အပိုင်း ၄
Viewers 175

နူးညံ့သိမ်မွေ့သော အမျိုးသား အိုမီဂါလေး

 

အပိုင်း ၄

 

 

 

 

 

 

ဗဟိုအစိုးရ မြို့တော်တွင် မကြွယ်ဝသည့်နေရာဟူ၍ မရှိပေ။ ရှီကျန်း နယ်ခြားကြယ်ပွင့်တပ်နှင့် ယှဉ်လျှင် ဤနေရာရှိ လမ်းပေါ်၌ ဥဒဟိုသွားလာနေကြသူများက များစွာပို၍ပင် အထင်ကြီးဖွယ်ကောင်းသည်။

 

 

ယန်ယန်မှာ မဟောင်းနွမ်းသေးပါသော်လည်း သေချာပေါက် ကြည့်မကောင်းလှသည့် အဝတ်များကို ဝတ်ဆင်ထားသည်။ ဘေးမှ ဖြတ်သွားသူများက သူ့အား အမြဲကြည့်သွားကြ၏။ မြို့တော်သို့ အသစ်ရောက်လာသူတစ်ဦး ဖြစ်နေခဲ့ခြင်းမှလွဲလျှင် ဤသည်မှာ သူ့အနေနှင့် ဤနေရာ၌ ရှိနေရခြင်းကြောင့် အနည်းငယ် သက်တောင့်သက်သာ မဖြစ်ရသည့် ပထမဆုံးအကြိမ်ဖြစ်သော်လည်း သူဟာ ၎င်းကို ထပ် ဂရုစိုက်မနေတော့ပေ။ ဤနေရာရှိလူများမှာ ဝတ်ကောင်းစားလှများ ဝတ်ဆင် စားသောက်ကြသော်လည်း ၎င်းတို့၏ ကျွမ်းကျင်မှုများကိုလည်း ကြွားဝါတတ်ကြသည်။

  

 

ကျိုးလော့ဟွမ် ယမန့်နေ့က သူ့အား ပေးခဲ့သော လိပ်စာသို့ ရောက်သော် ယန်ယန်မှာ သူ၏ ကဒ်ကို ထုတ်ပေးလိုက်ရာ ဝိတ်တာက သူ့အား သီးသန့်ခန်းတစ်ခန်းဆီသို့ ‌ချက်ချင်းခေါ်သွားသည်။ ဤသည်မှာ ဤသို့သော အဆင့်မြင့်စားသောက်ဆိုင်မျိုးကို လာရောက်ရသော သူ၏ ပထမဆုံးအကြိမ်ဖြစ်ရာ ဘေးဘီသို့ ဝေ့ဝဲကြည့်လိုက်မိသည်။ သူ့ရှေ့ရှိ စားပွဲထက်မှ သွားရည်စာ တစ်ပန်းကန်ကို မြင်သော် ၎င်းတို့က အခမဲ့ ဟုတ်မဟုတ် ဝိတ်တာကို မေးလိုက်လေသည်။

 

 

“.... ဟုတ်ပါတယ်”

  

 

ဤသည်မှာ ကျန်းဟုန် ဝင်လာချိန်၌ မြင်ရသော မြင်ကွင်းပါပင်။ ယန်ယန်က အလှဆင်စားပွဲရှေ့၌ ရပ်ပြီး ပါးစပ်ထဲသို့ သွားရည်စာများ အပြည့်ထည့်နေကာ တခြားလက်တစ်ဖက်ကမူ အိပ်ကပ်ထဲသို့ ထည့်နေ၏။ သူ့ဘေးရှိ ဝိတ်တာကမူ ပြောရန် တွန့်ဆုတ်နေပုံရသည်။

 

 

“မင်းက အစာငတ်သေတဲ့ သရဲများ ဝင်စားတာလားကွာ?” ကျန်းဟုန်က အထင်အမြင်သေးစွာ ပြောလိုက်၏။

  

 

ယန်ယန်မှာ သူ၏ အလုပ်များနေခြင်းမှ အချိန်ခဏယူ၍ တစ်ချက်ကြည့်လာပြီး ၎င်းမှာ ကျိုးလော့ဟွမ် မဟုတ်သည်ကို မြင်ချိန်၌ လျစ်လျူရှု၍ ဆက်စားနေတော့သည်။

 

 

“....” ကျန်းဟုန်က ဝိတ်တာကို ပြောလိုက်၏၊ “သူ့အတွက် ၂ထုပ် ထုပ်ပေးလိုက်ပါ၊ ပြီးတော့ အကြီးဆုံးကို ရွေးနော်”

 

 

ဝိတ်တာက ကျန်းဟုန်ကို သိပါ၏။ သူက ဤလူကို သိသည်အား မြင်သော် သက်ပြင်းချ၍ အစားအသောက်များထုပ်ပိုးရန် အိတ်တစ်အိတ်သွားယူလေသည်။

  

 

