နူးညံ့သိမ်မွေ့သော
အမျိုးသား အိုမီဂါလေး
အပိုင်း
၈
စက်တင်ဘာလ
၂၈ရက်နေ့တွင် ကျီမိသားစု၏ တစ်ဦးတည်းသော သားဖြစ်သူအတွက် အသက်ပြည့်ခြင်း အခမ်းအနားကို
ကျင်းပခဲ့၏။ ဗဟိုအစိုးရကောင်စီတစ်ခုလုံး၏ အဆင့်မြင့် အဖွဲ့ဝင်အများစုမှာ ထိုနေရာ၌ ရှိနေကြသည်။
ထိုနေရာသို့ သွားနိုင်သည့် အခြားမိသားစု အများစုမှာလည်း ချမ်းသာသောသူများ သို့မဟုတ်
မျိုးရိုးမြင့်များသာရှိပြီး ကျိုးမိသားစုကလည်း သွားရပေမည်သာ။
ညနေခင်း
၈နာရီအတိတွင် ကျိုးလော့ဟွမ်က သူမ၏ မိဘများနှင့်အတူ လိုက်သွားသည်။ ကျီမိသားစု အိမ်သို့
ရောက်သွားချိန်၌ အပြင်ဘက်တွင် ကားကိုရပ်ကာ သာမန်ကာလျှံကာပြောလိုက်သည်။ “ဒါက အတော်ကို
ခမ်းနားတဲ့ မြင်ကွင်းပဲ”
ကားထဲမှ
ထွက်လာပြီးနောက် ကျိုးသိဟုန်က သူမကို ကြည့်၍ ပြောလေ၏။ “မင်းရဲ့ အသက်ပြည့်ခြင်း အခမ်းအနားတုန်းကလည်း
ဒီလောက် အထင်ကြီးစရာပါပဲ”
၎င်းကို
စဉ်းစားရင်း ယိထုံမှာ အနည်းငယ် မပျော်မရွှင်ဖြစ်သွားသည်။ “မင်းက မင်းရဲ့ အသက်ပြည့်ခြင်း
အခမ်းအနားတွက်တောင် ပြန်မလာဘဲ အရေးမပါတဲ့ မှတ်တမ်းတင်တဲ့ဟာတွေ လုပ်နေတာလေ။ ငါ မင်းအတွက်
ပြင်ဆင်ပေးထားတဲ့ အသက်ပြည့်ခြင်း လက်ဆောင်ကိုရော ဖွင့်ကြည့်ဖူးလား?”
“ကျွန်မ
မှားသွားပါတယ်” ကျိုးလော့ဟွမ်က လက်ကို မြှောက်ကာ ညွှန်ပြလိုက်သည်။ “သွားကြည့်ကြရအောင်ပါ”
ယိထုံက
အကြုံပြုလာ၏။ “အနာဂတ်မှာ မင်းရဲ့ ပြိုင်ဘက်တွေနဲ့ ပိုပြီး အပြင် မကြာခဏထွက်ပေး။ မင်းအနေနဲ့
တစ်နေ့လုံး ဘယ်ကို သွားရမှန်းကို မသိဘူး”
ကားနှင့်
လူများစွာ ရှိသော်လည်း ပတ်ပတ်လည်ရှိ အရာရာတိုင်းက အစီစဉ်တကျရှိနေသည်။ သင်သာ အနီးကပ်ကြည့်ပါက
ထောင့်တိုင်းတွင် သွားသွားလာလာလုပ်နေကြသူများ ရှိသည်ကို တွေ့ရလိမ့်မည်။ လူတစ်ယောက်က
ပြဿနာ လုပ်လာသည်နှင့် ဆွဲခေါ်ခံရလိမ့်မည်သာ။ ပြောရလျှင် ဝင်ထွက်နေသည့် မည်သူကမှ အဆင့်အတန်း
မနိမ့်လှပေ။
ကျီရှီးရှို့နှင့်
သူ၏ဇနီး ယန်ကျင်းချိုးတို့မှာ တံခါးသို့ ဧည့်သည်များအား ကိုယ်တိုင်လာကြိုကြသည်။ ၎င်းတို့က
တံခါးတစ်ဖက်တစ်ချက်စီ၌ ရပ်လျက် အပြုအမူတိုင်းက ပြီးပြည့်စုံနေ၏။ ၎င်းတို့နောက်တွင်
ဧည့်သည် လက်ဆောင်များအတွက် စားပွဲကြီးတစ်ခုဖြစ်၏။
ယိထုံက
သူမ ပြင်ဆင်လာသည့် လက်ဆောင်ကို ပေးကာ ယန်ကျင်းချိုးထံ ဆုတောင်းစကား အနည်းငယ် ပြောပေးလိုက်သည်။
မိသားစုနှစ်ခု၏ ခေါင်းဆောင်များအနေဖြင့် ၎င်းတို့၏ စကားဝိုင်းမှာ ရန်လိုဟန်တို့နှင့်
ပြည့်နှက်နေသော်လည်း ၎င်းတို့မှာ ပြုံးနေကြသည်။ ဤအတောအတွင်း ကျီရှီးရှို့က လက်ထဲ၌ ဘာမှ
မရှိနေသည့် ကျိုးလော့ဟွမ်ထံ ကြည့်ကာ ကျီယွဲ့ကျီလို တူညီသည့် မျက်ဝန်းကျဉ်းများထဲ အေးစက်မှုက
ဖြတ်ပြေးသွားသော်ငြား လူများက ပုံရိပ်ယောင်ဟု ထင်ရလောက်အောင် အလျင်အမြန် ပျောက်ကွယ်သွားခဲ့ပါ၏။
မိသားစု
ဝင်သွားပြီးနောက် ကျိုးသိဟုန်က သူ၏ သမီးဖြစ်သူကို ခေါင်းလှည့်ကြည့်လိုက်သည်။ “တခြားလက်ဆောင်
ပြင်ထားတယ်လို့ ပြောခဲ့တယ် မဟုတ်ဘူးလား?”
