Chapter 23
ည၌...
ဆေးရုံက လုံး၀တိတ်ဆိတ်နေလေသည်။ မီးရောင်များဖြင့် လင်းထိန်နေသော ကော်ရစ်တာပေါ်ရှိ ထိုင်ခုံပေါ်တွင် ထိုင်နေသော တိုက်ခိုက်ရေး ၀န်ထမ်း နှစ်ယောက်လုံး ထိုင်ခုံပေါ်တွင်ပဲ ခေါင်းစိုက်လျက်အိပ်ပျော်နေကြသည်။
လူနာဆောင်မှ မီးများ ပိတ်သွားလေသည်။
မှန်များမှတစ်ဆင့် ဆေးရုံကုတင်ပေါ်ရှိအိပ်ရာခင်းပေါ်မှ တစ်စုံတစ်ခု ထလာသည်ကို မြင်နိုင်ပေသည်။
အမှောင်ထု အတွင်းတွင် ကြောက်စရာကောင်းသော ကိုက်ဖြတ်သံများကို ကြားနေရလေသည်။ တိုးညှင်းသော တရှဲရှဲမြည်သံများက ညမှောင်မှောင်ထဲတွင် ကြောက်စရာကောင်းနေလေသည်။
ကျောက်သုန် အပြင်းဖျားနေသောကြောင့်အိပ်ရာပေါ်တွင် လှဲနေလေသည်။
သူ၏ အသိစိတ်က မှုန်ဝါးနေသော်လည်း သူ နိုးနေသေးသည်။
သူ၏ ခန္ဓာကိုယ်အတွင်း၌ ဆိုးရွားသောအရာတစ်ခု ကြီးထွားနေပြီး သူ့သွေး၊အသားနှင့် ခန္ဓာကိုယ် အစိတ်အပိုင်းများကို လောဘတကြီး စားသုံးနေကြောင်း သူပြောနိုင်သည်။ မခံမရပ်နိုင်သော ယားယံမှုများနှင့် နာကျင်မှုများက သူ့အရိုးထဲတွင် သောင်းနှင့်ချီသော ကြမ်းပိုးအုပ်ကြီး သွားလာနေသကဲ့သို့ပင်ဖြစ်သည်။ ဤဖြစ်စဉ်က အလွန် ကြောက်စရာကောင်းပြီး သေသွားရန်ပင် ဆန္ဒရှိလာလေသည်။
ကော်ရစ်တာပေါ်မှ မီးရောင်က ပြတင်းပေါက်မှတစ်ဆင့် မှောင်မည်းနေသော လူနာဆောင်အတွင်းသို့၀င်လာပြီး အခန်းအတွက် တစ်ခုတည်းသော အလင်းရောင် ဖြစ်လာခဲ့သည်။
မှိန်ဖျဖျမီးရောင်အောက်တွင် အမှောင်ရိပ် တစ်ခု တိတ်တဆိတ် ပေါ်လာလေသည်။
အထင်မှားပြီး မြင်မိတာလား...
အဖျားအရမ်း ကြီးနေလို့များလား...
အားနည်းနေသော ကျောက်သုန် မျက်လုံးများကို ခက်ခက်ခဲခဲ ဖွင့်ကာ ကြည့်လိုက်ပြီး ထိုအရိပ်က သူ့ကုတင်ဆီသို့ ချဉ်းကပ်လာသည်ကို မြင်လိုက်ရကာ ၎င်းက သူ့ခန္ဓာကိုယ်ပေါ်မှ စောင်ကို မလိုက်လေသည်။
ထိုအခါ သူ့ခန္ဓာကိုယ်အတွင်းမှ သက်ရှိသတ္တ၀ါများက ရုတ်တရက် လှုံ့ဆော်ခံရပြီး သူ့ခန္ဓာကိုယ်အတွင်းကို ပြင်းပြင်းထန်ထန် ရိုက်နှက်လာကြသည်။
ကျောက်သုန်၏ ခန္ဓာကိုယ် တုန်ရီလာလေသည်။ သူ နာကျင်မှုများနှင့် မသက်မသာ ခံစားရမှုများကို အတတ်နိုင်ဆုံးရှောင်တိမ်းနေလေသည်။
ထိုအချိန်တွင် သူ၏ အမြင်အာရုံ ရုတ်တရက် မည်းမှောင်သွားလေသည်။
အေးစက်နေသော လက်တစ်စုံက သူ၏ပူလောင်နေသော မျက်ခွံများကိုရုတ်တရက် ဖုံးအုပ်လိုက်ခြင်း ဖြစ်သည်။
“ရှဲ...”
