အပိုင်း ၁၉
Viewers 10k


Chapter19



လွန်ခဲ့သော လေးရက်က

ဗျူရိုမှ အမှုအသစ်တစ်ခုကို စတင်စုံစမ်းခဲ့သည်။

လူပျောက်မှုတစ်ခုနှင့် ခပ်ဆင်ဆင်တူသော်လည်း အရေခွံခွာသည့်မိန်းကလေးနှင့်တော့ မတူပေ။

ယခုတစ်ကြိမ်တွင် ကျူးလွန်ခံရသူများမှာ တူညီခြင်းမရှိပေ။ သက်ကြီးရွယ်အိုများအပြင် အမျိုးသားများနှင့် အမျိုးသမီးများပင် ပါသည်။ သူတို့အားလုံးသည် သဲလွန်စမရှိဘဲ ညတွင်းချင်း ပျောက်ကွယ်သွားကြပြီး ဗလာကျင်းနေသည့်အခန်းတစ်ခုသာ ကျန်ခဲ့ကာ တံခါးများ သို့မဟုတ် ပြတင်းပေါက်များ ထိခိုက်ပျက်စီးသည့် အရိပ်အယောင်လည်း မတွေ့ရပေ။ လေထဲတွင် ပျောက်ကွယ်သွားသကဲ့သို့ပင်။ အာဏာပိုင်များက ကနဦးတွင် အဆိုပါအမှုကို ဆက်စပ်တွေးနိုင်ခြင်း မရှိသော်လည်း တစ်နေ့တွင် လျစ်လျူရှုထားသော သဲလွန်စတစ်ခုမှာ သူတို့၏ မြင်ကွင်းထဲသို့ ဝင်ရောက်လာခဲ့သည်။

ပျောက်ဆုံးနေသူများ၏ နေအိမ်များတွင် ထူးဆန်းသော ခြေရာအချို့ကို အမြဲတွေ့ရသည်။

မှောင်မဲပြီး ဆွေးမြေ့နေသောသစ်သားများ၊ အခန်း၏အမှောင်ထောင့်များတွင် တွယ်တက်ထားသော မှတ်အသားများအပြင် မြေပြင်ပေါ်တွင် အင်းဆက်ဥများ ပြန့်ကျဲနေသည့် လက္ခဏာများကိုလည်း တွေ့ရသည်။

ရက်အတော်ကြာ ကျယ်ကျယ်ပြန့်ပြန့် စုံစမ်းစစ်ဆေးပြီးနောက် အာဏာပိုင်များက ၎င်းတို့၏ နောက်ဆုံးမျှော်လင့်ချက်ဖြစ်သည့် သဘာဝလွန်ဆိုင်ရာကိစ္စရပ်များ စုံစမ်းစစ်ဆေးရေးနှင့် စီမံခန့်ခွဲမှုဗျူရိုကို ဆက်သွယ်ခဲ့သည်။

ထို့အပြင် ကျောက်သုန်ကလည်း ကူညီရန်စေလွှတ်ခံရသည့် ကံဆိုးသူတစ်ဦးပင်။

“…ငါလည်း မှုခင်းနေရာဆီ ပစ္စည်းကိရိယာတွေ ယူသွားခဲ့တယ် အကုန်လုံး သန့်ရှင်းသပ်ရပ်ပြီး ဘာမှထူးခြားပုံမပေါ်ဘူး” 

ကျောက်သုန်က ဖြည်းညှင်းစွာပြောသည်။

"ဒါပေမယ့် အဲ့ဟာတွေ အနားကိုရောက်တာနဲ့ အချိန်မှတ်စက်က အရူးလို  စမြည်တော့တာပဲ အရင်က ဒီလောက်မြင့်မြင့်မားမား ဖတ်တာကို တစ်ခါမှမတွေ့ဖူးဘူး အစတုန်းကတော့ စက်ပစ္စည်းနဲ့ ပတ်သက်ပြီး ပြဿနာရှိနေတယ်လို့ ထင်ခဲ့ပေမယ့် အဲ့ဒါကို အချိန်ပြောင်းမှတ်ပြီးတဲ့အခါမှာတောင် အဲ့ဒီအတိုင်းပဲ ရှိနေဆဲပဲ''

