အပိုင်း ၂၁
Viewers 10k


Chapter21


ယဲ့ကျား''!!!"

သူက တုန်တုန်ယင်ယင်နှင့် နောက်ပြန်ဆုတ်သွားပြီး ကျောက်ဆောင်နောက်တွင် ပုန်းနေလိုက်သည်။

အေးစက်နေသော ကျောက်တုံးကို ကျောမှီထားရင်း ယဲ့ကျား၏ အသက်ရှူသံများ မြန်ဆန်လာသည်။သူ၏ နားထဲတွင် တဒုတ်ဒုတ်ဖြင့် သွေးခုန်သံများသာ ကြားနေရသည်။

ထိုမြင်ကွင်းက သူ၏ အမြင်အာရုံတွင် စွဲကပ်နေပုံရသည်။

ထိုလူ၏ အေးစက်ပြီး နီမြန်းသော မျက်လုံးများက စိတ်ချထား၍မရခြင်း နှင့် လျစ်လျူရှုခြင်းတို့ကို သယ်ဆောင်ထားသည်။သူက အပေါ်စီးမှ အောက်သို့ ငုံ့ကြည့်နေပြီး သူ့အကြည့်ဦးတည်ရာကို ဖြည်းဖြည်းချင်း ပြောင်းလိုက်၏။

တစ်ဖက်လူ၏ မျက်နှာအသွင်အပြင်ကို အလွန်ရင်းနှီးနေသည်။ ၄င်းက ယဲ့ကျား၏ မှတ်ဉာဏ်ထဲမှ တစ်ယောက်နှင့် ဖြည်းဖြည်းချင်း တစ်ထပ်တည်းကျလာသည်။

သူတို့အကြည့်ချင်း ဆုံမိလိုက်ချိန်တွင် သွေးအေးသတ္တဝါတစ်ကောင်မှ သူ့အား စိုက်ကြည့်နေသကဲ့သို့ ခံစားလိုက်ရသည်။သူက မျက်လုံးချင်းဆုံရာမှ အကြည့်လွှဲပစ်လိုက်သော်လည်း ထိုမှတ်ဥာဏ်ကြောင့် တုန်လှုပ်နေဆဲသာ။

….အိုး မဟုတ်တာ မဟုတ်ဘူး မဖြစ်နိုင်ဘူး ။

ယဲ့ကျားအနေဖြင့် ယခုအချိန်တွင် အဘယ့်ကြောင့် မုန်းတီးမှုအဆင့်သတ်မှတ်ချက်တွင် ရှိနေရသည်ကို ကောင်းစွာသိသွားတော့သည်။

သူမှမဟုတ်ရင် ဘယ်သူဖြစ်မှာလဲ!

သူနှင့်ပတ်သက်သော အချက်အလက်များအတွက် ဆုလက်ဆောင်တစ်ခု ကမ်းလှမ်းခြင်းကလား။ ၁၀၀%သေချာနေသည်မှာ သူက တခြား စွမ်းအားကြီးတစ္ဆေများ၏ လက်ကို မငှားချင်ဘဲ သူ့ကို ကိုယ်တိုင်ကိုယ်ကျဖမ်းပြီး ညှဉ်းပန်းနှိပ်စက်ချင်သောကြောင့်ပင်။

ကျောက်တုံးကြီး၏ အခြားတစ်ဖက်တွင် ဂူကြီးတစ်ခုလုံး တုန်လှုပ်နေသည်။မရေမတွက်နိုင်သော စွမ်းအားကြီးတစ္ဆေများ၏ အော်ဟစ်ငိုကြွေးသံများ ပဲ့တင်ထပ်နေ၏။

ယဲ့ကျားအနေဖြင့် တိုက်ပွဲတွင်းသို့ တစ္ဆေစွမ်းအင်အသစ်တစ်ခု ရောက်ရှိလာသည်ကို ခံစားသိရှိနိုင်သည်။

ထိုသူက ကျီရွှမ်၏ လက်အောက်ငယ်သားဖြစ်နိုင်သည်။

သူက ကျောက်တုံးကို မှီနေရင်း တည်ငြိမ်အောင်လုပ်ကာဖြင့် အပြင်ဘက်ကို ဂရုတစိုက် စစ်ဆေးလိုက်သည်။

လှိုဏ်ဂူမှာ ကမောက်ကမဖြစ်နေပြီး သွေးအရိုးငါး ပြုလုပ်ထားသော သွေးပင်လယ်မှ ပြင်းထန်သော သတ္တုအနံ့များ ထွက်ပေါ်လာသည်။ ကျီရွှမ်၏ လက်အောက်ငယ်သားများက တိုက်ပွဲကွင်းပြင်ထဲသို့ ရောက်ရှိနေကြပြီဖြစ်ပြီး ပုန်ကန်ရန် ကြံစည်ကြသည့် စွမ်းအားကြီးတစ္ဆေများနှင့် တိုက်ခိုက်နေကြသည်။