ကျိုးလော့ဟွမ်က
လက်မြှောက်၍ နာရီကိုကြည့်လိုက်သည်။ “လက်ဆောင်က အဆင်သင့်ဖြစ်ဖို့ အချိန်နည်းနည်းလိုဦးမယ်။
ခဏနေ သွားယူလိုက်မှာပါ”
ပစ္စည်းမှာ
အသင့်ဖြစ်နေပြီးသားဖြစ်သော်လည်း သူမအနေဖြင့် ဆိုင်မှ ထောက်ပံ့ပေးထားသော လက်ဆောင်ဘူးကို
စိတ်တိုင်းမကျသဖြင့် မန်နေဂျာအား ပြန်ပြင်ပေးဖို့ တောင်းဆိုခဲ့သည်။ မန်နေဂျာက ရောက်ရှိရန်
အနည်းဆုံး တစ်နာရီကြာမည်ဟု ပြောခဲ့၏။
၎င်းကိုကြားသော်
ကျိုးသိဟုန်က ဘာမှထပ်မပြောတော့ပေ။ သူနှင့် ယိထုံတို့က အပေါ်ထပ်သွားကာ အခြားလူများနှင့်
သီးခြားစကားပြောရင်း ကျိုးလော့ဟွမ်အား တစ်ယောက်တည်း ထားခဲ့ကြသည်။
သူမက
ပထမထပ်ကို အကဲခတ်လိုက်၏။ လူအများစု ဤနေရာ၌ ရှိကြသော်လည်း ကျီယွဲ့ကျစ်ကိုတော့ မမြင်မိပေ။
“လော့ဟွမ်
ဒီမှာ ငါ” ကျန်းဟုန်က မနီးမဝေးမှနေ၍ သူမ ရောက်လာသည်ကိုမြင်ကာ အော်လိုက်သည်။
“သူ
ဒီနေ့ ထွက်လာပြီလား?” ကျိုးလော့ဟွမ်က လျှောက်သွားလိုက်ပြီး ပထမဆုံး မေးခွန်းမေးလိုက်၏။
ကျန်းဟုန်မှာ
အစတည်းက သူမအား ပြောစရာရှိမေသဖြင့် သူမက မည်သူ့အကြောင်း ပြောနေသည်ကို သဘောပေါက်ရန်
အချိန်ကြာသွားသည်။ “ကျီယွဲ့ကျစ်က ခဏနေကြရင် အသက်ပြည့်ခြင်း အခမ်းအနားမှာ စကားပြောဖို့
ဆင်းလာလိမ့်မယ်။ သူ့ကြည့်ရတာ အသွင်ကူးပြောင်းခြင်းကာလထဲမှာပဲ ရှိနေသေးပြီး နေမကောင်းလောက်ဘူး။”
ကျိုးလော့ဟွမ်က
အမှုမဲ့အမှတ်မဲ့ ခေါင်းငြိမ့်ကာ သူမ၏ လက်ချောင်းထိပ်ဖျားများဖြင့် ဝိုင်ခွက်ကို လှုပ်လိုက်ပြီး
တစ်ခုခုကြားခဲ့လား မကြားခဲ့လားကို မသိနေပေ။
“....