တစ်ဖက်လူ၏ လက်က အလွန်အေးလေသည်။ ပွက်ပွက်ဆူနေသည့်ရေနှင့် ရေခဲကရုတ်တရက် ထိတွေ့သွားသကဲ့သို့ပင် သူ ယင်းအထိအတွေ့ကြောင့် ကူရာမဲ့စွာ အံ့ဩသွားမိသည်။
ယင်းက ကြည်နူးစရာ ကောင်းလေသည်။
အကြောင်းရင်းအချို့ကြောင့် ကျောက်သုန်၏ နှလုံးသား အေးချမ်းသွားခဲ့သည်။
ကျောက်သုန် မရုန်းကန်တော့ကြောင်းအတည်ပြုပြီးနောက် ယဲ့ကျား ခေါင်းငုံ့လိုက်ပြီး တစ်ဖက်လူ၏ လက်ရှိအခြေအနေကို စစ်ဆေးလိုက်သည်။
ကြောက်စရာကောင်းသော ရောင်ရမ်းမှုများနှင့် ပွန်းပဲ့ဒဏ်ရာများက ခြေသလုံးမှ ရင်ဘတ်အထိ ပျံ့နှံ့နေလေသည်။ အရေပြားအောက်တွင် မရေမတွက်နိုင်သော သားလောင်းများက လူးလွန့်နေကြသည်။ အမြင်နှင့်တင် ယင်းမြင်ကွင်းက အလွန်စက်ဆုပ်စရာကောင်းပြီး အော်ဂလီဆန်စေသည်။
ယဲ့ကျား သူ့အိတ်ကပ်ထဲမှ ဥကို ထုတ်လိုက်ပြီး ဂရုတစိုက် ခွဲလိုက်သည်။
ကြည်လင်ပျစ်နှစ်အရည်များက ကျောက်သုန် ၏ ဒူးပေါ် ကျဆင်းနေလေသည်။
တစ်စက်...နှစ်စက်...သုံးစက်...
ငါးမန်းများ သွေးနံ့ရသွားသကဲ့သို့တွန့်လိမ်နေသော သားလောင်းများ အရည်ကျဆင်းသွားသည့် နေရာဆီ လူးလွန့်ကာပြေးလာကြလေသည်။
ရေမြှပ်မှ ရေညစ်လိုက်သကဲ့သို့ အရေပြားအတွင်းမှ ထိုးဖောက်မြင်နိုင်သော သရဲမျက်နှာ ပင့်ကူလောင်းများ တစ်ကောင်ပြီး တစ်ကောင် ထွက်လာကြသည်။
တစ်ကောင်ပေါ်လာလျှင် ယဲ့ကျားက ယင်း တစ်ကောင်ကို ဖိသတ်လိုက်လေသည်။
မကြာမီပင် သားလောင်းများအားလုံး ထွက်လာကာ ကျောက်သုန်၏ အရေပြားက လူးလွန့်မနေတော့ပေ။ ပွန်းပဲ့ဒဏ်ရာများကလည်း ကြောက်စရာ မကောင်းတော့ချေ။ သို့သော် ရောင်ရမ်းဒဏ်ရာများ လုံး၀ပြန်ကောင်းမွန်လာရန် ရက်အနည်းငယ် သို့မဟုတ် ရက်သတ္တပတ်လောက် ကြာနိုင်ပေသည်။
တစ္ဆေမျက်နှာ ပင့်ကူဥ အကပ်ခံခဲ့ရသူက အပြည့်အ၀ ပြန်ကောင်းမွန်လာရန် အချိန်ကြာမြင့်မည် ဖြစ်သည်။
ရုပ်ပိုင်းဆိုင်ရာ ပြန်ကောင်းမွန်လာရန်သာမကစိတ်ပိုင်းဆိုင်ရာ ပြန်ကောင်းမွန်လာရန်လည်း လိုအပ်လေသည်။
အမှောင်ထဲမှ ကျောက်သုန်၏ အသက်ရှုသံ တဖြည်းဖြည်း တည်ငြိမ် လာသောကြောင့် ယဲ့ကျား ပြတင်းပေါက်ကို လှမ်းကြည့်လိုက်သည်။
မိုးမလင်းသေးပေ။
တစ်မြို့လုံး အိပ်ပျော်နေပြီး မီးလုံးလေးများသာ တောက်ပနေလေသည်။
ယဲ့ကျား သက်ပြင်းချလိုက်သည်။
မေ့လိုက်တော့...
