အပိုင်း ၂၀
Viewers 10k


Chapter20



ယဲ့ကျား မျက်မှောင်အနည်းငယ် ကြုတ်လိုက်သည်။

သူက သူ့ရှေ့ရှိ မျက်နှာနှင့် သတိထား၍ ခပ်ခွာခွာနေလိုက်ပြီး သူ့လက်ချောင်းထိပ်မှ တစ္ဆေမီးကလည်း ပို၍ပြင်းထန်လာသည်။

သူ့ရှေ့တွင် အသိုက်ကြီးတစ်ခုရှိနေသည်။ မြေပြင်ပေါ်ရှိ ပင့်ကူမျှင်များသည် ပုပ်ပွနေသော အလောင်းများအား ဖုံးလွှမ်းထားသည်။  အချို့မှာ ကိုက်ဝါးပြီးအပိုင်းပိုင်းဖဲ့ခံထားရကာ  အချို့မှာမူ အရိုးလက်တစ်ဆုပ်စာမျှသာ ကျန်တော့သည်။

မရေမတွက်နိုင်သော အခြားလူသားများကို ပိုးတုံးလုံးကဲ့သို့ ပင့်ကူမျှင်များဖြင့် ထုပ်ပိုးထားသည်။  ဂူထဲတွင် ဇောက်ထိုးချိတ်ဆွဲထားကြပြီး မျက်နှာများ ဖြူဖပ်ဖြူရော်နှင့် တောင့်တင်းပြီး ငေးကြောင်နေကြသည်။  သူတို့၏ ဗိုက်ထဲတွင် တစ်ခုခုက ရွေ့လျားဖောင်းကြွနေသည်ကို  ဖျတ်ခနဲ မြင်လိုက်ရသည်။ ဤခန္ဓာကိုယ်ထဲများထဲတွင် တစ်ခုခု ကြီးထွားနေသကဲ့သို့ပင်။

ဤသည်မှာ တစ္ဆေမျက်နှာပင့်ကူ၏ ကလေးထိန်းခန်း ဖြစ်သည်။

ဘုရင်မက ဤအနီးအနားတွင် ရှိနေနိုင်သည်။

ယဲ့ကျားတစ်ယောက် သူ့လက်ဖျားထိပ်မှ တစ္ဆေမီးတောက်ကို ငြိမ်းသတ်ခါနီးတွင် အနက်ရောင် အရိပ်ကြီးက သူ့နှင့် မဝေးလှသော နေရာတွင် ရုတ်တရက် ပေါ်လာသည်။  အနက်ရောင် အမွှေးအမျှင်များနှင့် ခြေထောက်ခြောက်ချောင်းမှာ ကြီးမားသော အသားရောင်ကိုယ်ထည်မှ ဆန့်ထွက်လာသည်။  ရုပ်ဆိုးသောမျက်နှာပေါ်မှ ပါးစပ်တွင် ချွန်ထက်သော အစွယ်များရှိပြီး  မျက်လုံးခြောက်လုံးက  သူ့ကိုပြင်းပြင်းထန်ထန်စိုက်ကြည့်နေသည်။

အိုး သေစမ်း၊ ပင့်ကူတပ်သားတစ်ကောင်ပဲ။

ယဲ့ကျား၏လက်ချောင်းထိပ်တွင် အေးစက်သောအလင်းတန်းတစ်ခုပေါ်လာသည်။

သို့သော် မမျှော်လင့်ဘဲ ပင့်ကူတပ်သားက သူ့ကို တိုက်ခိုက်ရန် ကြိုးပမ်းမှုမျိုး မပြုလုပ်ခဲ့ပေ။

၎င်း၏ အစွယ်များကို အဖွင့်အပိတ် လုပ်လိုက်သည် ။  ယင်းက လည်ချောင်းမှလာသော အာခေါင်သံဖြင့် အော်ပြောလာသည်။

"အစည်းဝေးကို တက်မှာလား"

