Chapter 26
အရှေ့မှ အဖွဲ့က အေ့စ်၏ သူရဲကောင်းဆန်သော လုပ်ရပ်များအကြောင်း ဆွေးနွေးနေဆဲ ဖြစ်သည်။
ခေါင်းစဉ်က လျင်မြန်စွာဖြင့် ‘ အေ့စ်အခု ဘာလုပ်နေလဲ’ မှ ‘ အေ့စ်ကို တိုက်ခိုက်ရေးဌာနခွဲသို့ ဝင်အောင် ဘယ်လို လှည့်စားရမလဲ’သို့ ပြောင်းလဲသွားလေသည်။
ယဲ့ကျား သူ အလွန်ပင်ပန်းနေပြီဟု ထုတ်ပြောလိုက်ပြီး ဆက်လက်နားထောင်ရန် ငြင်းဆန်လိုက်လေသည်။
သူ ဂူအလယ်ပိုင်းမှ တိတ်ဆိတ်စွာ ထွက်လာပြီး ကျန်ရှိနေသေးသည့် အသိုက်နေရာများကို ဂရုတစိုက် လှည့်ပတ်စစ်ဆေးလိုက်လေသည်။ ယမန်ညက လွတ်မြောက်သွားခဲ့သည့် အကောင်အချို့ကို သတ်ပြီးနောက် သူ ထွက်လာလိုက်သည်။
အားမီ အပြင်၌ စောင့်နေပြီး မေးလိုက်သည်။
“ဘယ်လိုလဲ...”
“အားလုံး လုပ်ပြီးပြီ...”
“အဲ့လူတွေရော...”
“သူတို့ ဘာမှ ရှာမတွေ့ဘူး...”
ယဲ့ကျား မျက်နှာအမူအရာ ပြောင်းလဲမသွားပေ။
“ဘာမှ စိုးရိမ်စရာ မလိုဘူး...”
အားမီ ယဲ့ကျား ပခုံးကို ပုတ်လိုက်ပြီးရုတ်တရက် ချီးကျူးလိုက်သည်။
“ ကောင်းတယ်...ငါတို့ ပြန်ရောက်ရင် ငါ မင်းအတွက် စကားကောင်းလေးတွေ ပြောပေးမယ်...”
ယဲ့ကျား အနည်းငယ် တုံ့ဆိုင်းသွားပြီး မေးလိုက်သည်။
“ဟိုလေ...”
“ဟမ်...ဘာဖြစ်လို့လဲ...”
သူ့အသွင်အပြင်က မှုန်ဝါးနေသော်လည်းအကြောင်းတစ်ခုခုကြောင့် အားမီ တစ်ဖက်လူ၏ ရှက်ရွံ့နေသော အရိပ်အယောင်ကို မြင်လိုက်ရလေသည်။
“ငါတို့ရဲ့ အလုပ်က လစာရမှာလား...”
“ရတာပေါ့...”
အားမီ ရင်ဘတ်ကို ကော့လိုက်ပြီး ပြောလိုက်သည်။
“ကင်းရဲ့ ဆက်ဆံမှုက ဒီနေရာကသူတွေထဲမှာ အကောင်းဆုံးပဲ.. ”
"အဟွတ်...အဟွတ်...ဒါပေမဲ့...”
ယဲ့ကျား လည်ချောင်းကို ရှင်းကာ ပြောလိုက်သည်။
“ကင်း ငါ့ကိုပေးထားတဲ့အလုပ်က လူ့အသိုင်းအ၀ိုင်းထဲကို စိမ့်ဝင်ပြီး ထောက်လှမ်းဖို့လေ...အဲ့လို လူ့အသိုင်းအဝိုင်းထဲရောနှောနေရမယ် ဆိုရင် ငါ့မှာ...”
နောက်ဆုံးစကားလုံးကို ဆွဲပြောလိုက်ပြီး တစ်ခုခုကို အရိပ်အမြွက်ပြလိုက်သည်။
အားမီ : “………”
သူ ခဏလောက် စဉ်းစားလိုက်ပြီး စဉ်းစားလိုက်ပြီး ရုတ်တရက် နားလည်သွားသည်။
“အို...မင်း လူသားတွေရဲ့ ငွေကြေး အကြောင်း ပြောနေတာပဲ...”