“ ငါ အမြန်ဆုံး အစီရင်ခံလိုက်တာပဲ၊ အထက်ကလူတွေက ဒီကိစ္စက အရမ်းစိုးရိမ်စရာ ကောင်းတဲ့အတွက် မြန်မြန်ဖြေရှင်းပေးဖို့ တယောက်ယောက်ကို လွှတ်လိုက်မယ်လို့ ပြောတယ်…”

ချန်စဲကျစ်က ငေးကြောင်နေသော မျက်နှာဖြင့် မေးလိုက်သည်။

"ဒါဆိုရင် ဘာဖြစ်သွားတာလဲ''

ကျောက်သုန်က ခါးသက်စွာပြုံးလိုက်ပြီး ''ဘာမှမဖြစ်ဘူး''

ဤသည်မှာ အရှုပ်ဆုံး အပိုင်းဖြစ်သည်။

တာဝန်ယူထားသည့်ညတွင် ကျောက်သုန်က ပုံမှန်အတိုင်း အနားယူရန် အိမ်ပြန်ခဲ့သည်။

ညသန်းခေါင်တွင် ခြေကျင်းဝတ်မှ ယားယံသော ဝေဒနာကြောင့် အိပ်ရာနိုးလာသည်။ အိပ်ငိုက်နေသေးသော အနေအထားတွင် ကုတ်ခြစ်နေရင်း ပျော့ပျောင်းပြီး ဖောင်းကြွနေသော အရာတစ်ခုကို ခံစားလိုက်ရသည်။သူ၏ အရေပြားအောက်တွင် တစ်စုံတစ်ခုက လူးလွန့်နေသကဲ့သို့ပင်။

ကျောက်သုန် ရုတ်တရက် နိုးကြားသွားပြီး မီးကို အမြန် ဖွင့် လိုက် သည် ။ သူ့ခြေကျင်းဝတ်မှာ ယခင်ကလို မဟုတ်တော့ကြောင်း သူတွေ့ရှိခဲ့ပြီး ထိတ်လန့်သွားသည်။

ချန်စဲကျစ်သည် မျက်နှာပေါ်တွင် ထိတ်လန့်နေသောအမူအရာဖြင့် ကျောက်သုန်ပြန်ပြောပြနေသည့် ဖြစ်ပျက်ခဲ့သမျှကို နားထောင်နေခဲ့သည်။ သူအလွန် ကြောက်ရွံသွားပြီး သူ့မျက်နှာက ဖြူဖပ်ဖြူရော်ဖြစ်နေကာ

" ဒါ...ဒါဆို ငါတို့ ဘာလုပ်ကြမလဲ မင်းသူတို့ကို မင်းခန္ဓာကိုယ်ထဲက ထွက်သွားအောင် မလုပ်နိုင်ဘူးလား"

“အထက်က လူကြီးတွေကို ဆက်သွယ်ပြီးပြီ သူတို့က အေအဆင့် တိုက်ခိုက်ရေးအဖွဲ့ကို စေလွှတ်လိုက်ပြီး နောက်နှစ်ရက်အတွင်း ဒီကိုရောက်လိမ့်မယ် ”

ကျောက်သုန်က သက်ပြင်းချလိုက်ပြီး

"ဟား၊ ဒါကို သူတို့ ဖြေရှင်းနိုင်လိမ့်မယ်လို့ မျှော်လင့်ရတာပဲ...''

ဘေးတွင်ရပ်နေသော ယဲ့ကျားက တစ်ချိန်လုံး ဝင်မနှောင့်ယှက်ပေ။ နှစ်ယောက်ကြား စကားပြောသည်ကို လုံးဝ ဂရုမစိုက်သကဲ့သို့ပင်။သူ့အကြည့်က ကျောက်သုန်၏ ကြောက်မက်ဖွယ်ကောင်းသော ခြေထောက်တစ်စုံပေါ်သို့ ရောက်နေပြီး သူ့မျက်လုံးများက အနည်းငယ် နိမ့်သွားသည်။ သူ့အမူအရာက မကြုံစဖူး လေးနက်နေသည်။

အမှန်ပင်။ ဤအရာက မည်သည့်အရာဆိုသည်ကို သူသိနေသည်။

ဂိမ်းထဲတွင်ပင် ဤအရာက ကိုင်တွယ်ရ အခက်ခဲဆုံးနှင့် ကြောက်စရာအကောင်းဆုံး မကောင်းဆိုးဝါးတစ်ကောင်ဖြစ်သည်။

