အပိုင်း ၂၂
Viewers 10k

Chapter 22



ဒေါက်...


ဒေါက်...


‌ခြေသံများ တဖြည်းဖြည်း နီးကပ်လာပေသည်။ ‌ထိုခြေသံများက ကျောက်နံရံများဖြင့် ၀န်းရံထားသော ကျဉ်းမြောင်းသည့် လမ်းတစ်လျှောက် ကျယ်လောင်စွာ ပဲ့တင်ထပ်နေသည်။ ခြေလှမ်းတိုင်းက သူ့နှလုံးသား‌ပေါ်သို့ နင်းလျှောက်လာသည်ဟု ထင်ရလေသည်။

ထိုအမျိုးသား၏ ပြင်းထန်သော တည်ရှိမှုက သံလုံက်တစ်ခုလိုပင်ဖြစ်သည်။ ယဲ့ကျား လှည့်မကြည့်သော်လည်း တစ်ဖက်လူ နီးကပ်လာသည်ကို ခံစားနေရသည်။

ယဲ့ကျား၏ကျော တောင့်တင်းသွားလေသည်။

သူ့စိတ်ထဲတွင် မရေမတွက်နိုင်သော အတွေးများစွာက လျင်လျင်မြန်မြန် ပျံသန်းနေပြီး ရှုပ်ယှက်ခတ်နေလေသည်။

အရိပ်တစ္ဆေက သူ့နောက်မှ အမျိုးသားကို လေးနက်စွာ ဦးညွတ်ဂါ၀ရလိုက်သည်။


“ကင်း...”

ယဲ့ကျား အံကြိတ်လိုက်ပြီး နောက်သို့ လှည့်လိုက်ကာ လုပ်ထုံးလုပ်နည်းအတိုင်း လေးလေးနက်နက် ဦးညွတ်ဂါ၀ရ ပြုလိုက်လေသည်။

"ကင်း...”

ထိုအမျိူးသားက သူ၏ တုံ့ပြန်မှုကြောင့် အံ့ဩသွားပုံပေါ်ပြီး ခြေသံများ ရပ်တန့်သွားလေသည်။

သို့သော် အကွာအဝေးက အလွန်နီးကပ်နေလေသည်။

ထို့ကြောင့် ယဲ့ကျား တစ်ဖက်လူ၏ ခန္ဓာကိုယ်မှ ထွက်လာသော အနံ့ကို အနံ့ခံနိုင်လေသည်။ ထိုအနံ့က လူအစုလိုက်အပြုံလိုက်‌သေဆုံးနေသော သွေးစွန်း‌‌နေသည့် ပင်လယ်ကို ဖြတ်သန်းပြီးနောက်ရစ်ဝဲကပ်ပါလာသော ထူထဲသည့် သွေးနံ့ဖြစ်သည်။

သူ ဂိမ်းကို နှစ်အတော်ကြာ ကစားပြီးနောက် ထိုအနံ့နှင့် ရင်းနှီးနေပြီဖြစ်သည်။ ယဲ့ကျား ထိုအခိုက်အတန့်တွင် ကူရာမဲ့စွာ ထိတ်လန့်နေမိသည်။

“ဟမ်...”

ထိုအမျိုးသား၏ တိုးညှင်းသော အသံတစ်သံ သူ့ခေါင်းထက်မှ ထွက်ပေါ်လာလေသည်။ ထိုအသံက စိတ်ဝင်စားမှုအနည်းငယ် ရောယှက်ပါ၀င်နေသည်။

“မင်း ငါ့ကို ဘယ်လိုခေါ်လိုက်တယ်...”

ယဲ့ကျား အသက်ရှုရပ်မတန့် ဖြစ်သွားလေသည်။

သူ သူ့နှလုံးက အလွန်ပြင်းထန်စွာ ခုန်နေသည်ကို ခံစားမိသည်။ နှလုံးက ရင်ဘတ်ထဲတွင် ပြင်းထန်စွာ တဒိန်းဒိန်း ခုန်နေသည့်အတွက် သူ့နံရိုးများပင် နာကျင်လာလေသည်။

သူ့‌နောက်မှ ယုတ်မာသည့် အသံတစ်သံထွက်ပေါ်လာလေသည်။

“ဟဲဟဲ မင်း ဘယ်လိုသစ္စာခံရမလဲသိတာပဲ...”