ကျန်းဟုန်က စားပွဲကို မှီကာ သွားရည်စာများကို ယူရန် လက်ဆန့်၍ မွှေနှောက်လိုက်သော်လည်း မည်သည်ကိုမှ မစားလိုက်ပါချေ။ “ခဏနေစားမယ့် အပေါ်ထပ်က အစားအသောက်တွေက ပိုကောင်းမှာပါ။ မင်း အခု ဗိုက်ပြည့်နေရင် ခဏနေကျ ဘယ်လိုစားမှာလဲ? ကျိုးလော့ဟွမ်မှာ ပိုက်ဆံရှိတာမို့လို့ မင်း ပွဲရေ နည်းနည်းလောက် ထပ်မှာလို့ရပါတယ်။”

 

 

“ဒါက မင်းနဲ့ ဘာဆိုင်လို့လဲ?” ယန်ယန်က အင်မတန် ရန်လိုနေဟန်ဖြင့် ပြောလိုက်သည်။

  

 

ကျန်းဟုန်က ပခုံးတွန့်လိုက်ပြီးနောက် ဝိတ်တာထံမှ အိတ်ကြီးနှစ်လုံးကို ယူလိုက်သည်။ “မင်း အရင်သွားလိုက်ပါ၊ ငါတို့က အတူတူမို့လို့ ခဏနေကျ ငါသူ့ကို ခေါ်သွားပါ့မယ်။”

 

 

ဝိတ်တာက ကျန်းဟုန်ကို ကျေးဇူးတင်စွာ ဦးညွတ်သွားသည်။ ထိုလူကြီးက ထူးဆန်းနေရာ သူသာ ကြိုဆိုရာ၌ အမှားတစ်ခုခု လုပ်မိပါက ဒဏ်ကြေးကောက်ခံရလိမ့်မည်။

 

 

“ထပ်မစားနဲ့တော့။ ဒီ အိတ်ကြီး နှစ်အိတ်က မင်းအတွက်ပဲ။” ကျန်းဟုန်က ၎င်းတို့အား ယန်ယန့်ထံ လွှဲပေးလိုက်၏။ “မင်းက အစားအသောက် အလုံအလောက် မစားနိုင်ရလောက်အောင် ဆင်းရဲနေလို့လား၊ ဒါမှမဟုတ်ရင် မင်းမှာ ထူးကဲတဲ့ ခန္ဓာကိုယ်ရှိနေလို့လား?”

  

 

သူဟာ ဤအခြေ‌အနေမျိုးက ယနေ့ ဗဟိုအစိုးရဌာနချုပ်တွင် တည်ရှိနေဦးမည်ဟု စိတ်ကူးပင် မယဉ်နိုင်ခဲ့ပေ။ ပြည်တွင်း ချောင်ချိရေးအေဂျင်စီက နေ့တိုင်း လူနေတဲ့ အစားအစာပမာဏအများကြီးက စားလို့မရလို့လား။ ဘယ်လိုလုပ် သင့်တင့်လျှောက်ပတ်တဲ့ ဂြိုဟ်ပေါ်က လူတွေအနေနဲ့ အစားအသောက် မလုံလောက်တာမျိုး ရှိရတာလဲ?

 

 

ယန်ယန်က ပါးစပ်ကို သုတ်ကာ လက်ထဲမှ အိတ်ကြီးနှစ်အိတ်ကို ဆွဲယူ၍ မဖြေဘဲ မေးသာမေးလိုက်သည်။ “ဘယ်မှာ စားချင်တာလဲ?”

 

 

ကျန်းဟုန် - “......” သောက်ကျိုးနည်း၊ ဒီ ခေါင်းမာတဲ့ ကျောင်းသားသစ်ကတော့!

 

 

“အပေါ်ထပ်မှာလေ၊ ကျိုးလော့ဟွမ်က အမြဲတမ်း စောစောရောက်နေရတာကို ကြိုက်တယ်။ အခန်းထဲမှာ စောင့်နေလောက်ပြီ။” ကျန်းဟုန်က ရှေ့သို့ လျှောက်လာသည်။ ထောင့်ချိုးသို့ ကွေ့လိုက်ချိန်၌ သူဟာ သူ၏ နောက်ရှိ ယန်ယန်ကို ကြည့်လိုက်သည်။ “ကျီယွဲ့ကျစ်နဲ့ တိုက်ခိုက်ရတာ ဘယ်လိုခံစားရလဲ? သူ မင်းကို တိုက်ခိုက်ဖို့ သုံးခဲ့တဲ့ လှုပ်ရှားမှုတွေက သေချာပေါက် ဖတ်စာအုပ် အဆင့်တွေပဲ”

 

 

အသွင်မကူးပြောင်းရသေးသည့် အချက်များကို ဘေးချိတ်ထားလိုက်လျှင် ကျီယွဲ့ကျစ်မှာ သေချာပေါက် အဘက်ဘက်တွင် ထိပ်တန်းဖြစ်သည်။ သူဟာ ကျိုးလော့ဟွမ်ကဲ့သို့ ကျော်ကြားသည်မှာ အံ့ဩစရာမဟုတ်သလို ၎င်းမှာ သူ့နောက်ကွယ်ရှိ ကျီမိသားစုကြောင့်လည်း မဟုတ်ပါချေ။

