အပိုင်း ၂၉
Viewers 10k


Chapter29



တစ်ဖက်လူပြောပြီးသည်နှင့် သုန့်ကွာမှာ အသိ ပြန်ဝင်လာပုံရသည်။သူ၏ ခြေထောက်များက တဆတ်ဆတ်တုန်လာကာ ထွက်ပြေးရန် ကြိုးစားလိုက်သည်။

သို့သော်လည်း သူ့ခန္ဓာကိုယ်က ကို့ယိုးကားယားနိုင်လွန်းနေသည်။ သူခြေလှမ်းအနည်းငယ်ခန့် လှမ်းပြီးသည်နှင့်  မြေပြင်ပေါ်တွင် စုပုံနေသည့်အရာများကို နင်းမိကာ ကြမ်းပြင်ပေါ်သို့ လဲကျသွားသည်။

အခြား ပိန်ပိန်ရှည်ရှည်လူသည်လည်း ခြေထောက်များက အားနည်းနေကာ ကြောက်လန့်တကြားဖြင့် မြေပြင်ပေါ်သို့ လဲကျသွားသည်။သူက သူ့ရှေ့ရှိ မြင်ကွင်းကို ထိတ်လန့်စွာဖြင့် စိုက်ကြည့်နေသည်။

ယဲ့ကျားက သူတို့နှစ်ယောက်၏ အနားသို့ အလျင်စလိုမဖြစ်ပဲ လျှောက်သွားလိုက်သည်။

"မလုပ်နဲ့ မလုပ်နဲ့!!"

သုန့်ကွာက ထိတ်လန့်စွာ ထအော်လိုက်ပြီး

"အစ်ကိုအေ့စ် စကားပြောကြည့်ရအောင်! ငါ့မှာ အသက်ရှင်ဖို့အတွက် ရွေးချယ်စရာမရှိတော့လို့ပါ!"

"ရွေးချယ်စရာမရှိဘူး ဟုတ်လား"

ယဲ့ကျား ရပ်တန့်သွားသည်။ သူက မသင်္ကာစိတ်ဖြင့် ခေါင်းညိတ်လိုက်ပြီး

"ငါသိထားတာကတော့ ဂိမ်းထဲက ကျိန်စာသင့်ပစ္စည်းတွေကို ပြန်ထုတ်ရောင်းတာက ရွေးချယ်စရာမရှိတဲ့လူတစ်ယောက် လုပ်ရမယ့်ကိစ္စ မဟုတ်ဘူးလားလို့လေ"

မှန်သည်။ အနှီလူ ဤကဲ့သို့လုပ်သည်မှာ ပထမဆုံးအကြိမ် မဟုတ်တော့ပေ။

သုန့်ကွာမှာ ကစားသမားတစ်ဦးဖြစ်သည်။

သူက ဂိမ်းအတွင်းရှိ ကျိန်စာများအားလုံးကို ခုခံနိုင်စွမ်းရှိသည့် အထူးစွမ်းရည်ကို မတော်တဆရရှိခဲ့သဖြင့် သူ့အတွေးများ လွဲမှားသွားသည်။ သူက ဂိမ်းအတွင်းမှ ဆိုးသွမ်းသော ကျိန်စာများပါဝင်သည့် အမျိုးမျိုးသော အရာများကို စုဆောင်းပြီးနောက် ၎င်း၏ အသင်းဖော်များကို တိုက်ခိုက်ရန် အသုံးပြုခဲ့သည်။သူ့အသင်းဖော် သေဆုံးသွားသည်နှင့် သူက သူတို့၏အမှတ်များကို သူ့ကိုယ်ပိုင်အဖြစ် ယူခဲ့သည်။ တစ်ဖက်တွင်လည်း သူက အပိုအမှတ်များရရှိရန် ကျိန်စာတိုက်ထားသော အရာများအား တစ်ခါတစ်ရံ ပြန်လည်ရောင်းချခဲ့သည်။

သုန့်ကွာမှာ အနှီစွမ်းရည်ကို အားကိုးကာ  ချောမွေ့စွာပင် တိုးတက်လာသည်။အလားတူဖြစ်ရပ်မျိုးများက သူနှင့် ယဲ့ကျားတို့ မတွေ့ဆုံခင်အထိ ကြာမြင့်ခဲ့သည်။