ယဲ့ကျား ထိတ်လန့်စွာ စောင့်စားခဲ့ သော်လည်း သူ့ရှေ့မှ အမျိုးသားက အရိပ်တ‌‌စ္ဆေပြောစကားကို ချေပမည့်ပုံ မပေါ်ချေ။

အပြင်သို့ ရောက်ရှိလုမတတ် ဖြစ်နေသောသူ့နှလုံးသားက ပြန်လည်တည်ငြိမ်လာလေသည်။

ကြည့်ရသ‌လောက် ဒီလူက ငါ့ကို သတိမထားမိပုံ ရတယ်...

အရိပ်တစ္ဆေက ဖုံးကွယ်ရန် ခက်ခဲသောသတ်ဖြတ်ချင်စိတ်များနှင့် ပြောလိုက်သည်။

“မင်း ပုန်ကန်သူ အစုအဝေးထဲကို ပါ၀င်‌နေမှတော့ ကင်းကို သစ္စာဖောက်ခြင်းရဲ့အကျိုးဆက်ကို သိလောက်ရောပေါ့...”

သူ့အစိုးရိမ်ဆုံးကိစ္စကို ဖြေရှင်းရန် အချိန်ရောက်လာသောကြောင့် ယဲ့ကျား၏ နှုတ်ခမ်း ပိုမို အသက်၀င်လာလေသည်။

သူ့ ခါးကို ပိုကိုင်း၍ ဦးညွတ်လိုက်ပြီး ထိတ်လန့်နေသော အသံဖြင့် ပြောလိုက်သည်။

“မဟုတ်ဘူး...အဲလို မဟုတ်ပါဘူး...ကင်း ကျွန်တော့်ကို အထင်မလွဲပါနဲ့...ကျွန်တော် ဒီကို ရောက်လာခဲ့တာက တစ်ချို့လူက ကင်းရဲ့ အခြေအနေတွေကို ထောက်လှမ်း‌နေပြီး လျှို့ဝှက်ပူးပေါင်းကြံစည်နေကြတာကို ကြားမိလို့ပါ...တကယ်လို့ ကင်းမယုံကြည်ရင် ပင့်ကူတပ်သားတွေကို မေးကြည့်လို့ရပါတယ်... ပင့်ကူဘုရင်မက ကျွန်တော့်ကို ဒါကြောင့် ဖိတ်ခေါ်ခဲ့တာပါ...”

ယဲ့ကျား စကားပြော၍ မပြီးမီ အရိပ်တစ္ဆေ၏ လှောင်ပြောင်မှုအပြည့်ဖြင့် အေးစက်စွာ ပြောလာသံကိုကြားလိုက်ရသည်။

“အရမ်းကို စဉ်းစားတတ်တာပဲ...”


ယဲ့ကျား ယင်စွမ်းအင်များ ထူထပ်နေသည့်ကြားမှ သူ၏ လုပ်ဆောင်မှုများကို တစ်ဖက်လူ မြင်နိုင်ရန် စိတ်အားထက်သန်စွာ ခေါင်းငြိမ့်လိုက်လေသည်။


ယဲ့ကျား သူ့ဦးနှောက်ကို ထပ်ဆွဲဆန့်လိုက်ပြီး ရှင်းပြလိုက်သည်။

“ဒါ...ဒါက ကျွန်တော် ကင်းကို လေးစားလို့ပါ...ဒါ‌ပေမဲ့ ကင်းကို ချဉ်းကပ်ဖို့ အခွင့်အရေး ဘယ်တော့မှ မရခဲ့ဘူး...ဒါကြောင့် ကျွန်တော် ဒီလို စွန့်စားဖို့ပဲ တတ်နိုင်ပါတယ်...,”

"မဟုတ်တာတွေ မပြောနဲ့...”

