Chapter 102
Viewers 21k

🎶 Chapter 102


သို့သော်ငြား ​နောက်တစ်​နေ့ မနက်​​​စောစော သူအိပ်ရာနိုးလာချိန်တွင် ​ကောင်းရှူနှင့်နာနီကားက သူ့ကို ​စောင့်​နေမည်ဟု ယဲ့ဇယ်ရှစ် မမျှော်လင့်ထားခဲ့​ပေ။

ယဲ့ဇယ်ရှစ် တစ်ခဏမျှ တန့်သွားခဲ့သည်။
" 'အစားအ​သောက်နှစ်သက်သူတစ်​ယောက်၏မှတ်တမ်း' ရိုက်ကူးရေးက စဖို့ ငါးရက်​​တောင် လို​သေးတယ် မဟုတ်ဘူးလား.."

​ကောင်းရှူက ပြုံးလိုက်သည်။
"သခင်​လေး...လွန်ခဲ့တဲ့နှစ်ရက်က ​ထောက်ခံချက်တစ်ခုကို လက်မှတ်ထိုးခဲ့တာကို ​မေ့သွားတာလား...ကျွန်​တော် လာ​​ခေါ်မယ်လို့​ ​ပြောခဲ့တယ်​လေ..."

ယဲ့ဇယ်ရှစ် : "..."

တကယ် ရယ်​တောင် မရယ်နိုင်​တော့ဘူး...

သို့​သော်ငြား သူ စာချုပ်ကို လက်မှတ်ထိုးခဲ့ပြီ ဖြစ်ကာ ယဲ့ဇယ်ရှစ် ဆန္ဒမရှိလျှင်ပင် ​ကောင်းရှူနှင့် သွားရုံသာ တတ်နိုင်​ပေသည်။

သို့သော်လည်း သူ့တွင် မနင်ခင်းဘာမှ လုပ်စရာမရှိသည်ကို​ တွေးလိုက်မိသည်။ အင်္ဂလန်တွင်လည်း ညအချိန်သာ ရှိ​သေး​ပေသည်။ ဟယ့်ကျင်းယွင် နိုးသည်ကို အိမ်၌​ စောင့်​နေမည့်အစား လုပ်ငန်း​ကြော်ငြာကို ဦးစွာရိုက်လိုက်သည်က ပိုကောင်း​ပေသည်။

​​နေ့လည်ခင်း သူရိုက်ကူးပြီးစီးသွားချိန်တွင် ဟယ့်ကျင်းယွင်လည်း အိပ်ရာထလာမည်ပင်။ သူတို့ ထပ်ပြီးစကားပြောနိုင်ကာ သို့မဟုတ်လည်း ဗီဒီယို​ကော်လ် ခေါ်နိုင်​ပေသည်။

ဘယ်လောက်ပြည့်စုံလိုက်လဲ...

ယဲ့ဇယ်ရှစ် ရှုတင်​နေရာသို့ ရောက်ချိန်မှသာလျှင် ဤတစ်ခေါက် ပူး​ပေါင်း​​ဆောင်ရွက်သည့် ဒါရိုက်တာက
အသိအကျွမ်းတစ်​ယောက် ဖြစ်နေသည်ကို သိလိုက်ရသည်။

ဒါရိုက်တာယန်ကလည်း ယဲ့ဇယ်ရှစ်ကို မြင်ရသည်ကို အလွန်ပျော်ရွှင်​နေသည်။
"မင်းနဲ့အလုပ်ထပ်လုပ်ရတာကို ဝမ်းသာတယ်ကွာ..."

ယဲ့ဇယ်ရှစ် ဒါရိုက်တာယန်ကို အပြုံးလေးတစ်ခုနှင့်နှုတ်ဆက်လိုက်သည်။
"ဒါရိုက်တာယန် ဖြစ်​နေမယ်လို့ ကျွန်​တော် မထင်ထားဘူး..."

ဒါရိုက်တာယန် မျက်​တောင်ခတ်လိုက်သည်။
"အဲ့လိုမဟုတ်ဘူးကွ...မင်းလို့ကြားကြားချင်းပဲ ချက်ချင်း ငါ့အဆက်အသွယ်​တွေနဲ့ ညှိနှိုင်းလိုက်တာ..."

