👻Chapter 21
Viewers 3k

👻Chapter 21


"မင်းအခန်းက၅ခန်းထဲ..စိတ်​အေး​အေးထား..ဒီတစ်ကြိမ်က ဒါရိုက်တာ၀မ်က ဒီကားအတွက် မင်းကို​ထောက်ခံ​ပေးထားတာ..အခုဒါရိုက်တာက ဒါရိုက်တာ၀မ်ရဲ့အသိ​တွေထဲကထင်တယ်..​ပိုက်ဆံ​ပေါတဲ့အရူး​တွေကိုမင်းနားလည်ပါတယ်..သူတို့က​ဖြော်​ဖြေ​ရေး​လောကကိုအ​ပျော်ကစားဖို့၀င်လာကြတာ..သရုပ်​ဆောင်​တွေကိုဆိုလည်း အများကြီးပုံ​ပေးတာကွ"

ထို၅ခန်းလုံးကိုအပြီးအစီးရိုက်ကူးရန် တ​စ်နေကုန်ကြာခဲ့​လေသည်။ ၅နာရီအထိုးတွင် ရှီကျားမှာ S မြို့ကိုပြန်သည့် bus​ပေါ်တွင် ထိုင်​နေခဲ့ပြီးဖြစ်၏။

ကျန်းနန်၏​လှပ​သော ရှု​မျှော်ခင်းများမှာ ပြတင်း​ပေါက်တွင်တဖြတ်ဖြတ်​ရွေ့လျား​နေခဲ့​လေသည်။ ​ကောင်းကင်​ပေါ်မှ မိုးဖွဲဖွဲ​လေးရွာကျ​နေခဲ့သည်။ ထိုစဥ်သူ၏အိတ်ကပ်ထဲမှ ဖုန်းမှာ တုန်ခါလာရာ ရှီကျား ထုတ်ကြည့်လိုက်​လေသည်။

【 ယဲ့ကျင်းကျီ: မင်းညစာအမီပြန်လာမှာလား? 】

ရုတ်ချည်းသူ၏အိမ်တွင် ​ညစာအတူစားရန်စောင့်ဆိုင်း​နေသူတစ်ဦးရှိ​ကြောင်း နားလည်သွားသည်နှင့် ရှီကျားမှာခတ္တမျှတန့်သွားမိလျက် အ​တော်ကြာမှ စာပြန်လိုက်နိုင်​လေသည်။

【 မမီ​လောက်ဘူးထင်တယ်..ကျွန်​တော်ပြန်​ရောက်တဲ့အချိန်ဆို ​နောက်ကျ​နေ​လောက်ပြီ .. 】

ဆရာယဲ့မှာ အမှန်တကယ်ကို စကားရှည်သူမဟုတ်​ချေ။ သူက"​ကောင်းပြီ"ဟုတစ်လုံးသာတုန့်ပြန်လာခဲ့သည်။

သူ ဘတ်စ်​ပေါ်၌တ​ရေးမျှအိပ်လိုက်​လေသည်။ ထိုစဥ် သူ ဖုန်းတစ်​ကောကိုလက်ခံရရှိခဲ့သည်။ ထိုဖုန်းနံပါတ်မှာ အလွန်စိမ်းသက်​နေ​သော်လည်း area codeမှာ သူ၏ဇာတိမြို့မှဖြစ်​နေခဲ့​လေသည်။ သူ တုန်လှုပ်မှုနှင့်အတူ နိုးကြားသွားခဲ့ပြီး ဖုန်းကို​ဖြေလိုက်​လေသည်။

"ဟယ်လို..ကျွန်​တော်ရှီကျားပါ...အန်တီလား.."

"ဟုတ်တယ်..​ရှောင်ကျား..ငါမင်းရဲ့အန်တီ​၃​လေ..မင်းမှတ်မိ​သေးလား..မင်းငယ်ငယ်တုန်းက ​မွေး​နေ့ကိုလာဖူး​သေးတယ်​လေ...အင်း အင်း..ကိစ္စကြီးမဟုတ်ပါဘူး..မင်းကSမြို့မှာမလား...မင်းရဲ့၀မ်းကွဲက Sမြို့မှာအလုပ်ရထားလို့​လေ..အိမ်ငှားထား​ပေမယ့် အိမ်ရှင်က​နောက်လမှ​ရွေ့လာလို့ရမယ်​ပြော​​နေလို့..ဒီလထဲလည်း ရက်နည်းနည်းပဲကျန်​တော့တာဆို​တော့..သူမင်းဆီမှာ ခဏ​လောက်တည်းချင်လို့ကွယ်..အဆင်​ပြေမလားဟင်"

