အပိုင်း ၂၈
Viewers 10k


Chapter28



ညနှောင်းပိုင်းတွင် လူနေရပ်ကွက်တစ်ခု၌

ဟုဟောက်ယင်းသည် သူ့ဝတ်စုံနှင့်သားရေဖိနပ်တို့ဖြင့် မလိုက်ဖက်သော မီးခိုးရောင် အိတ်တစ်လုံးကို ကျောတွင် လွယ်ထားရင်း စိတ်အခြေအနေကောင်းစွာ အိမ်ပြန်လာခဲ့သည်။

သူ့ဇနီး ဝမ့်ကျဲက သိချင်စိတ်နှင့် အနား ရောက်လာ၏။

"အဲ့ဒါကဘာလဲ ရှင်ဘာလို့ စိတ်အခြေနေကောင်းနေတာလဲ''

ဟုဟောက်ယင်းက သူမကို ထူးထူးခြားခြား မျက်စိမှိတ်ပြပြီး အသံတိုးတိုးဖြင့် ပြောလိုက်သည်။

"ငါ ရတနာတစ်ခုကို တွေ့လာတယ်"

သူက ရှေးဟောင်းပစ္စည်းများ စုဆောင်းခြင်းကို ဝါသနာပါပြီး သူအကြိုက်ဆုံးမှာ အလုပ်ဆင်းသည်နှင့် ရှေးဟောင်းစျေးသို့ သွားရောက်ကာ ရှားပါးသော ရှေးဟောင်း ရတနာများကို ရှာဖွေနိုင်ရန် ကံစမ်းရခြင်းဖြစ်သည်။

သူ၏ ကြွယ်ဝသော အတွေ့အကြုံဖြင့် သူသည် ဤနယ်ပယ်တွင် များစွာသိထားခဲ့ပြီး တစ်ခါတစ်ရံ၌ ကောင်းမွန်သောအရာတစ်ခုခုကို တွေ့ရှိလေ့ရှိသည်။

သို့သော်လည်း သူ့ကို ဤကဲ့သို့ စိတ်လှုပ်ရှားစေသည်က ရှားပါးသည်။

ဝမ့်ကျဲက စိတ်ဝင်တစားဖြင့်

“ဘယ်လိုပုံစံလဲ ကျွန်မကိုပြဦး''

ဟုဟောက်ယင်းက သူသယ်လာသော မီးခိုးရောင်အိတ်ကို စားပွဲပေါ် ဂရုတစိုက်ချလိုက်ပြီး အထဲမှ ပစ္စည်းအား ထုတ်လိုက်သည်။

ယင်းက မွေးဖွားခြင်းကို ကောင်းချီးပေးသည့် အလွန်နူးညံ့သိမ်မွေ့သောကွမ်ရင်ရုပ်ထုဖြစ်သည်။ (KKnotes: ဂရုဏာနှင့် ဆက်စပ်နေသော ဗုဒ္ဓဘုရားလောင်း) အဖြူရောင် ကျောက်စိမ်းမှာ အထူးသဖြင့် အလင်းရောင်အောက်တွင် ချောမွတ်ပြီး နူးညံ့သိမ်မွေ့ကာ လက်ရာမြောက်၍နေသည်။တစ်ချက်ကြည့်ရုံဖြင့် သာမာန်အရာမဟုတ်ကြောင်း သိနိုင်သည်။

ထူးဆန်းနေသည့် တစ်ခုတည်းသောအချက်မှာ ကွမ်ရင်ရုပ်ပွားတော်အများစုက လူသားများကို ကြင်နာစွာ ငုံ့ကြည့်နေသကဲ့သို့ မျက်လွှာတစ်ဝက်ခန့် ချထားလေ့ရှိကြသော်လည်း ဤတစ်ခုကမူ မြင့်တက်နေ၏။

ထိုမျက်လုံးများက အလွန်အသက်ဝင်ပြီး ကျောက်စိမ်းတွင်းရှိ မသန့်စင်မှုနှစ်ခုအား မျက်လုံးများထဲတွင် လိမ္မာပါးနပ်စွာထည့်၍  ထွင်းထုထားသည်။ထိုနက်မှောင်သောမျက်လုံးများက အသက်ဝင်နေပုံပေါက်ကာ သူတို့အား တည့်တည့်ကြည့်နေသည်။