တစ္ဆေမျက်နှာပင့်ကူ

ထိုအရာက ၄င်းတို့ထဲမှ အနည်းဆုံး အကောင်တစ်ထောင်အထိ အုပ်စုဖွဲ့ကာ သွားလာရခြင်းကို နှစ်သက်သော ကြောက်မက်ဖွယ်ကောင်းပြီး ဆိုးရွားသော သတ္တဝါဖြစ်သည်။ ၎င်းတို့က လူသားများကို ပြန်ပေးဆွဲကာ ဘုရင်မအတွက် အစာ သို့မဟုတ် ဥများအတွက်အငှားခန္ဓာအဖြစ် အသုံးပြုရန် ၎င်းတို့၏ အသိုက်သို့ ပြန်လည်သယ်ဆောင်သွားကြမည်ဖြစ်သည်။

မျိုးပွားသည့်အဆင့်တွင် ဘုရင်မက ဂရုတစိုက်ရွေးချယ်ပြီး ကျန်းမာသောလူ့ခန္ဓာကိုယ်တွင်သာ ဥများဥလေ့ရှိသော်လည်း သာမန်ပင့်ကူစစ်သားများကမူ ဇီဇာမကြောင်ဘဲ ၎င်းတို့သွားလေရာ၌ ဥများကို ချန်ထားခဲ့မည်ဖြစ်သည်။ ယင်းဥများသည် တစ်ပတ်အထိ ပေါက်ဖွားရန် စောင့်ဆိုင်းသည့်အဆင့်တွင် အနီးနားရှိ လူသားလက်ခံကောင်အား လိုက်ရှာကြမည်ဖြစ်သည်။ထို့နောက်တွင် ၎င်းတို့သည် လူ့ခန္ဓာကိုယ်အတွင်း၌ ကြီးထွားလာပြီး အတွင်းမှနေ၍ လက်ခံကောင်ကို ဖြည်းညှင်းစွာ စားသောက်ကြသည်။

ဂိမ်းထဲတွင် ဘုရင်မတစ်ကောင်တည်းကပင်လျှင် အနည်းဆုံး B+ သို့မဟုတ် ထို့ထက်ပိုပြီး မဟုတ်ပါက A+ အဆင့်ရှိ မကောင်းဆိုးဝါးဖြစ်နေနိုင်သည်။

ယင်းအသိုက်တစ်ခုလုံးသည် S-Level နီးပါး ခက်ခဲနေပေလိမ့်မည်။

၎င်းတို့သည် အလွန်လျင်မြန်စွာ မျိုးပွားနိုင်ပြီး ရက်သတ္တပတ်အနည်းငယ်အတွင်း တစ်မြို့လုံးကို စားပစ်နိုင်သည်။

ပို၍ကြောက်စရာကောင်းသည်မှာ လူတစ်ဦးအနေဖြင့် ၎င်းတို့၏ဥများ ဝင်ရောက်ကပ်တွယ်ခံရပါက ယင်းသားလောင်းများကို နှိုးဆွနိုင်ပြီး ရလဒ်အနေဖြင့် လက်ခံကောင်၏သေဆုံးမှုက ပိုမြန်သွားနိုင်သောကြောင့် သာမာန်နည်းလမ်းဖြင့် ဥများကို အတင်းအဓမ္မ ဖယ်ရှားခြင်းမပြုနိုင်ခြင်းဖြစ်သည်။

ဘုရင်မ၏ အစာအိမ်မှ လျှို့ဝှက်ချက်များကို အသုံးပြု၍ သားလောင်းများကို ဆွဲဆောင်ကာ ဖယ်ရှားခြင်းအပြင် အခြားရွေးချယ်စရာ မရှိပေ။

ဤသည်မှာ သေချာပေါက်ပင် ပြသနာကြီးတစ်ခုဖြစ်သည်။

ထို့အပြင် သူက စေလွှတ်ထားသော တိုက်ခိုက်ရေး အဖွဲ့အပေါ်တွင် မျှော်လင့်ချက်ထား၍မရပေ။ ဤသတ္တဝါများ၏ အလေ့အထကို သူတို့ လုံးဝနားမလည်သောကြောင့်ပင်။ ဆန့်ကျင်ဘက်အနေနှင့် ၎င်းတို့၏ ဝင်ရောက်စွက်ဖက်မှုကြောင့် အခြေအနေမှာ ပို၍ပင် ထိန်းမနိုင်သိမ်းမရ ဖြစ်လာနိုင်သည်။

