အပိုင်း ၂၇
Viewers 10k

Chapter 27



ရင်းနှီးနေသောအသံ ကြားလိုက်ရသည့်အခိုက်အတန့်တွင် ယဲ့ကျား၏စိတ်တစ်ခုလုံး ဗလာဖြစ်သွား‌လေသည်။

ဒါ...ဒါက မဖြစ်နိုင်ဘူး...


သို့သော်လည်း သူ့နားသို့ တဖြည်းဖြည်းနီးကပ်လာသော ခြေသံများက ယဲ့ကျား၏နောက်ဆုံးမျှော်လင့်ချက်ကို ဖျက်ဆီးပစ်လိုက်သည်။

ယဲ့ကျား မျှော်လင့်ချက်များ ပျက်သုဉ်းသွား၍ မျက်လုံးများကို မှိတ်လိုက်သည်။

ဒီလူက သူ့နောက်ကွယ်မှာ ခိုးနားထောင်ရတာကို ဘာဖြစ်လို့ အရမ်းကြိုက်နေတာလဲ...သူ့မှာ ပြသာနာ ရှိနေတာလား...

နှစ်စက္ကန့်လောက် တိတ်ဆိတ်သွားပြီးအားမီ အရင်ဆုံး ပြန်တုံ့ပြန်လိုက်လေသည်။ သူ တုန်ရီနေပြီး နောက်သို့လှည့်လိုက်ကာ ဦးညွတ်ဂါ၀ရ ပြုလိုက်သည်။

“ကင်း...”

ယဲ့ကျားလည်း နောက်သို့ လှည့်လိုက်ပြီး တောင့်တောင့်ကြီး အရိုအသေပေးလိုက်သည်။


“ကင်း...”

သူ့‌နောက်တွင် ရပ်နေသော ကျီရွှမ်၏ပုံစံက လမ်းမီးရောင် မှိန်ဖျဖျကြောင့် အရပ်ရှည်ပြီး ပိန်ပါးလေသည်။ သူ၏နီရဲနေ‌သော မျက်လုံးများ တစ်၀က်လောက် မှေးစင်းသွားသည်။

“ လုံလောက်ပြီ...”

အားမီ အထိတ်တလန့် မေးလိုက်သည်။

“ကင်း ဘာ...ဘာဖြစ်လို့ ဒီနေရာမှာရှိနေတာလဲ...”

“ငါ ဒီနေရာကို မလာခဲ့ရင် ဒီ‌လိုစိတ်၀င်စားစရာကောင်းတဲ့ စကားတွေကို ဘယ်လိုလုပ် ကြားရမှာလဲ...”

ကျီရွှမ်၏ အကြည့်က ယဲ့ကျား၏ ပါးလွှာဖြူဖျော့သော နှုတ်ခမ်းပေါ်သို့ ကျဆင်းသွားပြီး မသိမသာ ပြုံးလိုက်သည်။

“ဒါဆို မင်းဘာသိချင်တာလဲ...”



ယဲ့ကျား : “……..”


အခု ဘာမှ မသိချင်တော့ဘူး...


ကျီရွှမ် တိုက်ရိုက်မေးခဲ့သည့် ယဲ့ကျားနှင့် နှိုင်းယှဉ်လျှင် အားမီ၏ တုံ့ပြန်မှုကသိသိသာသာ ကြီးမားလေသည်။ သူဓာတ်လိုက်နေသကဲ့သို့ တုန်ရီနေပြီးသူ၏ မှုန်ဝါးဝါးမျက်နှာက ထိတ်လန့်နေလေသည်။

“က...ကင်း ဒါက ကျွန်တော့် အမှားပါ... ကျွန်တော် ကင်း နောက်ကွယ်မှာ မပြောခဲ့သင့်ဘူး...”

ကျီရွှမ် အကြည့်များကို ပြန်ရုတ်လိုက်ကာ အားမီအား စောင်းငဲ့ကြည့်လိုက်သည်။


“ပါးစပ်ပိတ်ထား...”


အားမီ သူ့ပါးစပ်ကို ချက်ချင်း ပိတ်လိုက်သည်။


သူ ယဲ့ကျား‌ရှေ့သို့ ဖြည်းညှင်းစွာ လျှောက်လာပြီး စိတ်၀င်တစား မေးလိုက်သည်။

“မင်း ငါ့ကို စိတ်၀င်စားလို့လား...”

ယဲ့ကျား အလောတကြီး ပြန်ဖြေလိုက်သည်။

“အဲလို မဟုတ်ဘူး...မဟုတ်ဘူး...”

ကျီရွှမ် မျက်ခုံးကို ပင့်ကာ ဆက်မေးလိုက်သည်။

“မင်း ငါ့ကို စိတ်မ၀င်စားဘူး‌ပေါ့...”



“…….”