အပေါ်ဘက်လေထဲတွင်မူ ကျီရွှမ်က သူ့အကြည့်များကို ပြန်ရုပ်သိမ်းလိုက်သည်။ ထိုအခိုက်အတန့်တွင် သူက သူ၏အိမ်မွေးတိရစ္ဆာန်မှ ပင့်ကူဘုရင်မအား တိုက်ခိုက်နေသည်ကို စိတ်ဝင်တစား ကြည့်နေသည်။

သူက ယဲ့ကျားရှိနေသည်ကို သတိမထားမိပုံပင်။

ယဲ့ကျားက သက်ပြင်းတစ်ချက်ချလိုက်သည်။

ကျေးဇူးပါ ဘုရားသခင်

သူက ယခုတွင် အလွန်ဝေးကွာနေပြီး သူ၏ လက်ရှိရနံ့ကလည်း အရင်ကနှင့် လုံးဝမတူပေ။ သူ့မျက်နှာမှာ တစ္ဆေစွမ်းအင်အလွှာများစွာ ဖုံးလွှမ်းထားသဖြင့် ယုတ္တိကျကျပြောရလျှင် တစ်စုံတစ်ယောက်က အကြည့်တစ်ချက်လောက်ကြည့်ရုံဖြင့် မည်သည့်အရာကိုမျှ သတိထားလိမ့်မည်မဟုတ်ပေ။

သူက အကြည့်လွှဲကာ လှိုဏ်ဂူအောက်ဘက်သို့ ကြည့်လိုက်သည်။

မိနစ်အနည်းငယ်အတွင်းမှာပင် ပင့်ကူစစ်သားများစွာက တိုက်ပွဲဝင်ရန် အဖက်ဖက်မှ ရောက်လာပြီး ပို၍များပြားလာခဲ့သည်။

လေထဲတွင် ယင်စွမ်းအင်များ အလွန်ထူထပ်နေသည်။၄င်းက ဓားနှင့် ခုတ်ဖြတ်ခံနေရသကဲ့သို့ပင် ခံစားရသည်။ ကြောက်မက်ဖွယ် သားရဲများနှင့် စွမ်းအားကြီးတစ္ဆေများ၏ အနံ့ဆိုးများ ရောထွေးနေသည်။ သူတို့က အလွန်သန်မာရာ ယင်းက မီတာရာနှင့်ချီသော ဧရိယာကို ကျတ်တီးမြေအဖြစ်သို့ ပြောင်းလဲရန် လုံလောက်သည်။

သွေးများ၊ အကျိအချွဲများ၊ ပြတ်တောက်နေသည့်ခြေလက်များ ၊ အစွယ်များ နှင့် ကြေမွ၍နေသောအသားများ ။ အရာအားလုံးက ရောနှောနေကာ တစ်ခုနှင့်တစ်ခု မခွဲခြားနိုင်လောက်သည်အထိ ဖြစ်နေသည်။

ဤအရှုပ်အထွေး၏အလယ်တွင် ဧရာမပင့်ကူဘုရင်မကြီးရှိနေသည်။

သူမ၏ ခန္ဓာကိုယ်မှာ လေးလံလွန်းလှသည်။ သူမ၏ ခြေလှမ်းတိုင်းက နေရာကို ပြင်းထန်စွာ တုန်လှုပ်သွားစေခဲ့သည်။

သူမက အလွန်ဒေါသထွက်နေပုံရပြီး သူမ၏ နဂိုလှပသော မျက်နှာအား ပုံပျက်နေသောမျက်နှာက ဖုံးကွယ်ထားသည်။ သူမ၏ မျက်နှာအောက်တစ်ခြမ်းရှိ အရေပြားသည် ရှုံ့တွနေပြီး နားရွက်အရင်းအထိ ဆန့်ထွက်နေကာ ထက်မြသော အစွယ်များမှာ ပတ်ပတ်လည်တွင် ကူးခတ်နေသော သွေးအရိုးငါးကို ပြင်းပြင်းထန်ထန် ကိုက်ခဲထားသည်။

သွေးအရိုးငါးက လှည့်ပတ်ကူးခတ်နေပြီး မမြင်နိုင်သောလက်နက်တစ်ခုကဲ့သို့ သူလှည့်ပတ်လိုက်တိုင်း ပင့်ကူဘုရင်မထံတွင် နက်နဲသောအပေါက်တစ်ခုအား ချန်ထားခဲ့၏။

အကြိမ်အနည်းငယ်ကြာပြီးနောက် ပင့်ကူမိခင်၏ ကြီးမားသောဝမ်းဗိုက်ကြီးတွင် ဒဏ်ရာများဖြင့် ဖုံးလွှမ်းသွားသည်။