  

 

“သူက အရမ်းသန်မာတယ်။” ယန်ယန်က အလေးအနက်ပြောသည်။ “ဒါပေမယ့် ကျွန်တော်က သေချာပေါက် အနာဂတ်မှာ ကျီယွဲ့ကျစ်ကို အနိုင်ယူနိုင်မှာပါ”

 

 

ဒုတိယစကား တစ်ဝက်ကို ပြောချိန်တွင် သူ့ရှေ့ရှိ ကျန်းဟုန်မှာ ရပ်တန့်၍ တံခါးကို ဖွင့်လိုက်သည်။ ကျိုးလော့ဟွမ်က လှည့်ကြည့်လာပြီး တည်ငြိမ်စွာ ပြော၏။ “နင်က ကျီယွဲ့ကျစ်ကို အနိုင်ယူမယ်ပေါ့? နောက်ဘဝ ကျရင်တော့ ဖြစ်နိုင်လောက်ပါတယ်။”

 

 

“ဘာလို့ မနိုင်ရမှာလဲ?” ယန်ယန်က ကျီယွဲ့ကျစ်ကို အထင်သေးနေသည်။ သူ့အနေနှင့် စည်းကမ်းထိန်းသိမ်းရေးဌာနရှိ လူများမှာ အပြင်ပန်း၌ ကြည့်ကောင်းသည်ကိုသာ ဂရုစိုက်သည့် လူတစ်စု ဖြစ်သည်ဟု ခံစားရသည်။ “ကျွန်တော်က အနာဂတ်မှာ ပိုပြီး သန်မာလာမှာ”

 

 

ကျိုးလော့ဟွမ်က သူမ လက်ထဲရှိ ဝီစကီပုလင်းကို ချ၍ ခွက်ကို ‌လက်ချောင်းထိပ်ဖျားလေးများဖြင့် အသာ ပွတ်သုတ်လိုက်သည်။ သူမ၏ မျက်ဝန်းများက အပြုံးများအဖြစ် မြင့်တက်သွား၏၊ “ဘယ်လို တိုက်ခိုက်ရမယ်ဆိုတာပဲ သိတဲ့လူတစ်ယောက်က ကျီယွဲ့ကျစ်ကို အနိုင်မယူနိုင်ဘူး”

 

 

“ဒီမှာ ကျီယွဲ့ကျစ်အကြောင်း မပြောလို့မရဘူးလား?” ကျန်းဟုန်က သူမ၏ မျက်နှာချင်းဆိုင်၌ ထိုင်ချလိုက်ပြီး သူကသာ ပထမဆုံး ဤခေါင်းစဉ်ကို စပြောလာသည်ကို မေ့သွားပုံရသည်။ “ငါ ဗိုက်ဆာနေပြီ။ သူတို့ကို အစားအသောက်တွေ ပြင်ခိုင်းလိုက်တော့”

 

 

“ထိုင်ပြီး နင် စားချင်တာကို မှာပါ” ကျိုးလော့ဟွမ်က ကျန်းဟုန်နံဘေးရှိ ခုံကို ညွှန်ပြကာ ယန်ယန်ကို ပြောလိုက်သည်။ “ဒီနေ့က ကျောင်းသားသစ်နဲ့ ကျောင်းသားဟောင်း ကြားက ရင်းနှီးမှု ဖလှယ်ရုံပါပဲ။”

  

 

ယန်ယန်က ကျိုးလော့ဟွမ်ကို ခဏမျှ စိုက်ကြည့်လိုက်ပြီးနောက် ထိုင်ချလိုက်သည်။ “ခင်ဗျားက ဘာသိချင်တာလဲ?”

 

 

“ရှီကျန်း နယ်ခြားကြယ်ပွင့်တပ်အကြောင်း”

 

°°°°°°°°°°

 

ယနေ့မှာ စနေနေ့ဖြစ်ပြီး အားလပ်ရက်ရသည်။ ကျီမိသားစုက မနက်အစောပိုင်း၌ ကျီယွဲ့ကျစ်ကို ကြိုရန် ကား ၃စီးလွှတ်လိုက်၏။ သူထွက်လာချိန်တွင် ကျောင်းပေါက်ဝ၌ စောင့်နေကြသူများ ရှိနေပြီဖြစ်သည်။

“သခင်လေး” ခေါင်းဆောင်ဖြစ်သူက ရှေ့တိုးကာ သတိပေးလာသည်။ “သခင်ကြီးက ကားထဲမှာပါ”

 

 

ကျီယွဲ့ကျစ်က အလယ်ရှိ ကားထံ လျှောက်သွားလိုက်ရာ တစ်ယောက်က ချက်ချင်းပင် အနောက်တံခါးကို ဖွင့်၍ သူ့အား အထဲသို့ ပို့ပေးလိုက်သည်။

