အပိုင်း ၂၅
Viewers 10k

Chapter 25



ယဲ့ကျား : “…….”



ဘယ်လို နာမည်ကြီးလဲဟ...



သူ ဖြည်းညှင်းစွာ မေးလိုက်သည်။



“မင်းကိုယ်တိုင် ရွေးခဲ့တဲ့ နာမည်လား...”



အားမီ ခေါင်းငြိမ့်လိုက်သည်။ ယဲ့ကျားသူ၏ မှုန်ဝါးဝါး မျက်နှာပေါ်ရှိ ရှက်ရွံ့မှုများကို မြင်ရလေသည်။



“ဟုတ်တယ်... မကောင်းလို့လား...”



“……..”

ယဲ့ကျား ခြောက်ကပ်စွာ ပြန်ဖြေလိုက်သည်။

“တစ်မူထူးခြားတဲ့ နာမည်ပဲ...”



“မင်းနာမည်ကရော...”



ယဲ့ကျား ပေါ့ပေါ့ပါးပါး ပြန်ဖြေလိုက်သည်။



“အားယဲ့...”



နာမည်များ ဖလှယ်ပြီးနောက် အချင်းချင်း ပိုမို ရင်းနှီးလာကြပြီး အလုပ်လုပ်ရာတွင်လည်း ပိုမိုချောမွေ့လာကြလေသည်။



လူတစ်ယောက်နှင့် တစ္ဆေတစ်ကောင်ကအပြန်အလှန် နားလည်မှုရှိ‌သောကြောင့် ဖွင့်ဟပြောစရာ မလိုအပ်ချေ။ ထိုသို့ ပူးပေါင်းခဲ့ကြပြီး မကြာမီတွင် ပိုက်ကွန်မှ လွတ်သွားသော ငါးအားလုံးကို ဖမ်းမိလိုက်ကြသည်။



အားမီ ဖုန်းပေါ်ရှိ အချိန်ကို ကြည့်လိုက်ပြီးအနည်းငယ် အံ့ဩသွားလေသည်။

“ငါထင်ထားတာထက် ပိုမြန်တယ်...”



ယဲ့ကျား၏ မျက်လုံးများ တောက်ပလာလေသည်။



“အကုန် ပြီးသွားပြီလား...”


“‌နောက်ဆုံးတစ်ခု ကျန်သေးတယ်...”

အားမီ သံလိုက်အိမ်မြှောင်ကို ဖယ်လိုက်သည်။

“ပင့်ကူတပ်သား‌တွေနဲ့ ပင့်ကူဥတွေကအသိုက်ထဲမှာ အများကြီး ကျန်သေးတယ်...မင်း သူတို့ကို ဒီအတိုင်း ထားခဲ့ရင်သူတို့ဆီကနေ နောက်ထပ် ပင့်ကူဘုရင်မတစ်ပါး မွေးဖွားလာလိမ့်မယ်...”

ဒါကြောင့် ယဲ့ကျား မနေ့ညက အဲ့ဒါမျိုးဖြစ် မလာဖို့ ကိုယ်တိုင် လုပ်ခဲ့တာလေ...

သို့သော် အရိပ်တစ္ဆေက ယင်းကို မသိရှိခဲ့ပေ။



ယဲ့ကျား ခေါင်းငြိမ့်လိုက်ပြီး တည်ငြိမ်စွာ ပြောလိုက်သည်။



“အိုကေ...သွားကြတာပေါ့...”