ယဲ့ကျား ဘာပြန်ပြောရမှန်း မသိတော့ချေ။

ဘာဖြစ်လို့ ဒီစကားဝိုင်းက ထူးခြားတဲ့အလှည့်အပြောင်း ဖြစ်လာမယ်လို့ ခံစားနေရ‌တာလဲ...

သူ စက္ကန့်အနည်းငယ်လောက် ဦးနှောက်ခြောက်အောင် စဉ်းစားလိုက်ပြီး ကိုးရိုးကားယားနိုင်စွာ ပြန်ဖြေလိုက်သည်။

“မဟုတ်ဘူး...ကျွန်‌တော် စိတ်ဝင်စားပါတယ်...ဒါပေမဲ့ ဒါက သာမာန်လက်အောက် ငယ်သားတွေ သူ့သူဌေး အပေါ်ခံစားရတဲ့ စိတ်၀င်စားမှုပါပဲ...”

ဘာဖြစ်လို့ ပိုထူးဆန်းသွားရတာလဲ...

ဘေးကနေ အရာအားလုံးကို‌ မြင်တွေ့နေရသည့် အားမီ ယင်းမြင်ကွင်းကြောင့် လန့်ဖျပ်သွားပြီး ထိုစက္ကန့်ပိုင်းအတွင်း လေထဲတွင် ယိမ်းထိုးနေလေသည်။

ယဲ့ကျား ထိတ်ထိတ်လန့်လန့်နှင့် ပြန်ပြောလာသည်ကို စောင့်နေ‌သော်လည်း အချိန်အတော်ကြာသည့်အထိ တစ်ဖက်လူ၏ စကားသံကို မကြားရပေ။

ယဲ့ကျား သူ့မျက်လုံးများကို တိတ်တိတ်လေး လှန်လိုက်ကာ သူ့ရှေ့တွင် ရပ်နေသော လူကို ကြည့်လိုက်စဉ် ကျီရွှမ်၏နီရဲနေသော မျက်လုံးများနှင့် မတော်တဆဆုံသွား‌လေသည်။

ယဲ့ကျား၏ အသက်ရှုသံ ထိုခဏ၌ ရပ်တန့်သွားသည်။

ထိုအချိန်တွင် သူ ဟန်‌ဆောင်ထားသည်ကို ကျီရွှမ် သိသွားပြီဟု တွေးလိုက်သည်။

သို့သော် သူ ကျီရွှမ်က ခပ်တည်တည်နှင့်အကြည့်ပြန်ရုတ်လိုက်သည်ကို တွေ့လိုက်ရသည်။

သူ၏ မျက်လုံးများက အနည်းငယ်ငိုက်ကျ‌နေပြီး လမ်းမီးရောင်အောက်တွင် သက်မဲ့ရုပ်တုသဖွယ် အေးစက်ပြီး ခံစားချက်မဲ့ နေလေသည်။ သူ၏ အသံဩဩက ‌သတ္တုသဖွယ် မာကြောနေလေသည်။

“အဲ့လိုဆို မင်းနေရာ မင်းသိတာပဲ...”

တစ်ဖက်လူဆီမှ သတိပေးစကားများကိုကြားလိုက်သည့်အချိန်တွင် ယဲ့ကျားစိတ်သက်သာရာရစွာ သက်ပြင်းချလိုက်သည်။

သူ သူ့ရှေ့မှ လူကို လေးလေးစားစားဦးညွတ်ဂါ၀ရပြုလိုက်သည်။

“ဒီလိုမျိုး နောက်တစ်ခါ မဖြစ်စေရပါဘူး ကင်း...”

အားမီ ထိုမြင်ကွင်းကို စိုက်ကြည့်နေစဉ်မနေ့က ခံစားခဲ့ရသည့် ထူးထူးခြားခြား ခံစားချက်များကို ပြန်ခံစားလိုက်ရသည်။သို့‌သော် ဤတစ်ကြိမ်တွင် ယင်းခံစားချက်များက ပိုပြီးပြင်းထန်လာလေသည်။

ကင်းလား...

သူက အမြဲတမ်း စကားပြောရတာ လွယ်တာလား...

ကင်း သူ့‌နောက်ကွယ်တွင် သူ့အကြောင်းပြောနေသည့် စွမ်းအားကြီးတစ္ဆေကိုပြုံးနေသော မျက်နှာဖြင့် အပိုင်းပိုင်းဆုတ်ဖြဲပစ်ခဲ့ပြီး ကျန်ရှိနေသေးသည့် ခေါင်းကို သူ၏ ကျန်အပိုင်းများကို ပြန်စားရန် ဖိအားပေးခဲ့ကာ စွမ်းအားကြီးတစ္ဆေကို အဆုံးသတ်ပေးခဲ့သည်။

အခုတလော စိတ်ခံစားချက်ကောင်းနေလို့များလား...