 

 

“အဖေ”

  

 

အထဲတွင် စူးရှထက်မြတ်သော မျက်လုံးမျက်ခုံးများဖြင့် ခန့်ညားသည့် လူတစ်ဦးထိုင်နေခဲ့သည်။ သူ၏ အသွင်ပြင်မှ အကဲဖြတ်ရလျှင် လူများမှာ သူ့အား အသက် ၂၀ဟုသာ ယုံကြည်ကြလိမ့်မည်။ သူဟာ သေသပ်တိပစွာလည်း ဝတ်ဆင်ထားပြီး သူ၏ ဆံပင်ကပင် သေသပ်နေပါ၏။ သူဟာ တစ်ညတာလုံး အလုပ်လုပ်ခဲ့သည့် လူတစ်‌ဦးနှင့် မတူနေပေ။

 

 

ကျီယွဲ့ကျစ် ဝင်လာပြီးနောက်၌ သူဟာ လုပ်လက်စကို ရပ်တန့်လိုက်ပြီး အပြုအမူက အနည်းငယ် ညင်သာသွားသည်။ “ဒီတစ်ပါတ် ကျောင်းတက်ရတာ အဆင်ပြေရဲ့လား?”

 

 

“ဘာမှ အရေးကြီးတာ မရှိပါဘူး” ကျီယွဲ့ကျစ်က ကားတံခါးကို ပိတ်လိုက်ပြီးနောက် ပြတင်းကို မှီကာ သာမန်ကာလျှံကာ ပြောလာသည်။

 

 

ကျီရှီးရှို့က သူ၏ သားကိုကြည့်၍ ပြောလေသည်၊ “အဖေ ကြားတာတော့ ကျိုးလော့ဟွမ်က ဒီစာသင်နှစ်မှာ မပျက်ကွက်ဘူးဆို”

 

 

ကျီယွဲ့ကျစ်၏ ငိုက်ကျနေသော မျက်တောင်ဖျားများက အတန်ငယ် တုန်ယင်သွားသော်လည်း သူ၏ အသံက မပြောင်းလဲပါချေ၊ “တကယ်လား? သူမမှာ အမှတ် အလုံအလောက်မရှိလို့ ဖြစ်မှာပါ”

  

 

“ဟုတ်တယ်။ ထိပ်တန်း ၁၀ယောက်မှာ ဘယ်လောက် အမှတ်တွေ ရှိတယ်ဆိုဆို သူမကို တစ်နှစ်လောက် အတန်းတွေပြေးနေတာတော့ သည်းခံနိုင်မှာ မဟုတ်ဘူး။” ကျီရှီးရှို့က သူ၏ သားကို မဖော်ထုတ်ဘဲ အကြောင်းအရာကို ပြောင်းလိုက်သည်။ “မင်းရဲ့ အသက်ပြည့်ခြင်း အခမ်းအနားလည်း ရောက်ခါနီးပြီဆိုတော့ ဘာလက်ဆောင်လိုချင်လဲ?”

 

 

ကျီယွဲ့ကျစ်က ကားပြတင်းအပြင်ဘက်ရှိ ပြောင်းလဲနေသော လမ်းမြင်ကွင်းများကို အချိန်ကြာကြည့်လိုက်ပြီးနောက် ပြောလာသည်၊ “... တတ်နိုင်သလောက် မြန်မြန် အသွင်ကူးပြောင်းဖို့ပါ”

 

 

“မပူပါနဲ့၊ မင်းရဲ့ ခန္ဓာကိုယ်နဲ့ ပတ်သက်ပြီး မှားယွင်းနေတာမရှိပါဘူး။” ကျီရှီးရှို့က လက်ဆန့်လာပြီး သူ့သား၏ ခေါင်းကို ပုတ်လိုက်သည်။ “မကြာခင် အသွင်ကူးပြောင်းမှာပါ”

 

 

လူအနည်းစုကသာ ကျီမိသားစု၏ တစ်ဦးတည်းသော သားက အသွင်ကူးပြောင်းခြင်းအတွေ့အကြုံရှိသော်လည်း ၎င်းမှာ အညွှန့်ထွက်ပြူကာစတွင် အတင်းအကြပ်ဖိနှိပ်ခံခဲ့ရသည်ကို သိကြသည်။ အပြင်းအထန် ဖျားနာပြီးသည့်နောက်၌ အသွင်ကူးပြောင်းမည့် လက္ခဏာက ပြမလာတော့ပေ။

  

 

အိမ်ပြန်ရောက်ချိန်တွင် ကျီယွဲ့ကျစ်မှာ ကျောင်းတုန်းကထက် ပို၍ သက်တောင့်သက်သာဖြစ်သွားသည်မှာ သိသာ၏။ စားသောက်ပြီးနောက် အနားယူရန် သူဟာ အခန်းသို့ ပြန်သွားလိုက်သည်။

