Chapter 24
မနက်ခင်းတွင်...
လူတစ်စုက Mမြို့ရှိ PIAMBဌာနခွဲသို့အလောတကြီး လာနေကြရာ သူတို့ နောက်တွင် ဖုန်မှုန့်များ ပြန့်ကြဲနေလေသည်။
ထိုလူစုကို ဦးဆောင်လာသူက မုတ်ဆိတ်မွှေး တိုကပ်ကပ်နှင့် အရပ်ရှည်သော အမျိုးသား တစ်ဦး ဖြစ်သည်။
သူ တဟုန်ထိုး ပြေး၀င်လာကာ ဧည့်ကြိုကောင်တာရှိ ၀န်ထမ်းကို ဆွဲကိုင်လိုက်ပြီးအလောတကြီး မေးလိုက်သည်။
“အဲ့ဒီလူ ဘယ်မှာလဲ...”
၀န်ထမ်းလေး ထစ်ထစ်ငေါ့ငေါ့ ပြန်ဖြေလိုက်သည်။
“ဘာ...ဘာလူလဲ...”
“တစ်ခုခုက ကပ်ပါးကောင်လိုမျိုး ကပ်တာ ခံနေရတဲ့ မင်း၀န်ထမ်းကို ပြောတာ...သူ ဘယ်မှာလဲ...”
ထိုအမျိုးသားက ပြင်းထန်သော အကြည့်နှင့် ၀န်ထမ်းကို ကြည့်နေပြီး ကိုင်လှုပ်နေလေသည်။
“မြန်မြန်လုပ်...အရမ်းနောက်ကျသွားလို့ မဖြစ်ဘူး...”
အဝေးမှ အသံတစ်သံ ထွက်လာလေသည်။
“အို...ကျောက်သုန်...”
ထိုအမျိုးသားက ၀န်ထမ်းလေးကို လွှတ်လိုက်ပြီး မျက်လုံးများ တောက်ပလာကာ အသံလာရာကို ကြည့်လိုက်သည်။
“မင်း သူ့ကို သိတယ်...”
“သိပါတယ်...”
ထို၀န်ထမ်းက ခေါင်းငြိမ့်လိုက်သည်။
“ဒီနေ့ ဆေးရုံမှာ သတင်းထွက်လာတယ်...သူ့အခြေအနေက တည်ငြိမ်နေပြီမို့ တစ်ပတ်အတွင်း ဆေးရုံကဆင်းနိုင်တော့မှာပါ...”
ထိုအမျိုးသား စိတ်ရှုပ်ထွေးစွာ ကြည့်လာလေသည်။
"ဟမ်...”
နာရီ၀က်အကြာ...
ဆေးရုံ အဠမထပ်ရှိ အထူးသီးသန့်လူနာဆောင် ၀င်ပေါက်၌...
လျှိုကျောက်ချန် အိပ်ပျော်နေသည့် ကျောက်သုန်ကို ညွှန်ပြလိုက်သည်။
“ကြည့်...”
ထိုအမျိုးသားက လူနာဆောင်တွင်းသို့ သတိကြီးစွာ ၀င်လာပြီး ကျောက်သုန်၏စောင်ကို ဆွဲလှန်လိုက်လေသည်။
ခြေလက်များပေါ်တွင် ရောင်ရမ်းမှုများနှင့် ပွန်းပဲ့ဒဏ်ရာများ ရှိနေသေးသော်လည်း သိသိသာသာ ဖြည်းဖြည်းချင်း ကောင်းမွန်လာပြီး အရေပြားအောက်မှ သာမာန်အသားအရေကို ရေးရေးလေး မြင်နိုင်ပေသည်။
အဖွဲ့၀င်များ တစ်ယောက်ကို တစ်ယောက် သံသယရှိစွာ ကြည့်လိုက်သည်။
ဒါက...
ဒီလိုမျိုး တစ်ခါမှ မဖြစ်ဖူးဘူး...
အမှားအယွင်း ဖြစ်သွားတာလား...
ကုတင်ခြေရင်းတွင် ရပ်နေသောမုတ်ဆိတ်မွှေးနှင့် လူကသာ ခါးကိုင်းလိုက်ပြီးကျောက်သုန်၏ ခြေထောက်ကို ဂရုတစိုက်စစ်ဆေးလိုက်လေသည်။
သူ တစ်ဖက်လူ၏ အရေပြားကို လက်ညိုးဖြင့် သုတ်လိုက်ပြီး ထိုလက်ညိုးကို နမ်းလိုက်ကာ လျှာနှင့် လျက်လိုက်လေသည်။
အရာအားလုံးကို တွေ့လိုက်ရသည့်
လျှိုကျောက်ချန် : “……..?”