ဒါက ကောင်းတဲ့ လုပ်ဆောင်ချက်ပဲ...
တစ္ဆေမျက်နှာ ပင့်ကူ ဂူအထဲ ချိတ်ဆွဲခံထားရတဲ့လူများ အများကြီး ရှိသေးတယ်...
........
အရာအားလုံး ဖြေရှင်းပြီးသောအခါ မိုးလင်းလာပြီ ဖြစ်သည်။ မနက်ခင်းအလင်းရောင်က ကမ္ဘာ့အစွန်းမှ ဖြာထွက်လာကာ အမှောင်ထုကို တဖြည်းဖြည်း ပပျောက်စေကာ လင်းထိန်လာစေလေသည်။
ယဲ့ကျား နောက်ဆုံး၌ အိမ်ပြန်ရောက်ပြီဖြစ်သည်။
သူ၏ သွေးများစွန်းထင်းကာ အင်းဆက်များ ကပ်ငြိနေသော အ၀တ်ကို ချွတ်လိုက်ပြီး အိပ်ရာပေါ်သို့ အင့်ခနဲ ပစ်လှဲလိုက်လေသည်။
Fuck...အရမ်း ပင်ပန်းတာပဲ...
တစ္ဆေမျက်နှာ ပင့်ကူများနှင့် ရင်ဆိုင်ရသည်က ထိုမျှလောက် မပင်ပန်းချေ။ အဆုံးတွင် ပြင်းထန်ပြီး အန္တရာယ်ရှိသော ဂိမ်းအတွင်းရှိ ဖြစ်စဉ်များကြောင့် ဖြစ်လေသည်။
ကျီရွှမ်နှင့် ထိပ်တိုက်ရင်ဆိုင်ရသည်က တစ်ညလုံးတွင် အပင်ပန်းဆုံး အပိုင်းဖြစ်သည်။
ယဲ့ကျား မျက်နှာကျက်ကို စိုက်ကြည့်ကာအစောပိုင်းက ကျီရွှမ်နှင့် ပြောခဲ့သော စကားများကို သေချာပြန်စဉ်းစားနေလေသည်။
ယင်းက အလွန် ထိတ်လန့်စရာကောင်းသော်လည်း တစ်ဖက်လူက သူ့အထောက်အထားကို သတိမထားမိပုံ ရလေသည်။
သို့သော် သူသိပ်မသေချာပေ။
ဂိမ်းထဲက သူ့အရင်ဘ၀က တစ်ခုခုဖြစ်ခဲ့ပုံရတယ်...သူက အခုအချိန်မှာ မတည်ငြိမ်တဲ့ ဇာတ်ရုပ် ဖြစ်နေပြီ...တစ္ဆေဘုရင် ဖြစ်ပြီးကတည်းက သူဘာတွေတွေးနေလဲ...ဘာတွေစီစဉ်နေလဲ သူမသိဘူး...
ပြီးတော့ အခု သူက တစ်ဖက်လူရဲ့ PIAMBထဲက ‘လျှို့၀ှက် စပိုင်’ ဖြစ်လာပြီ...
သေစမ်း...
ယဲ့ကျား မှောက်လိုက်ပြီး ခေါင်းအုံးထဲသို့ခေါင်းကို နစ်လိုက်သည်။
သူ လမ်းပိတ်နေပြီ...
“အခု ဘယ်လို ထွက်ပြေးမှာလဲ...”