ယဲ့ကျား စိတ်လှုပ်ရှားစွာ ပြန်ဖြေလိုက်သည်။
“ဟုတ်တယ်...ဟုတ်တယ်...”
“မရဘူး...”
အားမီ သူ့ကို ရုတ်တရက် အောက်ကိုပစ်ချလိုက်သည်။
ယဲ့ကျား : “…….”
“ဒါပေမဲ့ ငါ ကင်းကို မင်းရဲ့တောင်းဆိုမှုနဲ့ပတ်သက်ပြီး ပြောပေးမယ်...သူ မင်းကို လစာ ပေးလောက်ပါတယ်...”
အားမီ ယဲ့ကျားဆီမှ ထွက်လာသော သေချင် စော်နံနေသည့် လေထုကို သတိထားမိပြီး ဆက်ပြောလိုက်သည်။
“မင်း အဲဒါနဲ့ ပတ်သတ်ပြီး မစိုးရိမ်နဲ့...”
ယဲ့ကျား ရင်ထဲအလွန်ထိသွားပြီး ပြောလိုက်သည်။
“ ကျေးဇူးတင်ပါတယ်...အစ်ကိုကြီး...”
သူတို့ ခွဲလျှောက်နေကြစဉ် အားမီ တစ်ခုခုကို ခံစားမိပြီး လှုပ်ရှားမှုများကို ရပ်လိုက်ကာ ထူးထူးခြားခြား ပုံသဏ္ဍာန်ရှိသော သံလိုက်အိမ်မြှောင်ကို လှုပ်ခါလိုက်သည်။
မူလ အနက်ရောင် မျက်နှာပြင်က တစ်ဖန်ပြောင်းလဲသွားပြန်သည်။
“ သေစမ်း...တစ်ကောင်ကျန်နေသေးတယ်...”
အားမီ ကျိန်ဆဲလိုက်သည်။
“ဟမ်...”
“တစ်ကောင်ကလည်း အရိပ်တစ္ဆေပဲ...”
အားမီ အေးစက်စွာ ပြောလိုက်သည်။
“အဲကောင် စောစောက အရိပ်ထဲမှာ ပုန်းနေလို့ သံလိုက်အိမ်မြှောင်မှာ မပေါ်တာ ဖြစ်နိုင်တယ်...”
“အရမ်း ဝေးလား...”
ယဲ့ကျား မေးလိုက်သည်။
အားမီ သံလိုက်အိမ်မြှောင်ကို ဖယ်လိုက်ပြီးနက်ရှိုင်းသော အသံနှင့် ပြောလိုက်သည်။
“ဒီနားမှာပဲ...”
ယဲ့ကျား သက်ပြင်းချလိုက်သည်။
ကြည့်ရတာ အလုပ်ဆင်းလို့ မရသေးဘူးပဲ...
ညကောင်းကင်အောက်တွင် သူတို့ စွန့်ပစ်ထားသော ဆောက်လုပ်ရေး လုပ်ငန်းခွင်မှ ထွက်လာကြပြီး အနီးအနားရှိ လူနေဧရိယာဆီသို့ ပြေးသွားလိုက်သည်။
........