အရိပ်‌တစ္ဆေ၏ ပိုမို ပြင်းထန်လာလေသည်။

“သစ္စာဖောက်တာကို လုံး၀ တားမြစ်ထားတယ်...”

သူ ပြော၍ မပြီး‌မီ အနှောင့်အယှက် ၀င်လာလေသည်။


“အို...”

ကျီရွှမ်က ရုတ်တရက် စကားပြောလိုက်လေသည်။


“မင်း ငါ့ကို လေးစားတာလား...”

ထိုအသံတွင် ခံစားချက်များစွာ မပါသော် လည်း တစ်စုံတစ်ခုကို ဆွဲထုတ်လိုက်ပြီး အရိပ်အမြွက် ပြလာသည်။


အရိပ်တစ္ဆေ စကားမပြောနိုင်တော့ပေ။

မလှမ်းမကမ်းတွင် ရပ်နေသော တစ္ဆေဘုရင် ကို မယုံကြည်နိုင်စွာ ငေးကြည့်နေပြီး သူ အစားထိုးခံရတော့မည်လားဟု တွေးနေလေသည်။

"ဟုတ်...ဟုတ်ပါတယ်...”

ယဲ့ကျား သူ့ကိုယ်သူ အားပေးလိုက်ပြီးဆက်ပြောလိုက်သည်။


“ကင်းရဲ့ စွမ်းအားတွေက စွမ်းအားကြီး တစ္ဆေတွေကို မောင်းထုတ်နိုင်ပါတယ်... ကင်းကလွဲရင် ဘယ်သူမှ ကျွန်တော်တို့လို စွမ်းအားကြီး‌တစ္ဆေတွေရဲ့ ခေါင်းဆောင် ဖြစ်ဖို့ မထိုက်တန်ဘူးလို့ အစကတည်းက တွေးခဲ့တာပါ...ကင်း ကျွန်တော်ကို အသက်ရှစ်ရာ ပေးရင်‌တောင် ကင်းကို သစ္စာ မဖောက်ရဲပါဘူး...”

“တကယ်လား...”

ကျီရွှမ် ထိုစကားလုံးများကိုသာ ပေါ့ပါးစွာပြောလာသော်လည်း သူ၏ ငိုက်ကျနေသောမျက်လုံးများအတွင်းမှ ခံစားချက်များကို အဓိပ္ပာယ်ဖော်ရန် ခက်ခဲလေသည်။

သူ ရှေ့သို့ ခြေလှမ်း ဆက်လှမ်းလာပြီး ဂူထွက်ပေါက်ဆီသို့ လျှောက်သွားလေသည်။



“ဒါဆို ငါ့နောက်လိုက်ခဲ့...”



ခြေသံများ လမ်းတစ်လျှောက် တစ်ဖန်ပဲ့တင်ထပ်လာပြီး တဖြည်းဖြည်း တိုးညှင်းလာလေသည်။



ယဲ့ကျား ခေါင်းကို မော့လိုက်သောအခါကျီရွှမ်နှင့် ဧရာမသွေးအရိုးငါးကြီး ပျောက်ကွယ်သွားပြီ ဖြစ်သည်။



ထိုနေရာတွင် သူနှင့် အရိပ်‌တစ္ဆေသာ ကျန်တော့လေသည်။ ထို့နောက် သူတို့ အချင်းချင်း ကြည့်လိုက်ကြသည်။



“.....….”



အရိပ်တစ္ဆေက ကျီရွှမ်သွားရာ လမ်းကြောင်းကို စိုက်ကြည့်လိုက်ပြီး ကြောင်အ နေလေသည်။ သူ လက်ရှိ ကင်းနှင့်ပတ်သက်ပြီး သံသယရှိလာကာ သူ့၏မှုန်ဝါးဝါးမျက်နှာပေါ်တွင် ရှုပ်ထွေးသော အမူအရာများ ပေါ်လာလေသည်။



ယဲ့ကျား သည်းမခံနိုင်တော့ပေ။ အရိပ်တစ္ဆေကို ‌လှမ်းမေးလိုက်သည်။



“မင်းရဲ့ကင်းက အမြဲတမ်း ဒီလိုပုံစံပဲလား...”