ထိုအချိန်က အေ့စ်ဟူသောအမည်မှာ ကစားသမားများစွာ၏ပစ်မှတ်ဖြစ်လာခဲ့၏။ ထို့ကြောင့် ယဲ့ကျားက အနှီအဖြစ်အပျက်အတွင်းမ၀င်မီ သူ့အမည်ကို ကုဒ်အမည်ဖြင့် ဝှက်ထားနိုင်သည့် ပစ္စည်းတစ်ခုအား ဝယ်ယူခဲ့သည်။

မဝင်မီ၌ ကစားသမားများအားလုံးက သူတို့နှင့်ပူးပေါင်းထားသည့် အခြားကစားသမားများကို မြင်တွေ့နိုင်ပြီး အဆိုပါကစားသမားများ၏ အမှတ်များကို ကြီးစဉ်ငယ်လိုက် စီစဉ်ပေးမည်ဖြစ်သည်။ အေ့စ်၏အမည်ကို ဦးဆောင်သူစာရင်းတွင် မဖော်ပြသော်လည်း သူ၏ရမှတ်များအရ စာရင်း၏ထိပ်ဆုံးတွင် ရှိနေဆဲဖြစ်သည်။

ဂိမ်းထဲတွင် ကစားသမားတစ်ဦး အသတ်ခံရသည်နှင့် တပြိုင်နက် သူတို့၏ အမှတ်များအားလုံးကို ရယူနိုင်မည်ဖြစ်သည်။

ထို့ကြောင့် သုန့်ကွာက ယဲ့ကျားအပေါ်၌ အာရုံထားနေသည်။

သူက သူ၏လှည့်ကွက်ဟောင်းကို အသုံးပြုကာ တစ်ဖက်လူကို ကျိန်စာတိုက်သတ်ရန် ကြိုးစားလိုက်သော်လည်း ကြောက်မက်ဖွယ်ကောင်းသော ရန်သူထံသို့ ပြေးဝင်မိမည်ဟု မမျှော်လင့်ထားပေ။

နောက်ပိုင်း၌ အေ့စ်မှ သူ့အပေါ် မည်သည့်အရာများလုပ်ခဲ့ကြောင်းကို မည်သူမှမသိခဲ့ကြပါချေ။ ထိုနေ့မှစပြီး သုန့်ကွာတစ်ယောက် သူ့လက်ကို သန့်ရှင်းစွာဆေးကြောလိုက်ပြီး ထိုကျိန်စာများကို မည်သည့်အခါမှ ပြန်မရောင်းရဲတော့ကြောင်းကို သူတို့အားလုံးသိကြသည်။ သူသည် အခြားသူများဘက်မှ ကျိန်စာတိုက်ထားသော အရာများကို ကိုင်တွယ်ဖြေရှင်းရာတွင် ကူညီခြင်းအပေါ်တွင်သာ မှီခိုအားထားပြီး အပိုအမှတ်အချို့ကို ရယူခဲ့သည်။

ယဲ့ကျားက မျက်လုံးများကို အနည်းငယ်မှိတ်ထားလိုက်သည်။ရယ်မောရင်း စည်ကားနေသော အခန်းကို ခေါင်းလှည့် ကြည့်လိုက်သည်။

"ဂိမ်းဖျက်သိမ်းပြီးသွားတော့ မင်းတော်တော်လေး သက်တောင့်သက်သာ နေနေရပုံပဲ"

အခြားသော သရဲတစ္ဆေများနှင့် ကစားသမားများ အားလုံး ပြေးထွက်သွားကြပြီးနောက် သုန့်ကွာတစ်ယောက်မှာ ဂိမ်းထဲမှ အရာများကို လက်တွေ့ကမ္ဘာ၌ ပြန်လည်ရောင်းချသည့် ဤအခွင့်အရေးကို ဆုပ်ကိုင်လိုက်သည်။

တုန့်ကွာ၏ မျက်နှာမှာ ဖြူဖျော့နေသည့။ယဲ့ကျားကို မြှောက်ပင့်ဖို့ကြိုးစားရင်း သူ့မျက်နှာတွင် အပြုံးတစ်ခုပေါ်လာသည်။