အားမီ မရေမရာ တွေးလိုက်လေသည်။


ဒါပေမဲ့ ဒါက မဖြစ်နိုင်ဘူး...သွေးအရိုးငါးတွေကို ကျွေးခဲ့တဲ့ တစ္ဆေသရဲ အရေအတွက်များလွန်းလို့ အသစ်ချကျွေးထားတဲ့ တစ္ဆေသရဲတွေကို‌တောင် မစားနိုင်တော့ဘူး...

အားမီ ထိုအကြောင်းကို ပဟေဠိ ဖြစ်နေစဉ်တွင် ကျီရွှမ် ဤခေါင်းစဉ်ကို စိတ်၀င်စားမှု ပျောက်သွားလေသည်။

သူ အားမီကို ကြည့်လိုက်သည်။


“အားလုံး ဂရုစိုက်ပြီးပြီလား...”

အားမီ ခေါင်းကို ပိုငုံ့လိုက်ပြီး ကြောက်ရွံ့စွာ ပြောလိုက်သည်။

“ဟုတ်...ဟုတ်ကဲ့ ဘယ်သူမှ မကျန်တော့ပါဘူး...”

ကျီရွှမ် ယင်းကို သိပ်စိတ်မပူခဲ့ပေ။ သူခေါင်းငြိမ့်လိုက်ပြီး ပြောလိုက်သည်။သို့သော် သူ့အသံတွင် ချီးကျူးစိတ်များ ‌မပါ၀င်ပေ။

“အရမ်း ကောင်းတယ်...ပြီးတော့ သတင်းဖြန့်လိုက်...ငါ့ကို သစ္စာဖောက်ရင် ဘယ်လို ကံကြမ္မာမျိုး ရလာမယ်ဆိုတာ လူတိုင်း သိပါစေ...”


“ဟုတ်...”

အားမီ မြန်မြန်ဆန်ဆန် ပြန်ဖြေလိုက်သည်။

“မင်းရော...”

ကျီရွှမ် သူ့အာရုံကို ယဲ့ကျားဆီသို့ ပြန်လှည့် လိုက်သည်။

“မင်းရော ဘယ်လိုလဲ...”

ယဲ့ကျား ပြန်‌ဖြေလိုက်သည်။

“ဟုတ်ကဲ့...ကျွန်တော် မကြာခင် စိမ့်၀င်နိုင်လိမ့်မယ်လို့ ထင်ပါတယ်…”

ကျီရွှမ် မျှော်လင့်ထားသည့် ခေါင်းစဉ်နှင့်အဖြေက ကွဲလွဲနေလေသည်။

“အဲ့ဒါကို‌ ပြောရရင်...”

ကျီရွှမ် သူ၏ နီရဲနေသော မျက်လုံးများကို မှေးစင်းလိုက်ပြီး အနက်ရောင်အလင်းတန်းများက မျက်၀န်းအတွင်းတွင် ရစ်ဝဲနေလေသည်။

“မင်း ငါ့ရဲ့ လက်အောက်ငယ်သားဖြစ်လာကတည်းက မင်းရဲ့ခွန်အားတွေကိုမစစ်ဆေးရသေးဘူး...

ယဲ့ကျား နှလုံးခုန် ရပ်လုမတတ် ဖြစ်သွားသည်။

အားမီ သတ္တိရှိရှိ ကြား၀င်ပြောလိုက်သည်။

“ကင်း...အားယဲ့က ဒီနေ့ သစ္စာဖောက် တွေကို ကိုင်တွယ်တဲ့နေရာမှာ အများကြီး ကူညီပေးခဲ့ပါတယ်...ကျွန်တော် ကင်းရဲ့ အမြင် အရမ်းကောင်းတယ်လို့ ပြောချင် ပါတယ်...သူက ကျွန်တော် တွေ့ဖူးသမျှ လူသစ်တွေထဲမှ အလားအလာ အရှိဆုံးသူပဲ...”

“အားယဲ့...”

ကျီရွှမ် နှုတ်ခမ်းထောင့်များ တွန့်သွားလေသည်။

သူ့မျက်လုံးထဲတွင် အေးစက်သော မကျေနပ်မှု အရိပ်အယောင်များ ‌ပေါ်လာပြီး ပတ်၀န်းကျင်ရှိ လေထုအပူချိန်က ချက်ချင်း ဒီဂရီများစွာ ကျဆင်းသွားလေသည်။

သူ၏ အကဲဖြတ်အကြည့်များက ယဲ့ကျားပေါ်သို့ ကျဆင်းသွားပြီး ဖြည်းညှင်းစွာ မေးလိုက်သည်။

“ဒါဆို အားယဲ့ ငါ့ကိုပြောပြ...မင်း ဘယ်လိုလက်နက်အမျိုးအစားသုံးတာ ကျွမ်းကျင်လဲ...”

ယဲ့ကျား၏ ကြွက်သားများ တဖြည်းဖြည်းတင်းကြပ်လာသည်။

"လက်သည်းပါ...”

“အို...”