ကင်းနဲ့ စကားပြောရတာ အရမ်းလွယ်နေသလိုပဲ...နည်းနည်း ထူးဆန်းနေသလို ခံစား‌နေရတယ်...



ဤမေးခွန်းကြောင့် အရိပ်တစ္ဆေ ကြောင်အနေရာမှ ပြန်သတိ၀င်လာသည်။ သူမည်သည် တို့ ဖြစ်ပျက်နေကြောင်း သေချာမသိသော်လည်း ဤသစ္စာဖောက်ရှေ့တွင် ဘာမှထုတ်ပြောမည် မဟုတ်ချေ။ သူ တင်းမာသော အမူအရာနဲ့ ပြင်းပြင်းထန်ထန် ပြောလိုက်သည်။



“ကင်း သူ့နောက်လိုက်ဖို့ ပြောနေတယ်လေ...မင်း မကြားဘူးလား...”



ယဲ့ကျား : “……..”



ဟုတ်သားပဲ...



အရိပ်တ‌စ္ဆေနှင့် ယဲ့ကျား ဂူအတွင်းမှ တစ်ယောက်ပြီး တစ်ယောက် ထွက်ခွာလာကြလေသည်။



သို့သော် သူတို့ကို စောင့်ကြိုနေသည်မှာပျက်စီးယိုယွင်းနေသော ‌ဆောက်လုပ်ရေးလုပ်ငန်းခွင် မဟုတ်ပေ။ ထိုအစား သန့်ရှင်းတောက်ပြောင်‌နေသော ကြမ်းပြင်နှင့်နံရံများ၊ ဇိမ်ခံပစ္စည်းများနှင့် အလှဆင်ထားသည့် ကြီးကျယ်ခမ်းနားတောက်ပြောင်သော ဟောခန်းမကြီးကသူတို့ကို စောင့်ကြိုနေလေသည်။ ငွေအနံ့ကို နေရာအနှံ့မှ ရနေသည်။


ယဲ့ကျား အံ့ဩသွားကာ ‌နောက်သို့ လှည့်ကြည့်လိုက်သည်။

ထိုအခါ သရဲမျက်နှာ ပင့်ကူအသိုက် ပျောက်ကွယ်သွားပြီး ဖြစ်‌နေလေသည်။

ယဲ့ကျား၏ နှလုံးသား အနည်းငယ် နစ်မွန်းသွားလေသည်။

ကျီရွှမ်ထွက်လာစဉ် တစ္ဆေပိုင်နက်အား အသက်သွင်းခဲ့ခြင်း ဖြစ်နိုင်သည်။ သူသရဲမျက်နှာ ပင့်ကူအသိုက်ကို တိကျစွာထိန်းချုပ်နိုင်သောကြောင့် အသိုက်ထဲ၀င်လာသူများက ယင်းကို သတိထားမိရန် ခက်ခဲလေသည်။


ယင်းက မုခ်၀ တစ်ခုလိုပင် ဖြစ်သည်။

ဒီလို ထိန်းချုပ်မှုမျိုးက တစ်ဖက်လူရဲ့ခွန်အားကြောင့် လုပ်နိုင်တာလား...ဂိမ်းကဘုရင်ကိုပေးတဲ့ အထူးအခွင့်အရေးကြောင့်လား သူ မပြောနိုင်ဘူး...

