အပိုင်း ၇
Viewers 173

နူးညံ့သိမ်မွေ့သော အမျိုးသား အိုမီဂါလေး

 

အပိုင်း ၇

 

 

 

 

 

 

အလျင်အမြန် ပျောက်ကွယ်သွားသော ဖယ်ရိုမုန်းကြောင့် ကျိုးလော့ဟွမ်မှာ ကျီယွဲ့ကျစ်၏ လည်ကုတ်ထက်မှ အကာအကွယ်ကပ်ခွာမှာ အတုဖြစ်သည့်အကြောင်း စဉ်းစားရင်း သင်ခန်းစာကို လိုက်နားထောင်ဖို့ ရည်ရွယ်ချက်မရှိတော့ပေ။

 

 

ပြောရလျှင် သူဟာ ကျီမိသားစု၏ သခင်လေးဖြစ်ရာ အဘယ့်ကြောင့် အမြဲ အတုများကိုသာ ဝယ်နေမိသနည်း?

 

 

ကျိုးလော့ဟွမ်လည်း တစ်ဖန်စဉ်းစားလိုက်ပြီး သူဟာ တစ်ချိန်လုံး ‌မြို့တော်၌သာ နေ,နေခဲ့ကြောင်း နားလည်သွားသည်။ သူ့ထံ၌ ပါရမီကောင်းနှင့် အရည်အချင်းရှိသော်လည်း ရိုးရှင်းသည့်ဘဝသာ ရှိသဖြင့် အလွယ်လေး လှည့်ဖျားခံရနိုင်သည်။

  

 

အသိပြန်ဝင်လာချိန်တွင် အတန်းက ပြီးခါနီးဖြစ်နေပြီဖြစ်၏။ ကျိုးလော့ဟွမ်မှာ အရှေ့တန်းရှိ လူက ထရပ်ပြီး ထွက်သွားသည်ကို မြင်ပြီး ရုတ်တရတ် အမြန် ၎င်းနောက်လိုက်သွား၏။ သူမဘေး၌ ရပ်နေသည့် ကျန်းဟုန်ယီမှာ ခေါင်းလှည့်လိုက်ချိန်တွင် သူမကို မတွေ့တော့ပါချေ။ သူလည်း ခဏမျှ ကြောင်အသွားနေပြီး ဘေးဘီကို ဝေ့ဝဲကြည့်လိုက်တော့မှ တံခါး၌ ပျောက်ကွယ်သွားသော သူမ၏ ပုံရိပ်ကို မြင်လိုက်ရ၏။

 

 

“ကျီယွဲ့ကျစ်” ကျိုးလော့ဟွမ်မှာ တစ်ဖက်လူကို မှီလာချိန်တွင် မသိလိုက်ပါဘဲ သူ့လက်ကို ‌ဆွဲကာခေါ်လိုက်မိသည်။ “ခဏနေကျမှ အတန်းကို ပြန်လာကြတာပေါ့”

  

 

သူမ၏ လက်ကောက်ဝတ်ထက်ရှိ အားက ထိုနေ့ကထက် ပိုဖျော့သော်လည်း ကျီယွဲ့ကျစ်က အသွင်ကူးပြောင်းသည့်ကာလ၌ ရှိနေပြီး ခံစားချက်ကလည်း ကောင်းမနေပေ။ သူဟာ သူမအား နက်မှောင်သည့် မျက်ဝန်းတစ်စုံဖြင့်ကြည့်လိုက်၏။ “ငါနဲ့ တိုက်ခိုက်ချင်နေသေးတာလား?”

  

 

ကျိုးလော့ဟွမ်ထံ၌ ပြဿနာ များစွာရှိသည်။ သူမအနေနှင့် ကိုယ်တိုင်လုပ်ရန် ဆုံးဖြတ်လိုက်ကတည်းက ပြီးပြည်စုံစွာ လုပ်ဆောင်ရပေမည်။ ထိုနေ့က သူ့အား တမင် ရန်စခဲ့သည်မှာ လည်ပတ် ဆိုဒ်ကိုသာ သိလိုခဲ့ခြင်းဖြစ်ပြီး ထိုတိုက်ခိုက်မှုကို အလေးအနက် မမှတ်ထားခဲ့ပေ။ ယခုတွင် သူက ထုတ်ပြောလာရာ သူမလည်း တုံ့ပြန်လိုက်ပါ၏။ သူ့အား ပုံမှန်လို စနောက်လိုသော်လည်း သူမနောက်မှ ကျောင်းသားများမှာ တစ်ယောက်ပြီးတစ်ယောက် ထွက်လာလေသည်။

  

 