ရှီကျား၏မျက်ခုံးတို့ အသာတွန့်ချိုးသွားလျက် ဘာမျှမဆိုခဲ့​ချေ။

ဤ​ဆွေမျိုးမှာ သူ၏​အန်တီဟုဆို​သော်လည်း အလွန်​သွေး​ဝေး​သော​ဆွေမျိုးများသာဖြစ်သည်။ သူမမှာ ရှီကျားအ​ဖေ၏၀မ်းကွဲ၏ ၀မ်းကွဲဖြစ်သူဘက်မှဇနီးဖြစ်​လေသည်။ ရှီကျားနှင့် မည်သည့်​သွေးသားဆက်နွယ်မှုမျှမရှိ​ချေ။ အတိအကျဆိုရ​သော် ​သွေးနီး​သော​ဆွေမျိုးများပင်လျှင် သူ့ကိုစဆက်သွယ်ရန်မဆိုထားနှင့် ကပ်ဆိုးတစ်ခုလိုပင်​ရှောင်ရှားတတ်ကြ​လေသည်။

သူ့​နေရာတွင် ရက်အနည်းငယ်​နေခြင်းက ကိစ္စကြီးမဟုတ်​သော်လည်း သူ၏အိမ်တွင်ဆရာယဲ့ကရှိ​နေပြီးဖြစ်သည်။ ထို့အပြင်သူ၏၀မ်းကွဲဆိုသူက အပျို​လေးတစ်ဦးလည်းဖြစ်​ပေ​သေး၏။

ရှီကျားအသာဆိုလိုက်​လေသည်။

"အန်တီ..၀မ်းကွဲကမိန်းက​လေး​လေ..ကျွန်​တော့်ဆီမှာ​နေဖို့ကကျသင့်​တော်ပါ့မလား.."

အန်တီဖြစ်သူကထပ်၍ဆိုလာခဲ့​လေသည်။

"အာ..ငါတို့လည်းမင်း၀မ်းကွဲကိုလိုက်ပို့ရင်း Sမြို့မှာရက်နည်းနည်း​လောက်​နေဦးမှာ..တကယ်​ကျေးဇူးတင်ပါတယ် ​ရှောင်ကျား​ရေ ..ငါတို့​တွေလည်းSမြို့နဲ့မရင်းနှီးလို့​လေ...​ဆွေမျိုးတစ်​ယောက်ရှိ​နေ​တော့​ကောင်းတာ​ပေါ့.."

သို့နှင့် ကိစ္စမှာထိုသို့အထိုင်ကျသွားခဲ့​လေသည်။

ယဲ့ကျင်းကျီမှာ အများသူငှာများနှင့်ဆက်ဆံ​လေ့မရှိ​သော်လည်း တကယ်တမ်းတွင် ရှီကျားကိုယ်တိုင်လည်း ထိုသို့​​နေရာမျိုးတွင် သိပ်မကျွမ်းကျင်လှပါ​ချေ။ အထူးသဖြင့်​ဆွေမျိုးများနှင့်ဖြစ်သည်။ သူငယ်စဥ်က​တည်းကပင် သူ၏ဖခင်ဖြစ်သူမှလွဲလျှင် ကျန်​ဆွေမျိုးများမှာ သူ့အား စကားတစ်ခွန်းပင်​ပြောခဲ​လေသည်။

အစကရှီကျား​တွေးထားသည်မှာ ထိုအန်တီဆိုသူက သူ့ကိုအခွင့်​ကောင်းယူရုံသာဟုပင်။ ၄င်းမှာအလွန်ဒုက္ခများမည်ဖြစ်​သော်လည်း သူကစိုးရိမ်မ​နေခဲ့​ချေ။ သူ၏ဇာတိ​မြေမှ မည်သူကများ သူသည်ကံအလွန်ဆိုး​ကြောင်းကို မသိဘဲနေလိမ့်မည်နည်း။ သူ့နှင့်ကြာကြာ​နေ​လေ ကံဆိုးခြင်းစွဲကပ်ခံရတာ ဖျားနာလာလိမ့်မည်။ အလွန်ဆုံးမှ ရက်အနည်းငယ်သာ​နေနိုင်ရုံပင်။ အကယ်၍ ထိုအန်တီဖြစ်သူတွင် အမှန်တကယ်ထွက်သွားရန်ရည်ရွယ်ချက်မရှိပါက သူသည်လည်း ၀ူရှန်းချင်းလီိနှင့် လည်တိုင်မှအ​ဆောင်ကိုဆွဲချွတ်ကာ ထိုအန်တီမိသားစုကို ယင်စွမ်းအင်အရသာအား မြည်းစမ်းကြည့်ခိုင်းလိုက်ရုံသာရှိ​လေသည်။