လက်မဲလေး ခေါင်းအုံးပေါ်သို့ တွယ်တက်လာလေသည်။
သူ၏ ကံကြမ္မာက ယဲ့ကျား၏ ကံကြမ္မာနှင့်ချိတ်ဆက်ထားခြင်း ဖြစ်သည်။ ထို့ကြောင့် သူ ယဲ့ကျား၏ လုံခြုံရေး၊ ကျန်းမာရေးနှင့်ပတ်သက်လျှင် အလွန် စိတ်အားထက်သန်လေသည်။
“ဘော့စ် အတွက် နုတ်ထွက်စာ ရေးပေးဖို့လိုလား...”
“ငါ့ဖင်ကိိုပဲ ရေး...”
ယဲ့ကျား စိန်းစိန်းဝါးဝါး ကြည့်လိုက်လေသည်။
“မင်းက ငတုံးလား...”
သူ ဗြုန်းစားကြီး မေးလိုက်သည်။
“တစ္ဆေဘုရင်က မကြာသေးခင်ကပဲသစ္စာဖောက်ခဲ့တယ်လို့ ထင်ရတဲ့သူကို မသင်္ကာ မဖြစ်ဘဲ ဒီလို အရေးကြီးတဲ့တာ၀န်ကို ပေးမယ်ထင်သလား...”
ငတုံးဟု အခေါ်ခံရသည့် လက်မဲလေး ငိုကြွေးလိုက်လေသည်။
"ဟင့်...ဟင့်...”
ယဲ့ကျား မျက်လုံးများကို အနည်းငယ် မှေးစင်းလိုက်သည်။
“သူဒီလိုလုပ်တာက သူ့မှာ အရံအစီအစဉ် တစ်ခု ရှိနေလို့ပဲ...ဒါက သူ ငါနဲ့ ရင်ဆိုင်ရမှာကို မကြောက်ဘူးလို့ ဆိုလိုတာ...”
“ဒါက စမ်းသပ်မှုပဲ...”
“ဒါဆို….”
လက်မဲလေး သတိထားပြီး မေးလိုက်သည်။
“ဘော့စ် ဘာလုပ်ဖို့ စီစဉ်ထားလဲ...”
“ဘာမှ မစီစဥ်ထားဘူး...”
အခု သူ တစ်ဖက်လူ နောက်ထပ်ဘာလုပ်မလဲ ဆိုတာ မခန့်မှန်းနိုင်ဘူး...ဒါကြောင့်မဆင်မခြင်မလုပ်တာ အကောင်းဆုံးပဲ...
အဆိုးဆုံးအခြေအနေက....
သူ ဘာမှ မလုပ်ဘဲ သူဆီ တိုး၀င်လာတာပဲ...
ယဲ့ကျား သူ့ လက်ချောင်းထိပ်များကိုညင်သာစွာ ပွတ်သပ်လိုက်သည်။ သူ၏တောက်ပသော မျက်လုံးများ အနည်းငယ် ငိုက်ဆင်းသွားပြီး အေးစက်စက်အလင်းတန်းများ မျက်လုံးအတွင်း ဖြတ်သန်းသွားလေသည်။
သူ တစ်ဖက်လူကို တစ်ကြိမ်သတ်နိုင်တာကြောင့် နောက်တစ်ကြိမ်လည်း သတ်နိုင်တယ်...
“ဒါဆို...”
လက်မဲလေး သိချင်စိတ်ကို မထိန်းနိုင်တော့ချေ။ အကြောက်အလန့်ကင်းစွာမေးလိုက်သည်။
“အဲဒီနောက်ရော ဘာလုပ်မှာလဲ...”
“အရမ်း သိချင်နေတာလား...”
လက်မဲလေး ကျယ်လောင်စွာ အတည်ပြုလိုက်သည်။
"သိချင်တယ်...သေလောက်အောင် သိချင်တယ်..."
ယဲ့ကျား မျက်လုံးများကို မှေးစင်းလိုက်ပြီး ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။
“ငါ သိပါတယ်...”
“....”
လက်မဲလေး တုန်ရီသွားပြီး အလိုအလျောက် အနောက်ဆုတ်သွားလေသည်။
တစ်ခုခု မူမမှန်တော့ဘူးလို့ ခံစားရတယ်...
ဒီအပြုံးကို အရမ်းရင်းနှီးနေသလိုပဲ...