“ငါ့မှာ နင့်ကို ပြောစရာရှိလို့။ ငါ နင့်ကို မတိုက်ခိုက်ချင်ပါဘူး” ကျိုးလော့ဟွမ်မှာ တစ်ဘက်လူအား အသွင်ကူးပြောင်းရေးကာလအတွင်း၌ ရှိနေသည်ကို အခွင့်ကောင်းယူကာ တိုက်ခိုက်ရလောက်အောင် မမိုက်မဲပါချေ။ သူမဟာ ကျီယွဲ့ကျစ်အား ဆေးပေးခန်းထဲသို့ တိုက်ရိုက် ဆွဲခေါ်သွားလိုက်၏။ သူမ မှတ်မိတာသာ မှန်လျှင် ထိုနေရာ၌ အရေးပေါ် အကာအကွယ်ကပ်ခွာရှိလောက်သည်။

 

 

ပထမစစ်ဘက်ကျောင်းတော်ထံ၌ မတော်တဆဖြစ်လာလျှင် ကိုယ်တိုင်သုံးနိုင်သည့် ဆေးပေးခန်းများ အဆောက်အဦတိုင်း၌ရှိပြီး နှစ်ဦးသားမှာ ထိုနေရာသို့ အမြန် ရောက်သွားကြသည်။

  

 

ကျိုးလော့ဟွမ်မှာ ကောင်လေးအား အထဲသို့ ခေါ်လာပြီးမောက် လက်လွှတ်ကာ တံခါးကို မှီ၍ သူ၏ လည်ကုတ်ကို ‌ကြည့်လိုက်သည်။ “ကျီရှီးရှို့က နင့်ကို အိမ်ခေါ်သွားပြီး အကာအကွယ် ပလာစတာ တစ်ခုတောင် မပြင်ပေးထားခဲ့ဘူးလား?”

 

 

ကျီယွဲ့ကျစ်က ၎င်းကို ကြားချိန်၌ နှုတ်ခမ်းများကို စေ့လျက် သူမ ဘာကို ဆိုလိုနေကြောင်း စဉ်းစားကြည့်နေပုံပေါ်သည်။

 

 

“ပိုကောင်းတဲ့ အကာအကွယ်ကပ်ခွာ တစ်ခု ပြောင်းလိုက်။ စာသင်ခန်းထဲမှာတုန်းက ငါ နင့်ရဲ့ ဖယ်ရိုမုန်း အနံ့ကို ရခဲ့တယ်။” ကျိုးလော့ဟွမ်မှာ သူ့နောက်ရှိ စင်ထံ မေးဆတ်ပြလိုက်ပြီးနောက် လှည့်ထွက်သွားကာ တံခါးပိတ်လိုက်သည်။

  

 

၎င်းတို့နှစ်ဦးစလုံးမှာ အယ်လ်ဖာများ ဖြစ်ကြသော်လည်း အသွင်ကူးပြောင်းရေးကာလက ဘာပဲဖြစ်ဖြစ် ကိုယ်ရေးကိုယ်တာကိစ္စဖြစ်ပြီး သူမအနေနှင့် ကျီယွဲ့ကျစ်ကို စောင့်ကြည့်နေဖို့ မသင့်သဖြင့် ထွက်လာခဲ့သည်။ တံခါးပိတ်ပြီးသွားသည်နှင့် ကျိုးလော့ဟွမ်မှာ သတိပေးပြီးဖြစ်သဖြင့် ဤနေရာတွင် စောင့်နေရန် မလိုတော့သောကြောင့် ထွက်သွားတော့သည်။

  

 

ခြေ‌နှစ်လှမ်း လှမ်းပြီးနောက် ကျိုးလော့ဟွမ်က ထပ်ရပ်လိုက်သည်။ ထားလိုက်ပါတော့၊ သူ လဲတာ စောင့်လိုက်ပါမယ်။ အချို့ အကြောင်းအရင်းများကြောင့် ဆေးပေးခန်းတံခါးအား လော့ခ်မချနိုင်ပေ။ တစ်ယောက်ယောက် ဝင်သွားလျှင် အသွင်ကူးပြောင်းရေးကာလအတောအတွင်း ဖယ်ရိုမုန်းများကို အနှောင့်အယှက်ဖြစ်စေပြီး ‌မတော်တဆဖြစ်လာပါက မကောင်းပေ။

 

 

ဆေးပေးခန်းအတွင်းတွင်မူ ကျီယွဲ့ကျစ်က ခေါင်းငုံ့၍ ကျိုးလော့ဟွမ် ပြောသွားသည့် အဓိပ္ပာယ်ကို သဘောပေါက်သွားသည်။ သူမက သူ၏ အကာအကွယ်ကပ်ခွာမှာ မကောင်းသဖြင့် ဖယ်ရိုမုန်း စိမ့်ထွက်သွားခဲ့သည်ဟု ထင်နေခြင်းပင်။

