အပိုင်း ၃၀
Viewers 10k

Chapter 30




ကျီရွှမ်က သူ့ရင်ခွင်ထဲမှ အမျိုးသားငယ်ကို ကြည့်လိုက်သည်။သူ၏ နီမြန်းသော မျက်လုံးများတွင် ဖိနှိပ်ထားသော ခံစားချက်များအားလုံးက နောက်ဆုံးတွင် လွတ်ထွက်လာခဲ့သည်။

မည်သည့်သတိပေးချက်မှမရှိဘဲ ပြင်းထန်စွာ ပေါက်ထွက်လာခြင်းပင်။

သူ့မျက်လုံးထဲ၌ မကောင်းသော ဆန္ဒများ ဝင်လာသည်။ နက်မှောင်သည့်မီးကဲ့သို့ အဆက်မပြတ်တောက်လောင်လာကာ ပြင်းထန်သောလုပ်ရပ်များပြုလုပ်ရန် သူ့ကို လှုံ့ဆော်တိုက်တွန်းနေသည်။

သူ ဤလူအား စားနိုင်လိုက်ပါက အလွန်ကောင်းမည်ဖြစ်သည်။

သူ့အရိုးနှင့် အသွေးအသားများထဲမှနေ၍ တစ်ဖက်လူ သူ့ထံမှ ထွက်သွားမည်ကို စိတ်ပူနေစရာမလိုတော့စေရန် ထိုလူအား ဗိုက်ထဲသို့စားသုံးပစ်ဟူ၍ လှုံ့ဆော်နေချေ၏။

သူတို့အနေဖြင့် မည်သည့်အခါမျှ ထပ်ခွဲ၍ ရမည်မဟုတ်တော့ပေ။

ကျီရွှမ် အသက်ပြင်းပြင်းရှူလိုက်သည်။ သူက အဝေးသို့ ကြည့်ကာ သူစိတ်ထဲတွင် ရှိနေသော မှောင်မိုက်ပြီး ကြမ်းတမ်းသည့် ဆန္ဒများကို နှိမ်နင်းရန် အစွမ်းကုန် ခက်ခဲစွာ ကြိုးစားနေရသည်။

သူက ကြမ်းပြင်ထက်၌ ပြန့်ကြဲနေသည့် မှန်ကွဲစများကိုကြည့်ကာ အံအားသင့်စွာဖြင့် မျက်လုံးပင့်လိုက်သည်။

……မှန်ဝိဥာဥ်လား။

ယဲ့ကျားက လူစည်ကားသော လမ်းတစ်ခုတွင် ရပ်နေသည်။ သူတစ်ယောက်တည်းသာ မှတ်တိုင်တစ်ခုကဲ့သို့ မတ်တပ်ရပ်နေပြီး သူ့ပတ်ဝန်းကျင်မှ လူများက သူ့ကို တဟုန်ထိုး ဖြတ်ကျော်သွားကြသည်။

သူ မည့်သည့်နေရာကို ရောက်နေကြောင်း အတိအကျသိသည်။

မှန်ထဲတွင် ချိတ်ပိတ်ထားသောအရာက မှန်ဝိဥာဥ်တစ်ကောင်ဖြစ်နိုင်သည်။

၎င်းက အထင်အမြင်လွဲမှားမှုများကို ဖန်တီးကာ လူတစ်ဦးအား ၎င်းတို့၏ အတွင်းစိတ်ဆန္ဒများကို ပြသနိုင်သည်။အာဏာ၊ ဂုဏ်သတင်း၊ အလှပဂေး သို့မဟုတ် စည်းစိမ်ဥစ္စာပင်ဖြစ်ပါစေ မည်သည့်အရာမဆို ရယူနိုင်သည်။လူအများအား ဤကမ္ဘာကြီးမှ လုံးလုံးလျားလျား ဝါးမျိုသွားခံရပြီး သူတို့၏ တကယ့်အစစ်အမှန်အတိတ်ကို တဖြည်းဖြည်းမေ့သွားသည်အထိ သူတို့၏ကိုယ်ပိုင်ဆန္ဒများကို ဖြည့်ဆည်းနေခဲ့ကြသည်။