 

 

အေးစက်မာကျောသော စစ်ယူနီဖောင်းကို ချွတ်လိုက်ပြီးနောက် ကျီယွဲ့ကျစ်မှာ ကုတင်ပေါ်လှဲလျောင်း၍ စောင်ပါးပါးထဲ ဝင်လိုက်ပြီး အမည်မသိ ကျောင်းဝန်းဖိုရမ်ကို တိတ်တဆိတ် စစ်ဆေးကြည့်လိုက်သည်။ သူနှိပ်လိုက်သမျှ ခေါင်းစဉ်တိုင်းတွင် လူတစ်ဦး၏ အမည် ပါဝင်နေပါ၏။

 

 

ကျိုးလော့ဟွမ်သာ ဤနေရာ၌ ရှိနေပါလျှင် ပထမစစ်ဘက်ကျောင်းတော်က အသိအမှတ်ပြုထားသည့် အနာဂတ် အယ်လ်ဖာမှာ စောင်ပါးပါးထဲမှ သွယ်ပျောင်းလှပသော ခြေကျင်းဝတ်များကို လှစ်ဟပြနေပြီး သူ၏ အသားအရည်ကမူ အင်မတန် နူးညံ့သိမ်မွေ့ကာ ပုံမှန် အယ်လ်ဖာလက္ခဏာရပ်များနှင့် သက်ဆိုင်မနေသည်ကို တွေ့လိမ့်မည်။

 

 

[အစီအရင်ခံပါတယ်!!! ဒီနေ့ ကျိုးလော့ဟွမ်နဲ့ ကျောင်းသားသစ်တစ်ယောက်က ဝေ့ပေါင်မျှော်စင်မှာ ညစာအတူစားခဲ့ကြတယ်တဲ့!!! — ပုံနှင့်တကွ.jpg]

 

 

ကျီယွဲ့ကျစ်မှာ ထိုခေါင်းစဉ်ကို မြင်ချိန်တွင် လက်ချောင်းထိပ်ဖျားများက ရပ်တန့်သွားပြီး နှုတ်ခမ်းများက မျဉ်းဖြောင့်တစ်ကြောင်းအဖြစ် စေ့သွားကာ အချိန်အကြာကြီးနေမှ ၎င်းကို ဖတ်ရန် နှိပ်လိုက်သည်။

  

 

[ငလူး၊ အဲဒီ့ ကျောင်းသားသစ်က ကျောင်းပေါက်ဝမှာ ကျီယွဲ့ကျစ် ရိုက်တာခံခဲ့ရတဲ့ တစ်ယောက်မဟုတ်ဘူးလား? ကျိုးလော့ဟွမ်က ကျီယွဲ့ကျစ်ရဲ့ ရန်သူကို ရယူချင်နေတာလား?”]

 

 

[အပေါ်က တစ်ယောက်၊ ကျိုးလော့ဟွမ်ကလည်း အဲဒီကျောင်းသားသစ်ကို ရိုက်ခဲ့တယ်လေ။ ကြည့်ရတာ ကျိုးလော့ဟွမ်က ကျောင်းသားသစ်ကို ချစ်မိသွားတာနေမယ်။ ကျောင်းသားသစ်က နည်းနည်း ကျိုးကြောင်း မဆင်ခြင်တတ်ပေမယ့် တော်တော်ကြည့်ကောင်းတယ်လေ။]

 

 

[ AA အချစ်က လက်ခံနိုင်စရာမရှိဘူး]

 

 

[အခုက ဘယ်ခေတ်မို့လို့လဲ? AAနဲ့ OOတွေ တွဲကြတော့ရော ဘာဖြစ်မှာမို့လို့လဲ?]

 

*** AA = alpha + alpha

*** OO = omega + omega

  

 

ခေါင်းစဉ်က ပို၍ ပို၍ပင် ကြီးထွားလာပြီး ကျိုးလော့ဟွမ်နှင့် ရှင်းရှန့်တို့၏ အချစ်ရေးအကြောင်းပင် ပါလာကာ အချို့လူများဆိုလျှင် ကျိုးလော့ဟွမ်က ရှင်းရှန့်အတွက်နှင့် ပြန်လာသည်ဟုပင် ပြောကြသည်။ ကျီယွဲ့ကျစ်မှာ သူ၏ နှုတ်ခမ်းများကို ပို၍တင်းတင်းစေ့လာမိပြီး နောက်ဆုံး၌ မ‌ထိန်း‌နိုင်အောင် ထုတ်ပြောမိတော့သည်။

 

 

• သူက အဲ့လိုပုံစံမျိုးကို မကြိုက်ဘူးကွ

 

 

[ကျိုးလော့ဟွမ်က ဒီလိုပုံစံမျိုး မကြိုက်တာကို မင်းက ဘယ်လိုသိလဲ? ဒီကျောင်းသားသစ်က တော်တော်အဆင်ပြေတယ်လို့ ငါတော့ထင်တာပဲ!]