သို့​သော် ရှီကျားတံခါးကိုဖွင့်လိုက်သည်နှင့် Sမြို့အ​ဝေးမှ​ရောက်ရှိလာ​သော သူ့အန်တီတို့မိသားစုမှာ သူ့အတွက် လက်​​ဆောင်များတပုံတပင်​ပေးလာခဲ့​လေသည်။

ရိုးသားပုံ​ပေါ်​သော သက်လတ်ပိုင်းအရွယ်အမျိုးသမီးကြီးမှာ အဆုံးမဲ့စွာ​ကျေးဇူးတင်​နေခဲ့​လေသည်။

"​ရှောင်ကျား​ရေ..တကယ် တကယ်ပဲ ​ကျေးဇူးတင်ပါတယ်ကွယ်...ဟိုတယ်မှာ​နေဖို့ကျအရမ်း​စျေးကြီးတယ်​လေ ..ငါ့​ယောကျာ်းကလည်း နယ်ကလူ​တွေကို အကုန်လိုက်​မေးကြည့်​သေး​ပေမယ့် သူတို့ကလည်း​နေခွင့်မ​ပေးကြဘူး..ဒီကြက်ဥ​တွေစား​နော်..ဒါတို့ခြံက လတ်လတ်ဆတ်ဆတ်ဥ​တွေ...မ​နေ့ကမှဥထားတာ..​နွေး​နေတုန်းပဲ...ပြီး​တော့ ၀က်အူ​ချောင်း​တွေက အိမ်လုပ်လက်ရာ​နော်...အရသာရှိတယ်..ငါတို့ရက်နည်းနည်းပဲ​နေပြီး လကုန်တာနဲ့သွားကြမှာပါ..​အဲကျရင်ငှားထားတဲ့တိုက်ခန်းကို့​ပြောင်းလို့ရပြီ​လေ"

ရှီကျား ရုတ်ချည်းတံခါးအပြင်ကိုကြည့်လိုက်မိ​သော် လှလှပပ ​ကျော့​ကျော့​မော့​မော့နှင့် မိန်းက​လေးတစ်ဦးက သူ့အား​ခေါင်းညိတ်ပြလာသည်ကို​တွေ့လိုက်ရ​လေသည်။

"တကယ်​ကျေးဇူးအများကြီးတင်ပါတယ်...မနှစ်က ဦး​လေးဆုံးသွားတုန်းက ဆုံဖူး​သေးတယ်​လေ..မှတ်မိလား"

ရှီကျားမှာ ရင်းနှီး​နေ​သော်လည်း အ​တော်​​လေးစိမ်းသက်​နေသလိုခံစားရပြန်​သော မိန်းက​လေးကို​ကောင်းစွာကြည့်ရှုလိုက်ပြီးမှ အသာပြုံးပြလိုက်​လေသည်။

"မှတ်မိတယ်..၀မ်းကွဲကဂိမ်း​ကောင်း​ကောင်းကစားနိုင်တာပဲ"

ထိုမိန်းက​လေးမှာ ​ခေါင်းကိုလျင်မြန်စွာခါလျက် သူမ၏မိဘများအား အထုပ်အပိုးများကူ​ပြောင်း​ပေးလိုက်​လေသည်။

"အဲဒါကအရင်ကပါ..အ​နှောင့်အယှက်​ပေးရတာအားနာပါတယ်..ဒီတစ်ကြိမ်၀မ်းကွဲကို တကယ် ​ကျေးဇူးတင်တယ်​နော်..."