မည်သို့ပင်ဖြစ်စေကာမူ ယင်းက လျှော့တွက်၍ မရသည့် အရာဖြစ်သည်။

ကျီရွှမ် လက်ကို မြှောက်လိုက်ကာ အပေါ်ကြယ်သီးနှစ်လုံး ဖြုတ်လိုက်ပြီး ထင်ရှားသော ဖြူဖျော့ဖျော့ ညှပ်ရိုးများကို ထုတ်ဖော်ပြလိုက်ကာ ထိုင်လိုက်သည်။

လှိုဏ်ဂူအတွင်းက မှောင်လွန်းပြီး ထိုအမျိုးသားဆီမှ ထွက်ပေါ်နေသော ပြင်းထန်သည့် လေထုကြောင့် ဖြစ်နိုင်သည်။ ယဲ့ကျား ဤအမျိုးသားက အခြား စွမ်းအားကြီးတစ္ဆေများနှင့် မတူ၊ လူသားအ၀တ်အစားများ ၀တ်ဆင်ထားသည်ကို ယခုမှ တွေ့မိလေသည်။

ရိုးရှင်းသော ရှပ်အင်္ကျီအဖြူနှင့် အနက်ရောင် ဘောင်းဘီရှည်။

ကြည့်ရသည်မှာ အလွန်ပေါ့ပါးပုံ ပေါ်ပြီးလူ့အဖွဲ့အစည်းသို့ ပြဿနာတစ်စုံတစ်ရာ မရှိ၊ အလွယ်တကူ ပေါင်းစည်း နိုင်ပုံရသည်။

ကျီရွှမ် သူ့ရှေ့မှ စွမ်းအားကြီး‌တစ္ဆေနှစ်ကောင်အား စေ့စေ့စပ်စပ် စစ်ဆေးလိုက်သည်။

သူ၏ နီရဲသော မျက်လုံးအစုံက ရုတ်တရက် ကျဉ်းမြောင်းသွားပြီး အေးစက်သော အလင်းတန်းများ လှစ်ခနဲ ဖြတ်သန်း သွားလေသည်။ ယင်းက အခန်းတွင်းရှိ တောက်ပနေသော မီးရောင်အောက်တွင် လတ်ဆတ်နေသော ‌သွေးများနှင့် တူနေလေသည်။

သူ၏ အကြည့်က အရာအားလုံးကို ထိုးဖောက်မြင်နိုင်ပုံ ပေါ်လေသည်။

ယဲ့ကျား သူ့ခန္ဓာ‌ကိုယ်တစ်၀ိုက်မှ ယင်စွမ်းအင်အလွှာများကို အတင်းအကြပ် ချုပ်ထိန်းထားလေသည်။

သူ၏ အတွေ့အကြုံအရ သူ၏ ရုပ်ဖျက်မှုက အမှားမယွင်းမရှိသင့်ပေ။

သို့သော်...

ယခု သူ၏ စိတ်လိုက်မာန်ပါ လုပ်ရပ်များကို နောင်တရနေပြီ ဖြစ်သည်။

ယဲ့ကျား ၀မ်းနည်းကြေကွဲမလာမီ ကျီရွှမ် သူ့အကြည့်များကို ပြန်ရုတ်လိုက်သည်။

သူ တည်ငြိမ်စွာ ပြောလိုက်သည်။

“ငါ မင်းကို ယုံတယ်...”

ယဲ့ကျား စိတ်သက်သာရာရစွာ သက်ပြင်းမချမီ တစ်ဖက်လူက ဆက်ပြောလာလေသည်။

“ဒါ‌ကြောင့် မင်းသစ္စာရှိကြောင်းပြဖို့ အခွင့်အရေး တစ်ခုပေးမယ်...”



ယဲ့ကျား : “……..”

ခဏနေပါဦး...ဘာဖြစ်လို့ သူ ဆိုးရွားတဲ့ ခံစားချက်ကြီး ရလာတာလဲ...

ကျီရွှမ် ဆိုဖာလက်ရန်းကို သူ၏ဖြူဖျော့ နေသော လက်ချောင်းများနှင့် ပုတ်လိုက်ပြီး ဖြည်းညှင်းစွာ မေးလိုက်သည်။

“မင်း PIAMBအကြောင်း ကြားဖူးလား...”


အဲဒါနဲ့ အရမ်း ရင်းနှီးတယ်လို့ မပြောသင့်ဘူး...