သို့သော် ပတ်ပတ်လည်မှ အဖွဲ့၀င်များက ပုံမှန်အတိုင်းသာ ဖြစ်လေသည်။ သူတို့ထဲမှ တစ်ယောက်က ချဉ်းကပ်လာပြီး မေးလိုက်သည်။
“ဘယ်လိုလဲ...အစ်ကိုဝူ တစ်ခုခုရှာတွေ့ပြီလား...”
အစ်ကိုဝူဟု ခေါ်ခံရသည့် အမျိုးသားက တည်ငြိမ်သော အမူအရာဖြင့် ပြောလိုက်သည်။
“ဒါက သရဲမျက်နှာ ပင့်ကူဆိုတာ သေချာတယ်...”
“ဒါဆိုရင်..."
အစ်ကိုဝူ သေချာ စဉ်းစားနေပြီး ခေါင်းခါလိုက်ကာ ခေါင်းငြိမ့်လိုက်သည်။
“ငါတို့ရှေ့မှာ တစ်ယောက်ယောက် လာသွားတာပဲ...”
အဖွဲ့၀င်များ အံ့ဩသွားကြသည်။
“ဒါ့အပြင် အဲ့လူက အရမ်းကို ဗဟုသုတများပြီး နှံ့စပ်တဲ့သူပဲ...”
အစ်ကိုဝူ စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်သည်။
“.........”
အဖွဲ့၀င်များ တစ်ယောက်ကို တစ်ယောက်ကြည့်လိုက်ပြီး တိုးတိုးပြောလိုက်သည်။
"ဒါက ဖြစ်နိုင်ပါ့မလား...”
“ကလင်...ကလင်...ကလင်...”
စူးရှသော အသံတစ်သံ မြည်လာပြီး လူနာဆောင်အတွင်းရှိ တည်ငြိမ်နေသောလေထုကို အနှောင့်အယှက် ပေးလိုက်လေသည်။
အစ်ကိုဝူ ဖုန်းကိုင်လိုက်သည်။
“အင်း...ဟုတ်တယ်...အဆင်ပြေတယ်...အဆင်ပြေတယ်...”
တိုတိုတုတ်တုတ် ဖြေကြားပြီးနောက် ဖုန်းကိုချလိုက်ပြီး ပြောလိုက်သည်။
“ရဲတွေဆီက သတင်းပဲ...ဒီမနက်က ရိပ်သာ ၄လမ်းမှာ ပျောက်နေတဲ့သူ နှစ်ဆယ့်ရှစ်ယောက်ကို တစ်ယောက်ယောက်က ရှာတွေ့တယ်တဲ့...သူတို့ကိုရှာတွေ့တဲ့အချိန် အားလုံးက တုန်လှုပ်နေကြပြီး ဒဏ်ရာကြီးကြီးမားမား မရှိပေမဲ့ သူတို့ ဘာတွေဖြစ်ခဲ့လဲ မမှတ်မိကြဘူးတဲ့...”
အားလုံး အံ့အားသင့်သွားလေသည်။
“ဒါက အရမ်း...”
အစ်ကိုဝူ တွေဝေလျက် စီးကရက်ကို မီးညှိကာ ကိုက်လိုက်ပြီးကာ တီးတိုးရေရွတ်လိုက်သည်။
“အရမ်းကို နှံ့စပ်တာပဲ...”
တစ်ဖက်တွင် လျှိုကျောက်ချန် စိုးရိမ်တကြီး နှင့် နားထောင်နေလေသည်။
“မင်းတို့ ဘာလို့ နားမလည်နိုင်အောင် ပြောနေကြတာလဲ...နှံ့စပ်တာက ဘာလဲ...”
အစ်ကိုဝူနှင့် အဖွဲ့၀င်များ တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကာ ခေါင်းငြိမ့်လိုက်ကြသည်။
“မင်းက ထောက်ပံ့ပို့ဆောင်ရေးဌာနရဲ့ခေါင်းဆောင်လား...”
သူ ပါးစပ်ထဲမှ စီးကရက်ကို ထုတ်လိုက်ကာ လက်ထဲကိုင်ထားပြီး လျှိုကျောက်ချန်ကို ကြည့်လိုက်သည်။
“ငါတို့ Mမြို့မှာ ခဏနေကြမှာ ဖြစ်တဲ့အတွက် မင်းရဲ့ ပူးပေါင်းဆောင်ရွက်မှုတွေကို လိုတယ်...”
“ထုတ်ဖော်လို့ မရတဲ့ လျှို့ဝှက်ချက်ကို သိချင်လား...”
“သိချင်တာပေါ့...”
ဆယ်မိနစ်အကြာ...