ယဲ့ကျားက သီးသန့်လူနာခန်းထဲတွင် အိပ်နေသော ကျောက်သုန်ကို တစ်ချက်ကြည့်လိုက်သည်။ သူက ရင်တွင်း၌ သက်ပြင်းချမိသည်။

မေ့လိုက်ပါတော့။

သူက အလုပ်စောစောပြီးဖို့ရာ ရဲဘော်အားလုံး၏နောက်မှ ကူညီပေးတတ်သူ ဖြစ်သကဲ့သို့ အလုပ်ခွဲဝေရာတွင်လည်း ငြီးငြူခြင်းမရှိဘဲ ကူညီတတ်သူ ဖြစ်သည်။ သူ ခရီးတိုလေးတစ်ခု ထွက်သင့်နေပြီပင်။

ဤသည်မှာ ကျွန်အဖွဲ့သားများနှင့် မဟာမိတ်ဖြစ်လာနိုင်သည်။

ဘုရင်မ၏အရည်များရရှိရန် ပထမဆုံးခြေလှမ်းမှာ ၎င်းတို့၏အသိုက်ကိုရှာဖွေရန်ဖြစ်သည်။

ယဲ့ကျားက သူ၏ တစ္ဆေပိုင်နက်ကို အသက်သွင်းပြီး ရဲစခန်းသို့ ဦးစွာသွားရောက်ကာ သူတို့၏လက်ထဲတွင် သိမ်းဆည်းထားဆဲဖြစ်သော ဥများကို ဖျက်ဆီးပြီးနောက် ပျောက်ဆုံးသွားသည့်နေရာကို အကြမ်းဖျင်းစစ်ဆေးခဲ့သည်။သူက စိတ်ထဲမှနေ၍ ယေဘူယျအားဖြင့် နားလည်နေသည်။

အသိုက်တစ်ခုလုံးတွင် ဘုရင်မမှလွဲ၍ ကျန်ပင့်ကူစစ်သားများမှာ ဉာဏ်ရည်နိမ့်ပါးသော စစ်သည်များသာဖြစ်သည်။ သူတို့က 'အသိုက်အပြင်တွင် မြက်မစားရ' ဆိုသော ဥပဒေကို မည်သည့်အခါမှ မစဉ်းစားမဆင်ခြင်ဘဲ ဆန့်ကျင်ဘက်လုပ်ရန်သာ ရွေးချယ်ကြသည်။

ယဲ့ကျား၏ အာရုံက မြေပုံပေါ်ရှိ စွန့်ပစ်ထားသော ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုပေါ်သို့ ကျရောက်သွားသည်။ သူက အကြမ်းဖျင်း ခန့်မှန်းချက်တစ်ခု ပြုလုပ်လိုက်သည်။

ဤနေရာတွင် ဖြစ်နိုင်သည်။

အောင်မြင်ရန် နောက်တဆင့်ကမူ လက်မဲလေးအတွက်ပင်ဖြစ်သည်။

ယဲ့ကျားက စွန့်ပစ်ထားသော ဆောက်လုပ်ရေးလုပ်ငန်းခွင်၏ ဝင်ပေါက်တွင် ရပ်နေသည်။ သူသည် သံလက်ကိုင်ဖြင့် အချက်ပေးစက်အား ဆုပ်ကိုင်ထားသည့် လက်မဲလေးကို ရက်စက်စွာ ဆွဲထုတ်လိုက်ပြီး

“ဒီမှာ သွားရှာလိုက်"

လက်မည်းလေးက ရူးသွပ်စွာ ရုန်းကန်ရင်း

“Ahhhhh ငါမလုပ်ချင်ဘူး တစ္ဆေမျက်နှာပင့်ကူတွေက ကြောက်စရာကောင်းလွန်းတယ်--"

ယဲ့ကျား "ဒီည မင်းကို ဖုန်းကစားခွင့်ပေးမယ်"

“…….”

လက်မဲ့လေးက ရုတ်တရက် ရဲရင့်လာသည်။

“ဟုတ်ကဲ့ပါ ဘော့စ်! ကျေးဇူးတင်ပါတယ် ဘော့စ်  ကျွန်တော်သွားပါတော့မယ် ဘော့စ်!"