သူတို့ မကြာမီ မနေ့ညက ဆောက်လုပ်ရေးလုပ်ငန်းခွင်ဆီသို့ ရောက်လာကြလေသသည်။



လဆုတ်က ပါးလွှာသော တိမ်တိုက်များအပေါ်တွင် ရှိနေလေသည်။ ကောင်းကင်အောင်ရှိ စွန့်ပစ်ဆောက်လုပ်‌ရေး လုပ်ငန်းခွင်က ကြောက်စရာကောင်းပြီး ကျောချမ်းစရာ ကောင်းနေလေသည်။



နွေရာသီဖြစ်သော်ငြားလည်း သူတို့ ထိုနေရာသို့ ခြေချလိုက်သည့်အချိန်တွင် သူတို့အရိုးများထိ စိမ့်၀င်သွားသော ရေခဲသမျှ အေးခဲသည့် အအေးဓာတ်ကို ခံစားလိုက်ရသည်။ ယင်းက သူတို့ကို အလိုလိုတုန်ရီလာစေသည်။



သူတို့ ၀င်ပေါက်ကို မရောက်ရှိသေးသော်လည်း သိပ်သည်းသော မကောင်းသောစွမ်းအင်များနှင့် သူတို့ရှေ့မှ သွေးစွန်းနေသော လေထုကို ခံစားနိုင်လေသည်။ အရာအားလုံးက ထူထပ်သော တိမ်တိုက်အဖြစ် ‌အငွေ့ပြန်သွားကြကာ အောက်ရှိ မှိန်ဝါးဝါးအပျက်အစီးများကို ဖုံးအုပ်ထားလေသည်။



“‌ ဟေ့...”

လက်မဲလေး ယဲ့ကျား၏နားဆီ တိုးတိုး‌ကပ်ပြောလိုက်သည်။

“ဒီနေရာမှာ လူတွေရှိပုံ ရတယ်...”

ယင်းကို အားမီလည်း ရှင်းရှင်းလင်းလင်းသတိထားမိလေသည်။ သူ ခေါင်းကိုလှည့်ကာ မှုန်ဝါးဝါး မျက်နှာဖြင့် တစ်နေရာကို ကြည့်နေလေသည်။

“ငါ လူသားတွေရဲ့ အနံ့ရတယ်...”

ထိုသို့ ပြောပြီးသည်နှင့် မလှမ်းမကမ်းရှိအပျက်အစီးများကြားတွင် ပုံရိပ်များစွာပေါ်လာလေသည်။

“ဒီ‌‌နေရာပဲ...”

သူ့လက်ထဲမှ မြေပုံကို ငုံ့ကြည့်ရန်ပင် မလိုချေ။ ဝူဆု နေရာမှန်ကို ရောက်နေကြောင်း သိလေသည်။



သိပ်သည်းလှတဲ့ ယင်စွမ်းအင်တွေနဲ့သွေးညှီနဲ့...ဝိညာဉ်ရေး အမြင်မရှိသူတွေတောင် ဒီနေရာ တစ်ခုခု‌မှားနေ‌တာကို သိနိုင်တယ်...



အခြားအဖွဲ့၀င်များ အားလုံးတွင် တူညီသော လေးနက်သည့် အမူအရာများ ရှိနေလေသည်။



သူတို့ ထိုနေရာနှင့် အနည်းငယ်ဝေးကွာနေသေးသော်လည်း သူတို့ရှေ့မှ မကောင်းသောစွမ်းအင်များကို သိသိသာသာ ခံစားနိုင်‌လေသည်။



ဘ၀တစ်‌လျှောက် တိုက်ပွဲများစွာ တိုက်ခဲ့၍ အတွေ့အကြုံများရှိသော်လည်းအန္တရာယ်ကို အလိုလို ကြောက်ရွံ့စိတ်က ရှိနေဆဲ ဖြစ်သည်။ ၎င်းက အေးစက်နေသော မြွေတစ်ကောင်သဖွယ် သူတို့ကျောရိုးတစ်လျှောက် တွားသွား သွားလာနေလေသည်။



နီးကပ်သွားရန် မလိုအပ်ချေ။ သူတို့‌ ရှေ့တွင် မည်မျှ အန္တရာယ် ရှိနေမည်ကို အာရုံခံမိနေပြီဖြစ်သည်။



“အစ်ကို၀ူ...”

အဖွဲ့၀င်တစ်‌ယောက်ကတွန့်ဆုတ်သွားပြီး အစ်ကိုဝူကို ကြည့်ကာ မေးလိုက်သည်။

“ကျွန်‌‌တော်တို့ အထဲကို တကယ်၀င်ရမှာလား...”