အစည်းအဝေးလား

ယဲ့ကျား၏ လက်ချောင်းထိပ်မှ အလင်းတန်းက မှိတ်တုတ် မှိတ်တုတ်ဖြစ်လာပြီး တိတ်တဆိတ် သဘောတူသံ ထွက်လာသည်။

"မင်းလမ်းမှားနေတာလား" 

ပင့်ကူစစ်သားက အော်ပြောလိုက်သည်။
“ငါနဲ့လိုက်ခဲ့”

''ဘုရင်မက စိတ်တိုလုနီးပါး ဖြစ်နေပြီ''

ဤသို့ပြောပြီးသည်နှင့် ၄င်းက လှည့်ထွက်ကာ သူ့လာသည့်လမ်းအတိုင်း တရှပ်ရှပ်လျှောက်သွားသည်။

ဘုရင်မထံသို့ တိုက်ရိုက် ပို့ဆောင်ခံရခြင်း။၄င်းက ထီပေါက်သည်နှင့် ဆင်တူသည်။

ယဲ့ကျားက သူ၏နှုတ်ခမ်းအား တွန့်ကွေးလိုက်သည်။

သူက တစ္ဆေမီးတောက်ကို သိမ်းဆည်းကာ လိုက်သွားလေသည်။


အချိုးအကွေ့များထူထပ်နေသည် လမ်းများကို အချိန်အတော်ကြာအောင် လမ်းလျှောက်ပြီးနောက် ယဲ့ကျားတစ်ယောက် နောက်ဆုံးတွင် သူ၏ ဦးတည်ရာသို့ ရောက်ရှိလာသည်။

ဤနေရာက အသိုက်၏ဗဟို ဖြစ်နိုင်သည်။

ဤနေရာမှာ ဆဋ္ဌဂံပုံသဏ္ဍာန်ရှိ ပျားလပို့နှင့်တူသည်။ နေရာတိုင်းတွင် အပေါက်များဖြင့် ဝန်းရံထားပြီး အပေါက်တစ်ခုစီကို ပင့်ကူတပ်သားများက စောင့်ကြပ်နေသည်။

ဤသည်မှာ လမ်းကြောင်းအားလုံး၏ ဗဟိုအချက်အချာဖြစ်ကြောင်း ထင်ရှားသည်။

မမျှော်လင့်စွာပင် အသိုက်အလယ်ရှိ ဤပြန့်ပြူးသောနေရာသို့ စွမ်းအားကြီး တစ္ဆေများစွာ စုရုံးလာခဲ့သည်။ သူတို့က တစ်ခုခုကို စောင့်နေကြပုံရသည်။

ယဲ့ကျားက ပတ်ပတ်လည်ကို ကြည့်လိုက်သည်။

ဤနေရာရှိ စွမ်းအားကြီးတစ္ဆေများမှာ B-အဆင့်နှင့် Aအဆင့်များ ဖြစ်ကြပြီး အနိမ့်ဆုံးမှာ C+ ဖြစ်သည်။ မျိုးစိတ် အမျိုးမျိုး ရှိကြသည်။။ သူအရင်က ကြုံဖူးသော ရင်းနှီးသည့် မျက်နှာများကိုပင် တွေ့ရသည်။

ယဲ့ကျားမှာ မကြာသေးသော နှစ်များအတွင်း ၎င်းတို့၏စွမ်းရည်များ တိုးတက်လာခြင်းရှိမရှိ သေချာမသိပေ။ သူသေချာသည့် တစ်ခုကမူ ဤကဲ့သို့ စွမ်းအားကြီးတစ္ဆေများက သူ့ဖြစ်တည်မှုအား မုန်းတီးနေသည်ကိုပင်။

ထို့အပြင် သူတို့၌ အာဃာတများ မရှိခဲ့လျှင်ပင် မုန်းတီးမှုအဆင့်သတ်မှတ်ချက်စာရင်း၏ ဆုလာဘ်အတွက် သူ့နောက်ကို လိုက်နေကြဆဲဟု ခန့်မှန်းနိုင်သည်။