လျှိုကျောက်ချန် စက္ကန့်အတော်ကြာ တိတ်ဆိတ်သွားလေသည်။ ထို့နောက် သူ ခက်ခက်ခဲခဲ ပြောလိုက်သည်။
“ဒါ...ဒါက...ထုတ်ဖော်ပြလို့ မရတဲ့ လျှို့ဝှက်ချက်လား...”
၎င်းက ရှည်မျောပြီး အနက်ရောင်နှင့်အနီရောင် ပါရှိသော အင်းဆက်ကောင် ဖြစ်ပြီး သန္ဓေပြောင်း မျှော့အကြီးကြီးနှင့် တူလေသည်။ ၎င်းတွင် ချွန်ထက်သော အစွယ်များစွာရှိပြီး အတော် ကျောချမ်းစရာ ကောင်းသည့် မြင်ကွင်းဖြစ်သည်။
“တကယ်တော့...”
တကယ်တော့ ငါ ဒါကြီးကို သိချင်တာ မဟုတ်ဘူး...
လျှိုကျောက်ချန်၏ ခုခံကာကွယ်မှုကိုမမြင်လိုက်သကဲ့သို့ပင် ၊ အစ်ကိုဝူ မျှော့ကို လျှိုကျောက်ချန် ၏ လက်ဖမိုးတွင်တင်လိုက်လေသည်။
လျှိုကျောက်ချန်၏ အမြင်အာရုံများ မည်းမှောင်သွားသည်။
အနက်နီရောင်မျှော့က တဖြည်းဖြည်းတွန့်လိမ်သွားနေလေသည်။ မျှော့က သွေးများကို အလွန်အကျွံ မစုပ်ယူမီအစ်ကိုဝူ ကျွမ်းကျင်စွာ ပြန်ဆွဲခွာလိုက်ပြီး မူလထည့်ထားရာ သေတ္တာထဲသို့ ပြန်ထည့်လိုက်သည်။
“ပြီးပြီ...”
“……”
လျှိုကျောက်ချန် ခြောက်ကပ်စွာ ရယ်လိုက်သည်။
“ဟ...ဟ...အရမ်းကောင်းတာပဲ...”
အစ်ကိုဝူ သေတ္တာကို သူ့နောက်ရှိ အဖွဲ့သားများဆီ လှမ်းပေးလိုက်ပြီး ကိစ္စကို လေးနက်သော အမူအရာဖြင့် ပြောလိုက်လေသည်။
သူပြောသည်ကို နားထောင်လေလေ၊ လျှိုကျောက်ချန်၏ အမူအရာက ပိုပြီးလေးနက်လာလေလေ ဖြစ်သည်။
အချိန်အတော်ကြာပြီးနောက် သူ ဖြည်းညှင်းစွာ မေးလိုက်လေသည်။
“ဒါဆို ဂိမ်းက အတိအကျပြောရင်ဘာလဲ...”
“ငါတို့ မသိဘူး...”
အစ်ကိုဝူ စီးကရက်ကို ပြန်ကိုက်လိုက်သည်။
“ငါတို့လူသားတွေမှာ အဲဒါနဲ့ ပတ်သတ်ပြီးအချက်အလက် နည်းနည်းပဲရှိတယ်...အဲဒါ ဘယ်က ရောက်လာတယ်...ဘာလို့ ပေါ်လာတယ်...ဘယ်လို အလုပ်လုပ်တယ်...ကြောက်စရာကောင်းပြီး စွမ်းအားကြီးတဲ့ တစ္ဆေတွေ၊ မကောင်းဆိုးဝါးတွေကို ဘယ်လို ခေါ်လာတယ် ဒါတွေကို ဘယ်သူမှ မသိကြဘူး...”
ဖြူဖျော့ဖျော့ မီးခိုးငွေ့များက လေထဲတွင် ပျံ့နှံ့နေလေသည်။
“ငါတို့အားလုံး သိကြတာကတော့ ဒီစနစ်က အကြောင်းတစ်ခုခုကြောင့် ပြိုကျသွားတာပဲ...ရလဒ်ကတော့ ဂိမ်းထဲမှာပိတ်မိနေတဲ့ မကောင်းဆိုးဝါးတွေ၊ တစ္ဆေတွေ လွတ်ထွက်လာပြီး ငါတို့ကမ္ဘာဆီကျူးကျော်လာကြတယ်...ကမ္ဘာကြီး နှစ်ခုလုံး အပြည့်အ၀ မပေါင်းစည်းကြသေးပေမဲ့ အဲဒါက အချိန်တစ်ခုလောက်ပဲ..."