အကြောင်းပြချက်အချို့ကြောင့် ထိုမျက်လုံးများက ဝမ့်ကျဲအား အနည်းငယ် စိတ်မသက်မသာဖြစ်စေသည်။

သူမက ကွမ်ရင်ရုပ်ထုကိုကြည့်ပြီး အတင်းအကြပ်ဖျစ်ညှစ်၍ ပြုံးယူလိုက်ကာ

''ဒါကဘာလဲ''

"ကွမ်ရင်ရုပ်ထု"

ဟုဟောက်ယင်းက မည်သည့်အမှားကိုမှ သတိမထားမိဘဲ စကားပြောနေသည်။ သူက ငုံ့ပြီး ရုပ်တုပေါ်ရှိ ဖုန်မှုန့်များကို ခြောက်သွေ့သော အဝတ်စုတ်ဖြင့် ဂရုတစိုက်သုတ်လိုက်ပြီး ၄င်းကို သဘောကျနေသည်။

“ငါ ဒါကို တစ်ပတ်ရစ်ဈေးက ဝယ်လာတာ ပစ္စည်းအသား နဲ့လက်ရာကို ကြည့်လိုက်ဦး အံ့သြစရာပဲ! ဒါကို ယွမ်၈၀၀နဲ့ရလာတာ ဒီတစ်ခါတော့ ငါတကယ် ရတနာတစ်ခု ယူခဲ့မိတာပဲ''

ဝမ့်ကျဲက ကျောက်စိမ်းရုပ်ထုကို ဖျတ်ခနဲ ကြည့်လိုက်သည်။

ကြောက်စရာကောင်းပြီး မနှစ်မြို့ဖွယ် ခံစားချက်က ထပ်မံ၍ ပေါ်လာပြန်သည်။

သူမ တုန်လှုပ်သွားသော်လည်း သူမ၏ခင်ပွန်း အလွန်စိတ်လှုပ်ရှားနေသည်ကို မြင်လိုက်ရသဖြင့် သူမ၏ အတွေးအမှန်များကို အဆုံးတွင် ထုတ်မပြောလိုက်ပေ။

ဟုဟောက်ယင်းမှာ ကွမ်ရင်ရုပ်ထုအား သူ့အခန်းထဲတွင် ပျော်ရွှင်စွာ ထားလိုက်သည်။

ညဘက်တွင် ဝမ့်ကျားက မီးပိတ်ပြီးနောက် လူးလွန့်ကာ လှည့်လိုက်သည်။

အမှောင်ခန်းထဲမှ အဖြူရောင် ကျောက်စိမ်းရုပ်ထု၏ ဝိုးတဝါးအသွင်အပြင်အား အဝေးမှ လှမ်းမြင်နိုင်သည်။ မျက်နှာအသွင်အပြင်ကို သေချာမမြင်ရသော်လည်း ထိုနက်မှောင်သော မျက်လုံးများက အလွန်ထူးခြားနေဆဲပင်။

ဝမ့်ကျဲက မျက်စိမှိတ်ပြီး တစ်ဖက်ကို လှည့် လိုက်ကာ သူမစိတ်ထဲတွင် လွှမ်းမိုးနေသော အတွေးများကို ဖယ်ထုတ်ရန် ကြိုးစားလိုက်သည်။

ညနက်လာသည်နှင့်အမျှ သူမ၏အသိစိတ်မှာ ဝေဝါးလာပြီး တဖြည်းဖြည်း အိပ်ပျော်သွားသည်။

နောက်တစ်နေ့တွင် ခင်ပွန်းသည်၏ တုန်လှုပ်နေသော အော်ဟစ်သံကြောင့် ဝမ့်ကျဲနိုးလာသည်။

“အ...အားကျဲ….မ….မင်းရဲ့…..”