ထိုနေရာက ဆင်ခြေဖုံးရပ်ကွက်နှင့် နီးသောကြောင့် လူအများအပြား မရှိပေ။
ဆောက်လုပ်ရေး လုပ်ငန်းခွင်နှင့် နှစ်ဘလောက်ခန့်သာ ဝေးပြီး အလွန်အိုဟောင်း နေသော ပတ်၀န်းကျင် ဖြစ်သည်။
အဆောက်အအုံများက နိမ့်ပြီး ညစ်ပတ်နေလေသည်။ ထိုနေရာက လျင်မြန်စွာ တိုးတက်နေသော ကမ္ဘာကြီး၏ နောက်တွင် ကျန်ရစ်ခဲ့သည့် ထောင့်လေးတစ်ထောင့်နှင့် တူလေသည်။
ထိုရပ်ကွက်၏ နောက်တွင် အတော်ပျက်စီးယိုယွင်းနေသော လမ်းတစ်လမ်းရှိသည်။ လမ်းမီးအိုများက ပြတ်တောင်းပြတ်တောင်း လင်းလက်နေပြီး လျှပ်စစ်ဓာတ်အားလိုင်းများမှ စူးရှသောတဖျပ်ဖျပ် မြည်သံများ ကြားနေရလေသည်။
လမ်းမီး၏ အဝါရောင်ဖျော့ဖျော့ အလင်းရောင်က အဖုအထစ်များပေါသည့် မြေပြင်ပေါ်သို့ ကျရောက်နေပြီး အမှောင်ထုကိုလည်း ပပျောက်စေလေသည်။
ထိုနေရာသို့ ဖြတ်လျှောက်သွားသော လူများ အလိုအလျောက် တုန်ရီသွားကြလေသည်။
နွေညဆိုသည်မှာ သိသာသော်လည်းအေးစက်စက်လေအေးက သူတို့အရိုးများအတွင်းသို့ စိမ့်၀င်သွားသည်ဟုပင် ထင်မှတ်ရလေသည်။
လူတစ်ယောက် မသိစိတ်အရ ကော်လံကိုတင်းတင်းဆုပ်ကိုင်လိုက်ပြီး သူ့ဘေးမှ အမှောင်ထုကို အလိုအလျောက် ကြည့်လိုက်မိသည်။
ညက ပတ်၀န်းကျင်ရှိ လမ်းများနှင့် အဆောက်အအုံများကို အလိုအလျောက်မှုန်ဝါးသွားစေလေသည်။
သူ အလိုလို ရပ်လိုက်ပြီး အကြိမ်ရာပေါင်းများစွာ ဖြတ်လျှောက်ခဲ့သော သူ့ရှေ့မှလမ်းကို ကြောက်ရွံ့စွာ ကြည့်လိုက်သည်။
အကြောင်းရင်းအချို့ကြောင့် ထိုအမှောင်ထု ထဲတွင် ကြောက်စရာကောင်းသည့် တစ်စုံ တစ်ရာက စောင့်နေသည်ဟု ခံစားနေရလေသည်။
သဘာ၀အလျောက် ဖြစ်ပေါ်လာသောကြောက်ရွံ့မှုက သူ့ခန္ဓာကိုယ်ကို ရပ်တန့်စေပြီး ရှေ့သို့ တစ်လှမ်းတိုးရန် အလွန်ခက်ခဲနေသည်။
သူ...သူ စိတ်ပဲထင်နေတာလား...
ထိုလူ တုံ့ဆိုင်းနေသည့် အချိန် ရုတ်တရက်လမ်းမီးရောင်အပြင်ဘက်မှ အရိပ်တစ်ခုက ပုံသဏ္ဍာန်ပြောင်းလဲသွားပြီး နောက်တစ်ခဏအတွင်း များစွာသော လက်များဆန့်ထွက်လာကာ ထိုလူ၏ ခြေချင်း၀တ်ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားလိုက်သည်။
“အားးးးးးး”
ထိုလူ ကြောက်လန့်တကြား အော်ဟစ်လိုက်ပြီး မြေပြင်ပေါ်သို့ ပြုတ်ကျသွားလေသည်။
သူ ရူးသွပ်စွာ ရုန်းကန်နေပြီး မြေကြီးကို သူ့လက်သည်းများဖြင့် ကုတ်ခြစ်နေသည့် အတွက် မြေပြင်ပေါ်တွင် အဖြူရောင်ခြစ်ရာများ ပေါ်လာလေသည်။ သူ ထိုမျှရုန်းကန်နေသော်လည်း သူ့ခြေချင်း၀တ်ကို ဆုပ်ကိုင်ထားသော မှုန်ဝါးနေသည့်လက်ကို အနည်းငယ်မှ မရွေ့လျားသွားစေပေ။
“ကူညီကြပါ...”