လျှိုကျောက်ချန် သူ့ခန္ဓာကိုယ်တစ်လျှောက် အေးစက် သွားသလို ခံစားလိုက်ရပြီး အလိုအလျောက် တုန်ရီသွားလေသည်။
အမည်မသိ အမှောင်ထုက သူ့မျက်လုံးရှေ့တွင် ပျံ့နှံ့လာသလိုမျိုး အလိုအလျောက် ထိတ်လန့်သွားမိသည်။
လျှိုကျောက်ချန် သူ့ကိုယ်သူ တည်ငြိမ်အောင် လုပ်လိုက်သည်။
“ဒါဆိို မင်းကရော...ဘယ်လို အဲ့လောက် တောင်သိနေတာလား..."
အစ်ကိုဝူ ရယ်မောနေသော်လည်း သူ့အသံတွင် ပျော်ရွှင်ခြင်း မရှိပေ။
သူ့အနက်ရောင် မျက်လုံးထဲတွင် တောက်လောင်နေသော စီးကရက်၏ အရိပ် ထင်နေလေသည်။ ယင်းက မှောင်မိုက်နေသော ကောင်းကင်ယံတွင် တောက်ပနေသော မီးရှူးမီးပန်းသဖွယ် ဖြစ်နေလေသည်။
“ဘာလို့ဆို ငါက အဲ့နေရာကနေ ထွက်လာတဲ့သူ မို့လို့ပါ...”
_____________________
ယဲ့ကျား သူ့ကိုယ်သူ ယင်စွမ်းအင်အလွှာခုနစ်လွှာ ရှစ်လွှာနှင့် တင်းတင်းကြပ်ကြပ်ကာလိုက်လေသည်။ သူ၏ လူသားရနံ့ကိုလုံး၀ ဖုံးကွယ်နိုင်ပြီဟု မသေချာမချင်း မရပ်တန့်ခဲ့ပေ။
သူ၏ တစ္ဆေပိုင်နက်ကို အသက်သွင်းပြီး မကြာမီ အရိပ်တစ္ဆေနှင့် တွေ့ဆုံရန်ချိန်းထားသော နေရာသို့ ရောက်ရှိလာလေသည်။
အပေါ်မှ နေမင်းကြီး တဖြည်းဖြည်းနိမ့်၀င်လာပြီး နောက်ဆုံးအလင်းရောင်ကသာ ထိုစွန့်ပစ်နေရာကို လင်းထိန်နေစေလေသည်။
အရိပ်တစ္ဆေ ထိုနေရာတွင် ရောက်နှင့်နေပြီးဖြစ်သည်။
နေရောင်အောက်တွင် သူ၏ခန္ဓာကိုယ်က ထိုးဖောက်မြင်နိုင်သော အနေအထား ဖြစ်နေလေသည်။ အရိပ်တစ္ဆေက ညနေလေပြေလေးနှင့် လှုပ်ယမ်းနေလေသည်။
ယဲ့ကျား ထိုစွန့်ပစ်နေရာ ပတ်ပတ်လည်ကို သတိထားကြည့်လိုက်သည်။
အကျွမ်း၀င်သော ပုံရိပ်တစ်ခု ထိုနေရာတွင် မရှိချေ။
အရိပ်တစ္ဆေ ယဲ့ကျားကို မြင်လိုက်သောအခါ အားတက်သရော နှုတ်ဆက်လိုက်လေသည်။
“ဒီမှာ...ဒီမှာ...”
ယဲ့ကျား အရိပ်တစ္ဆေဆီ လျှောက်သွားပြီး မေးလိုက်သည်။
“ကျီရွှမ် ဒီတစ်ခေါက် မလာဘူးလား...”
“........”
အရိပ်တစ္ဆေ လန့်ဖျပ်သွားလေသည်။ သူလေသံကို လျှော့ချလိုက်ပြီး ယဲ့ကျားကို အလောတကြီး ဆူပူကြိမ်းမောင်းလိုက်သည်။
“မင်း ဘာလုပ်မလို့လဲ...မင်း ကင်းရဲ့ နာမည်ကို တိုက်ရိုက် ပြောရဲတယ်... ကံကောင်းစွာနဲ့ ဒီတစ်ခေါက် ကင်း မလာဘူး... မင်း အသက်မရှင်ချင်တော့ဘူးလား...”
ဒီတစ်ခေါက် မလာဘူးပေါ့...
အရိပ်တစ္ဆေ၏ စကားများထဲမှ အဓိကစကားလုံးများကို တိတိကျကျ ဖမ်းမိလိုက်ပြီး ယဲ့ကျား စိတ်သက်သာရာ ရသွားပြီးတိတ်တဆိတ် သက်ပြင်းချလိုက်လေသည်။
“ တောင်းပန်ပါတယ်...ဒါနဲ့ ဒီတစ်ခေါက် ဘာလုပ်ရမှာလဲ...”