ထွက်သွားရန် တစ်ခုတည်းသော အရာမှာ မှန်ဝိဥာဥ်၏ ခန္ဓာအစစ်အား ရှာဖွေရန်ဖြစ်သည်။

၄င်းက အသွင်အပြင်တစ်ခုခုအား ခံယူထားမည်ဖြစ်ပြီး ကိုယ်နှင့်နီးစပ်သူ ၊ လမ်းသွားလမ်းလာတစ်ဦး သို့မဟုတ် တိရစ္ဆာန်တစ်ကောင်ပင် ဖြစ်နိုင်သည်။

မှန်ဝိဥာဥ်အား သတ်ခြင်းဖြင့်သာ ဤထင်ယောင်ထင်မှားအား အဆုံးသတ်နိုင်မည်ဖြစ်သည်။

ယဲ့ကျားက ဖြတ်သွားသော အဆုံးမရှိသည့် လူတန်းကြီးအား ကြည့်နေသည်။မည်သည့်နေရာမှ စတင်ရမည်ကို သူအနည်းငယ် စိတ်ရှုပ်သွားသည်။

"....ယဲ့ကျားလား"

သူ့နောက်တွင် ရင်းနှီးသော အသံတစ်ခု ထွက်ပေါ်လာသည်။

ယဲ့ကျား လှည့်ကြည့်လိုက်ရာ သူ့နောက်တွင် ရပ်ပြီး သူ့ကို အံအားသင့်စွာ ကြည့်နေသော ချန်စဲကျစ်အား တွေ့လိုက်ရသည်။

''အလုပ်ဆင်းတာကို ဘာလို့အိမ်မပြန်သေးတာလဲ ဒီမှာဘာရပ်လုပ်နေတာလဲ''

ယဲကျားက အေးဆေးစွာပင် မေးလိုက်သည်။

''မင်း ငါနေတဲ့နေရာကိုသိလား''

''သေချာတာပေါ့''

ချန်စဲကျစ်က အားရပါးရပြုံးကာ ''ကျွန်တော်တို့က ရပ်ကွက်တစ်ခုတည်းကပဲလေ ကျွန်တော် ကားကြုံလိုက်ပို့ပေးဖို့လိုသေးလား''

ယဲ့ကျားက ကမ်းလှမ်းချက်ကို လက်ခံခြင်းမပြုမီ စက္ကန့်အနည်းငယ်မျှ ငြိမ်သက်နေခဲ့သည်။

သူ၏အတွေ့အကြုံကိုအခြေခံ၍ မှန်ဝိဥာဥ်မှာ မည်သည့်သတ္တဝါမဆိုဖြစ်နိုင်သော်လည်း ဤစဥ်းလဲသော မကောင်းဆိုးဝါးမှာ သားကောင်၏အရေးအကြီးဆုံးပုဂ္ဂိုလ်အဖြစ် ဟန်ဆောင်ရခြင်းအား နှစ်သက်သည်။ယခုလက်ရှိ အကောင်းဆုံးနည်းလမ်းက အပြောင်းအလဲများကို စိတ်ငြိမ်ငြိမ်ထားပြီး စောင့်ကြည့်နေခြင်းသာဖြစ်သည်။

ချန်စဲကျစ်က တော်တော်များများ ပြောပြခဲ့သည်။ ယဲ့ကျား၏ လိမ္မာပါးနပ်သော စကားလမ်းကြောင်းမှုများအောက်တွင် သူက ဤထင်ယောင်ထင်မှားကမ္ဘာနှင့်ပတ်သက်သော အချက်အလက်များကို လျင်မြန်စွာ ထုတ်ပြောခဲ့သည်။

သူသည် ပုံမှန်အတိုင်းပင် ကြီးပြင်းလာကာ ကောလိပ်ဝင်ခွင့်စာမေးပွဲကို အေးဆေးစွာ ဖြေဆိုခဲ့ပြီး တက္ကသိုလ်နောက်ဆုံးနှစ်တွင် ဘွဲ့ရခေါ်ယူမှုမှတစ်ဆင့် ဤကုမ္ပဏီသို့ ဝင်ရောက်ခဲ့သည်။

ဤနှစ်က သူကုမ္ပဏီ၌ အလုပ်ဝင်သည့် ငါးနှစ်မြောက်ဖြစ်ပြီး ပရောဂျက်တစ်ခုကို ယနေ့ပင် အပြီးသတ်ခဲ့သည်။အဖွဲ့မှာ မူလက အခမ်းအနားပွဲကျင်းပပေးရန် စီစဉ်ခဲ့သော်လည်း ယဲ့ကျားက ငြင်းပယ်ခဲ့သည်။