  

 

အကာအကွယ်ကပ်ခွာမှာ ဆေးရုံများ၌သာ ရှိသဖြင့် ဖယ်ရိုမုန်း စိမ့်ထွက်ရန် ဖြစ်နိုင်ခြေမရှိပေ။ ကျီယွဲ့ကျစ်က ‌ဖြစ်နိုင်ခြေရှိမလားကို စဉ်းစားပြီး ရုတ်တရတ် သူ၏ ကုတ်က ပူလာသည်။ အချိန်ကြာပြီးနောက် သူဟာ ဖြည်းဖြည်းချင်း လှည့်ကာ စင်ထက်မှ အကာအကွယ်ကပ်ခွာကို ယူလိုက်သည်။ သူဟာ နံရံထက်ရှိ မှန်ရှေ့တွင် ရပ်၍ ဘေးသို့စောင်းကာ သူ၏ လည်ကုတ်ရှိ ဂလင်းထက်မှ အကာအကွယ်ကပ်ခွာကို ခွာကာ အသစ်ပြန်ကပ်လိုက်သည်။

 

 

၎င်းတို့ အားလုံးကို လုပ်ပြီးနောက် ကျီယွဲ့ကျစ်က ထိုနေရာ၌ ရပ်နေပြီး အတော်ကြာ တည်ငြိမ်အောင်လုပ်ပြီးမှ တံခါးဖွင့်ကာ ထွက်လာသည်။

  

 

တံခါးဖွင့်သံကိုကြားသော် အခန်းရှေ့၌ ရပ်စောင့်နေသည့် ကျိုးလော့ဟွမ်က လှည့်မေးလာ၏။ “အကာအကွယ်ကပ်ခွာလေး လဲတာ ဘာလို့ အဲ့လောက်ကြာနေရတာလဲ?”

 

 

သူမဟာ ရှေ့သို့ တိုးလာပြီး ကျီယွဲ့ကျစ်က ကပ်ခွာကို သေချာကပ်ထားရဲ့လား ကြည့်ရန် လက်မြှောက်လိုက်သည်။ သူမအနေဖြင့် သူဟာ ဆေးပေးခန်းထဲတွင် အကာအကွယ်ကပ်ခွာကို မည်သို့ သုံးရမည်အား မသိဟု သံသယဖြစ်မိသည်။ ကျစ်၊ သူက ကျီမိသားစုရဲ့ အလိုလိုက်ခံရတဲ့ သခင်ငယ်လေး ဖြစ်နေတုန်းပဲ။ ကျီရှီးရှို့က သူ့သားကို အရမ်း အလိုလိုက်ထားတာပဲ။

  

 

သို့သော် သူမ သူ့အား မထိရသေးခင်တွင် ကျီယွဲ့ကျစ်က လက်ကို တားလာပြီး အမြဲ သုံးနေကျ စည်းခြားလိုသည့် အသံဖြင့် ကျိုးလော့ဟွမ်ကို ပြောလာသည်။ “သတိပေးတဲ့အတွက် ကျေးဇူး”

 

 

ကျိုးလော့ဟွမ်မှာ ခေါင်းငုံ့၍ သူ၏ လက်ကို ကြည့်လိုက်သည်။ သူမ၏ မျက်လုံးများထဲ အမှုမဲ့ အမှတ်မဲ့ ရှိနေခဲ့သည့် အပြုံးလေးက ပျောက်ကွယ်သွားသော်လည်း သူမ၏ နှုတ်ခမ်းထောင့်များက ကွေးသွားကာ၊ “ရပါတယ်၊ ငါက နင့်ရဲ့ ဖယ်ရိုမုန်း အနံ့တွေကို မခံချင်ရုံပါပဲ”

  

 

အယ်လ်ဖာများမှာ အမြဲ အယ်လ်ဖာများ၏ ဖယ်ရိုမုန်းများကို မနှစ်မြို့တတ်ကြပေ။ နှစ်ဦး ထိပ်တိုက်ဆုံလျှင် တစ်ဦးက ဖိနှိပ်ခံရမည်။ ဤအဆိုပြုချက်ကို တွေ့ရများပြီး အင်မတန် ကျိုးကြောင်းသင့်တော်က အယ်လ်ဖာများကြား အဖြစ်များ၏။

 

 