အရိပ်တစ္ဆေ၏ လေသံ ချက်ချင်း တည်ငြိမ် သွားလေသည်။
“သန့်ရှင်းရေး...”
“မနေ့က စုဝေးပွဲမှာ ပါခဲ့တဲ့ တစ္ဆေတော်တော်များများကို ကင်းက သုတ်သင်ခဲ့ပေမဲ့ ထွက်ပြေးနိုင်ခဲ့တဲ့ တစ္ဆေတွေ ရှိနေတုန်းပဲ...သူတို့မှာ သစ္စာဖောက်ရဲတဲ့ သတ္တိရှိရင် အကျိုး ဆက်ကို ခံနိုင်ရဲတဲ့ သတ္တိလည်း ရှိသင့်တာပေါ့...”
အရိပ်တစ္ဆေ လှောင်ပြောင်လိုက်လေသည်။
ယဲ့ကျား သူ့ကို တစ်ချက်ကြည့်လိုက်သည်။
ဒါက သတိပေးချက်တစ်ခုဆိုတာ သိသာ ပါတယ်...
အရိပ်တစ္ဆေ အနက်ရောင်သံလိုက်အိမ်မြှောင်တစ်ခုကို ထုတ်လိုက်သည်။ သံလိုက်အိမ်မြှောင်တွင် လက်တံများမရှိချေ။ အဆက်မပြတ် စီးဆင်းကာ ပြောင်းလဲနေသော အနက်ရောင်မှင်များသာ ရှိလေသည်။
အရိပ်တစ္ဆေ သံလိုက်အိမ်မြှောင်ကို ငုံ့ကြည့်လိုက်ပြီး တိကျသည့် တည်နေရာတစ်ခုကို မှတ်လိုက်သည်။
“ဒီဘက်...”
ယဲ့ကျား အရိပ်တစ္ဆေ၏ မှုန်ဝါးဝါးပုံရိပ်နောက်ကို လိုက်နေရလေသည်။ သူ့ပတ်၀န်းကျင်ရှိ ရှုခင်းများစွာက သူ့ဘေးမှ မှုန်ဝါးဝါး ဖြတ်သန်းသွားကြသည်။
သူတို့ အဆောက်အအုံများ၏ အရိပ်များကြား လျင်မြန်စွာ ဖြတ်သန်းနေကြပြီး နောက်ဆုံး မှောင်မည်းနေသော လမ်းကြားထိပ်တွင် ရပ်လိုက်လေသည်။
အဝေးတစ်နေရာမှ ယာဉ်အသွားအလာသံများကို ဝိုးတဝါး ကြားနေရလေသည်။ သူတို့ရှေ့မှ လမ်းကြားက မှောင်မည်းနေပြီး တိတ်ဆိတ်မှုများနှင့် လွှမ်းခြုံနေပေသည်။ အကယ်၍ ဂရုတစိုက် နားထောင်ကြည့်လျှင်ရှေ့အမှောင်ထုအတွင်းမှ ဝါးမျိုသံဖျော့ဖျော့ကို ကြားနိုင်ပေသည်။
အရိပ်တစ္ဆေ အမှောင်ထုအတွင်းသို့ ဖြည်းညှင်းစွာ ၀င်ရောက်သွားလေသည်။
လမ်း၏ နက်ရှိုင်းသောတစ်နေရာတွင် ဆာလောင်မှုသရဲနှစ်ကောင် လူအလောင်းတစ်လောင်း ကို ဝါးမျိုနေကြလေသည်။ သူတို့၏ အသားများကို ဆွဲဖြဲနေပြီး အရိုးများကို သွားများဖြင့် အခက်အခဲမရှိ ကိုက်ချေ နေကြလေသည်။ သူတို့ကို ကြည့်ရသည်မှာ ယင်းကို ကျေနပ်တင်းတိမ်ပုံ မပေါ်ချေ။ သွေးများနှင့်မြေပြင်ပေါ်တွင် ကြေမွနေသော အပိုင်းအစငယ်လေးများကို လောဘတကြီး လျက်နေကြပြီး ထပ်ခါထပ်ခါ ရေရွတ်နေလေသည်။
“ဆာတယ်...ဆာတယ်....ဆာတယ်...”
“မင်းတို့ မကြာခင် ထာ၀ရ ဗိုက်ပြည့်သွားကြလိမ့်မယ်...”
အေးစက်သော အသံတစ်သံ အမှောင်ထုအတွင်းမှ ထွက်ပေါ်လာလေသည်။
ဆာလောင်မှု သရဲနှစ်ကောင် ရုတ်တရက် သတိပြန်၀င်လာကာ အသံလာရာ နေရာဆီသို့ ဖြည်းညှင်းစွာ ချဉ်းကပ်လိုက်ပြီး ခါးခါးသီးသီး ပြောလိုက်လေသည်။
“ကျီရွှမ်ရဲ့ ခွေး...”