စက္ကန့်အနည်းငယ်ကြာအောင် တိတ်ဆိတ်သွားပြီးနောက် ယဲ့ကျားက ပိုမိုဖုံးကွယ်ရန်အတွက် သူ့မျက်နှာတွင် သရဲစွမ်းအင်အလွှာအနည်းငယ်ကို ထပ်လောင်းထည့်လိုက်သည်။

စွမ်းအားကြီးတစ္ဆေများသည် အချင်းချင်း အသံတိုးတိုးဖြင့် ပြောနေကြသည်။ လှိုဏ်ဂူထဲတွင် တိုးညှင်းသည့် အော်သံများ ထွက်ပေါ်လာသည်။ ယဲ့ကျားက သူတို့ပြောနေသည်များကို မကြားနိုင်သော်လည်း သူ့ရင်ထဲတွင် ပြောစရာတစ်ခုရှိနေသည်။ ၄င်းတို့တွင် မည်သည့်ကိစ္စရှိနေသောကြောင့် ဤဂူပေါက်ဝတွင် ပင့်ကူတပ်သားများအား မတွေ့ခဲ့ရသနည်း။

သူက အနီးနားတွင် အချင်းချင်းစကားပြောနေကြသော ဆာလောင်မှုတစ္ဆေနှစ်ကောင်ထံသို့ သတိကြီးစွာ ချဉ်းကပ်လိုက်သည်။

သို့သော် ယဲ့ကျားမှာ မည်သည့်အရေးကြီးစကားကိုမှ မကြားရသေးမီတွင် မြေပြင်က ရုတ်တရက် တုန်ခါသွားသည်။

“ဘုန်း” “ဘုန်း” “ဘုန်း”

ထိုလေးလံသော အသံများက တဖြည်းဖြည်း နီးကပ်လာကာ ဂူတစ်ခုလုံး တုန်လှုပ်သွားသည်။

စွမ်းအားကြီးတစ္ဆေများက စကားစရပ်ပြီး အသံ၏ ဦးတည်ရာသို့ လှမ်းကြည့်လိုက်ကြသည်။

ဧရာမ ပင့်ကူတစ်ကောင်က မြေအောက်မှ ခုန်တက်လာသည်။ သူမ၏ခန္ဓာကိုယ်မှာ ပင့်ကူတပ်သားလေးငါးကောင်မျှ ကြီးမားပြီး ချွန်ထက်သောအမွှေးများဖြင့် ဖုံးအုပ်ထားသော သူမ၏ခြေထောက်ရှည်များက စတုရန်း၁၀၀မီတာကျယ်ဝန်းသော လယ်ကွင်းကို ဖုံးအုပ်ထားနိုင်လောက်သည်။ သူမ၏ ဝမ်းဗိုက်က ပုံပျက်နေပြီး အချိုးမကျဖြစ်နေကာ သွေးနီရောင်တစ္ဆေ၏ မျက်နှာကဲ့သို့ အမှတ်အသားများဖြင့် ထူထပ်စွာ ဖုံးလွှမ်းထားသည်ကို အကွာအဝေးတစ်ခုမှပင် မြင်နိုင်သည်။

အံ့သြစရာကောင်းလောက်အောင် ကြီးမားသော ခန္ဓာကိုယ်နှင့် နှိုင်းယှဉ်ပါက သူမ၏ ဦးခေါင်းမှာ သေးငယ်ပြီး သဘာဝမကျသော ပုံပေါက်နေသည်။

ဖြူဖွေးနေသောအသားအရေ၊ လှပသည့်အသွင်အပြင်နှင့် နက်မှောင်ပြီး စိတ်ခံစားမှုရှိသော မျက်လုံးတစ်စုံရှိသည့် သာမန်လူသားတစ်ယောက်၏ မျက်နှာဖြစ်သည်။