ဝမ့်ကျဲက သူမ၏ မျက်လုံးများကို မှင်တက်စွာဖွင့်လိုက်သည်။ သူမသည် အအေးဒဏ်ကြောင့် အနည်းငယ်ကျုံ့လိုက်ကာ အိပ်ချင်မူးတူးဖြင့် မေးလိုက်၏။

"ဘာဖြစ်လို့လဲ"

ဟုဟောက်ယင်းက စောင်ကို လက်တစ်ဖက်ဖြင့် တင်းကြပ်စွာ ဆုပ်ကိုင်ထားသည်။ သူ့မျက်နှာမှာ စက္ကူကဲ့သို့ ဖြူဖျော့နေပြီး သူ၏နဖူးတွင် ချွေးအေးများဖြင့် ဖုံးလွှမ်းနေသည်။ သူက ကျုံ့နေသော သူငယ်အိမ်ဖြင့် ဝမ့်ကျဲ၏ဗိုက်ကို အကြည့်မလွှဲပဲ စိုက်ကြည့်နေကာ

"မင်း....မင်းရဲ့ဗိုက်...."

ဝမ့်ကျဲက ဟုဟောက်ယင်း၏ အကြည့်နောက်သို့ လိုက်ကြည့်လိုက်သည်။

သူမ၏ဗိုက်က ကိုယ်ဝန်ဆယ်လရှိသကဲ့သို့ပင် ဖောင်းကားနေသည်ကို မြင်လိုက်ရပြီး သူမ၏စောင်ကို တွန်းတင်လိုက်ရာ အောက်တွင် အပြာရောင်နှင့် ခရမ်းရောင်သန်းနေသော ဝမ်းဗိုက် ထွက်ပေါ်လာသည်။

ဗိုက်ပေါ်တွင် သွေးကြောများက ဖောင်းကြွနေပြီး အလွန်ကြောက်စရာကောင်းသည့်ပုံစံ ဖြစ်နေသည်။ အရေပြားက အလွန်ဆန့်ထွက်နေကာ ပွင့်ထွက်လုနီးပါးဖြစ်သည်။ထိုနေရာတွင် ကြောက်မက်ဖွယ်ကောင်းသော သက်ရှိသတ္တဝါတစ်ကောင်ရှိနေသယောင်ဖြစ်ကာ ယင်းက လူးလွန့်နေပုံရသည်။

တခဏချင်းမှာပင် သူမ အိပ်ချင်စိတ်များပျောက်သွားသည်။

ဝမ့်ကျဲက ထိတ်လန့်တကြား အော်လိုက်၏။

''အား.....''

လူတစ်ယောက်အော်သံနှင့်ပင် မတူတော့လုနီးပါးဖြစ်နေသည့် အော်ဟစ်သံများ အလယ်တွင် အဖြူရောင် ကျောက်စိမ်းကွမ်ရင်ရုပ်ပွားတော်က ငြိမ်သက်စွာ တည်ရှိနေသည်။နှုတ်ခမ်းများက ခပ်ဖျော့ဖျော့ပြုံးယောင်သန်းသွားပြီး အနက်ရောင် မျက်လုံးအစုံသည် ရှေ့မှမြင်ကွင်းကို သဘောကျနေသကဲ့သို့ တိတ်တဆိတ် ကြည့်နေလေသည်။

အဖြူရောင် ကျောက်စိမ်းရုပ်ထုမှာ စားပွဲပေါ်တွင် ရှိနေပြီး လုံးဝ အန္တရာယ်မရှိသော ပုံပေါက်နေ၏။

''အစ်ကိုဝူ မင်းဘယ်လိုထင်လဲ''

တိုက်ခိုက်ရေးဌာနခွဲမှ စေလွှတ်လိုက်သော ခယ့်ကျန်းက စားပွဲကို လှည့်ပတ်ကာ ဘေးတွင်ရပ်နေသော ဝူဆုအား မော့ကြည့်လိုက်သည်။

"အဲ့ဟာက ကျိန်စာသင့်နေတာ ဖြစ်နိုင်တယ်"

ဝူဆုက သူ့မုတ်ဆိတ်မွေးများကို ပွတ်ပြီး ခေါင်းခါလိုက်သည်။

"ဒါပေမယ့် ဒီဟာက အဲ့ဒီထဲကနေ ထွက်လာတာလားတော့ မသေချာဘူး''

နောက်ဆုံးတွင် ဂိမ်းကကြီးလွန်းပြီး အထဲရှိ မကောင်းဆိုးဝါးများနှင့် စွမ်းအားကြီးတစ္ဆေိတို့မှာ အလွန်များသည်။ သူတို့အားလုံးကို သိနေရန်က သူ့အတွက် မဖြစ်နိုင်ပေ။