ဒီနေ့ညရဲ့ ဒုတိယပိုင်းက အဆိုင်းချိန်းရမယ့်နေ့မို့လို့ အစောင့်တွေလည်း နည်းနည်း လျော့ရဲနေလိမ့်မယ်။”
ကျန်းဟုန်က တိုင်တစ်တိုင်ကို ကျောမှီကာ ကျိုးလော့ဟွမ်၏ မျက်နှာချင်းဆိုင်၌ ရပ်လျက်
ဝိုင်တစ်စုပ်သောက်ရင်း အမြန် တီးတိုးဆိုလိုက်သည်။
ပွဲခန်းမ
တစ်ခုလုံးအား အကြမ်းဖျဉ်း အသိုင်းအဝိုင်းနှစ်ခုခွဲထား၏။ စီနီယာအမှုထမ်းများမှာ ဒုတိယထပ်၌
ရှိနေကြပြီး ပိုငယ်သည့် မျိုးဆက်လူငယ်အားလုံးက ပထမထပ်၌ ရှိသည်။ ကျိုးလော့ဟွမ်မှာ အမြဲ
တစ်ဦးတည်း နေတတ်သော်လည်း ၎င်းက သူမနှင့် ဘယ်သူမှ မသိသည့် အဓိပ္ပာယ်တော့မဟုတ်ပေ။ လူအချို့မှာ
သူမကို နှုတ်ဆက်ရန်ပင် အရင် အစပြုလာခဲ့သေး၏။
“ဒီနေ့
ကျီယွဲ့ကျစ်ရဲ့ အသက်ပြည့်ခြင်း အခမ်းအနားကို မင်းမလာလောက်ဘူးလို့ ထင်ထားတာ” ကွမ်ယွမ်
ရောက်လာပြီး ၎င်းတို့နှစ်ဦးနှင့် ဖန်ခွက်ချင်းတိုက်ရန် လက်မြှောက်လိုက်သည်။ “ပြောရရင်
မင်းက မင်းကိုယ်တိုင်ရဲ့ အသက်ပြည့်ခြင်း အခမ်းအနားကိုတောင် လွဲခဲ့တာလေ”
ကွမ်ယွမ်မှာ
S အဆင့်အယ်ဖာ တပ်စု ၂၆ ဗိုလ်ချုပ်ကြီး၏ သားဖြစ်သူ ပထမစစ်ဘက်ကျောင်းတော်ရှိ ဂျူနီယာကျောင်းသားဖြစ်ပါ၏။
ကျိုးလော့ဟွမ်ကလည်း
ခွက်ကို ပြန်တိုက်ရေ တစ်ဝက်တစ်ပျက်အပြုံးဖြင့် ပြောလေသည်။ “သူ့ရဲ့ အသက်ပြည့်ခြင်း အခမ်းအနားကို
မလွဲချော်ချင်လို့လေ”
ကွမ်ယွမ်မှာ
ဤအတောအတွင်း ကျိုးလော့ဟွမ်နှင့် ကျီယွဲ့ကျစ်တို့ အကြောင်း ကောလဟာလများအကြောင်း တွေး၍
ရယ်မောလိုက်သည်။ “ဟုတ်ပါတယ်၊ ငါတို့ လွဲချော်လို့ မဖြစ်ဘူးလေ”
အချိန်ကုန်လာသည်နှင့်
ဧည့်သည် အများစုရောက်လာပြီး ပထမထပ်ရှိ ခန်းမ၌ စကားဖောင်ဖွဲ့နေကြသည်။ ကျိုးလော့ဟွမ်က
လူအများအပြားမှာ အဝေးမှ သူမထံ ဖန်ခွက်များ မြှောက်ပြလာသည်ကိုမြင်သော် အပြန်အလှန်အနေဖြင့်
သူမလည်း ဖန်ခွက်မြှောက်ပြလိုက်သည်။
လူတိုင်း
စကားများနေချိန်၌ ကျီယွဲ့ကျစ်က ဒုတိယထပ်မှ ဆင်းလာတော့သည်။ ပထမထပ်နှင့် ဒုတိယထပ်တို့၌
လူများရှိ၏။ သူ ဆင်းလာချိန်တွင် မီးမောင်းထိုးပြလာခြင်းလည်း မရှိသလို မည်သူကမှလည်း
မအော်ပေ။
သို့သော် ခန်းမထဲရှိ ကျိုးလော့ဟွမ်က ရုတ်တရတ် မော့ကြည့်ရင်း
တွေ့သွားသည်။ ထိုအခိုက်၌ ကျီယွဲ့ကျစ်ကလည်း အကြည့်ကို သူမထံပို့လာရာ မျက်လုံးချင်း ဆုံသွားကြတော့သည်။
၎င်းတို့ ဘေးပတ်လည်ရှိ အရာရာတိုင်းမှာ ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားသလိုပါပင်။
တစ်ခဏအကြာတွင်
ကျိုးလော့ဟွမ်က ကျီယွဲ့ကျစ်ထံ မျက်ခုံးပင့်ပြကာ ဝိုင်ခွက်ကို အသာ မြှောက်ပြလိုက်ပြီးနောက်
ခေါင်းမော့၍ ဖန်ခွက်ထဲရှိ ဝိုင်ကို မော့ချလိုက်တော့သည်။
ပွဲ၏