သူမ၏ကြီးမားသောဗိုက်နောက်မှ ရှည်လျားသည့် ပိုးတုံးလုံးကဲ့သို့သော ဥအိတ်အား ဆွဲထုတ်လိုက်သည်။

ဥအိတ်သည် ဖောင်းကြွကာ အလင်းရောင်ဖောက်ထွင်းနိုင်လုနီးပါး ဖြစ်နေသည်။ အထဲတွင် အကောင်သေးသေးလေးများ လှုပ်နေသည်ကိုပင် မြင်နေရသည်။။

ပင့်ကူဘုရင်မ။

ယဲ့ကျားက သူ့ရှေ့ရှိ ဤသတ္တဝါကို စစ်ဆေးလိုက်သည်။ စူးစမ်းလိုသော အကြည့်တစ်ချက်က သူ့မျက်လုံးများတွင် ဖြတ်ပြေးသွားသည်။

ဘုရင်မ၏ အဆင့်မှာ....

Sအဆင့်ဖြစ်သည်။

ယင်းက ပြဿနာဖြစ်စေနိုင်သည်။

အကယ်၍  ပြိုင်ဘက်က တစ်ယောက်တည်းဆိုပါက အောင်နိုင်ရန် အခွင့်အလမ်းရှိသေးသည်။ သို့သော် ယခုအချိန်တွင် သူက တစ္ဆေမျက်နှာပင့်ကူအသိုက်တွင် ရှိနေသည်သာမက သူရင်းနှီးနေသည့် စွမ်းအားကြီးတစ္ဆေများစွာလည်း ရှိနေသေးသည်။

အခြေခံအားဖြင့် သူ့အတွက် အနိုင်ရရန် အခွင့်အရေးမရှိပေ။

ယဲ့ကျားက ဖြေရှင်းချက်တစ်ခုအား တွေးမိနိုင်ရန် ကြိုးပမ်းနေစဥ် သူ့ရှေ့မှ ဘုရင်မက ရုတ်တရက် စကားစလိုက်သည်။ သူမ၏ အသံသည် နူးညံ့ပြီး ချိုမြိန်သည်။ ၎င်းက သူမ၏ ကြီးမားပြီး ရက်စက်ကြမ်းကြုတ်သော ခန္ဓာကိုယ်နှင့် လုံးဝ မလိုက်ဖက်ပေ။

"လူတိုင်းက တူညီတဲ့ ရည်ရွယ်ချက်တစ်ခုအတွက် ဒီနေ့ဒီမှာ စုဝေးကြဖို့ ဆန္ဒရှိရှိနေကြတာလို့ ငါယုံကြည်တယ်''

နက်မှောင်သော မျက်လုံးများက သူမရှေ့မှ သရဲတစ္ဆေပေါင်းများစွာကို ဖြည်းညင်းစွာ ဖြတ်ကျော်သွားသည်။ သူမအသံက ရုတ်တရက် အေးစက်လာပြီး မလိုလားသည့်အသံဖြစ်လာကာ

"ဒီကင်းကို ငါတို့ အသိအမှတ်မပြုဘူး"

''ဟုတ်တယ် '' ''အဲ့ဒါအမှန်ပဲ''

"...သူက အရည်အချင်းမရှိဘူး"

လှိုဏ်ဂူအတွင်း အတည်ပြုချက်များ ထွက်ပေါ်လာသည်။

ဘုရားရေ...

ယဲ့ကျားက သူ့အတွေးများထဲမှ ရုန်းထွက်လိုက်ပြီး သူတို့၏ အစည်းအဝေးမှ အကြောင်းအရာများကို ရုတ်တရက် စိတ်ဝင်စားသွားသည်။

စွမ်းအားကြီးတစ္ဆေတွေက အချင်းချင်း တိုက်ခိုက်ဖို့ စိတ်ကူးနေတာလား

ဤအရာက သူနေ့တိုင်းမြင်နေရသည့် အရာမဟုတ်ပေ။

သူက စိတ်ဝင်တစားနှင့် ဆက်နားထောင်လိုက်သည်။

“….ဂိမ်းက သူ့ဖြစ်တည်မှုကို အသိအမှတ်ပြုတယ် ဒါပေမယ့် ငါတို့က မတူဘူး”