"အစ်.. အစ်ကိုကြီး၊ ဒါကလည်း ကျွန်တော့်မှာ ရွေးချယ်စရာမရှိလို့ပါ။ ဒီနေ့ခေတ်မှာ အသက်မွေးဝမ်းကြောင်းလုပ်ဖို့ ခက်ခဲတာကို သိထားသင့်တယ် ဂိမ်းထဲမှာ အကြာကြီးနေပြီးတဲ့နောက် ပြန်ထွက်လာတော့ ကျွန်တော့်မှာ ID ကတ်မရှိသလို အရင်က ရှိသမျှ ကျွမ်းကျင်မှုတွေကလည်း အသုံးမဝင်တော့ဘူး အဲဒါတွေမရှိရင် ကျွန်တော် ဘယ်လိုလုပ်ပြီး အသက်မွေးနိုင်မှာလဲ”

ယဲ့ကျား၏ အသံက အတက်အကျမရှိပေ။

''ဒါပေမယ့် ငါက ဘာလို့ မင်းငွေတွေ သဲ့ယူနေတယ်လို့ပဲ ခံစားနေရပါလိမ့်''

လက်မဲလေးက ယဲ့ကျား၏ ပုခုံးနောက်မှ စားပွဲဆီသို့ ကျော်၍ ချောင်းကြည့်လိုက်သည်။ သူက ပြော၏။

"သေစမ်း အဲ့ဒါအမှန်ပဲ''

သူက ဒေါသတကြီးဖြင့် ဆက်ပြောသည်။

"ပြီးတော့ သူက ဘော့စ်ထက်တောင် ပိုရနေသေးတယ်!"

ယဲ့ကျား ''......''

ဒီလောက် စူးရှတဲ့ မျက်လုံးတွေ ရှိဖို့ မလိုပါဘူး။

သူက လက်မည်းလေးကို နောက်ပြန်ဆွဲလိုက်ပြီး သုန့်ကွာ၏ ဒူးကို လှမ်းကြည့်လိုက်သည်။သူ မညှာတာပဲ အားဖြင့် တွန်းလိုက်သောအခါ တစ်ဖက်လူ၏ ဒူးခေါင်းမှာ နာကျင်သွားပြီး သွားကြားထဲမှ အံကြိတ်သံထွက်လာ၏။

"အား"

သုန့်ကွာ အော်ဟစ်လိုက်သည်။

"ကျေးဇူးပြုပြီး ကျွန်တော်မလုပ်တော့ဘူး၊ ကျွန်တော် မလုပ်တော့ဘူးလို့ ကတိပေးတယ်”

“ဒါတွေအကုန်လုံးကို ငါသိမ်းသွားလိုက်မယ်”

ယဲ့ကျားက အခန်းအတွင်းရှိ ကျိန်စာပစ္စည်းများကို လက်ညှိုးထိုးပြပြီး သူ့အမူအရာက ပြောင်းလဲခြင်းမရှိဘဲ တစ်နေရာတည်းသို့ လျှောက်သွားလိုက်သည်။

"ဗျူရိုမှာ မင်းကိုယ်တိုင် အညံ့သွားခံလိုက် နားလည်လား"

သုန့်ကွာ၏ အသားထူထူ မျက်နှာက တုန်လှုပ်သွားသည်။ သူက ငိုကြွေးမြည်တမ်းရင်း ခေါင်းညိတ်ပြကာပြောသည်။

“ဟုတ်ကဲ့ ဟုတ်ကဲ့”

ယဲ့ကျား၏နောက်မှ ခါးခါးသီးသီးအော်သံတစ်ခု ထွက်လာသည်။ ''မရဘူး''

ပိန်ပိန်ရှည်ရှည်လူက မသိနိုင်သောအချက်တစ်ချို့ကြောင့် အချိန်မီ ပြန်ထရပ်ကာ သူ့ရှေ့တွင် ရပ်နေသော လူအား ရဲရဲနီနေသော မျက်လုံးများဖြင့် ဒေါသတကြီး စိုက်ကြည့်နေသည်။ သူ့လက်ထဲတွင် မှန်ချပ်ကြီးတစ်ခုရှိသည်။သူက လုပ်ထုံးလုပ်နည်းအတိုင်း ယဲ့ကျားကို ထိုအရာနှင့် ပစ်ပေါက်လိုက်ပြီး