ဝူဆု စီးကရက်ကို ထုတ်ကာ ပါးစပ်ထဲ ခဲလိုက်သည်။



သူ ထိုနေရာကို ကြည့်ကာ စိတ်ရူပ်‌ထွေးနေသောကြောင့် သူ့ပါးစပ်ထဲမှ စီးကရက်မီးညှိရန်ပင် မေ့သွားလေသည်။



အချိန် အတော်ကြာပြီးနောက် သူ့စိတ်ကိုပြင်ဆင်လိုက်ပြီး အံကြိတ်ကာ ပြောလိုက်သည်။



"သွားကြရအောင်...”



အခြားတစ်ဖက်တွင် အားမီက ပင့်ကူအသိုက်ဆီသို့ ချီတက်လာ‌သော အဖွဲ့ကိုအေးစက်စွာ စောင့်ကြည့်နေလေသည်။ သူ့နောက်ရှိ အရိပ်က တဖြည်းဖြည်း ပိုမိုကြီးထွားလာပြီး လှုပ်ရှားရန် အခွင့်အရေးကို စောင့်နေသကဲ့သို့ပင် ဖြစ်သည်။



ယဲ့ကျား အရိပ်တစ္ဆေကို လျင်မြန်စွာ ဆုပ်ကိုင်လိုက်ပြီး ပြောလိုက်သည်။



“ခဏ‌‌နေပါဦး...”

“ဘာဖြစ်လို့လဲ...”

အားမီ ယဲ့ကျားကို သံသယရှိစွာ ကြည့်လိုက်သည်။

“ကင်း ငါ့ကို ပေးထားတဲ့ တာ၀န်ကို မင်း မှတ်မိတယ်မလား...”



“မှတ်မိတာ‌ပေါ့...”



ယဲ့ကျား အဖွဲ့ကို ညွှန်ပြလိုက်ပြီး ပြောလိုက်သည်။



“သူတို့က ဗျုရိုရဲ့ ယူနီဖောင်းတွေ ၀တ်ထားတယ်...ဒီကိစ္စမှာ မပါဝင်ရအောင်... ငါတို့ တစ်ခုခုလုပ်မိပြီး ကင်းရဲ့ အစီအစဉ်တွေကို ဖျက်စီးမိသွားရင် မကောင်းဘူး...”

သူ မျက်နှာအမူအရာ ပြောင်းလဲခြင်းမရှိ၊ လိမ်ညာလိုက်လေသည်။

“ဒါ့အပြင် ပင့်ကူတပ်သားတွေက အထဲမှာ သူတို့ကို စောင့်နေမှာပဲ...သူတို့ ကူညီပေးလို့ရှိရင် ငါတို့လုပ်ရမဲ့ အလုပ်‌‌တွေ လျော့သွားတာပေါ့...”



“အို...မင်း‌ကအရမ်းတွေးတတ်တယ်...”

အားမီ နားလည်သွားလေသည်။



“ဒါပေမဲ့ ငါတို့ထဲက တစ်ယောက်ယောက်က သူတို့ကို စောင့်ကြည့်နေရင် ပိုကောင်းမယ်...”

ယဲ့ကျား အားမီ၏ ပခုံးကို ပုတ်လိုက်သည်။

“မင်းက ဒီည အလုပ်အများဆုံး လုပ်ခဲ့တဲ့သူပဲ...ငါ စောင့်ကြည့်လိုက်မယ်...မင်း အဲ့အချိန် နားနေပေါ့...”

အားမီ စိတ်လှုပ်ရှားသွားလေသည်။

“အစ်ကိုကြီး မင်းက အရမ်းကြင်နာတတ်တာပဲ...”


ယဲ့ကျား ကိိုယ့်ကိုကိုယ် နှိမ့်ချလိုက်လေသည်။

“မဟုတ်ဘူး...မဟုတ်ဘူး...ဒါက ငါလုပ်သင့်တဲ့ အလုပ်ပဲ...”