ချန်စဲကျစ်က နောက်ကြည့်မှန်မှတဆင့် ယဲ့ကျားကို တစ်ချက်ကြည့်လိုက်ပြီး

"အစ်ကိုယဲ့က မိသားစုဝင်ကောင်းတစ်ယောက်ပါ"

ယဲ့ကျားက မတုံ့ပြန်ပေ။မျက်လုံးကို အနည်းငယ် မှေးကာ ပြတင်းပေါက်အပြင်ဘက်မှ ဖြတ်သွားသော မီးရောင်များကို ကြည့်နေသည်။

မကြာခင်၌ပင် သူတို့၏ ဦးတည်ရာသို့ ရောက်လာသည်။

ယဲ့ကျားက ၎င်းမှာ သူလက်ရှိနေထိုင်နေသောရပ်ကွက်နှင့် တူညီကြောင်း မမျှော်လင့်ဘဲ တွေ့ရှိလိုက်ရသည်။

ချန်စဲကျစ်က သူ့ကို ချပေးလိုက်ပြီး အလျင်စလို နှုတ်ဆက်လိုက်သည်။

"မနက်ဖြန်တွေ့မယ် အစ်ကိုယဲ့!"

ယဲ့ကျားက သူ့ရှေ့ရှိ ရင်းနှီးသော လူနေအဆောက်အအုံကို လှမ်းကြည့်လိုက်ပြီး အတွင်းသို့ လှမ်းဝင်လိုက်သည်။

သူနေသောအလွှာသို့ ရောက်သောအခါ ဓာလှေကားတွင်းမှ ထွက်လိုက်သည်။

သို့သော် ယဲ့ကျား သူ့အိတ်ကပ်ထဲကမှ သော့ကို မထုတ်မှီ သူ့အခန်းနှင့် မျက်နှာချင်းဆိုင်အခန်းမှ တံခါးက ရုတ်တရက်ပွင့်လာပြီး သူ့နောက်မှ အသံတစ်ခုထွက်လာသည်။

"ရှောင်ကျားလား မင်းဘာလို့အိမ်ပြန်နောက်ကျနေတာလဲ"

သော့ကိုင်ထားသော ယဲ့ကျား၏လက်မှာ တင်းကြပ်သွားသည်။သူက နောက်ပြန်လှည့်မကြည့်ပေ။

တစ်ဖက်လူ၏ နူးညံ့သောလက်က သူ့ပုခုံးပေါ် ရောက်လာ၏။

"ဘာဖြစ်လို့လဲ''

ယဲ့ကျားက သော့ကို အိတ်ကပ်ထဲသို့ ပြန်ထည့်လိုက်ပြီး သူ့အမူအရာကို ပြောင်းလဲခြင်းမရှိဘဲ လှည့်ကြည့်လိုက်သည်။

''ဘာမှမဖြစ်ပါဘူး''

သူ့ရှေ့မှ အမျိုးသမီးမှာ အရပ်မရှည်ပေ။ သူမဆံပင်များက အဖြူရောင်ဆံပင်များဖြင့် ရောထွေးနေပြီး သူမမျက်နှာက သေးသွယ်သည်။ထို့သို့ဆိုလျင်ပင် အရွယ်တင်ပြီး လန်းဆန်းတက်ကြွနေသည်ကို မြင်နိုင်သေးသည်။ သူမက ယဲ့ကျားအား စွပ်စွဲလိုသည့် အကြည့်ဖြင့် စိုက်ကြည့်ကာ ပြင်းပြင်းထန်ထန် ပြစ်တင်ဆုံးမလိုက်သည်။

''မင်း နောက်ကျမှ ပြန်လာမယ်ဆိုရင် တစ်ခုခုကြိုပြောသင့်တယ် မင်းအတွက်နဲ့ ငါတို့ပါ စောင့်မနေနိုင်ဘူး မြန်မြန်လာ ညစာအေးတော့မယ်''

ယဲ့ကျားက  သူမနှင့် ဘေးချင်ယှဥ်၍ လိုက်သွားခဲ့သည်။

ထမင်းစား စားပွဲတွင် ရင်းနှီးနေသော မျက်နှာပိုင်ရှင် လေး၊ငါးယောက်မျှရှိနေသည်။ စားပွဲပေါ်တွင် စားစရာများနှင့် ပြည့်နေ၏။ ယဲ့ကျားကိုတွေ့သောအခါ အားလုံးက တောက်ပစွာပြုံးပြီး အော်လိုက်ကြသည်။

"Happy birthday!"