"ငါပိုက်ဆံရှာတာကို ဘယ်သူမှ တားလို့မရဘူး ဘယ်သူမှ"

ယဲ့ကျားက မျက်လုံးများအား မှေးကျဥ်းလိုက်သည်။

သူ့လက်ချောင်းများက အနည်းငယ် လှုပ်သွားပြီး သူ့လက်ဖဝါးမှ တံစဥ်းကြီးတစ်ခု ပေါ်လာသည်။ အခန်းတွင်း၌ လင်းထိန်နေသော မီးရောင်တစ်ချက် ဖျတ်ခနဲ ပေါ်လာပြီးနောက် မှန်ကွဲသံ ထွက်ပေါ်လာသည်။မရေမတွက်နိုင်သော ဖန်အပိုင်းအစများမှာ မြေပြင်ပေါ်၌ ကြယ်များကဲ့သို့ ပြန့်ကျဲသွားသည်။

နောက်တစ်စက္ကန့်တွင် လူရွယ်၏ ခန္ဓာကိုယ် ယိမ်းယိုင်သွားသည်။

“ဟီးဟီး...ဟီးဟီးဟီး….”

ပိန်ပိန်ရှည်ရှည်လူက အရူးတစ်ယောက်ကဲ့သို့ ရယ်မောလိုက်သည်။

“အခုမှလာပြီး မင်းက အရမ်းစိတ်ကြီးဝင်နေတယ် နောက်ဆုံးမှာ ဘယ်သူက ရယ်နိုင်မလဲ ကြည့်ရအောင်"

သူ၏အမူအရာက အနည်းငယ် ရူးသွပ်နေပြီး

“ဘယ်သူမှမရဘူး ငါငွေရှာတာကို ဘယ်သူကမှ လာတားလို့မရဘူး''

လူငယ်လေးက မြေပြင်ပေါ်ရှိ ကွဲကြေနေသော ဖန်စများကြားတွင် လဲကျသွားသည်။

''မဟုတ်ဘူး—–”
သုန့်ကွာ၏ သူငယ်အိမ်များ ကျုံ့သွားပြီး စိတ်ပျက်လက်ပျက် အော်လိုက်သည်။

ပိန်ပိန်ရှည်ရှည်လူက ပြင်းထန်သော ခံစားချက်များမှ ပြန်လည် သက်သာလာပြီး သုန့်ကွာကို လှည့်ကြည့်လိုက်သည်။

"အဲ့ဒါကဘာလဲ ဒီမှန်က အရေးကြီးလို့လား''

ထူးဆန်းသည်မှာ သုန့်ကွာတစ်ယောက် အရင်ကထက် ပိုထိတ်လန့်နေပုံပေါ်သည်။သူ့မျက်နှာမှာ အရည်ပျော်နေသော ဖယောင်းကဲ့သို့ ဖြူဖျော့ပြီး တောင့်တင်းနေကာ မျက်လုံးများက အရူးကဲ့သို့ လှုပ်ရှားနေသည်။သူက ကြောက်လန့်တကြားဖြင့် မြေကြီးပေါ်မှ ထလာပြီး တံတွေးတွေ စင်ထွက်သည်အထိ ပြောလိုက်သည်။

“မင်းအခု ဘယ်လိုအရာမျိုးကိုလုပ်မိလိုက်လဲဆိုတာ မင်းသိရဲ့လား''

သူက သူ့နောက်တွင် ကြောက်စရာကောင်းသည့် တစ်ခုခုရှိနေသကဲ့သို့ မြန်နိုင်သမျှအမြန်ဆုံး အရှိန်နှင့် တံခါးဆီသို့ ပြေးသွားသည်။

ပိန်ပိန်ရှည်ရှည်နှင့်လူက အခြေအနေကို သတိမထားမိသေးဘဲ

“ဘာဖြစ်နေတာလဲ၊ အဲဒီလူက အပြင်လောကကိုရောက်နေပြီ မင်းဘာကြောက်နေသေးတာလဲ...."