“ဟုတ်တယ်...”
အရိပ်တစ္ဆေ ရယ်မောလိုက်သည်။
“ကင်းရဲ့ ခွေးက မင်းတို့ကို နှုတ်ဆက်ဖို့
ဒီနေရာကို ရောက်လာတာလေ....”
အသံက ဆာလောင်မှုသရဲနှစ်ကောင်၏ နောက်တွင် ရုတ်တရက် ပေါ်လာပြီး မုန်းတီးစွာ ပြောလိုက်သည်။
“သာယာတဲ့ ခရီး ဖြစ်ပါစေ...”
အမှောင်ရိပ်တစ်ခု ရုတ်တရက် ကြီးမားလာပြီး ကြီးမားသော ပါးစပ်ကို ဖွင့်လိုက်သကဲ့သို့ပင်၊ ဆာလောင်မှုသရဲတစ်ကောင်၏ ပတ်ပတ်လည်ကို လွှမ်းခြုံလိုက်လေသည်။
နောက်တစ်ခဏအတွင်း ထိုဆာလောင်မှုသရဲ၏ သနားစရာကောင်းသော ငိုကြွေးအော်ဟစ်သံများ ထွက်ပေါ်လာလေသည်။
အခြားဆာလောင်မှုသရဲအခြေအနေမကောင်းမှန်း သိသွားပြီး အလောတကြီး ထွက်ပြေးရန် ကြိုးစားသော်လည်း မရေမတွက်နိုင်သော လက်များစွာ ဆန့်ထွက်လာပြီး ပိန်ပါးသောခြေထောက်ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်လိုက်ကာ အမှောင်ထုအတွင်းသို့ တရွတ်တိုက် ဆွဲခေါ်သွားလေသည်။
ဆာလောင်မှုသရဲက သူ၏ ကြီးမားလှသော ပါးစပ်ကို ရုတ်တရက် ဖွင့်လိုက်ပြီး သူ၏ ခြေသလုံးကို ကိုက်ဖြတ်လိုက်ကာ လျင်မြန်စွာ လွတ်မြောက်သွားလေသည်။
သူ လွတ်မြောက်သွားသည့် အခိုက်အတန့်တွင် ပိန်ပါးပါး ခြေထောက်ပေါ်၌ ပါးစပ်တစ်ခု ပေါ်လာပြီး အရိပ်တစ္ဆေ၏လက်ကို ခိုင်မြဲစွာ ကိုက်လိုက်သည်။
“ သေစမ်း...”
အရိပ်တစ္ဆေ အံ့ဩသွားလေသည်။
အစောပိုင်းတွင် အရိပ်တစ္ဆေ ဖမ်းမိထားသည့် ဆာလောင်မှုသရဲက ထိုအခွင့်အရေးကိုသုံးကာ လွတ်မြောက်သွားပြီး ဆက်လက်တိုက်ခိုက်လိုက်သည်။
အရိပ်တစ္ဆေ ထိုဆာလောင်မှုသရဲကို အရင်ကိုင်တွယ်ပြီးမှ အခြားလွတ်မြောက်သွားသော သရဲနောက်သို့ လိုက်နိုင်မည်ဖြစ်သည်။
သူ ထိုသရဲကို ကိုင်တွယ်ပြီးသည်နှင့် လမ်းကြားတစ်လျှောက် လိုက်ဖမ်းနေလေသည်။
သို့သော် အမှောင်ထု အတွင်းမှ နင်းခြေသံတစ်သံကို ကြားလိုက်ရသည်။
ဆာလောင်မှုသရဲ၏ ခန္ဓာကိုယ်က တစ်စုံတစ် ယောက်၏ ခြေဖဝါးအောက်တွင် ရှိနေလေသည်။
သရဲ၏ ပိန်ပါးသော ခြေလက်များကအကိုင်းအခက်ခြောက်များသဖွယ် ဆန့်ထွက်နေပြီး မျက်နှာက ဖြူဖျော့နေပြီး ၀မ်းဗိုက်တွင် ကြီးမားသည့် ဒဏ်ရာတစ်ခု ရှိနေလေသည်။ ယင်းက ချွန်ထက်နေသော လက်နက်ဖြင့် သရဲကိုနှစ်ခြမ်းကွဲလုမတတ်လှီးဖြတ်ထားခြင်း ဖြစ်သည်။
ဆာလောင်မှုသရဲ၏ ခန္ဓာကိုယ်က မှေးမှိန်လာပြီး နောက်ဆုံးတွင် သေသွားလေသည်။