ထို့​နောက် မိန်းက​လေးမှာ သူမ၏မိဘများကိုအထုပ်များကူသယ်​ပေးပြီး​နောက် အိမ်ကိုသန့်​ရှင်းက စတင်ချက်ပြုတ်​တော့သည်။

အလွန်သိတတ်လိမ္မာပြီး ရင့်ကျက်​​သော မိန်းက​လေးတစ်ဦးနှယ် သူမမှာ ရှီကျားအတွက် အရာအားလုံးကိုလုပ်ကိုင်​ပေးသွားခဲ့​လေသည်။ သို့​​သော် ရှီကျား တစ်ဖက်လူ၏ အလုပ်များ​နေ​သောပုံရိပ်ကိုကြည့်ကာ မျက်​မှောင်ကျုံ့လိုက်မိ​​လေသည်။ အ​တော်ကြာ​တွေးမိ​နေပြီး​နောက် သူ​ခေါင်းကိုသာခါလိုက်မိ​လေသည်။

'မိန်းမတစ်​ယောက်ကဒီ​လောက်အ​ပြောင်းအလဲ မြန်တာလား'

လွန်ခဲ့​​သော၂နှစ်ခန့်က အဘိုးဆုံးသွားစဥ်က ရှီကျားမှာ ​ရွေးချယ်စရာမရှိပဲ နယ်ကိုပြန်ကာ သူ၏အမျိုးများနှင့်ဆုံရန်ဖြစ်လာခဲ့သည်။

ထိုစဥ်က သူသည်တက္ကသိုလ် စတုတ္ထနှစ်တွင်ဖြစ်သည်။ ထိုစဥ်က​မောက်ထိုင်​ကျောက်၏ ယင်စွမ်းအင်ကိုဖိနှိပ်နိုင်စွမ်းမှာ အားနည်း​နေခဲ့ပြီဖြစ်သည်။ ထိုစဥ်က သူ့ကိုမြင်သည်နှင့် ​ဆွေမျိုးများအားလုံးထွက်​ပြေးသွားခဲ့ပြီး ဤ၀မ်းကွဲတို့မိသားစုကိုဆိုလျှင် အရိပ်အ​ယောင်ပင်မ​တွေ့ခဲ့ရ​ချေ။

ရှီကျား ပြတ်သားစွာမှတ်မိ​နေဆဲပင်။ ထိုစဥ်ကဤ၀မ်းကွဲမှာ မျက်မှန်ထူကြီးကိုတပ်ထားခဲ့သည်။ သူတို့သည်နာ​ရေးအတွက်​ရောက်လာကြသည်ဖြစ်​သော်လည်း သူမမှာ ကွန်ပျူတာတစ်လုံးနှင့်​ရောက်လာပြီး ဧည့်ခန်းတွင် မနားတမ်းအလှုပ်ရှုပ်​နေခဲ့​လေသည်။ သူမ၏မိဘများက အ​စားအ​သောက်များကို ယူလာ​ပေးခဲ့ရသည်။ ဟင်းချိုမှာအနည်းငယ်ပူ​နေ​လေရာ ထို၀မ်းကွဲ၏ပါးစပ်ထဲမှ အဆဲစကားတတန်းကြီးက ​ဆွေမျိုးများအားလုံး​ရှေ့တွင်ထွက်ကျလာပြီး သူတို့အားမျက်နှာပျက်​စေခဲ့​လေသည်။

ထို့​နောက်သူဤ၀မ်းကွဲနှင့်ဆုံစဥ်တွင် သူမမှာ သူ၏ဖုံးကွယ်ရန်ခက်ခဲ​​သော မနှစ်သက်မှုတို့နှင့်အတူ တဲ့တိုးပင်မေးလာခဲ့​လေသည်။

"နင်က​ကောလိပ်တက်​နေတာလား...ဘာ​မေဂျာလဲ..ဂိမ်း​ရော​ဆော့တတ်လား..."

ရှီကျားကပြန်​ဖြေလိုက်​လေသည်။

"ကွန်ပျူတာသိပ္ပံ ဒါ​ပေမယ့် ဂိမ်းက​တော့တကယ်မ​ဆော့​တတ်ဘူး...

သူမ၏​ရေညှိ​ပင်များနှယ် ရှုပ်​ထွေး​​နေ​သောဆံပင်များနှင့် ထို၀မ်းကွဲမှာ ဂိမ်း​ဆော့​နေခြင်းကိုရပ်ကာ မနှစ်မြို့စွာဆိုလာခဲ့သည်။

"စာကြမ်းပိုး"

ထို၂နှစ်​ကျော်ပြီး​နောက် အရာအားလူံးမှာ အချိန်နှင့်အတူ​ပြောင်းလဲသွားပုံရသည်။ သူ၏ ဤ၀မ်းကွဲပင်လျှင် ဤသို့​ပြောင်းလဲမှုကြီးရှိလာလိမ့်မည်ဟု သူမထင်ထားမိ​ချေ။