ယဲ့ဇယ်ရှစ် ပြုံးလိုက်သည်။

ရင်းနှီး​နေသည့်ဒါရိုက်တစ်​ယောက်နှင့် ရိုက်ကူးရသည်က ဝမ်းသာစရာပင်။ နံနက်ခင်းတစ်ခုလုံးရိုက်ကူးပြီးသွားပြီး​​​နောက် နှစ်ဖက်လုံး​ အလွန်ကျေနပ်သွားခဲ့ကြသည်။

မွန်းတည့်ချိန်မှသာ ယဲ့ဇယ်ရှစ်၏အ​ခြေအ​​နေက တစ်ခုခုမှား​နေသည်ကို ဒါရိုက်တာယန်က သတိထားမိသွားသည်။

အဓိကဖြစ်​နေသည်မှာမူ ​အောက်ပါအတိုင်းပင် ဖြစ်၏။ သုံးမိနစ်က​နေ ငါးမိနစ်တိုင်းတွင် သူက ​ကောင်းရှူကို သူ့ဖုန်းအ​ကြောင်း​ မေး​လိမ့်မည်ဖြစ်သည်။ သို့သော် ​ကောင်းရှူက ဖုန်းကို သူ့အား​​ပေးလိုက်သည့်အခါတွင်မူ သူက တစ်ချက်ကြည့်ပြီး​နောက် ကောင်းရှူကို ပြန်​ပေးလိမ့်မည်သာ ဖြစ်သည်။

အနားယူပြီး​​နောက် ယဲ့ဇယ်ရှစ်က ဆိုဖာ​ပေါ်တွင် လှဲ​နေပြီး သူ့ဖုန်းကိုလည်း ကြည့်​နေခဲ့သည်။ သို့​သော် သူ Wechat ကိုနှိပ်ပြီး​​နောက် အမြဲ အလျင်အမြန်ပင် ထွက်သွားခဲ့သည်။ ​နောက်ဆုံးစက္ကန့်တွင် သူက ဖုန်းကို ​လော့ခ်ဖွင့်လိုက်ကာ ​​နောက်တစ်စက္ကန့်မှာပင် ဖုန်းကို ထပ်ပိတ်လိုက်​ပြန်၏။

ဤသို့ ထပ်ခါတလဲလဲ လုပ်ပြီး​​နောက်တွင် အကြိမ်ပိုများလာသည့်အခါ ​ကောင်းရှူက တစ်ခုခုမှား​နေသည်ကို ခံစားလိုက်ရသည်။

ဒါရိုက်တာယန်လည်း ​ရောက်လာကာ ​​မေးလိုက်သည်။
"ဘာကိစ္စရှိလို့လဲ...သူ့ကြည့်ရတာ အာရုံများများ​နေသလိုပဲ..."

​ကောင်းရှူ တည်ကြည်​လေးနက်စွာ ​ခေါင်းညိတ်လိုက်ပြီး ဒါရိုက်တာယန်ကို​ ပြောလိုက်သည်။
"ကျွန်​တော် ​မေးကြည့်လိုက်ပါ့မယ်..."

​ကောင်းရှူ ​လျှောက်မသွားမီမှာပင် သူ့နံ​ဘေးရှိ ဝန်ထမ်းက နား​ထောင်ပြီး အပြုံးတစ်ခုနှင့်​ပြောလိုက်သည်။
"ယဲ့​လောင်ရှီး ကြည့်ရတာ ချစ်မိ​နေပြီး သူ့ချစ်သူက သူ့ကိုစာပို့မှာက်ို စောင့်​နေတဲ့ သူနဲ့တူတယ်..."

​​​ကောင်းရှူနှင့် ဒါရိုက်တာယန်က သူမအား တစ်ချိန်တည်းမှာပင် လှည့်ကြည့်လိုက်ကြသည်။

ဝန်ထမ်းက တန့်သွားပြီးမှ သူမတစ်ခုခုအမှား​ ပြောလိုက်မိသည်ကို သ​ဘော​ပေါက်သွားကာ သူမကိုယ်သူမ ​ဟဒါသတကြီး ဆူပူလိုက်ပြီးမှ သူမလက်များကို လျင်မြန်စွာ ယမ်းပြလိုက်သည်။
"ကျွန်မက ​နောက်​တာပါ..."

​ကောင်းရှူနှင့် ဒါရိုက်တာယန်က တစ်ချိန်တည်းမှာပင် ​လေး​​လေးနက်နက် ​​​တွေးမိလိုက်သည်။

​နောက်တာလား...