ထို့နောက် လူတစ်ယောက်နှင့် တစ္ဆေတစ်ကောင် ပျော်ရွှင်စွာ လမ်းခွဲလိုက်ကြသည်။

အမှောင်အောက်၌ ယဲ့ကျား လူသားများနောက်သို့ လျှို့ဝှက်စွာ လိုက်ပါနေစဉ် အားမီ အပြင်ဘက်တွင် စောင့်နေလေသည်။

ယဲ့ကျားပခုံး‌ပေါ်သို့ တွယ်ကပ်နေသောလက်မဲလေး တိုးတိုး ပြောလိုက်သည်။


"ဒီလို နုံအတဲ့ တစ္ဆေကို လိမ်ညာလိုက်တာ မင်း အားမနာဘူးလား...”

ယဲ့ကျား ပြန်မေးလိုက်သည်။



“ငါက ဘယ်မှာ လိမ်ညာနေလို့လဲ...”

လက်မဲလေး : “…..”



မှန်သလိုလိုပဲ...



ဒီလူက လက်ထဲမှာ လှည့်ကွက်တွေ အများကြီး ရှိနေတာပဲ...

မင်းက တကယ် မကောင်းတဲ့လူပဲ...


ဂူအတွင်း၌...



ဝူဆု အဖွဲ့၏ ရှေ့တွင် ဦးဆောင်နေလေသည်။ သူ တဖြည်းဖြည်း ရှေ့တိုးနေပြီး သူ၏စူးရှသော မျက်လုံးများကလည်း အနက်ရောင်ဂူတစ်ဝိုက်ကို သတိနှင့် စစ်ဆေး နေလေသည်။


ဂူအတွင်းတွင် ဆိုးရွားသော အနံ့အသက်များ ရှိနေပြီး ကြမ်းပြင်ကလည်း စိုစွတ်နေလေသည်။ အောက်ကိုဓာတ်မီးနှင့် ထိုးကြည့်သောအခါ ကြမ်းပြင်က သွေးများ စိုရွှဲနေလေသည်။



ကြည့်ရသည်မှာ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု ဖြစ်ပွားသွားပုံ ရသည်။



ဝူဆု ခါးကိုင်းလိုက်ပြီး လူတစ်၀က်လောက်ရှိသော ပင့်ကူတပ်သား အလောင်းကို ဂရုတစိုက် စစ်ဆေးလိုက်သည်။



သူ လက်ကို ဆန့်ထုတ်လိုက်ပြီး ပင့်ကူ၏နက်မှောင်ပြီး အမွှေးထူသည့် ခြေထောက်များကို ဘေးဖယ်ကြည့်လိုက်သောအခါ ဗိုက်တွင် ခန္ဓာကိုယ်တစ်၀က်ပြတ်လုနီးပါး ဖြစ်စေသည့် ‌ဒဏ်ရာကြီးကို တွေ့လိုက်လေသည်။



သူ ထိုသို့ ကြည့်နေစဥ်ပင် ပင့်ကူအလောင်းမှ စိမ်းဝါရောင်အရည်များ စိမ့်ထွက်လာလေသည်။ ယင်းအရည်များက ကြမ်းပြငပေါ်သို့ ကျဆင်းသွားကာ ဂူအတွင်းရှိ အနံ့အသက်များ ပိုမိုဆိုးရွားလာလေသည်။



“ငါတို့ ခြေတစ်လှမ်း နောက်ကျသွားပြီ...”


“ဟားဟား...”

အဖွဲ့၀င် တစ်ယောက် ခြောက်ကပ်စွာရယ်မောလိုက်သသည်။

“ဒါကလည်း ကောင်းတာပါပဲ...”