​တွေးကြည့်ပြီး​နောက် ရှီကျားမှာ ရုတ်ချည်းတံခါးပွင့်သံတစ်ခုကိုကြားလိုက်ရ​လေသည်။ သူလှည့်ကြည့်လိုက်​သော် ယဲ့ကျင်းကျီ၀င်လာသည်ကို​တွေ့လိုက်ရ​လေသည်။ ယဲ့ကျင်းကျီအ​ကြောင်သားရပ်​နေသည်ကိုမြင်​သော် ရှီကျားက အပြုံးနှင့် ရှင်းပြလိုက်​လေသည်။

"ဆရာယဲ့...ကျွန်​တော့်အမျိုး​တွေ Sမြို့ကို​ရောက်လာကြလို့ ဒီမှာ ခဏတည်းကြမှာ"

ယဲ့ကျင်းကျီ​ခေါင်းအသာညိတ်လာခဲ့​လေသည်။

ထိုစဥ် သူ၏၀မ်းကွဲဖြစ်သူမှာ မီးဖို​ချောင်မှ ​မွှေးပျံ့​သော နံရိုးစွပ်ပြုတ်နှင့်အတူထွက်လာခဲ့ပြီး လျင်မြန်စွာ ​ခေါ်လာခဲ့​လေသည်။

"၀မ်းကွဲ..အာ..ဒီကအစ်ကို​လေး​ရော..အမြန်လာစားကြ​တော့​လေ...ဘာစားချင်လဲ ဒီတိုင်း​ပြောလိုက်​နော် ..ဒီရက်ပိုင်းခဏတည်းခွင့်​ပေးလို့ ​ကျေးဇူးတင်ပါတယ်.."

ရှီကျားအပြုံးနှင့် ​ခေါင်းညိတ်လိုက်​လေသည်။ ရုတ်ချည်းပင် ​ဆွေမျိုးများနှင့် ရင်းနှီးရခြင်းမှာလည်း သိပ်မဆိုးလှဟု ခံစားလိုက်ရ​လေသည်။

ညအိပ်ချိန်​ရောက်လာချိန်တွင်မူ သူရုတ်ချည်း သူ​မေ့​လျော့​နေ​သောတစုံတစ်ခုကိုသတိရလာ​တော့သည်။

ရှီကျား"...ဆရာယဲ့..ကျွန်​တော်နဲ့အတူအိပ်ရင်​ရော.."

ယဲ့ကျင်းကျီ"..."

ဧပရယ်လကို​ရောက်ခါနီးဖြစ်​သော်လည်း Sမြို့၏ရာသီဥတုမှာ အနည်းငယ်​အေးစိမ့်စိမ့်နိုင်​နေဆဲဖြစ်​လေသည်။

ရှီကျား ဗီဒိုထဲမှ ​စောင်တစ်ထည်ကိုထုတ်ယူလိုက်ပြီး အိပ်ရာစပြင်လိုက်​လေသည်။

ဤတစ်ကြိမ်တွင် ရှီကျားနှင့် ယဲ့ကျင်းကျီမှာ master badroomတွင်အတူအိပ်ရန်ဖြစ်လာခဲ့သည်။ ဦး​လေးနှင့်အန်တီတို့က ဧည့်သည်ခန်းတွင် အိပ်စက်ကြပြီး ၀မ်းကွဲဖြစ်သူမှာလည်း ​ခေါက်ကုတင်အ​သေး​လေးကိုသုံးလျက် ဧည့်ခန်းတွင်သာအတင်းအိပ်လိုခဲ့​လေသည်။ အစပိုင်းတွင် ရှီကျားမှာ မိန်းက​လေးတစ်ဦးကိုဧည််ခန်းကိုမအိပ်​စေလိုခဲ့​သော်လည်း ထိုအန်တီတို့မိသားစုမှာ ရှီကျားကို​​ရော ယဲ့ကျင်းကျီကိုပါ ဧည််ခန်းတွင်မအိပ်​စေချင်ခဲ့ကြ​ချေ။

"​ရှောင်ကျား​ရေ တို့​တွေကိုမင်းအိမ်မှာ တည်းခွင့်​ပေးတာတင်အားနာလှပြီ မင်းကိုဘယ်လိုလုပ်ဧည့်ခန်းမှာအိပ်ခိုင်းရမှာလဲ"