​ကောင်းရှူ တိတ်ဆိတ်သွားသည်။

ဒါရိုက်တာယန်လည်း စတင်ပြီး သူ့ကိုယ်သူ ​​တွေး​တောလိုက်သည်။

ဝန်ထမ်းက လူနှစ်​ယောက်၏ တည်ကြည်​လေးနက်​နေသည့် အမူအရာကို မြင်လိုက်ချိန်တွင် ပျာယာခတ်သွား​သည်။

ငါတော့ အမှားတစ်ခုခု ပြောလိုက်မိပြီထင်တယ်...

သူမ အချိန်အကြာကြီး အနားမ​နေရဲ​​တော့ဘဲ တစ်ခုခုကို အ​ကြောင်းပြကာ အ​ဝေးကိုလစ်ထွက်သွား​တော့သည်။

ဝန်ထမ်း အ​ဝေးကို ​လျှောက်သွားချိန်တွင် ဒါရိုက်တာယန်က ​ကောင်းရှူအား တစ်ချက်ကြည့်ကာ နူးညံ့စွာ ​ပြောလိုက်သည်။
"ကြည့်ရတာ အဲ့လိုပုံ​ပေါက်​နေတာပဲ...မင်းစိုးရိမ်ရင်လည်း ရှင်းသွား​​အောင် ​နောက်မှ သူ့ကို​မေးကြည့်လိုက်​​​ပေါ့..."

​ကောင်းရှူ၏အမူအရာက အလွန်အမင်းကို ​လေးနက်တည်ကြည်​နေကာ ​ခေါင်းခါပြီး ​ပြောလိုက်သည်။
"မဟုတ်ဘူး သူ မမှားဘူး..."

ဝန်ထမ်းဆီက ထိုကဲ့သို့ အမှတ်ရ​စေသည့် စကားကြားပြီး​​နောက်တွင် ​နောက်ဆုံး၌ ​ကောင်းရှူ သတိရလိုက်သည်။

လွန်ခဲ့တဲ့နှစ်ရက်က ယဲ့ဇယ်ရှစ် အနည်းငယ် ထူးဆန်း​နေသည်ဟု သူ​​တွေးမိခဲ့သည်မှာ အံ့သြစရာမရှိ​တော့​ပေ။ သို့​သော်ငြား မည်သည်က ထူးဆန်း​နေသည်မှန်း သူသတိမထားမိခဲ့​ချေ။

ထိုစာရွက်​လေးလည်း ရှိ​​ပေ​သေးသည်။ ယဲ့ဇယ်ရှစ်က သူ့အား အထူးတလည် ဖုန်း​ခေါ်ပြီး ၎င်းက ပရိသတ်တစ်​ယောက်က ​ပေးခဲ့ခြင်းမဟုတ်ဟုလည်း ​ပြောခဲ့​​သေး၏။

ထိုအချိန်က ​ကောင်းရှူ မသင်္ကာဖြစ်ကာ အနည်းငယ်မျှပင် သံသယဝင်လိုက်မိ​သေး၏။

အဲဒါကို အခုပြန်​တွေးကြည့်ရင် အဲ့အချိန်တုန်းက ငါ့သံသယက လုံးဝမမှားဘူးပဲ...

သခင်လေးက ချစ်မိ​နေတာပဲဖြစ်ရမယ်...

ဒါရိုက်တာယန်က ​‌ဖျောင်းဖျလိုက်သည်။
"​ပြောရရင်လည်း လူငယ်​တွေအတွက် ချစ်မိ​​နေပြီဆိုတာက ပုံမှန်ပါပဲကွာ...ဇယ်ရှစ် ဘာ​ပြော..."

"အဆင်​ပြေပါတယ် ဒါရိုက်တာယန်..."
​ကောင်းရှူ ဒါရိုက်တာယန် စကားကို ဖြတ်​ပြောလိုက်သည်။
"ဒါရိုက်တာယန် ဘာကို ဆိုလိုတာလဲဆိုတာ ကျွန်​​တော် သိပါတယ်...ဒီလိုကိစ္စမျိုးကို ကျွန်​​တော် ​သေချာ​ပေါက် ဝင်စွက်ဖက်မှာ မဟုတ်ပါဘူး...ဒါ​ပေမဲ့လည်း သခင်​လေးကို ကျွန်​​တော် စကား​ပြောဖို့​တော့ လို​​နေသေးတယ်..."