အခန်းတွင်းရှိ ပရိဘောဂအားလုံးက အခန်းငယ်လေးအား နွေးထွေးပြီး သက်တောင့်သက်သာရှိစေရန် ဖြည့်ဆည်းပေးထားသည်။

ဓာတ်ပုံပင်ဖြစ်စေ အဆင်တန်ဆာပင်ဖြစ်စေ၊ သူ၏ အတိတ်မှ မှတ်ဥာဏ်များအတိုင်းပင်။

ယဲ့ကျားက အခန်းအလယ်တွင် ရပ်နေပြီး သူ့အကြည့်များက အေးစက်နေသည်။

သူ၏လက်ချောင်းများအား အချင်းချင်း ပွတ်တိုက်နေမိသည်။

အနှီမှန်ဝိဥာဥ်က သေခြင်းတရားကို ရှာဖွေလေ့ရှိသည်။

သူ့အမေက ထမင်းစား စားပွဲတွင် ထိုင်လိုက်ပြီး ခေါ်လာ၏။

“မြန်မြန်ထိုင်လေ မင်းဘာလို့ရပ်နေတာလဲ"

ယဲ့ကျားက ကိုယ်ကိုလှည့်ကာ နူးညံ့စွာ ပြုံးလိုက်သည်။

"လာပြီ"

သူက စားပွဲအနီးသို့ ချဉ်းကပ်၍ ထိုင်ရန် ကုလားထိုင်ကို ဆွဲထုတ်လိုက်သော်လည်း သူ မထိုင်မီလေးမှာပဲ လခြမ်းပုံသဏ္ဍာန်ရှိသော တံစဥ်းကြီးက တခဏချင်းပေါ်လာကာ လေထဲကို အေးစက်စွာ ဖြတ်တောက်လိုက်ပြီးနောက် သူ့လက်ဖဝါးထဲသို့ ပြန်ရောက်သွားချိန်မှာ အလွန်တိုတောင်းသည်။

သို့သော် ဓါးသွားမှာ ရေကိုသာဖြတ်သွားပုံရသည်။မည်သည့်အရာမှ မပြောင်းလဲခဲ့ပေ။

မှန်ဝိဥာဥ်က ဤပုံရိပ်ယောင်၌ မရှိခဲ့ပေ။

ယဲ့ကျား အနည်းငယ် လျှာသပ်လိုက်သည်။ ဤတစ်ကောင်က တော်တော်လေး ပါးနပ်၏။

သူ့အမေက သူ့ကို ပြုံးပြပြီး

"ဘာဖြစ်နေတာလဲ မင်းဘာလို့မထိုင်တာလဲ"

ထိုအချိန်တွင် တစ်ဖက်လူ၏အသွင်အပြင်နှင့်သူ၏မှတ်ဉာဏ်တို့သည် ထပ်တူကျသွားသည်။ သွေးမရှိဘဲ ဖြူရော်ကာ အသက်ရှင်သည့် အရိပ်အယောင်မရှိသည့် တောင့်တင်းကာ တစ်ဝက်ပွင့်နေသော နှုတ်ခမ်းနှင့် ပြာများစွန်းထင်းနေသော အသက်မဲ့မျက်လုံးများက သူ့ကို စိုက်ကြည့်နေသည်။

ယဲ့ကျားက မျက်လွှာချပြီး ထိုင်ချလိုက်သည်။

"ဒီနေ့နည်းနည်းပင်ပန်းနေလို့"

ထိုအချိန်တွင် တံခါးခေါက်သံတိုးတိုး ထွက်ပေါ်လာသည်။

“လာပြီ”

သူ့အမှတ်တရများအတိုင်းပင် သူ့အမေက မည့်သည့်အခါမှ ငြိမ်မနေနိုင်ပေ။သူမက လက်သုတ်ပြီး ချက်ခြင်း ထရပ်ကာ တံခါးဖွင့်ရန် လျှောက်သွားခဲ့သည်။