ဇာတ်လိုက်များ ရောက်လာပြီဖြစ်ရာ အသက်ပြည့်ခြင်း အခမ်းအနားလည်း စတင်ရမည့်အချိန်ပါပင်။
ကျီယွဲ့ကျစ်က စင်မြင်ပေါ် သွား၍ စကားအချို့ ပြောပြီးနောက်ဤ အခမ်းအနားက တရားဝင်စတင်ပါ၏။
အသက်ပြည့်ခြင်း
အခမ်းအနားရှိ မိန့်ခွန်းများမှာ အနာဂတ်အတွက် မျှော်မှန်းချက် အချို့ထက်မပိုချေ၊ အနည်းဆုံးတော့
ကျိုးလော့ဟွမ်၏ အမြင်၌ ၎င်းက အင်မတန်ပျင်းရိဖွယ် ကောင်းလွန်းသည့်အရာဖြစ်သဖြင့် အသက်ပြည့်ခြင်း
အခမ်းအနား၏ ဇာတ်လိုက်မှာ ဝတ်ကျေတန်းကျေ လုပ်ရုံမျှဖြစ်သဖြင့် သူမလည်း သူမိဘများထံ
‘ကျွန်မရဲ့ အသက်ပြည့်ခြင်း အခမ်းအနားမှာ ပါဝင်ဆင်နွှဲပေးတဲ့အတွက် ကျေးဇူးပါ၊ ကောင်းကောင်းစားသောက်ပါ၊
နှုတ်ဆက်ပါတယ်’ဟူသည့် စကားသုံးကြောင်းထက် မပိုသည့် ဗွီဒီယိုမှတ်တမ်းတစ်ခုကို တိုက်ရိုက်ပို့ခဲ့သည်ပင်။
ကျိုးလော့ဟွမ်၏
စည်းကမ်းမလိုက်နာခြင်း ဂုဏ်ပုဒ်အား တစ်ရက်တည်း တည်ဆောက်ခဲ့သည်မဟုတ်ဘဲ သူမ၏ အင်အားဖြင့်
တစ်ခေါက်ပြီး တစ်ခေါက်စုစည်းခဲ့ရသည်ပင်။
အောက်ထပ်သို့
ဆင်းလာပြီး စင်ပေါ် တက်သွားသည့် ကျီယွဲ့ကျစ်မှာ စစ်ယူနီဖောင်း မဝတ်ထားဘဲ အပြာရင့်ရောင်နှင့်
အနီရောင်အစင်း လည်စည်းကို ဝတ်ထားသည်။ သူဟာ သွယ်လျလျအသွင်သဏ္ဍာန်၊ မြင့်မြတ်ပြီး ခန့်ညားစွာဖြင့်
စင်မြင့်ပေါ်၌ ရပ်နေသည်။ သူ၏ ကျဉ်းမြောင်းသော မျက်ဝန်းများဟာ ပုံမှန်နှင့် မခြားနားစွာ
အေးစက်၍ ထူးမခြားနားဖြစ်နေသည်မှာ သူ့အနေဖြင့် အသွင်ကူးပြောင်းခြင်းကာလကြောင့် ဘာမှ
ထိခိုက်မခံထားရသလိုပါပင်။ သူ၏ အသံက ပေါ့ပါးသော်လည်း လူများအား နားမထောင်ဘဲ မနေနိုင်စေရန်
ဆွဲငင်ဖို့ လုံလောက်သည်။
....
သူမအနေဖြင့် ကျီယွဲ့ကျစ်မှာ ယနေ့တွင် ဖော်ပြမရလောက်အောင် ဆွဲဆောင်မှုရှိနေသည်ဟု ရှင်းပြမရအောင်
ခံစားမိလိုက်သည်။ ခေါင်မိုးထက်မှ အလင်းရောင်က သူ၏ မျက်နှာထက်တွင် တောက်ပလျက်ရှိကာ သူ၏
နှုတ်ခမ်းများကို နီရဲနေစေသောကြောင့်လည်း ဖြစ်ကောင်းဖြစ်နိုင်သည်။
ကျိုးလော့ဟွမ်သည်
မသိလိုက်ပါဘဲ ခေါင်းမော့၍ တစ်ခွက်သောက်လိုက်ရာ ဖန်ခွက်ထဲ၌ ဝိုင်မရှိတော့သည်ကို မြင်လိုက်ရသည်။
သူမဟာ ထပ်မသောက်တော့ဘဲ ထိုအခိုက်၌ အောက်ငုံ့၍ ဖန်ခွက်က်ုချကာ တည့်တည့် လျှောက်ထွက်သွားတော့၏။
ဤနေရာသို့
လာစဉ်က မိမိဘာသာ ကားမောင်းကာ မိဘများနောက်မှ လိုက်လာခဲ့သည်ပင်။ ကားအား အကူဝန်ထမ်းက
ကားရပ်နားရာနေရာ၌ ရပ်ပေးခဲ့သည်။ သူမလည်း သော့ကိုယူ၍ ကားရပ်နားရာနေရာသို့ တည့်တည့် လျှောက်သွားလိုက်သည်။
ထိုအချိန်၌ နေရာတွင် မည်သူမှ မရှိရာ ခြေသံများက သိသာနေသည်။
ကျိုးလော့ဟွမ်ကမူ
လုံးဝ သက်ရောက်မခံရပေ။ သူမအနေဖြင့် လက်ထဲရှိ သော့ကိုသာလှည့်၍ မျက်လွှာချကာ ကားထံ လျှောက်သွားလိုက်သည်။