ထိုလက်က စိတ်ပျက်အားငယ်နေသည့်လူကို အမှောင်အတွင်းသို့ တရွတ်တိုက်ဆွဲခေါ်သွားလေသည်။
ရုတ်တရက် ဓားသွားတစ်ခု လေကိုဖြတ်တောက်လိုက်သံ ပေါ်လာလေသည်။
ထိုအသံက အလွန်ပေါ့ပါးပြီး တစ်စက္ကန့်မျှသာ ကြာသည့်အတွက် သူ နားကြားမှားသွားသည်ဟုပင် သံသယဖြစ်လုနီးပါး ဖြစ်သည်။
သို့သော် နောက်တစ်ခဏတွင် သူရှေ့ရှိ အမှောင်ထုအတွင်းမှ ကြောက်စရာကောင်းသော အော်သံတစ်သံ ထွက်ပေါ်လာပြီး ယင်းအသံ မှန်ကိုပင် ကွဲအက်စေနိုင်သည့်အထိ စူးရှပြီး နားစည်ပင် ပေါက်ထွက်နိုင်လေသည်။
သူ့ခြေချင်း၀တ်ကို ဆုပ်ကိုင်ထားသောမှုန်ဝါးဝါး လက် နာကျင်သွားပုံရလေသည်။ ထိုလက်က မြွေသဖွယ် နောက်သို့ လျင်မြန်စွာ ပြန်ဆုတ်သွားလေသည်။
သူ အလွန်ထိတ်လန့်သွားပြီး ခေါင်းမော့ကာ သူရှေ့မှ အမှောင်ထုကို ကြည့်လိုက်သည်။
လမ်းမီးရောင် မကျရောက်နိုင်သည့် နေရာတွင် ရှည်လျားသော ပုံရိပ်တစ်ခုက အရိပ်ထဲတွင် တိတ်ဆိတ်စွာ ရပ်နေပြီး ထို အနက်ရောင်ပုံရိပ် သူ့ကို တိတ်ဆိတ်စွာ ကြည့်နေလေသည်။
သူ့ခန္ဓာကိုယ်ရှိ အမွှေးအားလုံး ထောင်တက် သွားလေသည်။
သူ ဆက်မကြည့်ရဲတော့ပေ။ ဖြူဖျော့နေသော မျက်နှာနှင့် ဆန့်ကျင်ဘက်အရပ်ဆီသို့ တယိမ်းတယိုင် လှည့်ပြေးသွားလေသည်။
အမှောင်ထုအတွင်း၌...
ယဲ့ကျား သူ့အကြည့်များကို ပြန်ရုတ်လိုက်ပြီး သူ့ရှေ့မှ အရိပ်တစ္ဆေကို ကြည့်လိုက်သည်။
ယဲ့ကျားကြောင့် ဒဏ်ရာရသွားသော အရိပ်တစ္ဆေက မုန်းတီးလွန်း၍ တရှူးရှူးမြည်နေကာ ဒဏ်ရာမှလည်း ယင်စွမ်းအင်များ ပန်းထွက်နေလေသည်။ ၎င်း၏ မှုန်ဝါးဝါး မျက်နှာသွင်ပြင်က အမှောင်ထဲတွင် မဲ့ရွဲ့နေပြီး ဆာလောင်မွတ်သပ်နေသေးသဖြင့် ယဲ့ကျားကို စိန်းစိန်းဝါးဝါးစိုက်ကြည့်နေလေသည်။ ယင်းက ရန်သူ၏အင်အားကို အကဲဖြတ်နေသကဲ့သို့ပင်ဖြစ်သည်။
“မင်း ဘာတွေတွေးနေလဲ ငါသိတယ်...”
ယဲ့ကျား ပေါ့ပေါ့ပါးပါး ရယ်မောလိုက်သည်။
“ဒါပေမဲ့ စိတ်မကောင်းပါဘူး...”
သူ ဘေးသို့ ရွေ့လိုက်ပြီး ပျင်းရိစွာပြောလိုက်သည်။
“ဒီတစ်ခါ မင်းရဲ့ရန်သူက ငါမဟုတ်ဘူး...”
ယဲ့ကျား၏ နောက်တွင် အားမီ၏ ပုံရိပ် တဖြည်းဖြည်း စုဝေးပေါ်ပေါက်လာလေသည်။
အရိပ်တစ္ဆေ တောင့်တင်းသွားသည်။
“မင်းလား...”