ကျီရွှမ် စိတ်၀င်စားသွားသည်။

“ကြည့်ကြည့်ရအောင်...”

ယဲ့ကျား မျက်လုံးများ တင်းမာလာပြီး ဘေးမှ သေးသွယ်‌သော လက်ချောင်းလေးများကလည်း ရုတ်တရက် ဖိနှိပ်လှုံ့ဆော်ခံလိုက်ရ သကဲ့သို့ တဆတ်ဆတ် လှုပ်လာလေသည်။

လေထုက ရုတ်တရက် တင်းမာလာလေသည်။

အားမီ အံကြိတ်လိုက်သည်။

မဟုတ်ဘူး...နောက်ဆုံးရှာတွေ့ခဲ့တဲ့ကျေနပ်စရာ ငါ့လုပ်ဖော်ကိုင်ဖက်လေးကို ကင်းရဲ့ ဒေါသကြောင့် သေသွားခွင့် မပြုနိုင်ဘူး...ငါ...ငါ ကြား၀င်သင့်တယ်...

သူ သတ္တိများ စုဆောင်းလိုက်ပြီး တိတ်ဆိတ်မှုကို ဂရုတစိုက် ချိုးဖျက်လိုက်သည်။

“အာ...ကင်း အားယဲ့ရဲ့ မျိုးနွယ်ကတိုက်ခိုက်ချိန်ရောက်မှသာ လက်သည်းထုတ်နိုင်တာပါ…”

“အို...”

ကျီရွှမ် သူ၏ စိမ့်ထွက်နေသောစွမ်းအင်များကို စက္ကန့်အနည်းငယ်ပြန်သိမ်းလိုက်သည်။

“အဲ့လိုလား...”

သူ နောက်ဆုံးစကားကို ပြန်ဆွဲသုံးလိုက်ပြီးသူ၏အသံတွင် နောင်တအရိပ်အယောင်များ ရောနှောနေပေသည်။

“သနားစရာ ကောင်းလိုက်တာ...”

ကျီရွှမ် ဤခေါင်းစဉ်နှင့် ပတ်သတ်ပြီး စိတ်မ၀င်စားတော့ပေ။

သူ လက်ကိုဝှေ့ယမ်းလိုက်ပြီး တည်ငြိမ်စွာ ပြောလိုက်သည်။

“သွား‌တော့...မင်းရဲ့ မစ်ရှင် တိုးတက်မှုကို ငါ့ဆီ တစ်ပတ်တစ်ခါ အစီရင်ခံ... အချိန်ကျလာရင် အရိပ်တစ္ဆေက မင်းကို တွေ့ဖို့ အချိန်နဲ့ နေရာက ပြောပြလိမ့်မယ်...”


ယဲ့ကျား : “……”

တစ်ဖက်လူက အကြောင်းအရာကို လျင်မြန်စွာ ပြောင်းလဲခဲ့ပုံရသည်။ လွန်ခဲ့‌သောမိနစ်ပိုင်း‌လောက်က ထုတ်ဖော်ခဲ့သည့် သတ်ဖြတ်လိုစိတ်များကအဖောက်ခံလိုက်ရသော ပူဖောင်းသဖွယ် ပျောက်ကွယ် သွားလေသည်။

ငါ လုပ်ငန်းခွင်တွင်း လိင်ပိုင်းဆိုင်ရာနှောင့်ယှက်မှုကို ခံလိုက်ရတယ်လို့ သံသယရှိတယ်...

ဒါပေမဲ့ ငါ့မှာ သက်သေမရှိဘူး...

ကျီရွှမ်၏ စကားများကို ကြားပြီး အားမီစိတ်သက်သာရာ ရသွားလေသည်။ သူယဲ့ကျားကို အလောတကြီး ဆွဲလိုက်ပြီး ကင်းကို ဦးညွတ်ဂါ၀ရပြုလိုက်သည်။ သူ အသတ်ခံရလုနီးပါး ဖြစ်သွားသည့် သူ့သူငယ်ချင်းလေးကို ဤနေရာမှ ဆွဲခေါ်သွားရန် အဆင်သင့်ဖြစ်နေပြီဖြစ်သည်။

“အရိပ်တစ္ဆေ နောက်မှာနေခဲ့...”

ကျီရွှမ် ရုတ်တရက် သတိပေးလိုက်သည်။

အားမီ၏ အမြင်အာရုံ မှောင်မိုက်သွားလေသည်။

သူ ယဲ့ကျားကို သနားစဖွယ် လက်ဝှေ့ယမ်းပြလိုက်ပြီး စိတ်ပြောင်းလွယ်သော တစ္ဆေဘုရင်ဆီ သတိထားပြီး ပြန်သွားလိုက်သည်။

ထွက်မသွားမီ ယဲ့ကျား သူ့နောက်ရှိ အားမီကို တစ်ချက်လှည့်ကြည့်လိုက်လေသည်။

အရပ်ရှည်သော အမျိုးသားတစ်ယောက်က လမ်းမီးတိုင်အောက်တွင် ရပ်နေပြီး ယဲ့ကျား ထွက်သွားသည်ကို တိတ်တဆိတ်စောင့်ကြည့်နေလေသည်။

.......