သူက စကားဆုံးအောင်ပင် မပြောနိုင်ချေ။နောက်ထပ်စကားများက သူ့လည်မျိုထဲ ပြန်ရောက်သွားသည် ။

ပတ်ဝန်းကျင်၏ အပူချိန်က လျင်မြန်စွာ ကျဆင်းသွားသည်။ တခဏအတွင်း၌ပင် အပူချိန်မှာ ပူပြင်းသောနွေရာသီမှ ချမ်းအေးသောဆောင်းရာသီသို့ ပြောင်းလဲသွားသည်။ အလွန်ကြောက်စရာကောင်းသော တစ္ဆေစွမ်းအင်က လူငယ်လေး၏ခန္ဓာကိုယ်မှထွက်ခွာသွားသည်။ သူ စိတ်ရှိတိုင်းပင် ပတ်ဝန်းကျင်ကို လွှမ်းခြုံထားသည်။ဤစွမ်းအင်မှာ အလွန်ပင် ကြောက်စရာကောင်းသည်။ ၎င်းက လှောင်အိမ်မှ လွတ်မြောက်လာသည့် သားရဲကဲ့သို့ပင်၊၊ ယင်းက အစွမ်းသတ္တိနှင့် ကြောက်မက်ဖွယ်ရာများကို ပတ်ဝန်းကျင်အား စဥ်းလဲစွာ ပြသခဲ့သည်။

သုန့်ကွာက ယခုအခါတွင် တံခါးပေါက်ဆီသို့ ရောက်နေပြီဖြစ်သည်။ သူက တံခါးလက်ကိုင်အား လှုပ်ယမ်းနေသောအသံများထွက်သည်အထိ ပြင်းပြင်းထန်ထန် ဆွဲခါလိုက်သည်။.

သို့သော် တံခါးလက်ကိုင်က မလှုပ်သွားပေ။

အရာအားလုံး နောက်ကျသွားပြီဖြစ်၏။

သူသည် စက္ကူကဲ့သို့ ဖြူဖွေးသော မျက်နှာဖြင့် တံခါးကို မှီထားရာမှ ရူးသွပ်နေသကဲ့သို့ တုန်လှုပ်သွားပြီး မြေပြင်ပေါ်သို့ တဖြည်းဖြည်း လျှောကျလာကာ

"သွားပြီ၊ သွားပြီ၊ ပြီးသွားပြီပဲ......"

ပိန်ပိန်ရှည်ရှည်လူက သတိလစ်နေသော လူငယ်လေးကို ထိတ်လန့်စွာ စိုက်ကြည့်လိုက်ပြီး သူ့နောက်ကွယ်မှ ကြောက်မက်ဖွယ် အရိပ်အယောင်များကလည်း တဖြည်းဖြည်း ပိုကြီးလာနေသည်။

''ဒါ...ဒါကဘာလဲ''

သူက သုန့်ကွာကို မှင်တက်စွာကြည့်ရင်း "အဲဒါက မှန်ကြောင့်လား အထဲမှာ ဘာရှိနေတာလဲ''

သူ့မေးခွန်းက သုန့်ကွာအား ပြန်၍ အသိဝင်လာစေသည်။ သုန့်ကွာက သူ့ခေါင်းကို မော့ပြီး အဝေး၌ရပ်နေသော ပိန်ပိန်ရှည်ရှည်လူအား ပြင်းထန်စွာ စိုက်ကြည့်လိုက်သည်။ စိတ်ပျက်အားငယ်မှုနှင့် ကြောက်ရွံ့မှု နှစ်ခုလုံး၏ လွှမ်းမိုးမှုအောက်တွင် သူ၏အပြောအဆိုသည် အထူးကြောက်စရာကောင်းနေသည်။

"မှန်ဟုတ်လား အဲဒီမှန်ကို မေ့လိုက်တော့”

ယင်းက လူများကို ဖန်တီးထားသည့် အံ့ဖွယ်အိမ်မက်များထဲသို့ ဆွဲသွင်းပြီး ထိုလူများကို အလွန်အမင်း စိတ်ထိခိုက်လွယ်သည့် အခြေအနေသို့ ရောက်စေနိုင်သည့် သာမာန်မှန်တစ်ချပ်သာဖြစ်သည်။ ဂိမ်းထဲတွင် သာမန်ကစားသမားအား ရင်ဆိုင်ဆိုင်ရာ၌ ၎င်းကို လူသတ်ပစ္စည်းအဖြစ် လက်တွေ့ကျကျ အသုံးပြုနိုင်သည်။