​ကောင်းရှူ ​ပြောသည်ကိုကြားပြီး ဒါရိုက်တာယန်လည်း စိတ်သက်သာရာရကာ ​ခေါင်းညိတ်လိုက်သည်။ အနားယူချိန်က ကုန်ဆုံးခါနီး​နေသည်ကို သူမြင်ချိန်တွင် ဝန်ထမ်းများအား ​နောက်ရိုက်ကူး​ရေးအတွက် ပြင်ဆင်ကြရန် အသိ​ပေးလိုက်သည်။

ထိုအချိန်မှာပင် ယဲ့ဇယ်ရှစ် က နောက်ဆုံးတွင် ဟယ့်ကျင်းယွင်ထံမှ မက်ဆေ့ချ်တစ်​စောင်ကို ရလိုက်ပြီး သူ၏စိုးရိမ်ပူပန်မှုများနှင့် စိတ်အ​နှောင့်အယှက် ဖြစ်မှုများက ရုတ်ချည်းဆိုသလို ​ပျောက်ကွယ်သွားခဲ့သည်။

ယဲ့ဇယ်ရှစ် ဟယ့်ကျင်းယွင်ကို သူ ရှုတင်ရိုက်စရာရှိ​သေးသည်ဟု ​ပြောလိုက်ပြီး​နောက် ဖုန်းကိုချကာ တစ်စက္ကန့်အတွင်းပင် အလုပ်ထဲသို့ စိတ်ကို ပြန်သွင်းလိုက်သည်။

မျက်နှာတစ်ပြင်လုံးက အ​ကောင်းမြင်စိတ်များ စိတ်ကြည်သာ​နေမှုများဖြင့် ပြည့်ဝ​နေပြီး ဒါရိုက်တာယန်အား ပုံများ မြန်မြန်ရိုက်​ပေးရန် ​ပြောမိလုနီးပါးပင်ဖြစ်သွားရသည်။ ဓာတ်ပုံရိုက်သည့် အခန်းကဏ္ဍပြီးသွားပြီး​နောက် ဟယ့်ကျင်းယွင်ထံ မက်​​​ဆေ့ချ်များပို့​​တော့မည် ဖြစ်သည်။

ယဲ့ဇယ်ရှစ်၏ ထိုကဲ့သို့ သိသာထင်ရှားလှသည့်​ပြောင်းလဲမှုများကို ​သဘာဝကျစွာပင် ကောင်းရှူနှင့် ဒါရိုက်တာယန်က မြင်​ပေသည်။

ဒါရိုက်တာယန်က ယဲ့ဇယ်ရှစ်အား အမှန်တကယ်ပင် သ​ဘောကျ​ပေသည်။ ထ်ို့ကြောင့် လိုအပ်သည့် အ​ကြောင်းအရာအားလုံး ​ရိုက်ကူးပြီးစီးသွားသည့်​​နောက်တွင် မူလက အပိုင်းအနည်းငယ် ပိုမိုရိုက်ကူးရန် စီစဥ်ထားခဲ့သည်။ သို့သော်ငြား ၎င်းတို့ကို ရိုက်မည့်အစား ယဲ့ဇယ်ရှစ်အား သွားခွင့်ပြုလိုက်သည်။

​သေချာ​ပေါက်ပင် အလုပ်​စော​​စော ပြီးသွားသည့်အတွက် ယဲ့ဇယ်ရှစ်က အလွန်​ပျော်ရွှင်​​နေခဲ့ပြီး ဓာတ်​လှေကားမှ ကားပါကင်ထံသွားသည့် လမ်းတစ်​လျှောက်တွင် ဟယ့်ကျင်းယွင်နှင့် မက်​​​​ဆေ့ချ်များပင် အပြန်အလှန် ပို့​နေလိုက်​သေးသည်။

ယဲ့ဇယ်ရှစ် နာနီကားထဲသို့ မဝင်မီအထိ ဤအရာအားလုံးကို ​ကောင်းရှူက တိတ်တဆိတ်​ စောင့်ကြည့်​နေခဲ့ပြီး ​ပြောလိုက်သည်။
"သခင်​လေး ချစ်မိ​နေပြီလား..."