ယဲ့ကျား အိမ်ကို တည့်မတ်စွာ ပြန်လိုက်သည်။

အခန်းက အလွန်တိတ်ဆိတ်နေပြီး ပြတင်းပေါက်မှတစ်ဆင့် အဝေးတစ်နေရာမှ ယာဉ်သွားလားသံများကို ယောင်ဝါးဝါးကြားနေရလေသည်။ အခန်းထဲတွင် မီးမဖွင့်ထားပေ။ အပြင်ဘက်မှ မှိန်ဖျဖျအလင်းရောင်များသာ မှန်ကို ဖြတ်ပြီး ပြတင်းပေါက်ဘောင်နှင့် ကြမ်းပြင်ပေါ်သို့ ကျရောက်နေလေသည်။

ယဲ့ကျား အမှောင်ထဲတွင် မလှုပ်မယှက်ထိုင်နေပြီး သူ့မျက်လုံးများက အနည်းငယ်ငိုက်စင်းနေကာ သူ၏ ခေါင်းပေါ်တွင် မမြင်ရသော တိမ်တိုက်တစ်ခု ရှိနေပုံပေါ်လေသည်။

သူ့အကြည့်က သူ့ခြေထောက်များပေါ်တွင် မြဲမြံနေပြီး တစ်စုံတစ်ခုကို နက်နက်ရှိုင်းရှိုင်း‌ တွေးနေပုံ ပေါ်လေသည်။

အကြောင်းရင်းအချို့ကြောင့် ယဲ့ကျားစောစောက ‌မြင်ခဲ့ရသည့် မြင်ကွင်းကို မမေ့နိုင်ပေ။

လမ်းမီးရောင်အောက်တွင် အရပ်ရှည်သော အမျိုးသားတစ်ယောက်တည်းက ရပ်နေပြီး သူ့အနက်‌ရောင်အရိပ်က မီးရောင်ကို ခွဲခြမ်းထားလေသည်။ သူတစ်ခုခုကို စောင့်စားနေသကဲ့သို့ ရပ်နေခြင်းဖြစ်သည်။


ယင်းက သူ့ကိုများစွာစိတ်အနှောင့်အယှက်ဖြစ်စေလေသည်။

အမှန်တွင် ကျီရွှမ်နှင့် ပတ်သတ်ပြီးကတည်းက ယဲ့ကျားတွင် မသေချာမရေရာသည့် ခံစားချက် ရှိနေလေသည်။

အထူးသဖြင့် တစ်ဖက်လူက သူ့ကို သတိထားမိသလား သတိမထားမိသလား မသေချာပေ။

သူ၏ ယခင်အတွေ့အကြုံများအရ သူ လုံခြုံသင့်သည်။ အဆုံးတွင် ယဲ့ကျားက သူ၏ ရုပ်‌ဖျက်စွမ်းရည်နှင့် ပတ်သတ်၍ ယုံကြည်ချက်ရှိပြီး သူ၏ မူလအနံ့ကို အနည်းငယ်မျှ ထုတ်မပြမိကြောင်း သေချာလေသည်။ ထို့အပြင် ဂိမ်းထဲရှိကစားသမားများ၏ မျက်နှာများက အတုဖြစ်ပြီး ယခုကျီရွှမ်က တစ္ဆေဘုရင် ဖြစ်နေသော်ငြားလည်း တစ်ဖက်လူက သူ၏ယခင်အသွင်အပြင်အပေါ် အခြေခံပြီး သူ့ကို သတိထားမိလိမ့်မည်ဟု ယဲ့ကျားမထင်ပေ။

အခု ပိုအ‌ရေးကြီးတာက ကျီရွှမ်ရဲ့ရည်ရွယ်ချက်က ဘာလဲဆိုတာ အဖြေရှာဖို့ပဲ...

ယဲ့ကျား သူ့အတိတ်နှင့် ထပ်မပတ်သတ်ချင်သော်ငြားလည်း လက်ရှိအခြေအနေကို ထိုင်ကြည့်နေ၍ မရပေ။ ဂိမ်းပြိုကျသွားပြီးနောက် စွမ်းအားကြီးတစ္ဆေများနှင့်မကောင်းဆိုးဝါးများက ၎င်းတို့ကို ချုပ်နှောင်ထားသော အတားအဆီးကို ဆုံးရှုံးသွားသော်လည်း ဤအရှုပ်အထွေးများ၏ နောက်ကွယ်တွင် ပိုဆိုး၀ါးသည့်အရာတစ်ခု ပုန်းလျှိုးနေပုံ ရလေသည်။

အားမီပြောခဲ့သည့် စွမ်းအားကြီးတစ္ဆေများကို သယ်ဆောင်လာပြီး တစ်နေရာကို ပို့ပေးသည့် ဘတ်စ်ကား နှင့် ပင့်ကူဘုရင်မနောက်ကွယ်မှ အားတစ်ခု။ ယင်းမတည်ငြိမ်သော အကြောင်းရင်းများကိုအတူစုစည်းလိုက်သည့်အချိန် ရလာသည့် ခံစားချက်များက သူ့ကို စိတ်မသက်မသာဖြစ်စေလေသည်။

ပြီးတော့ တစ္ဆေဘုရင် ကျီရွှမ်...