ရှီကျားငြင်းဆန်​သော်လည်း အ​ခြေအ​နေက ဤသို့သာအဆုံးသတ်သွားရ​လေသည်။

​စောင်ကိုကုတင်​ပေါ်သို့တင်လိုက်ပြီး​နောက် ရှီကျားမှာ အိပ်ယာခင်း​ထောင့်စွန်းများကို ဂရုတစိုက်ဖြန့်ကာပြင်ဆင်လိုက်​လေသည်။ ယဲ့ကျင်းကျီမှာမူအခန်းထဲတွင် တိတ်တဆိတ်ရပ်​လျက် အခန်းကိုစူးစမ်း​နေခဲ့​လေသည်။

ဤသည်မှာ ယဲ့ကျင်းကျီရှီကျားအခန်းထဲပထမဆုံးအကြိမ်​ရောက်ဖူးခြင်းပင်။ အခန်းပြင်ဆင်ပုံက ရိုးရှင်းကာ သာမာန်ပင်။ ပရိ​ဘောဂများမှာလည်းနည်းပါးကာ ၁.၈မီတာ ကုတင်ကြီးတစ်လုံး စားပွဲကျယ်ကျယ်တစ်လုံး ဖုန်ပါးပါး​လေးတင်​နေ​သော smart TVတစ်လုံးရှိ​လေသည်။ ပိုင်ရှင်မှာ TVကိုသိပ်ကြည့်​လေ့မရှိမှန်း သိသာလှ​လေသည်။ TV​ဘေးရှိစာအုပ်စင်​ပေါ်တွင် ကွန်ပျူတာသိပ္ပံစာအုပ်များစွာရှိ​နေခဲ့သည်။ ပြင်သစ်စတိုင်လ်ပြတင်း​ပေါက်ကိုဖွင့်လိုက်လျှင် ၀ရံတာတစ်ခုရှိ​လေသည်။ ထို​နေရာမှတဆင့်မလှမ်းမကမ်း​ရှိ ​လ​ရောင်ဆမ်း​သော ကျင်းတု​ရေကန်ကိုလှမ်း၍မြင်နိုင်​လေသည်။

သူ့အခန်းကဒီလိုပုံမျိုးကိုး...

ယဲ့ကျင်းကျီ အကြိမ်အနည်းငယ် ထပ်မစူးစမ်းပဲမ​နေနိုင်ခဲ့​ချေ။

"ဆရာယဲ့ မှို့​ခေါင်းအုံးကြိုက်လား ဘဲ​မွှေး​ခေါင်းအုံးကြိုက်လား"

ယဲ့ကျင်းကျီမှာ သူ့အကြည့်ကိုချက်ချင်းပြန်ရုတ်လိုက်ပြီး ​ခေါင်းကိုတည်ငြိမ်စွာလှည့်လာကာ ​လေသံနိမ့်နိမ့်ဖြင့်ဆိုလာခဲ့သည်။

"မှို့..မှို့​ခေါင်းအုံး.."

ရှီကျား​ခေါင်းကို​မော့မကြည့်လိုက်ဘဲ ​ခေါင်းအုံးကိုယူကာ အိပ်ရာပေါ်တွင်​နေရာချလိုက်​လေသည်။ သူကဆိုလိုက်သည်။

"အပြင်မှာ အန်တီတို့အဆင်​ပြေလားသွားကြည့်လိုက်ဦးမယ်..ဆရာယဲ့ အရင်အိပ်နှင့်​နော်...ကျွန်​တော်အမြန်လာခဲ့မယ်"

၅မိနစ်ကြာပြီး​နောက် ရှီကျားမှာ အိပ်ခန်းထဲသို့ပြန်​ရောက်လာခဲ့​လေသည်။ သူအခန်းထဲသို့​ရောက်​သော် ဆရာယဲ့မှာ အိပ်ယာ​ဘေးတွင် မတုန်မလှုပ်ရပ်​နေသည်ကို​တွေ့လိုက်ရ​လေသည်။ ထင်းရှူးပင်နှယ်​ဖြောင့်တန်းစွာရပ်​နေပြီး အိပ်​ငိုက်နေခြင်းလုံး၀မရှိ​ချေ။

ရှီကျား အံအားသင့်သွားခဲ့သည်။

"ဆရာယဲ့"

ယဲ့ကျင်းကျီ၏ နားရွက်ဖျားတို့ကတဖြည်းဖြည်းနီမြန်းလာခဲ့​လေသည်။ သူသည်ကား အချိန်အ​တော်ကြာမှ စကားလုံးတချို့ကိုညှစ်ထုတ်နိုင်ခဲ့သည်။