စိမ်းဝါရောင် အရည်ပျစ်ပျစ်များ ထွက်ကျလာသည်။ လဲကျသွားသည့် အခိုက်တွင် မြေပြင်များ ကြေမွသွားသကဲ့သို့ စူးရှသော အသံတစ်ခု ထွက်ပေါ်လာ၏။

အနံ့ဆိုးများမှာ လေထုထဲတွင် စိမ့်ဝင်နေသည်။

ပင့်ကူဘုရင်မက အလွန်ဒေါသထွက်နေပုံရသည်။

သားရဲများအနေဖြင့် ဒေါသထွက်နေချိန်တွင်  အားအနည်းဆုံးဖြစ်သည်။ဤအချိန်က လုပ်ဆောင်ရန် အကောင်းဆုံး အချိန်ပင်။

ကံမကောင်းစွာဖြင့် ကျီရွှမ်၏ရောက်ရှိမှုကြောင့် ယဲ့ကျားမှာ ပင့်ကူဘုရင်မကိုသတ်ရန် စီစဥ်ထားသည့် သူ၏ယခင်အစီအစဉ်ကို စွန့်လွှတ်ခဲ့ရသည်။

နောက်ဆုံးတွင် ပင့်ကူဘုရင်မမှာ အားနည်းသွားပြီး အရေးမသာနိုင်တော့သော်လည်း ကျီရွှမ်ရှေ့တွင် သူ့ကိုယ်သူ ထုတ်ဖော်ပြသခြင်းက အလွန်ပညာမဲ့ရာကျသည်။ အထူးသဖြင့် တစ်ဖက်လူ၏အင်အားကို မတွက်ဆရသေးသည့်အချိန်တွင်ဖြစ်သည်။

သွေးအရိုးငါးသည် ပင့်ကူဘုရင်မ၏ တိုက်ခိုက်မှုကို လျင်မြန်စွာ ရှောင်ရှားခဲ့ပြီး သူမနောက်သို့ ကူးခတ်သွားခဲ့သည်။

“ဝှစ်—–”

ယင်းမှာ သေးငယ်ပြီး ချွန်ထက်သော တစ်စုံတစ်ရာ ဖြတ်သန်းလာသည့် အသံဖြစ်သည်။

ပင့်ကူဘုရင်မ၏ ဗိုက်ထဲမှ ဥအိတ်ပေါ်တွင် ဒဏ်ရာပါးပါးလေးတစ်ခု ပေါ်လာပြီး ယင်းကကြီးလာသည်။ ၄င်းက အလွန်လျင်မြန်စွာ အက်ကွဲလာပြီး ပွင့်သွားကာ စေးပျစ်သော အရည်နှင့် လက်သီးအရွယ် ရောင်စုံဥများမှာ ရေတံခွန်ကဲ့သို့ သွန်ကျလာသည်။

“အား——–“

သူမက ဒေါသတကြီးဖြင့် နာကျင်စွာ အော်ဟစ်လိုက်သည်။ သူမ၏ စူးရှသော အသံသည် လေထဲတွင် တဟုန်ထိုး လှိုင်းထလာကာ လူတိုင်း၏ နားများကို နာကျင်သွားစေသည်။

ဥများ မြေပေါ်ကျသည်နှင့်တပြိုင်နက် ဥအများအပြား ကွဲသွားသည်။မကြီးထွားသေးသော ပင့်ကူဖြူဖြူလေးများက ၎င်းတို့၏ နက်မှောင်သော အပြင်ဘက်ခွံများမှ  ရုန်းကန်ကာထွက်လျက် လျင်မြန်စွာ ထွက်ပြေးသွားကြသည်။

ယဲ့ကျား၏ မျက်လုံးများ အနည်းငယ် တောက်ပလာသည်။

ရပြီကွ။

သူက သူ၏ပခုံးပေါ်တွင် တချိန်လုံး ငြိမ်သက်စွာ လှဲလျောင်းနေသော လက်မဲလေးကို လှည့်ကြည့်ကာဖြင့် ကြင်နာတတ်ပုံရသော အပြုံးကို ထုတ်ဖော်လိုက်သည်။

လက်မဲလေး ''.....''
ငါက လူသားမဟုတ်ပေမယ့် မင်းကတော့ သေချာပေါက် ခွေးတစ်ကောင်ပဲ။

သူက သူ့လက်ချောင်းများအား အလျင်အမြန်လှုပ်ခါလိုက်ရာ နောက်ဆက်တွဲ ပုံရိပ်များကို ပင်မြင်နိုင်သည်။

"စဥ်းတောင် မစဉ်းစားနဲ့!! မသွားဘူး!!!"