ဤအကြိမ်တွင် ကျိုးလော့ဟွမ်မှာ မရပ်တန့်ဘဲ လှည့်ထွက်သွားတော့သည်။ သူမမှာ အမြန်ထွက်သွားလိုက်ရာ ကျီယွဲ့ကျစ်၏ အမူအရာထဲမှ ရုတ်တရတ် အပြောင်းအလဲ သို့မဟုတ် နောက်ဘက်ရှိ ဖွင့်ထားသော တံခါးထဲမှ အမှိုက်ပုံးရှိ အကာအကွယ်ကပ်ခွာ အထုပ်လေးတွင် ‘အိုမီဂါများအတွက်သာ’ဟု ရေးထားသည်ကို သတိမထားမိတော့ပေ။

  

 

…၎င်းတို့ နှစ်ဦး အတန်းထဲမှ အတူထွက်သွားသည်ကို မြင်လိုက်သည့် အတန်းဖော်များရှိပေသည်။ ထို့နောက် အခြားအတန်းများရှိ တစ်ယောက်ယောက်က ကျီယွဲ့ကျစ်၏ လည်ကုတ်ထက်မှ အကာအကွယ်ကပ်ခွာကို အပြာရောင်တစ်ခုဖြင့် အသစ်လဲထားကြောင်း သေချာ သတိထားမိသွားသည်။ ၎င်းမှာ ဆေးပေးခန်းထဲ၌ အသုံးပြုသည့် အရေးပေါ် အကာအကွယ်ကပ်ခွာဖြစ်သည်။

 

 

[ အတန်းပြီးတော့ သူမက စီနီယာကျီကို ဆွဲခေါ်သွားတိုက်ခိုက်ခဲ့ပြီးတော့ အကာအကွယ်ကပ်ခွာကို ကွာအောင် လုပ်ခဲ့တာလို့ကြားတယ် ]

 

 

[ စိတ်တိုလိုက်တာ! ကျိုးလော့ဟွမ်က ဘယ်တော့မှ ရပ်မှာလဲ? အသွင်ကူးပြောင်းခြင်း အဆင့်မှာ ရှိနေတဲ့ လူတစ်ယောက်ကို အနိုင်ကျင့်တယ်! ]

 

 

[ မဟုတ်ဘူး! ငါ သူတို့အတန်းထဲက လူတွေဆီကနေ ကြားတာတော့ သူတို့နှစ်ယောက်က မတိုက်ခိုက်ဘဲ ကျိုးလော့ဟွမ်ကပဲ အရှက်မရှိ ကျီယွဲ့ကျစ်ရဲ့ စတစ်ကာကို ဆွဲခွာပြီး ဘယ်သူ့ရဲ့ ဖယ်ရိုမုန်းက ပိုသာတယ်ဆိုတာ အနံ့ခံကြည့်ချင်နေတာတဲ့ ]

 

 

[ အရှက်မရှိချက်ကတော့! အသွင်ကူးပြောင်းခြက်းကာလအတွင်းမှာ ဖယ်ရိုမုန်းတွေက မတည်ငြိမ်ဘူးလေ၊ ဘယ်လိုလုပ် ဒီလိုကိစ္စမျိုးကို လုပ်နိုင်ရတာလဲ? ]

 

 

“နင်တကယ် အဲ့လိုလုပ်ခဲ့တာလား?”

 

 

နေ့လည်စာစားချိန်၌ ကျန်းဟုန်က ကျိုးလော့ဟွမ်ကို ကြည့်ကာ ပြောရန် တုံ့ဆိုင်းနေမိသည်။ “အရမ်း ရန်စ‌ဖို့ မလိုပါဘူး။ သူက လောကကို ခွဲခြားနေရုံပဲ ရှိသေးတယ်။”

 

 

ကျိုးလော့ဟွမ်က သူ့အား အေးစက်စက် စိုက်ကြည့်လိုက်သည်။ “ငါက သူ့ရဲ့ ဖယ်ရိုမုန်းကို ဘာလို့ အနံ့ခံရမှာလဲ?”

 

 

ကျန်းဟုန် - “.... ဒါဆို သူ့ရဲ့ အကာအကွယ်ကပ်ခွာတွေကို လဲလိုက်တာကရော..”