ဟယ့်ကျင်းယွင်က ယ​နေ့သူချက်ထားသည့် ငါးကြော်ပုံကို ပို့ထားကာ ယဲ့ဇယ်ရှစ် ၎င်းကို ​လောဘတကြီးကြည့်​နေခဲ့သည်။​​ ​ကောင်းရှူ၏စကားများကို ကြားလိုက်ချိန်တွင် သူ့လက်များ တုန်ယင်သွားခဲ့သည်။ မူလက သူ သွားရည်ယို​နေသည့် emoji ပို့ချင်ခဲ့​သော်လည်း လက်တုန်သွားသည့်အတွက် "ငါမင်းကို ​သေသွား​အောင် တူနဲ့ ထုပစ်မယ်" ကို မ​တော်တဆ နှိပ်လိုက်မိသွား၏။

ယဲ့ဇယ်ရှစ် မျက်ခုံးများ မြင့်တက်သွားကာ အလျင်အမြန် မက်ဆေ့ချ်ကို ပြန်ဖျက်လိုက်သည်။

"ဘာလို့ အဲ့လို​ပြောရတာလဲ..."
ယဲ့ဇယ်ရှစ် ​ကောင်းရှူကို တစ်ချက်ကြည့်ကာ ​တွေးပင်မ​တွေးဘဲ ငြင်းလိုက်သည်။
"အဲ့လိုမျိုးကိစ္စ မရှိပါဘူး..."

သို့​သော် ယဲ့ဇယ်ရှစ် မက်​ဆေ့ချ်ပြန်ဖျက်သည့် အချိန်က ​နှေးလွန်းနေသေးကာ ဟယ့်ကျင်းယွင်က ၎င်းကိုမြင်သွား​လေ၏။

အမျိုးသားက ??? သုံးခုနှင့် ပြန်​ဖြေလိုက်သည်။

ယဲ့ဇယ်ရှစ် စာရိုက်လိုက်သည်။
"ကျွန်​​တော် လက်​ချော်ပြီး မှားပို့လိုက်တာ..."

စာပို့ပြီး​နောက် သားရည်ယို​​နေသည့် emoji ကို ထပ်​တွေ့သွားပြီး ပို့လိုက်သည်။

ဟယ့်ကျင်းယွင် : "လွန်သွားပြီ..."

ယဲ့ဇယ်ရှစ် : "?"

ဟယ့်ကျင်းယွင် : "ကိုယ်မင်း​ကြောင့် နာကျင်သွားပြီ...အခုမှ ပြန်ဖျက်လည်း အသုံးမဝင်​တော့ဘူး..."

ယဲ့ဇယ်ရှစ် နှုတ်ခမ်း​ကော့တက်သွားသည်။

ဘာလို့ဒီလူက အဲ့​လောက် ချစ်ဖို့​ကောင်း​နေရတာတုန်း...

​ကောင်းရှူ ယဲ့ဇယ်ရှစ်ကို ပိုမိုရှုပ်​ထွေးနက်နဲသည့်အမူအရာနှင့် ကြည့်လိုက်သည်။

သူ​ ဝတ်​ကျေတမ်း​ကျေ ​ပြော​နေတာပဲ...

​ကောင်းရှူ လည်​ချောင်း ရှင်းလိုက်သည်။
"သခင်လေး ကျွန်တော့်ကို လိမ်စရာမလိုပါဘူး...ကျွန်​​​တော် အကုန်သိပါတယ်..."

ယဲ့ဇယ်ရှစ်၏ စာရိုက်​နေသည့် လက်​​ချောင်းများက ရပ်သွားပြီး ​ကောင်းရှူကို အံ့အားသင့်စွာ ကြည့်လိုက်သည်။
"ဘာကို သိတာလဲ..."

"သခင်​လေး ချစ်​မိနေပြီဆိုတာ ကျွန်​တော် သိတယ်..."
​ကောင်းရှူ တည်ငြိမ်​လေးနက်စွာ ​ပြောလိုက်သည်။
"တစ်ဖက်လူက ဘယ်သူလဲဆိုတာ​တော့ အခု ကျွန်​​တော် မသိ​ပေမဲ့ သခင်​လေး ​သေချာ​ပေါက် ချစ်​နေပြီ...ဒါ​တော့ ကျွန်​တော် ​သေချာတယ်..."

ယဲ့ဇယ်ရှစ် : "..."

ငါ ဘယ်လိုပြန်​ဖြေလိုက်သင့်လဲ...

ငါအခု ​မချစ်​​သေးဘူးဆို​ပေမယ့်လည်း မကြာခင် ချစ်​​တော့မှာပဲ​လေ...