ဒေါက်၊
ဒေါက်၊ ဒေါက်။
နောက်ဆုံးတွင်
ကျိုးလော့ဟွမ်က ကားရှေ့၌ ရပ်လိုက်သည်။ ဤနေရာ၌ ရပ်နားထားသော ကားအားလုံးကို ကြည့်ရင်း
သူမ၏ အကြည့်က ကျည်ကာ မှန်ပြတင်းများ၊ ထူထဲသော အာမခံ တာယာများနှင့် အနက်ရောင်စစ်ကား
SUVထံ ရောက်သွားသည်။ ၎င်းမှာ တပ်စု ၂၆၏ ဗိုလ်ချုပ်ကြီးထံမှ ကားများပါပင်။
ကျိုးလော့ဟွမ်၏
နှုတ်ခမ်းများက ရုတ်တရတ် ကွေးတက်လာပြီးနောက် အဝေးသို့ မောင်းထွက်သွားတော့သည်။
…ပွဲတွင်မူ
ကျီယွဲ့ကျစ်က ခပ်ကြာကြာမပြောဘဲ စင်မြင့်ထက်မှ ဆင်းသွား၏။ စီနီယာ အမှုထမ်းများစွာက သူ့အား
အရွယ်ရောက်လာခြင်းအတွက် ဆုမွန်ကောင်းများ တောင်းပေးလာကြပြီးနောက် စည်းမျဉ်းများအရ ပွဲကျင်းပသူအနေဖြင့်
သူ၏ ပြိုင်ဘက်များထံ စကားပြောရပေမည်။
ကျီယွဲ့ကျစ်က
ပထမထပ်ကို ဝေ့ဝိုက်ကြည့်လိုက်ပြီးနောက် ကျိုးလော့ဟွမ်ရှိနေသည့် အရိပ်အယောင်ကို မတွေ့ရတော့ကြောင်း
သိသွားသည်.... သူမ ထွက်သွားပြီပဲ။
“အရွယ်ရောက်ခြင်းအတွက်
ပျော်ရွှင်ပါစေ” ကျန်းဟုန်က လာရောက် ဂုဏ်ပြုပေးလေသည်။
“ကျေးဇူး”
ကျီယွဲ့ကျစ်၏ မျက်နှာက ပုံမှန်အတိုင်း တည်ငြိမ်နေရာ အခြားလူများအနေဖြင့် သူ ဘာကို တွေးနေမှန်း
မပြောန်ုင်ပေ။
“ကျိုးလော့ဟွမ်က
အခုနကပဲ မင်းရဲ့ အသက်ပြည့်ခြင်းအခမ်းအနားကို မလွတ်ချင်ဘူးလို့ ပြောခဲ့ပေမယ့် မျက်တောင်တစ်ခတ်အတွင်းမှာပဲ
ထွက်ပြေးသွားတယ်” သိသိသာသာပင် ပွဲ၌ ကျိုးလော့ဟွမ်ကို သတိထားမိသူက လူတစ်ဦးထက်ပိုပြီး
ကွမ်ယွမ်ရောက်လာကာ သူ့အား ထေ့ငေါ့လာ၏။
“ကျိုးလော့ဟွမ်
ပြောတာကို မင်းက ယုံနေတာလား?” သူ့ဘေးရှိ တစ်ယောက်က ပြောလာသည်။ “သူက အပြောပဲရှိတာ။ ကော်မတီဥက္ကဌကျိုးက
သူမကို ဘယ်တော့မှ မထိန်းထားဘူး။ သူမအနေနဲ့ ပိုပိုပြီး ဘဝင်မြင့်လာတယ်လို့ ထင်တယ်။”
ဗဟိုအစိုးရဌာနချုပ်တွင်
စစ်အုပ်စု အကြီးအသေး ရာနှင့်ချီရှိသော်လည်း ၎င်းတို့အနက် ဒါဇင်ခန့်ကသာ စစ်တပ်ကော်မရှင်ကို
ဝင်ရောက်နိုင်သည်။ ၎င်းတို့အကြားတွင် စစ်တပ် ဥက္ကဌ ၃ဦးသာရှိ၏။ ထို ဥက္ကဌသုံးဦးအကြား၌
တစ်ဦးထံတွင် အားနည်းသည့် စစ်အုပ်စုရှိပြီး အခြားတစ်ဦးမှာ အာဏာအတွက် မတိုက်ခိုက်ပေ။
လွန်ခဲ့သည့် နှစ်အနည်းငယ် အကြာက ကျိုးသိဟုန်မှာ မျှော်လင့်မထားစွာဖြင့်
ကျီရှီးရှို့ကို အနိုင်ယူခဲ့ပြီး ထိုဥက္ကဌများအနက် တစ်ဦးဖြစ်လာသည်။ သူ၏ ထိန်းချုပ်မှုအောက်မှ
ဆောင်းရာသီစစ်တပ်ကြောင့် သူ၏ အာဏာမှာ အားကောင်းသည်ထက် အားကောင်းလာပြီး သူနှင့် ယှဉ်နိုင်သူမှာ
ကျီရှီးရှို့သာ ရှိတော့သည်။
ကျီယွဲ့ကျစ်က
ပြန်မဖြေပေ။ သူ ထပ်မော့ကြည့်လိုက်ချိန်တွင် သူဟာ လူတိုင်းနှင့် ခွက်ချင်းတိုက်ရုံသာ
တိုက်ပြီး နေမကောင်းဟုဆိုကာ အခန်းဆီ ပြန်သွားတော့သည်။