တ‌စ္ဆေဘုရင် အနေနဲ့ ဘာကို လုပ်ချင်တာလဲ...လူသားမျိုးနွယ်ကို ဖျက်ဆီးပစ်ချင်တာလား...ကမ္ဘာကြီးကို အုပ်ချုပ်ချင်တာလား...

ဒီအကြိမ်မှာ‌လည်း သူနဲ့အတူ ဓားကို ဖြတ်ရဦးမှာလား...

ယဲ့ကျား မျက်လုံးကို အနည်းငယ် မှေးစင်းလိုက်ပြီး သူ၏ ဖြူဖျော့ဖျော့ လက်ဖ၀ါးကို ဂရုတစိုက် စစ်ဆေးလိုက်သည်။

အခန်းက မှိန်ပျပျ လင်းနေပြီး ပြတင်းပေါက်မှ တစ်ဆင့် ၀င်ရောက်လာသော အလင်းရောင်အောက်တွင် သူ၏ ဖြူဖျော့ဖျော့လက်ဖဝါးက နှင်းသဖွယ် ဖြူဆွတ်နေလေသည်။

အရင်နေ့က သွေးတွေစွန်းခဲ့ပေမဲ့ ဒီနေ့တော့ သန့်ရှင်းနေတာပဲ...

သို့‌သော် ‌အေးစက်စေးကပ်သည့် အထိအတွေ့က ဘယ်သောအခါမှ ပျောက်ကွယ်သွားမည့်ပုံ မပေါ်ပေ။ ယင်းအထိ‌အတွေ့က သူ၏ လက်ဖဝါးပေါ်နှင့် လက်ချောင်းများကြား စွဲကျန်နေလေသည်။

ထိုအချိန်တွင် လက်မဲလေး သူ့နား နားကပ်ကာ ပြောလိုက်သည်။

“ဘာမှားနေလို့လဲ...”

ထို့နောက် ယဲ့ကျားပခုံးပေါ်သို့ ပြန်တက်လာပြီး လျင်မြန်စွာ မေးလိုက်သည်။


“‌ ဘော့စ် ဘာတွေ တွေးနေတာလဲ...”

ယဲ့ကျား အကြည့်များကို ပြန်ရုတ်လိုက်ပြီး ပြောလိုက်သည်။

“ဘာမှ မတွေးဘူး...”

သူ ထိုအချိန်တွင် ရုတ်တရက် ရပ်တန့်သွားပြီး မေးလိုက်သည်။

“မင်းအမြင်မှာ ကျီရွှမ်ရဲဲ့ စိတ်နေသ‌ဘောထားက ပုံမှန်ပဲလား...”

လက်မဲလေး ပြန်စဉ်းစားလိုက်သည်။

သူက အားနည်းလွန်းတယ်...ဂိမ်းထဲမှာဆိုရင် စွမ်းအားကြီးတစ္ဆေတစ်ကောင်နဲ့ တွေ့ဖို့တောင် မလွယ်ဘူး...သူ ကင်းကို တွေ့တဲ့အခါတိုင်း အဝေးကပဲ တွေ့ရတာ...ဒါပေမဲ့လက်အောက်ငယ်သားတွေကို ဂရုစိုက်တဲ့ကင်းက ဘုရင်ကောင်းဖြစ်ရမယ်...

လက်မဲလေး ရိုးသားစွာ ပြန်ဖြေလိုက်သည်။

“ပုံမှန်ပါပဲ...”


“အို...”

ယဲ့ကျား ကြောင်အစွာ ပြန်ဖြေလိုက်သည်။ သူ့ကြည့်ရသည်မှာ စိတ်ရူပ်ထွေးနေပုံပေါ်သည်။

ရုတ်တရက် စားပွဲပေါ်တင်ထားသည့် ဖုန်းမြည်လာပြီး ဖုန်းမျက်နှာပြင်က အမှောင်ထဲတွင် တောက်ပလာလေသည်။

ယဲ့ကျား အံ့ဩသွားပြီး ဖုန်းကို လှမ်းကြည့်လိုက်လေသည်။

လက်မဲလေး ဖုန်းကို အလျင်အမြန် ကောက်ကိုင်လိုက်ပြီး ဖုန်းမျက်နှာပြင်ကို ကြည့်လိုက်သည်။

ထိုအခါ ထိတ်လန့်သွားပြီး ပင့်သက်ရှိုက်လိုက်သည်။

“ဘုရားသခင်...”