ထိုတစ္ဆေ ပေါ်လာရခြင်း အကြောင်းရင်းကို နောက်ဆုံး နားလည်သွားပြီး အလွန်လျင်မြန်စွာ လှည့်ပြေးလိုက်လေသည်။
ကံမကောင်းစွာနှင့် နောက်ကျသွားခဲ့သည်။
အားမီ၏ ခန္ဓာကိုယ်မှ တွန့်လိမ်နေသော အနက်ရောင်အရိပ်တစ်ခု ပွထွက်လာပြီးကြောက်စရာကောင်းပြီး တွန့်လိမ်နေသောလက်တစ်ဖက်အဖြစ် ကွဲထွက်သွားကာထွက်ပြေးသွားပြီး အရိပ်ထဲတွင် ပုန်းအောင်းရန် ကြိုးပမ်းနေသည့် အရိပ်တစ္ဆေဆီ ပျံသန်းသွားလေသည်။
အရိပ်တစ္ဆေ ရွေးချယ်စရာ မရှိတော့ပေ။ လှည့်ပြီး တိုက်ခိုက်ရန်သာ တတ်နိုင်လေသည်။
သူတို့ ပြင်းပြင်းထန်ထန် လျင်လျင်မြန်မြန်တိုက်ခိုက် နေကြလေသည်။
ပြင်းထန်သော ယင်စွမ်းအင်များက ပတ်၀န်းကျင် တွင် ပြည့်နှက်လာပြီး ထိုနေရာတစ်ခုလုံးကို အေးစက်ပိတ်မှောင်သော လေထုများဖြင့် ဖုံးလွှမ်းသွားလေသည်။ ပျံ့နှံ့လာသော အမှောင်ထုများကြားတွင် မှိန်ဖျဖျ လမ်းမီးရောင် နစ်မြှုပ်သွားလေသည်။ ကြောက်စရာကောင်းသော အော်သံများနှင့် ဒေါသတကြီး ဟိန်းဟောက်သံများကို ကြားနေရပြီး ထိုအသံများက လူတစ်ယောက်၏ ဦးခေါင်းခွံကိုပင် ထုံလာနိုင်စေသည်။
မိနစ်အနည်းငယ်ကြာပြီးနောက် အနိုင်ရသူထွက်ပေါ်လာလေသည်။
အမှောင်ထုက တဖြည်းဖြည်း ပြန်ဆုတ်ခွာသွားပြီး လမ်းမီးများ အကြိမ်အနည်းငယ်ခန့် မှိတ််တုတ်မှိတ်တုတ် ဖြစ်နေပြီး တစ်ဖန်ပြန်လင်းလက်လာလေသည်။
အားမီ အရိပ်တစ္ဆေကို လမ်းမီးရောင်အောက်သို့ တရွတ်တိုက် ဆွဲခေါ်လိုက်သည်။ မီးရောင်အောက်သို့ ရောက်သည်နှင့် ၎င်း၏ လူသားပုံစံဆုံးရှုံးသွားပြီး အကျိအချွဲသဖွယ် မြေပြင်ပေါ်တွင် ကပ်ငြိနေလေသည်။ အရိပ်တစ္ဆေ တွန့်လိမ်နေပြီး လွတ်မြောက်ရန် ခက်ခက်ခဲခဲ ကြိုးစားနေလေသည်။
“ငါ...ငါ...ကင်းကို သစ္စာမဖောက်ဘူး...”
အရိပ်တစ္ဆေ၏ အသံ ကြောက်ရွံနေသောကြောင့် တုန်ရီနေလေသည်။
“မင်း...မင်း...ငါ့ကို ယုံရမယ်...ငါ ခဏလေး စိတ်လွတ်သွားခဲ့တာ...”
“တကယ်လား...ငါ မင်းကို ယုံပါတယ်...”
အားမီ သူ့အနားကို ချဉ်းကပ်လိုက်ပြီး အေးစက်စွာ ပြောလိုက်သည်။
“ဒါပေမဲ့ ခဏသစ္စာဖောက်တာကလည်း သစ္စာဖောက်တာပဲလေ... မင်း အဲ့အတွက် တန်ကြေးပေးဖို့ လိုတယ်...”
အားမီ၏ ပုံရိပ်က ပါးစပ်ကြီး ဖွင့်လိုက်သကဲ့သို့ ကြီးမားလာပြီး အရိပ်တစ္ဆေကို ဝါးမျိုရန် လှုပ်ရှားလာလေသည်။
“ခဏ...ခဏနေဦး...”
အရိပ်တစ္ဆေ လျင်မြန်စွာ အော်ပြောလိုက်သည်။
“ငါ အပေးအယူလုပ်မယ်...ငါ့မှာ သတင်းအချက်အလက်တွေရှိတယ်...မင်းလိုချင်တဲ့ သတင်းအချက်အလက်တွေ...အဲ့ဒါတွေနဲ့ ငါ့အသက်ကို လဲမယ်...”