အဲ့တာက Sအဆင့် မကောင်းဆိုးဝါးကြီးလေ။

ပြီးတော့လည်း အပေါ်မှာ ကင်းကစောင့်ကြည့်နေသေးတယ် ဒါက တစ်ခါတည်းသေတွင်းထဲ တွန်းပို့နေတာမဟုတ်ဘူးလား။

ယဲ့ကျားက ပြုံးပြီး ညင်သာစွာ ချော့မော့လိုက်ကာ

“ငါ မင်းကို သူတို့ဆီ ချဉ်းကပ်ဖို့ လိုအပ်တာတာ မဟုတ်ပါဘူး သားဥအိတ်ထဲက အရည်တွေ ထွက်နေပြီ မင်းက မြေပြင်ပေါ်က အရည်တွေကို စုဆောင်းပြီး ငါ့ဆီ ယူလာဖို့ပဲ လိုတယ်”

"မသွားဘူး!!"

လက်မဲလေးက ယဲ့ကျား၏ပခုံးပေါ်တွင် တုန်လှုပ်နေသည်။

ယဲ့ကျား : "ဒီအရည်ကို ငါသေချာပေါက် လိုအပ်နေတာ''

လက်မဲလေး : ''ဒါဆို ကိုယ့်ဟာကိုယ်သွားလေ''

"ဒါပေမယ့်"

ယဲ့ကျားက ဆက်ပြောသည်။
"လက်ရှိအခြေအနေအရ မင်းရဲ့ ကင်းနဲ့ ငါက နက်ရှိုင်းတဲ့ရန်ငြိုးတွေရှိတဲ့ပုံပဲ ငါသွားရင် ငါ့ကို ဖမ်းသွားမှာပေါ့''

လက်မဲလေး ''....''

သူက ဆိုးရွားသည့် ခံစားချက်တစ်ခုအားရရှိလိုက်သည်။

ယဲ့ကျားက ဖြည်းညှင်းစွာ မေးလိုက်သည်။

"မင်းငါ့ကို ဒီလိုမျိုး အချိန်တိုင်းကူညီပေးနေတာသိရင် သူဘယ်လိုတုံ့ပြန်မယ်ထင်လဲ"

လက်မဲလေးက ခါးသက်စွာဖြင့် ပြန်စွပ်စွဲလိုက်သည်။

''ဒါပေမယ့် အဲ့ဒါက ဘော့စ် ကျွန်တော့်ကိုခြိမ်းခြောက်လို့လေ''

ပင်လယ်ဓားပြသင်္ဘောပေါ်သို့ တစ်ခါမျှ မှားတက်မိသည်နှင့် သူ၏ ဂုဏ်သိက္ခာအား ဆုံးရှုံးရမည်ပင်။

သူက သူလျှိုတစ္ဆေတစ်ကောင် မဖြစ်ချင်ပါဘူးနော်!!

ယဲ့ကျားက နှုတ်ခမ်းတို့အားကွေးကာ ခပ်ညစ်ညစ်လေး ပြုံးလိုက်သည်။

"ဒါပေမယ့် ငါ့ရဲ့အဆုံးသတ်က ကိစ္စကြီးမဟုတ်ဘူးလား"

သူက ဖြည်းညှင်းစွာပြောလိုက်သည်။

"ငါတို့က အပေါင်းအဖော်ကောင်းတွေ အသင်းဖော်တွေ၊ ပြီးတော့ မင်းက သူနဲ့ပတ်သက်တဲ့ အရာအားလုံးကို ပြောပြတဲ့သူပါဆိုပြီး သူ့ကိုပြောလိုက်မယ်၊ ရာဇ၀တ်မှုကျူးလွန်တဲ့နေရာမှာ ငါ့ရဲ့ အရင်းနှီးဆုံးလုပ်ဖော်ကိုင်ဖက်အနေနဲ့ ငါခံရမယ့် ဘေးဒုက္ခနဲ့တူတဲ့ အထူးပြစ်ဒဏ်တွေကို မင်းကြိုက်လိမ့်မယ်ဆိုတာ သေချာတယ်''

လက်မဲလေး ''.....''

……အရမ်း မကောင်းဆိုးဝါးဆန်တာပဲ။

ဒီလူက နတ်ဆိုးဆန်ချက်!!!