 

 

• သူမကြိုက်ပါဘူး

 

 

[ထားလိုက်ပါတော့ ထားလိုက်တော့၊ ပြောတာရပ်လိုက်တော့.. ဒါက နောက်ထပ် ဘယ်တောင်ပံ အရူးပရိသတ်လေး ဖြစ်နေမှာ ကြောက်မိပါရဲ့]

 

 

°°°°°°°°°°°

 

ကျီယွဲ့ကျစ်မှာ လက်တော့ပ်ကို ပိတ်လိုက်ပြီး တစ်ဖက်လှည့်ကာ ထထိုင်လိုက်သည်၊ သူ၏ နှဖူးထက်ရှိ ဆံပင်လေးများက အနည်းငယ် ရှုပ်ထွေးလျက် နှုတ်ခမ်းများက တင်းတင်းစေ့ထားကာ အတော်ကို မပျော်ရွှင်ကြောင်းပြနေသည်။

 

 

ကျိုးလော့ဟွမ်မှာ ထိုပုံစံနှင့်လူများကို မကြိုက်ကြောင်း သူသိပါ၏၊ သူ အမြဲသိထားခဲ့သည်ပင်။

  

 

“ယွဲ့ကျစ်” ကျီရှီးရှို့က အပြင်ဘက် တံခါးကို ခေါက်လိုက်သည်။ “ကျိုးလော့ဟွမ်က အခုနလေးတင် မင်းရဲ့ ဆက်သွယ်ရေး အချက်အလက်တွေကို တောင်းလာတယ်။”

 

 

တံခါးထံမှ လျင်မြန်သည့် ခြေသံများ ထွက်လာပြီး နောက်တစ်စက္ကန့်အကြာ၌ တံခါးကပွင့်သွားသည်။ ကျီယွဲ့ကျစ်က သူ၏ ဖခင်ဖြစ်သူကို ကြည့်လိုက်ကာ၊ “သူက... ကျွန်တော့်ကို ဆက်သွယ်ချင်လို့လား?”

 

 

“သူ ပြောတာတော့ မင်းပေးခဲ့တဲ့ အသက်ပြည့်ခြင်း လက်ဆောင်အတွက် ကိုယ်တိုင် ကျေးဇူးတင်ချင်လို့တဲ့လေ” ကျီရှီးရှို့က မျက်မှောင်ကျုံ့လိုက်သည်၊ “မင်းတို့တွေ ကျောင်းအတူတူ တက်နေကြပေမယ့် အချင်းချင်း နံပါတ်တွေ မ add ထားကြဘူးလား?”

 

 

“....ဟင့်အင်း” ကျီယွဲ့ကျစ်က ရေရွတ်လိုက်သည်။ ၎င်းတို့မှာ တူညီသည့်ကျောင်း၌ တက်နေပါသော်လည်း ၎င်းတို့ထံ၌ တူညီသည့် သူငယ်ချင်းမျိုးမရှိပေ။ ကျိုးလော့ဟွမ်မှာ ကျန်းဟုန်နှင့် ရင်းနှီးသော်လည်း အမြဲ တစ်ယောက်တည်းသာဖြစ်သည်။ ပထမစစ်ဘက်ကျောင်းတော်သို့ မဝင်ခင်က သူမဟာ မြို့တော်၌ ကျောင်းလစ်သူအဖြစ် ကျော်ကြားခဲ့ပြီးသားဖြစ်၏။

 

 

ကျီရှီးရှို့မှာ လူငယ်လေးများ ဘာတွေးနေကြမှန်း နားမလည်ပါသော်လည်း ဘယ်တုန်းကမှ ဝင်မစွက်ဖက်ပါချေ။ သူက ပြောရုံသာ ပြောလိုက်၏၊ “ကျိုးလော့ဟွမ်က အဆက်အသွယ် ရသွားပြီ။ ၂၈ရက်နေ့ မင်းရဲ့ အသက်ပြည့်ခြင်း အခမ်းအနားအတွက် သူ့ကို သွယ်ဝိုက်ပြီး မေးကြည့်လိုက်သေးတယ်။ သူ လာမယ်တဲ့လေ”

  

 

ကျီရှီးရှို့ ထွက်သွားပြီးနောက် ကျီယွဲ့ကျစ်မှာ တံခါးပိတ်၍ မိမိကိုယ်ကို မှန်ထဲ ပြန်ကြည့်ကာ အဝတ်အစားများလဲလိုက်သည်။

 

°°°°°°°°

 

၃ယောက်အဖွဲ့ကမူ ဝေ့ပေါင်မျှော်စင်မှ ထွက်လာပြီးလူစုခွဲလိုက်ကြ၏။ ကျိုးလော့ဟွမ်မှာ ကျောင်းလည်းမပြန်သလို အိမ်လည်းမပြန်ဘဲ မောလ်တစ်ခုထံသွားလိုက်၏။

  

 