သူဟာ
ယခုတွင် အသွင်ကူးပြောင်းခြင်းကာလအတွင်း၌ ရှိနေသဖြင့် မည်သူကမှ မကန့်ကွက်ပေ။
°°°°°°°°°°°°°
ကျိုးလော့ဟွမ်မှာ
လက်ဆောင်ယူဖို့ ထွက်လာခဲ့သော်လည်း ချက်ချင်း ပြန်မသွားခဲ့ပေ။ ထိုအစား လှည့်၍ အခြားနေရာထံ
သွားခဲ့၏။
စစ်လက်နက်
ဒေတာဘေ့စ်မှာ များစွာ မလျှို့ဝှက်ထားပေ။ ၎င်းတွင် စစ်လက်နက် ပုံကြမ်း အရေအတွက်များစွာ
ရှိသည်။ ပထမစစ်ဘက်ကျောင်းတော်မှ ကျောင်းသားများသည်ပင် လျှောက်ထားသရွေ့ အလည်အပတ်လာနိုင်သည်။
သို့သော် အများစုကတော့ မြေအောက်၌ အထပ်သုံးထပ် ရှိသည်ကို မသိထားကြချေ။
ကျိုးလော့ဟွမ်က
လျှောက်လွှာမတင်ထားဘဲ ညဘက်၌ ခိုးဝင်ဖို့ ရွေးချယ်ခဲ့၏။
ကျန်းဟုန်
အပြောကမှန်သည်။ အဆိုင်းမှာ ည ဒုတိယအပိုင်း၌ လဲခါနီးဖြစ်သဖြင့် ကင်းလှည့်နေသည့် အစောင့်များမှာ
နိုးကြားမှု အများကြီးလျော့နည်းနေသည်။ သူမဟာ အချိန်ကို တွက်၍ အစောင့်များကို ကျော်ဖြတ်ကာ
အရိပ်များထဲ အမြန်ပုန်းအောင်းလိုက်သည်။ နေ့အချိန်တွင်း ထိုနေရာသို့ ရောက်ရန် ဆယ်မိနစ်သာ
ကြာသော်လည်း ယခု ကျိုးလော့ဟွမ်အနေဖြင့် စစ်လက်နက်ကြီး ဒေတာဘေ့စ် အဆောက်အဦကို ရောက်ရန်
နာရီဝက်ကြာခဲ့သည်။ တံခါးကဒ်ကို ဆွဲလိုက်ပြီးနောက် သူမ အမြန်ဝင်လိုက်၏။
စစ်လက်နက်ကြီး
ဒေတာဘေ့စ်အဆောက်အဦ ပထမထပ်တွင် အာကာသယာဉ်ကြီးများ၌ အသုံးပြုသော လက်နက်အလေးကြီးများဖြင့်
ပြည့်နေသည်။ ဒုတိယထပ်မှာ စစ်အုပ်စုမှ မျိုးဆက် တစ်ဆက်ပြီးတစ်ဆက် ထုတ်ပယ်ထားသော ခဲယမ်းမီးကျောက်များရှိနေ၏။
တတိယထပ်တွင် ကောင်းမွန်သည့်လက်မက်များ၊ စက်မူကြမ်းများ
အစရှိသည်ဖြင့် ခင်းကျင်းထား၏။
ကျိုးလော့ဟွမ်မှာ
ထိုအထပ်များကို မသွားဘဲ တတိယ မြေအောက်ထပ်ကို သွားလိုက်သည်။ စစ်လက်နက်ဒေတာဘေ့စ်ထံ၌ ခင်းကျင်းပြထားသည့်
လက်နက်များတင်မကဘဲ လက်နက်မျိုးစုံတို့၏ ဒီဇိုင်းပုံများအပြင်... နှစ်စဉ် စစ်လက်နက်
အချိုး၏ အကျဉ်းချုပ်လည်း ရှိသည်။
ညည့်အမှောင်ယံတွင်
ကျိုးလော့ဟွမ်သည် ကြောင်တစ်ကောင်နှယ် လျင်မြန်ဖျတ်လတ်စွာဖြင့် နံရံနောက်သို့ ရောက်လာ၏။
မျက်နှာဖုံးကို ချွတ်ကာ မျက်စိသူငယ်အိမ်အတုကို တပ်၍ နံရံထပ်ရှိ နေရာတစ်ခုပေါ် ဖိလိုက်သော်
အတွင်းတွင် အပြာရောင်ဖျော့ဖျော့ စခရင်တစ်ခု ပေါ်လာသည်။ စခရင်အလင်းက သူမ၏ မျက်စိသူငယ်အိမ်အတုကို
ဖြတ်ကျော်သွားပြီးနောက်တွင် ခန္ဓာကိုယ်တစ်ခုလုံးတောင့်တင်းသွားကာ မတော်တဆ တစ်ခုခုရှိလားသိရရန်
တမုဟုတ်ချင်း တုံ့ပြန်လိုက်သည်။
ကံကောင်းစွာဖြင့်
ကျန်းဟုန်ပေးခဲ့သည့်အရာမှာ အသုံးဝင်နေကာ တံခါးလည်းပွင့်သွား၏။
ထိုနေရာ၌
မြေအောက်ထပ် ၃ထပ်ရှိကာ တစ်ထပ်စီတိုင်းမှာ ကြီးမားသည့် စာကြည့်တိုက်ကြီးဖြစ်သည်။ အချက်အလက်အားလုံးကို