သို့​သော် ယဲ့ဇယ်ရှစ်က ၎င်းကို ဝန်မခံနိုင်ပေ။

"မဟုတ်ပါဘူး...တကယ် မဟုတ်ဘူး..."
ယဲ့ဇယ်ရှစ် မျက်နှာထားတင်းတင်းဖြင့် ​ပြောလိုက်သည်။

​ယဲ့ဇယ်ရှစ် သူ့အား အမှန်​ပြောပြလိမ့်မည် မဟုတ်သည်ကို ​ကောင်းရှူ သိ​ပေသည်။ သူ သက်ပြင်းဖျော့​ဖျော့ချကာ ​ပြောလိုက်သည်။
"သခင်​လေး ကျွန်​​​တော့်ကို နားလည်မှုလွဲ​နေတာ​နေမှာ ကျွန်​​​​တော် သခင်​လေး ချစ်​နေတာကို တားဖို့ရည်ရွယ်ချက် မရှိပါဘူး..."

တစ်စက္ကန့်ရပ်သွားပြီးမှ ​ကောင်းရှူ ဆက်​ပြောလိုက်သည်။
"သခင်​လေး အချစ်​ရေးကို တည်​​ဆောက်ပြီးသွားရင် ကျွန်​​​တော့်ကို ​ပြောပြဖို့ပဲ ​မျှော်လင့်တာပါ...အဲ့ဒါမှ ​​နောက်ပိုင်း သခင်​​လေးရဲ့ အချစ်​ရေးအ​ကြောင်း ​ဖော်ထုတ်ခံလိုက်ရရင်​ လူထုနဲ့ပတ်သတ်ပြီး ကျွန်​​တော်တို့ မဆိုင်းမတွ ချက်ချင်း ကိုင်တွယ်ဖို့ ပြင်ဆင်နိုင်မှာမလို့ပါ..."

ယဲ့ဇယ်ရှစ် ​ခေါင်းညိတ်လိုက်သည်။

​ကောင်းရှူ သူ့အား တားလိမ့်မည် မဟုတ်သည်ကို သူ​သေချာပေါက် သိ​ပေသည်။ သို့သော် ​​​ကောင်းရှူက သူ့အား တားချင်လျှင်ပင်​ အခြားဖက်ကလူကိုမူ တားနိုင်လိမ့်မည် မဟုတ်သည်ကို သူ​ခြေလှမ်း​ပေါင်းတစ်​​သောင်း ​နောက်ဆုတ်ပြီးပင် ​ပြောနိုင်​ပေ၏။

သို့​သော် ပြဿနာက သူ ယခု အမှန်တကယ်ကြီးကို ဟယ့်ကျင်းယွင်နှင့် ချစ်သူဆက်ဆံ​ရေး မဖြစ်သေး​ပေ။

ငါ အဲ့ဒါကို ဘယ်လို​ပြောရမလဲ...

သူ ထိုသည်ကို​တွေးပြီး ယခု​​​လော​လောဆယ် ဖုန်းကိုချလိုက်ကာ ​အေး​​တေးတည်ငြိမ်စွာ ​​ပြောလိုက်သည်။
"အ​တွင်း​ရေးမှူး​ကောင်း ဘာကိုဆိုလိုတာလဲ ဆိုတာကို ကျွန်​​တော် နားလည်ပါတယ်...ဒါ​ပေမဲ့ ကျွန်​တော် တကယ်ကို မချစ်​သေးတာပါ..."

​ကောင်းရှူ မျက်​မှောင်ကြုတ်လိုက်သည်။
"တကယ် မဟုတ်ဘူး​ပေါ့..."

ယဲ့ဇယ်ရှစ် ဖုန်းက ထပ်ပြီးတုန်ခါလာကာ ဟယ့်ကျင်းယွင်ထံက မက်​​​ဆေ့ချ်ကို တစ်ချက်ကြည့်လိုက်သည်။

ဟယ့်ကျင်းယွင် : "အနာသက်သာ​အောင် ​သေချာ​ပေါက် မင်း​လေမှုတ်​ပေးရမယ်​နော်..."

ယဲ့ဇယ်ရှစ်၏မျက်နှာက ရုတ်ခြည်းပင် အနည်းငယ် ပူတက်လာခဲ့​လေ၏။

ဟယ့်ကျင်းယွင် ဒီ​လောက်က​လေးဆန်မှန်း အရင်တုန်းက ငါဘာလို့မ​​သိခဲ့ရတာတုန်း...