ယဲ့ကျား မျက်မှောင်ကြုတ်လိုက်သည်။

“ဘာလို့လဲ...”


လက်မဲလေး ဖုန်းကို အလျင်အမြန် လှမ်းပြလိုက်ပြီး သူ့အသံက ထိတ်လန့်သွား‌နေသောကြောင့် အနည်းငယ် ထူးဆန်းနေပေသည်။

“ကြည့် ကြည့်...”

ယဲ့ကျား ဖုန်းကို တစ်ချက်ကြည့်လိုက်ပြီး သူ့မျက်လုံးများ ပြူးကျယ်သွားလေသည်။

“ဒါက...”

ဖုန်း မျက်နှာပြင်ပေါ်တွင် ငွေလွှဲပြောင်းမှုမှတ်တမ်းကို ပြသနေသည်။

၎င်းက အားမီထံမှ ဖြစ်လေသည်။

“ပိုက်ဆံ‌တွေ အများကြီးပဲ...”

လက်မဲလေး ကလေးတစ်‌ယောက်သဖွယ် ဖုန်းကို ဆုပ်ကိုင်ထားပြီး စိတ်လှုပ်ရှားမှုများနှင့် ပြည့်နှက်နေပေသည်။ ထို့နောက်ပျော်လွန်း၍ ငိုလုမတတ်အသံနှင့် ပြောလိုက်သည်။

“ကျွန်‌တော် ဒီလောက်များတဲ့ ပိုက်ဆံတွေကို တစ်ခါမှ မမြင်ဖူးဘူး...”

အထူးသဖြင့် ယဲ့ကျား၏ လစာအကြောင်းသိပြီးနောက် သူတို့အိမ်ထောင်စုက မည်မျှဆင်းရဲနေသည်ကို နက်နက်ရှိုင်းရှိုင်း နားလည်သဘောပေါက်ခဲ့လေသည်

ယဲ့ကျား နှစ်ကြိမ်လောက် စစ်ဆေးလိုက်ပြီး အမြင်မမှားကြောင်း အတည်ပြုလိုက်သည်။

သူ အသက်ပြင်းပြင်းရှုလိုက်ပြီး သူ့မျက်လုံးများက တောက်ပလာလေသည်။

ဒီအချိန်ပိုင်းအလုပ်က လုပ်ဖို့ တန်တယ်...


.........


“ပ...ပို့ပြီးပါပြီ...”

အရိပ်တစ္ဆေ၏ ပုံရိပ် ပိုမိုကျုံ့၀င်လာပြီးဘာစကားမှ မပြောဝံ့သော်လည်း ကြောက်ရွံ့စွာ အစီရင်ခံလိုက်သည်။

“ထွက်သွား‌တော့...”

ကျီရွှမ် လက်ကို စိတ်မပါတပါဝှေ့ယမ်းလိုက်သည်။

“ဟုတ်...”

လွတ်ငြိမ်းချမ်းသာခွင့် ရလိုက်သည့် အားမီ ချက်ချင်း လှည့်ထွက်လာပြီး အရိပ်ထဲသို့ ခုန်ဆင်းလိုက်သည်။

အရိပ်တစ္ဆေ အမှောင်ထုအတွင်းသို့ ပျောက်ကွယ်သွားသည်ကို စောင့်ကြည့်နေစဉ် ကျီရွှမ် ၏ ‌မျက်နှာအမူအရာ နေရောင်အောက်တွင် ပျော်၀င်သွားသည့် နှင်းသဖွယ် ပျောက်ကွယ်သွားလေသည်။

အေးစက်ပြီး သွေးသံရဲရဲလေထုက ပိုင်ရှင်၏ ပိတ်မှောင်သော ခံစားချက်ကို ဖော်ပြနေသကဲ့သို့ ပတ်ပတ်လည်တွင် ရစ်ပတ်နေလေသည်။

သူ လက်ညိုးကို ညင်သာစွာ မြှောက်လိုက်သည်။

ထိုအခါ နီရဲနေသော လှိုင်းလုံးကြီး ကြမ်းပြင်မှ မြင့်တက်လာပြီး မကြာမီဆင့်ခေါ်ခံထားရသော သွေးအရိုးငါးများသူ့ဘေးတွင် ပေါ်လာပြီး ငါးခေါင်းက ကျီရွှမ် လက်ဖဝါးနှင့် ပွတ်သပ်နေလေသည်။