လက်မဲလေး တုံ့ဆိုင်းနေသည်ကို မြင်လိုက်ရသဖြင့် ယဲ့ကျားက မီးထဲသို့ ဆီထပ်လောင်းထည့်လိုက်သည်။

"ဒီတစ်ခါ မင်းငါ့ကို ကူညီရင် မင်းရဲ့ဂိမ်းအတွက် ရွှေဝယ်ဖို့ နောက်လကျရင် ငါ့လုပ်အားခထဲက ငွေငါးဆယ်ကို ဖယ်ထားပေးမယ်"

နောက်ဆုံးတွင်မူ လက်မဲလေးမှာ ယဲ့ကျား၏ ဖျားယောင်းမှုအောက်သို့ ရောက်သွားကာ သူ့ရင်ဘတ်သူ ထုလိုက်ပြီး အံကြိတ်၍

''ကျွန်...ကျွန်တော်လုပ်မယ်''

ယဲ့ကျားက သူ့နှုတ်ခမ်းထောင့်စွန်းက အပြုံးကို သိမ်းမထားနိုင်ဘဲ

"ကံကောင်းပါစေ''

သူက လက်မည်းလေး၏ ခန္ဓာကိုယ်ထဲသို့ ကိုယ့်ကိုယ်ကို ကောင်းစွာ ဖုံးကွယ်ထားနိုင်စေရန် ယင်စွမ်းအင် အလွှာအနည်းငယ်အား ထပ်ထည့်ပေးလိုက်သည်။

"မင်းကို ငါ အများကြီး မျှော်လင့်ထားတယ်နော်''

လက်မဲလေး : ''......''

အဟက် ခွေးကောင် မင်းကိုငါ ဖောက်ထွင်းမြင်နိုင်တယ်ကွ။

သူက သူ့ကိုယ့်သူ မြေကြီးနှင့် ဖိကပ်ကာ ရှေ့သို့ ဖြည်းညင်းစွာ တွားသွားလိုက်သည်။

ယဲ့ကျားက အသက်ပင် ရဲရဲမရှူနိုင်ဘဲ စောင့်နေခဲ့သည်။

ငါးမိနစ်ကြာပြီးနောက်

လက်မဲလေးက မကွဲသေးသော ဥတစ်လုံးကို ကိုင်ထားပြီး ကြောက်လန့်တကြား အမြန်ပြန်ဆုတ်လာသည်။ အတွင်းမှ ပင့်ကူဖြူမှာ လက်သီးဆုပ်ထဲတွင် ပြင်းထန်စွာ ရုန်းကန်နေသဖြင့် ထိန်းထားရန် မဖြစ်နိုင်သလောက်ပင်။ အလွန်အမင်း ထိတ်လန့်တုန်လှုပ်နေသည့် ရလဒ်ကြောင့် ထိုအသံက စူးခနဲ ထွက်သွားသည်။

"မြန်မြန် မြန်မြန် မြန်မြန်!"

ဥမပြုတ်ကျခင်တွင် ယဲ့ကျားက မြန်မြန်ဖမ်းယူလိုက်သည်။

သူ့လက်ဖဝါးမှ ယင်စွမ်းအင်အလွှာတစ်ခု ထွက်လာပြီး ကြည်လင်သော ဥအား ဖုံးအုပ်လိုက်သည်။

မကြာမီတွင် အတွင်းမှ ကြည်လင်သော တစ္ဆေ မျက်နှာပင့်ကူသည် ရုန်းကန်နေရာမှ ရပ်တန့်သွားသည်။

ယဲ့ကျား သက်ပြင်းတစ်ချက်ချလိုက်သည်။

ယင်းအား သူ့အိတ်ကပ်ထဲထည့်လိုက်ပြီး လက်မဲလေးကို သူ့ပုခုံးထက်သို့ ပြန်တင်လိုက်သည်။

"သွားရအောင်"

ယဲ့ကျားက သူ့နောက်မှ လမ်းကြောင်းတစ်ခုသို့ တိတ်တဆိတ် ဝင်ရောက်လိုက်သည်။ သူက သမုဒ္ဒရာထဲသို့ ခြေရာကောက်မရအောင် ပျောက်ကွယ်သွားသည့် ရေတစ်စက်ကဲ့သို့ ပေါ့ပါးစွာ ရွေ့လျားသွားသည်။

လမ်းကြားလေးရှိ မြေပြင်သည် ကြမ်းတမ်းပြီး ချော်ထွက်နေသည်။ ညစ်ညမ်းသောလေထုမှာ အသက်ရှူကြပ်စေသည့် သွေးနံ့များဖြင့် ပြည့်နှက်နေပြီး သူ့ပါးစပ်ထဲ၌ သံချေးကဲ့သို့ အရသာတစ်ခုပင် ကျန်ခဲ့သည်။

သို့သော် ဤသည်မှာ ယဲ့ကျားအတွက် ပိုကောင်းသောအရာ ဖြစ်သည်။

သွေးပင်လယ်ဖြင့် ဆေးကြောပြီးနောက်တွင် ပင့်ကူအိမ်အများစုက မျောပါသွားသောကြောင့် သွားလာရ လွယ်ကူစေသည်။

ဂူမှာ ရံဖန်ရံခါ တုန်ခါနေပြီး အပေါ်မှ အပျက်အစီးများ ပြိုကျလာသည်။ ထူထဲသော ကျောက်နံရံတလျှောက်တွင် ပင့်ကူဘုရင်မ၏ ဟိန်းဟောက်သံများနှင့် အခြားသော စွမ်းအားကြီးတစ္ဆေများ၏ အော်ဟစ်သံများကို ယောင်ဝါးဝါး ကြားနေရဆဲ ဖြစ်သည်။