သူတို့ ရရှိထားသော အချက်အလက်များနှင့် သူတို့တွေ့ရှိခဲ့သော မြင်ကွင်းများအရ သူတို့ ဤနေရာသို့ အရင်ရောက်ရှိခဲ့လျှင် သူတို့သေသွားနိုင်‌ပေသည်။


ဝူဆု စီးကရက်ကို ကိုက်လိုက်ပြီး ယင်းစကားကို ပြန်လည် တုံ့ပြန်ခြင်းမရှိပေ။

သူ့အဖွဲ့၀င်များကိုသာ ဆက်လက်ဦးဆောင်လိုက်သည်။


ကွေ့ကောက်ရူပ်ထွေးသော လမ်းများကိုဖြတ်သန်းပြီး‌နောက် နောက်ဆုံးတွင် ပင့်ကူအသိုက်၏ အလယ်ဗဟိုသို့ ရောက်လာကြလေသည်။

စွမ်းအားကြီးတစ္ဆေများက ယင်စွမ်းအင်များ အဖြစ် လွင့်စင်ပပျောက်နိုင်သော်လည်း မကောင်းဆိုးဝါးများက ထိုသို့မဟုတ်ချေ။

ဤကြီးမားသော်လည်း ဗလာဖြစ်နေသော ဂူတွင် ပင့်ကူဘုရင်မ၏ ကြောက်စရာ‌ကောင်း သော ရုပ်ပျက်ဆင်းပျက်အလောင်း ရှိနေလေသည်။

သူ၏လူသားမျက်နှာက အေးခဲတောင့်တင်းနေကာ ကြောက်စရာကောင်းသော‌ ဒေါသများ၊ နာကျင်မှုများ၊ အမုန်းတရားများဖြင့် တွန့်လိမ်မဲ့ရွဲနေလေသည်။ သူ၏နောက်ကျိနေသော မျက်လုံးများက အဝေးတစ်နေရာကို အသက်မဲ့စွာ စိုက်ကြည့်နေပြီး သူ့သွေးများနှင့် အူများက ခန္ဓာကိုယ်အနှံ့ ပြန့်ကြဲနေလေသည်။


သူ့‌နောက်ရှိ ဥအိတ်က ကွဲနေပြီဖြစ်ကာ အတွင်းရှိ အရည်များက မြေဆီလွှာအတွင်းသို့ စိမ့်၀င်သွားပြီး ဥများက ၎င်းတို့ကို ထောက်ပံ့နေသော အာဟာရဓာတ်ကိုဆုံးရှုံးသွားသောကြောင့် မီးခိုးရောင်သို့ ပြောင်းသွားလေသည်။


ကြမ်းပြင်က ခြေလက်များ၊ ခြောက်သွေ့ နေသော သွေးကွက်များဖြင့ဖုံးလွှမ်းနေပေသည်။

အဖွဲ့၀င်များအားလုံး သူတို့ရှေ့ရှိ သုတ်သင် သတ်ဖြတ်မှု မြင်ကွင်းကြောင့် အံ့ဩမှင်သက် သွားလေသည်။


“ဒါ‌တွေကို ခေါင်းဆောင် အရင်က ပြောခဲ့ဖူးတဲ့ ဗဟုသုတများပြီး နှံ့စပ်တဲ့လူ လုပ်လိုက်တာလား...”

သူတို့ထဲမှ တစ်ယောက်က တစ်ခုခုကိုအနှောင့်အယှက်ပေးမိမည်ကိုကြောက်လန့် နေသကဲ့သို့ တိုးတိုးလေး မေးလာသည်။


“ငါလည်း အဲလိုထင်ပါတယ်…”

ဝူဆု လက်ထဲတွင် စီးကရက်ကို ကိုင်ထားပြီး အသက်ပြင်းပြင်းရှုရှိုက်လိုက်လေသည်။

“ဒီသရဲမျက်နှာ ပင့်ကူက အနည်းဆုံး အေအဆင့် ဒါမှမဟုတ် အေအဆင့်ထက် မြင့်လောက်တယ်...သူကလွဲရင် ဘယ်သူမှ အဲဒါကို ကိုင်တွယ်နိုင်မယ် မထင်ဘူး...”