တစ်ဖက်လူက မကောင်းတာ တစ်ခုခုလုပ်ချင်တိုင်း ဒီအမူအရာကို ပြတတ်တယ်...
“တစ်နေကုန် သွားလာထားတော့ ငါ အရမ်း ပင်ပန်းနေပြီ...ဒါပေမဲ့ ငါ့မှာ လုပ်စရာ အလုပ်တွေ အများကြီး ကျန်နေသေးတယ်...ငါ ဘာမှ မစဉ်းစားနိုင်ဘူး...”
ယဲ့ကျား ပြုံးကာ ပြောလိုက်သည်။
“ဒီလိုလုပ်ရအောင်...စာရွက်စာတမ်းတွေနဲ့ ပတ်သက်ပြီး တစ်လလောက် ကူညီရင်ပြောပြမယ်လေ...”
လက်မဲလေး : “……….”
ငါ သိနေတယ်လေ...
လက်မဲလေး အံကြိတ်လိုက်သည်။
" လ၀က်...”
ယဲ့ကျား၏ အမူအရာ မပြောင်းလဲပေ။
“နှစ်လ...”
လက်မဲလေး : “……..”
Fuck...ဒီ လူလိမ်ကတော့...
လက်မဲလေး အားတင်းကာ ပြောလိုက်သည်။
“ကောင်းပြီ...တစ်လပေါ့…”
ယဲ့ကျား ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။
“နှစ်လခွဲ...”
လက်မဲလေး : “...”
လက်မဲလေး ဒေါသထွက်လွန်း၍ တုန်ပင်တုန်လာလေသည်။
“မင်းက အာဏာရှင်ပဲ...မင်း ငါ့ကို အသုံးချနေတာလား...မင်းက လူသား မဆန်တဲ့ အရင်းရှင် တစ်ယောက်ပဲ...”
လက်မဲလေး ဖုန်းနှင့် အချိန်ဖြုန်းနေသည်က ဝေါဟာရအသစ်များစွာကို သင်ယူလေ့လာနေသည်ဟုပင် ထင်ရလေသည်။
ယဲ့ကျား လှောင်ပြောင်လိုက်သည်။
“ငါ လစာတစ်ခုတည်းရပေမဲ့ အလုပ်နှစ်ခုနဲ့ ဘော့စ်နှစ်ယောက် ရှိတယ်လေ...ဒါ့အပြင် နှစ်ဖက်လုံးဆီက ပိုက်ဆံမရဘဲ အချိန်ပိုတွေ လုပ်ပေးနေရသေးတယ်...ဒါတွေနဲ့ပတ်သက်ပြီး ငါတစ်ခုခု ပြောခဲ့လား...”
"အပေးအယူ လုပ်မယ်...”
လက်မဲလေး ပြောလိုက်သည်။
မမျှတသည့် သဘောတူညီချက်ကို လက်မှတ် ထိုးပြီးနောက် ယဲ့ကျား အိမ်သို့ယူဆောင်လာသော မပြီးပြတ်သေးသည့် စာရွက်စာတမ်းများကို စတင်ဖြေရှင်းလိုက်သည်။
ဘောပင်ထိပ်ဖျားက စာရွက်ပေါ်ကို ရေးခြစ်နေလေသည်။
ယဲ့ကျား ခြေထောက်များကို ကွေးလိုက်ပြီး ကုတင်နောက်သို့ မှီလိုက်ကာ ပြတင်းပေါက်အပြင်ဘက်သို့ လှမကြည့်နေလေသည်။
နေထွက်လာပြီဖြစ်သည်။
မနက်ခင်းနေမင်းကြီးက တိမ်များကြားဖြတ်ကျော်နေလေသည်။ ကောင်းကင်ကြီးက ခရမ်းရောင်မှ နက်ပြာရောင်၊ ထိုမှတစ်ဆင့် အပြာနုရောင်သို့ တဖြည်းဖြည်း ပြောင်းသွားကာ ကမ္ဘာကြီးက တောက်ပလာလေသည်။
တောက်ပသော နေရောင်ခြည်များက တစ်ဝက်ဖွင့်ထားသော ပြတင်းပေါက်မှတစ်ဆင့် ဖြာချလာပြီး လူငယ်လေး၏မျက်နှာကို ရွှေရောင်ဖျော့ဖျော့ ဖုံးအုပ်လိုက်လေသည်။
မနက်ခင်းနေရောင်ခြည်အောက်တွင် ယဲ့ကျား မျက်လုံးများကို မှိတ်ထားလိုက်သည်။ သူ၏တောက်ပသောမျက်လုံးက အိုင်းရစ်ပန်းများသဖွယ် ထိုးဖောက်မြင်ရသည့်ပုံ ပေါ်နေပြီး ရှည်လျားလှသော မျက်တောင်မွှေးများက နေရောင်ထဲတွင်ထူထဲနေကာ သူ့မျက်လုံးများထဲတွင် ခံစားချက်များကို ပိတ်လှောင်ထားလေသည်။
အတိတ်ကို ပြန်မတွေးတာက ပိုကောင်းတယ်လို့ သူ့အတွေ့အကြုံက ပြောပြနေသည်...