သို့သော်လည်း အေ့စ်အတွက်မူ ယင်းသို့မဟုတ်ပေ။

လုံးလုံးမဟုတ်ပါချေ။

ဤအခန်းထဲတွင် မကောင်းဆိုးဝါး တစ်ကောင်သာရှိသည်။

ယင်းက သူတို့ရှေ့တွင်ရှိနေသော လူငယ်လေးပင်ဖြစ်သည်။

သုန့်ကွာ၏ တံတွေးများက နေရာအနှံ့ စင်ထွက်နေကာ

"ငါ သူ့ကို အရင်က တစ်ခါမှ မကိုင်တွယ်ဖူးဘူးလို့ မင်းထင်နေလား ဒီအရာတွေကို သူ့အပေါ် အသုံးပြုဖို့ တစ်ခါမှ မကြိုးစားဖူးဘူးများ မင်းထင်နေလား''

သေချာသည်မှာ သူကြိုးစားခဲ့ဖူးပြီး ယခုကဲ့သို့အခိုက်အတန့်တွင် အလွန်ကြောက်သွားသောကြောင့်ပင်။

သုန့်ကွာအား သူ့လက်ကို သန့်စင်အောင်ဆေးကြောပြီး အားလုံးကို ရပ်တန့်စေခဲ့သော ထိုနေ့တွင် မည့်သည့်အရာများ ဖြစ်ခဲ့သည်ကို မည်သူမှ မသိကြပေ။

သူက အေ့စ်မှ ဂိမ်းကို အောင်မြင်စွာ ရှင်းလင်းပြီး ထွက်သွားသည်ဟူသော ကောလာဟလများ ပျံ့နှံ့ပြီးနောက်တွင်ပင် သူ၏ လုပ်ငန်းဟောင်းကို ပြန်မစတင်ဝံ့သေးပေ။

အမှန်တွင် အားနည်းပုံရသည့် ဤလူငယ်လေးမှာ အမှန်တကယ်ကြောက်စရာကောင်းသော မကောင်းဆိုးဝါးတစ်ကောင်ဖြစ်ကြောင်း ကောင်းကောင်းသိသောကြောင့်ပင်ဖြစ်သည်။

လူတိုင်းက အေ့စ်သည် အစွမ်းထက်လွန်းကာ ရက်စက်ကြမ်းကြုတ်ပြီး  အားနည်းချက်မရှိသည့်အပြင် သူရှုံးသည်ဟူသော သာဓကမရှိသူဟု ပြောကြသည်။

သို့သော် သုန့်ကွာသာလျှင် ထိုအေ့စ်နှင့် ယှဉ်လျင် သတိလစ်နေသော အေ့စ်ကို ရင်ဆိုင်ရန် ပို၍ပင် ဝန်လေးရကြောင်း  သိသည်။

သူက သူ၏စိတ်ဝိဉာဉ်ကို အသုံးပြုကာ သားကောင်ကို အမဲလိုက်တတ်သော ကြောက်မက်ဖွယ် သားရဲတစ်ကောင်ဖြစ်သည်။ သွေးနှင့် သေခြင်းတရားကို ရှာဖွေနေသကဲ့သို့ ဖျက်ဆီးရန် ပြင်းပြသော ဆန္ဒသာရှိနေသူပင်။

သုန့်ကွာက  စိတ်ပျက်လက်ပျက်ဖြင့် မျက်လုံးများကိုမှိတ်ထားလိုက်သည်။

ကြည့်ရသည်မှာ သူ့ဘဝက ဤနေရာ၌ပင် အဆုံးသတ်သွားတော့မည့်ပုံပင်။

ရုတ်တရက်ပင် ကြောက်မက်ဖွယ်ကောင်းသော တစ္ဆေစွမ်းအင်ဖြင့် လွှမ်းခြုံထားသည့် နေရာလွတ်ထဲသို့ မရင်းနှီးသော စွမ်းအင်တစ်ခုက အသိမပေးဘဲ တိုးဝင်လာသည်။

မိုးစက်မှ ပင်လယ်ကိုခွဲလိုက်သကဲ့သို့ပင် ပုံရိပ်တစ်ခုက အခန်းကျဉ်းလေးထဲတွင် ရုတ်တရက်ပေါ်လာပြီး သူတို့ထံသို့ လျှောက်လာသည်။

“ဒါ…..!”