အဖွဲ့၀င်များ အံ့အားသင့်သွားလေသည်။


“သူက ဘယ်သူလဲ...”


ဝူဆု၏ အကြည့်များက ‌အဝေးတစ်နေရာသို့ရောက်နေပြီး တည်ငြိမ်စွာပြောလိုက်သည်။


“‌ အေ့စ်...”

ထူးထူးခြားခြား မန်းရှင်းလုပ်ခြင်း ခံရသည့် ယဲ့ကျား : “……”

တကယ်တော့ ဒီတစ်ခါ ငါလုပ်ခဲ့တာ မဟုတ်ဘူး...


ထိုနာမည်ကို သိပ်မရင်းနှီးသည့်အတွက်

အဖွဲ့၀င်များ ထပ်ခါထပ်ခါ ရေရွတ်ကြည့်နေလေသည်။


“‌ အေ့စ်...”


“သူက ဂိမ်းထဲမှာ ဒဏ္ဍာရီဆန်တဲ့ ကစားသမား တစ်ယောက်ပဲ...”

ဝူဆု သူ၏ မေးစေ့ရှိ မုတ်ဆိတ်မွှေးများကိုပွတ်လိုက်ပြီး မျက်လုံးများက အနည်းငယ်တောက်ပနေလေသာည်။ သူ့ကို ကြည့်ရသည်မှာ အမှတ်တရများအတွင်း နစ်မြှုပ်နေပုံရသည်။

“ဂိမ်းက အမှတ်တွေပေါ် အခြေခံထားတာလေ...အမှတ် သန်းတစ်ရာရရင် ဂိမ်းထဲက ထွက်ဖို့ အခွင့်အရေးနဲ့ အဲအမှတ်ကို လဲလှယ်လို့ရတယ်...အေ့စ်က ကစားသမားသတ်မှတ်ချက်ဇယားမှာ ထိပ်ဆုံး‌ဖြစ်ပြီး ဂိမ်းကို ရှင်းလင်းပစ်ခဲ့တဲ့ တစ်‌ယောက်တည်း‌သော ကစားသမားပဲ...


ဘာ...

အဖွဲ့၀င်များအားလုံး ထိတ်လန့်သွားကြလေသည်။

အဖွဲ့တွင်းရှိ မည်သူကမှ ဝူဆု၏ အတွေ့အကြုံများကို သတိမထားမိချေ။

သူ ဂိမ်းထဲတွင် သုံးနှစ်လုံးလုံး နေထိုင်ခဲ့ပြီး အသက်ရှင်ရန် အပြင်းအထန်ရုန်းကန်ခဲ့ရသည်။ သူ့ဘ၀ကို ဂိမ်းထဲတွင်ပဲအဆုံးသတ်ရတော့မည်ဟု တွေးထားသော်လည်း တစ်နေ့တွင် ဂိမ်းစနစ်က ရုတ်တရက် ပျက်ကျပြိုလဲသွားလေသည်။

ပထမဆုံးအနေနှင့် သူ့ခေါင်းပေါ်မှ အဆင့်ပျောက်ကွယ်သွားသည်။

ဂိမ်းစတိုးကိုလည်း အသုံးပြု၍ မရတော့ပေ။ ကစားသမားများ စနစ်ကို ခေါ်ဆိုသော်လည်း တုံ့ပြန်မှု မရှိတော့ချေ။ ကစားသမားများကို သေစေနိုင်‌လောက်သည့် ဖြစ်စဉ်များအတွင်း လည်းမထည့်တော့ချေ။

ထို ရူပ်ထွေး‌နေသော အခိုက်အတန့်တွင်အတွေ့အကြုံရှိ ကစားသမားများ တစ်စုံတစ်ခုကို သဘောပေါက်သွားကြလေသည်။


ဂိမ်းက ပျက်သွားပြီ..