စင်္ကြံရှိ အဝါရောင်အလင်းတန်းမှာ သူမ၏ ခန္ဓာကိုယ်ပေါ်သို့ ကျရောက်နေသည်။

သူ့အမေက တောက်ပစွာပြုံးပြီး

"ရှောင်ရွှမ် မင်းက ဒီမှာလား"

ယဲ့ကျား အံ့သြသွားပြီး မျှော်ကြည့်လိုက်သည်။ သူ့မှတ်ဥာဏ်ထဲတွင် ရှောင်ရွှမ်ဟု ခေါ်သည့်လူ တစ်ယောက်မှ မရှိပေ။

သူက အနက်ရောင်ဆံပင်နှင့် မျက်ကွင်းညိုသော အမျိုးသမီးတစ်ဦး ဝင်လာသည်ကို တွေ့လိုက်ရသည်။အဝါရောင်ဘဲရုပ်ပုံ မီးဖိုချောင်သုံးလက်အိတ်ဖြင့် ပွက်ပွက်ဆူနေသော စွပ်ပြုတ်အိုးကို သယ်လိုက်ပြီး သူမက ရှက်ရွံ့စွာ ပြုံးလိုက်သည်။

“အမေ အပူမလောင်အောင် သတိထားဦး”

သူမမှာ သွယ်လျသော ခြေတံရှည်နှင့် လှပသည့်အသွင်အပြင် ရှိသော်လည်း အလွန်အမင်း လှသည်တော့မဟုတ်ပေ။ သူမက သဘာဝကျသော နူးညံ့သိမ်မွေ့မှုကို ပေးစွမ်းနေ၏။

"ဘာလို့ ဒီလောက်တောင် ယဉ်ကျေးနေရသေးတာလဲ"

ယဲ့ကျား၏မိခင်သည် အခြားကုလားထိုင်ကိုဆွဲထုတ်ကာ ယဲ့ကျား၏ဘေးတွင် ချထားလိုက်သည်။

"မင်း တစ်ခုခု ယူလာသေးလား"

ရှောင်ရွှမ်က ခေတ္တမျှ မျက်တောင်ခတ်လိုက်ပြီး ပြုံးလိုက်ကာ

"ကျွန်မက ပုံမှန်ဆို အလုပ်ရှုပ်နေတာမလား၊ အခု အချိန်ရတုန်းလေး လွှတ်ထားလိုက်တာ ကောင်းမယ်ထင်လို့"

သူမက ယဲ့ကျားကို မသိစိတ်ဖြင့် တစ်ချက်ကြည့်လိုက်ပြီး

" အစ်ကိုကျားက အတူစားဖို့ တခြားတစ်ယောက်ယောက်သွားရှာလိမ့်မယ်"

ယဲ့ကျား၏လက်က တူကို တင်းကြပ်စွာ ဖျစ်လိုက်သည်။'

''...''

ယခု သူနားလည်ပြီဖြစ်သည်။

ဤမှန်ဝိဥာဥ်၏ ခေါင်းက ပြသနာရှိနေသည်။သူ့ကို ဤထင်ယောင်ထင်မှာကမ္ဘာထဲသို့ ဆွဲသွင်းလာသည့်အပြင် လမ်းတစ်လျှောက်တွင် အောင်သွယ်လုပ်တမ်းပါ ကစားချင်နေသေးသည်။

အရသာမရှိသော စားသောက်ပွဲက မကြာမီ ပြီးဆုံးသွားလေသည်။

ယဲ့ကျားက ပုံရိပ်ယောင်စကားပြောခန်း မှလူအုပ်စု၏စကားများကိုနားထောင်ရင်း အနည်းငယ်စိတ်ပျက်နေမိသည်။သူက မှောင်မည်းနေသော ပြတင်းပေါက်အား လှည့်ကြည့်လိုက်သည်။

ညသည် တဖြည်းဖြည်းနက်လာပြီး အပြင်ဘက်တွင် မီးများက တဖြည်းဖြည်းလင်းလာသည်။တကယ့်လက်တွေ့နှင့် ကွားခြားမှု မရှိလုနီးပါးဖြစ်သည်။