ပင့်ကူဘုရင်မ၏ မျက်လုံးများက ခါးသီးသောမုန်းတီးမှုဖြင့် တောက်ပလာကာ

"သူက ငါတို့ခေတ်ရဲ့ တစ်စွန်းတစ်စလောက်ပဲ အသက်ရှင်ရသေးတာ ငါက နှစ်ရာနဲ့ချီပြီး အသက်ရှင်ခဲ့တာတောင် သူ့နာမည်ကို တစ်ခါမှ မကြားဖူးဘူး သူကသြဇာလည်းမရှိ နယ်မြေလည်းမရှိတဲ့ ယင်ကောင်ငယ်လေးသာသာပဲ သူက သူ့နောက်လိုက်အားလုံးကိုတောင် သတ်ပစ်လိုက်သေးတယ်  ရုတ်တရက် ဂိမ်းရဲ့ခွင့်ပြုချက်ရတာနဲ့ပဲ ငါတို့ကို ဦးဆောင်နိုင်မယ်လို့ ထင်နေတာလား အိပ်မက်မက်နေလိုက်''

ဝိုး ဒါကပုန်ကန်မှုစတင်တာလား

အံ့သြစရာပဲ

ယဲ့ကျားက သေချာအာရုံစိုက်လိုက်သည်။

“….ပြီးတော့ အဲဒီလူသားကို လိုက်ရှာနေရတာကို စွဲလန်းနေတယ်”

အေးစက်သောအသံက အောက်ဘက်မြေပြင်မှ ရုတ်တရက် ထွက်ပေါ်လာသည်။

ယဲ့ကျား ''......''

သူက ဆိုးရွားသော ခံစားချက်တစ်ခု ရလိုက်သည်။

"ဟုတ်တယ် ဟုတ်တယ် ဟုတ်တယ်!"

ဤတစ်ကြိမ်တွင် အတည်ပြုသံများ ပိုမိုအားကောင်းလာသည်။

“ဒီလူသားတစ်ယောက်အတွက် အရင်းအမြစ်အများကြီးကို ဖြုန်းတီးပစ်လိုက်တယ်”

လှောင်ပြောင်သရော်မှုများဖြင့် ပြည့်နှက်နေသည့် အေးစက်စက်အသံက ပြောလိုက်သည်။

"သူက တကယ်ကို စိတ်အားထက်သန်တဲ့ လူပဲ”

ယဲ့ကျား ''......''

ငါငိုး...

"ဒါပေမယ့် ငါ သူ့ကို တကယ်ရှာချင်တယ်" နောက်ထပ် ရက်စက်သည့်အသံက ကြားဖြတ်ပြောလိုက်သည်။

“သူက ငါ့မျိုးနွယ်တစ်ခုလုံးကို ချေမှုန်းပစ်လိုက်တယ် ငါသူ့ကို ကောင်းကောင်းပြန်ပြီး လက်စားချေချင်တယ်...."

''ဟုတ်တယ် ဟုတ်တယ် ငါရောပဲ

"သူက ငါ့ကိုလည်း လုပ်ခဲ့တယ်...."

ထိုကျွမ်းဝင်သော အမည်ကြောင့် ကြမ်းပြင်ပေါ်ရှိ စွမ်းအားကြီးတစ္ဆေများက ငြင်းခုံလာကြသည်။

ယဲ့ကျား ''......''