သူတို့၏ သွေးစွန်းနေသော အတိတ်နှင့်ပစ္စပ္ပုန်ုကြားတွင် ကြမ်းတမ်းသော မှတ်ဉာဏ်များ၏ လွှမ်းမိုးမှုကြောင့် သေဆုံးခဲ့သော ကစားသမားများ မည်မျှများပြားနေသည်ကို မသိရှိနိုင်ချေ။ အကယ်၍ ဂိမ်းအတွင်းမှ အသက်ရှင်လွတ်မြောက်ချင်လျှင် အရာအားလုံးကို မေ့ပစ်ရန်နှင့် ဘေးဖယ်ထားရန် သင်ယူရမည်ဖြစ်သည်။
ထိုမှတ်ဉာဏ်များကို ရှင်းလင်းပြီးကတည်းက ယဲ့ကျား သူ့အတိတ်ကို ပြန်သတိမရတော့သည်မှာ အချိန်အတော်ကြာပြီဖြစ်သည်။
သူ၏ နေ့စဉ်ဘ၀တွင် အသေးအဖွဲအလုပ်များနှင့် ပြည့်နှက်နေသောကြောင့်ခက်ခက်ခဲခဲ သွားခဲ့ရသည့် ထိုနေရာကို မေ့လုနီးပါး ဖြစ်နေလေသည်။
သို့သော် ဤအရာများအားလုံးက အမာရွတ်ပေါ်မှ သေးငယ်သောအလွှာလေး ကဲ့သို့ပင်ဖြစ်သည်။ နူးညံ့လွန်းသည်၊ အားအနည်းငယ်စိုက်လိုက်ရုံနှင့် အောက်မှ သွေးထွက်နေသော ဒဏ်ရာကိုပြသနိုင်လေသည်။
သူ ဘာကိုမှ မမေ့နိုင်သေးဘူး ဆိုတာ သူ သိသည်...
ထိုမှတ်ဉာဏ်များက မျက်နှာပြင်အောက်တွင် ပုန်းလျှိုးနေကာ မှန်ကန်သည့်အချိန်ကို စောင့်စားနေပြီး အချိန်ကျလာသည်နှင့် ဆည်တစ်ခုကဲ့သို့ လုံး၀မနားတမ်းကျဆင်း လာခြင်း ဖြစ်သည်။
ယဲ့ကျား သူ့မျက်လုံးများကို မှိတ်ထားဆဲဖြစ်သည်။
မျက်လုံးတစ်ဖန် ပြန်ပွင့်လာသောအခါ သူ့မျက်လုံးအတွင်းမှ ခံစားချက်များကနေရောင်အောက်တွင် အငွေ့ပျံသွားသကဲ့သို့ အရိပ်အယောက်ပင် မကျန်တော့ချေ။
သူ ဖုန်းကို ထုတ်ကာ တစ်ချက်ကြည့်လိုက်သည်။
06:40...
ယဲ့ကျား သမ်းဝေလိုက်ပြီး အချက်ပေးသံ မမြည်သေးသည့် နှိုးစက်ကို ပိတ်လိုက်သည်။
မေ့လိုက်တော့...ဒီနေ့ အလုပ်ပျက်မယ်...