လက်တွေ့ကမ္ဘာဆီသို့ တံခါးပွင့်လာလေသည်။

ကစားသမားများ အားလုံး ပျော်ရွှင်သွားကြလေသည်။ ယင်းက သူတို့ကို ရုတ်တရက် အသက်ရှင်ရန် အခွင့်အရေး ပေးလာခြင်းဖြစ်သည်။

သို့သော် သူတို့အားလုံး တံခါးက သူတို့အတွက်သာ ဖွင့်ထားခြင်း မဟုတ်ကြောင်း မေ့လျော့သွားကြသည်။ ဂိမ်းအတွင်းမှတစ္ဆေသရဲများနှင့် မကောင်းဆိုးဝါးများက ၎င်းတို့ကို ထိန်းချုပ်ဟန့်တားထားသည့်အရာ မရှိတော့သောကြောင့် သူတို့နှင့်နည်းတူ လက်တွေ့ကမ္ဘာသို့ ကျူးကျော်၀င်ရောက်လာကြလေသည်။

ကစားသမားတစ်ယောက်ဖြစ်သည့် ဝူဆု လက်တွေ့ကမ္ဘာသို့ ပြန်လာပြီးနောက် PIAMBသို့ ၀င်ရောက်ခဲ့ပြီး ဂိမ်းအတွင်းရှိသူ၏ အတွေ့အကြုံများကို အသုံးပြုကာ တစ္ဆေသရဲများနှင့် မကောင်းဆိုးဝါးများ လျင်မြန်စွာ တိုးပွားလာခြင်းကို ထိန်းချုပ် ခဲ့လေသည်။



PIAMBက သူနှင့်အတူ တွဲဖက် တိုက်ပွဲ၀င်ခဲ့ပြီး သူ့အတွေ့အကြုံများကို သိထားသောကြောင့် ဤကြောက်စရာကောင်းသော တ‌စ္ဆေသရဲနှင့် မကောင်းဆိုးဝါးများကို တိုက်ခိုက်ရန် သူ့ကို ပုဂ္ဂိုလ်ရေးအရ အခွင့်အရေးပေးလာခြင်း ဖြစ်လေသည်။



ထို့ကြောင့် အခြားသော အဖွဲ့၀င်များက ‘ထိပ်ဆုံးနှင့် ဂိမ်းကို ရှင်းလင်းခဲ့သူ ’ ဆိုသည့် အဓိပ္ပာယ်ကို နားလည်လေသည်။



“ဘုရားသခင်...”

အဖွဲ့၀င်တစ်ယောက် အံ့ဩတကြီး အော်လိုက်လေသည်။



“ဒီ...ဒီလူက...နတ်ဘုရားလား...နတ်ဆိုးလား...”



“နှစ်မျိုးလုံး ဖြစ်နိုင်တယ်...”

ဝူဆု ခေါင်းကိုမော့ကာ သူ့ရှေ့မှ ပင့်ကူ၏ ခန္ဓာကိုယ်ကို ကြည့်လိုက်သည်။ သူ၏အမြင်အာရုံက ကြီးမားသော ဒဏ်ရာတစ်လျှောက် ရှိနေလေသည်။



“ငါ ဂိမ်းထဲ၀င်ပြီး မကြာခင်မှာ သူနဲ့ တစ်ဖွဲ့တည်း ကျခဲ့ဖူးတယ်...”



အဖွဲ့၀င်တစ်ယောက် စိတ်အားထက်သန်စွာ မေးလိုက်သည်။



“ဒါဆို သူက ဘယ်လိုပုံစံမျိုးလဲ...”



ဝူဆု အသက်ပြင်းပြင်း ရှုလိုက်ပြီး အကြည့်ကို ပြန်ရုတ်လိုက်ကာ တည်ငြိမ်စွာ ပြောလိုက်သည်။



“သန်မာတယ်...အရမ်း သန်မာတယ်...”



သူ အဲတုန်းက အဖြစ်အပျက်‌တွေကို ရှင်းရှင်းလင်းလင်း မှတ်မိပါသေးတယ်...