ဒါဆို အတိအကျက ဘာအကြောင်းလဲ

အေ့စ်ကြောင့် နစ်နာသူများညီလာခံလား

လက်မဲလေးက အချိန်အခါမဟုတ် ထွက်ပေါ်လာခဲ့သည်။သူ့နားကို တိုးကပ်လာပြီး တီးတိုး ပြောလိုက်သည် ။

“မင်းက အရမ်းနာမည်ကြီးတာပဲ”

ယဲ့ကျားက အမူအယာကင်းမဲ့စွာဖြင့် “မင်း ပါးစပ်ပိတ်ထား”

ပင့်ကူဘုရင်မက ခေါင်းစဉ်လွဲသွားသည်ကို သတိပြုမိပုံရသည်။ သူမက မှန်ကန်သောလမ်းကြောင်းပေါ်သို့ ပြန်တွန်းတင်ရန် ကြိုးစားရင်း

“ငါတို့ ကင်းမလိုဘူး အရည်အချင်းမရှိတဲ့ ကင်းကို ဖယ်ထုတ်ကြစို့''

သူမက ရှေ့သို့ ခြေလှမ်းအနည်းငယ် ဖြည်းညင်းစွာ လျှောက်လိုက်သည်။ သူမ၏ လေးလံသော ခြေလှမ်းများက မြေပြင်ကို လှုပ်ခါသွားစေပြီး

“ငါ တခြား S အဆင့် စွမ်းအားကြီးတစ္ဆေတွေနဲ့ သဘောတူညီမှု ရထားပြီးသား ငါ့သားသမီးတွေမွေးလာတဲ့အခါ အရာရာအဆင်သင့်ဖြစ်လိမ့်မယ်''

စွမ်းအားကြီးတစ္ဆေများ အားလုံး တိတ်ဆိတ်သွားကြသည်။ သူမပြောလာမည့် နောက်ဆက်တွဲအရာကို တိတ်တဆိတ် စောင့်မျှော်နေကြသည် ။

"အခု ငါတို့ သဘောတူညီမှု ရပြီလား"
မိခင်ပင့်ကူကြီးက ဆက်ပြောသည်။

''ဘယ်ကပေါ်လာမှန်းမသိတဲ့ ဒီကင်းကို သူလာခဲ့တဲ့ ဘယ်သူမှမသိတဲ့မြောင်းထဲကို ပြန်ပို့ကြစို့''

အောက်ဘက်ရှိ စွမ်းအားကြီးတစ္ဆေများထံမှ ကမ္ဘာမြေတုန်လှုပ်လောက်သော အော်ဟစ်သံများ ထွက်ပေါ်လာသည်။

အနှီအဆိုပြုချက်ကို သူတို့ ရှင်းရှင်းလင်းလင်း သဘောတူကြသည်။

စွမ်းအားကြီးတစ္ဆေအုပ်စု မငြိမ်မသက်ဖြစ်နေစဉ် ယဲ့ကျားက ပင့်ကူဘုရင်မ၏နောက်ဘက်သို့ ဖြည်းညှင်းစွာ ရွေ့လျားသွားပြီး သူလုပ်ဆောင်ရန် နေရာကောင်းကို ရှာဖွေနေသည်။

ရှင်းလင်းစွာပင် သူက ဤနေရာတွင် ပင့်ကူဘုရင်မကို မသတ်နိုင်ပေ။

၄င်းကလက်တွေ့မကျချေ။

သို့သော်လည်း အရည်တစ်ချို့ကိုတော့ ခိုးယူနိုင်သေးသည်။

ရုတ်တရက် အဝေးတစ်နေရာရှိ အမှောင်ထုထဲမှ ယောက်ျားအသံတစ်ခု ထွက်ပေါ်လာသည်။ထိုအသံက ပေါ့ပါးပြီး တလှပ်လှပ်ဖြစ်နေကာ ထပ်မံ၍ ၄င်းမှာ အလှမ်းကွာပြီး တည်ငြိမ်ပုံလည်း ရသည်။

''တကယ်လား''

သူတို့၏လည်ချောင်းများအား ချုပ်ထားခံလိုက်ရကဲ့သို့ အသံများအားလုံး ရုတ်တရက် ရပ်သွားသည်။ လှိုဏ်ဂူကြီးမှာ အလွန်တိတ်ဆိတ်၍နေသည်။