မကြာမီတွင် ယင်စွမ်းအင်ကို အလွန်အကဲဆတ်သော လက်မဲလေး၏အကူအညီဖြင့် ယဲ့ကျားတစ်ယောက် အလွန်အားစိုက်ထုတ်စရာမလိုဘဲ ၎င်းတို့၏အသိုက်ထဲသို့  ဝင်သည့်အပေါက်ကို ရှာဖွေနိုင်ခဲ့သည်။

ယင်းက စွန့်ပစ်ထားသော အဆောက်အဦးတစ်ခုဖြစ်သည်။

မြို့ကို အရှိန်အဟုန်ဖြင့် ချဲ့ထွင်ပြီးနောက် မပြီးပြတ်သေးသော ပရောဂျက်တစ်ခု ဖြစ်ပုံရသည်။မြို့၏အစွန်အဖျားတွင် တည်ရှိသောကြောင့် ၎င်းကို လျစ်လျူရှူထားကြသည်မှာ အနည်းဆုံး ငါးနှစ် သို့မဟုတ် ခြောက်နှစ်ခန့် ကြာနေပုံရသည်။

မြေပြင်သည် ပေါင်းပင်များဖြင့် ပြည့်နှက်နေပြီး ညစ်ပတ်နေသော နံရံများတစ်လျှောက်တွင် လက်ဆော့၍ရေးခြစ်ထားသော စာများ ညစ်ပတ်ပြန့်ကျဲနေပြီး တံခါးရွက်မရှိသော တံခါးများနှင့် ပြတင်းပေါက်များက အဝေးမှ အုံ့မှိုင်းနေသော ကောင်းကင်ကို စိုက်ကြည့်နေသည့် အခေါင်းပေါက်များကဲ့သို့ပင်။ အဆောက်အဦးတစ်ခုလုံးကို အမှောင်စွမ်းအင်များဖြင့် ဖုံးအုပ်ထားသည်။ ၄င်းကို မြင်နိုင်စွမ်းမရှိသော သာမာန်လူများပင်လျှင် ကြောက်ရွံ့ထိတ်လန့်တုန်လှုပ်ခြင်း မရှိဘဲ မနေနိုင်ပေ။

မြေပြင်၌ အလယ်တည့်တည့်တွင် လွန်ခဲ့သည့် နှစ်ပေါင်းများစွာက ပြိုကျခဲ့သော တွင်းနက်ကြီးတစ်ခုအား တွေ့ရှိခဲ့သည်။

ယဲ့ကျားက အပေါက်ဝတွင် ရပ်ကာ အောက်သို့ငုံ့ကြည့်လိုက်သည်။

ပုပ်သိုးဆွေးမြေ့နေသော အနံ့ဆိုးများ ထွက်လာသည်။ အတွင်းမှ အသံအချို့ကိုလည်း ကြားလိုက်ရသည်။

ဒါက အဲဒါပဲ။

 "ဘယ်လိုဝင်ဖို့ စီစဉ်ထားလဲ"

လက်မဲလေးက ယဲ့ကျား၏ ပခုံးပေါ်မှ ခေါင်းပြူကြည့်ပြီး ၄င်းကို စူးစမ်းချင်စိတ်ဖြင့် မေးလိုက်သည်။

ယဲ့ကျားက မေးခွန်းကို မဖြေပေ။ ထိုအစား သူ့ရှေ့မှ အမှောင်တွင်းကို စူးစူးစိုက်စိုက် ကြည့်နေသည်။



အသိုက်ထဲသို့ဝင်ရန်မှာ အရေးကြီးသည့် အဆင့်နှစ်ဖြစ်သည်။

တစ်ချိန်တည်းမှာပင် ၎င်းက အခက်ခဲဆုံးခြေလှမ်းတစ်ခုလည်းဖြစ်သည်။

ဤတစ္ဆေမျက်နှာပင့်ကူများသည်  အခြားသူများ၏ အနံ့ခံအာရုံထက်သာလွန်၏။ အထူးသဖြင့် လတ်ဆတ်သောလူသားများ၏ ရနံ့ကိုခံရာတွင်ဖြစ်သည်။ ထို့အပြင် အသိုက်တစ်ဝိုက်တွင် ပင့်ကူအိမ်အများအပြား ရှိနေသည်။ထိုအရာများက ၎င်းတို့၏ တိုးချဲ့ထားသော အာရုံခံအင်္ဂါများဖြစ်သည်။  တစ်စုံတစ်ယောက် သို့မဟုတ် တစ်စုံတစ်ခုက ပင့်ကူတပ်သား ထောင်ပေါင်းများစွာ ကာကွယ်ထားသော ဘုရင်မအား ခိုးဝင်သတ်ဖြတ်ချင်ပါက လက်တွေ့အားဖြင့် ကောင်းကင်ဘုံသို့တက်ရန်ကဲ့သို့ခက်ခဲလွန်းသည်။