ယဲ့ကျား တွန့်ဆုတ်စွာ ပြောလိုက်သည်။



“ကျွန်တော် အဲ့အကြောင်း နည်းနည်းကြားဖူးပါတယ်...”


“အရမ်း ကောင်းတယ်...”

ကျီရွှမ် ခပ်အုပ်အုပ်ရယ်ကာ ပြောလိုက်သည်။


“အဲ့ကို၀င်ဖို့ နည်းလမ်းရှာ...”


ယဲ့ကျား၏ အမြင်အာရုံများ မှောင်မိုက်သွားလေသည်။

စောစောက သူရဲ့ လိမ်ညာမှု အတွက် မညှာမတာ လက်စားချေနေတာလား...

သူ အသက်ပြင်းပြင်းရှုလိုက်ပြီး တွန့်ဆုတ်စွာ ပြောလိုက်သည်။

“အဲ ...အဲ‌လိုမျိုး ဗျူရိုတွေက တင်းတင်းကြပ်ကြပ် စီမံထားတယ်မလား...ကျွန်တော် လူပုံစံကို ဘယ်လိုဟန်ဆောင်ရမလဲ မသိပါဘူး...ဒီဟာက ခက်ခဲလွန်းပါတယ်...”


“မင်းလိုအပ်ရင် ငါ ကူညီပေးနိုင်တယ်...”

ကျီရွှမ်ပြောလိုက်သည်။



ယဲ့ကျား : “……………”



သူ အသည်းအထန် ပြောလိုက်သည်။

“ဒါပေမဲ့ ကျွန်‌တော်ရဲ့ သစ္စာရှိမှုကို ပြသဖို့အတွက် ဒီလို အသေးအဖွဲကိစ္စလေးကို ကျွန်တော် ကိုင်တွယ်နိုင်မယ် ထင်ပါတယ်...တာ၀န်ကို အကောင်းဆုံးပြီးမြောက်အောင် ဆောင်ရွက်ပါမယ်”



ကျီရွှမ် သူ့ကို မသိမသာပြုံးပြီး ကြည့်လိုက်သည်။



“‌ ကောင်းပြီ ...”



သူ မတ်တပ်ရပ်လိုက်ပြီး ယဲ့ကျားရှေ့သို့‌ ဖြည်းညှင်းစွာ လျှောက်သွားလိုက်သည်။



ယဲ့ကျား အနည်းငယ် အံ့ဩသွားလေသည်။



သူ့ စိတ်ထဲတွင် နက်နက်ရှိုင်းရှိုင်း နစ်မြှပ်နေသော မြင်ကွင်းများက တစ်ဖန် ပေါ်လေလေသည်။



【သူ့ ခါးကို မှီရုံမျှရှိသော ကောင်လေးက ဖြူဖျော့သောမျက်နှာနှင့် သူ့ရှေ့တွင်ရပ်နေပြီး မဟူရာမျက်လုံး၀ိုင်းကြီးဖြင့်သူ့ကို ကြည့်နေလေသည်။ စွဲလမ်းမှုတစ်ခုကို သူ့မျက်လုံးထဲတွင် နက်နက်ရှိုင်းရှိုင်း ဝှက်ထားလေသည်။ ‌ကောင်လေး၏ နှုတ်ခမ်းထောင့်များတွန့်လာပြီး ကလေးဆန်သော်လည်း အနည်းငယ် ကွဲအက်နေသော အသံဖြင့် ပြောလာသည်။ “ကျွန်တော် ကောကောကို ယုံတယ်...” 】



သူ အ‌တွေးထဲ နစ်မြှပ်နေသည့် အခိုက်အတန့်တွင် ကျီရွှမ် သူ့ကို ကျော်သွားလေသည်။

ယဲ့ကျား တစ်ဖက်လူက သူ့ထက် ခေါင်းတစ်၀က်လောက် မြင့်သည်ကို သတိထားမိလိုက်သည်။ ပခုံးကျယ်ကျယ်နှင့် ဖြောင့်စင်းသော ကျောပြင်က တခြားသူများကို ကြောက်စရာကောင်းသည့် ဖိနှိပ်‌မှု ပေးနိုင်လေသည်။

“အခုကစပြီး တစ်ပတ်တစ်ခါ အစီရင်ခံပါ...”