 

 

“ဒါက ငါနဲ့ ဘာဆိုင်လို့လဲ?” ကျိုးလော့ဟွမ်က ပန်းကန်ကို အမူအရာမဲ့စွာ ဘေးသို့ ပို့၍ ကျန်းဟုန်အား ခြိမ်းခြောက်လိုက်၏။

 

 

“နင် မလုပ်ရင် မလုပ်ဘူးပေါ့။ ဘာလို့ ‌စိတ်တိုနေတာလဲ?” ကျန်းဟုန်က တအံ့တဩ ရေရွတ်လိုက်သည်။ ကျိုးလော့ဟွမ်မှာ အမြဲ မျက်နှာထက်၌ အပြုံးတစ်စရှိနေတတ်ပြီး သူ၏ ခံစားချက်များကို ကောင်းကောင်း ထိန်းချုပ်နိုင်သည်။ ၎င်းတို့ အသွင်ကူးပြောင်းပြီးနောက်တွင် သူ၏ သည်းခံမှုက ခန့်မှန်းရခက်လာပြီး ခံစားချက်များကို အလွယ်လေး ထုတ်ပြလာ၏။

 

 

“ကျွန်တော် ဒီမှာ ထိုင်လို့ရမလား?” ယန်ယန်က ပါးစပ်ထဲ၌ ကြက်ခြေထောက်ကိုက်လျက် လက်နှစ်ဘက်တွင် ပန်းကန်နှစ်ချပ်ကိုင်ကာ ဘေးဘီကိုကြည့်လိုက်ပြီးနောက် ‌ခုံအလွတ်တစ်ခုံကို တွေ့သွားသည်။ ထိုနေရာ၌ ရှိနေသည်မှာ ကျိုးလော့ဟွမ်နှင့် ကျန်းဟုန်တို့ ဖြစ်နေသည်ကို သိသွားပြီးနောက် မရေမရာ မေးမြန်းလာ၏။

 

 

“ထိုင်” ကျိုးလော့ဟွမ်က သူမ ဘေးဖယ်ထားသည့် ပန်းကန်ကို ပြန်ဆွဲယူကာ ပြုံးလိုက်ပြီး သာမန်ကာ လျှံကာ မေးမြန်းလိုက်၏။ “ကန်တင်းထဲက အစားအသောက်တွေက ဘယ်လိုနေလဲ?”

 

 

သူမ နံဘေးရှိ ကျန်းဟုန် -  .... အမူအရာပြောင်းလဲတာက မြန်ချက်။

 

 

ယန်ယန်မှာ ပန်းကန်ပြားကိုချ၍ ကြက်ခြေထောက်ကို ယူကာ တစ်ကိုက်,ကိုက်လိုက်သည်။ “အရသာရှိတယ်”

 

 

“နင် အစားအသောက်ကလပ်ထဲ ဝင်လိုက်ပြီလို့ ကြားတယ်” ကျိုးလော့ဟွမ်မှာ ပန်းကန်ထဲရှိ အစားအစာကို ယူ၍ ယန်ယန်ကို ကြည့်လိုက်၏။ “ဘာလို့ စည်းကမ်းထိန်းသိမ်းရေး ဌာနကို မသွားတာလဲ?”

 

 

“ဘာလို့ စည်းကမ်းထိန်းသိမ်းရေး ဌာနကို သွားသင့်တာလဲ? အဲ့က လူတွေက အရမ်း ဟန်ဆောင်တတ်ပြီး စိတ်ရှုပ်ဖို့ ကောင်းတယ်။ တစ်နေကုန် ကိုယ့်အလုပ်ကိုယ်မလုပ်ကြဘူး။ လူတွေ အဝတ်,ဝတ်ထားတာ မှန်မမှန်ပဲ လိုက်စစ်ဆေးပြီး တိုက်ခိုက်ဖို့ပဲ သိတာ။” ယန်ယန်က ပလုတ်ပလောင်းအသံဖြင့် ပြောသည်။

 

 

ကျိုးလော့ဟွမ်က ထိုင်ခုံနောက်ဘက်သို့ လက်တစ်ဘက် ပစ်မှီလိုက်ပြီး ရယ်မောလေ၏။ “စည်းကမ်းထိန်းသိမ်းရေး ဌာနရဲ့ အခန်းကဏ္ဍက အဲ့ထက်ပိုပါတယ်”

 

 

ယန်ယန်မှာ သူ၏ခေါင်းကို အစာစားဖို့သာ နှစ်မြှုပ်ထားပြီး မဖြေလာရာ ၎င်းကို မယုံကြည်သည်မှာ သိသာ၏။

  

 