ပလုံ ပလုံ

ဂူထဲတွင် ရေကျသံများပင် ကြားနေရသည်။

ယဲ့ကျား ထိတ်လန့်သွား၏။ အသံ၏ရင်းမြစ်ကို လှမ်းကြည့်လိုက်ရာ မြေပြင်ရှိ အက်ကွဲကြောင်းများမှ သွေးများ တဖြေးဖြေး စိမ့်ထွက်လာသည်ကို တွေ့လိုက်ရသည်။  ယင်းအမြင့်က တစ်လက်မထက် တစ်လက်မ ပိုမြင့်တက်လာပြီး မကြာခင်မှာပင် သူ့ခြေဖဝါးတစ်ခုလုံးကို ဖုံးလွှမ်းသွားသည်။

ယဲ့ကျား၏ နှလုံးသားများ တင်းကျပ်သွားသည်။ သူက သူ့နောက်မှ ကျောက်တုံးတစ်ခုပေါ် ခုန်ဆင်းလိုက်သည်။

"သွေးအရိုးငါးတွေ!"

စွမ်းအားကြီးတစ္ဆေတစ်ကောင်က အော်ဟစ်လိုက်သည် ။

တစ်ချိန်တည်းမှာပင် မြေပြင်သည် ဖြည်းညှင်းစွာ ကြွတက်လာပြီး အရိုးများနှင့် ပြုလုပ်ထားသည့် မကောင်းဆိုးဝါးတစ်ကောင်က သွေးအိုင်ထဲမှ ထွက်ပေါ်လာသည်။ ဆိတ်ဦးခေါင်းခွံမှာ ထိတ်လန့်ဖွယ်ကောင်းအောင် ဖြူဆွတ် နေပြီး၊ အနက်ရောင်အခေါင်းပေါက်များက ၎င်းရှေ့မှ စွမ်းအားကြီးတစ္ဆေများကို တိတ်တဆိတ် စိုက်ကြည့်နေသည်။

သွေးများက ပိုထွက်လာသည်။သေဆုံးသွားသော ပင့်ကူစစ်သားများက သွေးမြစ်နှင့်အတူ လှိုဏ်ဂူထဲသို့ မျောပါသွားခဲ့သည်။

သွေးအရိုးငါးများက ယခုအခါ လုံးဝထွက်ပေါ်လာပြီဖြစ်ပြီး လေထဲတွင်ပျံနေကြသည်။

ဖြူဖျော့ပြီး သွယ်လျနေသည့်လက်တစ်စုံက အမှောင်ထဲမှ ထွက်လာသည်။ ထိုလက်သည် ယင်းဦးခေါင်းခွံကို ညင်သာစွာ ပွတ်သပ်ပေးလိုက်၏။

“တော်လိုက်တဲ့ကလေး”

“မင်းပဲ…..” ပင့်ကူဘုရင်မ၏ မျက်လုံးများက ထိုလမ်းကြောင်းအတိုင်း တည့်မတ်စွာကြည့်လိုက်သည်။ သူမ၏ လှပသော မျက်နှာမှာ ကြောက်မက်ဖွယ်ကောင်းသော အမူအရာအဖြစ်သို့ ရှုံ့တွသွားပြီး သူမ၏ပါးစပ်မှ အစွယ်များ ဖြန့်ထွက်လာကာ အလင်းရောင်အောက်တွင် မလိုမုန်းတီးစွာ တောက်ပနေခဲ့သည်။

''ကျီရွှမ်''

ယဲ့ကျား အေးစက်သော ကျောက်ဆောင်တစ်ခုပေါ်သို့ ခုန်ဆင်းလိုက်သည်။

ခဏနေပါဦး

ကျီရွှမ်လား

ကျီရွှမ်??

ကျီရွှမ်??????