သုန့်ကွာ၏ မျက်လုံးများမှာ ထိတ်လန့်စွာ ပြူးကျယ်သွားသည်။ သူ့မျက်လုံးများထဲတွင် မျှော်လင့်ချက်ရောင်ခြည်များ တောက်လောင်လာကာ

“ကယ်ပါဦး…”

သို့သော် ကျန်စကားများမှာ သူတွေ့လိုက်သည့်အရာကြောင့် လည်ချောင်းထဲတွင် နစ်မြုပ်သွားခဲ့သည်။

ထိုအမျိုးသားက သူ့ကို ဂရုမစိုက်ပေ။ မနီးမဝေးရှိ မြေပြင်ပေါ်တွင် လဲကျနေသော လူငယ်ကို နီမြန်းသော မျက်လုံးများနှင့် စိုက်ကြည့်နေသည်။ သူ၏ ကမ္ဘာတစ်ခုလုံးသည် အခြားအရာများကို အာရုံစိုက်ရန် အာရုံမရှိပေ။

သို့သော်လည်း သုန့်ကွာ သူ၏စကားပြောနိုင်စွမ်းကို ဆုံးရှုံးရသော အကြောင်းရင်းမှာ ထိုအတွက်ကြောင့် မဟုတ်ပေ။

အေ့စ်၏တိုက်ခိုက်မှုအကွာအဝေးသို့ ဤလူ ဝင်ရောက်သွားသောအခါတွင် မူလက အေးစက်ပြီးပြင်းထန်သောတစ္ဆေစွမ်းအင်က ကျူးကျော်သူအား တုံ့ပြန်ခြင်းမရှိကြောင်း ရုတ်တရက်သိလိုက်ရသောကြောင့်ဖြစ်သည်။ တစ်ဖက်လူ၏ဖြစ်တည်မှုနှင့် ရင်းနှီးပြီးသားဖြစ်ဟန်တူသည်။

ပိုကြောက်စရာကောင်းသည်က လူနှစ်ယောက်၏ စွမ်းအင်များမှာ ထူးထူးခြားခြား ရောနှောနေသောကြောင့်ပင်။ကြောက်မက်ဖွက်ကောင်းအောင်ပင် သဟဇာတဖြစ်နေပုံရသည်။

သုန့်ကွာ၏ကျောပြင်သည် အေးစက်သော ချွေးများဖြင့် စိုစွတ်နေ၏။သူက ပါးစပ်ကို တင်းတင်းစေ့ထားသည်။

သူ့အသက်ကို ဤမျှကြာအောင်ထိ ထိန်းထားနိုင်ရသော အကြောင်းရင်းမှာ သူ၏ ကောင်းမွန်သည့် အာရုံများကြောင့်ပင် ဖြစ်သည်။

မကောင်းဆိုးဝါးများကသာလျှင် အခြားမကောင်းဆိုးဝါးများနှင့် လိုက်လျောညီထွေ ဖြစ်နေနိုင်သည်။

ကျီရွှမ်က တဖြည်းဖြည်းနီးကပ်လာပြီး အောက်ကိုငုံ့ကြည့်လိုက်သည်။ သူက သတိလစ်နေသော ယဲ့ကျားကို ညင်သာစွာ ပွေ့ယူပြီး သူ့ရင်ခွင်တွင်းသို့ ထည့်လိုက်သည်။

သွေးမှန်အသုံးပြုမှုမှာ ကန့်သတ်ထား၏။

အမှန်တွင် သွေးစက်ကို အသုံးပြု၍ ဖန်တီးထားသော ပုံရိပ်မှာ အခြားသူတစ်ဦး၏ ပုံသဏ္ဍာန်အား ခွဲခြားသိမြင်နိုင်စေရုံမျှသာ ဖြစ်သည်။ အများအားဖြင့် သွေးအရိုးငါးအတွက်မူ ၎င်း၏ ခန့်မှန်းခြေတည်နေရာကို ခြေရာခံရန်သာ လုံလောက်ပြီး အခြားသူတစ်ဦး၏ အသွင်အပြင်ကို ထုတ်ဖော်ပြသနိုင်ခြင်း မရှိပေ။အဆိုးဆုံးမှာ သွေးတစ်စက်ကို အများဆုံး ခြောက်ကြိမ်သာ သုံးနိုင်သည် ။