ထိုစဉ်က ကျန်းဟုန်၏ ဦးနှောက်ထဲ၌ အသံမြည်သွားသည်။ ၎င်းက သတိပေးချက်ပင်။ သူဟာ ခေါင်းငုံ့၍ ဖတ်လိုက်ပြီးနောက် အိတ်ကပ်ထဲမှ ဂျုံဝါရောင် နားတံဆိပ်ကို ထုတ်ယူကာ မိမိ၏ ရင်ဘတ်ထက်၌ သေချာ ချိတ်ထားလိုက်သည်။ ထို့နောက် သူဟာ ပန်းကန်ကို ကောက်မကာ ထရပ်လိုက်သည်။ မထွက်သွားခင်တွင် သူဟာ ယန်ယန်၏ ကော်လံကို ရပ်ကြည့်လိုက်သည်။ သူဟာ သူ၏ ဦးနှောက်ဖြင့် သူ့အား စကန်ဖတ်လိုက်ကာ၊ “မသေသပ်တဲ့ အဝတ်တွေကြောင့် ၂မှတ်လျှော့တယ်”

 

 

အစားတစ်လုတ်ပင် မမြိုချရသေးသည့် ယန်ယန်က မော့ကြည့်လာပြီး မျက်လုံးပြူးသွားသည်။ “.....”

 

 

ကျန်းဟုန်က ကျိုးလော့ဟွမ်ထံ လက်ယမ်းပြလိုက်ကာ “တာဝန်ရှိလို့ အရင်သွားပြီ”

 

 

“သူ၊ ခင်ဗျား!” ယန်ယန်မှာ ကြောင်အသွားသည်။ သူ့အနေနှင့် စည်းကမ်းထိန်းသိမ်းရေး ဌာနမှ တစ်ယောက်ယောက်ဟာ သူ့ရှေ့တည့်တည့်၌ ရှိမည်ဟု မမျှော်လင့်ထားခဲ့ပေ။ သူ ကျိုးလော့ဟွမ်ကို စိုက်ကြည့်လိုက်၏။ “ခင်ဗျားကလည်း စည်းကမ်းထိန်းသိမ်းရေး ဌာနကပဲလား?”

 

 

ကျိုးလော့ဟွမ်က အသာ လက်ဖြန့်လိုက်ကာ၊ “ငါ့မှာ ဂျုံဝါရောင် နားတံဆိပ်မရှိဘူး”

  

 

လူတိုင်းသိထားသလိုပင် ဂျုံဝါရောင်နားတံဆိပ်မှာ စည်းကမ်းထိန်းသိမ်းရေး ဌာနကို ကိုယ်စားပြုသည်။ ယန်ယန်အနေနှင့် သူ၏ ကော််လံအောက်ရှိ ကြယ်သီးများကို တပ်ထားဆဲဖြစ်ကြောင်း ယုံကြည်သည်။ ခုနက ဆုံးရှုံးသွားသော အမှတ် ၂မှတ်အကြောင်း စဉ်းစားရင်း နှလုံးဖောက်တော့မလို ခံစားလိုက်ရသည်။

 

 

၎င်းတို့ ကျောင်း၌ အချိန်ပိုမို ကုန်ဆုံးလေ ကျောင်းသားသစ်များအနေဖြင့် ရမှတ်များမှာ ပထမစစ်ဘက်ကျောင်းတော်၏ မပြောင်းလဲသော ငွေကြေးဖြစ်ကြောင်းကို အလျင်အမြန် တွေ့ခဲ့ရပြီး ရမှတ်များကို အရာရာတိုင်းအတွက် လိုအပ်သည်။

 

°°°°°°°°°°°°°°

  

 

ဆေးပေးခန်းထဲ၌ အကာအကွယ်ကပ်ခွာကို လဲကပ်ခဲ့သည့် နေ့မှစ၍ ကျီယွဲ့ကျစ်မှာ ခွင့်ထပ်ယူသွားပြီး အတန်းသို့ မလာခဲ့ပေ။

 

 

ပုံမှန် အသွင်ကူးပြောင်းရေး ကာလအတွင်းတွင် အသွင်ကူးပြောင်းရေး အဆုံးသတ်နှင့် မနီးသေးသရွေ့ ခွင့် မကြာခဏယူဖို့ မလိုပေ။ အသွင်ကူးပြောင်းရေးအစပိုင်း အချိန်မှ ယခုအထိက မြန်လွန်းသည်။

  

 

ပထမစစ်ဘက်ကျောင်းတော်ရှိ လူများစွာမှာ ၎င်းက ကျိုးလော့ဟွမ်၏ ရန်စမှုကြောင့်ဟု ယုံကြည်ထားကြပြီး အချို့လူများဆိုလျှင် ကျီမိသားစု အနေဖြင့် ကျီယွဲ့ကျစ်အား အသွင်ကူးပြောင်းရာ၌ မည်သည့် မတော်တဆမှ မဖြစ်စေလိုသောကြောင့် အတန်းသို့ ထပ်မလာတော့ခြင်း ဖြစ်သည်ဟု ဆိုကြသည်။

 