စစ်ပွဲက အလွန်ပြင်းထန်ကြောင်း ထင်ရှားသည်။

ယဲ့ကျားက အနှောက်အယှက် ကြီးကြီးမားမား မရှိဘဲ လမ်းကြောင်းအားလုံးကို ဖြတ်သွားနိုင်ခဲ့၏။


သူက လမ်းတစ်လျှောက်တွင် ကြုံတွေ့ရသော တစ်ကောင်တည်းဖြစ်နေသည့် ပင့်ကူတပ်သားအချို့အား ချောချောမွေ့မွေ့ သတ်ဖြတ်ခဲ့ပြီး သူ၏မှတ်ဉာဏ်ထဲမှ ထွက်ပေါက်ဆီသို့ စမ်းတဝါးဝါး သွားလိုက်သည်။

သူ၏ ရှေ့တည့်တည့်တွင် အမှောင်တစ်ချို့ကို ဖောက်ထွင်းဝင်လာသော အလင်းဖျော့ဖျော့အား တွေ့လိုက်ရသည်။

ယဲ့ကျား တက်ကြွလာသည်။

ရောက်တော့မယ်။

ထိုအချိန်တွင် သူ့နောက်မှ ကျယ်လောင်သော ပေါက်ကွဲသံတစ်ခု  ရုတ်တရက်ထွက်ပေါ်လာသည်။ လှိုဏ်ဂူကြီးတစ်ခုလုံး ပြင်းထန်စွာ တုန်ခါသွားခဲ့ပြီး ရုတ်တရတ်လှုပ်ခတ်မှုကြောင့် ယဲ့ကျားပင် အနည်းငယ် ယိုင်သွားခဲ့သည်။

ထို့နောက်တွင် သေလောက်သည့် တိတ်ဆိတ်မှုက ကပ်ပါလာ၏။

ယဲ့ကျားက သူ့နောက်မှ အမှောင်ထုအား ပြန်လှည့်ကြည့်လိုက်ရင်း  ဆိုးရွားသောခံစားချက်တစ်ခု ဖြစ်လာ၏။

အစောပိုင်းမှ ဟိန်းဟောက်သံများ ပျောက်ကွယ်သွားပြီး တိတ်ဆိတ်မှုသာ ကျန်ရစ်ခဲ့သည်။

လက်မဲလေးက ယဲ့ကျား၏ ကော်လာအောက်မှ ခေါင်းထောင်လာကာ အသံသေးသေးလေးဖြင့် မေးလိုက်သည်။

"ဘာကိစ္စရှိလို့လဲ"

ယဲ့ကျား ခေါင်းယမ်းလိုက်သည်။ စက္ကန့်အနည်းငယ်အကြာတွင် သူက ပြောလိုက်သည်။

“တိုက်ပွဲပြီးသွားပြီ”

''ရေး...!'' လက်မည်းလေးက အသံသေးသေးလေးဖြင့် အားပေးလိုက်သည်။'
'ဘယ်သူနိုင်သွားလဲ သိချင်လိုက်တာ''

အခွင့်အလမ်း အလွန်နည်းသော်လည်း ယဲ့ကျားအနေဖြင့်  ပင့်ကူဘုရင်မ အနိုင်ရသွားရန် စိတ်ရင်းမှန်ဖြင့် မျှော်လင့်မိသည်။

ထိန်းချုပ်နိုင်သည့် အားနည်းသောရန်သူမှာ ခွန်အားကိုတိုင်းတာရန်ခက်ခဲပြီး သူ့အပေါ် နက်နဲသောရန်ငြိုးရှိသည့် ရန်သူထက်တော့ များစွာပိုကောင်းသည်။

—- မည်သို့ပင်ဆိုစေကာမူ သူ့အနေဖြင့် အနည်းဆုံး သူ၏ အဓိက ရည်မှန်းချက်ကို အောင်မြင်ခဲ့သည်။

ယဲ့ကျားက အိတ်ကပ်အတွင်းမှ လေးလံသောအလေးချိန်ကို ခံစားနေရပြီး ထွက်ပေါက်ဆီသို့ ဆက်သွားခဲ့သည်။

ညလေက ခြောက်သွေ့သောလေများကို ဂူထဲသို့ ပို့ပေးနေသည်။

သို့သော် အကြောင်းတစ်ခုခုကြောင့် လေထဲတွင် ယင်စွမ်းအင်များ ရုတ်တရက် ပိုအားကောင်းလာသည်။