ယဲ့ကျားက သူ့အကြည့်များကို ပြန်ရုတ်လိုက်၏။

သူ၏ 'ဇနီး'မှာ တခြားသူများကို ပြုံးပြုံးရွှင်ရွှင်နှင့် နှုတ်ဆက်ပြီးသည့်နောက် သူ့ဘက် လှည့်ပြီး ပြောလာ၏။

"သွားကြတော့မလား အိမ်ပြန်ကြစို့လေ''

ယဲ့ကျားက ခေါင်းငြိမ့်ပြီး မတ်တပ်ရပ်လိုက်သည်။

မတ်တပ်ထရပ်လိုက်သည်နှင့် တစ်ခုခုလွဲနေကြောင်း သိလိုက်ရသည်။ ယဲ့ကျား အံ့သြသွားကာ  သူ့ဘေးနားမှ အရပ်ရှည်ရှည်နှင့် ပိန်သွယ်သော 'ဇနီး' ကို တစ်ချက် လှည့်ကြည့်လိုက်သည်။

သူမ၏ ပုံသဏ္ဍာန်ကြောင့် ဖြစ်ကောင်းဖြစ်နိုင်သော်လည်း အမှန်တကယ် သူမအရပ်မည်မျှရှိသည်ကို ယခုအချိန်အထိ သတိမထားမိခဲ့ပေ။

မတ်တပ်ထရပ်ပြီးနောက် သူ့ဇနီးသည် သူ့ထက် စင်တီမီတာအနည်းငယ် အရပ်မြင့်နေပုံပေါ်ကြောင်း သူသဘောပေါက်လိုက်သည်။

တခြားလူများကမူ သူတို့နှစ်ယောက်ကြားမှ အရပ်အမောင်းကွာခြားချက်ကို ဂရုမစိုက်သကဲ့သို့ သူတို့နှစ်ယောက်ကို စိတ်ပါလက်ပါ နှုတ်ဆက်နေကြသည်။

ယဲ့ကျားနှင့် ရှောင်ရွှမ်တို့က စင်္ကြံကိုဖြတ်ကာ တယောက်ပြီးတယောက် သူတို့နေရာသို့ ဝင်လာကြသည်။

တံခါးဖွင့်လိုက်သည်နှင့် တစ်ပြိုင်နက် ထိုနေရာက လက်တွေ့ဘဝမှ သူ၏လက်ရှိနေရာနှင့် တူညီနေသည်ကို သူတွေ့လိုက်ရသည်။

သူ့ရှေ့မှ အရပ်မြင့်မြင့် အမျိုးသမီးကို ကြည့်လိုက်ပြီး ယဲ့ကျား မျက်လုံးများကို မှိတ်ထားလိုက်သည်။ သူ့လက်ချောင်းထိပ်က အနည်းငယ်တောက်ပလာသည်။

မှန်ဝိဥာဥ်မှာ ဤမျှ မိုက်မဲလိမ့်မည်မဟုတ်ဟု ခံစားမိသော်လည်း ဘေးကင်းအောင်နေသည်က ပိုကောင်း၏။

သို့သော်လည်း သူမလှုပ်ရှားရသေးမှီ သူ့ရှေ့ရှိ အမျိုးသမီးက ရုတ်တရက် လှည့်လာပြီး သူ့ကို ဖိထားလိုက်သည်။

ယဲ့ကျား ခေတ္တမျှ ထိတ်လန့်သွားသည်။ခဏအကြာထိ သူမတုံ့ပြန်နိုင်ခဲ့ပေ။

ထိုအမျိုးသမီး၏ လှပသောအသွင်အပြင်မှာ ယခင်ကကဲ့သို့ နူးညံ့သိမ်မွေ့ခြင်းမရှိတော့ဘဲ ယခုအခါ ထက်မြက်ပြီး အရိုင်းဆန်ပုံပေါ်သည်။ သူမက ငုံ့ကာ နမ်းလိုက်သည်။

သူမ၏နှုတ်ခမ်းများသည် အလွန်ပါးလွှာပြီး နူးညံ့သည်ဟု မယူဆနိုင်ပေ။အမှန်တွင် အအေးဓာတ်က တစ်မျိုး ဖြတ်သွားသကဲ့သို့ ခံစားရသည်။ သူမသည် ယဲ့ကျား၏နှုတ်ခမ်းများအား အငမ်းမရ ဖိကပ်လိုက်သည်။

ယဲ့ကျား : "!!!"