“မင်း ဘာသိလို့လဲ...”
အားမီ ရပ်တန့်သွားပြီး လှောင်ရယ်လိုက်သည်။
“မင်း ပင့်ကူဘုရင်မရဲ့ နောက်မှာ ဘယ်သူ ရှိတယ်ဆိုတာ ပြောပြမလို့လား...”
“မင်းမှာ ငါလိုချင်တဲ့ သတင်း အချက်အလက် မရှိဘူး...”
အားမီ အကြင်နာမဲ့စွာ ပြောလိုက်သည်။
“ဟီး...ဟီး...ဟီး...ဟီး...”
အရိပ်တစ္ဆေ အရည်သဖွယ် မြေပြင်နှင့်ကပ်နေပြီး ယုတ်မာစွာ လှောင်ရယ်လိုက်လေသည်။
“အဲသတင်း မဟုတ်ဘူး...ဒီသတင်းအချက်အလက်က မင်းရဲ့ကင်း အလိုချင်ဆုံး ဟာပဲ...”
သူ မှုန်ဝါးဝါး ခေါင်းကို မော့လိုက်ပြီး ဖြည်းညှင်းစွာ ပြောလိုက်သည်။
“ငါ အေ့စ် ဘယ်မှာရှိလဲ သိတယ်...”
ဤတစ်ကြိမ်တွင် အားမီ တကယ်ရပ်တန့်သွားပြီး မျက်လုံးများ ကျဉ်းမြောင်းသွားလေသည်။
“ဘာ...”
“ငါ သူ့ကို မြင်ခဲ့တယ်...”
အရိပ်တစ္ဆေပြောလိုက်သည်။
“သူက Mမြို့မှာ ရှိတယ်...”
“အဲ့တံစဥ်းကို ငါလုံး၀ မမှားနိုင်ဘူး...”
ပုံရိပ်က တဖြည်းဖြည်း ပြန်စုစည်းလာပြီး သူ၏ အသံကို တမင်တကာ နိမ့်ပြောနေပြီး ယင်းအသံက နတ်ဆိုးတီးတိုးပြောသံ တူလေသည်။
“ငါ စားစရာရှာနေတုန်း ကျောင်းတစ်ကျောင်းမှာ သူ့ကို တွေ့ခဲ့တယ်...”
ရုတ်တရက် ယဲ့ကျား၏ လက်ချောင်းထိပ်တွင် အေးစက်စက် အလင်းရောင်တစ်ခုတောက်ပလာပြီး သူ့ပတ်၀န်းကျင်ရှိ အေးစက်ပိတ်မှောင်နေသော တစ္ဆေစွမ်းအင်များကို လျင်မြန်စွာ ဝါးမျိုလိုက်သည်။
အရိပ်တစ္ဆေ ဆက်မပြောမီ သူ၏ခန္ဓာကိုယ်က လေလျော့သွားသော ပူဖောင်းသဖွယ် ပြိုလဲသွားလေသည်။
“ ဟေး...”
အားမီ စိုးရိမ်တကြီး အော်လိုက်သည်။
“မင်း ဘာလုပ်တာလဲ...”
ယဲ့ကျား ခံစားချက်များကို ဖုံးကွယ်ကာ ပြောလိုက်သည်။
“သူရဲ့ ခြေထောက်ကိုကြည့်လိုက်...”
အားမီ ယဲ့ကျား ပြောသောနေရာသို့ လှမ်းကြည့်လိုက်ပြီး အရိပ်တစ္ဆေက အနီးရှိ အမှောင်ထုအတွင်းသို့ ခြေချထားသည်ကို တွေ့လိုက်ရလေသည်။ အကယ်၍ တစ်စက္ကန့်လောက် နောက်ကျမှ တုံ့ပြန်မိလျှင် အရိပ်တစ္ဆေ ထွက်ပြေးလွတ်မြောက်သွားနိုင်လေသည်။
“သူ ထွက်ပြေးဖို့ အချိန်ယူနေတာလေ...”