ကျီရွှမ် တည်ငြိမ်စွာ ပြောလိုက်သည်။

“ငါ တစ်ခုခုလိုအပ်လာရင် အရိပ်တစ္ဆေကို မင်းဆီ လွှတ်လိုက်မယ်...”

သူ၏ နီရဲသော မျက်လုံးများ မှေးစင်းလာကာ သူ၏ဖြူဖျော့‌သော နှုတ်ခမ်းထောင့်များ အနည်းငယ် တွန့်တက်လာပြီး ဖြည်းညှင်းစွာ ပြောလိုက်သည်။



“မင်း ငါ့ကို စိတ်မပျက်စေဘူးလို့ ငါယုံတယ်...”



..........



အရိပ်တစ္ဆေက ယဲ့ကျားကို လိုက်ပို့လိုက်လေသည်။



သူတို့က လုပ်ဖော်ကိုင်ဖက်များ ဖြစ်လာနိုင် သည့်အတွက် ယဲ့ကျားအပေါ် အရိပ်တစ္ဆေ၏ သဘောထားက ယခင်ကထက် အများကြီး ပိုကောင်းလာလေသည်။

“ကင်းက မင်းကို မျှော်လင့်ထားတယ် ဆို‌တော့ မင်းနဲ့ပတ်သတ်ပြီး ထူးခြားတာ တစ်ခုခု‌ ရှိလို့ထင်တယ်...မစိုးရိမ်နဲ့...အလုပ်သာ ကြိုးစား...ကင်းကို ဒေါသထွက်အောင် မလုပ်နဲ့...မင်းဘာလိုချင်လဲ ဆိုတာ မင်းရှာတွေ့ပြီးရင် ကင်းရဲ့ဘေးမှာ မင်းအတွက် နေရာရှိလာမယ်လို့ ငါယုံတယ်...”



“ဟားဟား ကျေးဇူးတင်ပါတယ်...”

မဟုတ်ဘူး...ငါ သူ့ဘေးမှာ ငါ့အတွက် နေရာ မလိုချင်ဘူး...မင်းကို ကျေးဇူးတော့တင်ပါတယ်...ငါက သူနဲ့ဝေးနိုင်သမျှဝေးဝေးပဲ နေချင်တယ်...တတ်နိုင်သမျှ ဝေးအောင်နေမှာ...


နောက်တစ်ခဏတွင် အရိပ်တစ္ဆေ ဖုန်းတစ်လုံးကို ရုတ်တရက် ထုတ်လိုက်ပြီး မေးလိုက်သည်။


“wechat အပ်ကြမလား...”


ယဲ့ကျား : “……”

အခုခေတ် တစ္ဆေတွေက အရမ်း ခေတ်မီ နေကြတာလား...

ယဲ့ကျား တွေဝေသွားပြီး အိတ်ကပ်ထဲမှ ဖုန်းကို ထုတ်လိုက်သည်။ လက်မဲလေး သူ့ကို သင်ပေးခဲ့သည့် နည်းလမ်းအတိုင်းအရိပ်တစ္ဆေ၏ QR ကုဒ်ကို စကင်ဖတ်လိုက်၏။

ထို့နောက် အလွန်လျင်မြန်စွာနှင့် တစ်ယောက်ကို တစ်ယောက် သူငယ်ချင်းစာရင်းထဲ ထည့်လိုက်လေသည်။

ယဲ့ကျား သူ့ဖုန်း မျက်နှာပြင်ကို ကြည့်လိုက်ပြီး တိတ်ဆိတ်သွားသည်။

အရိပ်တစ္ဆေ၏ ပရိုဖိုင်ပုံက အမွှေးဖွာဖွာကြောင်လေးပုံ ဖြစ်ပြီး နာမည်က

'‌ ကြောင်လေးက ငါးစားရတာ ကြိုက်တယ်' ဖြစ်သည်။

ဟမ်...