သူက သတိအပြည့်ကပ်ထားလိုက်ပြီး နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်ရာ နောက်မှ တံခါးကို အားပြင်းပြင်းနှင့် ဆောင့်မိသွားပြီး ဘမ်းခနဲမြည်သွားသည်။

အနမ်းက ပြင်းထန်ကြမ်းတမ်းပြီး ပိုင်ဆိုင်လိစိတ်များ ပြည့်နေကာ သူ့ကိုစားချင်နေသကဲ့သို့ပင်။

ယဲ့ကျား၏ စိတ်ကအလုပ်မလုပ်တော့ပေ။

နောက်ဆုံး သူ့အသိများ ပြန်ဝင်လာသည့်အချိန်တွင် တစ်ဖက်လူက သူ့အပေါ် ကွက်လပ်မကျန်အောင် တင်းတင်းကြပ်ကြပ် ဖိထားသည်ကို သတိထားမိလိုက်သည်။

ယဲ့ကျား၏ တစ်ကိုယ်လုံး တောင့်တင်းသွားသည်။ သူက သူ့ကိုဆက်နမ်းနေသည့် တစ်ဖက်လူ၏ နှုတ်ခမ်းကို ရှောင်လွှဲလိုက်ပြီး တစ်ဖက်လူကို တွန်းထုတ်ရန် လက်ကရောက်ရှိသွားပြီး
"နေ....နေပါဦး..''

ရှောင်ရွှမ်က သူမ၏မျက်လုံးတို့အား မှေးကျဥ်းလိုက်သည်။ သူမ၏ ရှည်လျားကျဉ်းမြောင်းသော မျက်လုံးများမှာ နက်မှောင်နေပြီး သူမ၏ရှည်လျားသော အနက်ရောင် ဆံပင်များက ပခုံးထက်တွင် ကျဆင်းနေသည်။ သူမက နှုတ်ခမ်းနီညိုညိုတို့အား တွန့်ကွေးလိုက်ပြီး ဆွဲဆောင်မှုရှိပုံပေါ်နေသည်။

"ယောက်ျား ဘာဖြစ်လို့လဲ''

သူမက အနည်းငယ်ပို၍ နီးကပ်လာပြန်သည်။ သူမ၏ ဖြူဖျော့ပြီး သွယ်လျသော လက်ချောင်းများမှာ ယဲ့ကျား၏ရင်ဘတ်ပေါ်သို့ ကျဆင်းလာကာ သူမက လုပ်ထုံးလုပ်နည်းအတိုင်း သူ၏ကြယ်သီးများအား တစ်ခုပြီးတစ်ခု ဖြုတ်လိုက်သည်။

သူမ၏အသံ အနည်းငယ် အက်နေပြီး

''ရှက်စရာ မလိုပါဘူး''

''မဟုတ်ဘူး..."

ယဲ့ကျား၏ မျက်ခွံများ လှုပ်ယမ်းသွားသည်။ဆက်လုပ်ချင်နေသေးသော လက်ကို အမြန်တားလိုက်ပြီး

"ငါ....မလုပ်နဲ့...."

သူက အသက်ပြင်းပြင်းရှူရင်း ငြိမ်သက်သွားကာ တစ်ဖက်လူကို အမြန်တွန်းထုတ်လိုက်သည်။

''ငါပင်ပန်းနေတယ်''

"ဒါကြောင့်လား"

ရှောင်ရွှမ်က ဝမ်းနည်းစွာ သက်ပြင်းချလိုက်သည်။သူမ၏ ညို့မှိုင်းနေသော အနက်ရောင်မျက်လုံးများမှာ အောက်ဘက်သို့ ဖြည်းညှင်းစွာ ရွေ့လျားသွားပြီး သူမ၏ အကြည့်များက သူ၏ ညှပ်ရိုးနှင့် ရင်ဘတ်အပေါ်ပိုင်း၌ တဝဲလည်လည် ဖြစ်နေသည်။အကြည့်က ပူပြင်းပြီး တောက်လောင်နေသည်။