မဟူရာကောင်းကင်အောက်တွင် ဟူဒီ၀တ်ထားသော လူငယ်လေးက မည်းမှောင်နေသော မျက်နှာဖြင့် အဖွဲ့၏ အဆုံးမှ လျှောက်နေလေသည်။

သူ စကား‌မပြောပေ။ တိတ်တဆိတ်လိုက်ပါ နေခြင်းဖြစ်လေသည်။


မည်သူမှ သူ၏ အထောက်အထားကို မသိခဲ့ပေ။


သို့သော် ယင်းက အချိန်တစ်ခု မရောက်မီထိသာ ဖြစ်သည်။

လရောင်‌အောက်တွင် ကြီးမားသော တံစဉ်းတစ်ခု တောက်ပလာပြီးမကောင်းဆိုးဝါး၏ ၀မ်း‌ဗိုက်ကို ပိုင်းဖြတ်လိုက်လေသည်။ အခြား ဖြတ်တောက်ခံလိုက်ရသည့် ခြေလက်များက ကောင်းကင်တွင် လွင့်ပျံလာပြီး နီရဲနေသော အရောင်နှင့် သေဆုံးသွားကြလေသည်။



သူတို့ သတိပြန်၀င်လာသော အချိန်တွင်တစ်ဖက်လူက မကောင်းဆိုးဝါးအုပ်ကြီးကို သတ်ဖြတ်ပြီး ‌ဖြစ်လေသည်။



အမှန်တွင် ဤတာ၀န်က ဝူဆုအတွက် Mမြို့တွင် ပထမဆုံး လုပ်ဆောင်ရမည့်တာ၀န်ဖြစ်သည်။



သူ စာရွက်စာတမ်းများကို အမျိုးအစားခွဲနေစဉ် စာရွက်တစ်ခုတွင် အေ့စ်၏ အမည်ကို တွေ့လိုက်ရလေသည်။



ထို့အပြင် ယခု သက်သေ အထောက်အထားများကလည်း တူညီ‌သော အဆုံးသတ်ကို ညွှန်ပြနေလေသည်။



ကောလဟလတွေက အမှန်ပဲ...အေ့စ်ကတကယ်ပဲ ဂိမ်းကို ရှင်းလင်းပစ်ခဲ့တာ...



ပြီးတော့...



ဝူဆု၏ မျက်လုံးများ အရူးအမူး ဖြစ်‌လာပြီး ရေရွတ်လိုက်သည်။



“သူက အခုMမြို့မှာ ရှိနေတယ်...”



မလှမ်းမကမ်းရှိ လျှို့ဝှက်လမ်းပေါ်တွင်...



လက်မဲလေး ယဲ့ကျား၏ ပခုံးကို ဆုပ်ကိုင်ထားပြီး အကွာအဝေးတစ်ခုမှ စကားပြောသံများကို စိတ်၀င်တစား နားထောင်ပြီး အံ့ဩတကြီး ပြောလိုက်သည်။



“ဘုရားသခင်...‌ဘော့စ်က အဲလောက် နာမည်ကြီးတာလား...ဂိမ်းကို ရှင်းပြီးတာ ဒီလောက်ကြာနေပြီ...ဘော့စ်မှာ ပရိသတ်တွေ ရှိနေတုန်းပဲ...”



“……..”

ယဲ့ကျား ခံစားချက်မဲ့စွာ ပြောလိုက်သည်။



"ပါးစပ် ပိတ်ထားစမ်း...”



ကမ္ဘာပေါ်မှာ တခြားလူတွေက ကိုယ့်အကြောင်းကို ဖွဲ့နွဲ့ပြောနေတာကို ချောင်းနားထောင်ရတာလောက် ရှက်စရာကောင်းတာ ရှိပါ့မလား...



မရှိဘူးလေ...


“ဒီကမ္ဘာပေါ်မှာ ဘော့စ်ကို မရှာချင်တဲ့လူတွေ ရှိလား...”

လက်မဲလေး မေးလိုက်သည်။



ယဲ့ကျား : “……..”



သူ မွန်းကြပ်လာပြီ...




Xxxxx