အရိပ်တစ္ဆေ ဖုန်းကို ပြန်သိမ်းလိုက်ပြီး ပြောလိုက်သည်။

“တစ်ခုခု လိုအပ်လာရင် ငါ့ဆီ ဆက်သွယ်လိုက်...”

ယဲ့ကျား : "အိုကေ...”

ယနေ့ သူရရှိခဲ့သော ထိတ်လန့်မှုများက သူ့အတွက် အလွန်များနေပြီ ဖြစ်သည်။


အရိပ်တစ္ဆေ ထွက်မသွားမီ ယဲ့ကျား ကူရာမဲ့စွာ မေးလိုက်လေသည်။



“ခဏနေဦး...”

“ဟမ်...”


“မင်းရဲ့ ကင်းလေ သူက သူရဲ့၀န်ထမ်းတွေကို ကောင်းကောင်း ဆက်ဆံလား...”

အရိပ်တစ္ဆေ အချိန်အတော်ကြာနက်နက်နဲနဲ တွေးလိုက်ပြီး ခေါင်းမော့ကာ ယဲ့ကျားကို ကြည့်လိုက်သည်။



“ဒီရက်ပိုင်း ပိုကောင်းလာပါတယ်...”

ယဲ့ကျား : “...”

အရိပ်တစ္ဆေ ပြောလိုက်သည်။

“သူ အခုတလော ငါတို့ကို မသတ်ဘူးလေ...”

ယဲ့ကျား : "ငါ သိပြီ...”

“တကယ်‌တော့ ကင်းက ငါတို့ကိုကောင်းကောင်းဆက်ဆံတယ်...တခြားအက်အဆင့် စွမ်းအားကြီးတစ္ဆေဆိုရင် ငါတို့ စားစရာနဲ့ ပတ်သက်ပြီး အဆက်မပြတ် ‌စိုးရိမ်နေရရုံသာမက စားစရာဝေစု ရမရလည်း စိုးရိမ်နေရမှာ...”

အရိပ်တစ္ဆေ စိတ်ခံစားချက် ကောင်းနေပုံရလေသည်။

“ကင်းက မတွန့်တိုတတ်တဲ့ တစ်‌ဦးတည်း‌သော စွမ်းအားကြီး တစ္ဆေပဲ...သူနဲ့သာဆိုရင် အရင်ကလို စိုးရိမ်ပူပန်နေစရာ မလိုဘူး...”



ယဲ့ကျား : " ကောင်းလိုက်တာ...”

ဒီလိုသာဆို စွမ်းအားကြီးတစ္ဆေတွေရဲ့အလုပ်အကိုင် အခြေအနေတွေက လူသားတွေထက် ပိုဆိုးတာပဲ...

အချင်းချင်း သတင်းအချက်အလက်များလဲလှယ်ပြီးနောက် ယဲ့ကျားနှင့် အရိပ်တစ္ဆေ တစ်ယောက်နှင့် တစ်ယောက် ပိုမိုရင်းနှီးလာကြလေသည်။

အရိပ်တစ္ဆေ သူ၏ မှုန်ဝါးဝါးလက်ကိုမြှောက်လိုက်ပြီး ယဲ့ကျားပခုံးကို ပုတ်လိုက်သည်။

“စိတ်မပူနဲ့...ကင်းက ကလိမ်ကကျစ်ကျပြီး ဉာဏ်များတဲ့ လူသားကို ဖမ်းပြီးရင် ငါတို့ဘ၀တွေ ပိုကောင်းလာလိမ့်မယ်...”

ကလိမ်ကကျစ်ကျပြီး ဉာဏ်များတဲ့ လူသား : “…………”



ဟုတ်တယ်...ဘာမှ စိတ်ပူနေဖို့ မလိုဘူး...

___________________________________