 

“သူသာ တကယ် အရမ်းမြန်မြန် အသွင်ကူးပြောင်းမယ်ဆိုရင် သူ့ရဲ့ အသက်ပြည့်ခြင်းအခမ်းအနားနေ့မှာ တွေ့လောက်မလားလို့ စဉ်းစားမိတယ်။” ကျန်းဟုန်မှာ တစ်စုံတရာကို စဉ်းစားမိပုံပင်။ “ဒါပေမယ့်လည်း ကျီမိသားစုဆီက လှုပ်ရှားမှု များများစားစား ရှိမယ့် ပုံမရဘူး”

  

 

ဆရာလည်း အတန်းသို့ မလာသေးပေ။ ကျိုးလော့ဟွမ်မှာ မျက်လုံးများမှိတ်လျက် နံရံကိုမှီကာ စိတ်ထဲတွင် *စစ်ဘက်ဒေတာဘေ့စ်၏ တည်ဆောက်ပုံကို ထပ်ခါ ထပ်ခါ ရေးဆွဲနေလိုက်သည်။ ၂၈ရက်နေ့၌ ကျီယွဲ့ကျစ်၏ အသက်ပြည့်ခြင်း အခမ်းအနားကို ကျင်းပမည်ဖြစ်ပြီး လူအများစု၏ အာရုံက ကျီမိသားစုအပေါ်၌ ရောက်နေမည်ဖြစ်သည်။ မျှော်လင့်မထားသည့် အရာဖြစ်မလာသရွေ့ သူသာ စစ်ဘက်ဒေတာဘေ့စ်သို့ သွားပါလျှင် သူ့အား ရှာတွေ့ကြမည်မဟုတ်ပေ။

*( စစ်ဘက်ဒေတာဘေ့စ် = စစ်ဘက် အချက်အလက်ဆိုင်ရာ အခြေစိုက်ရုံး)

  

 

ကျန်းဟုန်က စကားဝိုင်းကို မကြားခဲ့သဖြင့် ခေါင်းလှည့်ကာ ကျိုးလော့ဟွမ်ထံ လှည့်လိုက်သည်။ “နင် ကျီယွဲ့ကျစ်အတွက် လက်ဆောင်ပြင်ထားပြီးပြီလား?”

 

 

အနှောင့်ယှက်ခံလိုက်ရခြင်းကြောင့် ကျိုးလော့ဟွမ်မှာ စိတ်ရှုပ်မှုမပြလာဘဲ မေးရုံ မေးလိုက်သည်။ “ပစ္စည်းတွေက ဘယ်မှာလဲ?’

 

 

ကျန်းဟုန် - “.....”

 

 

သူဟာ ၎င်းအား စားပွဲအောက်မှ ကျိုးလော့ဟွမ်ထံ လွှဲပေးပြီး အသံကို နှိမ့်ပြောလိုက်သည်။ “တံခါးကဒ်၊ မျက်စိသူငယ်အိမ် အတု၊ နင့်ကို ဖမ်းမိသွားရင် ငါ့ကို ဆွဲမထည့်နဲ့နော်”

  

 

 ကျိုးလော့ဟွမ်မှာ ပစ္စည်းများကို ဘေးချိတ်ထားလိုက်ပြီး သူမပြင်ဆင်ထားသည့် ‘လက်ဆောင်’ကို စဉ်းစားလိုက်ကာ ခဏကြာ တုံ့ဆိုင်းသွားသော်လည်း သူမ၏ စိတ်ကို မပြောင်းခဲ့ပေ။

 

 

ကျီမိသားစုတွင်မူ...

 

 

ဆရာဝန်က ကျီယွဲ့ကျစ်အား အာဟာရ ထိုးသွင်းပေးလိုက်သည်။ သူက ပြတင်းအပြင်ဘက်သို့ တိတ်တဆိတ် ငေးကြည့်နေသည်အား မြင်သော် မနေနိုင်ဘဲ နှစ်သိမ့်လိုက်ပါ၏။ “ဘယ်သူကမှ အသွင်ကူးပြောင်းမှုနဲ့ ပတ်သက်ပြီး ဘာဖြစ်မယ်ဆိုတာ မခန့်မှန်းနိုင်ပါဘူး။ အခုက အရင်နဲ့ မတူတော့ဘူးလေ။ လူတိုင်း လုပ်ချင်တာ လုပ်နိုင်တယ်။ ကွာခြားချက်က အဲ့လောက်မကြီးမားပါဘူး”

 

 

ကျီယွဲ့ကျစ်က လှည့်ကြည့်လာ၏၊ “သိပါပြီ”

 

 