စာအုပ်များ၌ မှတ်တမ်းတင်ထား၏။ ကျိုးလော့ဟွမ်က စာအုပ်စင်တစ်ခုထံ တည့်တည့်လျှောက်သွားခဲ့သည်။
စင်၏ တစ်ဘက်တွင် စာတန်းတစ်ခုကို ရေးထား၏၊ ‘ဂြိုဟ်သက္ကရာဇ် ၂၆၁၇-၂၆၂၇ စစ်အုပ်စု တစ်စုစီ၏
လက်နက်ကြီးတပ်ဆင်ရေးဒေတာ’ ဟူ၍ပင်။
ကျိုးလော့ဟွမ်မှာ
နားကို အသာဖိ၍ မှတ်တမ်းတင်ကိရိယာကို ဖွင့်လိုက်သည်။ ထို့နောက် လွန်ခဲ့သည့် ၁၀နှစ်အကြာက
ဒေတာအားလုံးကိုပါ လှန်ပြီးသည်အထိ စာရွက်များကို ဆက်လှန်နေလိုက်၏။ သူမဟာ အရာအားလုံးကို
၎င်းတို့၏ မူလနေရာ၌ ထားကာ ခြေရာလက်ရာများအားလုံး ရှင်းပြီးနောက် လှည့်ထွက်လာလိုက်တော့သည်။
မြေအောက်ခန်းမှ
ထွက်လာပြီးနောက် ကျိုးလော့ဟွမ်မှာ တိုက်ရိုက် မထွက်လာဘဲ ကွေ့၍ တတိယထပ်ကို သွားကာ ကောင်တာတစ်ခုရှေ့၌
ရပ်လိုက်၏။
…
အထဲတွင်
ရှိနေသည်မှာ ဈေးကွက်ရှိ စက်’ဘီးတပ်ယာဉ် အများစုကို ထိုးဖောက်နိုင်သော နောက်ဆုံးပေါ်
SL-9 လေဆာသေနတ်ဖြစ်သည်။ ၎င်းကို သုတေသနလုပ်ဆဲသာဖြစ်ပြီး တိုးတက်နေဆဲ အခြေအနေ၌သာ ရှိကာ
တပ်စု ၁၇ကသာ အသုံးပြုနိုင်သည်မှာ ကျီမိသားစုအဖွဲ့က ထုတ်လုပ်ထားခြင်းကြောင့်ပင်။
ကျိုးလော့ဟွမ်က
ကိရိယာများကို ထုတ်ယူ မှန်ကို ဂရုတစိုက် ဖြတ်ကာ SL-9 လေဆာသေနတ်ကို ခိုး၍ အဆောက်အဦမှ
ထွက်ရန် ပြင်လိုက်သည်။
ထွက်လာပြီး
သိပ်မကြာလိုက် ကျိုးလော့ဟွမ်မှာ တစ်စုံတရာက မူမမှန်ဖြစ်နေသည်ကို သတိပြုမိသွား၏။ သူမ၏
ဘေးပတ်လည်၌ အင်မတန် တိတ်ဆိတ်နေသည်။
လှည့်ကင်းအစောင့်တွေက
အစောကြီး အဆိုင်း ချိန်းလိုက်ကြတာပဲ!
ကျိုးလော့ဟွမ်မှာ
ရုတ်တရတ် လည်ကုတ်ထက်၌ အေးစက်မှုကို ခံစားလိုက်ရကာ ပင်ကိုသိစိတ်အရ ခုန်၍ ဘေးသို့လှိမ့်လိုက်သည်။
နောက်တစ်စက္ကန့်တွင် သူမရပ်နေခဲ့သော နေရာကို လေဆာသေနတ်ဖြင့် ပစ်ခတ်လာ၏။ အမှောင်ထဲရှိ
အစောင့်မှာ အပစ်အခတ်တွင် တရားလွန်တိကျကျွမ်းကျင်လှပြီး သူမ၏ ပြေးလမ်းကိုပင် ပိတ်ထားလိုက်နိုင်သည်။
ကျိုးလော့ဟွမ်လည်း
စိတ်ထဲ သက်ပြင်းချလိုက်၏။ ဒီလူတစ်ယောက်တည်းကတော့ သူမကို တားဖို့ မလုံလောက်ဘူး။
အစောင့်များမှာ
ညကျူးကျော်သူနောက်လိုက်ကာ ပစ်ကြသော်လည်း ကျူးကောသူက ခြေလှမ်းတိုင်းတွင် ကပ်သီးလေး လွတ်သွားသည်သာ။
ညကျူးကျော်သူ လွတ်မြောက်သွားခါနီးအချိန်တွင် အစောင့်များက သူမ၏ ကိုယ်မှာ အတန်ငယ် တုန်လှုပ်နေသည်ကို
မြင်လိုက်ရသည်။
ထိုအစောင့်အတွက်
ရန်သူ၏ အနည်းငယ်မျှသော မသိနားမလည်မှုက ရှုံးနိမ့်မှုကို အောင်မြင်ခြင်းအဖြစ် ပြောင်းလဲနိုင်သည်။
သူဟာ တမုဟုတ်ချင်း အသက်ရှူဖျော့၍ ပခုံးထက်၌ သေနတ်ကို တင်ကာ လက်ချောင်းများကို အသာအယာ
ဖိလိုက်သည်၊ ‘ဘန်း––’
…ထိသွားပြီ!