ဝူဆုက သူ့ဘေးတွင် ရပ်နေသော ထောက်ပံ့ပို့ဆောင်ရေးဌာနမှ ဝန်ထမ်းကို လှည့်ကြည့်လိုက်သည်။

"နစ်နာသူက ဘယ်လိုနေသေးလဲ"

ဝန်ထမ်းက အတွေးနက်နေပုံပေါ်သည်။ သူက ခေါင်းတစ်ခြမ်းစောင်းပြီး တစ်စုံတစ်ခုကို တွေးနေသကဲ့သို့ အဖြူရောင် ကျောက်စိမ်းရုပ်ထုကို စိုက်ကြည့်နေသည်။

“ဟေး”
ဝူဆုက စိတ်မရှည်စွာဖြင့် ပြောလိုက်သည်။
"နစ်နာသူရဲ့ အခြေအနေလို့!"

ထိုဝန်ထမ်းက သူ့အာရုံကို ပြန်ရသွားပုံရသည်။သူက ဝူဆုရှိရာသို့ ဖြည်းညင်းစွာ လှည့်ကြည့်လိုက်သည်။

သူ၏ဆံပင်နှင့် မျက်လုံးများမှာ အညိုရောင်ဖျော့ဖျော့ဖြစ်ပြီး သူအသားအရည်က အနည်းငယ် ဖျားနာပုံပေါက်ကာ ဖြူဖျော့နေသည်။ ခြုံငုံပြောရလျှင် ပင်ပန်းနွမ်းနယ်ပြီး ပျင်းရိနေပုံရသည်။

''အိုး နစ်နာသူရဲ့အခြေအနေက တည်ငြိမ်သွားပြီ ပြီးတော့ မကောင်းဆိုးဝါးကိုယ်ဝန်ကလည်း ပျောက်သွားပြီ''

ဝူဆုအတွက် ပို၍ပင် ပြဿနာဖြစ်သွားပုံပေါ်သည်။

သူက မုတ်ဆိတ်မွေးကိုဆွဲပြီး ပါးစပ်ထဲသို့ စီးကရက်တစ်လိပ်ထည့်လိုက်သော်လည်း ဤနေရာတွင် ဆေးလိပ်သောက်ခြင်းကို တားမြစ်ထားသည်ကို သတိရသောအခါ တဖန်ပြန်ချထားလိုက်သည်။

“မကောင်းဆိုးဝါး ကိုယ်ဝန်ပျောက်သွားရတဲ့အကြောင်းရင်းကို မင်းသိလား”

သေချာတာပေါ့။

အရင်ညက ငါဖြေရှင်းပေးလိုက်တာလေ။

ယဲ့ကျားက သမ်းဝေရင်း ခေါင်းခါလိုက်သည်။

"မသိဘူး"

တစ္ဆေမျက်နှာပင့်ကူ အဖြစ်အပျက်အပြီး တစ်ပတ်နီးပါး အကြာတွင် ဘဝက ပုံမှန်အတိုင်း ငြိမ်သက်အေးချမ်းသော အခြေအနေသို့ တစ်ဖန် ပြန်လည်ရောက်ရှိလာခဲ့သည်။

ကျောက်သုန်လည်း ဆေးရုံမှဆင်းလာခဲ့ပြီး ၎င်းတို့၏ဌာနအတွက် အလုပ်တာဝန်အများစုကို တာဝန်သိစိတ်ဖြင့် တဖန် ထမ်းရွက်ခဲ့သည်။

ကျီရွှမ်၏အလုပ်များက အဆုံးတွင်တော့ဘာမှထပ်မဖြစ်တော့။ အားမီပင်လျှင် တိတ်ဆိတ်လျက်ရှိသည်မှာ ဘယ်အချိန်ကမှ မတည်ရှိခဲ့သည့်အတိုင်းပင်။

သူ၏ အချိန်ပိုင်းအလုပ်မှ ရရှိသောအပိုငွေများအပြင် အရာအားလုံးက ကောင်းမွန်သောလမ်းကြောင်းပေါ်တွင် ရွေ့လျားနေပုံရသည်။

ဝူဆုက သူ့လက်ထဲတွင် စီးကရက်တစ်လိပ်ကို ညှပ်ကာ လေးလေးနက်နက် တွေးနေသော်လည်း အဆုံးတွင် မည်သည့်အရာကိုမှ တွေးတော၍မရခဲ့ချေ။ သူက အနည်းငယ် စိတ်ပျက်သွားသော်လည်း ဤထက်ပို၍ လိုက်မမှီတော့ပေ။