လမ်းသွားနေရင်း သူမဟာ မူလက ကျီယွဲ့ကျစ်ကို ခေါ်လိုက်ချင်သော်လည်း အမြင်ကွန်ပျူတာကို ဖွင့်လိုက်ချိန်တွင် သူမထံ၌ တစ်ဖက်လူ၏ ဆက်သွယ်ရေးအချက်အလက်များ မရှိကြောင်း တွေ့လိုက်ရသည်။ ကျိုးလော့ဟွမ်မှာ ကျီမိသားစုခေါင်းဆောင်၏ ဆက်သွယ်ရေး အချက်အလက်အကြောင်း သူမ၏ အဖေထံ မေးကြည့်ပြီးနောက် ကျီယွဲ့ကျစ်၏ ဆက်သွယ်ရေးအချက်အလက်ကို သီးသန့် ဖုန်းခေါ် မေးလိုက်သည်။

 

 

ဖုန်းနံပါတ်ရပြီးသည့်နောက် ကျိုးလော့ဟွမ်မှာ အလောတကြီး မခေါ်လိုက်ပေ။ မောလ်ထဲရှိ အဆင့်မြင့် စိတ်ကြိုက် လက်ဝတ်ရတနာဆိုင်တစ်ဆိုင်ထဲသို့ လျှောက်ဝင်သွားကာ ကောင်တာထက်ရှိ အရည်အသွေးမြင့် လက်ဝတ်ရတနာ အလင်းတန်းကို စကန်ဖတ်ကာ မန်နေဂျာကို တိုက်ရိုက်မေးလိုက်သည်။ “ဒီမှာ လည်ပတ်ရှိလား?”

  

 

မန်နေဂျာက တည်ငြိမ်စွာပြောလာသည်။ “သခင်မလေး၊ ဆိုလိုတာက... အဲ့လို လည်ပတ်မျိုးလား? လိုအပ်တယ်ဆိုရင်တော့ ကျွန်တော်တို့နဲ့အတူ ထိပ်ဆုံးအထပ်မှာ လိုက်ကြည့်လို့ရပါတယ်။”

 

 

“သွားကြတာပေါ့”

 

 

အောက်ဘက်ရှိ တောက်ပပြီး အရည်လဲ့နေသော လက်ဝတ်ရတနာဆိုင်နှင့်စာလျှင် ထိပ်ဆုံးအထပ်ရှိ အလင်းရောင်မှာ အနည်းငယ်ပို၍ ဝေဝါးဝါးဖြစ်နေသည်။ အလှကြည့်ခန်း၏ အသေးစိတ်တိုင်းကို တခမ်းတနား ဒီဇိုင်းဆွဲထား၏။ ၎င်းမှာ ဆွဲကြိုး ပြခန်းမကြီးတစ်ခုနှင့် ပို၍တူကာ လည်ပတ် ပစ္စည်းနှင့် ပုံစံအမျိုးစုံရှိနေသည်။

  

 

မျက်စိအဖမ်းစားဆုံးတစ်ခုမှာ အဓိကစင်ထက်၌ ထားရှိထားသည့် လည်ပတ်ဖြစ်ပြီး ၎င်းကို ရွှေချည်မျှင်နှင့် စီခြယ်ထားသော အဝါဖျော့ကျောက်စိမ်းကြိုးဖြင့် ရစ်ပတ်ထားသည်။ ဝတ်ကြည့်လိုက်ပါလျှင် ဖုံးအုပ်သင့်သည့် အပိုင်းများကို ဖုံးအုပ်မထားဘဲ မဖုံးအုပ်သင့်သည့်အပိုင်းများကို လုံးဝ ဖုံးအုပ်ထားသည်။

 

 

“ဧည့်သည်၊ ကောင်တာမှာရှိတဲ့ လည်ပတ်အားလုံးကို ကျွန်တော့်ရဲ့ သခင်ကြီးတွေ ဒီဇိုင်းဆွဲထားကြတာပါ။ သူတို့က ကျော့ရှင်းပြီး ခမ်းနားသလို လက်ဆောင်အနေနဲ့လည်း အရမ်းသင့်တော်....”

 

 

ကျိုးလော့ဟွမ်က မန်နေဂျာကို ဖြတ်ပြောလိုက်သည်။ “ကျွန်မဘာသာ ဒီဇိုင်းဆွဲချင်တယ်ဆိုရင်ရော?”