ယဲ့ကျားက အရှိန်လျှော့လိုက်သည်။

ရုတ်တရက် လှိုဏ်ဂူအ၀င်ဝရှိ အမှောင်ထုထဲတွင် စွမ်းအားကြီးတစ္ဆေတစ်ကောင်၏ပုံရိပ်က ရုတ်ချည်းပေါ်လာသည်။

ထိုအရာက အရိပ်တစ္ဆေဖြစ်သည်။ အရိပ်တစ္ဆေများအကြောင်းမှာ ဒဏ္ဍာရီများကဲ့သို့ပင်။ သူတို့က ခြေရာဖျောက်ပြီး ပုန်းရာ၌ အမြဲတမ်း အတော်ဆုံးဖြစ်ခဲ့သည်။

၎င်း၏ မျက်နှာသွင်ပြင်က ဝေဝါးနေသည်မှာ လေပြင်းတိုက်၍ လွင့်စင်သွားနိုင်သော မီးခိုးငွေ့များဖြင့် ပြုလုပ်ထားသကဲ့သို့ဖြစ်သည်။

ယဲ့ကျားက သူ့ရှေ့မှ စွမ်းအားကြီးတစ္ဆေအား သတိထားပြီး စိုက်ကြည့်နေသည်။ အေးစက်သောအလင်းတန်းတစ်ခု သူ့လက်ချောင်းထိပ်တွင် ပေါ်လာပြီး တစ်ဖက်လူကို ကိုင်တွယ်ဖြေရှင်းရန် နည်းလမ်းပေါင်းများစွာက သူ့စိတ်ထဲတွင် ပြေးလွှားနေသည်။

ကံဆိုးစွာပင် သူတို့က လုံလောက်အောင်မမြန်ပေ။

အရိပ်တစ္ဆေက ယဲ့ကျားကို ကြည့်နေသည်။ သို့မဟုတ်ပါက ယဲ့ကျား၏ ဦးတည်ရာကို ကြည့်နေခြင်းဖြစ်နိုင်သည်။

"မင်း ငါတို့ ကင်းကို လုပ်ကြံဖို့ စီစဥ်ရဲတယ်... မင်းထွက်ချင်တိုင်း ထွက်သွားနိုင်မယ်လို့ ထင်နေတာလား''

ဒါက ကျီရွှမ်ရဲ့ လက်အောက်ငယ်သားပဲ

ယင်းက တကယ့်ကို ယဲ့ကျားပြေးဝင်မသွားလိုသည့် တစ်စုံတစ်ယောက်ပင်။

သူ တုံ့ဆိုင်းမနေတော့ဘဲ သူ့သွားရာလမ်းကို ပိတ်ဆို့နေသော အရိပ်တစ္ဆေကို တိုက်ခိုက်လိုက်သည်။ ယင်စွမ်းအင်ကြောင့် သူ့ပုံသဏ္ဍာန်မှာ မှုန်ဝါးကာ လျင်မြန်စွာ လှုပ်ရှားသွားခဲ့သည်။

အရိပ်တစ္ဆေမှ တိုက်ခိုက်ရန် အသင့်ပြင်နေချိန်တွင် သူတိုက်ခိုက်ရန် ကြံရွယ်နေသော ယဲ့ကျား ရုတ်တရက် ဝါးတားတားဖြစ်သွားသည်ကို သူမြင်လိုက်ရသည်။ သူ့လုပ်ရပ်များက အမှန်တွင် ဟန်ဆောင်နေခြင်းဖြစ်သည်။ သူ၏ အမှန်တကယ် ရည်ရွယ်ချက်မှာ အရိပ်တစ္ဆေ၏ နောက်ကွယ်မှ လွတ်နေသော နေရာဆီသို့ တည့်တည့် ပြေးသွားခြင်းသာဖြစ်၏။

ပရမ်းပတာဖြစ်နေချိန်တွင် အရိပ်တစ္ဆေက သူ့ကို တားဆီးရန် ကြိုးစားလိုက်သည်။

သို့သော် ၎င်းမှ မည်သည့်တိုက်ခိုက်မှုကိုမျှ မလုပ်ရသေးမီတွင် ၎င်း၏ခြေလက်များတွင် စူးရှသောနာကျင်မှုကို ရုတ်တရက် ခံစားခဲ့ရသည်။

“အား—–”

အရိပ်တစ္ဆေက ထအော်လိုက်သည်။သူက ရင်ထဲမှနေ၍ ကြောက်ရွံ့သွားသည်။

ဒီလိုထူးဆန်းတဲ့တစ္ဆေကောင်ကြောင့် တကယ်ပဲနာကျင်သွားရတာလား

ထိုတစ်ဒင်္ဂတွင် တစ်ဖက်လူက သူ့အား မည်သို့ နာကျင်စေလိုက်သည်ကိုပင် မမြင်လိုက်ရပေ။

ယဲ့ကျားက တိုက်ခိုက်ခြင်းအား အားပေးအားမြှောက်လုပ်တတ်သူမဟုတ်ပေ။ ထိုအစား သူက ဂူပေါက်ဝဆီသို့သာ ပြေးလွှားနေခဲ့သည်။

ရုတ်တရက် သူ့နှာခေါင်းထဲကို သွေးနံ့များရောက်လာသည် ။

သေစမ်း———!