သို့သော်လည်း
ထိုလူက လှည့်လာကာ သူ့အား ပြန်ပစ်လာသည်။ ထိုကျည်ဆန်က အပြာဖျော့ရောင် တောက်ပလုနီးနီးဖြစ်နေ၏။
၎င်းမှာ SL-9 လေဆာ သေနတ်ပင်!
အစောင့်ထံ၌
တွေးတောနေဖို့ အချိန်မရှိပေ၊ သူဟာ မသိစိတ်အရ ကွေး၍ သေနတ်ကို ဖက်ကာ လှိမ့်လိုက်သည်။
မူလ
စနိုက်ပါတည်နေရာက တမုဟုတ်ချင်း ပေါက်ကွဲထွက်သွား၏။
ကျိုးလော့ဟွမ်မှာ
လက်နက်ဒေတာဘေ့စ် အဆောက်အဦမှာ ပြေးထွက်လာကာ သူမ၏ ခါးကို လက်တစ်ဖက်ဖြင့် အုပ်လိုက်သည်။
မည်သည့် အစောင့်မှ သူမနောက် လိုက်မလာသည်ကို သေချာအောင်လုပ်လိုက်ပြီးနောက် လမ်းကြားတစ်ခုထဲ
ကွေ့ဝင်ကာ ရပ်လိုက်၏။ သူမဟာ မြေပြင်ထက်၌ ထိုင်လျက် ဒစောင့်မှ သူမနောက် လိုက်မလာသည်ကို
သေချာအောင်လုပ်လိုက်ပြီးနောက် လမ်းကြားတစ်ခုထဲ ကွေ့ဝင်ကာ ရပ်လိုက်၏။ သူမဟာ မြေပြင်ထက်၌
ထိုင်လျက် ဒူးတစ်ဖက်ကိုကွေးကာ နံရံကို မှီလိုက်ပြီး မည်သူကိုမှ မဆက်သွယ်ပေ။
ဒီတစ်ခေါက်
တွက်တာ လွဲသွားတယ်။
ကျိုးလော့ဟွမ်လည်း
ခါးကို ဖိနှိပ်လိုက်သည်။ သေနတ်ထိထားခြင်းကြောင့် နာကျင်မှုမှာ ခေါင်းအဖောက်ခံရသည့်
နာကျင်မှုနှင့်ယှဉ်လျှင် ဘာမှမဟုတ်ပေ။
တစ်ခဏကြာပြီးနောက်
သူမခေါင်းရှိ နာကျင်မှုက အနည်းငယ်သက်သာသွားချိန်တွင် တစ်ဖန်ထရပ်၍ ကားကို ရှာကာ အထဲဝင်လိုက်ပြီး
အနာဖြန်းဆေးတစ်ပုလင်းယူရင်း အဝတ်များကိုမကာ အနာပေါ် ဖြန်းလိုက်သည်။ ကံကောင်းစွာဖြင့်
၎င်းက ခြစ်ရာမျှသာဖြစ်သည်။
ကျိုးလော့ဟွမ်မှာ
ခုံကို မှီကာ အသက်ရှူလိုက်သည်။ သူမ၏ ဝမ်းဗိုက်ပေါ်ရှိ အနာမှာ အပြည့်အဝ မကျက်သေးဘဲ ခါးထက်၌ပါ
အနာပေါ်လာသည်။ နေလို့မကောင်းချေ။
တစ်အောင့်ကြာပြီးနောက်
သူမ ခရီးသည်ခုံထက်ရှိ လက်ဆောင်ဘူးကို ခေါင်းစောင်း ကြည့်လိုက်သည်။ သူ့ရဲ့ အသက်ပြည့်ခြင်း
လက်ဆောင်ကို မေ့ခါနီးဖြစ်သွားတာပဲ။
ကျိုးလော့ဟွမ်က
မျက်လွှာချ၍ ကွန်ပျူတာကို ကြည့်လိုက်သည်။ ‘၁၁:၁၀တဲ့၊ အချိန်မှီလောက်ဦးမှာပါ”
ညည့်ယံ၏
အမှောင်ထုထဲတွင် ကားလေးတစ်စင်းက လမ်းထဲသို့ နဂါးတစ်ကောင်နှယ် အရှိန်အဟုန်ဖြင့် ပြေးလွှားလျက်
နေရာတစ်ခုသို့ ဦးတည်နေခဲ့၏။