ထို့ကြောင့် သူက လွန်ခဲ့သောရက်သတ္တပတ်၌ မည်သည့်အရာမှ မလုပ်ခဲ့ဘဲ ယနေ့တွင် ကျရောက်မည့် သူတို့၏ တွေ့ဆုံမှုကို စိတ်ရှည်စွာစောင့်နေခဲ့ခြင်းသာ။

သို့သော်လည်း ယနေ့ရောက်လာသော်လည်း အရိပ်တစ္ဆေမှ တစ်ဖက်လူအား ဆက်သွယ်၍မရကြောင်း သတင်းပို့လာသည်။

၄င်းကိုကြားပြီးနောက် ကျီရွမ်က သွေးမှန်ကို အသုံးပြုလိုက်ရာ တစ်ဖက်လူ လဲကျနေသည်ကို တွေ့လိုက်ရသည်။

သူမှတ်မိသလောက်တွင် သူ့ရှေ့မှ ဤလူမှလွဲ၍ တခြားမည်သူကမှ သူ့ကို ဤမျှပြင်းထန်သော ခံစားချက်များ ခံစားရစေမည်မဟုတ်ပေ။ အချိန်အတော်ကြာ တိတ်ဆိတ်နေခဲ့သော နှလုံးသားသည် စူးရှသော သံဆူးကြိုးများဖြင့် ဖုံးလွှမ်းခံရသကဲ့သို့ ခံစားလိုက်ရသည်။ယင်းက အသက်ရှုကြပ်သည်အထိ မညှာမတာ တင်းကျပ်လာပြီး ထိတ်လန့်မှုမှာ သူ့လက်ချောင်းထိပ်များအထိ ပျံ့နှံ့သွားသည်။

ထိုအခိုက်အတန့်တွင် မည်သည့်ကိစ္စများ ရှိစေကာမူ အရာအားလုံးကို ဘေးဖယ်ထားလိုက်သည်။

ကျီရွမ်က ခေါင်းငုံ့ကာ သူ့ရင်ခွင်ထဲမှ သတိလစ်နေသော လူငယ်လေးကို စူးစူးစိုက်စိုက် ကြည့်နေသည်။

နောက်ဆုံး  ဤအမျိုးသားငယ်ကို သူ့ရင်ခွင်ထဲသို့ သွင်းထားနိုင်လိုက်သောအခါမှ  သူစိတ်သက်သာရာရသွားသည်။

သက်ပြင်းဖွဖွတစ်ချက်က သူ့နှုတ်ခမ်းထက်မှ လွတ်ထွက်သွားသည်။သူ၏ နီမြန်းသော မျက်လုံးများက ကျေနပ်အားရစွာ ကျဉ်းမြောင်းသွားသည်။ တစ်ဖက်လူကို ပွေ့ဖက်ထားလိုက်သည့်အခိုက်အတန့်တွင် သူ့အတွက် ပြီးပြည့်စုံသွားသလိုပင်။

ကျီရွှမ်က တစ်ဖက်လူ၏မျက်နှာကို သူ့မျက်လုံးများဖြင့် မလွတ်တမ်း ကြည့်လိုက်သည်။ အေးစက်ကာ ဖြူဖျော့နေသော လက်ချောင်းများက လူငယ်လေး၏ မေးစေ့အနှံ့ ဂရုတစိုက် ပွတ်သပ်ရင်း အဖိုးတန်ရတနာတစ်ပါးကဲ့သို့ သူ့ကို ကြည့်နေမိသည်။

သူ့အနေဖြင့် ပထမအကြိမ်တွေ့ဆုံပြီးကတည်းက ဤသို့ လုပ်ချင်နေခဲ့ခြင်းသာ။

အနှီစိတ်အားတွန်းလှန်၍ မည်မျှထိန်းထားရသည်ကို ဘုရားသခင်သာ သိလိမ့်မည်။

တဖြည်းဖြည်းအရယူလိုက်၊ အလျင်စလိုမလုပ်နှင့်။