“အဲ့ဒါကို မေ့လိုက်တော့ ဘာပဲဖြစ်ဖြစ် ဒီကျိန်စာက တော်တော်အန္တရာယ်များတယ် ရှောင်ခယ့် နောက်ပိုင်းမှာ ဒါကို အထူးအကာအကွယ်ဖလင်ပြားနဲ့ ဖုံးအုပ်ပြီး ဘဏ္ဍာရေးဌာနမှာ ချိတ်ပိတ်ထားသင့်တယ် အခြားသူတွေ မထိမိရအောင် 'အန္တရာယ်ရှိသည်' ဆိုပြီးတော့ အမှတ်အသားပြုဖို့ မမေ့နဲ့''

ခယ့်ကျန်းက ခေါင်းညိတ်ပြီး အလုပ်လုပ်ရန် ထွက်သွားခဲ့သည်။

ဝူဆု သက်ပြင်းချလိုက်ပြီး ပင်ပန်းနွမ်းနယ်နေသော သူ့ပုခုံးများကို ပွတ်သပ်ကာ ပြောလိုက်သည်။ 

“ဘာတွေဖြစ်နေမှန်းကို မသိတော့ဘူး အခုနောက်ပိုင်း ဘာလို့များ ကျိန်စာသင့်ပစ္စည်းတွေအများကြီး ရှိနေရတာလဲ”

သူ လှည့်ထွက်လာစဉ်တွင် သူ့နောက်မှ ပြတ်သားသော အသံတစ်ခုကို ကြားလိုက်ရသည်။

''ခေါင်းဆောင်ဝူ''

ဝူဆု အံသြသွားပြီး လှည့်ကြည့်လိုက်သည်။

ထောက်ပံ့ပို့ဆောင်ရေးဌာနမှဝန်ထမ်းက သူ့ကို မျက်လုံးပင့်ပြီး တိုက်ရိုက်ကြည့်နေသည်ကို တွေ့လိုက်ရသည်။အစောပိုင်းမှ စိတ်ပျက်လက်ပျက်အမူအရာကို သိမ်းဆည်းပြီးနောက်တွင် ထိုအရောင်ဖျော့ဖျော့မျက်လုံးများသည် ဟန်မဆောင်ဘဲ ပြတ်သားစွာ ပေါ်လာပြီး မေးလာသည်။

"ခင်များ အခု ဘာပြောလိုက်တာလဲ"

''ဟမ် ''
ဝူဆုမှာ ခတ္တမျှ မတုံ့ပြန်နိုင် ဖြစ်သွားသည်။

''လတ်တလောမှာ ကျိန်စာပစ္စည်း အများကြီးပေါ်လာတာလား''

''ဟုတ်တယ်''

ဝူဆုက ခေါင်းငြိမ့်လိုက်သည်။

"ရက်နည်းနည်းလောက်ပဲရှိသေးတယ် ဒါက တတိယမြောက်ဖြစ်နေပြီ ပစ္စည်းတွေကလည်း တစ်ခုနဲ့တစ်ခု မတူဘူး ပိုဆိုးတာက သူတို့က တခြားအရာတွေထက် ပိုအန္တရာယ်များတယ်''

သူက ကိုက်ခဲနေသော ပုခုံးများကို ပွတ်သပ်ရင်း

“မနေ့ညက မကောင်းဆိုးဝါးကလေးကို လွယ်ထားရတဲ့သူက အခြေအနေကောင်းသေးတယ် အနည်းဆုံးတော့ ကျိန်စာနဲ့ ဝေးတဲ့နေရာကို ရှောင်သွားပြီးတဲ့နောက် လက္ခဏာတွေက ပျောက်ကွယ်သွားပေမယ့် တခြားသူတွေကတော့ ကံမကောင်းဘူး အခုတောင် ဆေးရုံရဲ့ ထိပ်တန်းအဆင့်မှာ ကြီးကြပ်ထားရတယ်”

ယဲ့ကျားက မျက်မှောင်ကြုတ်ပြီး စဥ်းစားလိုက်သည်။

သူက မေးလိုက်သည်။

“နစ်နာသူတွေက ကျိန်စာသင့်ပစ္စည်းတွေကို ဘယ်ကရတယ်လို့ ပြောကြသလဲ”