ကျီရွှမ် သွေးအရိုးငါးကို ငုံ့ကြည့်လိုက်ပြီးသူ့လက်ဖဝါးကို ဖြန့်လိုက်သည်။

နောက်တစ်ခဏတွင် တစ်၀က်လောက်ခဲနေသည့် သွေးစက်တစ်စက် ပေါ်လာပြီး လေထဲတွင် ပျံဝဲနေသည်။

သွေးအရိုးငါး သူ၏ ကြီးမားလှသော ပါးစပ်ကြီးကို ဖွင့်လိုက်ပြီး ထိုသွေးစကို ဝါးမျိုလိုက်သည်။ ထိုအခါ သွေးများလှည့်ပတ်နေသော ဝဲကတော့ တစ်ခုပေါ်လာပြီး ဝဲကတော့ အလယ်တွင် မြင်ကွင်းတစ်ခု ပေါ်လာလေသည်။

မပြတ်သားသော ‌နောက်ခံမြင်ကွင်းများအလယ်တွင် လူငယ်လေးတစ်ယောက် ပေါ်လာလေသည်။

သူ့မျက်နှာကို အနက်ရောင်မြူမှုန်များဖုံးလွှမ်းကာဆီးထားသောကြောင့် ပုံစံကိုရှင်းရှင်းလင်းလင်း မမြင်ရပေ။သို့သော် ကျီရွှမ်ဓားအိမ်အတွင်း ဖွက်ထားသောဓားနှင့်တူသည့် အရပ်ရှည်ပြီး ပိန်ပါးသောပုံရိပ်ကို ခွဲခြားသိမြင်နိုင်ဆဲဖြစ်သည်။

ကျီရွှမ် ဝဲကတော့အလယ်ရှိ ထိုမြင်ကွင်းကို နက်ရှိုင်းသော မျက်လုံးများဖြင့် စိုက်ကြည့်နေလေသည်။

သူ လက်ကိုမြှောက်လိုက်ပြီး သူ၏ ဖြူဖျော့သော လက်‌ချောင်းများဖြင့် ထိုလူငယ်လေး၏ ပုံရိပ်ကို ပွတ်လိုက်သည်။ သူ၏ လှုပ်ရှားမှုများ အဖိုးတန်ပြီး အလွန်ကွဲကြေလွယ်သည့် ရတနာတစ်ခုကို ပွတ်နေသကဲ့သို့ နူးညံ့ညင်သာနေလေသည်။

“အားယဲ့...”

သူ သိမ်မွေ့စွာ ရေရွတ်လိုက်သည်။ သို့သော် စကားသံက နူးညံ့သိမ်မွေ့နေသော်လည်း အနည်းငယ် အေးစက်နေလေသည်။

“‌‌ ကောကောရဲ့နာမည်ကို ကျွန်တော့်ကို တစ်ခါမှ မပြောဖူးဘူးနော်...”

သွေးအရိုးငါးက လှည့်ပတ်နေပြီး တိုက်တွန်းနေသကဲ့သို့ သူ့‌ခေါင်းဖြင့် ကျီရွှမ် လက်ဖဝါးတစ်ဖက်ကို ပွတ်သပ်နေလေသည်။

“မဟုတ်ဘူး...မဟုတ်ဘူး...အခုအချိန်‌တော့ မဟုတ်သေးဘူး...”

ကျီရွှမ် မြင်ကွင်းအလယ်မှ ပုံရိပ်ကို စိုက်ကြည့်နေပြီး နောက်ဆုံးတွင် သူ့မျက်လုံးများအတွင်းမှ ခံစားချက်များကို မဖိနှိပ်နိုင်တော့ပေ။ အရူးအမူး ယုံမှားသံသယစိတ်နှင့် ပိုင်ဆိုင်လိုစိတ်များက အသက်ရှုကြပ်လုမတတ် ပေါ်ထွက်လာလေသည်။

သူ နူးညံ့ညင်သာစွာ ပြောလိုက်သည်။

“ငါ သူ့ကို တစ်ခါ ခြောက်လန့်မိခဲ့တယ်...ဒါမျိုး နောက်တစ်ခါ ထပ်ဖြစ်လို့မရဘူး...ဖြည်းဖြည်းပဲ သွားသင့်တယ်...”

သူ တုန်ရီနေသော လက်ချောင်းထိပ်များကို ထိန်းချုပ်လိုက်ပြီး နီရဲသော မျက်လုံးများအတွင်းတွင် ပြင်းထန်သော စိတ်ခံစားချက်များ လှိမ့်တက်လာသည်။



“အရမ်း အရူးအမူးမလုပ်တာ အကောင်းဆုံး ဖြစ်မယ်...”

သူ တိုးတိုးရေရွတ်လိုက်သည်။



စာရေးဆရာမှာ ပြောစရာရှိပါတယ်...



ယဲ့ကျား : ငါ အပိုငွေ ရှာရတာကြိုက်

တယ်...

ကျီရွှမ် : မင်းလိုချင်ရင် ကိုယ့်မှာ အပိုငွေ

ရှာဖို့ နည်းလမ်းရှိတယ်...

(အရိပ်အမြွက်ပြခြင်း)



___________________________________