အရိပ်တစ္ဆေ လမ်းကြားထိပ်တွင် ရပ်နေသော တစ္ဆေအသစ်ကို မယုံကြည်နိုင်စွာ ကြည့်လိုက်သည်။
အနက်ရောင် ယင်စွမ်းအင်များက တစ်ဖက်လူကို လုံး၀ဖုံးအုပ်နေလေသည်။ လမ်းထိပ်မီးရောင်အောက်မှ အရပ်ရှည်ပြီး ဖြောင့်စင်းသည့် ပုံရိပ်တစ်ခုကို မှုန်ဝါးဝါးလှမ်းမြင်နိုင်လေသည်။
သရဲ မပျောက်ကွယ်မီ တစ်ဖက်လူ၏ လက်ချောင်းထိပ်မှ အေးစက်စက် အလင်းရောင်တစ်ခု တောက်ပလာလေသည်။
အရိပ်တစ္ဆေ သူ၏ အံ့ဩထိတ်လန့်မှုများကို ကူရာမဲ့စွာ ဖော်ပြနေလေသည်။
ဆာလောင်မှုသရဲများက ကိုင်တွယ်ရ ခက်ခဲသည် ဟူသော နာမည်ဆိုးနှင့် ကျော်ကြားလေသည်။သူတို့၏ တိုက်ခိုက်ရေး စွမ်းအားက မမြင့်မားသော်လည်းသူတို့၏ ခုခံကာကွယ်နိုင်စွမ်းက ကမ္ဘာမြေကြီး အပြင်ဘက်တွင် ရှိနေလေသည်။
လွတ်မြောက်သွားသည့် ဆာလောင်မှုသရဲက ခြေလက်များစွာကို ထိန်းချုပ်နိုင်ပြီး ၎င်းက ဘီအဆင့် သို့မဟုတ် ဘီအဆင့်ထက် မြင့်လေသည်။
သူ ကိုင်တွယ်ခဲ့သည့် ဆာလောင်မှုသရဲက စီပလက်(C+) အဆင့်ဖြစ်သည်။
စီပလက် အဆင့်သာ ဖြစ်သော်လည်းဆာလောင်မှုသရဲကို သူ့ကိုယ်ပိုင်တစ္ဆေပိုင်နက်ထဲ ဆွဲယူမှသာ ပုံမှန်မဟုတ်သည့် မာကြောသော အရေပြားကို ဖြတ်တောက် နိုင်ခဲ့လေသည်။
သို့သော် တစ္ဆေအသစ်က ဘီအဆင့်ဆာလောင်နေသော သရဲကို ကိုယ်ပိုင်တစ္ဆေပိုင်နက်ကို အသုံးမပြု၊ တိကျစွာသတ်ဖြတ်နိုင်ခဲ့ခြင်း ဖြစ်သည်။ သူ၏ထင်မြင်ချက်အရ ဆာလောင်မှုသရဲက အဆင့်တူခြင်း ဖြစ်လျှင်ပင် သတ်ဖြတ်ရန် ခက်ခဲလေသည်။
နည်းပညာ၊ အတွေ့အကြုံ၊ ခွန်အားအားလုံးမရှိမဖြစ်ပင် ဖြစ်သည်။
တစ်ဖက်လူကို ကြည့်နေသော အရိပ်တစ္ဆေ၏ မျက်လုံးများ ပြောင်းလဲသွားလေသည်။
“အစ်ကိုကြီး မင်းက အံ့ဩစရာ ကောင်းတာပဲ...”
ဆာလောင်မှု သရဲကို သိမ်းယူရန် အရိပ်များကို အသုံးပြုနေစဉ် ယဲ့ကျားနား ကပ်ကာ မေးလိုက်သည်။
“ ခုနက ဘာဖြစ်သွားတာလဲ...မင်း မနေ့က အဲ့ဒါကို သုံးပြီး ငါ့ကို နာကျင်အောင် လုပ်ခဲ့တာလား...ငါ ဘယ်လောက်မြန်တယ်ဆိုတာ မင်းသိပါတယ်...ဒါပေမဲ့ မနေ့က မင်း လှုပ်ရှားလိုက်တာကို ငါမမြင်လိုက်ဘူး..."
အရိပ်တစ္ဆေ ယဲ့ကျားကို သိချင်စိတ် ပြင်းပြစွာ စစ်မေးလိုက်လေသည်။
အရိပ်တစ္ဆေ သူ့ခန္ဓာကိုယ်ပေါ်တွင် နာကျင်မှု ကို မခံစားရသည်မှာ အချိန် အတော့်အတော် ကိုကြာပြီဖြစ်သည်။
“မင်းရဲ့ လက်နက်ရော...”