ဝူဆုက ခေါင်းခါကာဖြင့်

"မသိဘူး"

သူက ရုတ်တရက် တစ်ခုခုကို သတိရသွားပြီး

“အော် ဟုတ်သားပဲ မြို့နားက ရှေးဟောင်းဈေးကနေ ဝယ်ခဲ့တာလို့ မကောင်းဆိုးဝါးကလေးကြောင့်နစ်နာသူရဲ့ ခင်ပွန်းက ပြောဖူးတာကို မှတ်မိပေမယ့် ငါတို့လူတွေ သွားရှာတော့ ဈေးဆိုင်ကို ရှာမတွေ့ဘူး”

ဝူဆုက စိတ်ပျက်ဟန်ဖြင့် ခေါင်းယမ်းလိုက်သည်။

ယဲ့ကျား မျက်လွှာချလိုက်သည်။သူ၏ ရှည်လျားသော မျက်တောင်များက သူ့မျက်လုံးများတွင် တောက်လောင်နေသည့် အတွေးများကို ဖုံးကွယ်ထားလိုက်သည်။

သူ့မျက်လုံးကို ပြန်ပင့်လိုက်သည့်အခါ သူ၏ အစစ်အမှန်စိတ်ခံစားမှုများက လွင့်ပြယ်သွားပြီဖြစ်သည်။


"ဟုတ်သားပဲ "

ယဲ့ကျားက အကြုံပြုလိုက်သည်။

"ဗျူရိုထဲမှာ ကျိန်စာသင့်ပစ္စည်းတွေကို ကိုင်တွယ်ဖြေရှင်းဖို့ စာကြည့်တိုက်တစ်ခုရှိတာကို ကျွန်တော်သတိရပြီ ခင်များအဲဒါကို ရှာဖို့ ကြိုးစားဖူးလား''

ဝူဆုက အံ့အားသင့်သွားပြီး

"မင်းတို့မှာ အဲ့လိုဟာမျိုး ရှိနေတာလား''

“ဟုတ်တယ် လွန်ခဲ့တဲ့ နှစ်နှစ်လောက်က ဆောက်ခဲ့တာကို မှတ်မိတယ်”

ယဲ့ကျားက သူ့မျက်လုံးတွေကို လခြမ်းပုံသဏ္ဍာန် ကွေးလိုက်ပြီး

"အဲ့ဒါကMမြို့ မှာပဲရှိတယ်"

ထို့အပြင် ၄င်းကအလွန်တိကျသည်။

နောက်ဆုံးတွင် ထိုနေရာတွင် ရှိသောအရာအများစုက ယခင်က သူအမည်ဝှက်ဖြင့် ပို့ပေးထားခဲ့ခြင်းဖြစ်သည်။

ဝူဆု၏ မျက်နှာက တောက်ပလာပြီး

"ကျေးဇူးတင်တယ် ညီလေး''

ယဲ့ကျားက ပြုံးပြီး

"ကိစ္စမရှိပါဘူး တခြားသူတွေကို မေးရင်လည်း ခင်များကို ပြောပြကြမှာပဲ''

ထိုသို့ပြောပြီးနောက် သူက ခေါင်းငုံ့ပြီး စားပွဲပေါ်ရှိ ဖိုင်များကို ရှင်းထုတ်ကာ လှည့်ထွက်လာခဲ့သည်။

အခန်းထဲမှ ထွက်လာပြီးနောက် ယဲ့ကျား၏ မျက်နှာပေါ်ရှိ အပြုံးမှာ တဖြည်းဖြည်း မှိန်ဖျော့သွားသည်။

ကျိန်စာ၏နောက်ဆက်တွဲများကို ဝူဆုကိုယ်တိုင်နှင့် သူ့အဖွဲ့က ကိုင်တွယ်သင့်သည်။

လောလောဆယ်တွင် တရားခံအား ရှာဖွေရမည်ဖြစ်သည်။

တိုက်ဆိုင်စွာပင် ယဲ့ကျားက တစ်ဖက်လူ မည်သည့်နေရာတွင်ရှိမည်ကို ကောင်းစွာသိသည်။

အငှားအိမ်ခန်းက ကျဉ်းမြောင်းပြီး ထူးဆန်းသော အရာမျိုးစုံနှင့် ပြည့်နှက်နေသည်။ အခန်းထဲသို့ အလင်းပင် မဝင်ရောက်နိုင်ပေ။