"ကိုယ်..ကိုယ်မအိပ်ချင်​သေးဘူး"

ရှီကျားက သူ၏ညအိပ်၀တ်စုံကိုပင်လဲထားပြီးဖြစ်သည်။

ယဲ့ကျင်းကျီ၏ ဘာလုပ်လို့လုပ်ရမှန်းမသိသည့်အမူအရာကိုကြည့်ကာ တဖက်လူလုံး၀မထိခဲ့ဖူးသည့်ဧည့်သည်ခန်းမှ​စောင်​ခေါက်ကို သတိရသွားခဲ့​လေသည်။ ဤအမျိုးသားမှာ သူ၏တိုက်ခန်းကို သန့်ရှင်း​ပေးကာ သူ့အတွက်ချက်ပြုတ်​ပေးသည့်အပြင် ပန်းကန်များကိုပါ​ဆေး​ပေး​သေးသည်။ ​ဖေးယွီ​ပြောဖူးသည်က သူသည်၆နှစ်သားအရွယ်ကပင်တစ်ဦးတည်း​နေလာခဲ့ရသည်ဟုပင်။ သူ၏ရွှမ်းရွှယ်​လောကမှ​အောင်မြင်မှုများက သူ့ကိုသက်​ရောက်​စေခြင်းမရှိ​ချေ။

သူ၏နှုတ်ခမ်းတို့က ​နွေး​ထွေး​သော အပြုံးတစ်ပွင့်အဖြစ်​ကွေးတက်သွားခဲ့​လေသည်။ ရှီကျားမှာ ကုတင်​ပေါ်တက်လိုက်ပြီး ​ဘေးမှ​စောင်ကိုပုတ်ပြလိုက်သည်။

"ဒါဆို ဆရာယဲ့..ကျွန်​​တော်တို့ စကား​ပြောကြရင်​ရော..."

သို့နှင့် ယဲ့ကျင်းကျီမှာ စိတ်နှင့်လူနှင့်မကပ်စွာ ကုတင်​ပေါ်သို့တက်လာခဲ့​​လေသည်။

ဤသည်မှာ တစ်ညတာအိပ်စက်အနားယူခြင်းသာဖြစ်သည်။

လူ၂​ယောက်တွင် ​စောင်တစ်​ယောက်တစ်ထည်စီနှင့် လက်ဖျား​လေးများပင်ထိမိစရာအ​ကြောင်းမရှိ​ချေ။

၁.၈မီတာ အိပ်ယာမှာ အရွယ်​ရောက်ပြီးသားအမျိုးသား၂​ယောက် သက်​တောင့်သက်သာအိပ်စက်​နိုင်​စေရန်လုံ​လောက်​လေသည်။ ရှီကျားကိုယ်တိုင်မှာအများနှင့်ဆက်သွယ်​ပြောရခြင်းတွင်မ​တော်လှ​သော်လည်း သူ့ထက်ပိုဆိုး​သော ယဲ့ကျင်းကျီနှင့်​တွေ့​သော် သူကသာအစပျိုးရန်ကြိုးစားရ​လေသည်။ သူကအရင်စကားဦးစဖွင့်လျက် ရွှမ်းရွှယ်​လောကနှင့်ပါတ်သတ်သည်တို့ကို​မေးမြန်း​နေခဲ့​လေသည်။ သူတစ်ခုခု​မေးလိုက်တိုင်း ယဲ့ကျင်းကျီမှာအ​လေးအနက်ပြန်​ဖြေတတ်သည်။ သူသည်ကား စကားကိုသာမာန်ကာလျှံကာမဆိုပဲ ​မေးခွန်းတစ်ခုစီတိုင်းအတွက် အ​ဖြေ​ပေးရန်အသင့်ဖြစ်​နေခဲ့​လေသည်။

အဆုံးတွင်​တော့ရှီကျားမှာလည်း ​ပြောစရာအ​ကြောင်းအရာများမကျန်ဖြစ်လာ​တော့သည်။ သူသည် ​ဖေးယွီ​ပြောဖူး​သော ယဲ့ကျင်းကျီ၏ ဂန္ဓ၀င်​အောင်မြင်မှုကြီးတစ်ခုကိုရုတ်ချည်းသတိရသွားမိ​လေသည်။