ယဲ့ကျားတစ်ယောက် အံ့သြသွားရသည်။ သူ့ကိုယ်ထဲတွင်ရှိနေသော တိုက်ပွဲဗီဇက သတိပေးနှိုးဆော်သံများ ပေးပို့လာသည်။ချက်ချင်းပင် သူက နေရာတွင် ရပ်လိုက်သည်။

မရပ်တန့်လိုက်မိပါက နောက်တစ်စက္ကန့်တွင် သူရောက်နေလောက်မည့်နေရာ၏ အောက်ဘက်တွင် ဆိတ်ဦးခေါင်းခွံအဖြူရောင် တစ်ခုက သွေးအိုင်ထဲမှ တဖြည်းဖြည်း ထွက်ပေါ်လာသည်။

ကြောက်မက်ဖွယ် ကြီးမားလှသော ခန္ဓာကိုယ်ကြီးသည် သူ့ရှေ့ရှိ နေရာအားလုံးကို သိမ်းပိုက်လိုက်လေသည်။

၎င်း၏ ခန္ဓာကိုယ်တစ်ဝက်က အပြင်ဘက်တွင်ရှိပြီး ကျန်တစ်ပိုင်းမှာ မြေအောက်၌ နစ်မြုပ်နေဆဲဖြစ်သည်။ နံရိုးများမှ သွေးပျစ်ပျစ်များ စီးကျနေပြီး အောက်ရှိ ချော်နေသော ကျောက်ဆောင်များပေါ်သို့ ကျသွားသည်။

မှောင်မိုက်နေသည့် မျက်လုံးခေါင်းပေါက်များက ယဲ့ကျားကို တိတ်တဆိတ် စိုက်ကြည့်နေသည်မှာ သားရဲတစ်ကောင်က သူ့ကို စိုက်ကြည့်နေသကဲ့သို့ ခံစားရစေသည်။

သွေးအရိုးငါးကြီးပင်ဖြစ်သည်။

၄င်းသည် Sအဆင့် ပင့်ကူဘုရင်မနှင့် ယှဉ်နိုင်သော မကောင်းဆိုးဝါးတစ်ကောင်ဖြစ်ပြီး သူကပင် အသာစီး ရနိုင်ခြေရှိသည်။

သို့သော် ယခုအချိန်မှာ ဤအရာအား စဥ်းစားရမည့် အချိန်မဟုတ်သေးပေ။

ယဲ့ကျားက အံကြိတ်လိုက်ပြီး အရာအားလုံးကို အရေးမစိုက်ပဲ ထွက်ပြေးဖို့ရာ အဆင်သင့်ဖြစ်နေပြီဖြစ်သည်။

အေးစက်သော အလင်းရောင်တစ်ခုက သူ့လက်ချောင်းထိပ်တွင် တောက်ပနေကာ ဓားရှည်တစ်ချောင်းက ဖြည်းညင်းစွာ ထွက်ပေါ်လာပြီး ဂူအတွင်းမှ အမှောင်ထု ဖြတ်တောက်ပစ်လိမ့်မည်ဟုပင် ထင်ရသည်။

ရုတ်တရက် သူ့အနောက်မှနေ၍ အသံတစ်ခု ထွက်လာသည် ။ပြောလာသောစကားများမှာ  အဆောတလျင်မရှိသည့်အပြင် အေးစက်ပြီး ရွှင်မြူးသော လေသံအား သယ်ဆောင်ထားကာ ကြားရသူများအား ထိတ်လန့်တုန်လှုပ်သွားစေသည်။

"မင်းဘယ်သွားမလို့လဲ"

အမျိုးသား၏ အသံမှာ တိုးညင်းပြီး ညို့ဓာတ်ပါဝင်နေသည်။ ယင်းက လေထုထဲတွင် မမြင်နိုင်လုနီးပါး တုန်ခါမှုတစ်ခု ဖြစ်ပေါ်စေခဲ့သည်။

—-သူ့အသံက အလွန်သာယာနာပျော်ဖွယ် ကောင်းသည်။သို့သော်လည်း ၄င်းက ယဲ့ကျား ဤကမ္ဘာတွင် နောက်ဆုံး ကြားချင်သည့် အသံဖြစ်နိုင်သည်။

ယဲ့ကျား၏ အမြက်အာရုံက ချက်ချင်း မည်းမှောင်သွားသည်။

ငိုးပဲ...

ကျီရွှမ်


Xxx