ယဲ့ကျား ပြောလိုက်သည်။
အားမီ အနည်းငယ် စိတ်မကောင်းဖြစ်သွားပြီး ပြောလိုက်သည်။
“အဲ့အတွက် တောင်းပန်ပါတယ်...ဒီဟာက ကင်း တကယ်ဂရုစိုက်တဲ့ အကြောင်းဖြစ်နေတော့ ငါရဲ့ စောင့်ကြည့်မှုက နိမ့်ကျသွားခဲ့တယ်...”
အားမီ ခါးကိုင်းလိုက်ပြီး အရိပ်တစ္ဆေ၏ ခန္ဓာကိုယ်ကို ကောက်သိမ်းလိုက်သည်။
ယဲ့ကျား စိတ်သက်သာရာရသွားပြီးတိတ်တဆိတ် သက်ပြင်းချလိုက်သည်။
အားမီ ခန္ဓာကိုယ်ကို သိမ်းပြီးနောက် ယဲ့ကျားဘေးတွင် ရပ်လိုက်သည်။
သူ သက်ပြင်းချလိုက်ပြီး အနည်းငယ်နောင်တရနေလေသည်။
“အို...မင်းရဲ့ တုံ့ပြန်မှုက အရမ်းမြန်တာပဲ...အရိပ်တစ္ဆေတွေက ဘယ်လိုလိမ်ရမလဲ မသိတဲ့ မျိုးနွယ်ပဲ...သူ ထွက်ပြေးဖို့ အချိန် ယူနေပေမဲ့ ပြောတာကတော့ အမှန်တရား ဖြစ်နိုင်တယ်...”
ဟုတ်တယ်...
အခု ကြားခဲ့တဲ့စကားတွေပေါ်အခြေခံကြည့်ရင် သူက ဒီဧရိယာမှာ ရှိတဲ့ တခြားစွမ်းအားကြီးတစ္ဆေတွေထက် ပိုသိတာ ဖြစ်နိုင်တယ်...
ယဲ့ကျား အဝေးကို တိတ်တဆိတ် လှမ်းကြည့် နေလေသည်။
“ဒါပေမဲ့ ငါနားလည်တယ်...”
အားမီ ယဲ့ကျား၏ ပခုံးကို ညှာတာစွာပုတ်လိုက်သည်။
“မင်းက ကင်းကို အရမ်းလေးစားတော့အေ့စ်ကို ကင်းနဲ့ မတွေ့စေချင်ဘူးဆိုတာ နားလည်ပါတယ်...”
ယဲ့ကျား : “……”
ဟမ်...
အားမီ ယဲ့ကျား စိတ်ရှုပ်ထွေးနေသည်ကိုသတိမထားမိပေ။
“ဒါပေမဲ့ စိတ်မပူနဲ့...ကောလဟာလတွေက မမှန်ဘူး...ဘယ်လိုလုပ်ပြီး စွမ်းအား ကြီးမားပြီး အမြော်အမြင်ရှိတဲ့ ကင်းလို လူက သာမာန်လူသားတစ်ယောက်ရဲ့ လွှမ်းမိုးမှုကို ခံရမှာလဲ...သူ အဲ့လူကိုရှာနေတာ တခြားအကြောင်းကြောင့်ပါ...”
ယဲ့ကျား၏ စူးစမ်းချင်စိတ်များ နိုးကြွလာလေသည်။
“ဘာအကြောင်းကြောင့်လဲ..."
အားမီ အနည်းငယ် တုံ့ဆိုင်းနေလေသည်။
ယဲ့ကျား အသက်ပြင်းပြင်း ရှုလိုက်ပြီး အံကြိတ်ကာ ခက်ခက်ခဲခဲ ပြောလိုက်သည်။
“နောက်...နောက်ဆုံးမှာ ကင်းက တစ်ယောက်ယောက်ကို ရှာနေတာပဲလေ...ငါ...ငါ က ကင်းကို အရမ်းလေးစားတော့သူ့အကြောင်း ပိုသိချင်ပါတယ်...”
“ဒါဆို ဘာလို့ မင်းကိုယ်တိုင် လာမမေးတာလဲ...”
အနောက်မှ အသံဩဩတစ်သံရုတ်တရက် ထွက်ပေါ်လာပြီး အလွန်အမင်း တိတ်ဆိတ်နေသောညကို ဖျက်ဆီးလိုက်လေသည်။
___________________________________