သို့သော် မဖြစ်သည်တော့မဟုတ်ပေ။

ယဲ့ကျားက သူ၏ခေါင်းစွပ်ကို ဆွဲတင်လိုက်ပြီး အောက်သို့ ခုန်ဆင်းလိုက်သည်။

နောက်တစက္ကန့်တွင် အေးစက်နေသော တစ္ဆေစွမ်းအင်များက သူ့ခန္ဓာကိုယ်ထံသို့ တဖြည်းဖြည်း ပျံ့နှံ့လာသည်။ ယင်းက သူ့ကို  လျင်မြန်စွာ ဖုံးအုပ်သွားသည်။

စက္ကန့်အနည်းငယ်အတွင်း၌ပင် သူ့ခန္ဓာကိုယ်တစ်ဝိုက်မှ လေသည် သူ့အား စွမ်းအားကြီးတစ္ဆေတစ်ကောင်နှင့် တူညီသွားစေသည်။

လက်မဲလေးက တုန်လှုပ်ခြောက်ခြားစွာဖြင့် သူ့ရှေ့မှ လူငယ်အား ကြည့်နေသည်။

ပတ်ဝန်းကျင်ရှိ လေထုက သူ့ကိုပြောင်းလဲစေရုံ သာမက အပြင်ပိုင်းတွင်လည်း လူငယ်လေး၏အသွင်အပြင်သည် တကယ့်တစ္ဆေသရဲကဲ့သို့ ဖြစ်သွားသည်။ အနက်ရောင်ခေါင်းစွပ်သည် သူ့မျက်နှာ၏ အစိတ်အပိုင်းအများစုကို မြဲမြံစွာဖုံးအုပ်ထားပြီး ဖျော့တော့၍ ချွန်ထက်သောမေးစေ့များသာ ကျန်ရှိပြီး မည်းမှောင်သောလေထုမှာ သူ့အားဝိုင်းရံထားသောကြောင့် သူ၏ရုပ်သွင်ကို မှုန်ဝါးဝါးနှင့် မသိမသာဖြစ်စေသည်။  သူ့ပတ်ဝန်းကျင်တွင် မမြင်နိုင်သည့် အလွှာတစ်ခုရှိနေသကဲ့သို့ပင်။

"ဒါက....ဒါက....''

လက်မည်းလေးက သတ်လက်လွတ်ဖြင့် စကားမပြောနိုင်ဖြစ်နေသည်။

''မင်းကအရမ်း သန်မာလွန်းတယ်''

သူက ယဲ့ကျား၏ပတ်လည်တွင် စက်ဝိုင်းပုံလှည့်ပတ်လိုက်ပြီ မယုံနိုင်စွာဖြင့်

''မင်းက တကယ်ပဲ လူသားလား''

ယဲ့ကျား ''......''

မည်းမှောင်သော လေထုနှင့် မီးခိုးငွေ့အလွှာတစ်ခု ကြားခံနေလျှင်ပင် လက်မဲလေးက သူ၏ ခြိမ်းခြောက်နေသော အကြည့်ကို ခံစားနိုင်သေးသည် ။သူက  တုန်တုန်ယင်ယင်ဖြင့် ယဲ့ကျား၏ပခုံးဆီသို့ အမြန်ပြန်သွားပြီး

" အဟွတ်  အိုး ဘာပဲဖြစ်ဖြစ် သွားရအောင်လေ''

တစ္ဆေမျက်နှာပင့်ကူ၏ လှိုဏ်ဂူသည် နက်ရှိုင်းပြီး မှောင်မည်းနေသည်။

ယဲ့ကျားက ဂူပေါက်ဝသို့ ဂရုတစိုက် လျှောက်လာခဲ့သည်။  သူ့အောက်ရှိ မြေပြင်သည် ကြမ်းပြီး ချော်ထွက်နေကာ ဖုန်တက်နေသော ပင့်ကူအိမ်များသည် ကျဉ်းမြောင်းသောလမ်းကြောင်းကို ပိုက်ကွန်ကဲ့သို့ ဖုံးအုပ်ထားသောကြောင့် ဖြတ်သန်းသွားလာရန် ခက်ခဲစေသည်။