ယဲ့ကျား : "သာမာန်ပါပဲ...”
“မင်းလက်နက်က ဘယ်လိုပုံစံလဲ...ငါ့ကို ပြလို့ မရဘူးလား...”
အရိပ်တစ္ဆေ မေးလိုက်သည်။
မင်းကို ပြလိုက်ရင် ငါ့ရဲ့ အထောက်အထား အမှန် ပေါ်သွားမှာပေါ့...
“အဲဒါက တိရစ္ဆာန်လက်သည်းပုံစံပါပဲ... များသောအားဖြင့် ထုတ်ပြလေ့ မရှိဘူး...”
“ဒါပေမဲ့ တိုက်ခိုက်နေတဲ့ အချိန်မှာ ထုတ် ပြတယ်မလား...”
အရိပ်တစ္ဆေ နောက်ဆုတ်မသွားချေ။ ဆက်မေးလိုက်လေသည်။
“အဲ့လက်နက်က သက်ရောက်မှုရှိမှ ထွက်ပေါ်လာတာ...”
ယဲ့ကျား အသည်းအသန် လိမ်ညာနေရပြီး ဆူညံသံအားလုံးကိုလည်း ကြားနေရသည့် အတွက် ခေါင်းကိုက်လာလေသည်။
“အဲဒါက တိုက်ခိုက်နေတဲ့အခါမှ ကိုယ့်အရည်အချင်းပေါ်မူတည်ပြီး ထွက်လာတဲ့ လက်နက်ပဲ...”
“အို...”
အရိပ်တစ္ဆေ နားလည်သွားလေသည်။
“မင်းက တိုက်ခိုက်ဖို့လိုအပ်တဲ့ မျိုးနွယ်ပဲ...ဆောရီး... ဆောရီး...ငါတို့အရိပ်တစ္ဆေတွေက ကိုယ့်ဘာသာ ဆုံးဖြတ်နိုင်တဲ့အတွက်ကြောင့် မင်းတို့လို မျိုးနွယ်တို့ကိုမေ့သွားတယ်...”
၎င်းက ကိုယ်ပိုင်ပြဿနာတစ်ခုဖြစ်သည်။
တစ်ဖက်လူ၏ ခွန်အားကို အတည်ပြုပြီးနောက် အရိပ်တစ္ဆေ သူ့ကို ပိုပြီး မျက်စိကျလာသည့်ပုံ ပေါ်လေသည်။
ကင်းက မျှော်လင့်ထားတဲ့အတိုင်း ထိုးဖောက်မြင်နိုင်တာပဲ...
စိတ်အေးလက်အေး ဖြစ်သွားပြီးနောက် အရိပ်တစ္ဆေ မေးလိုက်သည်။
“ဟုတ်သားပဲ...မင်းနာမည် ဘယ်လိုခေါ်လဲ...”
ဂိမ်းထဲတွင် စွမ်းအားကြီးတစ္ဆေများနှင့်မကောင်းဆိုးဝါးများကို မျိုးနွယ်အားဖြင့်ဥပမာ-ဆာလောင်မှုသရဲ၊ အရိပ်တစ္ဆေများ၊ သရဲမျက်နှာပင့်ကူများ စသည်ဖြင့် ကွဲကွဲပြားပြား သိနိုင်သော်လည်း ဉာဏ်ရည်မြင့်မားသော တစ္ဆေများအတွင်းများ အတွင်း၌ ကိုယ်ပိုင်နာမည်များ ရှိကြလေသည်။ ယင်းနာမည်များက အလွန်သီးသန့်ဆန်ပြီး မျိုးနွယ်စုပြင်ပမှ တစ္ဆေများကို ထုတ်ဖော်ပြလေ့မရှိချေ။
သို့သော်ငြားလည်း တူညီသော သူဌေးလက်အောက်တွင် လုပ်ကိုင်နေကြသောလုပ်ဖော်ကိုင်ဖက်များ အနေဖြင့် အနည်းဆုံး သူတို့ နာမည်များကို အချင်းချင်း ဖလှယ်သင့်ပေသည်။
ယခုအချိန်ထိ နာမည်မမေးရသေးသည့်အကြောင်းရင်းက ယဲ့ကျားကို မဟာမိတ်အဖြစ် အသိအမှတ် မပြုသေး၍ ဖြစ်သည်။
အရိပ်တစ္ဆေ ပြောလိုက်သည်။
“မင်းငါ့ကို အားမီ လို့ခေါ်လို့ရတယ်..."
(မီက ကြောင်လေးတွေကို ရည်ညွှန်းခေါ်ဆိုသော အသံဖြစ်သည်...)