 

 

မန်နေဂျာမှာ ချက်ချင်းပင် အယ်လ်ဖာများအားလုံးထံ၌ လွှမ်းမိုးလိုစိတ်နှင့် ပိုင်ဆိုင်လိုစိတ် ကြီးမားသော တူညီသည့် ပြဿနာရှိကြောင်း သိပါသော်လည်း သူဟာ ပြုံး၍သာ ပြောလိုက်သည်။ “ဒါပေါ့။ ကျွန်တော်တို့ဆီမှာ အထူးဒီဇိုင်းနဲ့ ထုတ်လုပ်ရေး စတူဒီယိုရှိပြီး ဝယ်သူတွေလည်း ကိုယ်တိုင် ဒီဇိုင်းဆွဲလို့ရပါတယ်။ ဒါပေမယ့်လည်း လက်သင် ဒီဇိုင်းဆွဲတာမို့လို့ အပျက်အစီးနှုန်းက မြင့်တာကြောင့် ဈေးနှုန်းက နည်းနည်းကြီးပါတယ်။”

 

 

“ခေါ်သွားပေးပါ” ကျိုးလော့ဟွမ်က အထဲသို့ မန်နေဂျာနှင့်အတူလိုက်သွားပြီး ကျီယွဲ့ကျစ်ကို ဖုန်းခေါ်လိုက်သည်။

  

 

သူမဟာ ဗွီဒီယိုကောလ် မခေါ်ဘဲ အသံကောလ်သာ ခေါ်ဆိုပြီး ပြောလိုက်သည်။ “ကျီယွဲ့ကျစ်လား?”

 

 

တစ်ဖက်လူက အကြာကြီးနေပြီးမှ ပြန်ပြောလာသည်။ “... ဘာကိစ္စရှိလို့လဲ?”

 

 

“ငါ နင့်ရဲ့ အသက်ပြည့်ခြင်းအခမ်းအနားမှာ ပေးဖို့ လက်ဆောင်တွေ့ထားတယ်။” ကျိုးလော့ဟွမ်က နှစ်ဘက်လုံးရှိ လည်ပတ်များကို ကြည့်လိုက်ပြီး ခပ်တည်တည်ဖြင့် ပြောလိုက်၏၊ “ငါအရမ်း သဘောကျနေတာ”

  

 

အခန်းထဲ၌ အဝတ်လဲထားပြီးသော်လည်း ဗွီဒီယိုကောလ် အခေါ်မခံခဲ့ရသည့် ကျီယွဲ့ကျစ်မှာ ထိုစဉ်က သူပေးခဲ့သော လက်ဆောင်ကို စဉ်းစားမိသွား၏။ သူ၏ မျက်တောင်များ တုန်ယင်သွားကြသော်လည်း အသံကတော့ ပုံမှန်လို အေးစက်နေဆဲပင်။ “ဒီတော့?”

 

 

“ဒီတော့ နင့်ရဲ့ အသက်ပြည့်ခြင်း အခမ်းအနားအတွက် ငါ နင့်ကို သေချာ ဂရုတစိုက်ပြင်ဆင်ထားတဲ့ လက်ဆောင် ပေးသင့်တယ်ထင်လို့” ကျိုးလော့ဟွမ်က ဒီဇိုင်းခန်းထဲ ဝင်သွားပြီး တစ်ခုခုကို ရုတ်တရတ် သတိရသွားသည့်နှယ် မရေမရာအသံတိုးတိုးဖြင့် တီးတိုးဆိုလိုက်သည်၊ “ကျီယွဲ့ကျစ်၊ အဲဒါက အချစ်မျက်နှာကာမှန်း နင်သိလား? ချစ်သူတွေအချင်းချင်း ပေးရတဲ့ဟာလေ”

 

 

စကားသံအဆုံး တိတ်သွားချိန်၌ အသံရှူသံမျှင်းမျှင်းကိုသာ ချန်ထားခဲ့သည်။

 

 

ကျိုးလော့ဟွမ်မှာ တမင် သူ့အား ရင်းနှီးသည့် ပုံစံဖြင့် စနောက်လိုက်သည်က မသိပါလျှင် ၎င်းတို့နှစ်ဦးမှာ အင်မတန် ရင်းနှီးသည့် ဆက်ဆံရေးရှိနေကြသလိုပင်။ “ငါတို့ရဲ့ ကျီယွဲ့ကျစ်လေး အလှည့်စားခံလိုက်ရပြီထင်တယ်... ဒါပေမယ့် ကြင်နာတတ်တဲ့ ငါက ကောင်းကောင်းထိန်းသိမ်းထားပါ့မယ်။”

 

 

သဘာဝက လက်ဆောင်ပေးထားသလို ထက်မြတ်သူများမှာ ၎င်းတို့ လှည့်စားခံလိုက်ရပြီဟူသော အမှန်တရားအား လက်ခံနိုင်ဖို့ ခဲယဉ်းတတ်ကြသည်။

  

 

မျှော်မှန်းထားသလိုပင် စကားအဆုံး၌ တစ်ဖက်လူက အင်မတန် မပျော်မရွှင်ဖြစ်သွားပုံဖြင့် ရုတ်တရတ် ဖုန်းချသွားတော့သည်။

 

 

ဖုန်းချလိုက်သံကြားသော် ကျိုးလော့ဟွမ်သည် ရှင်းမပြနိုင်လောက်အောင် ပိုမိုခံစားချက်ကောင်းသွားသည်မှာ ဂိမ်းအနိုင်ရလိုက်သလိုပင်။