လမ်းကြား၏အဆုံးသို့ရောက်သောအခါ သူ့ရှေ့ရှိနေရာမှာ ရုတ်တရက်ကျယ်ပြန့်လာသည်။

ယဲ့ကျားက မျက်ခုံးပင့်လိုက်ပြီး သူ့ရှေ့မှ မြင်ကွင်းကို အံသြစွာ စစ်ဆေးလိုက်သည်။

ဂိမ်းတွင် နှစ်ပေါင်းများစွာ ကစားလာပြီးနောက် ယဲ့ကျား၏ ညဘက်အမြင်အာရုံက သိသိသာသာ တိုးတက်လာသည်။ ယဲ့ကျားက သူ၏ အနောက်ဘက်ရှိ ဝင်ပေါက်မှ လှိုဏ်ဂူအတွင်းသို့ ဝင်ရောက်လာသည့် အလင်းရောင်ဖျော့ဖျော့ကို အားကိုးရင်း သူ့ရှေ့မှ မြင်ကွင်းအား ရှင်းရှင်းလင်းလင်း မြင်လိုက်ရလေသည်။

တစ္ဆေမျက်နှာပင့်ကူများက အောက်ဘက်ရှိမြေပြင်တစ်ခုလုံးအား တူးထုတ်ပြီးသွားကြပြီ ဖြစ်သည်။

သူ့ရှေ့မှ လှိုဏ်ဂူကြီးသည် မရေမတွက်နိုင်သည့် ထူးဆန်းသော လမ်းကြောင်းများနှင့် အံ့အားသင့်လောက်အောင်ပင် ကြီးမားနေသည်။  အလွန်မှောင်နေသောကြောင့် ၄င်းလမ်းကြောင်းများက မည်သည့်နေရာသို့ ဦးတည်နေမှန်း မသိရပေ။ အောက်ခြေမှနေ၍ အပေါ်ထပ်အထိ ပင့်ကူအိမ် အလွှာများစွာဖြင့် ဖုံးလွှမ်းနေပြီး လေထုထဲတွင် ပုပ်အက်သော အနံ့အသက်များနှင့် ပြည့်နေသည်။

ဤသည်မှာ ယဲ့ကျားမြင်ဖူးသည့် အကြီးမားဆုံး တစ္ဆေမျက်နှာပင့်ကူအသိုက်များထဲမှ တစ်ခုဖြစ်သည်။

ဤမကောင်းဆိုးဝါးများက လက်တွေ့ဘဝထဲသို့ ခိုးဝင်ကာ မြေအောက်နိုင်ငံတော်ကြီးအား ဖန်တီးခြင်း၊ အဆက်မပြတ်လုယက်ခြင်း၊ အကောင်ရေပွားခြင်း၊ ကျူးကျော်ဝင်ရောက်ခြင်းများ ပြုလုပ်နေကြကြောင်း စိတ်ကူးမိရန် ခက်ခဲလှသည်။

၄င်းသည် မြို့၏ အရေပြားအောက်တွင် ကြီးထွားနေသော ကင်ဆာအကျိတ်တစ်ခုကဲ့သို့ပင်။

ဤမျှကြီးမားသော သားရဲတွင်းကြီးဖြစ်ပုံအရ ပင့်ကူတပ်သားများနှင့် ဘုရင်မတို့သည် အနည်းဆုံး A အဆင့် သို့မဟုတ် ထို့ထက်ပိုနိုင်သည်။

သို့သော် ထူးဆန်းသည်မှာ သူ့အနေဖြင့် ပင့်ကူတပ်သားကို မမြင်ရသေးပေ။

သို့သော်လည်း ထိုအရာက သူ့အတွက် ကောင်းသည်ပင်။

ယဲ့ကျား၏ လက်ချောင်းထိပ်မှ အပြာရောင် တစ္ဆေမီးတောက်တစ်ခု တောက်လောင်လာသည်။သူက အောက်ကိုငုံ့၍ မီးကို မြေကြီးပေါ်မှ ပင့်ကူအိမ်အနီးသို့ ကပ်လိုက်သည်။