သူ ခဏလောက်တွေးလိုက်ပြီး ဖုန်းကို ချလိုက်သည်။ ယင်းက စိတ်ထဲ၀န်ထုပ်၀န်ပိုး မဖြစ်ခဲ့ချေ။ ထို့နောက် သူ ကုတင်ပေါ်သို့ပြန်လှဲလိုက်လေသည်။
...........
သွေးစွန်းနေသော ခြေလက်များ၊ မဲ့ရွဲနေသော အမူအရာများနှင့် ဖြူဖျော့ဖျော့ မျက်နှာများ စသည်ဖြင့် ဖြတ်တောက်ခံထားရသော အလောင်းများဆီမှ ထွက်လာသော သေခြင်းတရားရနံ့က နေရာတိုင်းတွင် စိမ့်၀င်နေလေသည်။
ထိုအပိုင်းအစများက အနက်ရောင်ရေကန်ကြီး တစ်ခုသဖွယ် ဝိုင်းနေလေသည်။
ရေကန်၏ အလယ်ဗဟို၌ ကောင်လေး တစ်ယောက် ရပ်နေသည်။
သူ၏ မေးစေ့က ချွန်နေပြီး မျက်နှာက ဖြူဖျော့နေလေသည်။ သူ၏ မဟူရာမျက်လုံးအတွင်းတွင် အနီရောင်ဖျော့ဖျော့ သန်းနေပြီး ယင်းက ညနက်ထဲတွင် ပြန့်ကြဲနေသော အနီရောင်သွေးများနှင့် တူပေသည်။
သူ တိတ်တဆိတ် ကြည့်နေလေသည်။ သူ၏ နက်ရှိုင်းလှသော မျက်လုံးထဲတွင် စွဲလမ်းမှုနှင့် တူသော အရာတစ်ခု ပေါ်လာပြီး သူ ကြည့်ရသည်မှာ ရူးသွပ်လုနီးပါး ဖြစ်နေလေသည်။
ကောင်လေး၏ ရင်ဘတ်တွင် လက်နက်ကြီး တစ်ခုနှင့် အထိုးခံထားရသကဲ့သို့ အပေါက်ကြီးဖြစ်နေသော်လည်း ရင်ဘတ်မှ စိမ့်ထွက်လာသည်ကား သွေးများ မဟုတ်ချေ။ အနက်ရောင်တစ္ဆေစွမ်းအင်များသာ ဖြစ်လေသည်။
ကောင်လေး သူ့ဆီ တစ်လှမ်းချင်း လျှောက်လှမ်းလာသည်ကို ယဲ့ကျားကြည့်နေသည်။
“ ကောကော...”
ကောင်လေး၏ အသံက အပြစ်ကင်းစင်ပြီး နုံအ နေလေသည်။ သူ ကျယ်လောင်စွာအော်လိုက်သည်။
“ကျွန်တော့်ကို မမှတ်မိဘူးလား... ”
သို့သော် နောက်တစ်ခဏအတွင်း အသံကကွဲအက်တိုး၀င်သွားကာ အရွယ်ရောက်သူတစ်ယောက်၏ ညှို့ဓာတ် ပါဝင်နေလေသည်။
“မင်း ဘာဖြစ်လို့ ထွက်ပြေးချင်နေတာလဲ...”
တစ်ဖက်လူက ခါးကိုင်းလိုက်ပြီး အနက်ရောင်အရိပ်တစ်ခု ဆန့်ထွက်လာလေသည်။
တစ်ဖက်လူ၏ မျက်လုံးက နီရဲနေသည်မှာ သွေးများစီးကျနေသကဲ့သို့ပင် ဖြစ်သည်။ သူ ယဲ့ကျားအနားကို ချဉ်းကပ်လာပြီးသူ၏ အေးစက်နေသော နှုတ်ခမ်းများက ယဲ့ကျား၏ နားကို ဖိထားပြီး သေမင်း၏ အေးစက်စက်အော်ရာက သူ့နားတွင် ရစ်ပတ်နေသည်ဟု ယဲ့ကျား ခံစားနေရလေသည်။
“ကျွန်တော့်ကို မကြိုက်တော့လို့လား ကောကော...”