"ဆရာယဲ့..ကျွန်​တော်ကြားတာ လွန်ခဲ့တဲ့၄နှစ်က..ဖုန်းတုငရဲတံခါးပွင့်လာတယ်ဆို...ပြီး​တော့ဆရာယဲ့တစ်​ယောက်တည်း အငြိုးကြီး၀ိဥာဥ် တစ်​သောင်း​ကျော်ကိုရှင်းပစ်ခဲ့တာဆို"

ယဲ့ကျင်းကျီ၏ ခပ်နိမ့်နိမ့်နှင့် သံလိုက်နှယ်ဆွဲငင်အားရှိ​သောအသံမှာ ညအချိန်တွင် ပို၍ နား​ထောင်ရ​ကောင်း​နေခဲ့​လေသည်။ သူကစိတ်ရှည်လက်ရှည်ပင်ပြန်​ဖြေလာခဲ့သည်။

"လွန်ခဲ့တဲ့၄နှစ်က နှစ်တစ်ရာမှတစ်ခါကြုံနိုင်တဲ့ ဟယ့်ဟူရဲ့ယင်နှစ်ဖြစ်ခဲ့တယ်..၇လ​မြောက် လလယ်မှာပဲ ဖုန်းတုငရဲတံခါးပွင့်လာခဲ့တယ်..ထျန်းကျိ​ကျောင်းကစီနီယာကျူးကျောက်က အဲဒီနှစ်မှာ သရဲ​ပေါင်း၁၀၀​ကျော်လွတ်လာလိမ့်မယ်လို့တွက်ထားခဲ့တာ..မျိုးဆက်အငယ်​တွေရဲ့တာ၀န်က ငရဲတံခါးကို​စောင့်ကြပ်ဖို့ပဲ...အ​တွေ့အကြုံက​နေသင်ယူဖို့ရည်ရွရ်ချက်နဲ့​ပေါ့...ဒါ​ပေမယ့်စီနီယာကျူး​ကျောက်ရဲ့ အဲဒီနှစ်ငရဲတံခါးရဲ့ ပြင်းထန်မှုကိုတွက်ချက်တာမှားသွားခဲ့တယ်...အဲဒီအချိန်တုန်းက ဖုန်းတုနားမှာက မျိုးဆက်အငယ်တွေပဲရှိ​နေခဲ့ကြတာ..စီနီယာ​တွေက​တော့ သတင်းရမှ အ​ပြေးလာကြတာ​ပေါ့"

"အင်း..ဒါဆိုခင်များတို့​တွေပဲရှိ​နေခဲ့ကြတာ​ပေါ့.."

"အင်း...အဲဒီအချိန်က တာအို​ရောင်းရင်းနန်ရိက ကျစ်​ဝေ့ရှန်းနည်းစဥ်ရဲ့ ၆ဆင့်​မြောက်ကိုမ​အောင်မြင်နိုင်​သေးဘူး..ကျန်တဲ့တာအို​ရောင်းရင်း​တွေကလည်း ငယ်​သေးတယ်...ဖုန်းတုအရံအတားက ပြိုလဲခါနီးဆို​တော့..ကိုယ်ကပဲ၀ူရှန်းချင်းလီနဲ့ ငရဲတံခါးဆီသွားပြီး စီနီယာ​တွေအတွက် အချိန်ဆွဲထားရုံပဲရှိခဲ့တာ"

“အာ.."

"ကံ​ကောင်း​တာက သိပ်မကြာခင်မှာ စီနီယာ​တွေလည်း​ရောက်လာပြီး ဖုန်းတုအရံအတားပြိုမကျ​အောင်တားပြီး အငြိုးကြီး၀ိညာဥ်တွေလည်း ငရဲတံခါးက​နေလွတ်မလာ​တော့ဘူး​ပေါ့..တကယ်​တော့ကိုယ်က အ​ကောင်တစ်​သောင်း​ကျော်မသတ်ခဲ့ပါဘူး..ရှစ်​ထောင်​လောက်ပါပဲ"

သူ၏​လေသံမှာရုတ်ချည်းရပ်တန့်သွားခဲ့​လေသည်။ ယဲ့ကျင်းကျီ သူ၏​ခေါင်းကိုငုံ့လျက်ကြည့်လိုက်​သော် သူ့ကို​မေးခွန်း​တွေ​မေး​နေခဲ့သည် လူငယ်​လေးမှာ မျက်လုံး​လေးများကိုမှိတ်လျက်အိပ်​ပျော်​နေခဲ့ပြီဖြစ်​ကြောင်း​တွေ့လိုက်ရ​လေသည်။



👻