ပင့်ကူအိမ်ပေါ်တွင် တောက်ပသော အနီရောင်အရိပ်အယောင်တစ်ခု ပေါ်လာသည်။

၄င်းက လူသားအသက်၏ အရိပ်အယောင်ဖြစ်သည်။

သက်ရှိလူသားအားလုံးကို ဘုရင်မ၏ သီးသန့်အစာအဖြစ် သို့မဟုတ် ဥများအတွက် လက်ခံကောင်အဖြစ် အသုံးပြုရန် ဤနေရာသို့ ယူဆောင်လာခဲ့ခြင်းပင်။  လူသားများရှိသည့် နေရာတွင် ဘုရင်မကိုလည်း တွေ့လိမ့်မည်။

ယဲ့ကျားက သက်ရှိလူသား၏ အရိပ်အယောင်နောက်ကို လိုက်သွားသည်။

သူ့ခန္ဓာကိုယ်ပေါ်ရှိ လူသားရနံ့ကို ဖုံးကွယ်ပြီးနောက် သူ၏တည်ရှိမှုတစ်ခုလုံးသည် ဂူနှင့် ရောထွေးလုနီးပါးဖြစ်သွားသည်။  ပင့်ကူတပ်သားများက တမင်တကာ မစူးစမ်းသရွေ့ သူ့ခြေသံအား ပင့်ကူအိမ်များကို လှုပ်ခတ်နေစေသော လေပြည်လေညှင်းနှင့် ခွဲခြားသိမြင်ရန် မဖြစ်နိုင်သလောက်ပင်။

သူ့ပုံသဏ္ဍာန်မှာ ရိပ်ခနဲ ရွေ့လျားသွားသော အရိပ်တစ်ခုကဲ့သို့ပင်။  သူက လှိုဏ်ဂူအတွင်းမှ အကွေ့အကောက်များသော လမ်းကြောင်းများအတိုင်း လိုက်၍ ပို၍နက်သထက်နက်ရှိုင်းသည့် အတွင်းဘက်သို့ တိတ်တဆိတ် လျှိုဝင်လာသည်။

ပို၍ အတွင်းဘက်ကျလာသောအခါ ပင့်ကူအိမ်များကလည်း  ပို၍ထူထပ်လာသည်။အဆင့်ဆင့်တည်ရှိနေသည့် စေးကပ်သော ပင့်ကူအိမ်အလွှာများမှာ လမ်းကြောင်းတစ်ခုလုံးကို ဖုံးအုပ်ထားပြီး တင်းကျပ်စွာ အလုံပိတ်ထားလုနီးပါးဖြစ်နေသည်။  လေထုထဲမှ အနံ့ဆိုးများသည်လည်း အသက်ရှုရခက်သည်အထိ ပြင်းထန်လာသည်။

ရုတ်တရက် ယဲ့ကျား၏လက်က တစ်စုံတစ်ခုကို ထိမိသွားသည်။

ပျော့ပြောင်းပြီး ချွဲကျိနေကာ ပင့်ကူမျှင်များ ဖုံးလွမ်းနေသည်။

သူက လှည့်ပြီးကြည့်လိုက်သည်။

မှိန်ဖျသောတစ္ဆေမီးတောက်သည် အမှောင်ထုအချို့အား ပျောက်ကွယ်စေရုံမျှသာ လင်းနေသည်။  အလင်းရောင်ဖျော့ဖျော့အောက်တွင် နောက်ကျိကာ  တစ်ဝက်ပိတ်နေသည့်မျက်လုံးနှင့် ပွင့်ဟနေသောပါးစပ်နှင့်အတူ ရှုံ့တွကာ ဖြူဖျော့နေသော မျက်နှာတစ်ခုက ဇောက်ထိုးတွဲလောင်းကျနေသည်ကို သူ တွေ့လိုက်ရသည်။ 

မျက်နှာသည် အရည်ပျော်နေသော ဖယောင်းရုပ်ပုံသဏ္ဍာန်ကဲ့သို့ပင်။


****

(E:TN/ စာရေးသူမှတ်စုအရဆို တစ္ဆေမျက်နှာပင့်ကူက မတူညီတဲ့ အင်းဆက်တွေရဲ့ သဘောသဘာဝ၊စရိုက်လက္ခဏာတွေကို ပေါင်းစပ်ထားတဲ့ မျိုးစိတ်တစ်ခုသာသာပါပဲ။  ကျေးဇူးပြုပြီး မတိကျတာတွေကိူ လျစ်လျူရှုလိုက်ပါ၊ အဲဒါကို ပဲဆားလှော်လို့ပဲ မှတ်ထားလိုက်)


Xxxx