ယဲ့ကျား၏မျက်လုံးများ ရုတ်တရက် ပွင့်လာပြီး အသက်ကို ပြင်းပြင်းရှုရှိုက်နေရကာ သူ၏ရင်ဘတ်ကလည်း နိမ့်ချည် မြင့်ချည် ဖြစ်နေလေသည်။
အခန်းထဲတွင် နွေးထွေးသော နေရောင်ခြည် နှင့် လွှမ်းခြုံနေလေသည်။
အချိန်အတော်ကြာပြီးနောက် ယဲ့ကျား၏ အသက်ရှုသံများ တည်ငြိမ်လာပြီး ဖြည်းညှင်းစွာ ထထိုင်လိုက်လေသည်။
ယဲ့ကျား ခေါင်းကိုက်နေသောကြောင့် သူ့နားထင်ထောင့်များကို ဖိလိုက်ပြီး ကျိန်ဆဲလိုက်လေသည်။
သေစမ်း...သေလိုက်စမ်း ကျီရွှမ်...
အိမ်မက်ထဲအထိတောင် လိုက်လာတယ်ပေါ့...
ယဲ့ကျား ကုတင်ဘေးရှိ စားပွဲပေါ်တွင် တင်ထားသော ဖုန်းကို လှမ်းယူလိုက်သည်။
ဖုန်းထဲတွင် ခေါင်းဆောင်ထံမှ ဒေါသနှင့်သတိပေးစာများ၊ ဖုန်းခေါ်ထားမှုများမရှိပေ။ ဆန့်ကျင်ဘက်အနေနှင့် လျှိုကျောက်ချန်က သူ့ခန္ဓာကိုယ်ကိုဂရုစိုက်ရန် ပြောထားပြီး ကျောက်သုန်၏ အခြေအနေ တိုးတက်လာကြောင်းကိုလည်း ပြောထားလေသည်။ ကျောက်သုန်ပြန်ကောင်းမွန်လာသည့် အကြောင်းရင်းကို သူတို့ မသိကြသော်လည်း စိတ်သက်သာရာ ရကြပေသည်။
ယဲ့ကျား ဖုန်းကို အပေါ်အောက် ပွတ်ဆွဲလိုက်သည်။
ထိုအခါ လက်မဲလေးက သူ့ကို ကူညီပြီး ခွင့်တိုင်ပေးထားသည်ကို တွေ့လိုက်ရလေသည်။ လေသံက နူးညံ့နေသော်လည်း နှိမ့်ချမှု မရှိပေ။ သနားစရာကောင်းသော်လည်း စိတ်မချမ်းမြေ့စရာ မကောင်းပေ။ ယင်းကား အကောင်းဆုံး ဆေးခွင့်တောင်းခံစာ ဖြစ်လေသည်။
သူ မျက်ခုံးများကို ပင့်လိုက်ပြီး အံ့ဩနေလေသည်။
အို...မဆိုးဘူးပဲ...
လူမှုဆက်ဆံရေးစွမ်းရည်မှာ အဆင့်တစ်ပဲ...
ယဲ့ကျား လက်မဲလေး သူ့အလုပ်များကို စိတ်ပါလက်ပါ ဆက်လုပ်ပေးရန် မည်ကဲ့သို့ လှည့်စားရမည်နည်းဟု စဉ်းစားနေစဉ် သူ့လက်ထဲရှိ ဖုန်းက ရုတ်တရက်ကြီး အကြိမ် အနည်းငယ်လောက် တုန်ခါလာလေသည်။
ဖုန်း နိုတီဘား ပေါ်တွင် ရင်းနှီးနေသောကြောင်ပုံ ပရိုဖိုင်လေး ပေါ်နေလေသည်။
【 ကြောင်လေးက ငါးစားရတာ ကြိုက်တယ် : ညီကိုရေ အလုပ်နဲ့ပတ်သတ်ပြီးသတင်းပို့ဖို့ အချိန်ရောက်ပြီ...】
ယဲ့ကျား : “………”
သေစမ်း...ဒီတစ္ဆေက ဘာဖြစ်လို့ သူ့ထက်ပိုပြီး ခေတ်မီတဲ့ လူ့အဖွဲ့အစည်းနဲ့ ရင်းနှီးနေရတာလဲ...
ဒါက မတရားဘူးလေ...
___________________________________