"တကယ် မဟုတ်ပါဘူးဆို..."
ယဲ့ဇယ်ရှစ် အသက်ပြင်းပြင်းတစ်ချက် ရှုလိုက်သည်။ တစ်ခဏတန့်သွားပြီးမှ ထပ်​ပေါင်း​ပြောလိုက်​လေ၏။
"ဒါ​ပေမဲ့ သိပ်​တော့မကြာ​လောက်တော့ဘူး..."

​ကောင်းရှူက 'ထင်ထားတဲ့အတိုင်းပဲ' ဟူ​သော မျက်နှာအမူအရာကို ပြလိုက်သည်။

သို့​သော် ​ကောင်းရှူအတွက် ယဲ့ဇယ်ရှစ်က တစ်စိတ်တစ်ပိုင်းကိုသာ ပြောပြရန် ဆန္ဒရှိ​​​ပေ၏။ ဤအ​ခြေအ​နေကိုချိုးဖျက်ပြီး သူ ထပ်​မေးလိမ့်မည် မဟုတ်​​ပေ။

ထို့​ကြောင့် ​ကောင်းရှူ ​ပြောလိုက်သည်။
"ဒီကိစ္စမှာ တကယ်လို့ သခင်လေးဘက်က အ​ခြေအ​နေတိုးတက်မှု တစ်ခုခုများ ရှိခဲ့ရင် ကျွန်​တော့်ကို နည်းနည်းလောက်ဖြစ်ဖြစ် အသိ​ပေးလို့ရမလား..."

ယဲ့ဇယ်ရှစ်က ဟယ့်ကျင်းယွင်၏မက်​​​​ဆေ့ချ်ကို စာပြန်နေခြင်းဖြစ်ပြီး ​ဤသည်ကို ကြားလိုက်ချိန် တုံ့ဆိုင်း​မ​နေဘဲ ​​ခေါင်းညိတ်လိုက်သည်။

"​ကောင်းပါပြီ စိတ်မပူပါနဲ့ အတွင်း​ရေးမှူး​ကောင်း..."
ယဲ့ဇယ်ရှစ် ​ပြောလိုက်သည်။

​​ကောင်းရှူ စိတ်သက်သာရာရစွာ သက်ပြင်းသာချလိုက်ကာ အနာဂတ်ခရီးစဥ်နှင့် ပတ်သက်သည်ကို ယဲ့ဇယ်ရှစ်အား အကြမ်းဖျင်း ​ပြောလိုက်သည်။

ယဲ့ဇယ်ရှစ်မှာမူ ဟယ့်ကျင်းယွင်နှင့် မက်​​ဆေ့ချ် အပြန်အလှန် ပို့ရသည်နှင့် အလွန်အလုပ်များ​​နေခဲ့သည်။ ထို့ကြောင့် သူ သာမာန်​အကြံဥာဏ်တစ်ခုသာ မှတ်မိလိုက်၏။

​နောက်တစ်​နေ့ ကားထဲဝင်ပြီး ​​လေဆိပ်သို့ မသွားမီအထိ သူအနည်းငယ် ရှုပ်ထွေး​နေဆဲပင်။

"ဒီတစ်​​ခေါက် ရှူတင်ချိန်က အဲ့​လောက်​​တောင်စောတာလား..."
ယဲ့ဇယ်ရှစ် မျက်​မှောင်ကြုတ်လိုက်သည်။

​ကောင်းရှူ ​ခေါင်းညိတ်လိုက်သည်။
"ကျွန်​​တော် သခင်​လေးကို မ​နေ့ညက ​ပြောခဲ့တယ်​လေ...ဟယ့်​လောင်ရှီးက အဲ့မှာမရှိ​​တော့ သခင်​လေးနဲ့လည်း ရင်းနှီးပြီသား အသိအကျွမ်းတစ်​ယောက်ဖြစ်တဲ့ ရှန်ဇယ်ယ်ွီက သူ့​နေ့ရာကို ယူလိမ့်မယ်လို့..."

ယဲ့ဇယ်ရှစ် : "..."

ငါ မ​နေ့ညတုန်းက တကယ်ကို လုံးဝ နားမ​ထောင်ခဲ့မိဘူး...


🎶🎶🎶