အခန်းတွင်း အပူချိန်က အလွန်နိမ့်နေသည်။ ဖုန်မှုန့်များမှာ နေရာတိုင်းတွင် စုပုံနေပြီး ထိုနေရာတွင် တစ်ခုခုသေဆုံး နေသကဲ့သို့ ရွံရှာဖွယ်ကောင်းပြီး ဆွေးမြေ့နေသော အနံ့တစ်ခု ရှိနေသည်။

အခန်းထဲတွင် မရေတွက်နိုင်သော ပုလင်းများ၊ ဖန်ဘူးများနှင့်အတူ ထူးဆန်းသော ခန္ဓာကိုယ်အစိတ်အပိုင်းများက မသဲကွဲသော အရည်များအတွင်းတွင် လွင့်မျောနေသည်။အနက်ရောင် အဆီများ ဖုံးနေသော လက်သီးဆုပ်အရွယ်ရှိ ရှုံ့တွနေသော လူဦးခေါင်းတစ်ခုက ဖန်ဘူးအပြင်ဘက်ရှိ မီးခိုးရောင်ကမ္ဘာအား တိတ်တဆိတ် စိုက်ကြည့်နေသည်။ထို့အပြင် အခန်းထောင့်တွင် သေတ္တာအပျက်များ ပြိုကျနေသည်။သေတ္တာများအား ပွင့်နေသော အဟကလေးမှ ချောင်းကြည့်လိုက်ရုံဖြင့် အတွင်းရှိ ထူးဆန်းသော အရာဝတ္ထုမျိုးစုံကို တွေ့နိုင်သည်။ ဟောင်းနွမ်းစုတ်ပြတ်နေသော ပန်ကာ၊ ကြောက်စရာကောင်းသော အပြုံးဖြင့် အရုပ်တစ်ရုပ်၊ ဖုန်မှုန့်များ ဖုံးလွှမ်းနေသော အကြွေစေ့များ စသည်တို့ကို တွေ့နိုင်သည်။

အခန်း၏အလယ်တွင် စားပွဲတစ်လုံးရှိနေသည်။ စားပွဲကို အနက်ရောင်အဆီများ စိမ့်ဝင်နေအောင် သုတ်လိမ်းထားသောကြောင့် အနက်ရောင်တောက်ပြောင်နေပြီး ၄င်းအပေါ်တွင် ငွေအုပ်ထူထူတစ်အုပ်ရှိနေသည်။

''ဒီတစ်ကြိမ် မင်းဘယ်လောက်မြတ်လဲ''

စားပွဲနောက်တွင် ထိုင်နေသော ပုပုဝဝ လူတစ်ယောက်က မေးလိုက်သည်။

သူက ခြေထောက်များကို ကြက်ခြေခတ်ပုံစံ ခြေချိတ်ထားပြီး သူ၏အဝါရောင်သွားများအား သွားကြားထိုးတံဖြင့် ထိုးနေသည်။

“မဆိုးဘူး မဆိုးပါဘူး”

စားပွဲတစ်ဖက်ခြမ်းတွင် ရပ်နေသော ပိန်ပိန်ရှည်ရှည်လူက ဦးညွှတ်လိုက်ပြီး

“ကျွန်တော်တို့ဆီကနေ ဆက်ပြီး အော်ဒါမှာချင်တဲ့ ဖောက်သည်ဟောင်း လေးငါးယောက်လောက် ရှိနေပြီ”

''ပြီးတော့ သူခိုးတွေကရော မင်း သူတို့ကို ရှာတွေ့ပြီလား''

ပိန်ပိန်ရှည်ရှည်အမျိုးသား၏ အမူအရာက ကျဆင်းသွားသည်။ သူက ခါးသက်စွာ ပြောလိုက်သည်။

“မတွေ့သေးပါဘူး….ကျွန်တော်လည်း နည်းနည်းစိုးရိမ်တယ်…”

ပုပုဝဝလူက သူသွားကြားထိုးနေသည်ကို ရပ်လိုက်ပြီး မျက်လုံးများကို မှေးကျဥ်းလိုက်ကာ
''မင်းက ဘာတွေစိုးရိမ်နေတာလဲ''

''ကျွန်...ကျွန်တော်တို့....''

