ဇစ်ကိုပို၍မြင့်မြင့်ဆွဲတင်လိုက်​လေသည်။ ထို့​နောက်ချန်း​ထောင်ကိုကြည့်ကာဆိုလိုက်သည်။

"ငါ့အလှည့်ဘယ်​တော့လဲ..၆နာရီက ​နောက်ဆုံးဘတ်စ်ကားထွက်မှာ အလျင်လို​နေလို့"

ချန်း​​ထောင်လက်၂ဖက်ကိုဆန့်လိုက်​လေသည်။

"မင်းအခန်းက၅ခန်းထဲ..စိတ်​အေး​အေးထား..ဒီတစ်ကြိမ်က ဒါရိုက်တာ၀မ်က ဒီကားအတွက် မင်းကို​ထောက်ခံ​ပေးထားတာ..အခုဒါရိုက်တာက ဒါရိုက်တာ၀မ်ရဲ့အသိ​တွေထဲကထင်တယ်..​ပိုက်ဆံ​ပေါတဲ့အရူး​တွေကိုမင်းနားလည်ပါတယ်..သူတို့က​ဖြော်​ဖြေ​ရေး​လောကကိုအ​ပျော်ကစားဖို့၀င်လာကြတာ..သရုပ်​ဆောင်​တွေကိုဆိုလည်း အများကြီးပုံ​ပေးတာကွ"


👻