အနီဖျော့ဖျော့ အလင်းတစ်ခုက သူမ၏မျက်လုံးထဲ၌ ဖျတ်ခနဲလက်သွားသည်။

ယင်းက မှောင်မိုက်နေသော တွင်းနက်ကြီးထဲမှ မီးတောက်တစ်ခုနှင့်တူသည်။ တဖက်လူအား အရိုးပါမကျန် ဝါးစားချင်နေစိတ်အား သယ်ဆောင်ထား၏။

ထိုအကြည့်အောက်တွင် ယဲ့ကျား အလွန် စိတ်မသက်မသာ ခံစားလိုက်ရသည်။

အကြောင်းအချို့ကြောင့် တစ်ဖက်လူက မျက်လုံးများကို သုံး၍ အဝတ်များဆွဲချွတ်နေသည်ဟု ခံစားရသည်။

သို့သော်လည်း နောက်အခိုက်အတန့်တွင်မူ သူမက အမှတ်တမဲ့ဖြင့် သူမ၏ အကြည့်များကို ပြန်ရုတ်သိမ်းလိုက်ကာ အစောပိုင်းမှ ရန်လိုမှုကို သိမ်းဆည်းထားပြီး ညင်သာစွာ ပြုံးလိုက်၏။

"ဒါဆိုရင် ဒီည စောစောအိပ်ချင်လား"

''ကျွန်မ ရှင့်အတွက် နို့တစ်ချို့ ပြန်နွှေးပေးမယ်''

ထိုသို့ ပြောပြီးနောက် နောက်လှည့်ကြည့်ကာ မီးဖိုချောင်ထဲဝင်သွားသည် ။

ဧည့်ခန်းထဲတွင် ယဲ့ကျားတစ်ယောက်တည်း ကျန်ခဲ့သည်။ နောက်ဆုံးတွင် သူ့ကိုယ်သူ အသိပြန်ကပ်စေရန် အသက်ကို နက်ရှိုင်းစွာ ဖြည်းဖြည်းချင်း ရှူသွင်းလိုက်သည်။

သူ့လက်ကို မြှောက်လိုက်ပြီး နှုတ်ခမ်းကို ထိလိုက်ရာ နာကျင်စွာ အော်ဟစ်မိလိုက်သည်။

နာကျင်ကာ စပ်ဖျင်းဖျင်းဖြစ်ပြီး ရောင်ရမ်းနေသည်။

သွေးလည်း အနည်းငယ် ထွက်နေနိုင်သည်။

မီးဖိုချောင်ထဲမှ ဆူပွက်နေသော အသံများ ကြားလိုက်ရသည်။ နို့ကို အပူပေးနေခြင်းဖြစ်သည်။ မွှေးရနံ့က ဖြည်းဖြည်းချင်း ပျံ့နှံလာ၏။

ယဲ့ကျားက နာကျင်နေသေးသော နှုတ်ခမ်းကို သပ်လိုက်သည်။သူက သံသယစိတ်ဖြင့် မီးဖိုချောင်ဘက်သို့ လှမ်းကြည့်လိုက်သည်။

တစ်ဝက်ဖောက်ထွင်းမြင်ရသော တံခါးမှတစ်ဆင့် တစ်ဖက်လူ အလုပ်ရှုပ်နေသည်ကို မြင်လိုက်ရသည်။ည၏အကာအကွယ်အောက်တွင် ယင်းက တမူထူးကဲစွာ ရိုးစင်းပြီး သိမ်မွေ့နေသည်။ဤသည်မှာ သူကြိုက်သော ဇာတ်ကွက်ဖြစ်ကြောင်း ထင်ရှားနေသည်။

သူ့နှုတ်ခမ်းထောင့်က ဒဏ်ရာကို လျစ်လျူရှုထားသရွေ့ပေါ့။

ယုတ္တိကျကျပြောရလျှင် ပုံရိပ်ယောင်များက လူတစ်ဦး၏အနက်ရှိုင်းဆုံးနှင့် စစ်မှန်သောဆန္ဒများဖြစ်လိမ့်မည်။

ယဲ့ကျားမှာ မျက်မှောင်ကြုတ်ရင်း သူ၏ဘဝကို သံသယဝင်လာသည်။

မ...မဖြစ်နိုင်တာ ။

အမှန်တော့...သူ့စိတ်ကူးထဲက ပုံစံက ဒီလိုမျိုးလား။

Xxx