ပိန်ပိန်ရှည်ရှည် အမျိုးသားက စိတ်ညစ်ညူးစွာ ကြည့်လိုက်ပြီး

"ကျွန်တော်တို့ ပြဿနာမတက်လောက်ဘူးလား၊ ဟင်"

''ကျစ်''
ပုပုဝဝလူက နှာမှုတ်လိုက်သည်။

''ဘာများ ဖြစ်လာနိုင်သေးလို့လဲ ငါတို့ဖောက်သည်တွေက ...

"သူခိုးကို ငါတို့ရှာမတွေ့ရင်တောင် အဲဒီ့ဗျူရိုက ငါတို့ကိုစွပ်စွဲဖို့ ဘာများရှာတွေ့နိုင်မှာလဲ"

ပုပုဝဝလူက ယုံကြည်မှုအပြည့်ဖြင့်

''ငါ့ကို ဖမ်းနိုင်တဲ့လူ ဒီကမ္ဘာမှာ....''

''မမွေးသေးဘူး''

အခန်းအတွင်း အမှောင်ထုထဲမှ နူးညံ့သော ရယ်မောသံတစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။ ၎င်းက ထိုစာကြောင်းကို သဘာဝအတိုင်း ပြီးမြောက်အောင် ကူညီပေးခဲ့သည်။

"ဟုတ်လား"

တခဏအတွင်းမှာပင် ပုပုဝဝလူ၏ မျက်နှာမှာ ဖြူဖျော့သွားသည်။

အသံထွက်လာသည့် နေရာကို စူးစူးရဲရဲ စိုက်ကြည့်ရင်း နဖူးတွင်ချွေးစေးများ စိုရွှဲနေသည့် မျက်နှာက ဖြူဖျော့သွားသည်။ သူ့ပါးစပ်က ကျယ်ပြန့်စွာ ဟနေသော်လည်း အသံမထွက်နိုင်ပေ။ တစ္ဆေတစ်ကောင်အား မြင်လိုက်ရသကဲ့သို့ ဖြစ်နေသည်။

အမှောင်ထဲမှ ပုံရိပ်တစ်ခု ပေါ်ထွက်လာသည်။

ပိန်းပိတ်အောင်မှောင်နေသော အနက်ရောင်ခေါင်းစွပ်၏အရိပ်က မျက်နှာပေါ်သို့ ဖုံးလွှမ်းနေပြီး ထိုလူ၏ မျက်နှာအသွင်အပြင်ကို အခိုင်အမာ ဖုံးကွယ်ထားသည်။ထုတ်ဖော်ထားသည်မှာ ဖြူဖျော့ပြီး ချွန်ထက်သော မေးစေ့နှင့်အတူ ပါးလွှာသော နှုတ်ခမ်းတစ်စုံနှင့်ချောမောခန့်ညားသည့် အသွင်အပြင်သာ ဖြစ်သည်။

ထိုနှုတ်ခမ်းထောင့်တွင် အပြုံးသေးသေးလေးတစ်ခု ရှိနေသည်။

''ဂျပုလေး ငါဟိုတုန်းက ပြောခဲ့ဖူးတာကို မှတ်မိလား''

ပုပုဝဝလူက ချွေးအေးများဖြင့် ဖုံးလွှမ်းနေသည်။သူက မသိစိတ်အရ နောက်သို့ ကျုံ့သွားကာ

''မဟုတ်ဘူး မင်း...မင်းမဖြစ်နိုင်ဘူး''

တစ်ဖက်လူက သူ၏ထစ်ငေါ့နေသောစကားများအား မကြားသကဲ့သို့ ပြောင်းလဲသွားသည်။သူက နူးညံ့သော်လည်း ပျင်းရိနေသည့်အသံဖြင့် ဆက်ပြောလိုက်သည်။

“မင်း ဒီလုပ်ငန်းကို ထပ်လုပ်ရင် ငါ မင်းခြေထောက်တွေကို ဖြတ်ပစ်မယ် မင်းလက်ချောင်းတွေကိုပါ ဖြတ်ပစ်ပြီး မင်းကို တစ္ဆေမျက်နှာပင့်ကူအသိုက်ထဲကို ပစ်ချလိုက်မယ်''


Xxxxx