သူနားကြားမှားတာပဲ နေမှာပါ

သူနားကြားမှားနေတာသေချာတယ်

ယဲ့ကျားက မိုးကြိုးပစ်ခံလိုက်ရသကဲ့သို့ တုန်လှုပ်ခြောက်ခြားနေသော အကြည့်ဖြင့် မော့ကြည့်လိုက်သည်။

အမျိုးသား၏ပုံရိပ်မှာ ယခုအခါတွင် အမှောင်ထုထဲမှ လုံးလုံးလျားလျား ထွက်ပေါ်လာသည်။

သူ၏ ရှည်လျားသောသွင်ပြင်က မားမားမတ်မတ်ရပ်နေပြီး သွေးအရိုးငါးများက သူ့ပတ်ဝန်းကျင်တွင် သစ္စာရှိရှိ ကူးခတ်နေသည်။ သူ၏ နီမြန်းသော မျက်လုံး တစ်စုံသည် လှိုင်းလေထန်နေသော သွေးပင်လယ်ကဲ့သို့ အေးစက်နေပြီး အညှာတာကင်းမဲ့သော ရောင်ဝါများဖြင့် တောက်ပနေကာ သူ၏ ဖြူဖျော့ဖျော့ နှုတ်ခမ်းများက ခပ်လှောင်လှောင်အပြုံးတို့မပျက် ရှိနေသည်။

"မင်းမှာ ငါ့နာမည်ကို ထုတ်ပြောဖို့ အရည်အချင်းမရှိဘူး"

သူ့ခန္ဓာကိုယ်ပုံသဏ္ဍာန်က သိသိသာသာ ပြောင်းလဲသွားသော်လည်း ထိုမျက်နှာမှာ ကလေးဘဝမှ အသွင်အပြင်နှင့် လေးငါးပိုင်းမျှ ဆင်တူနေဆဲပင်။ထို့အပြင် ကြောက်စရာကောင်းသော စိတ်ဓာတ်များရောပင်...။

အသေအချာကို သူပဲ။

အမှန်ပဲ။

ယဲ့ကျား ''.......''

ငါငိုး!!

ငိုး!!!!!!

ဤစကားလုံးမှလွဲ၍ သူ၏ ရင်တွင်းတုန်လှုပ်မှုအား ဖော်ပြရန် နောက်ထပ်စကားလုံး ရှာမတွေ့တော့ချေ။

သမိုင်းတွင် ပထမဆုံး အကြိမ်အဖြစ် ယဲ့ကျား၏ စိတ်တို့ ဗလာကျင်းနေသည်။

ဤလူနှင့် ပြန်ဆုံတွေ့ရမည့် နေ့တစ်နေ့ရှိလာလိမ့်မည်ဟု သူဘယ်တော့မှ မထင်ထားခဲ့ပေ။

အထူးသဖြင့် သူ့အား မိမိလက်ဖြင့် သတ်ခဲ့ပြီးနောက်တွင်ဖြစ်သည်။

ဘာတွေ သွေးကြွေးလဲ။

ရန်သူတွေက ဘယ်လိုလုပ် လမ်းကျဥ်းလေးမှာ လာတွေ့ရတာလဲ။

သူထိုနေရာတွင် ကြာမြင့်စွာရပ်နေပြီး ထိတ်လန့်တုန်လှုပ်နေသောကြောင့် သို့မဟုတ် သူ့အကြည့်များက ပြင်းထန်လွန်းသောကြောင့် ဖြစ်နိုင်သည်။ သွေးအရိုးငါး၏ဘေးတွင် ရပ်နေသည့် ကျီရွမ်က တစ်ခုခုကို သတိပြုမိပုံရကာ သူရှိရာသို့ အကြည့်များ ဦးတည်လာခဲ့သည်။

စွမ်းအားကြီးတစ္ဆေများက စေးကပ်သော ပင့်ကူအိမ်များဖုံးလွှမ်းနေသည့် မှောင်မိုက်သောနေရာအား ဖြတ်ကျော်ကာ ရုန်းကန်နေကြရသည်။

သတိမထားမိဘဲ နှစ်ယောက်သား အကြည့်ချင်းဆုံမိသွားသည် ။


Xxxx