အသွင်ကူးပြောင်းရေးကာလမှာ အာဟာရအမြောက်အများလိုအပ်ပြီး အချိန်မှန် အာဟာရအထောက်အပံ့ထိုးသွင်းခြင်းများက အသွင်ကူးပြောင်းမှုကို အရှိန်မြှင့်ရာ၌ ကူညီပြီး အပြင်ခွန်အားကို ပြန်လည်သိုလှောင်ပေးသည်။ အာဟာရ လုံလောက်မှုကြောင့် ကျီယွဲ့ကျစ်၏ နှုတ်ခမ်းများက ပန်းရောင်သမ်းလျက် အေးစက်စက်မျက်နှာကမူ အတန်ငယ် ဒွိဟဖြစ်နေပုံရသည်။ “အရင်သွားပြီးနားလိုက်ပါ၊ ပြီးမှ ဆရာ့ကို ဒုက္ခပေးရဦးမယ်”

  

 

“မင်းလည်း ကောင်းကောင်းအိပ်သင့်တယ်နော်”  ဆရာဝန်က လက်ထဲတွင် စမ်းသပ်မှုတင်ပြချက်ကို ကိုင်ကာ စိတ်ထဲ၌ သက်ပြင်းချလိုက်သည်။ ဘယ်သူက ရလာဒ်ကို ဒီလို အသွင်ကူးပြောင်းခြင်းဖြစ်လာမယ်လို့ ထင်ထားမှာလဲ။

 

 

ဆရာဝန် တံခါးပိတ်သွားသံကို ကြားပြီးနောက် ကျီယွဲ့ကျစ်မှာ ဖြည်းဖြည်းချင်း စောင်ထဲ ဝင်ကွေးလိုက်သည်။ သူဟာ မိမိကိုယ်ကို စောင်ဖြင့် ပတ်လျက် ‘နင့်ရဲ့ ဖယ်ရိုမုန်းအနံ့ကို ငါလည်း မခံချင်ပါဘူး’ဟူသည့် စကားလုံးများအား စိတ်ထဲ ဆက်တိုက် ပြန်ကြားယောင်နေမိ၏။

 

 

သူ့ရဲ့ ဖယ်ရိုမုန်းက အနံ့ဆိုးလို့လား?

 

 

ကျီယွဲ့ကျစ်မှာ စောင်ထက်၌ အနံ့ခံကြည့်လိုက်သည်။ ဤသည်က သူ၏ အိပ်ခန်းဖြစ်နေကတည်းက ဖယ်ရိုမုန်းရနံ့များနှင့် မလွဲဧကန်ပြည့်နေမည်ဖြစ်သော်လည်း အသွင်ကူးပြောင်းခြင်း ကာလက အပြည့်အဝ မပြီးဆုံးသေးသဖြင့် သူ၏ ထိုအိပ်ခန်းတွင်ပင် ရနံ့ဖျော့ဖျော့သာရလေသည်။

 

 

သို့သော်... သူ၏ ဖယ်ရိုမုန်းများက ထိုနေ့က မစိမ့်ထွက်ခဲ့ပေ။ သူ၏ အကာအကွယ်ကပ်ခွာ ကပ်ထားရင်းနှင့်ပင် တစ်ဖက်လူက ရနံ့ခံနိုင်ခဲ့၏။ သူမ၏ အဆင့်က မြင့်လွန်းနေသဖြင့် မူမမှန်သည့် ရနံ့ခံနိုင်စွမ်း ရှိသည့် အချက်ကို ဘေးဖယ်ထားလိုက်လျှင် ဖြစ်နိုင်ခြေတစ်ခုသာ ကျန်တော့သည်။

  

 

ကျီယွဲ့ကျစ်မှာ ဖြူဆွတ်နေသည့် စောင်အောက်၌ လှဲလျောင်းရင်း အကြိမ်ရေအနည်းငယ်ကြာစဉ်းစားလျက် မျက်တောင်ရှည်များက တုန်ယင်သွားကာ သူ၏ ပုံမှန်အေးစက်စက် အမူအရာကလည်း လုံးဝပျောက်ကွယ်သွားပြီး နက်မှောင်သော ဆံသားများ အောက်ရှိ နားရွက်ထိပ်ဖျားလေးများမှာ တဖြည်းဖြည်း ရဲတွတ်လာတော့သည်။

 

 

ဖယ်ရိုမုန်းများ ၁၀၀% လိုက်ဖက်ညီသူများသာလျှင် လုံးဝ ဖုံးကွယ်ထားသည့် ဖယ်ရိုမုန်းရနံ့ အနည်းငယ်ကို ရနိုင်ကြသည်။